← Chapters

ဆန်းကြယ်တောင်ထွတ်ကတော့ သွားပြီ

Vol. 21 Ch. 308

ဆန်းကြယ်တောင်ထွတ်ကတော့ သွားပြီ

Vol. 21 Ch. 308

ဤအမျိုးသမီး၏ နုလုံးသားထဲတွင် မည်သူတစ်ဦးတစ်ယောက်၏ ချီးကျူးစကားကမှ ယခုသူ‌ပြောလိုက်တဲ့ စကားလေးနှစ်လုံးနှင့် မနှိုင်းယှဉ်နိုင်ပေ။

ထိုအမျိုးသမီး၏ အပြုံးက လူတိုင်းကို ကြောင်အသွားစေပြီး.. သူတို့၏ နုလုံးသားကို လှုပ်ခတ်သွားစေ၏။

များစွာသော ကျင့်ကြံသူများသည် နေရာမှာတင် ငူငူကြီး ရပ်နေမိကြပြီး တုန်လှုပ်မှုမှ သတိပြန်ဝင်မလာကြသေးပေ။

သူတို့နှစ်‌ယောက်ပြောနေသည့် စကားများက နည်းနည်းတော့ လွဲနေလေပြီ။

သူတို့နှစ်ယောက်က လူတိုင်းရဲ့ရှေ့မှောက်မှာ ဘာလုပ်ချင်နေကြတာလဲ။

အစတုန်းက များစွာ‌သောကျင့်ကြံသူများသည် မဟာကျိုးအင်ပါယာ၏ တတိယမင်းသမီးကို စိတ်ကူးယဉ်ခဲ့ကြ၏။ သို့သော် အခုအခါမှာတော့ သူတို့၏ ရင်ထဲတွင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသလို စူးစူးရှရှ နာကျင်သွားကြ၏။

ရွှယ်ယိက မယုံကြည်နိုင်ဟန်နှင့် တီးတိုးရေရွတ်လိုက်၏။

“ဂျူ-ဂျူနီယာညီလေးဆူက တတိယမင်းသမီးနဲ့ တစ်ကယ်ကြီး အသိအကျွမ်းတွေလား”

“ဟီးဟီး”

ဖက်တီးလေးက သူ၏ လုံးတစ်နေသော မေးစေ့ကို ဟန်ပါပါပွတ်သပ်လိုက်၏။ သူက ပြုံးတုံ့တုံ့ ဟန်ဆောင်ရင်း ပြောလိုက်၏။

“ကြည့်ရတာတော့ သူတို့ရဲ့ ဆက်ဆံရေးက ဘယ်လိုမှ မရိုးရှင်းနိုင်ဘူး”

ထောင်ဖုန်း၏ မျက်နှာက ပုပ်သိုးသွားပြီး ဆူဇီမိုကို သိသာထင်ရှားသောရန်လိုစိတ်ဖြင့် ကြည့်လိုက်၏။

စစ်ယုထန်သည် စောစောက အရှက်ကွဲပြီးနောက် လူအုပ်ကြီး‌ရှေ့သို့ ပြန်ပေါ်မလာတော့ပေ။ သူ့မျက်နှာကလည်း စူပုပ်နေပြီး နှာခေါင်းရှုံ့လိုက်၏။

“ဘာလဲဟ.. သူမက စီနီယာအစ်ကိုကျွင်းဆီလာတာ မဟုတ်ဘူးလား”

“သူက ဘယ်သူလဲ.. ဘာလို့ သူက စီနီယာအစ်မယောင်ရွှယ်နဲ့ အရမ်းရင်းနှီးနေရတာလဲ”

များစွာသော အဇူရာနှင်းမြူလွှာဂိုဏ်းသားများသည် မျက်မှောင်ကြုတ်၍ သူတို့ကြားထဲတွင် တီးတိုးသဖန်းပိုးထိုးလိုက်ကြ၏။

