ထူးဆန်းလက်ချောင်းအသွင်ပြောင်းခြင်း (ခ)
Vol. 37 Ch. 557
ကောင်လေး၏ခန္ဓာကိုယ်သည် ညစ်ပတ်ပေရေနေ၏။ သူ့ခန္ဓာကိုယ်မှာ ဝေဝါးနေကာ တချိန်တည်းမှာ အားနည်းသော သွင်ပြင်အမူအရာ ရှိနေလေသည်။
သူ၏အခြေအနေမှာ သိပ်မကောင်းပါ။ သူသည် ကြီးစွာသော နာကျင်မှုအား ခံစားနေရသည့်အလား အဆက်မပြတ် တုန်ယင်နေသည်။
ရွှီချင်း ရောက်လာသည်ကို မြင်လျှင် သူက ခေါင်းမော့ကြည့်သည်။ သူသည် အလွန်အမင်း အားနည်းနာကျင်နေကာ မျက်လုံးကိုပင် အနိုင်နိုင်ဖွင့်ထားရသော်လည်း ရွှီချင်းကို ပြုံးပြကာ သူ့အား ဆက်လက်ကာကွယ်လိုသည့်သဘောဖြင့် ထရပ်ရန် ကြိုးစားရှာ၏။
သို့သော်လည်း သူ မတတ်နိုင်ပါ။ အဆုံးသတ်၌ သူသည် ရွှီချင်းအား ကူရာမဲ့စွာ ကြည့်သည်။ သူက ရွှီချင်းအား တစ်စုံတစ်ခု ပြောလိုဟန်ဖြင့် ပါးစပ်ကို ဟသည်။ သို့သော်လည်း သူ စကားမပြောနိုင်ပါ။
သူ၏ပုံမှန် တက်ကြွနေတတ်သောပုံစံနှင့် နှိုင်းယှဉ်ပါက သူ၏လက်ရှိအခြေအနေသည် တခြားလူများကို သနားစိတ်များ ဝင်စေနိုင်သည်။
ရွှီချင်း၏အမူအရာ ပြောင်းလဲသွားသည်။ သူက ထိုင်ချလိုက်ကာ ကောင်လေး၏ခန္ဓာကိုယ်ကို အသေအချာ စစ်ဆေးကြည့်သည်။
ကောင်လေး၏ ပြဿနာအရင်းအမြစ်မှာ သူ့ခန္ဓာကိုယ်ကို တိုက်စားနေသော အနက်ရောင်အခိုးအငွေ့များဖြစ်ကြောင်း သူ တွေ့ရှိလာရသည်။
အနက်ရောင်အငွေ့များသည် ကောင်လေး၏ခန္ဓာကိုယ်ကို အပြောင်းအလဲများဖြစ်စေကာ လွှမ်းမိုးသက်ရောက်နေသည်။
ကျန်းကန်းဘိုးဘေးနှင့် အရိပ်လေးတို့သည်လည်း ဘေးတွင် ပေါ်လာကြသည်။
ကျန်းကန်းဘိုးဘေးက ကောင်လေးအား စိတ်ဝင်စားစွာ လေ့လာကာ သုန်မှုန်သော အမူအရာဖြင့် ပြောသည်။
“ဆရာ… ကျုပ် ဖတ်ဖူးတဲ့စာအုပ်တွေအရဆိုရင် သူ့အခြေအနေကို အကြမ်းဖျင်း ခန့်မှန်းနိုင်တယ်။”
ရွှီချင်းက သူ့အား ကြည့်သည်။
“သူက ညစ်ပတ်နေတာပဲ။ သူက တစ်နေရာရာမှာ အမျိုးအမည်မသိတဲ့ဟာတစ်ခုခုနဲ့ ထိတွေ့ခဲ့ပုံပဲ။”
ကောင်လေးက ထိုစကားကို ကြားလျှင် အားနည်းစွာ ခေါင်းညိတ်သည်။
သူ့ခန့်မှန်းချက် မှန်ကန်သွားသည်ကို မြင်လျှင် ကျန်းကန်းဘိုးဘေးက သူ၏စွမ်းဆောင်ရည်ကို ပြသရန် အချိန်အခါကို ရောက်ပြီဖြစ်ကြောင်း သိလိုက်သည်။ ထို့ကြောင့် သူက သုန်မှုန်စွာဖြင့် ရွှီချင်းကို ဦးညွှတ်သည်။
