← Chapters

ပကတိ

Vol. 21 Ch. 315

ပကတိ

Vol. 21 Ch. 315

ဆူဇီမိုအနေနှင့် တတိယမြောက် စိတ်ဝိညာဉ်အင်းကွက်ကို စုဖွဲ့ဖို့အတွက်တော့ အချိန်နည်းနည်း ပိုယူရ၏။

စတင်ချိန်ကတည်းက ထောင်ဖုန်းအပါအ၀င် အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ လူများအားလုံးသည် ဆူဇီမို၏ လှုပ်ရှားမှုများကို တစ်ချက်ကလေးမှ အလွတ်မပေးဘဲ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့၏။

သို့သော်လည်း သူတို့ ဘယ်လိုပင် အကဲခတ်ကြည့်ကြည့် မှတ်သားလောက်စရာကို သူတို့ရှာမတွေ့နိုင်ပေ။

သူတို့သတိထားမိသော တစ်ခုတည်းသောအရာမှာ ဆူဇီမိုသည် စိတ်ဝိညာဉ်စုဆောင်းခြင်းကို တစ်ထိုင်တည်း မလုပ်ဘဲ ပြတ်တောင်းပြတ်တောင်းနှင့် ထပ်တလဲလဲ လုပ်ဆောင်နေခြင်းပင်။

တချို့အချိန်များတွင် စိတ်ဝိညာဉ်က စတင်စုဖွဲ့နေပြီဖြစ်သော်လည်း ဘာကြောင့်ရယ်မသိ ဆူဇီမိုသည် လက်လျှော့၍ အစကနေ အသစ်တစ်ဖန် ပြန်လုပ်ပြန်၏။

သူက ထပ်တလဲလဲ လုပ်ဆောင်နေသော်လည်း မည်သည့်စိတ်ဝိညာဉ်အင်းကွက်မှ ပေါ်မလာသေးပေ။

"ဘာလဲဟ"

စီမာကျီနှင့် အခြားသူများသည် လက်နက်သွန်းလုပ်လာခဲ့သည်မှာ နှစ်ပေါင်းရာချီနေပြီ ဖြစ်သော်လည်း သူတို့ထဲက မည်သူမှ ဤကဲ့သို့ ကြောင်တောင်တောင်နိုင်သည့် စိတ်ဝိညာဉ်စုဆောင်းခြင်း နည်းစနစ်ကို မမြင်တွေးဖူးခဲ့ကြပေ။

ဝျှစ်..

တဖျတ်ဖျတ် အလင်းရောင်က လက်သွား၏။

အားလုံးငေးငိုင်နေကြစဉ်မှာပင် တတိယမြောက် စိတ်ဝိညာဉ်အင်းကွက်က အောင်မြင်စွာ ဖွဲ့တည်သွားလေပြီ။

ရွှမ်ယီနှင့် လျှိုဟွေ့တို့သည် စိတ်သက်သာရာရကာ သက်ပြင်းချပြီး အကြောက်မပြေသေးဟန်နှင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။

ဆူဇီမို၏ တမူးထူးခြားသည့် စိတ်ဝိညာဉ်စုဆောင်းခြင်း နည်းစနစ်အကြောင်း ဆန်းကြယ်တောင်ထွတ်မှာတုန်းက သူတို့ကြားဖူးထားခဲ့သော်လည်း အဲ့ဒါက သုံးနှစ်ကြာသွားလေပြီ။

ထို့အပြင် အဲ့ဒီအချိန်တုန်းက ဆူဇီမိုသည် အဆင့်နိမ့် စိတ်ဝိညာဉ်လက်နက်များကိုသာ ပြုလုပ်နိုင်သေး၏။ ယေဘုယျအားဖြင့်ဆိုရလျှင် စိတ်ဝိညာဉ်အင်းကွက် တစ်ခုလောက်ကို စုဖွဲ့ရခြင်းက လွယ်ကူသေးသည်ဟု ဆိုရပေမည်။

