ပဲ့တင်ထပ်သံနှစ်ခု ပိုင်ဆိုင်သူများ၏ တိုက်ပွဲ
Vol. 36 Ch. 499
လုမင်၏ သွယ်လျသော လည်ပင်းကို ဓားသွား ဖြတ်သွားပြီးနောက်လီလော့အမူအရာပြောင်းသွားခဲ့သည်။
လေထုကိုသာပိုင်းဖြတ်သွားသောကြောင့်ပင်....
"ပုံရိပ်ယောင်လား?!"
လီလော့ သူ့ရှေ့မှ လုမင်၏ပုံရိပ် မှေးမှိန်သွားသောအခါ ကြောက်ရွံ့မှု၊အေးစက်မှုကို ခံစားလိုက်ရသည်။
"ဉာဏ်များတဲ့မိန်းမပဲ......"
ဝုန်းးးးးး
သူ့နောက်တွင် ကျယ်လောင်သော မိုးခြိမ်းသံတစ်ခု ပေါက်ကွဲသွားပြီး ဆံထိုးဓားမှတဆင့် သူ့ခေါင်းပေါ်သို့ မိုးကြိုးများကျဆင်းလာသည်။
လျှပ်စီးပဲ့တင်ထပ်သံများသည် အမှန်တကယ်ပင် လျင်မြန်သောတိုက်ခိုက်မှုများ ရှိခဲ့သည်။
ထိုအခါ လီလော့၏ညာလက်ထဲတွင် အဌဂံဒိုင်းတစ်ခုပေါ်လာပြီး တိုက်ခိုက်မှုကိုပိတ်ဆို့လိုက်သည်။
ထန်....
သတ္တုချင်းထိခတ်သံထွက်ပေါ်လာသည်။
လုမင်၏ဓားချက်သည် ရွှေအဌဂံဒိုင်းပေါ်တွင် နက်ရှိုင်းသောအပေါက်တစ်ခုဖြစ်ပေါ်စေပြီး တိုးလျှိုပေါက် ထွင်းဖောက်သွားလေသည်။
ရွှေအဌဂံဒိုင်းကာသည် အဖြူရောင်မျက်လုံးအဆင့် အဖိုးတန်ပစ္စည်းဖြစ်ပြီး ၎င်းမှာ ခုခံကာကွယ်မှုအတွက်ဖြစ်သည်။ ၎င်းကို ရွှေနဂါးတာအိုနယ်မြေမှ ရရှိပြီးနောက် ပြန်လည်ပြုပြင်ခဲ့ရပြီး ယခုအခါ ထပ်မံပျက်စီးသွားခဲ့ပြီဖြစ်သည်။
"လုမင်....!"
ဒုက္ခပေးလွန်းသော မိန်းမပေတည်း......
လက်တစ်ဖက်တွင် ပုံရိပ်ယောင်
ပဲ့တင်ထပ်သံနှင့် အခြားတစ်ဖက်တွင် လျှပ်စီး ပဲ့တင်ထပ်သံ.....
အပြင်းထန်ဆုံး ထိုးစစ်ပေါင်းစပ်မှုမဟုတ်သော်လည်း၊ ၎င်းတို့သည် ရေနှင့်သစ်သားပဲ့တင်ထပ်သံများထက် တိုက်ခိုက်နိုင်စွမ်းပိုသာသည်။ သူ့ထံတွင်နောက်ထပ် ပဲ့တင်ထပ်သံ နှစ်ခုမရှိပါက လုံးဝလွယ်ကူမည်မဟုတ်ပေ။
လီလော့ မော့ကြည့်လိုက်ပြီး လုမင်ကို ပြုံးပြလိုက်သည်။
"လုမင်...နင်တော်တော် ကောက်ကျစ်တာပဲ....
ပထမဆုံးတွေ့တာကို ပုံရိပ်ယောင်ထုတ်သုံးတာ ယဉ်ကျေးတဲ့လုပ်ရပ်မဟုတ်ဘူးနော်...."
" ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တဲ့ ယောက်ျားတစ်ယောက်ဆီကများ ငါ့ကို ကောက်ကျစ်တယ်တဲ့.....”
သူမ ပြန်ဖြေဖို့ စိတ်မ၀င်စားဘဲ နောက်တစ်ကြိမ် တိုက်ခိုက်ဖို့သာ ရွေးချယ်ခဲ့သည်။ လျှပ်စီးတန်းများ သူမ၏ဓားမှ ဖြာထွက်လာကာ လီလော့၏ အားနည်းသောနေရာများဆီသို့ ဉီးတည်သွားသည်။
လီလော့သည် လျင်မြန်စွာ နီးကပ်လာနေသော လျှပ်စီးကွန်ယက်ကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်လိုက်သည်။ သူမ၏ တိုက်ခိုက်မှုများကို မှုန်ဝါးရုံသာမြင်တွေ့နိုင်သည်အထိ လုမင် အလွန်လျင်မြန်စွာ ရွေ့လျားနေသည်။
ဒင်!
