အားလုံး၏ အကြည့်က သူ့အပေါ်မှာ
Vol. 21 Ch. 310
ပွဲကြည့်စင်ပေါ်တွင် များစွာသော ရွှေအမြုတေများသည် သူတို့၏ ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက် လိုက်လံကြည့်ရှုစစ်ဆေးနေကြ၏။ သူတို့အားလုံးသည် မိုလင်းကို မျှော်လင့်စောင့်စားနေကြခြင်းဖြစ်၏။
အချို့သော ရွှေအမြုတေများသည် ခပ်လှမ်းလှမ်းတွင် အစိမ်းရောင်ဝတ်ကျင့်ကြံသူတစ်ယောက် လျှောက်လှမ်းလာနေသည်ကို မြင်သော်လည်း သူတို့သည် စိတ်ထဲ သိပ်ထားမနေကြပေ။
ထိုသူက အသက်နှစ်ဆယ်ကျော်ကျော် အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်သာလျှင် ဖြစ်သောကြောင့် မည်သူမျှ စိတ်မဝင်စားကြပေ။
သို့သော် အချိန်ကြာလာသော်လည်း ပွဲကြည့်စင်ပေါ်သို့ တက်လှမ်းလာသူက အခြားမည်သူမျှ မရှိပေ။ အစိမ်းရောင်ဝတ်ကျင့်ကြံသူတစ်ယောက်သာလျှင် တရွေ့ရွေ့ချဉ်းကပ်လာနေ၏။
ထိုသည်ကို ရွှေအမြုတေများသည် စတင်သတိပြုမိလာ၏။
အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ အကြီးအကဲကျန်းသည် သည့်အရင် နန်းတော်ထဲမှာတုန်းက ဆူဇီမိုကို မြင်ဖူးခဲ့၏။ အစိမ်းရောင်ဝတ်ကျင့်ကြံသူက တက်လှမ်းလာသည်ကို မြင်သောအခါ သူသည် အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။
သို့သော် အကြီးအကဲကျန်းသည် ခဏမျှ အာရုံစိုက်ကြည့်လိုက်ပြီးနောက် အစိမ်းရောင်ဝတ်ကျင့်ကြံသူ၏ ခါးတွင် တွဲလောင်းချိတ်ဆွဲထားသော ဂိုဏ်းတံဆိပ်ပြားသည် သူ၏ အာရုံကို ဆွဲဆောင်မိသွား၏။
သူသည် အရင်က မိုလင်း၏ ပုံပန်းသဏ္ဌာန်ကို မြင်ဖူးခဲ့သော်လည်း ထိုသူ၏ သရုပ်မှန်နှင့် ပတ်သတ်၍ ဘာမှမသိခဲ့ရပေ။ ထိုသူက ဆန်းကြယ်တောင်ထွတ်မှ ဖြစ်နေခြင်းက သူ့ကို အံ့သြမှင်သက်သွားစေ၏။
စီမာကျီက မျက်မှောင်ကြုတ်၍ မေးလိုက်၏။
“အကြီးအကဲကျန်း.. ခင်ဗျား မိုလင်းကို အရင်က မြင်ဖူးတာမဟုတ်ဘူးလား.. သူက ဘယ်မှာလဲ”
“ဘယ်လိုဖြစ်ရတာလဲ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..”
“သူက ဘာလို့ ဆန်းကြယ်တောင်ထွတ်က ဖြစ်နေရတာလဲ...”