သို့သော် ယခုအခါမှာတော့ ဆူဇီမိုသည် စိတ်ဝိညာဉ်အင်းကွက် သုံးခုတောင်မှ စုဖွဲ့ပြီးသွားလေပြီ။

ကျိယောင်ရွှယ်သည် စိတ်နည်းနည်း ပြေလျော့သွားပုံရပြီး လေပူများကို မှုတ်ထုတ်လိုက်၏။

ထိုအချိန်တွင် ဆူဇီမို၏ တစ်ဖက်တစ်ချက်စီရှိ ရွှေအမြုတေများ၏ မျက်နှာအမူအယာက အနည်းငယ်ပြောင်းလဲသွားပြီး မအီမသာပုံပေါက်လာ၏။

ဆူဇီမိုသည် တတိယမြောက် စိတ်ဝိညာဉ်အင်းကွက်ကို ဖွဲ့တည့်ပြီးသော်လည်း ရပ်တန့်ဦးမည့်ဆန္ဒမရှိသည်ကို တွေ့လိုက်ရသောအခါ ရွှေအမြုတေအချို့သည် ဆက်လက်ဟန်မဆောင်နိုင်တော့ဘဲ ကပျာကယာ နောက်ဆုတ်လိုက်ကြ၏။

ဤအခြေအနေ၌ သူ၏ စိတ်ဝိညာဉ်စုဆောင်းခြင်းက ကျရှုံးသွားလျှင် အဲ့ဒါက သာလွန်အဆင့် စိတ်ဝိညာဉ်လက်နက်တစ်ခု ပေါက်ကွဲခြင်းနှင့် တူလေသည်။

လုံလောက်အောင် သန်မာမှုမရှိသော ရွှေအမြုတေများဆိုလျှင် သူတို့သည် ဒဏ်ရာများစွာရ၍ အရှက်တကွဲအကျိုးနည်း ဖြစ်ရနိုင်၏။ ဣန္ဒြေမပျက်အတွက်နှင့် သူတို့သည် အရဲမစွန့်နိုင်တော့ပေ။

သို့စေကာမူ တည်ငြိမ်ချင်ယောင်ဆောင်၍ ပေရပ်နေကြသော ရွှေအမြုတေအချို့လဲ ရှိကြသေး၏။ သူတို့က ရုပ်ပိုင်းဆိုင်ရာ အလွန်ကြံ့ခိုင်သူများ ဖြစ်ကြ၏။

အပေါ်ယံမှာတော့ သူတို့သည် ဆူဇီမိုလက်နက်သွန်းလုပ်တာကို တည်ငြိမ်စွာ ကြည့်ရှုနေကြသည်ဟု ထင်ရသော်လည်း တစ်ကယ်တမ်းမှာတော့ သိုလှောင်အိတ်များပေါ်တွင် တိတ်တဆိတ် လက်တင်ထားကြ၏။ တစ်ခုခုဖြစ်သည်နှင့် သူတို့သည် ကာကွယ်ရေးအဆောင်များကို ချိုးဖျက်၍ ကိုယ်လွတ်ရုန်းထွက်ပြေးဖို့ အဆင်သင့်ပြင်ထားကြ၏။

လူတိုင်း စိတ်တထင့်ထင့် ခံစားနေရစဉ်မှာပင် တဖျတ်ဖျတ်တလက်လက်ပုံစံနှင့် အလင်းတန်းတစ်ခုက ဖြာထွက်လာ၏။

အ! အို!

မြေပြင်ကွင်းနှင့် ပွဲကြည့်စင်ထက်မှ အာမေဋိတ်သံများစွာက ထွက်ပေါ်လာ၏။

စတုတ္ထမြောက် စိတ်ဝိညာဉ်အင်းကွက်!