ကျွင်း‌ဟောက်သည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်၍ မျက်လွှာချလိုက်၏။ နောက်သို့ပစ်ထားသော သူလက်ကို တင်းကျပ်စွာ ဆုပ်လိုက်သောကြောင့် သွေးကြောများက တင်းရင်းဖောင်းကြွလာ၏။ သို့သော် တစ်ခဏအတွင်း အဲ့ဒါက ပြန်လည်ပျောက်ကွယ်သွား၏။

ဆူဇီမိုထံမှ အသိအမှတ်ပြုမှုကို လက်ခံရရှိလိုက်ပြီးနောက် ကျိယောင်ရွှယ်သည် ကျေနပ်နှစ်ခြိုက်သွားကာ ခပ်တိုးတိုးပြောလိုက်၏။

“ဒီမှာ ခဏစောင့်နေဦးနော်.. ဂိုဏ်းပေါင်းစုံပြိုင်ပွဲက စတော့မယ်”

“အင်း”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

“အဲ့ဒါဆို ကျမအရင်သွားနှင့်တော့မယ်နော်”

ခဏကြာ ပြုံးပြီးနောက် ကျိယောင်ရွှယ်သည် ဆူဇီမိုကို လက်ပြကာ အားလုံး၏ ရှေ့ကနေ လှည့်ထွက်သွား၏။

စောစောက သူမ၏ အပြုအမူသည် အတော်လေး ရဲတင်းရာကျပြီး ထိုသို့လုပ်ဖို့အတွက် သူမသည် အတော်လေး သတ္တိမွေးခဲ့ရ၏။ ယခု ပြန်စဉ်းစားကြည့်လိုက်သောအခါ သူမ၏ နုလုံးက ခုန်လာဆဲဖြစ်၏။

သူမကို ဘေးပတ်ပတ်လည်ကနေ ပြင်းပြစွာ ဝိုင်းကြည့်နေကြ၏။ သူမသည် မင်းသမီးတစ်ယောက်ဖြစ်သော်လည်း ထိုအခြေအနေတွင် ဆက်လက်ကြန့်ကြာနေရမှာကို အနည်းငယ် ရှက်ရွံ့လာ၏။

ကျိယောင်ရွှယ်ထံမှ ရံဖန်ရံခါဆိုသလို နူးညံ့သိမ့်မွေ့မှုနှင့် ရှိုးတိုးရှန့်တန့််အမူအယာများ ထွက်ပေါ်လာသည်ကို ကျွင်းဟောက်သတိထားမိလိုက်၏။ သူသည် မျက်မှောင်ကြုတ်လိုက်မိပြီး သူ့မျက်ဝန်းထဲတွင် ဝမ်းနည်းမှုတစ်စွန်းတစ်စက ထင်ဟပ်လာ၏။

ထို့နောက် သူ၏ အမူအယာက ပြောင်းလဲသွားပြီး အတွေးများနှင့် မျက်လုံးက တဖျပ်ဖျပ်လက်သွား၏။

တစ်ခုခုတော့ လွဲနေလေသည်။

ကျိယောင်ရွှယ်ပြောခဲ့သော စကားမှာ တစ်ခုခု လွဲနေ၏။

ဂိုဏ်းပေါင်းစုံပြိုင်ပွဲက စတော့မည့်အကြောင်းနှင့် ဆူဇီမိုကို ဒီနေရာမှာ ခဏနေဦးဖို့ သူမက ပြောခဲ့၏။ အဲ့ဒါပြီးရင် သူမက ဘာလုပ်မလို့လဲ။

ထပ်ပြီးပြောရရင် ဒီဆူဇီမိုကရော ဘာလုပ်ရဦးမှာမလို့လဲ။

သူက ဂိုဏ်းပေါင်းစုံပြိုင်ပွဲမှာ ဝင်ပြိုင်ရုံပဲ မဟုတ်ဘူးလား။

““အဲ့ဒါဆို ကျမအရင်သွားနှင့်တော့မယ်နော်”