အကြီးအကဲကျန်းသည် ဘေးကမေးနေသည်များကို ဘာမှကြားရပုံမပေါ်ဘဲ.. စိတ်လွတ်သွားသလို တတွတ်တွတ် ရေရွတ်နေ၏။
ဂိုဏ်းကြီးငါးဂိုဏ်းမှ ရွှေအမြုတေများသည် တတိယအလွှာတွင် ထိုင်နေကြ၏။
အကြီးအကဲကျန်း၏ မူမမှန်သည့်ပုံစံကို သူတို့သတိထားမိလိုက်ပြီး.. သူ့ကြည့်ရာဘက်သို့ သူတို့လိုက်ကြည့်လိုက်ကြ၏။
အဇူရာနှင်းမြူလွှာဂိုဏ်းနှင့် တောင်ပိုင်းတောင်တန်းဂိုဏ်းမှ ရွှေအမြုတေများကတော့ သိပ်ပြီး ထူးခြားသည့်တုံ့ပြန်မှု မရှိကြပေ။ ဆန်းကြယ်တောင်ထွတ်က အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်က ဘာကြောင့် တက်လှမ်းလာနေလဲဆိုပြီး ဇဝေဇဝါဖြစ်၍ မျက်မှောင်သာလျှင် ကြုတ်လိုက်ကြ၏။
သို့သော် ပကတိသက်ရှိကန်းလန်ကတော့ သူ့မျက်လုံးကို မှေးစဉ်းလိုက်၏။ သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုရိပ်ပါ ဖျတ်ကနဲ ပေါ်သွား၏။
ဆူဇီမို..
မင်းမှာ ကျောထောက်နောက်ခံ ဆန်းကြယ်တောင်ထွတ်ရှိနေတယ်ဆိုတာနဲ့ပဲ.. ငါက မင်းကို မထိရဲတော့ဘူးလို့ ထင်နေတာလား။
ပကတိသက်ရှိကန်းလန်သည် လှောင်ရယ်လိုက်ပြီး သူ့လက်ထဲက ဝိုင်ခွက်ကို တစ်ချီတည်း မော့ချပစ်လိုက်၏။
“အာ”
လျှိုဟွေ့သည် ပင့်သက်ကိုရှိက်၍ ခပ်လှမ်းလှမ်းရှိ အစိမ်းရောင်ဝတ်ကျင့်ကြံသူကို မယုံကြည်ဟန်ဖြင့် ကြည့်နေ၏။
ရွှမ်ယီ၏ အမူအယာကလည်း ပြောင်းလဲသွား၏။ သူသည် ရင်ထဲဝုန်းဒိုင်းကြဲသွားသော စိတ်ခံစားချက်များနှင့် ဝမ်းသာပျော်ရွှင်စွာ ခုန်ထရပ်လိုက်၏။
သူ မသေဘူးပေါ့..
သူ တစ်ကယ်ပဲ အသက်ရှင်နေသေးတာပဲဟ..
ထိုခဏ၌ ရွှမ်ယီသည် ရုတ်တရတ် အပျော်လွန်၍ တစ်ချိန်တည်းမှာပင် တော်တော်လေး စိတ်သက်သာရာ ရသွား၏။
ဆူဇီမိုက မသေသေးသောကြောင့် သူ၏ ဓါးဝင်္ကပါနည်းစနစ်ကို အမွေဆက်ခံမည့်သူ ရှိလာလေပြီ။
ဆူဇီမိုသည် ဂိုဏ်းကိုပြန်လိုက်၍ နောက်ထပ်ဆယ်နှစ် ကျင့်ကြံလေ့ကျင့်လိုက်မည်ဆိုလျှင်.. သူ၏ ပါရမီအရည်အချင်းအရ.. နောက်လာမည့် ဂိုဏ်းပေါင်းစုံပြိုင်ပွဲ အဆင့်သတ်မှတ်စာရင်းတွင် နာမည်တစ်ခု တင်ကျန်ချန်ရစ်နိုင်ဖို့ အခွင့်များလေသည်။
ထိုသို့အတွေးနှင့် ရွှမ်ယီသည် မထိန်းနိုင်တော့ဘဲ ရယ်ချလိုက်၏။
ဆန်းကြယ်တောင်ထွတ်က ဒီတစ်ခေါက်ဂိုဏ်းပေါင်းစုံပြိုင်ပွဲမှာ တစ်နေရာမှ အဆင့်မဝင်ဘူးဆိုလျှင်တောင် ကိစ္စမရှိပေ။ ဆူဇီမိုအသက်ရှင်နေသရွေ့ ဆန်းကြယ်တောင်ထွတ်က မျှော်လင့်ချက်ရှိနေသေးလေသည်။
“ဆူဇီမို အသက်ရှင်နေသေးတယ်ဆိုတာကိုသာ ဝမ်ရွှမ်းသိရင်.. သူနေပြန်ကောင်းလာနိုင်လောက်ရဲ့..”