တတိယမြောက် စိတ်ဝိညာဉ်အင်းကွက် ဖြစ်တည်အပြီး နောက်ခဏလေးမှာပင် စတုတ္ထမြောက် စိတ်ဝိညာဉ်အင်းကွက်က ဖြစ်တည်လာလိမ့်မည်ဟူ၍ မည်သူမှ ထင်မှတ်မထားကြပေ။

စိတ်ဝိညာဉ်အင်းကွက် လေးခုနှင့်… ထိပ်တန်းအဆင့် စိတ်ဝိညာဉ်လက်နက်။

ယခုအခါမှာတော့ ဆူဇီမို၏ ပန်းပဲစွမ်းရည်ကို မည်သူမှ မေးခွန်းထုတ်ရဲကြတော့မည် မဟုတ်ပေ။

သူက ပန်းပဲမီးဖိုတောင် မသုံးဘဲနဲ့ စိတ်ဝိညာဉ်အင်းကွက်လေးခုကို စုဖွဲ့ပြသွားတာဆိုတော့ သူ့ရဲ့ စိတ်ဝိညာဉ်စုဆောင်းခြင်းနည်းစနစ်အပေါ် ဘယ်လောက်တောင် ယုံကြည်မှု ရှိလိုက်သလဲ။

အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ လူများအားလုံး မှုန်ကုပ်သွားကြ၏။

အခြေအနေက သူတို့မျှော်လင့်ထားသည်နှင့် တခြားစီပင်။ သူတို့သည် ဆူဇီမို၏ လက်နက်သွန်းလုပ်ခြင်းဖြစ်စဉ်မှ ဘာတစ်ခုမှလည်း မရလိုက်ပေ။

ထောင်ဖုန်းသည် ဆူဇီမိုကို စိန်းစိန်းဝါးဝါးစိုက်ကြည့်၍ သူ့ဘာသာသူ တွေးလိုက်၏။

"ထိပ်တန်းအဆင့်လက်နက်တဲ့လား ဟမ့်.. ငါလဲ နောက်ကျရင် လုပ်နိုင်လာမှာပေါ့"

"ဂုဏ်ယူပါတယ်ဗျ.. ဂုဏ်ယူပါတယ်"

"ဂုဏ်ယူပါတယ် ဆရာမို.. နောက်ထပ်ထိပ်တန်းအဆင့် လက်နက်တစ်လက်ကို ခင်ဗျားသွန်းလုပ်နိုင်ခဲ့ပြန်ပြီပေါ့"

စောစောက နောက်ဆုတ်ရှောင်သွားခဲ့သော ရွှေအမြုတေများက လက်သီးဆုပ်ပြ၍ ချီးမွမ်းထောမနာပြုလိုက်ကြ၏။

သို့စေကာမူ ဆူဇီမိုက သူတို့ပြောတာ ဘာတစ်ခုမှ ကြားရသည့်ပုံ မပေါ်ပေ။

စိတ်ဝိညာဉ်ဆေဘာက လေထဲမှာ ရစ်ခိုနေပြီး ၎င်း၏ ဘေးပတ်လည်တွင် စိတ်ဝိညာဉ်ချီက အတော်များများ ကျန်ရှိနေသေး၏။ စိတ်ဝိညာဉ်ချီအိမ်ကို ငေးမောရင်း.. ဆူဇီမိုသည် နောက်ထပ် စိတ်ဝိညာဉ်စုဆောင်းဖို့ ကြိုးပမ်းလိုက်၏။

လူတိုင်းပဲ ကြောင်အသွား၏။

ဆူဇီမိုက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။

အဲ့ဒါက ထိပ်တန်းအဆင့် စိတ်ဝိညာဉ်လက်နက် ဖြစ်နေပြီးပေပြီ။ သူသာဆက်ပြီး စိတ်ဝိညာဉ်စုဆောင်းမည်ဆိုလျှင် အဲ့ဒါက…

ပကတိအဆင့် စိတ်ဝိညာဉ်လက်နက်!

ဆူဇီမိုက ပကတိအဆင့် စိတ်ဝိညာဉ်လက်နက်ကို သွန်းလုပ်ဖို့ ကြိုးစားနေတာလား။

လူအုပ်ကြီးက အုန်းအုန်းကျက်ကျက် ဖြစ်သွားကြ၏။

ဟေး!

