ကိုယ့်ကိုယ်ကိုယ် ပြန်သတ် ဟုတ်လား၊ ယီးပဲ
Vol. 35 Ch. 514
အကြီးအကဲ ဟီရှိုရှီ၏ စကားကို ကြားသောအခါ သခင်လေး ထာခဲရှီ၏ မျက်လုံးများ ပြူးကျယ်သွားပြီး စောင့်ကြည့်ကင်မရာထဲမှ ရဲ့လင်းချန်ကို အာရုံစိုက်၍ ကြည့်နေသည်။
အကြီးအကဲ ဟီရှိုရှီက ရဲ့လင်းချန်ကို သေမိန့်ချလိုက်ပြီ ဖြစ်သဖြင့် ရလဒ်က အလွန် မြင်မကောင်း ဖြစ်လာတော့မှာ သေချာပေသည်။ သူ တစ်စက္ကန့်လေးမှ လွတ်မသွားစေရန် သေချာ စောင့်ကြည့်မှ ဖြစ်ပေမည်။ ရဲ့လင်းချန်၏ ကံကြမ္မာဆိုးကို သူကိုယ်တိုင်ကိုယ်ကျ မြင်ချင်မိသည်။ ထိုခံစားချက်က … ထူးခြားနှစ်သက်စရာ ကောင်းနေလောက်သည်။
ဒုတိယထပ်၌ …
“သေပေတော့”
ထိုသက်ရှိ ဆယ့်ငါးကောင်သည် လူသားဟုပင် သတ်မှတ်၍ မရနိုင်တော့သည့် ကြောက်စရာကောင်းသော သက်ရှိများ ဖြစ်လေသည်။ သူတို့၏ ခွန်အားကို ဆယ်စက္ကန့်တိတိ စုဆောင်းပြီးနောက် သူတို့၏ အဖျက်စွမ်းအင်က တစ်ဟုန်ထိုး ထွက်ပေါ်လာသည်။
သူတို့သည် ပြေးတက်လာသည်နှင့် သွေးဆာသော မာန်ဖီသံများနှင့် အော်ဟစ်သံများကို ပြုလုပ်လာကြသည်။ ထိုမြင်ကွင်းက ကြောက်စရာ ကောင်းသလို ကြမ်းကြုတ်လှသည်။
ထိုသို့သောအချိန်၌ သူတို့ ဘေးပတ်လည်မှ လေထုသည် အေးခဲလာသည်ဟု ထင်မှတ်ရသည်။ သူတို့၏ ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသော အငွေ့အသက်များက ဆက်တိုက် ထွက်ပေါ်လာသည်။ ထို့အပြင် လူသတ်လိုသော အငွေ့အသက်၌ ဒေါသနှင့် ရန်လိုမှုတို့ ရောယှက်နေ၏။ သူတို့ ဆယ့်ငါးယောက်လုံး အတူတကွ ရှေ့တက်လာသောအခါ သတ်ဖြတ်လိုသော အငွေ့အသက်က အလွန်အမင်း ပြင်းထန်လာပြီး ရုပ်လုံးပေါ် လာသည်ဟုပင် ထင်မှတ်ရကာ အသက်ရှူရ ခက်လာသည်။
ထိုခံစားချက်သည် လူတစ်ယောက်က ရန်လိုသော ကျားဆယ့်ငါးကောင်၏ ဝိုင်းထားခြင်း ခံရပြီး တစ်ပြိုင်တည်း ခုန်အုပ်သည်ကို ခံနေရသည်နှင့် ဆင်တူလှသည်။ တိုက်ခိုက်ရန်ပင် ခက်ခဲပေသည်။
ထိုမျှနှင့် မပြီးသွားချေ။ ခွန်အားနှင့် လျင်မြန်မှုတို့ တိုးတက်လာသော ထိုဆယ့်ငါးယောက်သည် ယခင်က သူတို့ သင်ယူခဲ့သော သိုင်းပညာများကို အလိုလို ထုတ်သုံးလာကြသဖြင့် ဓားရောင်များ တလက်လက် ဖြစ်လာသေလည်။