အဲ့ဒါက ကျိယောင်ရွှယ်၏ ဒုတိယစကားပင်။ အဲ့ဒါက ရုတ်တရတ် နားထောင်ကြည့်လျှင် ဘာမှမဟုတ်ဘူးဟု ထင်ရသော်လည်း သေချာစဉ်းစားကြည့်လျှင် ထိုထက်ပိုလေသည်။

မဟာကျိုးအင်ပါယာ၏ မင်းသမီးတစ်ယောက်အနေနှင့် ကျိယောင်ရွှယ်က ပွဲကြည့်စင်ဒုတိယအလွှာသို့ သွားရပေမည်။ ဒါဆို သူမက အရင်သွားနှင့်မယ်လို့ ဘာကြောင့် ဆူဇီမိုကို ပြောခဲ့ရတာလဲ။

ဘာလဲ.. ကျိယောင်ရွှယ် ပြောချင်တာက ဆူဇီမိုသည်လည်း သူမသွားသည့်နေရာသို့ လိုက်လာမည်လို့ ပြောချင်တာလား။

ဒါပေမယ့် အဲ့ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါ့မလဲ။

သူ့လိုမျိုး ဆန်းကြယ်တောင်ထွတ်မှ အခြေတည်အဆင့်တစ်ယောက်က ဘယ်လိုအဆင့်အတန်းရှိလို့ ဒုတိယအလွှာမှာ ထိုင်ရသော လူများနှင့် တန်းညှိနိုင်မှာလဲ။

ကျွင်း‌ဟောက်သည် မသိမသာနှင့် သူ၏ ဘေးပတ်ပတ်လည်ကို အကဲခတ်ကြည့်လိုက်၏။

များစွာသောကျင့်ကြံသူများသည် တတိယမင်းသမီး၏ ပြိုင်ဘက်ကင်း ချောမောလှပသည့်အကြောင်း၊ သူမနှင့် ဆူဇီမိုတို့၏ ဆက်ဆံရေးအကြောင်းကို စိတ်အားထက်သန်စွာ ဆွေးနွေးငြင်းခုန်ကြရင်း စိတ်လှုပ်ရှားနေကြ၏။

သူကလွဲ၍ ကျိယောင်၏ စကားမှ တစ်ခုခုလွဲနေပုံကို သတိထားမိသည့်သူ ရှိပုံမရပေ။

“ငါ့ဘာသာ အတွေးလွန်နေတာလဲ ဖြစ်ရင်ဖြစ်မှာပါလေ”

ကျွင်း‌ဟောက်သည် သူ့ဘာသာသူ တီးတိုးရေရွတ်လိုက်၏။

“ငါသိပြီကွ”

ထိုအချိန်မှာပင် လူအုပ်ကြီးထဲမှ ကျင့်ကြံသူတစ်ယောက်သည် တစ်ကယ့်လျှို့ဝှက်ချက်ကြီးတစ်ခုကို ရှာဖွေတွေ့ရှိသွားသည့်အလား ရုတ်တရတ် ထအော်လိုက်၏။

“ဘာလဲ” အခြားတစ်ယောက်က ဝင်မေးလိုက်၏။

ထိုလူက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“တတိယမင်းသမီးထိုင်ပြီးရင်တောင် ဒုတိယအလွှာမှာ ထိုင်ခုံတစ်လုံးလွတ်နေသေးတာ မင်းတို့ကောင်တွေ သတိမထားမိကြဘူးလား”

“အဲ့တော့ ဘာဖြစ်လို့လဲ”

ထိုလူက ရွှင်ပျစွာပြုံး၍ ပြန်ပြောလိုက်၏။

“ငါလောင်းရဲတယ်.. အဲ့ထိုင်ခုံက ဆရာမိုအတွက်ပဲ ဖြစ်ရမယ်”