ပွဲကြည့်စင်ထက်တွင် များစွာသော ရွှေအမြုတေများ၏ အမူအယာသည် ပြောင်းလဲကုန်ကြပြီး ပင့်သက်ကို ရှိုက်လိုက်ကြ၏။

လက်သီးဆုပ်ကာ ချီးကျူးထောမနာပြု၍ အခုလေးမှ ပြန်ရောက်လာကြသော ရွှေအမြုတေအချို့သည် ပို၍ပင် မြန်သောနှုန်းဖြင့် နောက်ပြန်ဆုတ်လိုက်ကြ၏။

"လခွမ်း ဘယ်လို တဇွတ်ထိုးသမားလဲကွာ"

"သူ တစ်ကယ်ပဲ စိတ်လွတ်သွားတာလား.. သူက ပဉ္စအမြောက် စိတ်ဝိညာဉ်အင်းကွက်ကို ပန်းပဲမီးဖိုရဲ့ အကာအကွယ်မပါပဲ အတင်းစုဖွဲ့ချင်နေတာလား"

စောစောတုန်းက တည်ငြိမ်ချင်ဟန်ဆောင်နေကြသော ရွှေအမြုတေအုပ်စုပင်လျှင် ဆက်လက်ထိုင်မနေနိုင်တော့ဘဲ သုတ်သီးသုတ်ပျာနှင့် ထပြေးကြလေတော့၏။

ဒါကဘယ်လိုဟာသမျိုးလဲ..

သူသာ အခုနေ စိတ်ဝိညာဉ်စုဆောင်းခြင်း ကျရှုံးသွားလျှင် အဲ့ဒါက ထိပ်တန်းအဆင့်လက်နက်တစ်ခု ပေါက်ကွဲသွားခြင်းနှင့် တူလေသည်။ အနီးစပ်ဆုံးမှာ ရှိသောလူဆိုလျှင် သူက ကာကွယ်ရေးအဆောင်ကို ချိုးဖျက်လိုက်လျှင်တောင် သေရပေလိမ့်မည်။

နတ်ပန်းပဲဆရာကိုယ်တိုင်ဆိုရင်တော့လား.. သူက အပိုင်းပိုင်း တစ်စစီပြတ်ထွက်သွားပေလိမ့်မည်။

ကျိယောင်ရွှယ်က နုလုံးက နောက်တစ်ကြိမ်ပြန်၍ ကိုက်ခဲလာ၏။

နတ်ဆိုးမကျိပင်လျှင် သူမ၏ မျက်ခုံးကို အနည်းငယ်တွန့်ထား၏။

ဆူဇီမိုက ဤမျှလောက်ထိ ကြီးမားသည့်အလောင်းအစားကို ပြုလုပ်ရဲလိမ့်မည်ဟူ၍ သူမ မထင်ထားပေ။

ဧကရာဇ်နှင့် ဘဏ္ဍာစိုးခေါင်းဆောင်ဂူရှီတို့သည် စိတ်ရှုပ်ထွေးရောယှက်သည့်ပုံ ပေါက်သွားကြ၏။ စိုးရိမ်ပူပန်မှုအပြင်.. သူတို့မျက်လုံးထဲတွင် ချီးကျူးလေးစားမှုတို့ကိုလည်း မြင်နိုင်လေသည်။

လက်နက်သွန်းလုပ်ခြင်းကို သူတို့နားမလည်ကြသော်လည်း.. ဒါက တစ်ကယ်ပဲ ဆူဇီမိုအနေနှင့် ပကတိစိတ်ဝိညာဉ်လက်နက်ကို ဖန်တီးဖို့ အကောင်းဆုံးအခွင့်အရေးတစ်ခုဖြစ်ကြောင်း သူတို့ပြောနိုင်ကြလေသည်။

. . .

