ဆန်းကြယ်တောင်ထွတ်မှာ လက်နက်သွန်းလုပ်နိုင်တဲ့သူ တစ်ယောက်မှမရှိဘူးလို ဘယ်သူပြောလဲ
Vol. 21 Ch. 304
ရွှေကော်ဇောခင်းထားသော ပွဲကြည့်စင်၏ နှစ်ခြမ်းစလုံးက ရွှေအမြုတေများနှင့် စတင်ပြည့်လာနေပြီဖြစ်၏။ ရွှမ်ယီနှင့် လျှိုဟွေ့တို့သည် သတိပေးစကား အနည်းငယ် ပြောကြားပြီးနောက် မြေပြင်ကွင်းကိုဖြတ်ကာ ပွဲကြည့်စင်နေရာသို့ တက်လှမ်းသွားလိုက်ကြ၏။
သူတို့ရောက်လာသောအခါ.. ရွှမ်ယီနှင့် လျှို့ဟွေ့တို့သည် သူတို့၏ ဂိုဏ်းတံဆိပ်ပြားများကိုထုတ်၍ မုတ်ဆိတ်နှင့်လူနှင့် ပိုင်ယုဟန်တို့ထံ ကမ်းပေးလိုက်၏။
ရွှမ်ယီသည် ဤပွဲသို့ ပထမဆုံး တက်ရောက်ဖူးခြင်းမဟုတ်ဘဲ သူသည် တပ်မှူးသုံးယောက်စလုံးနှင့် သိကျွမ်းထား၏။ သို့သော်လည်း သူသည် လုပ်ထုံးလုပ်နည်းကိုတော့ လိုက်နာရပေမည်။
မုတ်ဆိတ်နှင့်လူက ပြုံး၍ မေးလိုက်၏။
“ဒီတစ်ခေါက် တာအိုရောင်းရင်းဝမ်ရွှမ်းရော ပါမလာဘူးလားဗျ”
ထိုမေးခွန်းကိုကြားသောအခါ.. ရွှမ်ယီ၏ မျက်လုံးက အရောင်မှိန်ကျသွားပြီး ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။
လျှိုဟွေ့၏ မျက်ဝန်းအိမ်ထဲတွင်လည်း ဝမ်းနည်းမှုနှင့် စိတ်တိုမှုတို့က ဝင်ရောက်လာ၏။
မုတ်ဆိတ်နှင့်လူသည် ခဏမျှ ချင့်တွက်စဉ်းစားပြီးနောက် ဘာဖြစ်ပျက်ခဲ့သလဲဆိုတာ အကြမ်းဖျင်း ခန့်မှန်းမိလိုက်၏။
ဆန်းကြယ်တောင်ထွတ်သည် တန်လင်းတောင်ကြားတိုက်ပွဲ၌ တော်တော်အထိနာခဲ့ပြီး ရွှေအမြုတေအဆင့်အချို့ပါ ကျဆုံးခဲ့ရသည်ဟု ပြောကြလေသည်။ သူတို့ထဲက တစ်ယောက်သာလျှင် အသက်ရှင်ကျန်ရစ်ခဲ့သည်ဟုဆို၏။
ရွှမ်ယီနှင့် လျှိုဟွေ့တို့၏ အမူအယာတို့ကို အကဲခတ်ရသလောက်.. ဝမ်ရွှမ်းက ကျဆုံးသည့်အထဲ ပါသွားပုံရလေသည်။
ရွှမ်ယီက အပြုံးတစ်ခုကို လုပ်ယူလိုက်၏။
“ပြီးခဲ့တဲ့သုံးနှစ်က.. ဆန်းကြယ်တောင်ထွတ် အတိုက်ခိုက်ခံခဲ့ရတုန်းက ကျုပ်တို့ရဲ့ တပည့်တွေအတော်များများက သေတဲ့သူသေ၊ ဒဏ်ရာရတဲ့သူတွေ ရကုန်ခဲ့ကြတယ်.. ဒီတစ်ခေါက်ပြိုင်ပွဲမှာတော့ ကျုပ်တို့က တပည့်လေး နှစ်ယောက်တစ်ပိုင်းလောက်ပဲ ခေါ်လာခဲ့နိုင်တယ်.. သူတို့လေးတွေ အမြင်ကျယ်သွားအောင်ပေါ့.. အဆင့်သတ်မှတ်စာရင်းလေးခုမှာ နေရာယူဖို့တော့ ကျုပ်တို့ မျှော်လင့်မထားတော့ပါဘူး”
မုတ်ဆိတ်နှင့်လူက ခေါင်းခါ၍ အလောတကြီး ပြန်ပြောလိုက်၏။
