← Chapters

စိတ်ဝိညာဉ်ဆေဘာဓါး

Vol. 21 Ch. 314

စိတ်ဝိညာဉ်ဆေဘာဓါး

Vol. 21 Ch. 314

"ဘုန်း!"

ဆူဇီမိုသည် ပွဲကြည့်စင်၏ အလယ်သို့ရောက်လာပြီး သိုလှောင်အိတ်ထဲမှ ပန်းပဲမီးဖိုတစ်လုံးကို ထုတ်ကာ ဘုန်းကနဲမြည်အောင် ပစ်ချလိုက်၏။

ထိုအချိန်တွင် ထောင်ဖုန်းနှင့် အစစ်အမှန်မီးစွမ်းဂိုဏ်းမှ လူများသာလျှင်မက.. အခြေတည်အဆင့်ကျင့်ကြံသူ တစ်သိန်းကျော်နှင့် ရွှေအမြုတေတစ်ထောင်ကျော်ပါ.. အားလုံး၏ အကြည့်က ဆူဇီမိုအပေါ်မှာသာလျှင် ကျရောက်ကုန်ကြ၏။

ထိုကဲ့သို့ ပြင်းထန်သည့်ဖိအားက တော်ရုံလူများ ခံနိုင်ရည်ရှိသောအရာ မဟုတ်ပေ။

လက်ရှိလူအားလုံး၏ မျက်လုံးထဲတွင် ဘာပဲဖြစ်ဖြစ် ဆူဇီမိုက အရမ်းငယ်လွန်းသေး၏။ သူ၏ စိတ်ပိုင်းဆိုင်ရာအခြေအနေနှင့် စိတ်စွမ်းအားက လုံလောက်အောင် ပြတ်သားခိုင်မာမှု မရှိခဲ့လျှင် သူ၏ လက်နက်သွန်းလုပ်ခြင်းတွင် ကြီးမားသည့် ပြဿနာနှင့် ရင်ဆိုင်ရပေတော့မည်။

မထီတရီ မျက်နှာပေးနှင့် ဆူဇီမိုသည် သူ့လက်ဖဝါးမှ သွေးနီရောင် မီးတောက်ကို ထုတ်ဖော်လိုက်ပြီး ပန်းပဲမီးဖိုကို အပူပေးလိုက်၏။

ပန်းပဲမီးဖိုက ပူနွေးလာသောအခါ သူသည် သိုလှောင်အိတ်ထဲမှ ပြင်းထန်အားကောင်းသည့် စိတ်ဝိညာဉ်ချီများ ဖြာထွက်နေသော စိတ်ဝိညာဉ်ပါ၀င်ပစ္စည်းများကို ထုတ်ယူ၍ ပန်းပဲမီးဖိုထဲသို့ ပစ်ထည့်လိုက်၏။

"ဘုရားရေ.. အဲ့ဒါ ခရမ်းငှက်မွေးကျောက်ဟ"

"ဟိုသဲလက်ဆုပ်က အရောင်အရမ်းမှိန်နေတယ်.. အဲ့ဒါက အရောင်မှိုင်းသဲထင်တယ်နော်"

"ကြည့်ဦး အဲ့ဒါက ရေခဲပိုးသံမဏိ၊ ကြက်သွေးရွှေသလင်း.. ဟာ ဆန်းကြယ်လျှပ်စီးကျောက်စိမ်းရောပဲဟ"

လူအုပ်ကြီးထဲမှ အံ့အားတသင့် ရေရွတ်သံများက ဆက်တိုက်ထွက်ပေါ်လာ၏။

ထိုစိတ်ဝိညာဉ် ပါ၀င်ပစ္စည်းများအားလုံးက အလွန်တရာ ရှားပါးပြီး သူတို့ထဲမှ တစ်ခုလောက်ကို ထိပ်တန်းအဆင့်လက်နက်များ သွန်းလုပ်ရာတွင် ပင်မအဓိကပစ္စည်းအဖြစ် ထည့်၍ သွန်းလုပ်ကြလေသည်။

သို့သော် အခုအခါမှာတော့ သူသည် ရှားပါးစိတ်ဝိညာဉ်ပစ္စည်းများချည်း တစ်ခါတည်း ပစ်ထည့်လိုက်၏။

