← Chapters

တစ်ကယ့်နတ်ပန်းပဲက ဘာလဲဆိုတာ

Vol. 21 Ch. 313

တစ်ကယ့်နတ်ပန်းပဲက ဘာလဲဆိုတာ

Vol. 21 Ch. 313

"လက်နက်တွေကို ဘယ်လိုသွန်းလုပ်ရသလဲဆိုတာ ငါမင်းကို သင်ပေးရမှာပေါ့"

ဆူဇီမိုက စကားတစ်ခွန်းနဲ့တင် သူတို့နှစ်ယောက်အကြား အဆင့်အတန်း ကွာဟမှုကို ခြားနားပစ်လိုက်၏။

"ဟီးဟီး"

ထောင်ဖုန်းက အေးစက်စွာ ရယ်မောလိုက်၏။

"ဆရာမိုက ကျုပ်ကို ဘာတွေသင်ပေးမလဲ ကိုယ်တိုင်ကိုယ်ကျ ကြည့်ရသေးတာပေါ့"

ဧကရာဇ်က လက်ကာပြလိုက်၏။

"နတ်ပန်းပဲပြိုင်ပွဲ တရား၀င် စတင်စေ"

ဧကရာဇ်၏ စကားဆုံးသွားသည်နှင့် နတ်ပန်းပဲပြိုင်ပွဲမှာ ၀င်ပြိုင်ကြမည့် ကျင့်ကြံသူများသည် လူအုပ်ကြီးထဲမှ တိုးထွက်၍ ကျောက်စိမ်းတိုင်ကြီးလေးတိုင်အကြား ကျယ်၀န်းသော မြေပြင်ကွင်းကြီးထဲသို့ ရောက်လာကြ၏။

ထောင်ဖုန်းက လမ်းလျှောက်လာ၏။ သူ၏ ရန်စသလို အကြည့်က ဆူဇီမိုထံမှ ဖယ်ခွာမသွားခဲ့ပေ။

"အကောင်းဆုံး ကြိုးစားပါ.. စီနီယာအစ်ကိုရွှယ်"

"ဂျူနီယာညီရွှယ်.. လုပ်ပြလိုက်စမ်းပါ.. ဂျူနီယာညီလေးဆူလဲ အနားမှာ ရှိနေမှာပဲ.. ဘာဖိအားမှ မထားဘဲ မင်းမှာရှိတာ အကုန်ထုတ်ပြလိုက်"

ဖက်တီးလေး၊ လမ့်ရိုနှင့် အခြားသူများ၏ အားပေးမှုနှင့် ရွှယ်ယီသည် မြေပြင်ကွင်းထဲသို့ ရောက်ရှိလာ၏။ သူသည် စိတ်မာန်တက်ကြွ၍ ယုံကြည်မှုအပြည့် ဖြစ်နေ၏။

ဆူဇီမိုသည် အထက်အမြင့်မှာ ထိုင်၍ အရာရာကို ထိုင်ရာမထ မတုန်မလှုပ် တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ကြည့်နေ၏။

နတ်ပန်းပဲပြိုင်ပွဲတွင် ဘယ်လိုလက်နက်အမျိုးအသားကို သွန်းလုပ်ရမည်ဆိုတာမျိုး သတ်မှတ်မထားပေ။ သို့သော်လည်း လူတစ်ယောက်မှာ အခွင့်အရေး သုံးကြိမ်သာလျှင်ရှိ၏။

ထိုသုံးကြိမ်မှာ အကောင်းဆုံးအဆင့်၊ အရည်အသွေးရှိသည့် စိတ်ဝိညာဉ်လက်နက်ကို ရွေးချယ်၍ နောက်ဆုံး အကဲဖြတ်ဆုံးဖြတ်မှုကို လုပ်ဆောင်မည် ဖြစ်လေသည်။

ဒီတစ်ခေါက် ဂိုဏ်းပေါင်းစုံပြိုင်ပွဲတွင် ၀င်ပြိုင်ကြသော နတ်ပန်းပဲဆရာ စုစုပေါင်း အယောက် ၁၀၇၂ဦး ရှိပြီး သူတို့အားလုံးသည် မြေပြင်ကွင်းလယ်တွင် စုဝေးနေကြ၏။

တစ်ချိန်တည်းမှာပင် သူတို့အားလုံးသည် သူတို့၏ ပန်းပဲမီးဖိုများကို ထုတ်၍ သူတို့ရှေ့တွင် ချထားလိုက်ကြ၏။

ရွှစ်..

