← Chapters

လက်နက်ကို ဘယ်လိုသွန်းလုပ်ရသလဲ ငါမင်းကို သင်ပေးမယ်

Vol. 21 Ch. 312

လက်နက်ကို ဘယ်လိုသွန်းလုပ်ရသလဲ ငါမင်းကို သင်ပေးမယ်

Vol. 21 Ch. 312

“ဂိုဏ်းပေါင်းစုံပြိုင်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေကတော့ အရင်ကအတိုင်းပါပဲ.. စိတ်ဝိညာဉ်၊ အဆောင်လက်ဖွဲ့၊ နတ်ဆေးနဲ့ နတ်ပန်းပဲဆိုပြီး အဆင့်သတ်မှတ်စာရင်းလေးခုရှိမယ်.. ပြိုင်ပွဲတစ်ခုချင်းစီမှာ ငါတို့ ထိပ်ဆုံးဆယ်ယောက်ကို ရွေးချယ်မယ်.. သူတို့ကတော့ ဒီနှစ်ပြိုင်ပွဲရဲ့ ကျွမ်းကျင်ပညာရှင်တွေပေါ့”

“စိတ်ဝိညာဉ်အဆင့်သတ်မှတ်စာရင်းမှာ ဝင်တဲ့ဆယ်ဦးတွေက သူတို့ကြိုက်နှစ်သက်ရာ စိတ်ဝိညာဉ်ပညာရပ်တစ်ခုစီကို တောင်းဆိုနိုင်တယ်.. အဆောင်လက်ဖွဲ့အဆင့်သတ်မှတ်စာရင်းမှာ ဝင်တဲ့ဆယ်ဦးကလဲ အဆောင်လက်ဖွဲ့ပြုလုပ်နည်းတစ်ခုစီကို ရွေးချယ်နိုင်တယ်.. အဲ့လိုပဲ နတ်ဆေးအဆင့်သတ်မှတ်စာရင်းဝင်ဆယ်ဦးက ကြိုက်နှစ်သက်ရာ ဆေးဖော်စပ်နည်းတစ်ခုစီ.. နတ်ပန်းပဲအဆင့်သတ်မှတ်စာရင်းမှာ ဝင်တဲ့သူက သာလွန်အဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုစီ ရွေးချယ်ယူနိုင်တယ်.. အားလုံးထင်ထားတဲ့အတိုင်း.. အဲ့ဒါတွေအပြင် စိတ်ဝိညာဉ်ကျောက်တုံးတွေ အများကြီးကိုလဲ ဆုလာဘ်အဖြစ် ပေးဦးမှာပါ”

မဟာကျိုးအင်ပါယာကို တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်းတစ်သောင်းကျော်ခဲ့လေပြီ။ နှစ်ပေါင်းများစွာ စုဆောင်း၊ လက်ဆင့်ကမ်းခဲ့ကြပြီးနောက်.. သူတို့မှာ အရင်းအမြစ်များစွာ၊ ပညာရပ်အတတ်များစွာ ရှိနေလေပြီ။ သူတို့ထဲက တချို့ပညာရပ်များဆိုလျှင် အပြင်မှာ ရှာမတွေ့နိုင်တော့ဘဲ ဆိတ်သုန်းပျောက်ကွယ်နေပြီဖြစ်ကာ.. ဒီမှာရှိသော မည်သည့်ကျင့်ကြံသူကိုမဆို လောဘရမ္မက်တက်လာစေနိုင်၏။

အခြေတည်ကျင့်ကြံသူအများစုသည် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်လက်နက်များကိုသာ အသုံးပြုနိုင်ကြ၏။

အခြေတည်အဆင့်ကျင့်ကြံသူများအတွက်တော့ သာလွန်အဆင့်စိတ်ဝိညာဉ်လက်နက်ဆိုသည်မှာ ရူးလောက်အောင် စွဲမက်ဖွယ်ကောင်းလေသည်။

တစ်ကယ်တမ်းတော့ တစ်ကယ့်အရေးကြီးဆုံးအချက်က အဆင့်သတ်မှတ်စာရင်းတွင် ဝင်ရောက်သည့်သူများသည် ရှေးဟောင်းတိုက်ပွဲမြေသို့ တစ်နှစ်တာ ဝင်ရောက်လေ့ကျင့်ခွင့်ရမည် ဖြစ်လေသည်။