“သခင်… ကျုပ်ရဲ့ အတွေ့အကြုံအရဆိုရင် မိုးကြိုးလျှပ်စီးဟာ မကောင်းဆိုးဝါးတွေကို ဖိနှိပ်နိုင်တယ်။ သခင်သာ ခွင့်ပြုမယ်ဆိုရင် ကျုပ်က ကောင်းကင်မိုးကြိုးကို ဆင့်ခေါ်ပြီးတော့ သူ့ရဲ့ညစ်ပေမှုကို သန့်စင်ပေးနိုင်ပါတယ်။”
ရွှီချင်း ငြိမ်ကျသွားသည်။ သူက ကံကောင်းမှုကို နားမလည်ရာ ကောင်လေးအား မည်သို့ ကူညီရမည်ကို မသိပေ။ သို့သော်လည်း သူက ရုံးတော်သခင်ကြီးအား တွေးမိသည်။
“ရုံးတော်သခင်က မင်းရဲ့တည်ရှိမှုကို သိသလား။”
ရွှီချင်းက တီးတိုးမေးသည်။
ကောင်လေး ခေါင်းညိတ်သည်။
“မင်းရဲ့ လက်ရှိအခြေအနေကို သူ သိသလား။”
ရွှီချင်းက မေးသည်။
ကောင်လေးက အားနည်းစွာ လက်မြှောက်ပြီး ဝှေ့ယမ်းပြသည်။ ရွှီချင်း မျက်မှောင်ကြုတ်သည်။ သူ နားမလည်ပါ။
အရိပ်လေးက ရုတ်တရက် ပြောသည်။
“သူက… ပြောတာ… ရုံးတော်သခင်က… သူသက်သာအောင်… ကူညီပေးတယ်တဲ့…”
အရိပ်လေးသည်လည်း ယခင်က တူညီသော အခြေအနေနှင့် တွေ့ကြုံဖူးရာ ထိုသို့သော အချင်းအရာတချို့အား နားလည်ပေသည်။
ကောင်လေးက အသာအယာ ခေါင်းညိတ်သည်။ သူ့ခန္ဓာကိုယ်သည် ယခင်က ပိုမိုအားနည်းလာကာ မျက်လုံးများမှာလည်း မှေးကျလာသည်။
ရွှီချင်း တိတ်ဆိတ်သွားကာ ကောင်လေးအားကြည့်သည်။ သူက ကျန်းကန်းဘိုးဘေးအား ကူညီပေးရန် အချက်ပြလိုက်သည်။
ရွှီချင်း၏သဘောတူညီချက်ကို ရသည်နှင့် ကျန်းကန်းဘိုးဘေးက ချက်ချင်းလက်မြှောက်လိုက်သည်။ အနီရောင်မိုးကြိုးလျှပ်စီးများ သူ့လက်၌ ပေါ်လာကာ သူက အနည်းငယ်မျှခွဲထုတ်လျှက် ကောင်လေး၏ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းစေသည်။
မိုးကြိုးလျှပ်စီးသည် ကောင်လေး၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားလျှင် သူသည် ဆတ်ခနဲတုန်ခါသွားသည်။ အနက်ရောင်အငွေ့တချို့ ပျက်စီးသွား၏။
၎င်းသည် အကျိုးသက်ရောက်မှုရှိကြောင်း မြင်သည်တွင် ကျန်းကန်းဘိုးဘေးက ပိုမိုများပြားသော မိုးကြိုးလျှပ်စီးအား သုံးလိုက်သည်။ မကြာခင် ကောင်လေး၏ခန္ဓာကိုယ်က အနက်ရောင်အငွေ့များတဖြေးဖြေး လျော့ပါးသွားကာ စတင်၍ ပြန်လည်သက်သာလာသည်။
ဤနည်းသည် ပြဿနာအရင်းအမြစ်အား ကုစားနိုင်ခြင်းမရှိပါ။ ကောင်လေး၏ခန္ဓာကိုယ်တွင် ဖယ်ရှားမနိုင်သော အငွေ့အသက်တစ်ခု ရှိနေပြီး ၎င်းသည် ပိုမိုများပြားသော အငွေ့အသက်များအား ထုတ်လွှတ်နေသေးသည်။