အထူးသဖြင့် တတိယထပ်မှ ဆင်းလာသော ငါးယောက်သည် ပို၍ ထူးချွန်သည်။ သူတို့၏ လက်ကောက်ဝတ် များကို ဝှေ့ယမ်းနေသဖြင့် သူတို့၏ ဓားသွားများက လေကိုခွင်းကာ တိုးဝှေ့နေသည်။
တချွင်ချွင်အသံနှင့်အတူ ကြောက်စရာကောင်းသော အေးစက်သည့် ဓားရောင်များက တလက်လက် ဖြစ်ပေါ်နေ၏။
သူတို့အားလုံးက သူတို့၏ ခွန်အားကို အဆုံးစွန်ထိ ထုတ်သုံးထားကြသည်။
သူတို့၏ ဓားများဖြစ်စေ၊ လက်သည်းများဖြစ်စေ ထက်ရှမှုက ပြိုင်စံရှားပြီး တောင်ကိုပင် ဖြတ်နိုင်လောက် သည်အထိ ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။
လက်ရှိတွင် တိုက်ခိုက်မှုအားလုံးက ရဲ့လင်းချန်၏ လည်ပင်း၊ မျက်လုံးကြား၊ ရင်ဘတ်နှင့် အခြားသော အရေးကြီးသည့် ကိုယ်တွင်းအင်္ဂါများကိုသာ ဦးတည်နေသည်။
ရဲ့လင်းချန်သည် လုံးဝ ထွက်ပေါက်မရှိ ပိတ်ဆို့ထားခြင်း ခံနေရသည်။
သေမင်းတမန်များ နီးကပ်လာသည်နှင့် သတ်ဖြတ်မှုက စတင်လာလေသည်။
သို့ရာတွင် ရဲ့လင်းချန်သည် မျက်လုံးကို အောက်စိုက်၍ နေရာမှာ မလှုပ်မယှက် ရပ်နေလေသည်။ မသိလျင် အရာအားလုံးက သူနှင့် မသက်ဆိုင်သလိုပင်။
သူ့နှုတ်ခမ်းထောင့်က ကော့ကာ အပြုံးတစ်ခုအသွင် ဆောင်နေသည်။ ထိုအပြုံးက သူ့ပြိုင်ဘက်များ၏ တုံးအမှုကို သရော်နေပြီး သူ၏ ခွန်အားကို ဂုဏ်ယူကာ ဤလောက၏ အလှတရားကို နှစ်ခြိုက်ပုံ ပေါ်နေသည်။
သုံးလက်မ။ နှစ်လက်မ။ တစ်လက်မ။
အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သည့် တိုက်ခိုက်မှုများက နီးကပ်သထက် နီးကပ်လာပြီး ရဲ့လင်းချန်၏ ခန္ဓာကိုယ်ကို ခုတ်ပိုင်း၍ သူ့အသက်ကို တစ်ခဏအတွင်း အဆုံးသတ်နိုင်ပေတော့မည်။ နောက်ဆုံးတွင် သူနှင့် တစ်လက်မျှသာ ကွာဝေးတော့လေသည်။
“အဲ့ကောင် ဘာလုပ်နေတာလဲ၊ ဧကန္တ သူက ဒီကို ငါတို့ကို ဖျက်ဆီးဖို့ လာတာ မဟုတ်ဘဲ သေကြောင်းကြံဖို့ လာတာများလား”
အကြီးအကဲ ဟီရှိုရှိ မျက်မှောင်ကြုတ်နေသည်။ အစက သူသည် အပျင်းပြေကာ သူ၏ ပျင်းရိစရာကောင်းသော ဘဝ၌ ပျော်စရာအချို့ ရလိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော် ဘာဖျော်ဖြေမှုမှ မရှိတော့မည့်ပုံပင်။ ယင်းက စပင် မစလိုက်ရဘဲ အဆုံးသတ်သွားလောက်သည်။
“ငါ့ခံစားချက်တွေ အလကား ဖြစ်သွားတာပဲ၊ ငါ့လို အေးစက်မောက်မာတတ်တဲ့လူက ဒီလို အမှိုက်ကောင်မျိုး အတွက်နဲ့ ခံစားချက်တွေ ဖြစ်ခဲ့ရတယ်လို့၊ အဓိပ္ပာယ် မရှိလိုက်တာ”