များစွာသောကျင့်ကြံသူများသည် ခဏမျှ စဉ်းစားကြည့်လိုက်ပြီးနောက် နားလည်သဘောပေါက်သွားကြ၏။

“ဟုတ်တာပေါ့ဟ.. အဲ့ဒါ ဆရာမိုအတွက်ပဲ ဖြစ်ရမယ်”

“ဒါပေါ့ ဆရာမိုပဲ အဲ့မှာထိုင်ဖို့ အဆင့်မီမှာပေါ့”

“အဲ့နေရာ မင်းညီမင်းသားမင်းသမီးတွေနဲ့ တစ်တန်းတည်းနော်.. သူ့အထက်မှာဆိုလို့ ပုဂ္ဂိုလ်တစ်ယောက်ပဲ ရှိတော့တယ်.. ဒီမှာရွှေအမြုတေတွေအကုန်လုံးကို ဖိနှိမ်နိုင်တာဆိုလို့ တစ်ကယ်လဲ ဆရာမိုပဲ ရှိတယ်လေ”

သူ့ဘေးပတ်လည်မှ လူများ၏ ဆွေးနွေးပြောကြားသံများကို ကြားလိုက်သောအခါ ကျွင်းဟောက်သည် သက်ပြင်းရှည်ကြီးချ၍ ရယ်ချလိုက်၏။

“အဲ့ထိုင်ခုံက ဆရာမိုအတွက် ဆိုမှတော့ ဆူဇီမိုနဲ့ ဘာမှမဆိုင်တာ.. တစ်ကယ်ပဲ ငါအတွေးလွန်နေခဲ့တာပဲ”

. . .

တစ်ကယ်တော့ ပွဲလာကြည့်သူများထဲတွင် အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ အကြီးအကဲများသာလျှင် နန်းတော်ထဲ၌ ဆရာမို၏ ပုံပန်းသဏ္ဌာန်ကို မြင်ဖူးခဲ့လေသည်။

သို့သော်လည်း ပွဲကြည့်စင်နှင့် မြေပြင်ကွင်းက အလွန်ဝေးကွာနေသေး၏။ ဒါ့အပြင် အခြေတည်အဆင့်ကျင့်ကြံသူများက လူပေါင်းတစ်သိန်းကျော်ရှိပြီး ပြည့်ကြပ်ညပ်နေသောကြောင့် အကြီးအကဲများက ထိုဘက်ကို လုံးဝအာရုံမစိုက်မိပေ။

ပွဲကြည့်စင်ပေါ်ရှိ ရွှေအမြုတေအများစုသည် သူတို့အချင်းချင်း စားသောက်၍သာ စကားများပြောနေကြ၏။

ဂိုဏ်းပေါင်းစုံပြိုင်ပွဲက အခြေတည်အဆင့်များအတွက် ပြုလုပ်ပေးခြင်းဖြစ်သော်လည်း.. ရွှေအမြုတေများသည် အခုလို စုံစုံလင်လင်နှင့် သူတို့၏ လွှမ်းမိုးမှု၊ အပေါင်းအသင်းချိတ်ဆက်မှုတို့ကို တည်ဆောက်နိုင်ဖို့ဆိုတာ ရှားရှားပါးပါးအခွင့်အ‌ရေး ဖြစ်လေသည်။

“စီနီယာအစ်ကို ဘာတွေစဉ်းစားနေတာလဲရှင့်”

ရွှမ်ယီသည် ကြီးမားများပြားလှသည့် အခြေတည်အဆင့် လူအုပ်ကြီးကို မှိုင်တွေလွမ်းမောစွာနှင့် ငေးကြောင်ကြည့်နေ၏။ ထိုသည်ကို မြင်သောအခါ လျှိုဟွေ့သည် စိုးရိမ်ပူပန်သွားပြီး မနေနိုင်ဘဲ မေးလိုက်မိ၏။

ရွှမ်ယီက သူ့အကြည့်ကို ပြန်ရုတ်သိမ်း၍ ခေါင်းခါပြလိုက်၏။

“ဘာမှ မဟုတ်ပါဘူး”

