လူစုလူဝေး
Vol. 21 Ch. 306
ဆူဇီမိုက လှည့်၍ ဟန်လုပ်ပြုံးကာ မေးလိုက်၏။
“နင့်ကိုကြည့်ရတာ ဆရာမိုနဲ့ အရမ်းရင်းနှီးတယ် ထင်တယ်နော်”
“ငါ...”
ရှန်မန်းကီသည် သူ့မေးခွန်းတွင် ကြောင်အသွားပြီး ဘာပြောရမည်မသိ ဖြစ်သွား၏။
အခြေတည်အဆင့်တစ်ယောက်အနေနှင့် သူမသည် ဆရာမိုနှင့် ဘယ်လိုလုပ် သိကျွမ်းနိုင်ပါ့မလဲ။
ဆူဇီမိုက ပြုံးလိုက်၏။
“သြော် နင့်ကြည့်ရတာ သူနဲ့ ရင်းနှီးပုံလဲ မရပါဘူး.. ဘာပဲဖြစ်ဖြစ် သူ့ကို တွေ့တော့တွေ့ဖူးမှာပေါ့လေ ဟုတ်တယ်မလား”
ဆူဇီမို၏ အကြည့်တွင် လေးနက်သောအဓိပ္ပါယ်တစ်ခုရှိပုံရပြီး ရှန်မန်းကီသည် ရှင်းမပြတတ်စွာ စိတ်ထဲ မချင့်မရဲ ကသိကအောက် ဖြစ်လာ၏။
ရှန်မန်းကီသည် သူမကိုယ်သူမ ဣန္ဒြေပြန်ဆယ်လိုက်ပြီး ခေါင်းကိုမော့၍ ဝင့်ကြွားစွာ ပြောလိုက်၏။
“ငါ ဆရာမိုကို မတွေ့ဖူးဘူး.. ဒါပေမယ့် ဘာဖြစ်လဲ.. ငါ သူ့လေလံပွဲမှာ တစ်ခါဝင်ပါဖူးတယ်.. နင်လို့ မမြင်ဖူး၊ မကြုံးဖူးတဲ့ လူတစ်ယောက်ကတော့ နတ်ပန်းပဲဆရာတစ်ယောက်က ဘယ်လောက်ထိ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းရှိလဲဆိုတာ စဉ်းစားနိုင်မှာတောင် မဟုတ်ဘူး”
ဆူဇီမိုက ဆက်လက်မငြင်းခုန်တော့ဘဲ.. ရှန်မန်းကီကို မထီတရီပြုံး၍သာ ကြည့်နေလိုက်၏။
“နင် ငါ့ကို အဲ့လိုပုံစံနဲ့ ကြည့်စရာ မလိုပါဘူး”
ရှန်မန်းကီက ငေါက်ငမ်းလိုက်၏။
“ဆရာမိုတာ ဘယ်လိုလူမျိုးလဲ နင်သိလို့လား.. ငါ သူ့ကို မမြင်ဖူးတာ ဘာမှမထူးဆန်းဘူး.. ဟိုပွဲကြည့်စင်ပေါ်မှာ ထိုင်နေကြတဲ့ ရွှေအမြုတေတွေထဲမှာတောင် ဆရာမိုကို မြင်ဖူးတဲ့သူက ဘယ်လောက်မှမရှိဘူး!”
