မုသား
Vol. 21 Ch. 302
“မင်းတို့လဲ အကုန်သွားကြတော့”
မိုးလေရှုခင်းမဏ္ဍပ်ထဲမှ ထိုညီအစ်မနှစ်ယောက်ထွက်သွားပြီးနောက် ဧကရာဇ်က လက်ခါပြပြီး ထပ်ပြောလိုက်၏။
လင်းတကတုံး၊ ပိုင်ယုဟန်နှင့် ကျန်အင်ပါယာစစ်သားများအားလုံးသည်လည်း ဦးညွှတ်၍ ထွက်ခွာကုန်ကြ၏။ မဏ္ဍပ်ထဲ၌ ဧကရာဇ်နှင့် ဆူဇီမို နှစ်ဦးတည်းသာလျှင် ကျန်ရစ်ခဲ့ကြ၏။
“မင်းက စိတ်ဝိညာဉ်ရင်းမြစ်မပါလို့ ကျင့်ကြံလို့တောင် မရဘူးဆို”
“ကျုပ်က မထင်ထားမှတ်ထားတဲ့ အခွင့်အရေးတွေ၊ မမျှော်လင့်ထားတဲ့အခြေအနေတွေ နည်းနည်းပါးပါးနဲ့ ကြုံတွေ့ခဲ့ရလို့ပါ”
“မင်းကို အခုလိုထက်မြက်လာအောင် ဘယ်သူသင်ပေးခဲ့တာလဲ”
“ကျုပ်က ဆန်းကြယ်တောင်ထွတ်က တပည့်တစ်ယောက်ပါ”
“ဆန်းကြယ်တောင်ထွတ်လား.. ကောင်းတယ်”
ဧကရာဇ်က ခေါင်းညိတ်လိုက်၏။
ဆန်းကြယ်တောင်ထွတ်သည် ဂိုဏ်းကြီးငါးဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သော်လည်း လက်နက်သွန်းလုပ်ခြင်းတွင် မည်သည့်ပါရမီရှင်မျှ ထွက်ပေါ်မလာခဲ့ဖူးပေ။
ဆူဇီမိုသာ ကိုယ်တိုင်ဝန်ခံပြောဆိုခြင်း မဟုတ်လျှင်.. မဟာကျိုးအင်ပါယာ၏ နံပါတ်တစ်ပန်းပဲဆရာက ဆန်းကြယ်တောင်ထွတ်မှ ဖြစ်သည်ဆိုတာကို ဧကရာဇ်သည် ခန့်မှန်းမိလိမ့်မည် မဟုတ်ပေ။
“ဆူဇီမို.. မိုလင်း.. ဟဟ”
ဧကရာဇ်က ရယ်မော၍ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သလို ပြောလိုက်၏။
“ဘာမှ သုံးစားမရလောက်ဘူးလို့ ငါထင်ထားခဲ့တဲ့ လူတစ်ယောက်က ငါ့မျက်စိရှေ့အောက်မှာတင် အောင်မြင်မှုတွေကို တစ်ခုပြီးတစ်ခု ရယူပြနေခဲ့တာပါလား”
ပြောရမည်ဆိုလျှင်.. မြို့တော်ထဲရှိ ဆူဇီမို၏ ယနေ့အောင်မြင်မှု၏ တစ်စိတ်တစ်ပိုင်းမှာ သူ့ကိုယ်ပိုင်အစွမ်းအစကြောင့်ဖြစ်ပြီး.. ကျန်တစ်ဝက်ကျော်ကျော်လောက်မှာ ဧကရာဇ်၏ အရှိန်အဝါကြောင့် ဖြစ်လေသည်။