“တာအိုရောင်းရင်း ခင်ဗျားက နှိမ့်ချလွန်းနေပြန်ပါပြီ.. ဆန်းကြယ်တောင်ထွတ်က တပည့်ဆို ဘယ်သူက အထင်သေးရဲမှာတုန်း.. အဲ့ဒါက တစ်ယောက်ထဲဆိုရင်တောင် အဲ့တစ်ယောက်က အကုန်လုံးကို နင်းခြေဖြတ်ကျော်ဖို့ လုံလောက်တယ်”
“အမှန်ပါပဲ”
ပိုင်ယုဟန်ကလည်း ပြုံးလိုက်၏။
“ဂုဏ်ယူပါတယ်ရှင်.. ဆန်းကြယ်တောင်ထွတ်က နောက်တစ်ဖန်ပြန်ပြီး ကျော်ကြားလာဦးတော့မှာပေါ့”
“အမ်”
ရွှမ်ယီရော လျှိုဟွေ့ပါ နှစ်ယောက်စလုံး မင်သက်သွားကြ၏။
မုတ်ဆိတ်နှင့်လူနှင့် ပိုင်ယုဟန်တို့သည် ဆန်းကြယ်တောင်ထွတ်ကို ထေ့ငေါ့၍ လှောင်ပြောင်နေကြသည်ဟု သူတို့နှစ်ယောက်စလုံး တွေးမိလိုက်ကြ၏။
ပြီးခဲ့သည့် ယခင်ဂိုဏ်းပေါင်းစုံပြိုင်ပွဲများမှာတုန်းကဆိုလျှင် ဆန်းကြယ်တောင်ထွတ်သည် စိတ်ဝိညာဉ်အဆင့်သတ်မှတ်စာရင်းတစ်ခုတည်းမှာတောင် ဆယ်နေရာမှာ အနည်းဆုံး သုံးနေရာအထိ အရယူနိုင်ခဲ့လေသည်။ သူတို့၏ အတောက်ပဆုံးနှစ်တွေမှာဆိုလျှင်.. ဆန်းကြယ်တောင်ထွတ်သည် စိတ်ဝိညာဉ်အဆင့်သတ်မှတ်စာရင်း၏ ထက်ဝက်လောက်ကို နေရာယူနိုင်ခဲ့လေသည်။
သို့သော်လည်း ဒီတစ်ခေါက်ပြိုင်ပွဲမှာတော့.. ဆန်းကြယ်တောင်ထွတ်သည် အဆင့်သတ်မှတ်စာရင်းလေးခုစလုံး၊ နေရာလေးဆယ်စာမှာ.. နှစ်နေရာလောက်ထိသာ အများဆုံး မျှော်လင့်ထားနိုင်ကြလေတော့သည်။
သူတို့သည် နာမည်ကျော်ကြားဖို့နေနေသာ.. ဂိုဏ်းကိုများစွာ အရှက်မရစေလျှင်တောင် တော်လှပေပြီ။
လျှိုဟွေ့က မကျေမနပ်နှင့် အေးစက်စက် နှာခေါင်းတစ်ချက်ရှုံ့လိုက်၏။
ရွှမ်ယူသည်လည်း မျက်နှာပျက်ယွင်း၍ မျက်မှောင်ကြုတ်လိုက်၏။
သူသည် မုတ်ဆိတ်နှင့်လူနှင့် ပိုင်ယုဟန်တို့၏ အမူအယာနှင့် အကြည့်များကို အကဲခတ်ကြည့်လိုက်၏။ သူတို့နှစ်ယောက်စလုံးက ထေ့ငေါ့ရွဲ့ပြောနေကြဟန် မရှိပေ။ သူတို့က တစ်စုံတစ်ရာကို သွယ်ဝိုက်ပြီးပြောနေသလို စိတ်ရင်းအမှန်နှင့် ပြောနေသည်ဟု ထင်ရလေသည်။
“ကျေးဇူးပြုပြီး ဒီဘက်ကို ကြွပါခင်ဗျာ”
မုတ်ဆိတ်နှင့်လူက အပြုံးနှင့် ခေါင်းညိတ်ပြလိုက်ပြီး ထပ်ပြောလိုက်၏။
သူတို့အနောက်မှာ နောက်ထပ်ရွှေအမြုတေအဆင့်များသည် ရပ်၍ စောင့်နေရသောကြောင့် ရွှမ်ယီတို့သည် ဆက်လက်ကြန့်ကြာနေဖို့ မသင့်လျော်တော့ဘဲ.. ရင်ထဲမှာ သံသယများနှင့် ပွဲကြည့်စင်ဘက်သို့ ဝင်ရောက်လိုက်ရ၏။
. . .