လီလော့သည် ကျင်းစဲ့ယွီ့ရှန်းဓားကို မြှင့်တင်လိုက်သည်။ လုမင်၏တိုက်ခိုက်မှုများကို တော်ရုံမမြင်နိုင်သောလည်း ကိုယ့်အားနည်းချက်ကို ကိုယ်သိသည်။
သတ္တုနှင့် လျှပ်စီးတို့ ထိပ်တိုက်တွေ့ကြလေပြီ.......
သူ့အောက်ရှိ မြေပြင်အက်ကွဲနေပြီး မီးခိုးရောင် အရိပ်အယောင်များ ရှိနေသည်။
လျှပ်စီးကွန်ယက်ပေါ်တွင် နို့နှစ်ရောင်အလွှာတခုဖုံးလွှမ်းနေသည်။
လီလော့သည် ဓားကိုတင်းကြပ်စွာဆုပ်ကိုင်ထားသောကြောင့် လျှပ်စီးစွမ်းအားများကြောင့် လက်တခုလုံးထုံကျဉ်နေ၏။
လျှပ်စီးဓာတ်က မြေပြင်သို့မရောက်မီ သူ၏ခြေထောက်များမှတစ်ဆင့် တောက်လျှောက်စီးဆင်းနေသည့်အတွက် မတ်တပ်ရပ်ဖို့ခွန်အားများ ကုန်ဆုံးနေပြီဖြစ်သည်။
တိုက်ခိုက်ပြီးနောက် သူ၏ခြေထောက်များသည် ပျော့ပျောင်းသော ရွှံ့နွံပေါ်တွင် ရပ်နေသကဲ့သို့ တုန်လှုပ်သွားသည်ဟု ခံစားရသည်။
လုမင်သည် ပုံသဏ္ဍာန်ပြောင်းလဲခြင်း တတိယအဆင့်ဖြစ်သောကြောင့် ခွန်အားအရာတွင်အားသာချက်ရှိသည်။
လီလော့သည် ကျူးကျော်ဝင်ရောက်လာသော စွမ်းအင်များကို ခန္ဓာကိုယ်မှ ဖယ်ရှားရန်အတွက် ပဲ့တင်ထပ်သံနှစ်ခုကို အသုံးပြုကာ ငြိမ်သက်စွာ နောက်ပြန်ဆုတ်သွားခဲ့သည်။
ရေအလင်းရောင် ပဲ့တင်ထပ်သံစွမ်းအားနှင့်မြေသစ်သား ပဲ့တင်ထပ်သံစွမ်းအားတို့က သူ့ကို ပြန်လည်ကောင်းမွန်လာစေရန် လျင်မြန်စွာ လုပ်ဆောင်ပေးခဲ့သည်။
ခဏအကြာတွင် လုံးဝပြန်လည်ကောင်းမွန်လာပြန်သည်။
လီလော့က ခြေထောက်တွေကို ခါယမ်းလိုက်ပြီး ထုံကျဉ်မှုရှိမရှိ စမ်းသပ်လိုက်သည်။
"ဟမ်?"
နောက်ဆက်တွဲဆိုးကျိုးများကို လီလော့က လုံးလုံးလျားလျား ဖယ်ရှားနိုင်ခဲ့သည့်အတွက် သူမ အံ့သြမိသည်။
"နင့်ရဲ့ ပဲ့တင်ထပ်တဲ့ စွမ်းအား... ထူးဆန်းတယ်" ဟု သူမ ဖြည်းညှင်းစွာပြောလိုက်သည်။
သူတို့နှစ်ယောက်လုံးတွင် ပဲ့တင်ထပ်သံနှစ်ခုရှိပြီး သူမကသာ ပိုအားကောင်းနေမည်မှာ သေချာသည်။ ဒါပေမယ့် တစ်စုံတစ်ခုက သူမကို စိတ်မသက်မသာဖြစ်စေခဲ့သည်။
ခံနိုင်ရည်ရှိပြီး ခက်ခဲကြမ်းတမ်းတဲ့ ပြိုင်ဘက်က ထပ်ခါထပ်ခါ ပြန်ထာလာတယ်.....