ဧကရာဇ်၏ အမိန့်ပြန်တမ်း ထုတ်ပြန်ပြီးမှသာလျှင် ဆူဇီမိုသည် အမှန်တစ်ကယ် အောင်မြင်ကျော်ကြားလာခဲ့ခြင်း ဖြစ်လေသည်။
ထိုအချိန်မှစ၍ မိုစိတ်ဝိညာဉ်ပန်းပဲရုံသည် အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံကို ခြေရင်းမှာ ပြားပြားဝပ်ဆင်းသွားသည်အထိ နင်းခြေဖိနှိမ်နိုင်ခဲ့လေသည်။
နောက်ပြီး မြို့တော်ထဲမှ ကျင့်ကြံသူများအားလုံး သိထားကြသည်မှာ မိုစိတ်ဝိညာဉ်ပန်းပဲရုံက မဟာကျိုးဧကရာဇ်၏ နောက်ခံရှိသည်ဟူ၍ပင်။ မိုလင်းအပေါ် လက်တင်ရဲသည့်သူက ဧကရာဇ်၏ အာဏာစက်ကို သွားရောက်စိန်ခေါ်ခြင်းနှင့် အတူတူပင် ဖြစ်လေသည်။
ထို့နောက် ဧကရာဇ်၏ အကာအကွယ်၊ ကျေးဇူးနှင့်ပင်.. ဆူဇီမိုသည် လမ်းမပေါ်၌ လူသတ်ပြီးတာနောက် ဘေးကင်းလုံခြုံ၊ အေးဆေးသက်သာစွာ လမ်းလျှောက်သွားနိုင်လေသည်။
ထို့ကြောင့်ပင် ဧကရာဇ်က ဆူဇီမိုအပေါ် သတ်ဖြတ်လိုစိတ် ဖြစ်ပေါ်လာခြင်း ဖြစ်လေသည်။ အမှန်တရားကို ရှာတွေ့ပြီးနောက် သူသည် ရှက်စိတ်၊ ဒေါသစိတ်များ ဖြစ်ပေါ်လာသည့်အပြင်.. သူသည် လှည့်စားခံ၊ အသုံးချခံလူတစ်ယောက် ဖြစ်ခဲ့ရသည့်အတွက် မခံမရပ်နိုင် ဖြစ်မိ၊ ခံစားမိခဲ့လေသည်။
အခြားသူတစ်ယောက်က သူ့ကို အရူးတစ်ယောက်လို၊ ဘာမှမသိတတ်သော ကလေးတစ်ယောက်လို ကစားချင်တိုင်းကစားသွားတာကို ရှာဖွေတွေ့ရှိလိုက်ရသောအခါ ဖြစ်ပေါ်လာမည့် ဧကရာဇ်၏ ရှက်ရွံ့မှု၊ အမျက်ဒေါသကို ခန့်မှန်းကြည့်နိုင်လေသည်။
သို့သော်လည်း သည့်အရင်က ဆူဇီမိုသည် သူ့သမီးနှစ်ယောက်ကို ကယ်တင်ပေးခဲ့ဖူး၏။
ဧကရာဇ်၏ သတ်ဖြတ်လိုစိတ်က တဖြည်းဖြည်းအနည်ကျလာပြီးနောက်.. သူ့ရင်ထဲတွင် ပူပန်သောကတစ်ခုက ပေါ်ပေါက်လာပြန်၏။
အသက်နှစ်ဆယ်စွန်းစွန်းသာရှိသေးသော လူငယ်တစ်ယောက်က ဤကဲ့သို့သော ဖိအားနှင့် ရင်ဆိုင်နေရစဉ် တည်တည်ငြိမ်ငြိမ် ဣန္ဒြေမပျက်ရှိနေပြီး.. ပြန်လှန်ခုခံဖို့ပင် သတ္တိရှိသည်ဆိုသည်က တစ်ကယ့်ကို ရှားရှားပါးပါး ဖြစ်လေသည်။