ဧကရာဇ်ထံမှ စကားသုံးလေးခွန်းနှင့်ပင် အခြေတည်အဆင့်ကျင့်သူ တစ်သိန်းကျော်သည် သွေးများဆူဝေတက်ကြွလာကြ၏။

ဧကရာဇ်က ထုတ်ကြေညာလိုက်၏။

“ဒီပြိုင်ပွဲမှာ ဆရာမိုကို အကဲဖြတ်ဒိုင်လူကြီးအဖြစ် ဖိတ်ခေါ်ထားတာဆိုတော့.. ကျုပ်တို့ နတ်ပန်းပဲပြိုင်ပွဲကနေ အရင်စလိုက်ကြတာပေါ့.. ဆရာမိုက ဆန်းကြယ်တောင်ထွတ်က ဖြစ်တာကြောင့် သူလဲပဲ ရှေးဟောင်းတိုက်ပွဲမြေကို ဝင်ရောက်ဖို့ လိုအပ်ပါတယ်.. ပြောချင်တာကတော့ နတ်ပန်းပဲအဆင့်သတ်မှတ်စာရင်းမှာ ယှဉ်ပြိုင်ဖို့အတွက် နေရာကိုးနေရာပဲ ကျန်ပါတော့တယ်”

ဧကရာဇ်၏ ဆိုလိုရင်းက ရှင်း၏။ ဆူဇီမို၏ အရည်အချင်းအရ သူက ဝင်မပြိုင်လျှင်တောင် နတ်ပန်းပဲအဆင့်သတ်မှတ်စာရင်းမှာ နံပါတ်တစ်ဖြစ်လေသည်။

ထိုသည်ကို မည်သူမှ ငြင်းဆန်ကြလိမ့်မည် မဟုတ်ပေ။

“ဆရာမိုရော ဘာများထပ်ပြောချင်ပါသေးသလဲ” ဧကရာဇ်က မေးလိုက်၏။

ဆူဇီမိုက အခြေတည်အဆင့်တစ်သိန်းကျော်ဘက်သို့ လှည့်ကြည့်၍ ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ကျုပ် ဒီကိုရောက်တုန်းက ဆန်းကြယ်တောင်ထွတ်မှာ လက်နက်ကောင်းကောင်း သွန်းလုပ်တတ်တဲ့သူ ဘယ်သူ့မှ မရှိပါဘူးလို့ တစ်ယောက်ယောက်က ‌ပြောတာကို ကြားလိုက်ရတယ်”

ဤစကားကို ကြားသောအခါ အပေါ်အောက်ရှိ လူအုပ်ကြီးသည် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြ၏။

သည့်အရင်ကဆိုလျှင် ဤစကားကို တစ်ယောက်ယောက်က လူပုံအလယ်မှာ ထုတ်ပြောလျှင်တောင် အဲ့ဒါက ကိစ္စကြီး ဖြစ်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း အခုအခါမှာတော့ ထိုစကားကိုပြောခဲ့သည့်သူက တစ်ကယ်ကို ကံဆိုးတာပင်။

အားလုံး လှမ်းကြည့်လိုက်ကြသောအခါ ဆူဇီမို၏ မျက်နှာထက်တွင် သတ်ဖြတ်လိုစိတ် တစွန်းတစကိုပါ သူတို့ တွေ့မြင်လိုက်ရ၏။ မဟာကျိုးအင်ပါယာ၏ နံပါတ်တစ်နတ်ပန်းပဲဆရာက တစ်ယောက်ယောက်ကို အပီအပြင် အလဲထိုးနှက်တော့မည်ဖြစ်ကြောင်း အားလုံးနားလည်လိုက်ကြ၏။

“အဲ့ဒါကို ဘယ်သူပြောခဲ့တာလဲ.. ရှေ့ထွက်ခဲ့ပါ”

