← Chapters

ကျေးဇူးပြုပြီး ပွဲကြည့်စင်ပေါ်သို့ ကြွခဲ့ပါ

Vol. 21 Ch. 309

ကျေးဇူးပြုပြီး ပွဲကြည့်စင်ပေါ်သို့ ကြွခဲ့ပါ

Vol. 21 Ch. 309

“မင်းတို့ အကြံပက်စက်တဲ့ကောင်တွေကွာ”

ရွှမ်ယီသည် လက်သီးကိုဆုပ်၍ အံကိုကြိတ်ကာ ကျိန်ဆဲလိုက်၏။

အစကတည်းက ဆန်းကြယ်တောင်ထွတ်သည် အားနည်းနေပြီး တိတိပပယှဉ်ပြိုင်နိုင်သူက မရီးဒါန်ငါးခုအခြေတည်အဆင့်တစ်ယောက်သာ ရှိလေသည်။ ယခုသူ့ကိုပါ ပစ်မှတ်ထားတိုက်ခိုက်ကြတော့မည်ဆိုလျှင် သူတို့သည် အဆင့်သတ်မှတ်စာရင်းထဲဝင်ရောက်နိုင်ဖို့ မျှော်လင့်ချက် မရှိနိုင်တော့ပေ။

“ဝေါင်း”

ထိုအချိန်မှာပင် ကမ္ဘာကို တုန်ဟည်းသွားစေသည့် ဟိန်းဟောက်သံကြီးကို ရှေ့တည့်တည့်အကွာအဝေးမှ ကြားလိုက်ရပြီး အလွန်တရာ အရှိန်အဝါမြင့်မားသောပုံစံနှင့် လေထုကိုပါ တုန်ခါသွားစေ၏။

လူတိုင်းရင်ထိတ်သွားပြီး လှည့်ကြည့်လိုက်ကြ၏။

ကြီးမားကြမ်းကြုတ်သည့် ခြင်္သေ့ကြီးငါးကောင်သည် မာန်နှင့်ဟန်နှင့် ဘေးချင်းယှဉ်၍ ပြေးချလာ၏။ သူတို့၏ ခန္ဓာကိုယ်ကို ရွှေရောင်မီးတောက်များက လောင်ကျွမ်းနေသည့်အလား.. မည်သည့်အညစ်အကြေးများ မရှိဘဲ ရွှေရောင်သားမွေးများသည် သူတို့၏ ဦးခေါင်းမှခြေဖျားအထိ ဖုံးအုပ်ထား၏။

“အဲ့ဒါ ရွှေခြင်္သေ့တွေပဲ”

“ရွှေခြင်္သေ့တွေက ရွှေအမြုတေအဆင့်‌ရောက်ပြီးသား ရှေးဦးအဆက်နွယ်သားရဲတွေပဲ”

ရွှေခြင်္သေ့ငါးကောင်ကို သံချိန်းကြိုးကြီးများနှင့် ချည်နှောင်ထားပြီး သူတို့သည် သူတို့နောက်တွင် ရှေးခေတ်စစ်ရထားတစ်စီးကို ဆွဲလာကြလေသည်။

စစ်ရထားပေါ်တွင်တော့ ရွှေရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းရွယ်လူတစ်ယောက် ပါလာလေသည်။ သူ့မျက်လုံးများက စူးရှထက်မြက်နေပြီး တစ်ကမ္ဘာလုံးအပေါ် လွှမ်းမိုးခြယ်လှယ်နိုင်သော ‌အော်ရာက သူ့ထံမှ ဖြာထွက်နေ၏။

ရထား‌ပေါ်မှ လူကတော့.. မဟာကျိုးဧကရာဇ်ပင် ဖြစ်လေသည်။

“အရှင်မင်းမြတ်ကို ကြိုဆိုပါတယ်”

အင်ပါယာစစ်တပ်မှ စစ်သားများသည် ဒူးတစ်ဖက်ထောက်၍ သံပြိုင်နှုတ်ဆက်လိုက်ကြ၏။ သူတို့၏ အသံက အလွန်ကျယ်လောင်ပြီး ကြောက်လန့်စရာကောင်းနေ၏။