ဆူဇီမိုက ပြုံးရုံသာပြုံး၍ ရှန်မန်းကီကို တိတ်တဆိတ်ကြည့်လိုက်၏။
“နင်က တစ်ကယ်တမ်း ဘာကို ပြောချင်နေတာလဲ”
“နင်က ဒီကို ဂိုဏ်းပေါင်းစုံပြိုင်ပွဲအတွက် လာပြိုင်ပေမယ့်.. ဘာဆိုဘာမှ မဟုတ်သေးဘူးလို့ ငါက ပြောချင်ရုံပါ”
ရှန်မန်းကီက သူမ၏ လက်သီးကို ကျစ်ကျစ်ဆုပ်၍ ထပ်ပြောလိုက်၏။
“နင်က အမြဲတမ်း အဲ့လိုပဲ.. အရမ်းမိုက်ရူးရဲဆန်တာပဲ.. ငါစေတနာနဲ့ အကြံပေးလိုက်မယ်.. နင်က ဆရာမိုကိုတောင် မသိဘဲနဲ့ ဒီပြိုင်ပွဲမှာ ဝင်မပြိုင်ပါနဲ့လား.. ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲသလို ဖြစ်နေမှာစိုးလို့ပါ”
ဤတွင် ရှန်မန်းကီ တည့်တည့်ထုတ်မပြောသော အဓိပ္ပါယ်တစ်ခု ရှိနေ၏။
ဆူဇီမိုက ကျင့်ကြံရေးလောကသို့ ခြေချပြီး ဂိုဏ်းပေါင်းစုံပြိုင်ပွဲမှာ ဝင်ပါနိုင်ခဲ့လျှင်တောင် သူမကို ဘယ်တော့မှ လိုက်မီမှာ မဟုတ်ဘူးဆိုသည့် သဘောပင်။
ရှန်မန်းကီသည် အချက်တစ်ချက်ကို အတည်ပြုချင်နေ၏။
ပြီးခဲ့သည့် နှစ်အနည်းငယ်တုန်းက ဆုံးဖြတ်ချက်အတွက် သူမသည် ဘယ်တော့မှ နောင်တရရမှာ မဟုတ်ဘူးဆိုသည့်အချက်ပင်။
ထိုနှစ်၊ ထိုနေ့က မြို့ငယ်လေးတွင်.. သူမ၏ ရွေးချယ်ဆုံးဖြတ်ချက်က မမှားခဲ့စေရဘူး။
“နင့်ဆရာလဲ ဒီကို ရောက်နေတယ်မလား” ဆူဇီမိုက ရုတ်တရတ် မေးလိုက်၏။
“နင် ဘာလုပ်မလို့လဲ”
ရုတ်တရတ် ရှန်မန်းကီသည် ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး မျက်မှောင်ကြုတ်လိုက်၏။
“ဆူဇီမို.. ငါစေတနာနဲ့ အကြံပေးလိုက်မယ်.. နင့်စိတ်ကိုနင် နိုင်အောင်ထိန်းနော်.. နင် မသေချင်သေးဘူးမလား.. ပြီးခဲ့တဲ့ သုံးနှစ်တုန်းက ကိစ္စနဲ့ပတ်သတ်ပြီး ငါ့ဆရာက တော်တော်ဒေါသထွက်နေတာ!”
ပြီးခဲ့တဲ့သုံးနှစ်တုန်းက၊ ယန်တိုင်းပြည်မြို့တော်မှာ ဆူဇီမိုသည် ရောင်ဝါလင်းလက်တိမ်နန်းတော်မှ ကျင့်ကြံသူတစ်အုပ်စုကို အပြင်းအထန် ထိခိုက်ဒဏ်ရာရစေခဲ့ပြီး သူတို့ထဲမှ တစ်ယောက်ကိုတောင် သတ်ပစ်ခဲ့သေးလေသည်။
ထိုကိစ္စကို ပကတိကန်းလန်က ပြန်မသိစရာ အကြောင်းမရှိပေ။
ဆူဇီမိုက ပြုံးပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ငါကြားတာတော့ နင့်ဆရာ ပကတိသက်ရှိကန်းလန်က ဆရာမိုနဲ့ အတော်ရင်းနှီးဆို.. ဆရာမိုက သူ့အတွက် ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုတောင် အလကား လုပ်ပေးမလို့ဆို.. ဘာလဲ တစ်ခုလေးပဲ တောင်းဆိုတာဆိုလား”
ရှန်မန်းကီ၏ မျက်နှာအမူအယာက ရုတ်ချည်းပြောင်းလဲသွား၏။