“ဟိုမှာကြည့်စမ်း.. တောင်ထွတ်သခင်တို့ ထိုင်နေကြပြီ”
မြေပြင်ကွင်းဘေးတွင် ဖက်တီးလေးက ခပ်လှမ်းလှမ်းမှ ပွဲကြည့်စင်၏ ထိုင်ခုံများကို လက်ညိုးထိုးပြ၍ ပြောလိုက်၏။
“တောင်ထွတ်သခင်နှစ်ယောက်ရဲ့ ထိုင်ခုံတွေက မိုက်တယ်ဟ.. သူတို့က ဧကရာဇ်ရဲ့ ပလ္လင်နဲ့လဲ တော်တော်နီးတယ်”
ပွဲကြည့်စင်မှ ထိုင်ခုံများကို နေရာအလိုက် အလွှာအမျိုးအမျိုး ထပ်ခွဲထားသေး၏။
ပထမအလွှာမှာ ထိုင်ခုံတစ်နေရာသာရှိ၏။ အဲ့ဒါက ဧကရာဇ်၏ ပလ္လင်ပင်။
ဧကရာဇ်၏ပလ္လင်အောက်၊ ဒုတိယအလွှာမှာတော့ ထိုင်ခုံများစွာ မရှိပေ။ အခုချိန်ထိ အဲ့အလွှာမှာ လူတစ်ယောက်မျှ မရှိသေးဘဲ အကုန်လွတ်နေသေးလေသည်။
တတိယအလွှာမှာတော့ ရွှမ်ယီနှင့် လျှိုဟွေ့တို့ ထိုင်နေကြလေသည်။
သူတို့နှစ်ယောက်အပြင်.. အခြားသော ဂိုဏ်းကြီးလေးဂိုဏ်းမှ ရွှေအမြုတေများသည်လည်း ထိုအလွှာမှာ ထိုင်ကြလေသည်။
စတုတ္ထအလွှာမှာတော့ မဟာကျိုးအင်ပါယာအတွင်း၌ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိသော အခြားဂိုဏ်းများမှ ရွှေအမြုတေအဆင့်များ ထိုင်ကြလေသည်။ ထိုအလွှာက ထိုင်ခုံအများဆုံး ဖြစ်လေသည်။
ပဉ္စမအလွှာမှာတော့ ရွှေအမြုတေအဆင့် ခြေသလုံးအိမ်တိုင် တစ်ကိုယ်တော်ကျင့်ကြံသူများ နေရာယူထားကြလေသည်။
“တယ်လဲ အလိုက်မသိတတ်တဲ့သူတွေပါလား.. သြော် ဆန်းကြယ်တောင်ထွတ်က ရွှေအမြုတေတွေတောင် တတိယအလွှာမှာ လာထိုင်နိုင်တယ်ဆိုတော့ စီစဉ်ထားပုံက နဲနဲတော့ လွဲနေသလိုပဲနော့” ထိုအချိန်မှာပင် ဘေးဘက်မှ လှောင်ပြောင်သရော်သံတစ်သံက ထွက်ပေါ်လာ၏။
နောက်ထပ်ထေ့လုံးတစ်လုံးကပါ ထပ်မံထွက်ပေါ်လာ၏။
“ငါ့အမြင်အရ ပြောရရင်တော့ ဂိုဏ်းပေါင်းစုံပြိုင်ပွဲပြီးတာနဲ့ ဆန်းကြယ်တောင်ထွတ်ကို ဂိုဏ်းကြီးငါးဂိုဏ်းထဲကနေ ထုတ်ပစ်လိုက်သင့်တယ်လို့ထင်တယ်”
ဖက်တီးလေးနှင့် အခြားသူများက မျက်မှောင်ကြုတ်၍ လှည်ကြည့်လိုက်ကြ၏။
စောစောက စကားပြောလိုက်သူနှစ်ယောက်မှာ အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ တပည့်များ ဖြစ်ကြလေသည်။
ဂိုဏ်းကြီးငါးဂိုဏ်းထဲမှတစ်ဂိုဏ်းအနေနှင့် အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းသည် အခြေတည်အဆင့်ကျင့်ကြံသူ တစ်ရာကျော်ကို စေလွှတ်နိုင်ခဲ့လေသည်။