ဆူဇီမိုသည် ပွဲကြည့်စင်၏ ထိပ်ဆုံးနီးပါးမှာ ရှိနေပြီး လေးထောင့်ကွင်းပြင်မှာရှိသော လူများကို အထက်စီးကနေ မိုးကြည့်နေ၏။ သူ့လေသံက တည်ငြိမ်နေသော်လည်း လူတိုင်း၏ အထက်မှ စီးပိုးခြယ်လှယ်နိုင်စွမ်းအပြည့်နှင့်ဖြစ်၏။

မရေမတွက်နိုင်သော အကြည့်များက ထောင်ဖုန်းအပေါ်သို့ ကျရောက်လာ၏။

သည့်အရင်စောစောက ထောင်ဖုန်းနှင့် ဆူဇီမိုအကြား ပဋိပက္ခရန်စကို သူတို့အနားပတ်လည်ရှိ လူတိုင်းလိုလို မျက်မြင်တွေ့ခဲ့ကြ၏။

ထောင်ဖုန်းသည် သူ့အပေါ်သို့ မမြင်ရသော ဖိအားများ ပြိုဆင်းလာသည်ကို ခံစားလိုက်ရ၏။ သူ့မျက်နှာက ဖြူလျော့လာပြီး သူ့အမူအယာက ကြောက်ရွံ့တုန်လှုပ်ဟန် ပေါက်လာ၏။

“ဆရာမိုက ဘယ်သူ့ကို ပြောနေတာလဲကွ”

“အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းက တစ်ယောက်တဲ့.. ငါကြားတာတော့ သူက ဒီဘက်လူငယ်မျိုးဆက်တွေထဲမှာ နံပါတ်တစ်နတ်ပန်းပဲဆရာတဲ့”

“ကျွတ် မင်းကလဲ ဟာသပဲ.. ဆရာမိုက အသက်နှစ်ဆယ်ကျော်ကျော်လောက်ပဲ ရှိသေးတာကို.. လူငယ်မျိုးဆက်ထဲမှာ နံပါတ်တစ်နတ်ပန်းပဲဆရာလို့ ဘယ်သူက ကြေညာရဲမှာလဲ”

လူအုပ်ကြီး၏ ဆွေးနွေးပြောကြားသံများက ပိုပိုကျယ်လောင်လာ၏။

ထောင်ဖုန်း၏ ဘေးကနေ အခြားသောကျင့်ကြံသူများသည် တဖြည်းဖြည်း ချဲထွက်သွားကြ၏။ သူတစ်ယောက်တည်း ထီးထီးကြီးထွက်လာသည်ကို သိလိုက်ရပြီး ထောင်ဖုန်းသည် အံကိုတင်းတင်းကြိတ်၍ အငြိုးထားသော မျက်လုံးများနှင့်ကြည့်ကာ မတ်တပ်ထရပ်လိုက်၏။

သူက မုန်းတီးစွာ ပြောလိုက်၏။

“အဲ့ဒါ ကျုပ်ပဲ”

အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ ရွှေအမြုတေများသည် မျက်စိပျက်မျက်နှာပျက်နှင့် မျက်မှောင်ကြုတ်လိုက်ကြ၏။

“အေး ဟုတ်ပြီ”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

“မင်းကတောင် ဒီလောက်မောက်မာနေမှတော့.. မင်းတို့အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းက နတ်ပန်းပဲဆရာတွေရဲ့ အဆင့်အတန်းက ငါ့ထက်သာနေလို့နေမှာပေါ့.. ခင်ဗျားတို့ထဲမှာ ဘယ်သူက ဆရာကြီးလဲ.. တစ်ချက်ကြည့်ချင်လို့ ရှေ့ထွက်ပြပါဦး”

ဆူဇီမိုသည် ပွဲကြည့်စင်ပေါ်က အစစ်အမှန်မီးစွမ်းအင်ဂိုဏ်း၏ ရွှေအမြုတေများဘက်သို့ ဝေ့ကြည့်လိုက်၏။ သူ့မျက်လုံးထဲမှ လှောင်ပြောင်သရော်လိုသောအကြည့်ကို တွေ့နိုင်ကြလေသည်။

“ဆူဇီမို.. အရမ်းလွန်မလာပါနဲ့” အကြီးအကဲကျန်းက အေးစက်စွာ ပြောလိုက်၏။

“အရမ်းလွန်တယ် ဟုတ်လား”