ထိုဖြစ်ရပ်တွင် ပကတိသက်ရှိကန်းလန်သည် လုံးဝအရှက်ခွဲစော်ကားခံခဲ့ရပြီး ထိုအကြောင်းအရာက တစ်ရက်အတွင်း မြို့တော်တစ်ခုလုံး ပျံ့နှံ့သွားလေပြီ။
ရောင်ဝါလင်းလက်တိမ်နန်းတော်မှ မည်သူမျှ ထိုကိစ္စနဲ့ပတ်သတ်ပြီး စကားမဟရဲပေ။
လွန်စွာလေးနက်သောအကြည့်နှင့် ဆူဇီမိုက အဓိပ္ပါယ်ပါပါ ပြောလိုက်၏။
“ရှန်မန်းကီ အဲ့တုန်းက ဆရာမိုက ဘာလုပ်ပေးဖို့ တောင်းဆိုတာလဲ နင်သိလိုက်တယ်မလား”
ပကတိသက်ရှိကန်းလန်ကို ဒူးထောက်ခိုင်းခဲ့သည်ဆိုတာကို လူတိုင်းနီးပါး သိထားကြလေသည်။
ထိုအချိန်တွင် ရှန်မန်းကီသည် တစ်စုံတစ်ရာကို တွေးတောပုံဖော်ကြည့်နေ၏။ သူမသည် အတွေးထဲနစ်မျောနေစဉ်မှာပင် ရုတ်တရတ် သူမနားထဲသို့ ကြားဖြတ်ဝင်လာသော အသံတစ်သံက သူမ၏ အတွေးများကို ဖြတ်တောက်လိုက်၏။
“ဂျူနီယာညီမလေး.. သူက ဆူဇီမိုလား”
ရောင်ဝါလင်းလက်တိမ်နန်းတော်ဝတ်ရုံကို ဝတ်ဆင်ထားသောလူတစ်ယောက်က လျှောက်လှမ်းလာ၏။ သူက ရုပ်ရည်ချောမောပြီး တစ်မူထူးခြားသော ကြော့ရှင်းမှုကို ပိုင်ဆိုင်ထားကာ ဆူဇီမိုကို သတ်ဖြတ်လိုစိတ်နှင့် စိုက်ကြည့်၍ ဟန်ပါပါ လျှောက်လှမ်းလာ၏။
“အမ်း.. သူ ဟုတ်တယ်...” ရှန်မန်းကီက အလိုလို ပြန်ဖြေလိုက်မိ၏။
စောစောက ဆူဇီမို၏ စကားများမှ အဖြေတစ်ခုကို ရိုးတိုးရိပ်တိတ် သူမ ခန့်မှန်းမိလိုက်သော်လည်း.. စီနီယာအစ်ကိုစစ်ယုထန်က ကြားဖြတ်ဝင်နှောင့်ယှက်လိုက်သောကြောင့် သူမသည် ထိုအရာကို ဆက်လက်ပုံမဖော်နိုင်တော့ပေ။
“ငါတို့ဂိုဏ်းက ဂိုဏ်းသားတစ်ယောက်ကို သတ်ခဲ့တာ မင်းလား..ဟမ့်!” စစ်ယုထန်က ဆူဇီမိုအနားသို့ ရောက်လာပြီး အေးစက်ခက်ထန်စွာ စစ်ဆေးမေးမြန်းလိုက်၏။
“ဟုတ်တယ် ငါပဲ” ဆူဇီမိုက ဂရုမစိုက်ဟန်နှင့် ပြန်ဖြေလိုက်၏။
“အဲ့ကောင်က တစ်ကယ့်ကောင်ပဲ.. သူက ရောင်ဝါလင်းလက်တိမ်နန်းတော်က ကျင့်ကြံသူတွေကိုတောင် သွားသတ်ရဲတယ်ဆိုတော့..”
“ဒီတစ်ခေါက်တော့သွားပြီ.. ဆန်းကြယ်တောင်ထွတ်က အစထဲက အားနည်းနေပါတယ်ဆို.. သူတို့တပည့်တစ်ယောက်က အကုန်ပတ်ပြီး ရန်ရှာထားပါလား.. ငါတို့သိတာပဲ သူက အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းနဲ့ ရောင်ဝါလင်းလက်တိမ်နန်းတော်ကို ရန်စရှာထားပြီးပြီ.. ဆန်းကြယ်တောင်ထွတ်ကတော့ သွားရှာပြီ”
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက အားကြိုးမာန်တက် ဆွေးနွေးဝေဖန်လိုက်ကြ၏။
ရှန်မန်းကီက မျက်မှောင်ကြုတ်ပြီး ဖျောင်းဖျလိုက်၏။
“စီနီယာအစ်ကို.. ထားလိုက်ပါ.. ကျမတို့က အခု မဟာကျိုးမြို့တော်ထဲမှာ”
“ထားလိုက်ရမယ် ဟုတ်လား.. ဟဟ”