သို့သော်လည်း ၎င်းသည် ကောင်လေး၏နာကျင်မှုအား အတော်လေး သက်သာသွားစေခဲ့သည်။ ထို့ကြောင့် မကြာခင် ကောင်လေးသည် ပျော်ရွှင်စွာ ထရပ်ကာ ရွှီချင်းအား လှည့်ပတ်ခုန်ပေါက်နေတော့သည်။
ကောင်လေး၏ခန္ဓာကိုယ်က အနက်ရောင်အငွေ့အသက်ရင်းမြစ်ကို ကြည့်ကာ သည်ကိစ္စမှာ ထင်သလောက်မရိုးရှင်းဟု ရွှီချင်း ခံစားရသည်။
သို့သော်လည်း ရုံးတော်သခင်က ၎င်းကို သေချာပေါက် သိရှိမည်ဖြစ်ရာ သူ ဂရုစိုက်စရာ မလိုပေ။
အမှန်တကယ်လည်း သူ့မှန်းဆချက်အတိုင်း ဖြစ်သည်။ နောက်တစ်နေ့ ရွှီချင်း အချုပ်ထောင်(ဃ၁၃၂)သို့ ရောက်လာသောအခါ ကောင်လေးမှာ လုံးဝသက်သာသွားပြီ ဖြစ်သည်။ သူ့ခန္ဓာကိုယ်က အနက်ရောင်အငွေ့အသက်ရင်းမြစ်မှာ လုံးဝ ပျောက်ကွယ်သွားကာ ယခင်ကဲ့သို့ တက်ကြွပေါ့ပါးနေတော့သည်။
အရာအားလုံးသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ ရွှီချင်းလည်း သူ၏ ပုံမှန်လုပ်ငန်းစဉ်အတိုင်း နေ့ဘက်တွင် အလုပ်လုပ်ကာ ညဘက်တွင် စစ်ရေးအကျိုးပြုမှတ်များအား ရှာဖွေသည်။
စစ်ရေးအကျိုးပြုမှတ်များကို သူက ကြိုးစားရှာဖွေသည့်တိုင် သူ သတ်မှတ်ထားသော ပမာဏရရန်ကား အလွန်ဝေးကွာနေသေးသည်။ သို့သော်လည်း တစ်နေ့တွင် သူက စစ်ရေးအကျိုးပြုမှတ်အတွက် အပြင်သို့ထွက်ရန် ပြင်နေစဉ် ခုန်ရှန်းလုံထံမှ အသံပို့လွှတ်မှုတစ်ခုကို လက်ခံရရှိသည်။
“ရွှီချင်း… မင်း ဓားခန်းဆောင်မှာလား။ မင်း အဲဒီမှာရှိနေရင် ငါလာခဲ့မယ်။ ငါတို့နောက်ဆုံးလုပ်ခဲ့တဲ့ တာဝန်အတွက် စစ်ရေးအကျိုးပြုမှတ်တွေကို ထုတ်ပေးလိုက်ပြီ။”
ရွှီချင်း စိတ်အားတက်ကြွသွားသည်။
မကြာမီ ခုန်ရှန်းလုံ ဓားကိုင်ရုံးတော်က ပျံသန်းလာသည်ကို ရွှီချင်း မြင်သည်။
ရွှီချင်းကို မြင်လျှင် ခုန်ရှန်းလုံက ရယ်မောကာ ရွှီချင်းအား သိုလှောင်အိတ်တစ်လုံး ပစ်ပေးလိုက်သည်။
“အထဲမှာ ပစ္စည်းနှစ်ခုရှိတယ်။ တစ်ခုက စစ်ရေးအကျိုးပြုလက်မှတ်တစ်စောင်ပဲ။ ငါ မင်းအတွက် မှတ်တမ်းတင်ပြီး အတည်ပြုပြီးပြီ။ မင်းက အဲဒါကို အမိန့်တော်ဓားနဲ့ ပေါင်းစပ်လိုက်ရုံပဲ။”