ဆူဇီမိုက ခေါင်းခါပြပြီး မထီတရီဟန်နှင့် ပြန်ပြောလိုက်၏။

“ကျုပ်တော့ အဲ့လိုမထင်ပါဘူး.. ပြီးခဲ့တဲ့သုံးနှစ်က အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းက ကျူးလွန်ခဲ့တဲ့ ခိုးကြောင်ခိုးဝှက် လုပ်ကြံမှုနဲ့ နှိုင်းယှဉ်မယ်ဆိုရင်.. ဒါက ဘာမှ မဟုတ်သေးပါဘူး”

အကြီးအကဲကျန်း ဘာပြန်ပြောရမည်မသိ ဖြစ်သွား၏။

အဲ့တုန်းက ဘာသက်သေမှ မကျန်ခဲ့သော်လည်း လူတိုင်းသည် ဘယ်လိုဖြစ်ပျက်ခဲ့သည်ကို သိရှိထားကြလေသည်။ အစစ်အမှန်မီးစွမ်းအင်ပန်းပဲရုံရှေ့တွင် လာရောက်စိုက်ထူခဲ့သော ဧကရာဇ်၏ အမိန့်ပြန်တမ်းက သက်သေပင်။

“ဆူဇီမိုက သူ့ရဲ့ လွှမ်းမိုးခြယ်လှယ်နိုင်စွမ်းနဲ့ အာဏာစက်ကို တည်ဆောက်ဖို့ ကြိုးစားနေတာပဲ”

“ဟုတ်တယ်.. အဲ့ဒါက သူ့အတွက်ပဲ မဟုတ်ဘူး.. ဆန်းကြယ်တောင်ထွတ်အတွက်လဲပါတယ်.. သူက ဆန်းကြယ်တောင်ထွတ်အတွက် လက်တုန့်ပြန်ပေးနေတာပဲ”

သူတို့ဘေးပတ်လည်မှ တီးတိုးဆွေးနွေးပြောကြားသံ ကြားလိုက်ရပြီး ရွှမ်ယီနှင့် လျှို့ဟွေ့တို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ သူတို့သည် တစ်ယောက်မျက်လုံးထဲမှတစ်ယောက် ကျေနပ်ပီတိဖြစ်ရခြင်းကို မြင်တွေ့လိုက်ရ၏။

ဆူဇီမိုပေါ်လာပြီးနောက် ဆန်းကြယ်တောင်ထွတ်မှ တပည့်များသည် သိသိသာသာ စိတ်အားမာန်များ တက်ကြွလာကြောင်း ရှင်းလင်းစွာ သူတို့ခံစားမိနေ၏။

ထောင်ဖုန်းဘက်သို့ လှည့်၍ ဆူဇီမိုက ဆက်ပြောလိုက်၏။

“ဆန်းကြယ်တောင်ထွတ်က နတ်ပန်းပဲဆရာတွေက ဟာသတစ်ခုထက်မပိုဘူးလို့ မင်းပြောခဲ့တယ်မလား.. အခုပြောပါဦး.. ဘယ်သူက ဟာသလဲလို့”

ထောင်ဖုန်းသည် သွားများကို ကျိုးကြေလုမတတ် အံကိုတင်းတင်းကြိတ်လိုက်ပြီး သူ့န္ဓာကိုယ်တစ်ခုလုံးက ယိမ်းယိုင်လာ၏။ သူ့ဦးခေါင်းကို အနည်းငယ်ငုံ့ထားပြီး မျက်လုံးများက နီရဲလာ၏။

“ဆူဇီမို.. ငါမင်းကို မယုံဘူး”

ရုတ်တရတ် ထောင်ဖုန်းက သူ့ခေါင်းကိုမော့၍ နီရဲနေသော မျက်လုံးများနှင့် မော့ကြည့်ကာ အော်လိုက်၏။

