← Chapters

အရမ်းလှတယ်

Vol. 21 Ch. 307

အရမ်းလှတယ်

Vol. 21 Ch. 307

“အဲ့ဒါ မဟာကျိုးရဲ့ တတိယမင်းသမီးဖြစ်မယ်”

“ငါကြားတာတော့ တတိယမင်းသမီးက အဇူရာနှင်းမြူလွှာဂိုဏ်းထဲမှာ ယောင်ရွှယ်ဆိုတဲ့နာမည်နဲ့ ကျင့်ကြံခဲ့တယ်တဲ့.. အခု သူက သူ့သရုပ်မှန်အတိုင်း ပြန်ပေါ်လာပြီဆိုတော့ အဇူရာနှင်းမြူလွှာဂိုဏ်းကို ပြန်မသွားလောက်တော့ဘူးထင်တယ်”

“ငါသိတာတော့ တတိယမင်းသမီးက ရက်ရက်စက်စက်ချောတာတဲ့.. ငါတို့ သူ့ကို အနီးကပ်လေးတစ်ချက်လောက် ကြည့်ခွင့်များရရင် ဘယ်လောက်ကောင်းလိုက်မလဲကွာ”

လူအုပ်ကြီးထဲမှ ဟိုတစ်ပေါက် ဒီတစ်ပေါက် အသံများက ထွက်ပေါ်လာ၏။

ခဏမျှ ချင့်တွက်ပြီးနောက် ထောင်ဖုန်း၏ မျက်လုံးက နားလည်သဘောပေါက်သွားသလို ဝင်းလက်သွား၏။

“သြော် သူက တာအိုရောင်းရင်းယောင်ရွှယ်ကိုး.. အဲ့လိုဆို ငါနဲ့ တတိယမင်းသမီးက အရင်ကဆုံဖူးတာပေါ့”

“စီနီယာအစ်ကိုထောင်က မိုက်လှချေလားဗျ”

“စီနီယာအစ်ကိုထောင် တတိယမင်းသမီးက ကောလာဟလတွေအတိုင်း တစ်ကယ်ကြီး ချောတာလားဗျ”

ထောင်ဖုန်း၏ဘေးရှိ များစွာသော အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းသားများသည် လေးစားအားကျစွာနှင့် မေးခွန်းများ အလုအယက်မေးလိုက်ကြ၏။

ထောင်ဖုန်းတစ်ယောက် ကျေနပ်နှစ်ခြိုက်သွား၏။

တစ်ဖက်တွင် စစ်ယုထန်ကလည်း စိတ်အေးလက်အေးပုံစံနှင့် ပြောလိုက်၏။

“ငါအရင်က တာအိုရောင်းရင်းယောင်ရွှယ်နဲ့ စကားပြောခွင့်ရခဲ့တာ ကံကောင်းတယ်လို့ ပြောရမယ်.. အဲ့တုန်းထဲက သူမက တစ်မူထူးခြားပြီးတော့ သာမန်လူမဟုတ်နိုင်ဘူးလို့ ငါခံစားမိနေတာ.. သူမရဲ့ သရုပ်မှန်က ဒီလိုဆိုမှ‌တော့လဲ အံ့သြစရာ မဟုတ်တော့ပါဘူးလေ”

စစ်ယုထန်၏ စကားများက သူ့ကိုယ်သူ ကိုယ်ရည်သွေးသည့်ဟန် အလွန်ပေါက်နေလေသည်။ တစ်ဖက်မှာ သူသည် မဟာကျိုးအင်ပါယာ၏ တတိယမင်းသမီးနှင့် စကားစမြည်ပြောခဲ့ဖူးသည်ဟု ဆိုလိုပြီး အခြားတစ်ဖက်မှာတော့ သူ၏ စိတ်အာရုံ အလွန်ထက်ရှမှုအတွက် သူ့ကိုယ်သူ ချီးကျူးနေခြင်းဖြစ်လေသည်။