ပွဲကြည့်စင်ပေါ်မှ ရွှေအမြုတေများအားလုံးသည်လည်း ကမန်းကတန်း ထရပ်၍ လက်သီးဆုပ်လေးစားဟန်ပြကာ အသိအမှတ်ပြုသည့်အနေနှင့် ခေါင်းညိတ်ပြလိုက်ကြ၏။

“စစ်သည်တော်တို့ ထိုင်ကြပါ.. အားလုံးပဲ ကျေးဇူးပြုပြီး ထိုင်ကြပါ”

ဧကရာဇ်သည် စစ်ရထားပေါ်မှ ခုန်ဆင်းလိုက်ပြီး တည်ငြိမ်သောလေသံနှင့် ပြောလိုက်၏။ သူသည် ပွဲကြည့်စင်၏ အမြင့်ဆုံးထိုင်ခုံနေရာသို့ တက်လှမ်းသွားပြီး ထိုင်ချလိုက်၏။

. . .

“ငါနောက်ဆုံးတော့ မဟာကျိုးအင်ပါယာရဲ့ ဧကရာဇ်ကို မြင့်တွေ့ခွင့်ရပြီပေါ့ကွာ.. ဒီဂိုဏ်းပေါင်းစုံပြိုင်ပွဲကို လာရတာ တစ်ကယ်တန်သွားပြီ”

“သန်မာအားကောင်းလိုက်တဲ့အော်ရာကွာ.. ငါ ဒူးထောက်လဲကျတော့မတတ်ပဲ”

ကျောက်စိမ်းတိုင်ကြီးလေးတိုင်၏ ပတ်လည်တွင် များစွာသော အခြေတည်အဆင့် ကျင့်ကြံသူများသည် ဧကရာဇ်၏ ဟိတ်ဟန်ကောင်းပုံနှင့် ခမ်းနားကြီးကျယ်ပုံကို ချီးကျူးဂုဏ်ပြု၍ စိတ်လှုပ်ရှားစွာ အလုအယက် ဆွေးနွေးလိုက်ကြ၏။

ဆူဇီမိုက မှင်သေသေ မျက်နှာထားနှင့်ပင် ရှိနေပြီး သူ့မျက်လုံးများက ရေပြင်ကဲ့သို့ တည်ကြည်နေ၏။ ဧကရာဇ်၏ ရောက်ရှိလာမှုက သူ့အပေါ် မည်သို့မျှ အကျိုးသက်ရောက်မှု မရှိသလိုပင်။

ရှန်မန်းကီက တစ်ချက်ဝေ့ကြည့်၍ အကဲစမ်းသလို မေးလိုက်၏။

“ဆူဇီမို.. မဟာကျိုးရဲ့ တတိယမင်းသမီးနဲ့ နင်ဘယ်လိုသိတာလဲ”

“အဲ့ဒါ နင်နဲ့ ဘာဆိုင်လို့လဲ” ဆူဇီမိုက ရှန်မန်းကီကို လှည့်တောင်မကြည့်ဘဲ ပြန်မေးလိုက်၏။

သူမသည် အေးစက်စွာ မကျေမနပ်နှင့် ပြန်ပြောလိုက်၏။

“ဆူဇီမို.. သိပ်ပြီး ဘဝင်မြင့်မနေနဲ့.. မင်းသမီးတစ်ပါးနဲ့ သိကျွမ်းတာက ဘယ်လောက်ကြီးကျယ်ခမ်းနားနေလို့လဲ”

“နောက်ပြီး နင့်ကို ငါသတိပေးလိုက်ဦးမယ်.. ‌နင်က အစထဲက ရောင်ဝါလင်းလက်တိမ်နန်းတော်၊ အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းတို့နဲ့ ရန်စရှိပြီးသား.. အခုဆို တတိယမင်းသမီးကြောင့် အဇူရာနှင်းမြူလွှာဂိုဏ်းကပါ နင့်အပေါ် ရန်လိုလာပြီ”