သခင်လေး ထာခဲရှီက သရော်လိုက်သည်။ ရဲ့လင်းချန်ကို သူ အထင်အမြင်သေးစိတ်က အဆုံးစွန်ထိ ဖြစ်ပေါ် လာသည်။ သူသည် ချန်ပီယံတစ်ယောက်ကို မျှော်လင့်ထားသော်လည်း တောသား ဖြစ်နေသည်ကို နောက်မှ သိလိုက်ရသည်။ စက်ဆုပ်ဖွယ်ကောင်းသော ခံစားချက်ပါတကား။
လက်မဝက်မျှသာ ကွာဝေးတော့သည်။
ဓားသွား၏ အစွန်းက ရဲ့လင်းချန်၏ ဆံပင်ကို ထိမိလုနီးပါး ဖြစ်လာလေသည်။
ထိုသို့ နောက်ဆုံးသောအချိန်၌ ရဲ့လင်းချန်က လှုပ်ရှားလာသည်။
အရာအားလုံးက လျှပ်တပြက် ဖြစ်ပျက်သွားလေသည်။ သေရေးရှင်ရေး အခြေအနေကြား၌ အချိုးအကွေ့တစ်ခု ဖြစ်လာလေသည်။
ရဲ့လင်းချန်သည် ပင်လယ်၏ မျက်နှာပြင်ကဲ့သို့ အချိန်အတော်ကြာအောင် ငြိမ်သက်စွာ နေခဲ့သည်။ လူတိုင်း ဘေးကင်းသည်ဟု ထင်လိုက်သည့်အခိုက်မှာပင် ရုတ်တရက် ဟစ်ကြွေးသံနှင့်အတူ ကြီးမားသော လှိုင်းလုံးကြီး တစ်ခု ဖြစ်ပေါ်လာလေသည်။
သူ၏ သွက်လက်မြန်ဆန်သော ခန္ဓာကိုယ်က ထူးဆန်းသော ထောင့်ချိုးတစ်ခုသို့ လှည့်လိုက်ကာ သာမန်လူ မထင်မှတ်ထားသည့် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်လာလေသည်။ ယင်းက မသိလျင် သူ၏ ခန္ဓာကိုယ်မှ အစိတ်အပိုင်းတိုင်းက အမှီအခိုကင်းမဲ့ပြီး ၎င်းတို့ကိုယ်တိုင် လှုပ်ရှားနိုင်နေသည်ဟု ထင်မှတ်ရသည်။
သူသည် တိုက်ခိုက်မှုတိုင်းကို အတိအကျ ရှောင်တိမ်းသွားလေသည်။ ဓားသွားတိုင်းက သူနှင့် တစ်မီလီမီတာသာ ခြား၍ ဖြတ်သန်းသွားသည်။
ထို့နောက်တွင်မူ ရဲ့လင်းချန်က လက်နှစ်ဖက်ကို မြှောက်လိုက်ကာ လက်များက အရိပ်သဖွယ် ဝေဝါးသွားသည်။ သူ၏ အားကောင်းသော လက်သည်းများကို အခြားသူများ အမီလိုက်ရန် ခက်ခဲသွားသည်။ မရေတွက်နိုင်သော အရိပ်များ ဖြတ်ပြေးနေသည်ကိုသာ သူတို့အားလုံး မြင်နေရသည်။
အခြားသူများ မဆိုထားနှင့် အကြီးအကဲ ဟီရှိုရှီတောင်မှ သေချာအာရုံစိုက်၍ ကြည့်မှ မြင်ရသည်ဆိုရုံလေး မြင်နေရသည်။
ရဲ့လင်းချန်က နဂါးဖမ်းလက်ကို ပြစ်ချက်မရှိ ထုတ်ဖော်နိုင်နေသည်။ သူ၏ ချီသန့်စင်မှုကြောင့် သူ၏ လက်ဝါးများက ပို၍ သွက်လက်လာပြီး လျင်မြန်မှုနှင့် ခွန်အားက သိသာလာပြီး သိမ်းငှက်တစ်ကောင်၏ လက်သည်းများကဲ့သို့ ချွန်ထက်၍ ကြောင်တစ်ကောင်ကဲ့သို့ လျင်မြန်နေလေသည်။