သူ၏ မူလမကျေနပ်ချက်ကလွဲလျှင်.. ဧကရာဇ်သည် ဆူဇီမိုကို ချီးကျူးမိလေသည်။
သို့သော်လည်း ဆူဇီမို၏ ထိုသို့ချီးကျူးစရာကောင်းသောအချက်မှပင် သူသည် စိုးရိမ်ပူပန်မိပြန်၏။
တစ်ဖက်မှာ.. ဆူဇီမိုက သူ့သမီးနှစ်ယောက်နှင့် နီးစပ်ရဖို့ စိတ်ခံစားချက်ရှိနေမလား သူစိုးရိမ်မိ၏။
အခြားတစ်ဖက်မှာတော့ သူ့သမီးနှစ်ယောက်၏ အမူအယာများကို လေ့လာအကဲခတ်ရသလောက်.. သူတို့နှစ်ယောက်က ဆူဇီမိုအပေါ် ခံစားချက်များ ရှိနေကြကြောင်း သူပြောနိုင်လေသည်။ သူက ဘယ်လိုရွေးချယ်မှာလဲ။
သူက သူ့သမီးနှစ်ယောက်စလုံးကို ဆူဇီမိုနှင့် လက်ဆက်ပေးလိုက်စရာလည်း အကြောင်းမရှိပေ။ အဲ့လိုသာဆို ဘယ်လောက်ပစားပေးရာကျလိုက်မလဲ။
ဧကရာဇ်က မေးလိုက်၏။
“ချီယွီမြို့မှာတုန်းက ဘာတွေဖြစ်ခဲ့တာလဲ.. ယန်အာကို ဝိုင်းပြီးတိုက်ခိုက်ကြတဲ့ လူခြောက်ယောက်က ဘယ်သူတွေလဲသိလား”
“ကျုပ် မသိပါဘူး”
ဆူဇီမိုက ခေါင်းခါလိုက်၏။
“ကျုပ်က အဲ့နားကို အမှတ်တမဲ့ ဖြတ်သွားရင်းနဲ့ နတ်ဆိုး.. အဲ့ မင်းသမီးကျိကို ကယ်ဖြစ်သွားတာပါ”
ဧကရာဇ်က ခေါင်းညိတ်လိုက်ပြီး သာမန်ကာလျှံကာပုံစံနှင့် ဆက်မေးလိုက်၏။
“ဒီမှာ အပြင်လူတွေလဲ မရှိတော့ဘူးဆိုတော့.. ငါ့ကိုပြောပါဦး.. မင်း ရွှယ်အာနဲ့ ယန်အာ ဘယ်သူ့အပေါ်မှာ ခံစားချက်ရှိလဲ”
ဆူဇီမိုက ပြန်ဖြေလိုက်၏။
“တတိယမင်းသမီးက ကျုပ်ကိုရော၊ ဆူမိသားစုကိုပါ အကူအညီပေးခဲ့ဖူးတယ်.. အဲ့ဒါကြောင့် ကျုပ်အမြင်မှာ သူက ကျုပ်ရဲ့ကျေးဇူးရှင်လဲ ဖြစ်သလို မိတ်ဆွေကောင်းတစ်ယောက်ဆိုလဲ ဟုတ်ပါတယ်.. မင်းသမီးလေးကတော့.. အမ်း ကျုပ်က သူနဲ့ ရင်းတောင်မရင်းနှီးပါဘူး.. ဒီအတိုင်း အမှတ်တမဲ့ တွေ့ခဲ့ကြရုံလောက်ပါပဲ”
သူက တစ်ယောက်ကိုတော့ မိတ်ဆွေရင်းချာတစ်ယောက်လို သတ်မှတ်ပြီး နောက်တစ်ယောက်ကိုတော့ ရင်းတောင်မရင်းနှီးဘူးတဲ့လား..