သူတို့၏ ခေါင်းဆောင်နှစ်ယောက်ထဲမှ တစ်ယောက်သည် နှာတံရှည်ရှည် ပြတ်ထင်းသောမျက်နှာပေါက်နှင့် ဖြစ်လေသည်။ သူ့နှုတ်ခမ်းက ပါးလျပြီး မကောင်းဆိုးဝါးဆန်ဆန် ရက်စက်တတ်သည့်အော်ရာက သူ့ထံမှ ပေါ်ထွက်နေလေသည်။
အခြားတစ်ယောက်ကတော့ နီညိုရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မောက်မာဟန်ရလေသည်။
“ငါတို့ဘာသာ ဘာဖြစ်ဖြစ် အဲ့ဒါမင်းတို့ ဆုံးဖြတ်လို့ရတဲ့အရာ မဟုတ်ဘူး.. ကိုယ်လုပ်စရာရှိတာသာ ကိုယ်အာရုံစိုက်ကြစမ်းပါ!” ရွှယ်ယိက မကျေမနပ်နှင့် ခွန်းတုံ့ပြန်လိုက်၏။
နီညိုရောင်ဝတ်ရုံနှင့်လူက ရွှယ်ယိကို လှည့်ကြည့်လိုက်ပြီး သရော်တော်တော်ပြုံးကာ ပြောလိုက်၏။
“တာအိုရောင်းရင်းပုံစံကြည့်ရတာ စောစောက ပြောတာကို လက်မခံနိုင်ဘူးထင်တယ်.. မင်းက အခုမှ အလယ်အလတ်-အခြေတည်အဆင့်ပဲ ရှိသေးတာလား.. သြော် ငါသိပြီ.. မင်းက အဆောင်လက်ဖွဲ့တို့၊ ဆေးလုံးတို့၊ နတ်ပန်းပဲအဆင့်သတ်မှတ်စာရင်းတို့မှာ နေရာရဖို့ လာပြိုင်တာမလား.. ဒါပေမယ့် ဆန်းကြယ်တောင်ထွတ်မှာ နတ်ဆေးဆရာတို့၊ နတ်ပန်းပဲဆရာတို့ရော ရှိလို့လား.. မင်းတို့ကောင်တွေကို ကြည့်ပြီးတော့ ငါဘာပြောရမလဲတောင် မသိတော့ဘူး”
ထိုစကားကိုကြားပြီးနောက် အားလုံးက ဝါးလုံးကွဲ ရယ်ချလိုက်ကြ၏။
ပြီးခဲ့သည့်ဂိုဏ်းပေါင်းစုံပြိုင်ပွဲမှာတုန်းက ဆန်းကြယ်တောင်ထွတ်မှတပည့်များသည့် နတ်ဆေးအဆင့်သတ်မှတ်စာရင်းနှင့် နတ်ပန်းပဲအဆင့်သတ်မှတ်စာရင်းတို့မှာ တစ်နေရာမှ ဝင်ရောက်နိုင်ခြင်း မရှိခဲ့ပေ။
အခြားသူများအတွက်တော့ ဆန်းကြယ်တောင်ထွတ်မှ နတ်ဆေးဆရာနှင့် နတ်ပန်းပဲဆရာတို့ဆိုသည်မှာ ဟာသတစ်ခုထက် မပိုပေ။
လှောင်ပြောင်ရယ်မောသံများကို ကြားလိုက်ရပြီး ဆန်းကြယ်တောင်ထွတ်မှလူတိုင်းသည် မျက်နှာများ ပျက်ယွင်းသွားကြလေသည်။
နီညိုရောင်ဝတ်ရုံနှင့်လူက ပြုံးရင်း ဆက်မေးလိုက်၏။
“ဒါဆို မင်းက အဆောင်လက်ဖွဲ့သခင်တစ်ယောက်ပေါ့လေ”
“မဟုတ်ဘူး”
ရွှယ်ယိက အသံကျယ်ကျယ်နှင့် ထုတ်ပြောလိုက်၏။
“မင်းတို့သိသိ၊ မသိသိ ငါဂရုမစိုက်ဘူး.. ငါက နတ်ပန်းပဲဆရာတစ်ယောက်ပဲ.. နတ်ပန်းပဲပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ငါလာခဲ့တာပဲ”
“အိုး ဟိုး ဟိုး...”