အေးစက်စက်သရော်၍ ရှန်မန်းကီက ဆက်ပြောလိုက်၏။

“တတိယမင်းသမီးရဲ့ အပြုအမူက မရည်ရွယ်ဘဲနဲ့ နင့်အတွက် ရန်သူတွေအများကြီး ဖန်တီးပေးလိုက်တာပဲ.. နောက်ကျမှ အဲ့ဒါတွေကို နင်ဘယ်လို ဖြေရှင်းမလဲ ကြည့်ရသေးတာပေါ့”

ဆူဇီမိုက တည်ငြိမ်စွာပင် ပြုံးနေလိုက်၏။

ပွဲကြည့်စင်နေရာတွင်..

ဧကရာဇ်က သူ့လက်ကို လက်ထဲကနေ အောက်နှိမ့်ချဟန် ပြလိုက်သောကြောင့် လူအုပ်ကြီးသည် တဖြည်းဖြည်းတိတ်ဆိတ်ငြိမ်သက်သွားကြ၏။

ဧကရာဇ်က ပြောလိုက်၏။

“ဂိုဏ်းပေါင်းစုံပြိုင်ပွဲက မကြာခင် စတင်တော့မှာပါ.. အဲ့ဒါမတိုင်ခင်မှာ အားလုံးကို နတ်ပန်းပဲဆရာတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်.. အားလုံးပဲ သူ့နာမည်ကို ကြားဖူးကြပြီးသား ဖြစ်မှာပါ”

“သူကတော့.. မဟာကျိုးအင်ပါယာရဲ့.. နံပါတ်တစ်နတ်ပန်းပဲဆရာ”

“ဆရာမို.. မိုလင်းပဲ ဖြစ်ပါတယ်”

“ဒါပေါ့ ကျုပ်တို့ ကောင်းကောင်းကြီး ကြားဖူးတာပေါ့”

ပွဲကြည့်စင်ပေါ်ရှိ များစွာသော ရွှေအမြုတေများသည် ပြုံးပြီး မျှော်လင့်စောင့်စားစွာနှင့် ခေါင်းညိတ်ပြလိုက်ကြ၏။

ဧကရာဇ်က ဆက်ပြောလိုက်၏။

“ခင်ဗျားတို့အားလုံး သူ့နာမည်ကို ကြားဖူးကြပေမယ့်လို့.. သူ့ရဲ့ ရုပ်ရည်သွင်ပြင်ကိုတော့ မမြင်ဖူးကြသေးဘူးမှတ်လား”

“ဟုတ်ပါတယ်”

ပကတိသက်ရှိရီနင်က ခါးသက်သက်ပြုံး၍ ပြောလိုက်၏။

“အရင်တစ်ခါထဲက ကျမက ဆရာမိုနဲ့ တွေ့ချင်နေခဲ့တာ.. ကံမကောင်းစွာနဲ့ပဲ ကျမ တွေ့ခွင့်မရခဲ့လိုက်ဘူး”

တောင်ပိုင်းတောင်တန်းဂိုဏ်းမှ ပကတိသက်ရှိယွင်ရှန်ကလည်း ခေါင်းညိတ်လိုက်၏။

“ဟုတ်တယ်ဗျာ.. ဆရာမိုက အရမ်းလျှို့ဝှက်တာပဲ”

ဧကရာဇ်က ပြုံး၍ “ဒီတစ်ခေါက် ဂိုဏ်းပေါင်းစုံပြိုင်ပွဲမှာ နတ်ပန်းပဲပြိုင်ပွဲရဲ့ အကဲဖြတ်ဒိုင်လူကြီးအဖြစ် ဆရာမိုကို ကျုပ်ဖိတ်ခေါ်ထားပါတယ်.. သိပ်မကြာခင် ခင်ဗျားတို့အားလုံး သူ့ကို မြင်ရတော့မှာပါ”ဟု ထုတ်ကြေညာလိုက်၏။