ဆူဇီမိုက တစ်ကယ့်အမှန်အတိုင်းပြောနေခြင်းဖြစ်ကြောင်း ဧကရာဇ်သည် ခံစားမိလေသည်။
စောစောက သူသည် တမင်အပိုသက်သက် စိတ်ပူနေခဲ့ခြင်းပင်။
သို့သော်လည်း ဆူဇီမို၏ စိတ်နေသဘောထားက ဧကရာဇ်ကို မချင့်မရဲ ခံစားလာရစေပြန်၏။
သူ့သမီးနှစ်ယောက်စလုံးက လှပကြော့ရှင်းမှုရော၊ ဂုဏ်ကျက်သရေတင့်တယ်မှုရော ပြည့်စုံပြီးသားဖြစ်၏။ သူတို့က ဆူဇီမိုအတွက် မသင့်လျော်စရာ ဘာအကြောင်းမှ မရှိပေ။ ဒါတောင် သူက ဘယ်တစ်ယောက်အပေါ်မှ ခံစားချက်မရှိဘူးတဲ့လား။
“တခြားဘာမှ မရှိတော့ဘူးဆိုရင်.. ကျုပ်ပြန်လို့ရမလား.. အရှင်မင်းမြတ်” ဆူဇီမိူက လက်သီးဆုပ်ဂါဝရပြုလိုက်၏။
ဧကရာဇ်က ခဏမျှ ချင့်ချိန်စဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ဂိုဏ်းပေါင်းစုံပြိုင်ပွဲနဲ့ ပတ်သတ်ပြီး အရင်ပြောထားတဲ့အတိုင်းပဲ.. ဘာမှမပြောင်းလဲဘူး.. လက်နက်သွန်းလုပ်ခြင်းမှာ အကဲဖြတ်ဒိုင်လုပ်ပေးဖို့ မင်းကို ဖိတ်ခေါ်ထားတဲ့အတိုင်းပဲ”
ဧကရာဇ်က ဆူဇီမိုအပေါ် ခဏတာ ဖြစ်ပေါ်မိသော မကျေနပ်ချက်ကလွဲရင်.. သူ၏ အရည်အချင်းကို အသိအမှတ်ပြုထားဆဲဖြစ်ကြောင်း ထိုစကားက သက်သေပင်။
ဆူဇီမိုက ခေါင်းညိတ်ပြ၍ နှုတ်ဆက်ထွက်လာခဲ့၏။
. . .
“ယန်အာ.. ချီယွီမြို့မှာတုန်းက ဘာတွေဖြစ်ခဲ့တာလဲ.. ဆူဇီမိုက နင့်အသက်ကို ဘယ်လိုကယ်ခဲ့တာလဲ ငါ့ကိုပြန်ပြောပြဦး”
မိုးလေရှုခင်းမဏ္ဍပ်ထဲမှ ထွက်လာကြပြီးနောက် ကျိယောင်ရွှယ်က စူးစမ်းသိလိုစိတ်နှင့် မေးမြန်းလိုက်၏။
နတ်ဆိုးမကျိက သူမ၏ ဘေးပတ်ဝန်းကျင်ကို လေ့လာအကဲခတ်ပြီးနောက် ကျိယောင်ရွှယ်၏ လက်ကိုကိုင်၍ ထောင့်ကွယ်တစ်နေရာသို့ ဆွဲခေါ်သွားလိုက်၏။ ဘေးနားမှာ တစ်ယောက်မှမရှိတာ သေချာသောအခါမှ သူမက တိုးတိုးလေးကပ်ပြောလိုက်၏။
“မမ.. အဲ့ဒါ ငါသက်သက်လျှောက်ဖောနေတာ.. သခင်လေးဆူကို ငါလုံးဝတောင် မသိဘူး”
“ဟမ်” ကျိယောင်ရွှယ်သည် ကြောင်အသွား၏။
နတ်ဆိုးမကျိက သူမ၏ ပါးစပ်ကို လက်ဖြင့်ကာ၍ တခစ်ခစ်ရယ်လိုက်၏။
“အဖေက အရမ်းတွေ ဒေါသကြီးနေတယ်ဆိုလို့လေ.. အဲ့ဒါက ငါနင့်ကို ကူညီရအောင် ရောက်လာတာ.. ဟီးဟီး.. အဖေတောင် တစ်ကယ်ယုံသွားတဲ့ပုံပဲ”
“နင်!”