“အခု ဒီနေရာမှာ ကျင့်ကြံသူပေါင်း တစ်သိန်းကျော်ရှိတယ်.. ဒါပေမယ့် မင်းလက်နက်သွန်းလုပ်တာကို ဘယ်သူ့မှ မမြင်ဖူးဘူး.. မင်းက သူများတွေ ပြောသလောက် တော်ပါ့မလားဆိုတာ ဘယ်သူက သိမှာလဲ.. မင်းက လက်နက်တစ်ခုတောင် သွန်းလုပ်မပြဘဲနဲ့ ဘယ်လိုဖြစ်ပြီး နတ်ပန်းပဲအဆင့်သတ်မှတ်စာရင်းမှာ နံပါတ်တစ်ဖြစ်သွားရတာလဲ”

ထောင်ဖုန်းက စိတ်လွတ်ပြီး လျှောက်ပြောနေသည်ဟု ထင်ရ၏။ သို့သော် တစ်ကယ်တမ်းမှာတော့ သူ့စကားလုံးများက ရိုက်ချက်ပြင်း၏။

ဆူဇီမိုက အသက်နှစ်ဆယ်ကျော်ကျော်အရွယ်နှင့် အခြေတည်အဆင့်မျှသာ ရှိသေး၏။ သို့သော်လည်း သူက ထိပ်တန်းအဆင့်လက်နက်များကို သွန်းလုပ်နိုင်နေသည်ဆိုခြင်းက နည်းနည်းတော့ ရယ်စရာကောင်း၏။

သူက အမိဝမ်းထဲမှာကတည်းက လက်နက်များကို သွန်းလုပ်နေခဲ့သည်ဆိုလျှင်တောင် အလွန်ဆုံးရှိလှ သူ့အတွေ့အကြုံက အနှစ်နှစ်ဆယ်ကျော်ပင်။ သူက နှစ်ရာပေါင်းများစွာ လက်နက်သွန်းလုပ်ခြင်းမှာ နှစ်မြုပ်ထားသော တစ်ကယ့်နတ်ပန်းပဲဆရာကြီးများထက် တစ်ကယ်ပဲ ပိုတော်နေနိုင်ပါ့မလား။

ဒီမှာရှိနေကြသောလူများသည် အစကတည်းက သံသယများရှိကြ၏။ အခုထောင်ဖုန်း၏ စကားကြောင့် သူတို့၏ ယခင်သံသယများက ပိုမိုအားပြန်ကောင်းလာကြ၏။

ဆူဇီမိုကို နောက်ကွယ်ကနေ ကူညီပေးနေတဲ့ စွမ်းအားကြီးပညာရှင်တစ်ယောက် ရှိနေတာများလား။

ထိုပညာရှင်က လက်နက်များကို သွန်းလုပ်နေပြီး ဆူဇီမိုက ဟန်ပြသက်သက်များလား။

ဘာပဲပြောပြော ဆူဇီမိုလက်နက်သွန်းလုပ်တာကို သူတို့အရင်က တစ်ခါမှ မမြင်ဖူးကြပေ။

များစွာသော လူများသည် ထိုအချက်မှတစ်ဆင့် နောက်ထပ်အတွေးများ ပွားလာကြ၏။

“မိုလင်းဆိုတဲ့နာမည်မှာ မိုက ဆူဇီမိုဆိုရင်.. လင်းဆိုတာက နောက်ကွယ်က ပညာရှင်များလား”

သူတို့အတွေးက အမှန်တရား အနည်းငယ် နီးစပ်မှုရှိသည်ဟုတော့ ထင်ရ၏။

များစွာသော ကျင့်ကြံသူများသည် ဆူဇီမိုကို ကြည့်သည့်ပုံစံက တဖြည်းဖြည်းပြောင်းလဲလာ၏။ သူတို့မျက်လုံးထဲတွင် သံသယများ၊ စူးစမ်းအကဲခတ်မှုများက ပါလာ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထောင်ဖုန်းသည် လူအများ အာရုံစိုက်စရာဖြစ်လာပြီး သူက အပေါ်ကိုမော့၍ ရယ်မောလိုက်၏။

“ဆူဇီမို.. မင်းမှာသာ တစ်ကယ်သတ္တိရှိတယ်ဆိုရင် အောက်ကိုဆင်းလာပြီး ငါနဲ့လာပြိုင်လိုက်စမ်းပါ.. ဘယ်သူက ဟာသလဲဆိုတာ လူတိုင်းက ဆုံးဖြတ်ပေးကြပါလိမ့်မယ်.. ခင်ဗျားတို့ပြောပြောနေကြတဲ့ မိုကလန်ရဲ့ စိတ်ဝိညာဉ်စုဆောင်းခြင်းနည်းစနစ်ဆိုတာကို လူတိုင်းလဲ မြင်ချင်တွေ့ချင်ကြလိမ့်မယ်လို့ ကျုပ်ထင်ပါတယ်”