ဘာပဲဖြစ်ဖြစ် သူ့စကားကလည်း ကျင့်ကြံသူတစ်အုပ်စုကို ဆွဲ‌ဆောင်သွားနိုင်ခဲ့လေသည်။

အဲ့မှာ အဇူရာနှင်းမြူလွှာဂိုဏ်းမှ အခြေတည်အဆင့် ကျင့်ကြံသူများကလည်း တစ်ရာကျော်ရှိလေသည်။

ထောင်ဖုန်းနှင့် စစ်ယုထန်တို့၏ ကြွားလုံးများကို ကြားလိုက်ရသောအခါ.. အဇူရာနှင်းမြူလွှာဂိုဏ်းသားများစွာက ‌အေးစက်စက် နှာခေါင်းရှုံ့လိုက်ကြ၏။

သူတို့ထဲမှ တစ်ယောက်က မနေနိုင်ဘဲ ထပြောလိုက်၏။

“စီနီယာအစ်မယောင်ရွှယ်နဲ့ ဒီလောက်ရင်းနှီးတဲ့ စီနီယာအစ်ကိုကျွင်းတောင် ဘာမှမပြောဘူး.. မင်းတို့ကောင်တွေက သူမကို တစ်ခါ‌လောက်မြင်ဖူးရုံနဲ့ ကြွားလို့မဆုံးဘူးဖြစ်နေကြတာ.. ဘယ်လောက်ရယ်စရာ‌ကောင်းလိုက်လဲကွာ!”

“သူတို့ကိုတော့ ပြောမနေနဲ့တော့.. ဘာပဲဖြစ်ဖြစ် စီနီယာအစ်မယောင်ရွှယ်နဲ့ ထိုက်တန်တဲ့သူက စီနီယာအစ်ကိုကျွင်းပဲ ရှိတယ်”

သူတို့ပြောနေကြသော စီနီယာအစ်ကိုကျွင်းဆိုသူမှာ ကျွင်းဟောက်ကို ပြောခြင်းဖြစ်လေသည်။ သူက သူက အဇူရာနှင်းမြူလွှာဂိုဏ်းက အခြေတည်အဆင့်ကျင့်ကြံသူများထဲတွင် နံပါတ်တစ်ဖြစ်လေသည်။

သူသည် ကျိ‌ယောင်ရွှယ်ကို နှစ်ပေါင်းများစွာ အသည်းအသန် လိုက်လံပိုးပန်းနေခဲ့၏။ သို့သော်လည်း သူ့အပေါ် သူမ၏ စိတ်သဘောထားကတော့ အမြဲတမ်း အေးတိအေးစက်ပင်ဖြစ်လေသည်။

ထိုအချိန်၌ ကျွင်းဟောက်သည် အဇူရာနှင်းမြူလွှာဂိုဏ်းမှ ကျင့်ကြံသူများစွာ၏ရှေ့တွင် မတ်တပ်ရပ်နေ၏။ သူသည် ဘေးဘက်မှ ဆွေးနွေးပြောနေသည်များကို ကြားရသော်လည်း ဘာမျှဝင်မပြောဘဲ လက်နှစ်ဖက်ကို နောက်ပစ်၍ ပြုံးစစနှင့်သာ ကြည့်နေ၏။

အားလုံး ဆွေးနွေးငြင်းခုန်နေကြစဉ်မှာပင် ပွဲကြည့်စင်ဘက်သို့ ဦးတည်နေသော ရထားလုံးက ရုတ်တရတ် ရပ်တန့်သွား၏။ ထို့နောက် ဦးတည်ဘက်ကို ပြောင်းလဲလိုက်ပြီး အဲ့ဒါက သူတို့ဘက်သို့ ဖြည်းဖြည်းချင်း ရွေ့လျားလာ၏။

“အဲ့ဒါ...”