လုမင်သည် လီလော့ဘက်က သူမ၏ မှတ်ချက်ကို တုံ့ပြန်ရန် မမျှော်လင့်ခဲ့ပေ။ ထိုအစားအဖြေကို သူမကိုယ်တိုင်ရှာဖွေရန် ရွေးချယ်ခဲ့ပြီး မည်ကဲ့သို့ တုံ့ပြန်မည်ကို သိရန် ထပ်မံတိုက်ခိုက်ခဲ့သည်။
လီလော့ နောက်သို့ခုန်လိုက်ပြီး လက်နှစ်ဖက်ကို ပူးကပ်လိုက်သည့်အခါ ရေစက်များထွက်ပေါ်လာပြီး လုမင်၏ခြေထောက်ကို ဆုပ်ကိုင်ရန် ရွှံ့လက်များ မြေပြင်မှ ထွက်လာသည်။
လုမင်က ပြုံးလိုက်ပြီး အဆင်သင့်အနေအထားဖြစ်အောင် ခြေထောက်ကို လိမ်ပြီးရုန်းထွက်သွားသည်။
"ကျားအဆင့်ပညာရပ်.. လျှပ်စီးတန်းလမ်းလျှောက်သူ....."
မျက်စိတမှိတ်အတွင်း သူမ လီလော့ ရှေ့သို့ နောက်တစ်ကြိမ် ရောက်နေပြီဖြစ်သည်။ သူမ၏ဓားသည် အန္တရာယ်ရှိစွာ တောက်ပသွားကာ ရိုက်ခတ်ရန် အသင့်ရှိနေသည်။
သူ့နောက်မှာ လွင့်ပျံနေတဲ့ ဆံပင်တွေကလည်းလျှပ်စီးလက်သလိုပင်.....
တစ်ဖန် သူမသည် လျှပ်စီး၏ သင်္ကေတဖြစ်သော သေမင်းတမန် အမြန်နှုန်းနှင့် ထိုးစစ်ဆင်မှုကို ပေါင်းစပ်ကာ ထပ်မံတိုက်ခိုက်ခဲ့ပြန်သည်။
"ကျားအဆင့်ပညာရပ်... လျှပ်စီးဓား!"
သူမ၏ ပါးလွှာသောဓားသည် မီတာများစွာ ရှည်လျားသော ရွှေရောင်လျှပ်စီးကြောင်းအဖြစ် ပြောင်းလဲသွားကာ ကျယ်လောင်သော အသံနှင့်အတူ လီလော့ဆီ ဉီးတည်လာနေ၏။
ဤတိုက်ခိုက်မှုသည် အလွန်ပြင်းထန်သောကြောင့် အခြားသော ပုံသဏ္ဍာန်ပြောင်းလဲခြင်း တတိယအဆင့်ပြိုင်ဘက်များပင် ၎င်းကို ကိုင်တွယ်ဖြေရှင်းနိုင်မည်မဟုတ်ပေ။
လုမင်သည် သူနှင့်ကစားရန် ရည်ရွယ်ထားကုံမရပေ။ သူမက ဒါကို မြန်မြန်အဆုံးသတ်ပြီး ဖိုင်နယ်ကို ဆက်သွားချင်နေသည်။
"အင်း....နင် ငါ့ကို လျှော့တွက်နေတာပဲ"
လီလော့က ကျင်းစဲ့ယွီ့ရှန်းဓားကို ကိုင်လှုပ်လိုက်ပြီး ရေရွတ်လိုက်သည်။
အဆိပ်များသိုလှောင်ထားသော ပဲ့တင်ထပ်သံ ပူဖောင်းနှစ်ခုထဲမှ တခုကိုထုတ်သုံးရတော့မည်။ ထိုအခါပဲ့တင်ထပ်သံ စွမ်းအားတွေက သူ့ကို လွှမ်းခြုံသွားသည်။
ထိုမျှတင်မကသေးဘဲ ကျင်းစဲ့ယွီရှန်းဓား၏ ပထမအလွှာဖြစ်သော ဆင်နတ်ဘုရားစွမ်းအားကိုပါ ထုတ်သုံးလိုက်သည်။
လီလော့၏လက်များ ဖောင်းပွလာပြီး အရေပြားအောက်တွင် မြွေလေးများကဲ့သို့ တွန့်လိမ်နေသော သွေးကြောများကိုမြင်နေရသည်။ ပြင်းထန်လွန်းသောစွမ်းအားကြောင့် အရေပြားများစုတ်ပြဲကာ ပုတီးစေ့အရွယ်ခန့်ရှိသော သွေးစက်များတတောက်တောက်စီးကျနေလေ၏။
လီလော့သည် စွမ်းအားများကို စုပ်ယူရင်း ရူးသွပ်သောအပြုံးမျိုး ပြုံးနေသည်။
သူသည် သားကောင်ကို စောင့်မျှော်နေသော ဆာလောင်နေသောခြင်္သေ့ကဲ့သို့ သူ့အပေါ်သို့ လျင်မြန်စွာ ချဉ်းကပ်လာနေသော လျှပ်စီးကြောင်းများကိုကြည့်နေမိသည်။
ထို့နောက် သူသည် ရှေ့သို့ တိုးလာကာ ဓါးကို ပြင်းထန်စွာ လွှဲယမ်း၍ခုတ်ပိုင်းလိုက်လေတော့သည်။