သူက ဘာကို သွန်းလုပ်ချင်နေတာလဲ။

လူတိုင်း၏ စိတ်ထဲတွင် သံသယမေးခွန်းများက ပေါ်လာ၏။

ရှားပါးသည့် စိတ်ဝိညာဉ်ပါ၀င်ပစ္စည်းများကို အတူရောနှော၍ ပေါင်းထည့်လေလေ.. လက်နက်သွန်းလုပ်မှုက ပိုမိုခက်ခဲလာလေလေဖြစ်၏။ တော်တန်ရုံနတ်ပန်ူပဲဆရာများက ထိုသို့စွန့်စားလိုစိတ် မရှိကြပေ။

သိပ်မကြာမီ ထိုစိတ်ဝိညာဉ် ပါ၀င်ပစ္စည်းများအားလုံးသည် ပန်းပဲမီးဖိုထဲသို့ အကုန်ရောက်ကုန်ကြ၏။

ရွှစ်..

မီးတောက်က အပူရှိန်မြင့်တက်လာပြီး ပန်းပဲမီးဖိုထဲရှိ စိတ်ဝိညာဉ်ပါ၀င်ပစ္စည်းများကို အရူးအမူး လောင်ကျွမ်းပစ်နေ၏။

အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာ၏။

အရည်ဖျော်ခြင်းပြီးနောက်.. ပုံဖော်ခြင်းဖြစ်စဉ်သို့ ရောက်ရှိလာလေပြီ။

မရေမတွက်နိုင်သော အကြည့်များ၏ အောက်မှာပင် စိတ်ဝိညာဉ်လက်နက်တစ်ခုက တဖြည်းဖြည်း ရုပ်လုံးပေါ်လာ၏။ တစ်ချိန်တည်းမှာပင် လူတိုင်းသည် တဖြည်းဖြည်း မျက်လုံးအပြူးသားနှင့် တုန်လှုပ်လာကြ၏။

"အဲ့ဒါ ဘာကြီးလဲဟ.. ဆေဘာလား"

"လခွမ်းပဲ ဆေဘာကြီးက သောက်ရမ်းကြီးလိုက်တာ"

"အဲ့ဒါက လက်ကိုင်တောင် ပါလိုက်သေးတယ်ဟ.. အဲ့ဆေဘာကိုသာ ကိုင်ရမယ်ဆို စိတ်ဝိညာဉ်ချီတွေ ဘယ်လောက်တောင် ကုန်လိုက်မလဲ.. အဲ့ဒါကို အသာထားပါဦး.. အဲ့ဆေဘာကြီးကို ကိုင်ပြီးဝေ့ရမ်းဖို့တောင် လွယ်မှာမဟုတ်ဘူး.. အဲ့ဒါကို သွန်းလုပ်ပြီးရင်တောင် ဘယ်လိုသွားသုံးမလဲ"

ဆူဇီမို၏ ပန်းပဲမီးဖိုထဲတွင် ဆေဘာရှည် တစ်လက်က တဖြည်းဖြည်းပုံပေါ်လာ၏။ အဲ့ဒါက လူတစ်ယောက်၏ ခါးလောက်ထိရှည်ပြီး ဓါးဗျက်ကလည်း အတော်ကျယ်၏။ လူတစ်ယောက်၏ လက်တစ်ဝါးထက်တောင် အနည်းငယ်ပိုကြီးနေသေး၏။ အရမ်းလေးလံ တုတ်ခိုင်သည့် ဆေဘာတစ်လက်ဖြစ်၏။

ပြီးခဲ့သည့် သုံးနှစ်အတွင်း ဆူဇီမိုသည် များစွာသော စိတ်ဝိညာဉ်လက်နက်များကို သွန်းလုပ်ခဲ့၏။

သူ့မှာ ထိပ်တန်းအဆင့်လက်နက်များ ရာနှင့်ချီပြီး ရှိ၏။

သို့သော် ဆူဇီမိုသည် သူကိုယ်တိုင်သုံးဖို့အတွက် ဆေဘာတစ်လက်ကို ဘယ်တုန်းကမှ မသွန်းလုပ်ခဲ့မိပေ။

ယခု ဤအချိန်က အခါသင့်ပြီဟု ဆူဇီမိုသည် ခံစားမိလိုက်၏။

အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ လူတစ်ယောက်က ပြောလိုက်၏။

"အဲ့ဆေဘာက လက်ကိုင်ကြီးနဲ့.. အဲ့ဒါ သူကိုင်ဖို့အတွက် လုပ်နေတာဖြစ်ရမယ်.. သူက အနီးကပ်တိုက်ခိုက်ရည်မှာ အတော်သန်မာတယ်လို့ ပြောကြတာ ကြားဖူးတယ်"