များစွာသော ‌ရွှေအမြုတေများ လှုပ်လှုပ်ရှားရှားဖြစ်သွားကြ၏။

ထိပ်တန်းအဆင့်လက်နက်များကို စိတ်တိုင်းကျပြုလုပ်ပေးနိုင်သော နတ်ပန်းဆရာတစ်ယောက်နှင့် မည်သူက မိတ်ဆွေမဖြစ်ချင်ဘဲ နေပါမည်နည်း။

ပကတိသက်ရှိကန်းလန်သည် မျက်လုံးကို မှေးကျဉ်း၍ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်၏။

ဆရာမိုဆိုတာ ဘယ်သူလဲ အတိအကျ သူသိချင်လေသည်။ လူပုံအလယ်မှာ သူ့ကို အရှက်ခွဲရလောက်အောင် သူတို့က ဘယ်လို ရန်ငြိုးရန်စရှိခဲ့သလဲပေါ့။

ကျောက်စိမ်းတိုင်ကြီးလေးတိုင်၏ ပတ်လည်ရှိ များစွာသော အခြေတည်အဆင့်ကျင့်ကြံသူများသည် ခပ်လှမ်းလှမ်းကောင်းကင်ထက်သို့ မျက်လုံးအပြူးသားနှင့် စောင့်ကြည့်နေကြ၏။ ဒဏ္ဍာရီလာဆရာမိုက ဘယ်လိုပုံစံလဲ သူသိချင်မြင်ချင်လှပေပြီ။

“ဆရာမိုက ဘယ်လိုပုံစံနဲ့ ရောက်လာမယ်လို့ မင်းတို့ထင်လဲ”

“မပူပါနဲ့.. သူဝင်ရောက်လာမယ့်ပုံစံက မင်းညီမင်းသားတွေထက် ‌အောက်ကျမှာ မဟုတ်ဘူး”

“ဆရာမိုရဲ့ အဆင့်အတန်းနဲ့ ခွန်အားအရဆို.. သူက မူလသွေးမျိုးဆက်ကြမ်းကြုတ်သားရဲကိုတောင် စီးနင်းလာနိုင်တယ်နော်”

လူတိုင်း စိတ်လှုပ်ရှားစွာနှင့် ဆွေးနွေးလိုက်ကြ၏။

ဖက်တီးလေးသည်လည်း ဘေးသို့လှည့်၍ စိတ်လှုပ်ရှားစွာ မေးလိုက်၏။

“နောင်ကြီး.. ဆရာမိုက ဘယ်အရွယ်လောက်ပြီလို့ထင်လဲ.. သူ့ပုံစံကရော ဘယ်လိုပုံစံဖြစ်နိုင်မလဲ”

ဆူဇီမိုက ပြန်ဖြေလိုက်၏။

“အင်း.. သူ့အသက်က နှစ်ဆယ်ကျော်ကျော်လောက် ရှိမှာပေါ့”

“ဟဟဟားဟား”

ဆူဇီမိုပြောပြီးသည့်နောက်.. လူတိုင်းက အားပါးတရ ရယ်ချလိုက်ကြ၏။ များစွာသောလူများသည် ဆူဇီမိုကို အရူးတစ်ယောက်လို ဝိုင်းကြည့်လိုက်ကြ၏။

ထောင်ဖုန်း၏ မျက်လုံးများက လှောင်ပြောင်သရော်လိုရိပ်နှင့် ပြည့်လာပြီး ဟက်ကနဲ ရယ်လိုက်၏။

“ဆန်းကြယ်‌တောင်ထွတ်က နတ်ပန်းပဲဆရာတွေက တစ်ကယ့်ဟာသတွေပဲကွာ.. ဟဟား”

ရှန်မန်းကီက မျက်မှောင်ကြုတ်လိုက်၏။

“ဆူဇီမို.. နင်ဘာမှမသိရင်လဲ ဒီအတိုင်းနေပါလား.. ဘယ်သူမှ ဘာမှ ပြောနေမှာ မဟုတ်ဘူး.. အခုလို ပေါက်ကရတွေ လျှောက်ပြောတော့ နင်နုံအတာ လူသိရုံပဲ အဖတ်တင်တာပေါ့”