ရွှမ်ယီသည် စိတ်ထဲကနေ ညည်းတွားရေရွတ်လိုက်၏။
. . .
ပွဲကြည့်စင်အောက်မှ အစိမ်းရောင်ဝတ်ကျင့်ကြံသူက တက်လှမ်းလာသည်ကို စောင့်ကြည့်ပြီး များစွာသော ရွှေအမြုတေများသည် စိတ်မကျေနပ်သလို မျက်မှောင်ကြုတ်လိုက်ကြ၏။
ဤနေရာရှိ ထိုင်ခုံများက ရွှေအမြုတေများအတွက် စီစဉ်ထားခြင်း ဖြစ်လေသည်။ အခြေတည်အဆင့်များအတွက် မဟုတ်ပေ။ ဆန်းကြယ်တောင်ထွတ်က အခြေတည်အဆင့်ကျင့်ကြံသူဆိုလျှင်တောင် ခြွင်းချက်မရှိပေ။
များစွာသော ရွှေအမြုတေများသည် စိတ်ထဲ မကျေမနပ် ဖြစ်လာကြသောကြောင့် ပွဲကြည့်စင်ထက်၌ ဆွေးနွေးပြောဆိုသံများက ပိုပို ကျယ်လောင်လာ၏။
ပွဲကြည့်စင်၏ ဝင်ပေါက်ဝ၌ မြို့တော်အစောင့်အရှောက်သုံးဖွဲ့၏ တပ်မှူးများဖြစ်ကြသော မုတ်ဆိတ်နှင့်လူ၊ ပိုင်ယုဟန်နှင့် လင်းတကတုံးတို့သည် တည်ငြိမ်စွာ ရှိနေကြပြီး သူတို့သည် လူတိုင်းကို လျစ်လျူရှုထား၏။
“ဟေ့ ဟေး”
ရွှေအမြုတေများထဲမှ တစ်ယောက်သည် အသောက်လွန်၍ မျက်နှာက နီမြန်းနေ၏။ သူသည် ယမကာအရှိန်နှင့် သတ္တိကြွနေပြီး မတ်တပ်ထရပ်ကာ တပ်မှူးသုံးယောက်ကို လှမ်းအော်လိုက်၏။
“တာအိုရောင်း-ရောင်းရင်းတို့.. အဲ့ဒါ ဘယ်သူလဲ” ထိုလူသည် ဒယီးဒယိုင်နှင့် သူဝိုင်ခွက်ကို မြှောက်၍ ဆူဇီမိုကို ညွှန်ပြပြီး လေတက်ရင်း ပြောလိုက်၏။
တပ်မှူးသုံးယောက်စလုံးက မျက်လွှာချ၍ ဆိတ်ဆိတ်သာ နေမြဲနေကြ၏။
ထိုလူ၏ ခန္ဓကိုယ်က ယိမ်းထိုးသွားပြီး.. ယစ်မူးနေသောပုံစံနှင့် အော်လိုက်၏။
“ဒီပွဲကြည့်စင်က ရွှေအမြုတေတွေအတွက် မဟုတ်ဘူးလား.. အဲ့လူက ဒီကိုဘာလာလုပ်တာလဲ.. ခင်ဗျားတို့က မြို့တော်အစောင့်အရှောက်တွေ၊ အင်ပါယာတပ်သားတွေ မဟုတ်ကြဘူးလား.. ဘာလို့ သူ့ကို မောင်းမထုတ်ကြသေးတာလဲ”
တပ်မှူးသုံးယောက်သည် ဘာမှ မကြားသကဲ့သို့ မလှုပ်မယှက် ဆိတ်ဆိတ်သာ နေကြ၏။
ပွဲကြည့်စင်ထက်ရှိ ဆွေးနွေးပြောကြားသံများက တဖြည်းဖြည်း တိတ်ကျသွား၏။
တချို့ထက်မြက်သော ကျင့်ကြံသူများကတော့ တဖြည်းဖြည်း သတိဝင်ပြီး သဘောပေါက်လာကြ၏။
တက်လှမ်းလာနေသော အစိမ်းရောင်ဝတ်ကျင့်ကြံသူကို တပ်မှူးသုံးယောက်က မတားဆီးကြသလို.. ဧကရာဇ်ကလည်း ဆိတ်ဆိတ်သာ နေနေ၏။
ဒါက ဘာအဓိပ္ပါယ်လဲ..