ထိုစကားကိုပြောလိုက်သူက အေးစက်စက် သတ်ဖြတ်လိုစိတ်နှင့် ဆူဇီမိုကို ကြည့်လိုက်၏။

သူက အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ အမွေခံတပည့် ဟယ်ကျင်းပင် ဖြစ်လေသည်။

ဆူဇီမိုလက်ချက်ဖြင့် သေဆုံးသွားခဲ့သော နတ်ဆေးဆရာဟယ်ရှင်းက သူ့ညီဖြစ်လေသည်။

"ဆိုးတာပဲ သူက အချက်တစ်ချက်ကို မေ့နေတယ်"

ထောင်ဖုန်းက အေးစက်စက် သရော်လိုက်၏။

"ဒီလောက်များတဲ့ စိတ်ဝိညာဉ်ပစ္စည်းတွေကို အရည်ဖျော်လိုက်မယ်ဆိုရင်.. အထဲက အညစ်အကြေးတွေ အကုန်ဖယ်ထုတ်နိုင်ခဲ့မယ် ဆိုရင်တောင် အဲ့ဆေဘာရဲ့အလေးချိန်က အရမ်းကြောက်ဖို့ကောင်းနေမှာ.. သူအဲ့ဒါကို မတောင်မနိုင်မှာ မဟုတ်လောက်ဘူး"

တဖြည်းဖြည်း ဖွဲ့တည်လာသော စိတ်ဝိညာဉ်ဆေဘာကိုကြည့်ပြီး ဆူဇီမိုက အလွန်တရာ သဘောကျကျေနပ်နေ၏။

ပုံဖော်ခြင်း ပြီးဆုံးသွားပြီးနောက် မီးဆေးခြင်းက စတင်လေပြီ။

ဆူဇီမိုသည် စိတ်ဝိညာဉ်စွမ်းအင်ဖြင့် ကြီးမားသည့် လက်တစ်စုံကို စုဖွဲ့ဖန်တီးပြီးနောက် ပန်းပဲမီးဖို့ထဲသို့ ၀င်ရောက်စေလိုက်၏။ သူ့လက်ချောင်းများက ဓါးသွားကို တူလေးတစ်လက်ကဲ့သို့ တတောက်တောက် ရိုက်ခတ်လိုက်သောအခါ သာယာနာပျော်ဖွယ်ကောင်းသော ကြွပ်ဆတ်ဆတ် အသံတစ်မျိုးက ထွက်ပေါ်လာ၏။

ချွင် ချွမ်!

ခဏကြာပြီးနောက် များစွာသော နတ်ပန်းပဲဆရာများ၏ အမူအယာက ပြောင်းလဲသွား၏။

လက်နက်က ပန်းပဲမီးဖိုထဲမှာဖြစ်၍ ဆူဇီမို၏ မီးဆေးခြင်းနည်းစနစ်ကို သူတို့မမြင်ရဘူးဆိုလျှင်တောင် ရိုက်ခတ်သံများ တစ်ချက်ချင်းစီအကြားက အတိအကျ တူညီနေ၏။ အရာရာတိုင်းက ကြိုတင်တွက်ချက်ထားသည့်အလား တိကျသေသပ်လွန်းနေ၏။

"ဒါက…"

ဆူဇီမိုက ဆရာမိုဖြစ်ကြောင်း များစွာသောရွှေအမြတေများသည် အကြွင်းမဲ့ ယုံကြည်လက်ခံသွားကြ၏။

ဒီလိုမျိုး မီးဆေးခြင်းနည်းစနစ်က သာမန်နတ်ပန်းပဲဆရာများ တတ်မြောက်နိုင်သောအရာ မဟုတ်ပေ။

ဒါ့အပြင် ပစ္စည်းရွေးချယ်ခြင်းအဆင့်မှ မီးဆေးခြင်းအထိ ဆူဇီမို၏ လှုပ်ရှားမှုများက လုံး၀ပြေပြစ်ချောမွေ့နေ၏။ အဲ့ဒါက သူ့ရဲ့ သာမန်လုပ်ရိုးလုပ်စဉ်တစ်ခုလို ပကတိပြီးပြည့်စုံနေ၏။

စီမာကျီက စိတ်ထဲကနေ အေးစက်စက် လှောင်ရယ်၍ ပြောလိုက်၏။

"မင်းက ဆရာမိုဆိုတော့ရော ဘာဖြစ်လဲ၊ နောက်ပြီးကျရင် မင်းရဲ့စိတ်ဝိညာဉ် စုဆောင်းခြင်းနည်းစနစ်ကို ငါတို့မြင်ရမှာပဲ.. မင်းရဲ့လျှို့ဝှက်ချက်ကိုတောင် ငါတို့ရချင်ရသွားမှာ"