စောစောက အတော်အတန်ဝေးဝေးတွင် လူအုပ်ကြီးထဲမှ အုတ်အော်သောင်းနင်းဖြစ်သွားပြီး ရင်းနှီးခဲ့ဖူးသော အစိမ်းရောင်အင်္ကျီစလေးကို သူလှမ်းမြင်လိုက်၏။ သို့‌သော်လည်း မျက်တစ်မှိတ်အတွင်းမှာပင် အဲ့ဒါက လူအုပ်ကြားထဲ တိုးဝင်ပျောက်ကွယ်သွား၏။

သူသည် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေမှုကြောင့် ထင်ယောင်ထင်မှားတွေ မြင်နေတာဖြစ်မည်ဟု တွေးလိုက်မိပြီး ရွှမ်ယီသည် သက်ပြင်းချလိုက်၏။

“တာအိုရောင်းရင်းရွှမ်ယီ”

ထိုအချိန်မှာပင် ဘေးဘက်ကနေ နှုတ်ဆက်သံတစ်သံ ထွက်ပေါ်လာ၏။ ရွှမ်ယီလှည့်ကြည့်လိုက်သောအခါ နှုတ်ဆက်သူကို တွေ့လိုက်ရ၏။ သူက ရောင်ဝါလင်းလက်တိမ်နန်းတော်မှ ပကတိသက်ရှိကန်းလန်ပင် ဖြစ်လေသည်။

ပကတိသက်ရှိကန်းလန်က သူ့ဖန်ခွက်ကို မြှောက်၍ အပြုံးနှင့် ပြောလိုက်၏။

“ဆန်းကြယ်တောင်ထွတ်က အတွင်းစည်းတပည့်တွေထဲမှာ ဆူဇီမိုလို့ခေါ်တဲ့တစ်ယောက် ရှိတယ်မလား.. သူက ဘယ်သူ့ရဲ့တပည့်လဲ ကျုပ်သိလို့ရမလား မသိဘူး”

ရွှမ်ယီက မျက်မှောင်ကြုတ်လိုက်၏။

“တာအိုရောင်းရင်းကန်းလန်က ဘာလို့ အဲ့ဒါကို မေးရတာလဲ”

“ဟဲဟဲ.. ဘာရယ်‌တော့ မဟုတ်ပါဘူး”

ပကတိသက်ရှိကန်းလန်က ရယ်မောလိုက်၏။

“ကျုပ်က အဲ့ကလေးနဲ့ ရန်စနဲနဲ ရှိထားလို့ပါ.. သူ့ကို လက်လွှဲပေးလို့ ရမလားလို့ ဆန်းကြယ်တောင်ထွတ်ကို ကျုပ်က မေးချင်နေတာ.. ကျုပ်ကိုများ မျက်နှာသာပေးချင်မလားလို့ပေါ့”

“မရဘူး”

ရွှမ်ယီက နှစ်ခါမစဉ်းစားဘဲ တန်းငြင်းလိုက်၏။

ပကတိသက်ရှိကန်းလန်က သူ၏ ရှည်သွယ်သော မျက်လုံးကို အနည်းငယ်မှေးကျဉ်းလိုက်၏။ သုန်မှုန်သွားသော မျက်နှာထားနှင့် သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“အဲ့ကောင်က ငါ့ဂိုဏ်းက တပည့်နှစ်ယောက်ကို သတ်ခဲ့တာ.. အဲ့အကြွေးကို ငါတို့ ဘယ်လိုရှင်းမလဲ”

“သူတို့ဘာသာ အသုံးမကျလို့ သေရတာလေ.. ဘယ်သူ့ကိုသွားပြီး အပြစ်တင်ချင်နေတာလဲ.. ရွှေအမြုတေအဆင့်တစ်ယောက်အနေနဲ့ သူ့ကို လက်စားချေချင်နေတာ မင်းကိုယ်မင်း မရှက်ဘူးလား” ရွှမ်ယီက လှောင်ရယ်လိုက်၏။