ချက်ချင်းပင် မရေမတွက်နိုင်သော မီးတောက်များက ထွက်ပေါ်လာပြီး ထိန်ထိန်လင်းသွားကြ၏။ တချို့က အဆင့်-၁ စိတ်ဝိညာဉ်မီးတောက်၊ တချို့က အဆင့်-၃ စိတ်ဝိညာဉ်မီးတောက်။

သူတို့မီးဖိုများကို အပူပေးလိုက်ကြ၏။

များစွာသော ကျင့်ကြံသူများသည် သူတို့အသုံးပြုမည့် သတ္တုများ၊ ကုန်ကြမ်းပစ္စည်းများကို အဆင်သင့်ဆောင်ယူလာကြ၏။ သူတို့သည် ပန်းပဲမီးဖိုကို အပူပေးပြီးနောက် ကုန်ကြမ်းပစ္စည်းများကို ပစ်ထည့်၍ မီးတောက်၏ အပူချိန်ကို မြှင့်တငိကာ အရည်ဖျော်ခြင်းကို စတင်လိုက်၏။

ဤအဆင့်တွင် မီးတောက်၏ အဆင့်က မြင့်လေလေ၊ အညစ်အကြေးများကို ပို၍ ဖယ်ထုတ်နိုင်လေ ဖြစ်လေသည်။

ရွှယ်ယီသည် အဆင့်-၂ စိတ်ဝိညာဉ်မီးတောက်ကို ထုတ်ဖော်နိုင်ပြီး ထောင်ဖုန်းက အဆင့်-၃ စိတ်ဝိညာဉ်မီးတောက်ကို ထုတ်ဖော်နိုင်လေသည်။

အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာခဲ့၏။

အရည်ဖျော်ခြင်းကို ပထမဆုံး ပြီးမြောက်သွားသူမှာ ထောင်ဖုန်းဖြစ်လေသည်။

နောက်တစ်ဆင့် .. ပုံဖော်ခြင်း။

အဲ့ဒါပြီးလျှင် မီးဆေးခြင်း ဖြစ်လေသည်။

ပွဲကြည့်စင်၏ နှစ်ဖက်စလုံးရှိ ကျင့်ကြံသူများသည် ထောင်ဖုန်း၏ လက်နက်သွန်းလုပ်ခြင်း နည်းစနစ်ကို အသိအမှတ်ပြု ခေါင်းညိတ်လိုက်ကြ၏။

ထောင်ဖုန်း၏ နည်းစနစ်က သူ့ဘေးပတ်လည်ရှိ လူများအားလုံးထက် အပြတ်အသတ် သာလွန်လေသည်။

အသက်သုံးဆယ်လောက်သာ ရှိသေးသည့် လူတစ်ယောက်အနေနှင့် လက်နက်သွန်းလုပ်ခြင်းတွင် ဤမျှနားလည်ကျွမ်းကျင် နှံ့စပ်နိုင်မှု ရှိခြင်းက တစ်ကယ့်ရှားရှားပါးပါးပင်။

သူတို့အားလုံးသည် နောက်ထပ်လူငယ်တစ်ယောက်ကို သတိရသွားကြပြီး အပေါ်တွင် ထိုင်နေသော ဆူဇီမိုကို မော့ကြည့်လိုက်ကြ၏။