“သြော် ဟုတ်လား” ဆူဇီမိုက မျက်ခုံးပင့်လိုက်၏။

ရှန်မန်းကီက အသံနှိမ့်၍ ဆက်ပြောလိုက်၏။

“ဆရာမိုက ထိပ်တန်းအဆင့်လက်နက်တွေကိုတောင် သွန်းလုပ်နိုင်တာ.. အသက်နှစ်ဆယ်ကျော်လောက်ပဲရှိတဲ့ လူတစ်ယောက်က အဲ့လိုလုပ်နိုင်မယ်လို့ နင်ထင်လား.. လက်နက်သွန်းလုပ်တာနဲ့ ပတ်သတ်ပြီး ဘာမှမသိတဲ့လူတွေတောင် အဲ့လောက်တော့ သိကြတယ်”

ထိုအချိန်မှာပင် ဧကရာဇ်၏ အသံက နောက်တစ်ဖန် ထွက်ပေါ်လာ၏။

“တစ်ကယ်တော့.. ဆရာမိုက ခင်ဗျားတို့တွေကြားထဲမှာ ရောက်နေပါပြီ”

“အာ” “အမ်”

“ဆရာမိုက ရောက်နေပြီလား.. ဘယ်နားမှာလဲဟ”

ပွဲကြည့်စင်ထက်ရှိ ရွှေအမြုတေများအားလုံးသည် ဘေးပတ်လည်ကို အလိုလို လိုက်ကြည့်လိုက်ကြ၏။ သူတို့ဘေးပတ်လည်ရှိ လူများကလည်း သူတို့လိုပင် နဝေတိမ်တောင်နှင့် လိုက်ကြည့်နေကြောင်း တွေ့လိုက်ရ၏။

ဧကရာဇ်က အသံမြှင့်၍ ဆက်ပြောလိုက်၏။

“ဆရာမို... ကျေးဇူးပြုပြီး ပွဲကြည့်စင်ထက်ကို ကြွပေးပါ”

သူစကားပြောပြီးသည့်ခဏမှာပင် ရွှေအမြုတေတစ်ထောင်ကျော်နှင့် အခြေတည်အဆင့်ကျင့်ကြံသူ တစ်သိန်းကျော်တို့သည် အကုန်လုံး ရုတ်တရတ် တိတ်ဆိတ်ငြိမ်သက်သွားကြ၏။

လူတိုင်းသည် သူတို့၏ ဘေးပတ်လည်ကို မျက်တောင်မခတ်တမ်း လှည့်ပတ်ကြည့်လိုက်ကြ၏။

ဆန်းကြယ်တောင်ထွတ်မှလူများ၊ ထောင်ဖုန်း၊ ကျွင်းဟောက်၊ စစ်ယုထန်နှင့် ရှန်မန်းကီတို့သည်လည်း အလိုလို လိုက်ရှာကြည့်လိုက်ကြ၏။

ရုတ်တရတ်..

လူတစ်ယောက်သည် လူအုပ်ကြီးကို ဖြတ်၍ လျှောက်လှမ်းပြီး အားလုံး၏ စိတ်ဝင်စားမှုကို ဆွဲ‌ဆောင်သွား၏။

“ဆူဇီမို.. နင်ဘာတွေလျှောက်လုပ်နေတာလဲ”

ရှန်မန်းကီက မျက်မှောင်ကြုတ်၍ လှမ်းအော်လိုက်၏။

ဆူဇီမိုကတော့ မတုန်မလှုပ်ပင်။

ထောင်ဖုန်းက အေးစက်စွာ ရယ်မောလိုက်၏။

“ဒီငနဲက ဘာဆင်ခြင်တုံတရားမှ မရှိတော့ဘူးပဲ.. ဧကရာဇ်ရှေ့မှောက်မှာတောင် သူက ကြောင်တောင်တောင်ထလုပ်နေလိုက်သေးတယ်”