ပကတိသက်ရှိကန်းလန်က စိတ်အေးလက်အေးပုံစံနှင့် ပြန်ပြောလိုက်၏။

“ရွှမ်ယီ.. ငါမင်းကို စေတနာနဲ့ အကြံပေးလိုက်မယ်.. အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်အတွက်နဲ့ ‌ရောင်ဝါလင်းလက်တိမ်နန်းတော်နဲ့ ဆန်းကြယ်တောင်ထွတ်အကြားက ဆက်ဆံရေးကောင်းကို မဖျက်ဆီးမိပါစေနဲ့!”

“မင်းက ရောင်ဝါလင်းတိမ်နန်းတော်တစ်ခုလုံးကို ကိုယ်စားပြုနိုင်လို့လား”

စကားလုံးအနည်းမျှနှင့်ပင် သူတို့နှစ်ယောက်သည် အပေါက်အလမ်း မတည့်ကြတော့ပေ။

ထိုအချိန်မှာပင် ဘေးဘက်မှ တစ်ယောက်က မရိုးဖြောင့်ဟန်နှင့် ရယ်မောလိုက်၏။

“အစ်ကိုကန်းလန်.. သူနဲ့သွားပြီး ဘာမှငြင်းခုန်မနေနဲ့.. ဆန်းကြယ်တောင်ထွတ်ကဖြင့် အကျဘက်ကို ရောက်နေပြီ.. ဒါတောင် သူတို့ကစကားပြောတာ မောက်မာနေတုန်းပဲ.. သူက ဒုက္ခရောက်ချင်နေတာပဲ”

“စီမာကျီ.. မင်းက ဘာဖြစ်ချင်နေတာလဲ” ရွှမ်ယီ၏ အမူအယာက ပြောင်းလဲသွား၏။

ပကတိသက်ရှိကန်းလန်က ရယ်မောလိုက်၏။

“ညီကိုစီမာ.. မင်းငါဆီကနေ ဘာတောင်းဆိုချင်တာလဲ ပြောလိုက်စမ်းပါ”

အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ စီမာကျီက သာမန်ကာလျှံကာပုံစံနှင့်ပင် ပြောလိုက်၏။

“ဆန်းကြယ်တောင်ထွတ်က ဒီတစ်ခေါက်ခေါ်လာတဲ့ လူလေးကဖြင့် နှစ်ယောက်တစ်ပိုင်းပဲရှိတာလေ.. စိတ်ဝိညာဉ်ပြိုင်ပွဲမှာ ငါတို့ဂိုဏ်းနှစ်ဂိုဏ်းသာ ပူးပေါင်းလိုက်မယ်ဆိုရင်.. ဆန်းကြယ်တောင်ထွတ်က သူတို့မှာ မရီးဒါန်ငါးခုအခြေတည်အဆင့်တစ်ယောက်ပါတယ်ဆိုလဲ ဘာမှလုပ်လို့ရမှာ မဟုတ်တော့ဘူးမလား”

“ဟုတ်တာပေါ့ကွာ.. ဆန်ကြယ်တောင်ထွတ်ကို လက်ဗလာနဲ့ ပြန်သွားရအောင် လုပ်လိုက်ကြတာပေါ့”

ပကတိသက်ရှိကန်းလန်၏ မျက်လုံးထဲတွင် လှောင်ပြောသရော်လိုရိပ်က ပေါ်လာပြီး သူက ရယ်မောလိုက်၏။

“သြော်.. ဂိုဏ်းကြီးငါးဂိုဏ်းထဲက တစ်ဂိုဏ်းတဲ့လား.. ဟဟား.. ဆန်းကြယ်တောင်ထွတ်ကတော့ သွားရှာပြီပေါ့ကွာ”

All Chapters