ဟင်း...
များစွာသောကျင့်ကြံသူများသည် ပင့်သက်ကို ရှိုက်လိုက်ကြပြီး အမူအယာများက ပြောင်းလဲလာကြ၏။
တစ်ကယ်များ ဖြစ်နေမလား..
အဲ့ဒီအခြေတည်အဆင့်လူငယ်လေးက တစ်ကယ်များ..
အရက်မူးနေသော ရွှေအမြုတေသည် အနည်းငယ် သတိပြန်ဝင်လာ၏။ သူသည် ခေါင်းကိုခါလိုက်ပြီး မျက်လုံးကို ပြူးပြဲဖွင့်ကာ ချဉ်းကပ်လာနေသောလူကို ကြည့်လိုက်၏။
ထိုအချိန်၌.. ရွှေအမြုတေတစ်ထောင်ကျော်နှင့် အခြေတည်အဆင့်ကျင့်ကြံသူတစ်သိန်းကျော်၏ မျက်လုံးအကြည့်များသည် ရွှေကော်ဇောပေါ်သို့ ခြေလှမ်းဝင်တော့မည့် အစိမ်းရောင်ဝတ်ကျင့်ကြံသူအပေါ်တွင်သာ ကျရောက်လာကြ၏။
အားလုံး၏ အကြည့်က သူ့အပေါ်မှာပင်..
ဆူဇီမိုသည် ပွဲကြည့်စင်ရှေ့သို့ ရောက်လာသောအခါ.. တပ်မှူးသုံးယောက်က ဦးညွှတ်၍ လက်သီးဆုပ် လေးစားသမှု ပြုလိုက်ကြ၏။
“ကျေးဇူးပြုပြီး ထိုင်ခုံမှာ နေရာယူပေးပါခင်ဗျ.. ဆရာမို”
ဆူဇီမိုက ခေါင်းညိတ်ပြ၍ ရွှေကော်ဇောပေါ် ခြေလှမ်းကာ တည်ငြိမ်စွာ လျှောက်လိုက်၏။
ဝုန်း..
တည်ငြိမ်နေသော ရေကန်ထဲသို့ ကြီးမားသည့် ကျောက်တုံးကြီး ပြုတ်ကျသွားသည့်အလား.. လူတိုင်း၏ ရင်ထဲတွင် ဝရုန်းသုန်းကားနှင့် မုန်တိုင်းထန်ကုန်ကြ၏။
ထိုခဏ၌ ကြီးမားသည့် မြေပြင်လေးထောင့်ကွင်းကြီးသည် ပကတိတိတ်ဆိတ်ငြိမ်သက်သွားကြ၏။ မမြင်ရသော အားတစ်ခုက သူတို့ကို အသက်မရှူနိုင်အောင် ဖျစ်ညှစ်ထားသလိုပင်။
ပွဲကြည့်စင်ထက်တွင်လည်း ထို့အတူပင်။
အပေါ်တွင်ရော၊ အောက်တွင်ရော.. အချိန်က ရပ်တန့်သွားသလိုပင်။
အားလုံးသည် မလှုပ်မယှက်နှင့် ကျောက်ရုပ်ဖြစ်သွားကြ၏။ အစိမ်းရောင်ဝတ်ကျင့်ကြံသူတစ်ယောက်တည်းသာလျှင် ရွှေကော်ဇောပေါ်တွင် တစ်လှမ်းပြီးတစ်လှမ်း ဆက်လက်လျှောက်လှမ်းနေ၏။
ခွမ်း..