စစ်ယုထန်က မတုန်မလှုပ်နှင့် အေးစက်စက် လှောင်ရယ်လိုက်၏။
“ဆူဇီမို မင်းသတ္တိရှိရင်.. စိတ်ဝိညာဉ်ပြိုင်ပွဲမှာ ဝင်ပြိုင်ကြည့်လိုက်လေ”
ဆူဇီမို ပြန်မပြောနိုင်ခင်မှာပင် လူအုပ်ကြီးထဲမှ အော်သံတစ်သံ ထွက်ပေါ်လာပြီး အားလုံး၏ စိတ်အာရုံကို ဖမ်းစားသွား၏။
“ကြည့်ကြည့် အဲ့ဘက်ကိုကြည့်စမ်း”
“မြို့ထဲမှာတောင် သူက ပျံနိုင်တာလား.. သူက ဘယ်သူလဲ”
“ကြည့်ရတာတော့ သူတို့က မင်းညီမင်းသားတွေထင်တယ်”
မလှမ်းမကမ်း ကောင်းကင်ထက်တွင် အမျိုးသားငါးယောက်သည် အားကောင်းသော အင်ပါယာစစ်တပ်ရွှေအမြုတေများ ခြံရံ၍ ပျံသန်းလာကြ၏။ သူတို့သည် တောက်ပသော တန်ဖိုးကြီး အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး ပွဲကြည့်စင်ထက်သို့ ဖြည်းဖြည်းချင်း တခမ်းတနား ဆင်းသက်လိုက်ကြ၏။
သူတို့ငါးယောက်သည် ဧကရာဇ်ပလ္လင်၏ ခြေရင်းနားသို့ ရောက်လာပြီးနောက် ဒုတိယအလွှာနေရာ၌ နေရာယူထိုင်ကာ သူတို့၏ ဘေးပတ်လည်ရှိလူများကို ခေါင်းညိတ်ပြလိုက်ကြ၏။
သိပ်မကြာမီ လူအုပ်ကြီးသည် နောက်တစ်ကြိမ် ဆူညံပွက်လောရိုက်သွားကြပြန်၏။
မလှမ်းမကမ်း လေထဲတွင် အမျိုးသမီးနှစ်ယောက်က ပေါ်လာ၏။
ရှေ့က အမျိုးသမီးသည် တစ်မူထူးခြားသော ရုပ်ရည်သွင်ပြင်ရှိ၏။ သူမသည် မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဆင်မြန်းထားပြီး ကိုယ်ခန္ဓာက အမို့အမောက် စုံစုံလင်လင်နှင့် ရင့်ကျက်တည်ငြိမ်ညို့ငင်နိုင်သောအော်ရာက ထွက်ပေါ်နေ၏။
နောက်ထပ်မိန်းကလေးတစ်ယောက်ကတော့ ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လွန်စွာသိမ်မွေ့လှပချစ်စရာကောင်းသောပုံစံရှိလေသည်။ နှမြောစရာကောင်းသည်မှာ သူမ၏ မျက်နှာကို မျက်နှာဖုံးတစ်ခုနှင့် အုပ်ထားသောကြောင့် ရှင်းရှင်းလင်းလင်း မမြင်ရပေ။
စစ်ယုထန်က ချောင်းတစ်ချက်ဟန့်၍ ဂုဏ်ယူစွာ ထုတ်ပြောလိုက်၏။
“ငါထင်တာ မမှားဘူးဆိုရင်.. ရှေ့ကပုဂ္ဂိုလ်က ရတနာ့ကောင်းကင်လေလံအိမ်တော်ရဲ့ ဘဏ္ဍာစိုးခေါင်းဆောင်ဂူပဲ”
“ဘဏ္ဍာစိုးဂူက တစ်ကယ်ညှို့ငင်ဖမ်းစားနိုင်စွမ်းအပြည့်ပဲကွာ” ကျင့်ကြံသူတစ်ယောက်က ကြည့်နေရင်း မချင့်မရဲနှင့် တံတွေးမျိုချလိုက်၏။
“သူ့နောက်က မိန်းကလေးက ဘယ်သူလဲ.. မျက်နှာဖုံးတပ်ထားတာတောင် သူမရဲ့မျက်လုံးလေးတွေက စကားပြောနေတဲ့အတိုင်းပဲ တစ်ကယ့်ချစ်စရာလေးကွာ”
အားလုံး ဆွေးနွေးပြောကြားနေကြစဉ်မှာပင် ပန်းရောင်ဝတ်မိန်းကလေးသည် သူတို့ဘက်သို့ လှည့်ပြီး ကြည့်လိုက်၏။