ထိုအချိန်တွင် ဆူဇီမိုက တည်ငြိမ်နေ၏။ ထောင်ဖုန်း၏ လက်နက်သွန်းလုပ်ခြင်း နည်းစနစ်က သူ့အတွက် ဘာမှ မဟုတ်သလိုပင်။

"ဟေး ဆူဇီမို.. ရှင်က အရမ်းဘက်လိုက်တာပဲ" နတ်ဆိုးမကျိက ဆူဇီမိုနားအနားသို့ကပ်၍ တိုးတိုးလေး ပြောလိုက်၏။

"မမကို လက်ဆောင်ပေးထားတဲ့ အင်္ကျီက အရမ်းလှတာပဲ.. ကျမလဲ တစ်ခု လိုချင်တယ်"

နွေးထွေးသော အထိအတွေ့နှင့် ညုတုတုအသံတို့ကြောင့် ဆူဇီမိုသည် တစ်ကိုယ်လုံး ဖိန်းတိမ်းရှိန်းတိမ်းဖြစ်၍ ကြက်သီးမွေးညင်းများ ထလာ၏။ သူသည် အသက်ကို ပြင်းပြင်းရှိုက်၍ စိတ်ကိုတည်ငြိမ်အောင် ကြိုးစားလိုက်ရ၏။

သူ မသိလိုက်ခင်မှာပင် ချွေးအေးများက ထွက်နေလေပြီ။

"ဒီနတ်ဆိုးမကတော့…"

ယခုအခါ မြေပြင်ကွင်းတွင် ထောင်ဖုန်းက မီးဆေးခြင်းပြီးလို့ စိတ်ဝိညာဉ်စုဆောင်းခြင်းကိုပင် စတင်နေလေပြီ။

သိပ်မကြာမီ သူသည် ပထမဆုံးစိတ်ဝိညာဉ်အင်းကွက်ကို စုဖွဲ့နိုင်လိုက်၏။

အစစ်အမှန်မီးစွမ်းဂိုဏ်းမှ စီမာကျီက ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ ထောင်ဖုန်း၏ လက်နက်သွန်းလုပ်ခြင်း တစ်ခုလုံးကို သူစောင့်ကြည့်ခဲ့၏။ အဲ့မှာ အမှားလုံး၀ မရှိခဲ့ပေ။ သူက သာလွန်အဆင့် လက်နက်ကိုတောင် သွန်းလုပ်နိုင်ကောင်းလောက်၏။

ခဏကြာပြီးနောက် နောက်ထပ် စိတ်ဝိညာဉ်အလင်းတန်းတစ်ခုက ပေါ်ထွက်လာ၏။

ဒုတိယမြောက် စိတ်ဝိညာဉ်အင်းကွက်..

အဲ့ဒါက အလယ်အလတ်အဆင့်လက်နက် ဖြစ်သွားပြီ ဖြစ်သော်လည်း ထောင်ဖုန်းက ရပ်တန့်လိုက်ဖို့ ဆန္ဒမရှိပေ။

နောက်ထပ်ခဏကြာပြီးနောက် တတိယမြောက် စိတ်ဝိညာဉ်အင်းကွက်က လူတိုင်း၏ ရှေ့မှောက်မှာ ပေါ်ထွက်လာခဲ့၏။

စိတ်ဝိညာဉ်အင်းကွက်သုံးခု.. သာလွန်အဆင့် စိတ်ဝိညာဉ်လက်နက်!