အတန်ငယ်ကြာပြီးနောက် မီးဆေးခြင်းက ပြီးဆုံးသွား၏။

ဆူဇီမို၏ နဖူးထက်တွင် ချွေးလေးများက စိုလာ၏။

စိတ်ဝိညာဉ်ပါ၀င်ပစ္စည်းများစွာကို ပေါင်းစပ်ထားသောကြောင့် မီးဆေးခြင်း၏ ခက်ခဲမှုက သူ့အတွက်လည်း အတော်လေးသိသိသာသာ တိုးလာ၏။

မီးဆေးခြင်းပြီးလျှင် နောက်လာမည့်အဆင့်က လက်နက်သွန်းလုပ်ရာတွင် သေရေးရှင်ရေးတမျှ အရေးကြီးသော.. စိတ်ဝိညာဉ်စုဆောင်းခြင်းဖြစ်လေသည်။

စီမာကျီနှင့် အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ လူများသည် သူ့ကို မမှိတ်မသုန် စိုက်ကြည့်၍ တောင့်တင်းနေကြကြောင်း ဆူဇီမို ရှင်းလင်းစွာ ခံစားမိနေ၏။

"ဟဲဟဲ.."

သူက ခပ်ယဲ့ယဲ့ ရယ်မောလိုက်၏။

"ကျုပ်ရဲ့ စိတ်ဝိညာဉ်စုဆောင်းခြင်း နည်းစနစ်ကို ခင်ဗျားတို့ ကြည့်ချင်နေကြတာမလား.. ကောင်းပြီလေ ခင်ဗျားတို့ ရှင်းရှင်းလင်းလင်း ပိုမြင်ရအောင် ပြပေးရတာပေါ့"

ထိုသို့ပြောပြီးသည်နှင့် အားလုံး၏ ရှေ့မှောက်မှာတင် ဆူဇီမိုသည် အထူးတဆန်းတစ်ခုကို ရုတ်တရတ် ပြုလုပ်လိုက်၏။

သူ၏ ပန်းပဲမီးဖိုကို ဖယ်ထုတ်ပစ်လိုက်ခြင်းပင်။

ဆန်းကြယ်တောင်ထွတ်မှ လူများကတော့ ထိုအရာကို မျှော်လင့်ထားပြီးဖြစ်၍ သိပ်မအံ့ဩကြပေ။ သို့သော် အခြားသော ကျင့်ကြံသူများကတော့ ထိတ်လန့်တကြား ဖြစ်ကုန်ကြ၏။

အထူးသဖြင့် ဆူဇီမိုနှင့် အနီးဆုံးအနားမှာ ရှိနေကြသော ရွှေအမြုတေများပင်။ သူတို့သည် ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး အလိုလို နောက်ဆုတ်ချင်မိကြ၏။

သို့သော်လည်း ထိုသို့ပြုလုပ်ပါက ရုပ်ပျက်လွန်းသည် ဖြစ်နေမှာကို စိုးသောကြောင့် သူတို့သည် ဟန်လုပ်ချောင်းဟန့်၍ တည်ငြိမ်ချင်ယောင်ဆောင်နေလိုက်ကြ၏။

မည်သည့်အကာအကွယ်မျှ မပါရှိဘဲနှင့် ဆူဇီမိုသည် စိတ်ဝိညာဉ်စုဆောင်းခြင်းကို စတင်လိုက်၏။

ထိုသည်ကို မြင်သောအခါ ဆူဇီမို၏ နောက်ကွယ်က ရည်ရွယ်ချက်ကို မသိရသော်လည်း ဧကရာဇ်သည် မျက်မှောင်ကြုတ်လိုက်၏။

စိတ်ဝိညာဉ်စုဆောင်းနေစဉ် ပန်းပဲမီးဖိုကို ဖယ်ထုတ်လိုက်ခြင်းက အန္တရာယ်များလွန်းလှ၏။

ပထမမြောက် စိတ်ဝိညာအင်းကွက်က မအောင်မြင်ခဲ့လျှင် အဲ့ဒါက စိတ်ဝိညာဉ်တုလက်နက်တစ်ခု ပေါက်ကွဲခြင်းနှင့်တူပြီး သေစေနိုင်စွမ်းက သိပ်မမြင့်မားပေ။