“တတိယမင်းသမီးက ငါတို့ဘက်ကို လာနေတာလား”

ထောင်ဖုန်းသည် ရုတ်တရတ် ခါးကိုမတ်၍ အဝတ်စကို ပြန်ပြူးလိုက်ပြီး အနည်းငယ် တောင့်တင်းသွား၏။

စစ်ယုထန်၏ နုလုံးသည်လည်း တဒုတ်ဒုတ်စတင်ခုန်လာပြီး သူ့အာခေါင်က ခြောက်ကပ်လာ၏။

တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲ အတွေးတစ်ခုက ဝင်ရောက်လာ၏။

“တတိယမင်းသမီးက ငါ့ကို လာကြည့်တာများလား”

လေထဲရှိ ရထားလုံးက သူတို့ရှေ့တွင် ရှင်းရှင်းလင်းလင်း ဆင်းသက်လိုက်၏။

“စီနီယာအစ်မယောင်ရွှယ် လာနေပြီကွ”

“စီနီယာအစ်ကိုကျွင်း.. တတိယမင်းသမီးက သေချာ‌‌ပေါက် အစ်ကို့ဆီလာတာပဲ”

အဇူရာနှင်းမြူလွှာဂိုဏ်းမှ တပည့်အချို့သည် စိတ်လှုပ်ရှားတက်ကြွစွာ ပြောလိုက်ကြ၏။

ကျွင်းဟောက်က ရထားလုံးထဲက သူမကို နူးညံ့သိမ်မွေ့စွာ ပြုံးပြီး ကြည့်နေ၏။

ရွှက်!

ပုတီးစေ့လိုက်ကာစကို ပဒုမ္မာကြာကဲ့သို့ လက်လေးတစ်ဖက်က မတင်လိုက်သောအခါ.. အပြစ်ဆိုစရာမရှိ ရက်ရက်စက်စက် လှပသော မျက်နှာ‌လေးက ထွက်ပေါ်လာ၏။

လူတိုင်း အသက်ရှူများ ရပ်တန့်သွားကြ၏။

ကျိယောင်ရွှယ်က အဝါဖျော့ဖျော့ဝတ်စုံရှည်ကို ဝတ်ဆင်ထား၏။ ထိုဝတ်စုံကို တစ်မူထူးခြားဆန်းပြားသည့် ချည်များဖြင့် ယက်လုပ်ထားပြီး ထိုအပေါ်တွင် ရှုပ်ထွေးနက်နဲဆန်းကြယ်သော အပြောက်အမွမ်းများကို ပုံဖော်ထားကာ အဲ့ဒါသည် ကောင်းကင်ဘုံကနေ ဖန်ဆင်းပေးလိုက်သော နတ်ဘုရားလက်ရာတစ်ခုလို အလွန်တရာ ခမ်းနားထည်ဝါလှပနေ၏။

“အရမ်းလှ အရမ်းချောတာပဲကွာ”

လူတိုင်းသည် ငေးမောသွားကြ၏။

တစ်ကယ်တော့ ကျိယောင်ရွှယ်၏ ရုပ်ရည်သည် ပြိုင်ဘက်ကင်းအောင် လှပချောမောနေသည်မဟုတ်ဘဲ.. တျဲယွဲ့ကို မမီနိုင်ပေ။ သူမကို လမ့်ရိုနှင့် နှိုင်းယှဉ်လို့ရလောက်ပြီး သူတို့တစ်ယောက်ချင်းစီတွင် ကိုယ်ပိုင်အလှအားသာချက် ရှိကြလေသည်။

သို့သော်လည်း ဘာပဲ‌ပြောပြော သူမသည် မဟာကျိုးအင်ပါယာ၏ မင်းသမီးဖြစ်ဆိုသော အရှိန်အဝါကို ပိုင်ဆိုင်ထားလေသည်။

ယနေ့သူမဝတ်ဆင်ထားသော အဝါဖျော့ဖျော့ ဝတ်စုံသည် အလွန်တရာ ထူးခြားဆန်းပြားနေပြီး.. သူမနှင့် ကွက်တိကျလိုက်ဖက်၍ သူမ၏ သွယ်လျကျက်သရေရှိသောကိုယ်လေးကို ထင်းလင်းနေစေကာ နောက်ထပ်တစ်ဆင့် လှပကြော့ရှင်းမှုကို ထပ်ပေါင်းဖြစ်ပေါ်နေစေလေသည်။