ထိုအခါမှသာလျှင် ထောင်ဖုန်းသည် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်၏။

သည့်အရင်က သူသည် သာလွန်အဆင့် စိတ်ဝိညာဉ်လက်နက်တစ်ခုကို သွန်းလုပ်ရာတွင် ကျရှုံးမှုနှုန်းက အလွန်များခဲ့၏။ အခုသူသည် တစ်ခါတည်းနှင့် အဲ့ဒါကို လုပ်နိုင်ခဲ့ခြင်းက အတော်လေးဟန်ကျသည်ဟု ဆိုရပေမည်။

သူသည် လက်နက်ကို ရေအေးထဲသို့နှစ်၍ အအေးခံလိုက်၏။

သာလွန်အဆင့်လက်နက်တစ်ခုက ဖြစ်တည်လာခဲ့ပေပြီ။

လူအုပ်ကြီးထဲမှ အံ့အားသင့် တုန်လှုပ်သံများကို ကြားလိုက်ရ၏။

ပြီးခဲ့သည့် ဂိုဏ်းပေါင်းစုံပြိုင်ပွဲများမှာတုန်းက သာလွန်အဆင့်လက်နက်ကို သွန်းလုပ်နိုင်ခဲ့သည့်သူက မရှိသလောက်ပင်။

သူ၏ ပထမအကြိမ် ကြိုးပမ်းမှုမှာတင် သာလွန်အဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုကို သွန်းလုပ်နိုင်ခဲ့သောကြောင့် ထောင်ဖုန်း၏ နတ်ပန်းပဲအတတ်ကို မဖြစ်မနေ အသိအမှတ်ပြုရပေမည်။

သူ၏ အောင်မြင်မှုကို ဖော်ကြွားမည်ဟူသော အတွေးနှင့် သူသည် ဆူဇီဘက်သို့ လှည့်ကြည့်လိုက်၏။ သို့သော်လည်း ဆူဇီမိုက သူ့ထိုင်ခုံပေါ်တွင် မျက်လုံးကိုမှိတ်၍ အနားယူနေပြီး သူကို့ ကြည့်တောင်ကြည့်မနေပေ။

အချိန်တစ်ခု ကြာသွားပြီးနောက် ပြိုင်ပွဲ၀င် နတ်ပန်းပဲဆရာများအားလုံးသည် သူတို့၏ ပထမအကြော့ လက်နက်သွန်းလုပ်ခြင်းကို ပြုလုပ်လို့ ပြီးသွားကြ၏။

တချို့က အောင်မြင်ပြီး တချို့က ကျရှုံးသွားကြ၏။

ရွှယ်ယိသည် အဆင့်နိမ့်စိတ်ဝိညာဉ်လက်နက်တစ်ုခုကို အောင်မြင်အောင် သွန်းလုပ်နိုင်ခဲ့၏။

သူသည် ပထမအကြော့တွင် အလယ်အလတ်အဆင့် လက်နက်တစ်ခုကို သွန်းလုပ်ဖို့ အလောကြီးမနေပေ။ သူသည် လက်နက်သွန်းလုပ်ခြင်း ခံစားချက်နှင့် သူ့ကိုယ်သူ တစ်သားတည်းကျလာအောင် အရင်လုပ်ပြီးမှ သူ၏ အထွတ်အထိတ်ပုံစံကို ထုတ်ပြနိုင်ဖို့ ရည်ရွယ်ထား၏။

နတ်ပန်းပဲဆရာ တစ်ထောင်ကျော်သည် ခဏမျှ အနားယူလိုက်ပြီးမှ ဒုတိယအကြော့ ပြန်လည်စတင်ဖို့ ပြင်ဆင်လိုက်ကြ၏။

ထိုအချိန်တွင် အထက်၌ ထိုင်နေသော ဆူဇီမိုသည် ရုတ်တရတ် သူ့မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်၏။ အလင်းနှစ်ခုက တဖျတ်ဖျတ်လက်တောက်ပပြီးမှ ပုံမှန်အတိုင်း ပြန်လည်တည်ငြိမ်သွား၏။

"အမ်"

တစ်စုံတစ်ရာကို အာရုံခံမိလိုက်ပြီး များစွာသော ရွှေအမြုတေများသည် လှည့်ကြည့်လိုက်ကြ၏။

အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ စီမာကျီက ပြောလိုက်၏။

"အိုး ဆရာမို.. ခင်ဗျားက ထပြီး တိုက်ခိုက်မလို့ ဟန်ပြင်နေတာလား"