အရက်မူးနေသော ရွှေအမြုတေလက်ထဲရှိ ဝိုင်ခွက်သည် ကြမ်းပြင်ပေါ်သို့ လွတ်ကျသွားပြီး ကွဲကြေသွားသောဟိန်းသံက ထွက်ပေါ်လာ၏။
ထိုအသံက အချိန်၏ အေးခဲ့ရပ်တန့်နေမှုကို ချိုးဖျက်လိုက်၏။
စောစောက သူပြောခဲ့သည့် စကားကို ပြန်စဉ်းလိုက်မိပြီးနောက် ထိုသူသည် ချက်ချင်းအမူးပြေသွားကာ ချွေးစေးများထွက်လာပြီး.. တုန်လှုပ်ချောက်ချားသွား၏။ သူသည် ကပျာကယာ လက်သီးဆုပ်လေးစားသမှုပြ၍ ကပျာကယာဦးညွှတ်ကာ ထိတ်ထိတ်ပျာပျာပုံစံနှင့် ပြောလိုက်၏။
“မင်-မင်္ဂလာပါ ဆရာမို”
ပွဲကြည့်စင်၏အောက်ပိုင်းရှိ ကျင့်ကြံသူများအားလုံးသည် တစ်ကိုယ်တော်၊ ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများ ဖြစ်ကြ၏။
ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများသည် များသောအားဖြင့် ကြီးကျယ်ခမ်းနားသည့်ပွဲများကို မတက်ရောက်ဖူးသည့်အပြင် ဆရာမိုဆိုသောနာမည်၏ လွှမ်းမိုးနိုင်မှုအောက်၌ သူတို့သည် တုန်လှုပ်ချောက်ချားသွားကြပြီး အချို့ဆိုလျှင် အလိုလို ထုခုန်မိလိုက်ကြ၏။
“ဆရာမို”
“ဆရာမို”
ဆူဇီမို ရှေ့သို့ ရောက်သည်သည့်နှင့်အမျှ.. ပွဲကြည့်စင်၏ တစ်ဖက်တစ်ချက်စီရှိ ရွှေအမြုတေများသည် အတန်းလိုက်ထ၍ လက်သီးဆုပ် ဦးညွှတ်ကာ နှုတ်ဆက်လိုက်ကြ၏။
ထိုသည်က တစ်ကယ်အံ့မခန်း ဖြစ်ရပ်ပင်။
ထိုအချိန်၌ လူတိုင်းသည် သူတို့ရှေ့မှလူ၏ အသက်အရွယ်တွေ၊ ကျင့်ကြံမှုအဆင့်တွေကို အကုန်မေ့လျော့သွားကြ၏။
အစိမ်းရောင်ဝတ်ကျင့်ကြံသူသည် သူတို့ရှေ့သို့ ရောက်လာသောအခါ သူတို့သည့် အံ့သြလေးစားမှုမှုနှင့် တုန်လှုပ်မှုတို့ကို ခံစားလိုက်မိကြ၏။ ထိုသူမှာရှိသောအော်ရာက အရာရာကို ဖိနှိမ်နိုင်စွမ်း ရှိနေ၏။
လှေကားအပေါ်သို့ ရောက်လာလေလေ.. တစ်ဖက်တစ်ချက်စီရှိ ရွှေအမြုတေများ၏ ခွန်အားနှင့် အဆင့်အတန်းကလည်း မြင့်မားလာလေလေဖြစ်၏။