နတ်ပန်းပဲဆရာတစ်ယောက်၏ မျက်လုံးက အရောင်လက်သွားပြီး လေးနက်စွာ ထုတ်ပြောလိုက်၏။

“အဲ့ဝတ်စုံက သိပ်မရိုးရှင်းဘူး.. အဲ့ဒါ အရမ်းကို အဆင့်မြင့်တဲ့ ခုခံရေးစိတ်ဝိညာဉ်လက်နက်တစ်ခုဖြစ်ဖို့များတယ်”

“သြော် သူက မဟာကျိုးအင်ပါယာရဲ့ မင်းသမီးကိုး.. ဝတ်စုံတစ်စုံကတောင် အဆင့်မြင့်ခုခံရေးစိတ်ဝိညာဉ်လက်နက်တဲ့နော်.. ကြည့်ရတာတော့ အဲ့ဒါက သူ့အတွက် စိတ်တိုင်းကျအပ်နှံမှာယူထားတာထင်တယ်”

များစွာသော ကျင့်ကြံသူများသည် လေးစားအားကျငေးမောသွားကြ၏။

အချို့သော အမျိုးသမီးကျင့်ကြံသူများတွင် မနာလိုသော ခံစားချက်များပင် ဖြစ်ပေါ်လာပြီး.. ထိုအဝါဖျော့ဖျော့ဝတ်စုံကိုသာ သူတို့ဝတ်ဆင်လိုက်ရလျှင် ဘယ်လောက်ကြော့ရှင်းလှပသွားမလဲ စိတ်ကူးယဉ်နေကြ၏။

‌ပေါ့ပါးသော ခြေလှမ်းများနှင့် ကျိယောင်ရွှယ်သည် လူအုပ်ကြီးဆီသို့ လျှောက်လှမ်းလာ၏။

လူအုပ်ကြီးသည် သူမအတွက် အလိုလို လမ်းဖယ်ပေးလိုက်ကြ၏။

အဇူရာနှင်းမြူလွှာဂိုဏ်း၏ ကျွင်းဟောက်သည် လက်သီးဆုပ်လေးစားဟန်ပြ၍ ပြုံးကာ စိတ်အရင်းခံနှင့် ပြောလိုက်၏။

“ကျုပ်တို့ မတွေ့ရတာ ရက်အနည်းငယ်တောင် ကြာသွားပါ‌ရော့လား ဂျူနီယာညီမယောင်ရွှယ်.. ဒါပေမယ့် ညီမက ပိုပိုပြီးတော့ လှလာ....”

ကျင်းဟောက်သည် ဆက်လက်မပြောနိုင်တော့ပေ။

အစကတော့ ကျိယောင်ရွှယ်သည် သူ့ဆီကို လာတာဖြစ်ရမည်ဟု သူတွေးခဲ့မိ၏။

သို့သော်လည်း သူမသည် သူ့ကို သာမန်ကာလျှံကာ တစ်ချက်သာကြည့်၍ နှုတ်ဆက်သလို ခေါင်းသာညိတ်ပြလိုက်၏။

ကျိယောင်ရွှယ်က စကားတစ်ခွန်းတောင် မပြောလဲ သူ့အနားကနေ ကပ်ထွက်သွာ၏။

မွှေးပျံ့သောလေရနံ့က တိုးဝေ့လာ၏။ ကျွင်းဟောက်သည် လေထဲမှာ လက်ဟန်တန်းလန်နှင့် ကျန်ရစ်ခဲ့ပြီး သူ့မျက်နှာအမူအယာက အနည်းငယ် တောင့်တင်းနေ၏။

ထိုသည်ကို မြင်ရ‌သောအခါ ထောင်ဖုန်းသည် အူမြူးသွား၏။

ထောင်ဖုန်းသည် အစက မျှော်လင့်ချက်များစွာ သိပ်မရှိပေ။ ဘာပဲပြောပြော သူသည် ကျိယောင်ရွှယ်နှင့် တစ်ကြိမ်သာ မြင်တွေ့ဖူးလေသည်။