"မဟာကျိုးအင်ပါယာရဲ့ နံပါတ်တစ် နတ်ပန်းပဲဆရာကြီးက ကျုပ်တို့ကို မလှိမ့်တပတ် ရိုက်ဖို့အတွက် သာလွန်အဆင့်လက်နက်လေး တစ်ခုလောက်တောင် သွန်းလုပ်မပြတော့ဘူးလားဗျ" အကြီးအကဲကျန်းက လှောင်ရယ်လိုက်၏။

သူတို့နှစ်ယောက်က လူ့လောကတွင် ကျင်လည်လာခဲ့သည်မှာ နှစ်ရာချီနေပြီဖြစ်ပြီး အရူးများ မဟုတ်ကြပေ။

လက်နက်သွန်းလုပ်ခြင်းက လူတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေအပေါ် များစွာမူတည်နေကြောင်း သူတို့သိထားလေသည်။

ထို့ကြောင့်ပင် သူတို့သည် ဆူဇီမိုကို စကားလုံးများနှင့် တမင်ရည်ရွယ်၍ တိုက်ခိုက်နေကြခြင်းဖြစ်၏။

ထို့နောက် ထောင်ဖုန်းက သူ့လေသံကိုတင်၍ ထုတ်ကြေညာလိုက်၏။

"ကြီးမြတ်တဲ့ဆရာမိုက သုံးချီသုံးခါတောင်လိုမှာ မဟုတ်ဘူး.. ကျုပ်ကြားဖူးတာတော့ မိုကလန်ရဲ့ စိတ်ဝိညာဉ်စုဆောင်းခြင်း နည်းစနစ်က အောင်မြင်နိုင်ခြေ အရမ်းမြင့်ဆိုပဲ.. ဆရာမိုရဲ့ အစွမ်းအစနဲ့ပါ ထပ်ပေါင်းလိုက်မယ်ဆိုရင်.. အဲ့ဒါက တစ်ချီဆို လုံလောက်ပါရဲ့ ဟုတ်တယ်မလားဗျ"

ဖိအား..

ဆက်တိုက် ဖိအားများ..

ဆူဇီမို၏ စိတ်အခြေအနေက ယိမ်းယိုင်သွားသည်နှင့်အမျှ သူ၏ လက်နက်သွန်းလုပ်ခြင်းမှာ သေချာပေါက် ပြဿနာရှိလာပေလိမ့်မည်။

သို့သော်လည်း အဲ့ဒါက သူတို့၏ အတွေးများသာဖြစ်၏။ ဆူဇီမို၏ မျက်လုံးထဲမှာတော့ အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ လူများက လူပြက်များသာ။

သူ၏ စိတ်ဝိညာဉ်စုဆောင်းခြင်း နည်းစနစ်က စိတ်အခြေအနေအပေါ်မှာ မီခိုမနေပေ။

သုံးနှစ်ကြာ လေ့ကျင့်ပြီးနောက် ပြင်ပမှ လှောင်ပြောင်သရော်မှုများ၊ ဝေဖန်ထိုးနှက်မှုများက သူ၏ စိတ်အခြေအနေအပေါ် လုံး၀အကျိုးသက်ရောက်နိုင်ခြင်း မရှိတော့ပေ။

"ဒါပေါ့ မင်းမှန်တယ်ကောင်လေး.. တစ်ကြိမ်ဆို လုံလောက်တာပေါ့"

ဆူဇီမိုက တည်ငြိမ်စွာ ပြုံးလိုက်၏။

"ထောင်ဖုန်းနဲ့ အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းကလူတွေ ခင်ဗျားတို့မျက်လုံးတွေကို ကောင်းကောင်းဖွင့်ကြည့်ထားကြပါ.. တစ်ကယ့်နတ်ပန်းပဲက ဘာလဲဆိုတာ ခင်ဗျားတို့ကို ပြပေးရတာပေါ့"

All Chapters