“ကြည့်.. အဲ့မိန်းကလေးက ငါ့ကို ကြည့်နေတာကွ”
“အပိုတွေလျှောက်ပြောမနေနဲ့.. သူက ငါ့ကို ကြည့်နေတာကွ”
ဘေးပတ်လည်ရှိ ကျင့်ကြံသူများ စတင်ငြင်းခုန်လိုက်ကြ၏။
ထောင်ဖုန်းသည် စိတ်ထဲကနေ ကြိတ်ပြီး လှောင်ရယ်လိုက်၏။ သို့သော် အပြင်ပန်းမှာတော့ သူသည် တည်ငြိမ်ချင်ဟန်ဆောင်ကာ ပန်းရောင်ဝတ်မိန်းကလေးကို ခေါင်းညိတ်ပြလိုက်၏။
စစ်ယုထန်သည်လည်း ထို့အတူပင်။ ပန်းရောင်ဝတ်မိန်းကလေးက သူ့ကို သတိထားမိသည့်အလား ကပျာကယာ အမူအယာနှင့် ခေါင်းညိတ်ပြလိုက်၏။
ထိုသည်ကို မြင်သောအခါ ဆူဇီမိုသည် ရင်ထဲကနေ သက်ပြင်းချလိုက်၏။ နတ်ဆိုးမကျိ၏ နည်းလမ်းများက တစ်ကယ့်အံ့မခန်းပင်။ နောက်အနာဂတ်မှာ ဆက်လက်တိုးတက်လာမည်ဆိုလျှင် သူမသည် ကမ္ဘာကြီးတစ်ခုလုံးကို သူမလက်ထဲမှာ ထုံးလိုချေ ရေလိုနှောက်လာနိုင်လိမ့်ပေမည်။
အားလုံးစောင့်ကြည့်နေသော အကြည့်များအောက်မှာပင် ဂူရှီနှင့် နတ်ဆိုးမကျိတို့သည် ဒုတိယအလွှာသို့ ဆင်းသက်လိုက်ကြပြီး မင်းသားများနှင့်အတူ ထိုင်လိုက်ကြ၏။
ဒုတိယအလွှာက ဘယ်သူတွေအတွက်လည်းဆိုတာ တချို့ကျင့်ကြံသူများ မသိခဲ့ကြပေ။ အခုတော့ သူတို့အားလုံး သဘောပေါက်သွားကြလေပြီ။
ဒုတိယအလွှာက တော်ဝင်မိသားစုဝင်များနှင့် မြို့တော်ထဲရှိ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းအရှိဆုံး ကျင့်ကြံသူများအတွက် ဖြစ်လေသည်။
ဒုတိယအလွှာမှာကား ထိုင်ခုံများစွာ မရှိပေ။ ဂူရှီနှင့် နတ်ဆိုးမကျိတို့ နေရာယူပြီးနောက် အဲ့မှာ နှစ်နေရာသာလျှင် ကျန်ရှိတော့လေသည်။
“ကြည့်စမ်း!”
လူအုပ်ကြီးထဲမှ တစ်ယောက်က တစ်နေရာသို့ လက်ညိုးထိုးပြ၍ အံ့အားတသင့် ရေရွတ်လိုက်၏။
ခပ်လှမ်းလှမ်းရှိ ကောင်းကင်ထက်တွင် နန်းတွင်းအပျိုတော်များ တစ်အုပ်စုသည် လေထဲကနေ ပျံသန်းလာနေကြ၏။ သူတို့သည် ဇာလွှာများကို ခြုံထားကြပြီး လည်တိုင်တွင် ဖဲကြိုးလေးများကို ပတ်ထားကာ ရက်ရက်စက်စက် လှပနေကြလေသည်။
သူတို့သည် တိမ်လွှာများကို နင်းလျှောက်လာနေသည်ဟု ထင်ရပြီး.. ခမ်းနားတင့်တယ်လှပသော ဇိမ်ခံရထားလုံးတစ်စီးကို ခြံရံကာ လိုက်ပါလာကြ၏။
ရထားလုံးထဲတွင် သွယ်သွယ်လျလျနှင့် သိမ်မွေ့နုနယ်သောပုံရိပ်လေးက ထိုင်နေ၏။ ပုတီးလိုက်ကာစအောက်တွင် သူမ၏ ရုပ်ရည်ကို ခပ်ရေးရေးလေးသာ မြင်ရလေသည်။
“ဒါက...”
မြေပြင်ကွင်းနေရာပတ်လည်တွင် ကျင့်ကြံသူများ တစ်သိန်းအထက် ရှိကြလေသည်။ ဤအခိုက်အတန့်၌ သူတို့အားလုံးသည် ပါးစပ်အဟောင်းသားနှင့် ထိုမြင်ကွင်းကို အံ့အားတသင့် ငေးမောကြည့်နေကြ၏။