သို့သော် ယခုအခါမှာ‌တော့ ကျိယောင်ရွှယ်သည် ကျွင်းဟောက်ကို အဖက်မလုပ်ဘဲ.. သူ့ဆီသို့ လျှောက်လှမ်းလာ၏။

ကျိယောင်ရွှယ်က အနားရောက်လာသည်ကို မြင်သောအခါ.. ထောင်ဖုန်းသည် ညင်သာစွာ ချောင်းတစ်ချက်ဟန့်၍ တောက်ပစွာပြုံးပြီး နှုတ်ဆက်လိုက်၏။

“မင်္ဂလာပါ တတိယမင်းသမီး.. ကျတော်က ထောင်ဖုန်း....”

ထောင်ဖုန်းသည်လည်း ဆက်လက်မပြောနိုင်တော့ပေ။

ကျိယောင်ရွှယ်က သူ့ကိုတစ်ချက်ကြည့်၍ ခေါင်းတောင်ညိတ်မပြဘဲ ဆက်လျှောက်သွာ၏။

သူမက သူစိမ်းတစ်ယောက်ကို ကြည့်လိုက်သလိုပင်။

ဖက်တီးလေးက ရှားရှားပါးပါး ထိုအခွင့်အရေးကို အမိဖမ်း၍ ရယ်မောလိုက်၏။

“မင်းနှယ့်ကွာ.. တတိယမင်းသမီးက မင်းကို သိတောင်မသိဘဲ.. တစ်ခါဆုံဖူးသလေး ဘာလေးနဲ့ ဘာလို့ လျှောက်ကြွားနေရတာလဲ.. မင်းအစား ငါ့ဖြင့် ရှက်လိုက်တာ”

ထောင်ဖုန်း၏ မျက်နှာက ပုပ်သိုးသွားပြီး နှာခေါင်းရှုံလိုက်၏။

တတိယမင်းသမီးက သူ့ဆီသို့ လျှောက်လာနေသည်ကို မြင်သောအခါ စစ်ယုထန်သည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်၍ သူ့ကိုယ်သူ ဣန္ဒြေဆယ်လိုက်၏။ သူသည် ရှေ့သို့ အနည်းငယ်တက်၍ မသိမသာ ဦးညွှတ်ကာ လက်သီးဆုပ်လေးစားဟန်ပြလိုက်၏။ “ကျုပ်ကတော့...”

ကျိယောင်ရွှယ်က သူ့ကို တစ်ချက်တောင် မကြည့်ဘဲ ဆက်လျှောက်သွား၏။

စစ်ယုထန်သည် အိုးတိုးအမ်းတမ်းနှင့် ရှက်ရွံ့နီးမြန်းသွားပြီး တွေ့ရာတွင်းထဲ ဝင်အောင်းချင်စိတ်ပေါက်သွား၏။

“တတိယမင်းသမီးက ဘယ်သူ့ကို လာရှာတာလဲဟင်”

“ငါလဲမသိဘူးလေ”

ကျိယောင်ရွှယ်က ဆက်လက်လျှောက်လှမ်းလာပြီး လူအုပ်ကြီးက ဘေးဘက်သို့အမြန်ချဲလိုက်ကြကာ အလွန်တရာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။

“ဆူဇီမို နင်အဲ့မှာ ဘာရပ်လုပ်နေတာလဲ.. မြန်မြန်လမ်းဖယ်ပေးလိုက်လေ!”

ရှန်မန်းကီက မျက်မှောင်ကြုတ်ပြီး ငေါက်ငမ်းလိုက်၏။

ဆူဇီမိုက ဘာမျှပြန်မပြောပေ။

ရှန်မန်းကီက အေးစက်စက် သရော်၍ ဆက်ပြောလိုက်၏။

“ဆူဇီမို.. နင်က အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းနဲ့ ရောင်ဝါလင်းလက်တိမ်နန်းတော်ကို ရန်စရင်တောင် သူတို့က မြို့တော်ထဲမှာမို့ နင့်ကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူ.. ဒါပေမယ့်.. အခုလာနေတာ မဟာကျိုးအင်ပါယာရဲ့ တတိယမင်းသမီးနော်.. သွားမနောက်နဲ့.. နင့်ကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး”