ဧကရာဇ်၏ အမူအယာက တည်ငြိမ်နေပြီး သူက စိတ်ထဲကနေ တွေးလိုက်၏။

“အထင်ကြီးစရာပဲ”

ထိုစကားလုံးများကြောင့်.. ကိစ္စက ဘယ်လိုပဲဖြစ်လာပါစေ.. အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းက အမြတ်ထွက်ပေလိမ့်မည်။

ဆူဇီမိုသာ သူ့ကိုယ်သူပြောသလောက် မတော်ဘူးဆိုလျှင် ထောင်ဖုန်းနှင့်ပြိုင်သည့်အခါ အရှက်ကွဲ၍ ထောင်ဖုန်းက ထိုအပေါ်အမှီပြု၍ နာမည်ကြီးသွားပေလိမ့်မည်။

ဆူဇီမိုက တစ်ကယ်ပဲ မိုလင်းဆိုလျှင်တောင် သူသည် လူအများ၏ ရှေ့မှောက်၌ ဖိအားများသောကြောင့် အမှားများ ပြုလုပ်မိနိုင်လေသည်။

ထို့အပြင် သူတို့သည် ဆူဇီမို၏ လက်နက်သွန်းလုပ်ခြင်းကို မြင်တွေ့ရလျှင် သူ့နည်းစနစ်မှ လျှို့ဝှက်ချက်ကို ဖမ်းဆုပ်ရယူနိုင်ကောင်းသောကြောင့် ဘယ်လိုပဲဖြစ်ဖြစ် အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းက နစ်နာစရာ မရှိပေ။

မင်းတို့က ငါ့ရဲ့ စိတ်ဝိညာဉ်စုဆောင်းခြင်းနည်းစနစ်ကို သင်ယူချင်တယ်ပေါ့လေ။

ထောင်ဖုန်းက ရည်ရွယ်ချက်ကို ဆူဇီမိုသည် ပြောနိုင်လေသည်။

သို့သော်လည်း သူသည် သူ၏ စိတ်ဝိညာဉ်စုဆောင်းခြင်းနည်းစနစ်ကို သူများတွေ သင်ယူတတ်မြောက်သွားမှာကို စိုးရိမ်မနေပေ။

ဘာပဲပြောပြော.. အဲ့ဒါကို သူကလွဲပြီး မည်သူမျှ မသင်ယူနိုင်ပေ။

“ဆူဇီမို.. မင်းပြိုင်ရဲလား၊ မပြိုင်ရဲဘူးလား.. တစ်ခုခုတော့‌ ပြောပါဦးဟ” ထောင်ဖုန်းက လှောင်ပြောင်ရန်စသလို လှမ်းအော်လိုက်၏။

“ငါက မင်းနဲ့ ပြိုင်စရာလား.. မင်းက အဆင့်မှ မမီတာ.. ဒါပေမယ့်လို့...”

ဆူဇီမိုက စကားလမ်းကြောင်းကိုပြောင်း၍ တည်ငြိမ်စွာ ပြောလိုက်၏။

“လက်နက်တွေကို ဘယ်လိုသွန်းလုပ်ရသလဲဆိုတာ ဒီနေရာကနေ ငါမင်းကို နဲနဲပါးပါးတော့ သင်ပေးရသေးတာပေါ့.. သေချာလိုက်ကြည့်ထား.. အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းကို အရှက်မရစေနဲ့”

ငါမင်းကို သင်ပေးရသေးတာပေါ့..

ထိုလေသံက အကြီးအကဲတစ်ယောက်က သူ့လက်အောက်က လူငယ်မျိုးဆက်တစ်ယောက်ကို ဆုံးမသင်ပြပေးနေသလိုမျိုး ဖြစ်လေသည်။

လူတိုင်း မှင်သက်သွားကြ၏။

All Chapters