နီညိုရောင်ဝတ်ရုံနှင့်လူက အသံကိုဆွဲ၍ နားလည်သဘောပေါက်သွားသလို ဟန်လုပ်လိုက်ပြီး သရော်တော်တော် ပြုံးလိုက်၏။
“သြော်.. နောင်ကြီးက နတ်ပန်းပဲဆရာကြီးကိုး.. ဆန်းကြယ်တောင်ထွတ်က နတ်ပန်းပဲဆရာကြီး ပြောမှာဆိုမှားလေးများရှိရင် ကျတော်မျိုးကို ခွင့်လွှတ်ပေးပါဗျာ”
နီညိုရောင်ဝတ်ရုံနှင့်လူထံမှ လှောင်ပြောင်သရော်နေသည့်လေသံကို အားလုံး ကြားနိုင်ကြလေသည်။
သူက ဆက်ပြောလိုက်၏။
“ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲကြည့်စမ်း.. ကျုပ်နာမည်က ထောင်ဖုန်း.. ကျုပ်လဲ နတ်ပန်းပဲဆရာတစ်ယောက်ပဲ”
“သြော် သူက ထောင်ဖုန်းကိုး”
“ဘယ်သူလဲ ထောင်ဖုန်းက”
သူက အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းက နံပါတ်တစ်နတ်ပန်းပဲဆရာပဲ.. သူ့အသက်က သုံးဆယ်လောက်ပဲ ရှိသေးတာတောင် သူက သာလွန်အဆင့်စိတ်ဝိညာဉ်လက်နက်တွေကို အောင်အောင်မြင်မြင် သွန်းလုပ်နိုင်နေပြီ.. သူက အဆင့်မြင့်နတ်ပန်းပဲဆရာတစ်ယောက်ပဲ!”
“ကောလာဟလတွေက ပြောကြတာတော့ တာအိုရောင်းရင်းထောင်ဖုန်းက လူငယ်မျိုးဆက်တွေထဲမှာ နံပါတ်တစ်နတ်ပန်းပဲဆရာတဲ့!”
ထောင်ဖုန်းသည် နားစွင့်ကြည့်လိုက်သောအခါ ဘေးပတ်လည်မှ ကျင့်ကြံသူများ၏ ဆွေးနွေးပြောကြားသံများမှ မနာလိုအားကျငေးမောမှုများကို ခံစားလိုက်ရ၏။ သူသည် မိမိကိုယ်ကိုမိမိ ဂုဏ်ယူဝင့်ကြွားမှုများနှင့် ပြည့်လျှံလာပြီး မျက်နှာကိုအနည်းငယ်မော့၍ ရွှယ်ယိကို ထိကပါးရိကပါးပုံစံနှင့် ကြည့်လိုက်၏။
“ကျုပ် ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ မသိဘူး တာအိုရောင်းရင်း.. ခင်ဗျားက ဘယ်အဆင့်စိတ်ဝိညာဉ်လက်နက်တွေကို သွန်းလုပ်နိုင်သလဲ ကျုပ်သိလို့ ရမလားဗျ”
ရွှယ်ယိက မျက်နှာက နီမြန်းလာ၏။ သူက ဘာမျှ ပြန်မပြောပေ။
သူ၏ စွမ်းရည်အရ.. သူသွန်းလုပ်နိုင်သည်မှာ အဆင့်နိမ့်စိတ်ဝိညာဉ်လက်နက်များသာ ဖြစ်လေသည်။ သူသည် အလယ်အလတ်အဆင့်စိတ်ဝိညာဉ်လက်နက်ကိုတောင် မသွန်းလုပ်နိုင်မှတော့ သူသည် သူ့ရှေ့မှ ထောင်ဖုန်းနှင့် ယှဉ်နိုင်ဖို့ အများကြီးနိမ့်ကျနေသေးလေသည်။
ထောင်ဖုန်းက မျက်ခုံးပင်၍ သရော်လိုက်၏။
“သြော်.. ငါကသာ အထင်ကြီးနေတာ.. မင်းက ဘာကောင်မှ မဟုတ်ဘူးပဲ”
“မင်း...!” ရွှယ်ယိသည် သူ့ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်၏။
“ဘာတွေလာပြီး ဂုဏ်ဆာပြနေတာလဲ”
ဖက်တီးလေးက နှုတ်ခမ်းစူလိုက်၏။
“မဟာကျိုးအင်ပါယာရဲ့ နံပါတ်တစ်နတ်ပန်းပဲဆရာ ဆရာမိုက မင်းထက် အဆတစ်ရာ၊ တစ်ထောင် ပိုသာတယ်.. မင်းအဲ့လောက် တော်နေတတ်နေရင်လဲ သူနဲ့ သွားပြိုင်ပါလား”
ထောင်ဖုန်းက ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ပြောလိုက်၏။
“ကောလာဟလတွေက ပြောကြတာ ဆရာမိုက ရွှေအမြုတေအဆင့်တဲ့.. အဲ့ဒါဆိုသူ့အသက်က ရာချီနေလောက်ပြီလေ.. ငါပြောရဲတယ် ဆရာမိုလဲ ငါ့အသက်အရွယ်လောက်တုန်းကဆို ငါ့လောက်တောင် တော်ချင်မှတော်ဦးမယ်!”
