ထူးဆန်းလက်ချောင်းအသွင်ပြောင်းခြင်း (ဂ)
Vol. 37 Ch. 558
ထို့နောက် သူက ဟွမ်ရီခွန်၏လက်ချောင်းများကို တွေးမိကာ သတ္တမသခင်ကြီး၏စိတ်ကူးဉာဏ်မှာ အမှန်တကယ်တမ်း ဖြစ်လာနိုင်ဖွယ်ရှိကြောင်း တွေးမိသည်။ ထို့အပြင် စစ်မာရူ၏ ထူးဆန်းမိစ္ဆာနှလုံးသားနှင့် တခြားဂိုဏ်းများ၏ ဆင်တူသော တာအိုလုယက်အတတ်များပေါင်းစပ်ပြီးနောက် အောက်လမ်းတာအိုလုယက်အတတ် ဖြစ်ပေါ်လာခဲ့သည်။
ထို့ကြောင့် သဘောတရားအရ ထူးဆန်းမိစ္ဆာမျိုးနွယ်သည် မြေအောက်တာအိုလုယက်အတတ်အား ပိုမိုသန်မာစေသည်။
သို့သော်လည်း ထူးဆန်းမိစ္ဆာမျိုးနွယ်အရေအတွက်မှာ အလွန်နည်းပါးလှသည်။ ထို့အပြင် ရွှီချင်း၏လက်ရှိကျင့်ကြံဆင့်ဖြင့် ဆိုပါက အခြေတတ်အဆင့် ထူးဆန်းမိစ္ဆာမျိုးနွယ်၏နှလုံးသားကို အသုံးပြုခြင်းက အသုံးမဝင်ပေ။ သူသည် အမြုတေဖွဲ့စည်းခြင်း ထူးဆန်းမိစ္ဆာမျိုးနွယ်ဝင်၏နှလုံးသားကို လိုအပ်သည်။
ဤနှလုံးသားသည် အမြုတေဖွဲ့စည်းခြင်း ထူးဆန်းမိစ္ဆာမျိုးနွယ်ဝင်၏နှလုံးသားဖြစ်သည်။
ရွှီချင်း ခေါင်းမော့ကာ ခုန်ရှန်းလုံ ထွက်သွားရာဘက်သို့ လှမ်းကြည့်သည်။
သူ့အတွက် ဤလက်ဆောင်မှာ အလွန်ကြီးမားသည်။
အတန်ကြာပြီးနောက် ရွှီချင်းက အကြည့်ကို ရုတ်သိမ်းကာ ရေခဲတုံးအား ကြည့်လိုက်သည်။ အတန်ကြာပြီးနောက် ရွှီချင်း၏မျက်လုံးများထဲ၌ စိတ်ပိုင်းဖြတ်သော အငွေ့အသက်များ ဖြစ်ပေါ်လာသည်။ သူက အောက်လမ်းတာအိုလုယက်အတတ်အား အသုံးပြုလိုက်လျှင် သူ၏လက်မှာ ကြည်လင်တောက်ပလာ၏။
တွန့်ဆုတ်ခြင်းမရှိဘဲ သူက လက်ကို ဆန့်တန်းကာ ရေခဲတုံးထဲသို့ ထိုးသွင်းလိုက်သည်။
လက်သည် ရေခဲထဲသို့ ထွင်းဖောက်ကာ ထူးဆန်းမိစ္ဆာနှလုံးသားကို ဆုပ်ကိုင်လိုက်၏။
လက်သည် နှလုံးသားကို ထိမိသည်နှင့် ရွှီချင်း၏ခန္ဓာကိုယ် တုန်ယင်သွားသည်။
ရေခဲတုံးထဲ၌ ထည့်ပိတ်ထားသော ထူးဆန်းမိစ္ဆာနှလုံးသားသည် ပြင်းထန်စွာ ရုန်းကန်၏။ ရွှီချင်း၏စိတ်နယ်ပယ်ထဲ၌ ဒေသတကြီး အော်ဟစ်နေသော အသံသဲ့သဲ့ကိုပင် ကြားနိုင်သည်။ သို့သော်လည်း ရွှီချင်းက ထိုနှလုံးသားကို ရက်စက်စွာ ဖမ်းဆုပ်ကာ ရုန်းကန်မှုအား အတင်းဖိနှိပ်လိုက်သည်။