ငါးစက္ကန့်ကြာပြီးနောက် ရဲ့လင်းချန်၏ လှုပ်ရှားမှုများက တိခနဲ ရပ်တန့်သွားသည်။ ထို့နောက် တချွမ်ချွမ် အသံများ ကြားလာရပြီး ဓားများက ကြမ်းပြင်ပေါ် ပြုတ်ကျလာသည်။
လက်နက်ကိုင်ထားသော သိုင်းပညာရှင် ငါးယောက်၏ လက်များက ဗလာကျင်းနေလေသည်။ ရဲ့လင်းချန်က လက်နက်များကို ဖြတ်လု၍ ကြမ်းပြင်ပေါ် လွှတ်ပစ်ခဲ့သည်။
“ဒါက … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
သခင်လေး ထာခဲရှီ၏ မျက်လုံးများ ပြူးကျယ်နေသလို အပြင်းအထန် တုန်လှုပ်နေလေသည်။ သူသည် မျက်လုံး အပြူးသားနှင့် ကြမ်းပြင်ပေါ်မှ ဓားများကို ကြည့်နေ၏။
ရဲ့လင်းချန်၏ အရည်အချင်းက သူ့စိတ်ထဲ၌ နောက်ထပ် အမြင့်တစ်ခုသို့ ရောက်သွားပြန်လေပြီ။ ၎င်းက အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။
သူ့ရင်ထဲမှ မနာလိုစိတ်ကလည်း ပို၍ ကြီးထွားလာ၏။
*ငါတို့ နှစ်ယောက်လုံးက လူငယ်တွေပဲ၊ ဘာလို့ မင်းမှာ ဒီလို သန်မာတဲ့ အရည်အချင်းတွေ ရှိနေရတာလဲ၊ မင်း လှည့်စားနေတာလား၊ ဒီလိုစွမ်းအားက ငါတို့ ရွေးချယ်ခံထားရတဲ့သူမျိုးပဲ ပိုင်ဆိုင်သင့်တာ၊ အခြား ဘယ်သူကမှ ဒီလို အရည်အချင်းမျိုး ရှိဖို့ မထိုက်တန်ဘူးကွ*
တည်ငြိမ်နေသော အကြီးအကဲ ဟီရှိုရှိ၏ မျက်နှာထက်တွင် ထိတ်လန့်မှုတို့က အစားထိုး နေရာယူလာ၏။
ရဲ့လင်းချန်၏ လက်သည်းသိုင်းကွက် လျင်မြန်မှုက ကြောင်တစ်ကောင်၏ လျင်မြန်မှုထက်ပင် ကျော်နေသည်။
*ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
*ဘယ်လိုလုပ် လူတစ်ယောက်က ကြောင်တစ်ကောင်ရဲ့ လျင်မြန်မှုထက် သာမှာလဲ၊ ကြောင်ရဲ့ မြန်ဆန်မှုက မြွေထက် ခုနစ်ဆတောင် မြန်သေးတာ၊ လူသားတစ်ယောက်က ဒါကို ဘယ်လိုလုပ်နိုင်ရတာလဲ*
အကြီးအကဲ ဟီရှိုရှီသည် သူ၏ မရေတွက်နိုင်သော သုတေသနက ချက်ချင်း မှားယွင်းကြောင်း သက်သေ ပြခံရလိမ့်မည်ဟု ထင်မထားမိပါ။
သို့သော် သူသည် ထိတ်လန့်နေရာမှ သတိဝင်လာပြီးနောက် ရဲ့လင်းချန်၏ ခန္ဓာကိုယ်အား လောဘတို့ ပြည့်နေသော အကြည့်ဖြင့် ကြည့်နေသည်။
*ဒီလိုလူမျိုးက သုတေသနလုပ်ဖို့ အကောင်းဆုံး ပစ္စည်းပဲ၊ ဟုတ်တယ်မလား*