အစတုန်းကတော့ ရွှေအမြုတေအချို့သည် သူတို့၏ ဂုဏ်အဆင့်အတန်းကြောင့် မတ်တပ်ထရပ်၍ နှုတ်ဆက်ဖို့ကို ဆန္ဒမရှိကြပေ။
သို့သော်လည်း သူတို့ရှေ့မှ ရာနှင့်ချီသော ရွှေအမြုတေများသည် မတ်တပ်ထရပ်၍ နှုတ်ဆက်နေကြသောအခါ သူတို့သည် ကူကယ်ရာမဲ့သွားကြ၏။ သူတို့သာ ဆက်လက်ထိုင်နေလျှင် လူအများ၏ မျက်စိစပါးမွှေးစူးစရာ ဖြစ်နေတော့မည်။
သူတို့စိတ်များက ရှုပ်ထွေးနေသည့်အပြင်.. စဉ်းစားချင့်တွက်နေဖို့လည်း အချိန်မရှိသောကြောင့်.. ဆူဇီမိုရောက်လာသောအခါ သူတို့သည်လည်း အလိုလို မတ်တပ်ထရပ်လိုက်မိကြ၏။
ဆူဇီမိုလမ်းလျှောက်သွားသောအခါ ပွဲကြည့်စင်ထက်ရှိ ရွှေအမြုတေများသည် ဆူဇီမို၏ နောက်ခံမြင်ကွင်းဖြစ်လာ၏။
“ကောင်းလိုက်တာ.. ကောင်းလိုက်တာကွာ”
ရွှမ်ယီ၏ နုလုံးသည် တဒုတ်ဒုတ်ခုန်လာပြီး ထပ်ကာထပ်ကာ ရေရွတ်နေမိ၏။
လျှိုဟွေ့သည် ရွှေအမြုတေတစ်ယောက်ဖြစ်သော်လည်း သူမသည် ပါးစပ်ကို လက်ဖြင့်အုပ်လိုက်ပြီး မျက်လုံးများက နီရဲလာကာ သူမ၏ စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်တော့ဘဲ.. ငိုချလိုက်မိ၏။
သူတို့ မြို့ထဲဝင်လာတုန်းက.. လှောင်ရယ်သံများ၊ မထီတရီသရော်တော်တော်အကြည့်များစွာကို ခံစားသည်းခံခဲ့ရ၏။
ဆန်းကြယ်တောင်ထွတ်သည် ဆုတ်ယုတ်အားနည်းလာပြီဖြစ်ပြီး ဂိုဏ်းကြီးငါးဂိုဏ်းထဲတွင် ထည့်ဝင်သတ်မှတ်ဖို့ အဆင့်မမီတော့ဘဲ ထုတ်ပယ်ခံရတော့မည်ဟူသော သတင်းသည် အဆက်မပြတ် ပျံ့နှံ့လာခဲ့၏။
ထိုသတင်းကို သူမတို့ ငြင်းဆန်စရာ စကားလုံး မရှိခဲ့ပေ။
သို့သော် ဤအခိုက်အတန့်၌ ထိုကောလာဟလများအားလုံးက လေနှင်ရာ လွင့်လို့ ပါသွားလေပြီ။
ဆန်းကြယ်တောင်ထွတ်က တစ်ဖန်ပြန်ပြီး ကျော်ကြားလာတော့မှာပဲဟု တပ်မှူးသုံးယောက်က ဘာကြောင့်ပြောခဲ့သလဲ အခုမှ သူမသဘောပေါက်နားလည်လာ၏။
ဤနေ့မှစ၍ ဆန်းကြယ်တောင်ထွတ်က ဘာမှလဲ မဟုတ်ပါဘူးကွာဟု မည်သူက ပြောရဲဦးမည်နည်း။