ဆူဇီမိုက ဆိတ်ဆိတ်သာနေ၏။

“နင်ဘာလို့ ငယ်ငယ်တုန်းကလို ‌ခေါင်းမာနေသေးတာလဲ.. နင်က အရင်ကဆို ဒူးမထောက်ချင်တာနဲ့ အခုဆို လမ်းတောင်ဖယ်မပေးချင်တော့ဘူးလား”

ရှန်မန်းကီသည် အံကိုကြိတ်၍ ဆူဇီမိုကို ဆွဲခေါ်ဖို့အတွက် ရှေ့သို့ တက်လာ၏။

ထိုအချိန်မှာပင် ကျိယောင်ရွှယ်က ဆူဇီမိုရှေ့သို့ ရောက်လာပြီး သူမ၏ ခြေလှမ်းကို ရပ်တန့်လိုက်၏။

ရှန်မန်းကီသည် သူမ၏ ခြေလှမ်းကို ရပ်တန့််၍ အလိုလို အမြစ်တွယ်ရပ်မိသွား၏။

မူလက ဆူညံပွက်လောရိုက်နေသော လူအုပ်ကြီးသည်လည်း ငြိမ်ကျသွား၏။

လူတိုင်း၏ အကြည့်က ကျိယောင်ရွှယ်နှင့် ဆူဇီမိုအပေါ်သို့ ကျရောက်သွား၏။

သူတို့နှစ်ယောက်သည် အကြည့်ချင်းဆုံမိသွားကြ၏။

ကျိယောင်ရွှယ်က သူမ၏ကိုယ်လေးကို အနည်းငယ် လှည့်ပတ်ပြလိုက်သောကြောင့် အဝါဖျော့ဖျော့ဝတ်စုံက အနည်းငယ်လှုပ်ရှားသွား၏။ သူမက အချစ်မှာနစ်မျောနေသော မိန်းကလေးငယ်လေးတစ်ယောက်လို ဖြစ်သွား၏။

သူမ၏ မျက်လုံးရွဲများကို ပုတ်ခတ်လိုက်ပြီး ကျိယောင်ရွှယ်က ပြုံး၍ မေးလိုက်၏။

“ဇီမို.. ဘယ်လိုနေလဲ”

လူတိုင်းသည် ပါးစပ်အဟောင်းသားနှင့် ငူငိုင်သွားကြ၏။

ရှန်မန်းကီ၏ စိတ်ထဲမှာလည်း ဝရုန်းသုန်းကား ဖြစ်သွား၏။

ဇီမိုတဲ့လား..

တတိယမင်းသမီးက သူ့ကို ဇီမိုလို့ ‌ခေါ်တာလား။

သူမက သူ့ကို ခေါ်တဲ့ပုံစံက ဘာလို့အရမ်းရင်းနှီးတဲ့ပုံပေါက်နေရတာလဲ..

သူတို့နှစ်‌ယောက်က ဘယ်လိုပတ်သတ်တာလဲ..

ကျိယောင်ရွှယ်၏ မေးခွန်းက အရမ်းကာရော အကြမ်းဖျင်းနိုင်ပြီး သူမက ဘာကို မေးတာလဲဆိုတာ မည်သူမျှ သဘောမပေါက်ကြပေ။

သို့သော်လည်း ဆူဇီမိုကတော့ ကောင်းကောင်းသဘော‌‌ပေါက်လေသည်။

သူမဝတ်ဆင်ထားသော ထိုအဝါဖျော့ဖျော့ ဝတ်စုံက သူကိုယ်တိုင် သူမအတွက် ဖန်းတီးပြုလုပ် လက်ဆောင်ပေးထားခြင်းပင်။

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

“အရမ်းလှတယ်”

နောက်ခဏ၌..

သူမက ပန်းလေးတစ်ပွင့်လို နှစ်နှစ်ကာကာ ပြုံးလိုက်၏။

All Chapters