“နောက်တစ်ခုက ငါ မင်းကို ကတိပေးထားတဲ့ လက်ဆောင်ပဲ။ ပြီးတော့ ငါက မင်းရဲ့တိုက်ခိုက်ရေးနည်းစနစ်တွေကို တွေးတောနေခဲ့တာ။ မင်းက ဓားနှောတွေကို မင်းရဲ့ထူးဆန်းလက်ချောင်းနဲ့ ပေါင်းစပ်အသုံးပြုရင် ပိုပြီး မိုက်မယ်။ ပြီးတော့ ထူးဆန်းလက်ချောင်းဟာ နဂိုကတည်းက လူသားမဟုတ်မျိုးနွယ်ဆီကပဲ။ ဒါကြောင့် မင်းက ဓားရဲ့ခန္ဓာကိုယ်က ဓာတ်နှောပမာဏကို မျှတအောင်လုပ်ဖို့လည်း လိုသေးတယ်။ ဒါက ငါ့အကြံပေးချက်သက်သက်ပဲ။ နောက်ပိုင်း မင်း စမ်းကြည့်ပေါ့။”
“ဒါကို မပြောနဲ့ဦး။ ငါ့မှာ လုပ်စရာတစ်ခုရှိတော့ အကျဉ်းထောင်ဌာနကို သွားရဦးမယ်။ ဟူး… ရုံးတော်သခင်က ငါ့ကို ဆင်ခေါ်ထားတယ်။ ဒါ့ကြောင့် ငါ့မှာ မသွားလို့လည်း မရဘူး။”
ခုန်ရှန်းလုံက သက်ပြင်းချသည်။ ရွှီချင်းအား လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်ပြီးနောက် သူသည် ရွှီချင်း မည်သည့်စကားမှ မဆိုရသေးခင် အလျင်အမြန် ထွက်သွားသည်။
ခုန်ရှန်းလုံ၏နောက်ကျောကို ကြည့်ကာ ရွှီချင်း စိတ်ထဲမှ ကျေးဇူးတင်လိုက်သည်။ ထို့နောက် သူကလည်း လက်နှစ်ဖက်ဆုပ်ကာ ဦးညွှတ်လိုက်၏။
ဓားခန်းဆောင်ထဲကို ပြန်ဝင်ပြီးနောက်တွင် သူက သိုလှောင်အိတ်အား ဖွင့်လိုက်သည်။ အထဲတွင် အမှန်တကယ် ပစ္စည်းနှစ်ခု ရှိသည်။ စစ်ရေးအကျိုးပြုလက်မှတ်အပြင် အပြာရောင်ရေခဲတုံးတစ်ခု ရှိနေသည်။
၎င်းအထဲ၌ နှလုံးသားတစ်ခုအား ထည့်သွင်းထားသည်။
ထိုနှလုံးသားသည် သလင်းကျောက်ကဲ့သို့ ကြည်လင်နေသည်။ ၎င်းအား အသေအချာကြည့်မှသာလျှင် သတိထားတွေ့ရှိနိုင်၏။ ထို့အပြင် ၎င်းသည် သေဆုံးနေခြင်းမဟုတ်ဘဲ အသက်ဓာတ်အငွေ့အသက်များ ရှိနေသည်။
ရွှီချင်း မျက်မှောင်ကျုံ့လိုက်သည်။ ဤသည်က ထူးဆန်းမိစ္ဆာမျိုးနွယ်၏နှလုံးသားဖြစ်ကြောင်း သူ မှတ်မိသည်။
ရွှီချင်းသည် ထူးဆန်းမိစ္ဆာမျိုးနွယ်နှင့် သိပ်မရင်းနှီးပါ။ ယခင်က သူသည် ထိုမျိုးနွယ်ဝင်တစ်ဦးအား အရှင် ဖမ်းဆီးကာ သန့်စင်ဖူးသည်။
အမှန်တကယ်အားဖြင့် ထိုကိစ္စကြောင့်လည်း သတ္တမသခင်ကြီးက စိတ်ကူးအတွေးသစ်ရကာ ရွှီချင်းအတွက် အောက်လမ်းတာအိုလုယက်အတတ်အား ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။
ထိုသန့်စင်ခြင်းက ရွှီချင်း၏ခန္ဓာကိုယ်ကို အောက်လမ်းတာအိုလုယက်အတတ်အား ကျင့်ကြံနိုင်သည့်စွမ်းရည်ကို ပိုင်ဆိုင်စေသည်။