ကျိယောင်ရွှယ်သည် နတ်ဆိုးမကျိ၏ ဖြူဖွေးနူးညံ့သောနဖူးလေးကို လှမ်းပုတ်လိုက်ပြီး.. ကျွဲမြီးတိုသွားသလို ရယ်မောလိုက်၏။
“အဖေတင်မဟုတ်ဘူး.. ငါပါ နင့်ပုံပြင်မှာ စီးမျောသွားတာပဲ”
ခဏမျှရပ်လိုက်ပြီး.. ကျိယောင်ရွှယ်က သူ့မ၏ အပြုံးကို ပြန်ရုတ်သိမ်းကာ သက်ပြင်းချလိုက်၏။
“ဒါပေမယ့်.. နင်သာ ရောက်မလာခဲ့ရင် ဇီမိုက တစ်ကယ် မလွယ်လောက်ဘူး.. သူအခုနေ အသက်ရှိချင်မှတောင် ရှိတော့မှာ”
“သူက.. နင်အမြဲ စိတ်ကူးယဉ်နေတဲ့.. ဟိုဆူဇီမိုဆိုတဲ့တစ်ယောက်မလား” ကျိယောင်ရွှယ်က မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး မေးလိုက်၏။
ကျိယောင်ရွှယ်၏ မျက်နှာသည် အနည်းငယ် နီမြန်းသွားပြီး သူမက ညင်သာစွာ ငေါက်ငမ်းလိုက်၏။
“နင် သွား သွားတော့.. ပေါက်တတ်ကရတွေ လျှောက်ပြောမနေနဲ့တော့”
“ဟဲဟဲ ဟုတ်နေလို့မလား”
“ဒီကောင်မလေးက အရိုက်ခံချင်နေပြန်ပြီ”
သူတို့နှစ်ယောက် ဘာမဟုတ်ညာမဟုတ် ငြင်းခုန်နေကြတုန်းမှာပင်.. ဆူဇီမိုက မိုးလေရှုခင်းမဏ္ဍပ်ထဲကနေ ထွက်လာပြီး သူတို့ရှိလာသို့ ဦးတည်လျှောက်လှမ်းလာ၏။
အနားသို့ရောက်သောအခါ သူက လက်သီးဆုပ်လေးစားဟန်ပြလိုက်၏။
“မင်းသမီးတို့ကို ကျေးဇူးတင်ပါတယ်”
“ဟေ့.. သခင်လေးဆူ.. ကျမက ကျိယောင်ယန်.. မှတ်ထားနော် ကျမရှင့်ကို တစ်ကြိမ်ကူညီပေးလိုက်ပြီ.. နောက်အခွင့်ကြုံရင် ပြန်ပေးဆပ်ဖို့ မမေ့ပါနဲ့”
ထိုသို့ပြောပြီးနောက် နတ်ဆိုးမကျိက ကျိယောင်ရွှယ်က သတိမထားမိခင်.. ဆူဇီမိုကို ညုတုတုပြုံးပြ၍ မျက်လုံးမှိတ်ပြလိုက်၏။
သူမ၏ အပြုံးက ပန်းတစ်ပွင့်လို လှပပြီး ကမ္ဘာကြီးကိုတောင် ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားစေနိုင်၏။
သူမ၏ မျက်လုံးများက တစ်စုံတစ်ယောက်ကို ဝိညာဉ်ကိုပင် ဆွဲနုတ်ယူနိုင်လောက်အောင် နက်ရှိုင်းကြည်လင်နေ၏။
ဆူဇီမိုသည် မျက်လုံးကို ကပျာကယာမှိတ်ချ၍ အသက်ကို ပြင်းပြင်းရှူလိုက်ရ၏။
သူမက စင်ကြယ်အပျိုစင်က မိစ္ဆာအမွေဆက်ခံသူဆိုတာကို သူပြန်အမှတ်ရသွား၏။
ကျိယောင်ရွှယ်က အနည်းငယ်အံ့အားသင့်သွားပြီး ဆူဇီမိုကိုတစ်လှည့် ပြီးနောက် ကျိယောင်ယန်ကိုတစ်လှည့် လှည့်ကြည့်လိုက်၏။