ပြီးခဲ့သည့်သုံးနှစ်အတွင်း.. ဆူဇီမိုသည် လက်နက်သွန်းလုပ်ခြင်းတွင် နေ့တိုင်းအချိန်ပေးခဲ့သောကြောင့် သူ၏ ကျွမ်းကျင်ပိုင်နိုင်မှုက တဖြည်းဖြည်းပုံမှန်တိုးတက်လာနေခဲ့၏။

နောက်ပိုင်းမှာတော့ သူသည် ပကတိအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုကို သွန်းလုပ်ချင်လျှင် တစ်ကယ့်ကို မလွယ်ကူကြောင်း နားလည်လာခဲ့၏။

ပကတိဆိုသည်မှာ အားနည်းချက်တစ်ခုတစ်လေမျှ မရှိရဟု ဆိုလိုလေသည်။

စိတ်ဝိညာဉ်စုဆောင်းခြင်းတွင် ဆူဇီမိုက ပြဿနာမရှိပေ။ သို့သော်လည်း လက်နက်သွန်းလုပ်ခြင်းတွင် အဆင့်က ခြောက်ဆင့်ပါဝင်၏။

သူသည် ပကတိအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုကို သွန်းလုပ်ချင်သည်ဆိုလျှင် အဆင့်ခြောက်ဆင့်စလုံးတွင် ပြောစရာမလိုအောင် ပြီးပြည့်စုံနေမှ ရပေမည်။

အဆင့်ခြောက်ဆင့်စလုံးတွင် ပြီးပြည့်စုံနေဖို့ဆိုသည်မှာ အဲ့ဒါက နတ်ပန်းပဲဆရာ၏ ပညာရပ်ကျွမ်းကျင်မှုအပေါ်တွင်သာ မူတည်နေခြင်း မဟုတ်တော့ပေ။ သူ၏ စိတ်ပိုင်းဆိုင်ရာအခြေအနေနှင့် ပြင်ပအခြေအနေများအပေါ်တွင်ပါ မူတည်လာလေပြီ။

တစ်ကယ်တမ်းပြောရလျှင် အဲ့ဒီမှာ ကံကောင်းခြင်း၏ ဖေးမမှုကပါ တစွန်းတစ ပါဝင်လာလေပြီ။

ကံကောင်းခြင်းဆိုသည်မှာလဲ ထူးထူးခြားခြား တိုက်ဆိုင်မှသာ ရရှိတတ်လေသည်။

ယခုအခါမှာ ဆူဇီမိုသည် လက်နက်သွန်းလုပ်ခြင်းကို စတင်လိုက်ကတည်းက ထိုအခွင့်အရေးကို သူဖမ်းဆုပ်နိုင်တော့မည်ဟု ခံစားမိနေ၏။

သူသည် ပထမအဆင့်လေးဆင့်.. ပစ္စည်းရွေးချယ်ခြင်း၊ အရည်ဖျော်ခြင်း၊ ပုံဖော်ခြင်းနှင့် မီးဆေးခြင်းတို့တွင် မည်သည့်လစ်ဟာမှုမျှ မရှိခဲ့ပေ။

စိတ်ဝိညာဉ်စုဆောင်းခြင်းတွင်ကား.. ဆူဇီမိုသည် တစ်ရာရာခိုင်နှုန်း အောင်မြင်နိုင်ခြေရှိ၏။

သူ၏ ပကတိအဆင့်စိတ်ဝိညာဉ်ဆေဘာက ယနေ့မွေးဖွားပေတော့မည်။

ထိုအတွေးနှင့် ဆူဇီမိုသည် စိတ်အေးသက်သာစွာ ခံစားလိုက်ရ၏။

“အစစ်အမှန်မီးစွမ်းဂိုဏ်းကလူတွေ.. မိုကလန်ရဲ့ စိတ်ဝိညာဉ်စုဆောင်းခြင်းနည်းစနစ်ရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်ကို ခင်ဗျားတို့သိချင်ကြတယ်မလား”