သို့သော်လည်း သူသည် စတုတ္ထမြောက်အင်းကွက်မှာ ကျရှုံးခဲ့လျှင်တော့ အဲ့ဒါက သာလွန်အဆင့်လက်နက်တစ်ခု ပေါက်ကွဲခြင်းနှင့်တူပြီး ရိုက်ခတ်မှုလှိုင်းက အတော်ကြောက်စရာကောင်းနေပေလိမ့်မည်။ သူ့ကိုယ်သူ ခုခံကာကွယ်ဖို့ ကောင်းကောင်းမပြင်ဆင်ထားလျှင် ဒဏ်ရာအပြင်းအထန် ရရှိသွားနိုင်၏။

ကျိယောင်ရွှယ်က မသိမသာ မျက်မှောင်ကြုတ်၍ သူမ၏ ချယ်ရီနှုတ်ခမ်းလေးကို တင်းတင်းစေ့ထား၏။ သူမ၏ မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုများကို အထင်းသား မြင်နိုင်လေသည်။

"မမ သိပ်လဲ စိတ်ပူမနေပါနဲ့.. ဆရာမိုက အဆင်ပြေမှာပါ"

ထိုအချိန်မှာ နတ်ဆိုးမကျိက ကျိယောင်ရွှယ်အနားတိုးကပ်၍ သူမ၏ အေးစက်နေသော လက်ကလေးကို ဆုပ်ကာကာ နှစ်သိမ့်ပေးလိုက်၏။

ကျိယောင်ရွှယ်က အားတင်းပြီး ပြုံးပြလိုက်၏။ သို့သော် သူမ၏ မျက်လုံးထဲမှ စိုးရိမ်ပူပန်မှုကတော့ လျော့ကျမသွားပေ။

ရွှစ်..

ထိုအချိန်မှာပင် အလင်းရောင်တစ်ခုက ထိန်လင်းထွက်ပေါ်လာ၏။

ပထမဆုံး စိတ်ဝိညာဉ်အင်းကွက်က အောင်မြင်စွာ စုဖွဲ့ဖြစ်တည်သွားလေပြီ။

ဆူဇီမိုက ရပ်နားခြင်း မရှိဘဲ ဒုတိယမြောက် စိတ်ဝိညာဉ်အင်းကွက်ကို ဆက်လက်စုဖွဲ့လိုက်၏။

လူတိုင်းသည် အသက်ကိုမျှင်းရှူ၍ ဆက်လက်စောင့်ကြည့်နေကြ၏။

ခဏကြာပြီးနောက် နောက်ထပ်အလင်းရောင် တစ်ခုက ထွက်ပေါ်လာ၏။

ဒုတိယမြောက် စိတ်ဝိညာဉ်အင်းကွက်က အောင်မြင်စွာ စုဖွဲ့သွားလေပြီ။

လူအုပ်ကြီးထဲမှ ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာ၏။

ကျိယောင်ရွှယ်၏ လက်ဖဝါးနှစ်ဖက်က ချွေးများရွှဲနေလေပြီ။

ဆူဇီမိုက စိတ်ဝိညာဉ်အင်းကွက်နှစ်ခုကို ဆက်တိုက်အောင်မြင်စွာ စုဖွဲ့နိုင်ခဲ့သော်လည်း သူမက ပိုလိုတောင် စိုးရွံ့တောင့်တင်းလာ၏။

ဆူဇီမိုသည် စိတ်ဝိညာဉ်စုဆောင်းခြင်းမှာ စောစောစီးစီး ကျရှုံးသွားလျှင် မျက်နှာပျက်ရရုံသာ ရှိပေမည်။ အခုနောက်ပိုင်းမှသာ ကျရှုံးမည်ဆိုလျှင်တော့ သူ့အသက်ကိုတောင် ဆုံးရှူံးရနိုင်ခြေ ရှိလာလေပြီ။

ကျိယောင်ရွှယ်သည် ဆူဇီမိုတစ်ယောက် ထိခိုက်ဒဏ်ရာရမည်ကို စိုးသောကြောင့် အရင်ဆုံး စိတ်ဝိညာဉ်အင်းကွက် နှစ်ခုမှာတင် ကျရှုံးသွားစေဖို့ ဆုတောင်းနေခဲ့၏။

ကံမကောင်းစွာနှင့် အဲ့ဒါက နောက်ကျသွားလေပြီ။

ဆူဇီမိုက သူ၏ တတိယမြောက် စိတ်ဝိညာဉ်အင်းကွက်ကို စတင်စုဖွဲ့နေပြီဖြစ်၏။

All Chapters