ထူးဆန်းမိစ္ဆာနှလုံးသားသည် ပကတိမျက်လုံးဖြင့် မြင်နိုင်သော အတိုင်းအတာဖြင့် ပျယ်လွင့်လာပြီး ရွှီချင်း၏ကျင့်ကြံခြင်းအတတ်နှင့် ပေါင်းစပ်သည်။
ထိုအခိုက်တွင် များစွာသော မှတ်ဉာဏ်အပိုင်းအစးများသည် ရွှီချင်း၏စိတ်နယ်ပယ်ထဲ၌ ဖြစ်ပေါ်လာကြ၏။
၎င်းတို့သည် ထူးဆန်းမိစ္ဆာနှလုံးသားပိုင်ရှင်၏ မှတ်ဉာဏ်အပိုင်းအစများ ဖြစ်ကြသည်။
၎င်းတွင် ရူးသွပ်သော ခံစားချက်များပါဝင်ပြီး ရွှီချင်း၏သိစိတ်ပင်လယ်ထဲကို ပျက်ပြယ်ကာ ဝါးမျိုခြင်းမခံလိုသော စိတ်ဆန္ဒများ ပါနေသည်။ သို့သော်လည်း ရွှီချင်းက အေးစက်စွာ နှာမှုတ်လျှက် သူ၏သိစိတ်ပင်လယ်ထဲက တစေအင်ပါယာတောင်ကုန်းအား အသက်ဝင်စေလျှက် အလင်းထုတ်လွှတ်လိုက်သည်။
ထိုအခိုက်တွင် ထိုမှတ်ဉာဏ်အပိုင်းစများမှာ ဖုန်မှုန့်များအလား ပျက်ပြယ်သွားကြတော့သည်။ ၎င်းတို့ ပျက်ပြယ်သွားသည်တွင် ရွှီချင်း၏အောက်လမ်းတာအိုလုယက်အတတ်မှာလည်း အလိုအလျှောက် အသက်ဝင်လာတော့သည်။
တဖြည်းဖြည်းဖြင့် သူ၏ညာလက်သာမက သူ၏ဘယ်လက်သည်လည်း စတင်၍ ပြောင်းလဲလာသည်။
တစ်နာရီခန့် ကြာပြီးနောက် ရွှီချင်းက သက်ပြင်းတစ်ချက်ရှိုက်ကာ သူ၏လက်များကို မြှောက်လိုက်သည်။
သူ၏လက်နှစ်ဖက်လုံးမှာ ကြည်လင်တောက်ပနေ၏။
ဤနည်းဖြင့် နောက်ပိုင်းတွင် သူက အောက်လမ်းတာအိုလုယက်အတတ်အား အသုံးပြုသောအခါ စုပ်ယူအား ပို၍ မြန်ဆန်သွက်လက်ပြီး ခန့်မှန်းရခက်ပေမည်။
သူ၏လက်များကို ကြည့်ကာ ရွှီချင်း စိတ်ကြေနပ်သွားပြီး ခုန်ရှန်းလုံ၏ ဓာတ်နှောများကို အသုံးပြုမည့်အကြံဉာဏ်ကိုလည်း သတိရလိုက်သည်။
“အဆိပ်ကလည်း အဆင်ပြေတာပဲ…”
ရွှီချင်း တီးတိုးရေရွက်သည်။
“ဒါလည်း မသင့်တော်ဘူး။ ဒါက ငါဟာ အဆိပ်မှာ ကျွမ်းကျင်တယ်ဆိုတာ အသိပေးလိုက်တာနဲ့ အတူတူပြ။ ပြီးတော့ ငါ့အဆိပ်ပြန့်လွင့်တာက ပိုပြီး မြန်သွားနိုင်တယ်။ မှန်တယ်… တစ်ခါတစ်လေတော့လည်း ရန်သူကို ရှုပ်ထွေးအောင်လုပ်ဖို့ သုံးနိုင်တာပဲ။”
ရွှီချင်းက သူ့အတွေးလမ်းကြောင်းကို ပြောင်းမည်ပြုစဉ် သူ၏ကျောက်စိမ်းပေလွှာသည် ရုတ်တရက် တုန်ခါလာ၏။ ပထမဆုံး သူ ကြားသည်ကား သက်ပြင်းရှည်တစ်ချက် ဖြစ်သည်။