အားလုံး စိတ်ခံစားချက်များ တင်းကျပ်နေကြစဉ်မှာပင် ဆူဇီမိုက ရုတ်တရတ် ကောက်မေးလိုက်၏။

လူတိုင်း ပါးစပ်အဟောင်းသားနှင့် တုန်လှုပ်သွားကြ၏။

ဘယ်နတ်ပန်းဆရာကများ သေရေးရှင်ရေးတမျှ အရေးကြီးသည့် စိတ်ဝိညာဉ်စုဆောင်းနေစဉ်တွင် အာရုံပျက်ယွင်းခံပါမည်နည်း။ ဆူဇီမိုက စကားပြောဖို့တောင် စွမ်းအင်ကျန်ရှိနေသေးပါလား။

ဆူဇီမိုက ဆက်ပြောလိုက်၏။

“တစ်ကယ်တော့ မိုကလန်ရဲ့ စိတ်ဝိညာဉ်စုဆောင်းခြင်းနည်းစနစ်ရဲ့ လျှို့ဝှက်ချက်က ရိုးရိုးလေးပါပဲ.. မင်းလုပ်ဖို့လိုတာက စိတ်ဝိညာဉ်စုဆောင်းနေစဉ်မှာ ပန်းပဲမီးဖိုကို ဖယ်ထုတ်လိုက်ပြီး မင်းကိုယ်မင်း သေလူတစ်ယောက်လို သဘောထားလိုက်ဖို့ပဲ.. အဲ့လိုလုပ်လိုက်ရင် မင်းရဲ့ကံက ပိုကောင်းလာပြီးတော့.. စိတ်ဝိညာဉ်စုဆောင်းခြင်းက အောင်မြင်နိုင်ခြေ အရမ်းမြင့်လာလိမ့်မယ်”

သူ့စကားများက အမှန်တစ်ဝက် အများတစ်ဝက်နှင့်ဖြစ်၏။ သူ့နည်းစနစ်တွင် ပန်းပဲမီးဖို့ကို ဖယ်ထုတ်ဖို့က အမှန်တစ်ကယ်လိုသော်လည်း အဲ့ဒါက ကံကောင်းခြင်းနှင့်တော့ ဘာမှမသက်ဆိုင်ပေ။

“ပေါက်ကရတွေကွာ” စီမာကျီက သရော်လိုက်၏။

သူ့အတွက်တော့ ထိုစကားများက ဟာကွက်များနှင့် ပြည့်နေပြီး ရယ်စရာကောင်းနေလေသည်။

ဆူဇီမိုက ခွန်းတုံ့ပြန်မနေဘဲ တည်ငြိမ်စွာသာ ပြုံးနေလိုက်၏။

စီမာကျီက မယုံကြည်လျှင်တောင် သူ့စကားကိုယုံကြည်သော အစစ်အမှန်မီးစွမ်းအင်ဂိုဏ်းမှ လူများစွာရှိနေမည်ဟု ဆူဇီမို သိထားလေသည်။

အချိန်အများစုမှာ လူများသည် ယုတ္တိတန်တာထက် သူတို့မျက်စိနှင့် မြင်ရသောအရာကိုသာ ယုံကြည်တတ်ကြလေသည်။

အဲ့ဒါက အတုအယောင် ဖြစ်နေတယ်ဆိုရင်တောင်မှပေါ့..

ထိုအချိန်မှာပင် အရမ်းကာရော တဖျတ်ဖျတ်တလက်လက်နှင့် တောက်ပသော နေလုံးကြီး ဘွားကနဲ ပေါ်ထွက်လာသလို.. ပတ်ဝန်းကျင်တစ်ခွင်လုံးကို ထိန်ထိန်လင်းသွားစေပြီး လူတိုင်းသည် ကျိန်းစပ်၍ မျက်လုံးကိုတောင် မနည်းဖွင့်ထားရတော့၏။

ပဉ္စမမြောက် စိတ်ဝိညာဉ်အင်းကွက်က အောင်မြင်စွာ စုဖွဲ့လာလေပြီ။

All Chapters