“သူတို့က ဆရာမိုကို ခေါ်တာ.. နင့်ကို.....” ရှန်မန်းကီသည် နောက်တစ်ခေါက် ထပ်‌အော်လိုက်၏။ သို့သော်လည်း ဒီတစ်ခေါက်မှာတော့ လှမ်း‌အော်နေရင်းနှင့် သူမသည် တစ်စုံတစ်ရာကို သဘောပေါက်နားလည်သွားသည့်အလား.. သူမ၏ မျက်နှာအမူအယာက ရုတ်ချည်းပြောင်းလဲသွား၏။

အရာရာကို လျစ်လျူရှု၍ ဆူဇီမိုသည် ရှေ့သို့ဆက်လျှောက်သွား၏။ သူသည် ကြက်သေသေကာ မှင်သက်နေသော ဖက်တီးလေး၏ ပုခုံးကို ပုတ်ပြီး ခပ်ရေးရေးပြုံးကာ လူအုပ်ကြီးထဲကနေ ထွက်လိုက်၏။

အဇူရာနှင်းမြူလွှာဂိုဏ်းမှ ကျွင်းဟောက်သည် ဆူဇီမို၏ နောက်ကျောကိုကြည့်ပြီး ဆတ်ကနဲ တုန်လှုပ်ချောက်ချားသွား၏။ သူသည် ဖြစ်နိုင်ခြေတစ်ခုကို မပီမသ ခန့်မှန်းမိလိုက်၏။

တစ်ခဏအတွင်းမှာပင်.. ဆူဇီမိုသည် အခြေတည်အဆင့်ကျင့်ကြံသူတစ်သိန်းကျော်၏ အလယ်၌ ထင်းကနဲ ပေါ်လာ၏။

အားလုံး၏ တောက်လောင်နေသော အကြည့်အောက်တွင် ဆူဇီမိုက နည်းနည်းလေးမျှ မသက်မသာ ဖြစ်မနေပေ။ သူသည် လက်နှစ်ဖက်ကို နောက်ပစ်၍ ရှေ့သို့ တည်ငြိမ်စွာ ဆက်လျှောက်သွား၏။

သူသည် မြေပြင်ကွင်းကိုဖြတ်ပြီး ပွဲကြည့်စင်ထက်သို့ တက်လှမ်းလိုက်၏။

“အဲ့လူက ဘယ်သူလဲ.. သူက ဘာလို့ အဲ့ကိုသွားနေတာလဲ”

“သူ့အသက်က နှစ်ဆယ်ကျော်လောက်ပဲ ရှိဦးမှာ.. ဆရာမိုတော့ မဖြစ်နိုင်ပါဘူး”

“ဒါပေါ့ဟ.. ဆရာမိုက ဘယ်လိုလုပ် အခြေတည်ဆင့်ကျင့်ကြံသူ ဖြစ်မှာလဲ”

များစွာသောကျင့်ကြံသူများသည် လှောင်ရယ်လိုက်ကြ၏။

လူတိုင်းရယ်မောပြီး ကြည့်နေစဉ်မှာပင် ဆူဇီမိုသည် သူတို့နှင့် ဝေးသထက်ဝေးဝေးသို့ လျှောက်လှမ်းသွားနေ၏။ ရုတ်တရတ်.. လူအုပ်ကြီးသည် ထူးဆန်းစွာ တိတ်ဆိတ်ကျသွား၏။

မရဲတရဲ အသံတစ်သံက ထွက်ပေါ်လာ၏။

“ဒီအရင်က ငါတို့ ဘယ်သူ့မှ ဆရာမိုကို မမြင်ဖူးကြဘူးလေ.. သူက အသက်နှစ်ဆယ်ကျော်ကျော် အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်ရင်လဲ ဖြစ်နိုင်တာပဲ မဟုတ်ဘူးလား”

မည်သူမျှ ပြန်မဖြေမိကြပေ။

လူတိုင်းသည် အဖြေတစ်ခုကို စောင့်ဆိုင်းနေကြ၏။

All Chapters