ထို့နောက် ခေါင်းဆောင်၏မကြေမနပ်အသံ ထွက်ပေါ်လာသည်။
“ချင်းလေး… မင်း ပြောင်းလဲသွားပြီပဲ။”
ရွှီချင်း မှင်တက်သွားသည်။
“မင်း ဆော့ကစားနေတဲ့ အဲဒီအမျိုးသမီးကျင့်ကြံသူတွေကို စွန့်လွှတ်လို့ရတယ်။ ဒါပေမဲ့ ငါက မင်းရဲ့စီနီယာအစ်ကိုကြီးပဲ။ မင်း ဒီလိုလုပ်လို့ မရဘူး။”
“ငါတို့က ညီအစ်ကိုတွေအနေနဲ့ ဒီဘဝမှာ အတူခရီးနှင်ဖို့ သဘောတူထားကြတယ်။ အဆုံးသတ်မှာ ဒီလိုအတွေးရှိတာ ငါတစ်ယောက်တည်းပဲ…”
ခေါင်းဆောင်၏စိတ်မသက်မသာဖြစ်မှုသည် ကျောက်စိမ်းပေလွှာမှတစ်ဆင့် ရွှီချင်း၏ဓားခန်းဆောင်ထံသို့ပင် ပြန့်လွင့်လာဟန်တူသည်။
“စီနီယာအစ်ကိုကြီး…”
ရွှီချင်း တွန့်ဆုတ်နေပြီးမှ အသံပို့လွှတ်ရန် ပြင်လိုက်စဉ် ခေါင်းဆောင်က သက်ပြင်းချပြန်သည်။
“ငါက စစ်ရေးအကျိုးပြုမှတ်တမ်းဌာနမှာ မဟုတ်ဘူးဆိုရင် မင်းရဲ့ စစ်ရေးအကျိုးပြုမှတ်တွေ ရုတ်တရက် တိုးလာတာ သိလိုက်မှာ မဟုတ်ဘူး။”
“ဒါက ရတယ် ညီလေး… စီနီယာအစ်ကိုက မင်းအတွက် ဆုမွန်ကောင်းတောင်းပေးပါတယ်။ မင်းနဲ့ ခုန်ရှန်းလုံတို့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို နှစ်တွေအများကြီး ရှိနိုင်ကြပါစေလို့ပေါ့။”
ခေါင်းဆောင်က စကားများကို ပေါက်လွတ်ပဲစား ပြောနေသည်ဟု ရွှီချင်း ခံစားလာရသည်။ ပုံမှန်အားဖြင့် ထိုစကားများကို ပြောခြင်းသည် သူ့တွင် တောင်းဆိုစရာတစ်ခုကြောင့် ဖြစ်နေတတ်သည်။ ထို့ကြောင့် ရွှီချင်းက တည်ငြိမ်စွာ မေးလိုက်သည်။
“စီနီယာအစ်ကိုကြီး… ခင်ဗျား ဝိညာဉ်ကျောက်တုံး မရှိတော့ဘူးလား။”
“ချင်းလေး… မင်းမျက်လုံးမှာ ငါက အဲဒီလိုလူမျိုးလား”
ကျောက်စိမ်းပေလွှာထဲက ခေါင်းဆောင်သည် နှာခေါင်းရှုံ့ကာ ပြောသည်။
“ကောင်းပြီ စီနီယာအစ်ကို… ခင်ဗျား မလိုဘူးဆိုလည်း မလိုဘူးပေါ့။”
ရွှီချင်းကား မည်သည့်ခံစားချက်မှ မပြဘဲ တည်ငြိမ်စွာ ပြောသည်။
“အဟမ်း… မဟုတ်ဘူး… မဟုတ်ဘူး… တကယ်တော့ သိပ်မများပါဘူး။”
ကျောက်စိမ်းပေလွှာထဲတွင် ခေါင်းဆောင်က ခြောင်းဟန့်ကာ ပြောသည်။ သူကား အမှန်တကယ်လည်း ဝိညာဉ်ကျောက်တုံးများ လိုအပ်နေသည်။