ထိုအခါ နတ်ဆိုးမကျိက ပုံမှန်အတိုင်း ပြန်ပြင်နေလိုက်ပြီ၍ ညှို့ယူဖမ်းစားသောအပြုံးနှင့် ကာမစိတ်ကို နိုးကြွားစေသော အကြည့်တို့က လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားပြီဖြစ်လေသည်။
ထို့နောက် နတ်ဆိုးမကျိက လက်ဝေ့ရမ်းပြ၍ နှုတ်ဆက်ထွက်ခွာသွား၏။
နတ်ဆိုးမကျိ၏ နောက်ကျောကိုကြည့်ပြီး ကျိယောင်ရွှယ်က ဆူဇီမိုကို ပြောလိုက်၏။
“ရှင် ယန်အာကို တစ်ကယ်ကျေးဇူးတင်သင့်တယ်.. သူက ရှင့်ကို လုံးလုံး မသိဘဲနဲ့ အဖေ့ကိုတောင် လိမ်ညာလှည့်ဖြားပြီး ကူညီပေးခဲ့တာ”
“ယန်အာက လောကကြီးနဲ့ ပတ်သတ်ပြီး အတွေ့အကြုံလဲသိပ်မရှိသေးဘူး.. သူက လုံးဝအဖြူထည်လေး.. သူ့လိုလူမျိုးက ဘယ်လိုလိမ်ရမလဲတောင် ကောင်းကောင်းသိသေးတာ မဟုတ်ဘူး.. အခုလို သရုပ်ဆောင်ပြရတာ သူ့အတွက် အရမ်းခက်ခဲခဲ့မှာပဲ”
ဆူဇီမိုသည် ပြောစရာမဲ့သွားရ၏။ သူ့စိတ်ထဲကတော့ ကြိတ်ပြီးပြောလိုက်၏။
“နင့်ညီမလေးကသာ ဘယ်လိုလိမ်ညာရမလဲတောင် မသိတဲ့ အဖြူထည်လေးဆိုရင်.. ဒီကမ္ဘာပေါ်မှာ ရိုးသားတဲ့လူရယ်လို့ တစ်ယောက်မှတောင်ရှိမှာ မဟုတ်တော့ဘူး”
သို့သော်လည်း ဆူဇီမိုသည် ထုတ်တော့ပြောမနေတော့ပေ။
မည်သို့ပင်ဆိုစေ.. နတ်ဆိုးမကျိ၏ သရုပ်ကို ဖုံးကွယ်ပေးထားပါမည်ဟု သူကတိပေးထားခဲ့လေသည်။
ဒါအပြင့် ကျိယောင်ရွှယ်နှင့် ဧကရာဇ်တို့၏ စိတ်နေစိတ်ထားအရ.. ကျိယောင်ယန်က မိစ္ဆာဂိုဏ်းက အမွေဆက်ခံသူတစ်ယောက် နတ်ဆိုးမကျိပါလို့ သူထုတ်ပြောလျှင်တောင် မည်သူမျှ သူ့စကားကို ယုံကြည်ကြလိမ့်မည် မထင်ပေ။
“မင်းညီမလေးက ဘာတွေလုပ်တတ်လဲ” ဆူဇီမိုက အကဲစမ်းသလိုမျိုး မေးကြည့်လိုက်၏။
ကျိယောင်ရွှယ်က ခေါင်းခါလိုက်၏။
“ယန်အာက ကျင့်ကြံလို့မရဘူးလေ.. အဲ့ဒါမို့ သူက ဒေါ်လေးဂူဆီကနေ စီးပွားရေးလုပ်ငန်းတွေအကြောင်း သင်ယူနေတာ.. သူက အတွေ့အကြုံရအောင် ဟိုစပ်စပ် ဒီစပ်စပ်တော့ လျှောက်သွားတတ်တယ်”
နတ်ဆိုးမကျိက နည်းစနစ်တစ်မျိုးကို ကျင့်ကြံလေ့ကျင့်၍ သူမ၏ ကျင့်ကြံမှုကို ဖုံးကွယ်ထားသောကြောင့် သာမန်မော်တယ်တစ်ယောက်လို့သာ ထင်ရလေသည်။
နောက်ပြီး သူမသည် တစ်ကယ်တမ်း တစ်ယောက်ယောက်ကို သတ်ချင်လျှင်တောင် သူမ၏လက်ကို အညစ်ပေခံနေစရာမလိုပေ။
သူမအတွက် ပြုလုပ်ပေးမည့် အခြားတစ်ယောက်ယောက်ကိုသာ သူမက အမြဲတမ်းအသုံးချလေ့ ရှိလေသည်။
သူမ၏ အကြည့်တစ်ချက်နှင့်ပင် လုံလောက်လေသည်။