လက်ရှိကျင့်ကြံသူများ မည်သူမျှ မငြင်းနိုင်ကြပေ။
“ထပ်ပြီးပြောရမယ်ဆိုရင်...”
ထောင်ဖုန်းသည် ရွှယ်ယိကိုကြည့်ပြီး အေးစက်စက် သရော်လိုက်၏။
“မင်းက မင်းကိုယ်မင်း နတ်ပန်းပဲဆရာလို့ ထင်နေတာလား.. စေတနာ အကြံပေးလိုက်မယ်.. နောက်နောင်ဆို အခုလိုမျိုး အရှက်ရအောင် ကိုယ့်ကိုယ်ကိုယ် အရူးလုပ်မနေနဲ့တော့.. အိမ်ပြန်ပြီး စောင်ခြုံအိပ်နေလိုက်စမ်းပါကွာ!”
“ဒီသောက်ခွေး....!” ဖက်တီးလေးက သွေးဆူလာပြီး စိတ်တိုဒေါသထွက်ကာ ဆဲရေးတော့မည်ဖြစ်၏။
“ဂျူနီယာညီလေး!”
ဘေးဘက်မှ ကျိချန်းရှန်က မျက်မှောင်ကြုတ်ကာ ဒေါသထွက်နေသော ဖက်တီးလေးကို လှမ်းဆွဲကာ ခေါင်းခါပြလိုက်၏။
“ထားလိုက်ပါကွာ.. သူတို့နဲ့ ပြိုင်ငြင်းမနေနဲ့.. ဒီအတိုင်းပဲ..ဟင်း”
ကျိချန်းရှန်၏ သက်ပြင်းချသံကို ကြားသောအခါ ဆန်းကြယ်တောင်ထွတ်မှ လူတိုင်းသည် တိတ်ဆိတ်ငြိမ်သက်သွားကြပြီး ကူကယ်ရာမဲ့စွာ ခံစားလာကြရ၏။
မည်သို့ပင်ဆိုစေ.. လက်ရှိဆန်းကြယ်တောင်ထွတ်က အခြားသူများထက် နိမ့်ကျနေလေပြီ။
ထိုသည်ကိုမြင်သောအခါ ထောင်ဖုန်းသည် ပိုလို့တောင် အူမြူးသွားပြီး ထုတ်ရယ်ချလိုက်၏။
“မင်းတို့ဆန်းကြယ်တောင်ထွတ်မှာ လက်နက်သွန်းလုပ်နိုင်တဲ့သူ တစ်ကယ်ကြီး ဘယ်သူ့မှ မရှိကြတော့ဘူးလား... ဟဟား.. တစ်ကယ့်ဟာသကောင်တွေပါကွာ! ဟားဟား!”
“ဆန်းကြယ်တောင်ထွတ်မှာ လက်နက်သွန်းလုပ်နိုင်တဲ့သူ တစ်ယောက်မှမရှိဘူးလို့ ဘယ်ကောင်ပြောလိုက်တာလဲကွ”
ထိုအချိန်မှာပင် လူအုပ်ကြီးထဲမှ နောက်ထပ်အသံတစ်သံက ထွက်ပေါ်လာ၏။ ထိုအသံတွင် သတ်ဖြတ်လိုစိတ် တစ်စွန်းတစ်စပင် ကပ်ပါလာ၏။