အကြီးအကဲ ဟီရိုရှီတောင်မှ ထိုသို့တွေးနေလျင် အခြားသူများဆိုလျင် ဆိုဖွယ်ရာမရှိပေ။ သူတို့တွင် မရေတွက် နိုင်သော သုတေသန ပစ္စည်းများ ရှိသော်လည်း ယခုမြင်ကွင်းကြောင့် သူတို့ အံ့ဩသွားရသည်။ ရဲ့လင်းချန်က မျိုးရိုးဗီဇ ပြုပြင်ထားသော လူသားများ ဖြစ်နေမလားဟုပင် သူတို့ သံသယ ဝင်မိသည်။
ဒုတိယထပ်တွင် သိုင်းပညာရှင် ငါးယောက် ကြက်သေသေနေချိန်တွင် ကျန်လူသားတစ်ဝက် သားရဲတစ်ဝက် ဆယ်ယောက်ကလည်း အလိုလို တိုက်ခိုက်နေရာမှ ရပ်သွားသည်။ သူတို့၏ ဦးနှောက်သည်လည်း ကြက်သေ သေသော အဆင့်၌ ပိတ်မိနေ၏။
အစောပိုင်းက ဖြစ်ပျက်သွားသော အရာအားလုံးက သူတို့အတွက် အိပ်မက်တစ်ခုလိုပင်။
ရဲ့လင်းချန် ဘယ်လိုလုပ်ခဲ့သလဲ ဆိုသည်ကို သိရန် မဆိုထားနှင့်၊ ဘာဖြစ်သွားခဲ့သလဲ ဆိုသည်ကိုပင် သူတို့ မမြင်နိုင်ကြပါ။ ရဲ့လင်းချန် လက်နက်များ ဖြတ်ထုတ်မသွားခင်အထိ သူတို့ ဘာမှမခုခံလိုက်နိုင်ပေ။
“လူလည်းမဟုတ် တိရစ္ဆာန်လည်း မဟုတ်တဲ့မင်းတို့တွေက ဒီလောကမှာ ဘယ်လိုလုပ် ဆက်နေရဲသေးတာလဲ၊ မင်းတို့ ရှိနေတာက အောက်စီဂျင်ကို အလဟသ ဖြစ်စေသလို ငါတို့ရဲ့ လှပတဲ့ ကမ္ဘာကြီးကို ညစ်ညမ်းအောင် လုပ်နေတာပဲ”
တိတ်ဆိတ်နေရာမှ ရဲ့လင်းချန်က ရုတ်တရက် အထက်စီးဆန်သော လေသံဖြင့် ဝေဖန်ပြစ်တင်လာသည်။ ယင်းက လူတစ်ဝက် သားရဲတစ်ဝက် ဒွိမျိုးစိတ်များကို ပို၍ ရှက်ရွံ့သလို ခံစားလာရစေသည်။
“မင်းတို့တွေ … ကိုယ့်ကိုယ်ကိုယ် ပြန်သတ်သင့်တယ်”
*ဟမ် … ကိုယ့်ကိုယ်ကိုယ် ပြန်သတ် ဟုတ်လား*
*မင်း လာနောက်နေတာလား*
သိုင်းပညာရှင် ငါးယောက်၏ မျက်လုံးများ ပြူးကျယ်လာသည်။ သူတို့ရင်ထဲမှ အရှက်ရစိတ်က ချက်ချင်း ပျောက်ကွယ်သွားပြီး ရဲ့လင်းချန်အား မုန်းတီးမှုတို့ ပြည့်နေသည့် နီရဲသော မျက်လုံးများဖြင့် ဒေါသတကြီး ကြည့်နေသည်။
*ငါတို့ကို ဝေဖန်ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပြန်သတ်ဖို့ ပြောတယ်ပေါ့လေ၊ မင်းက ငါတို့ဉာဏ်ရည်ကို စော်ကား တာလား*
“ကိုယ့်ကိုယ်ကိုယ် ပြန်သတ် ဟုတ်လား၊ ယီးပဲ”
သူတို့ထဲက တစ်ယောက်က ဒေါသတကြီး အော်ဟစ်လာသည်။ သူ၏ ခန္ဓာကိုယ်က သန်မာ၍ ကြံ့ခိုင်သည်။ သူ၏ လက်နက်ကို ဆုံးရှုံးလိုက်ရပြီးနောက် သူ၏ လက်က ကျားလက်သည်းအသွင် ပြောင်းလဲသွားပြီး မာန်ဖီ၍ ရဲ့လင်းချန်ကို ပုတ်ထုတ်လေသည်။