လုမင်၏ ပုံရိပ်ယောင် အစီအရင်
Vol. 36 Ch. 500
အလွန်ပြင်းထန်သော ပဲ့တင်ထပ်သံ စွမ်းအားနှစ်ခုထိပ်တိုက်တွေ့ခဲ့ပြီး လှိုင်းလုံးများသည် သစ်တောတစ်ခုလုံး ပဲ့တင်ထပ်နေသည်။ နီမြန်းသော အနီရောင်သစ်ပင်များကို နှစ်ပိုင်းခွဲကာ အကြွင်းအကျန်များကလည်း ပဲ့တင်ထပ်သံ စွမ်းအားများကြောင့် အစိတ်စိတ်အမွှာမွှာကွဲကြေကုန်လေသည်။
လုမင်သည် လေထဲတွင် နောက်သို့ ဆုတ်သွားကာ အကောင်းတိုင်းကျန်ခဲ့သော သစ်ပင်ကြီးတစ်ပင်ပေါ်သို့ ဆင်းသက်ခဲ့သည်။ သူမ၏ အေးစက်သော မျက်လုံးများက ဤတိုက်ခိုက်မှု၏ အရင်းအမြစ်ကို အကဲဖြတ်နေသည်။ မြေပြင်၏တစ်ဖက်တစ်ချက်တွင် နက်နဲသောဓားရာတစ်ခုရှိနေပြီး ကောင်းကင်ယံမှ စီရင်ချက်အချို့ကြောင့် နယ်မြေတစ်ခုလုံး မည်းမှောင်နေလေ၏။
သူမသည် တုံ့ဆိုင်းခြင်းမရှိဘဲ နောက်ထပ် လျှပ်စီးတန်းလမ်းလျှောက်သူပညာရပ်ကိုနောက်တကြိမ် ထပ်မံအသုံးပြုရန်စွမ်းအားများကိုစတင်စုဆောင်းလိုက်ပြန်သည်။
အဖျက်စွမ်းအားကြီးမားသော လျှပ်စီးတန်စ လမ်းလျှောက်သူ တိုက်ကွက်ကို တော်တန်ရုံအဆင့်တူများပင်ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
သို့သော်လည်း လီလော့က ထိပ်တိုက်ရင်ဆိုင်ရန်ရွေးချယ်ခဲ့သည့်အတွက် သူမ အံ့သြနေမိသည်။
သာမာန်အခြေအနေတွင်၊ သူမအတွက် အလွယ်တကူအနိုင်ရရှိပေလိမ့်မည်။
သို့သော်လည်း အခြေအနေက ရိုးရှင်းပုံမပေါ်ပေ။ လုမင်သည် တိုက်ပွဲအရှိန်ကြောင့် အကင်းမသေသေးသော ဖုန်မှုန့်များကို စူးစူးစိုက်စိုက်ကြည့်ရင်း သတိမပြတ်ရဲပေ။ ခဏအကြာတွင် ဖုန်မှုန့်များထဲမှ ထွက်လာသော လီလော့ကြောင့် သူမ၏အကြည့်များ ကျဉ်းမြောင်းသွားခဲ့သည်။
လီလော့၏ လက်မောင်းတွင် ကြွက်သားများဖောင်းဖွနေပြီး အရေပြားများအက်ကွဲနေသော်လည်း လျှပ်စီးကြောင့် ထိခိုက်ထားသောဒဏ်ရာဟူ၍စိုးစဉ်းမျှရှိမနေပေ။
လုမင်၏ ပြင်းထန်သော တိုက်ခိုက်မှုသည် လုံးလုံးလျားလျား လွဲသွားသည် ။
"နင် တကယ့်ကို ထူးဆန်းတဲ့ကောင်ပဲ"
လုမင်က ညည်းညူလိုက်သည်။
လီလော့၏ ပဲ့တင်ထပ်သံစွမ်းအား အရည်အသွေးသည် သူမ မျှော်လင့်ထားသမျှကို ကျော်လွန်သွားခဲ့သည်။
ပဲ့တင်ထပ်သံနှစ်ခုရှိနေသည့်တိုင် ပုံသဏ္ဍာန်ပြောင်းလဲခြင်းဒုတိယအဆင့်တွင် ထိုသို့သောစွမ်းအားမျိုးရှိနေဖို့မလွယ်ပေ။
"သူက စွမ်းအားသိုလှောင်နိုင်တဲ့ပညာရပ် တစ်ခုခုကို လေ့ကျင့်ခဲ့တာလား..."
ရရှိထားသော သဲလွန်စများကို တွေးကြည့်ခြင်းဖြင့် ဤတနည်းသာရှိနိုင်ပြီး ထိုပညာရပ်မျိုးသည် အရေးကြီးသောအခိုက်အတန့်တွင် ၎င်းတို့ ထုတ်လွှတ်နိုင်သည့် ပဲ့တင်ထပ်သံစွမ်းအားပမာဏကို တိုးမြှင့်စေနိုင်သည်။ အားနည်းချက်မှာ သိုလှောင်နိုင်သည့်ပမာဏမှာလည်း အကန့်အသတ်များ ရှိနေသည်။ တစ်ချိန်တည်းမှာပင် အရည်သွေးမြင့်သော ပဲ့တင်ထပ်သံစွမ်းအားပမာဏအများအပြားကို လီလော့ စုစည်းထားနိုင်သည်မှာ လုံးဝကွဲပြားခြားနားသော အရာဖြစ်နေသည်။
ထိုအချိန်တွင် လုမင်က လီလော့၏ ခွန်အားအရင်းအမြစ်ကို ဆက်လက်တွေးတောနေသော်လည်း လီလော့ဘက်က ထိုနေရာတွင် တိတ်တဆိတ် စောင့်ဆိုင်းနေမည်မဟုတ်ပေ။
လီလော့က လက်ဝါးနှစ်ဖက်ကို ပူးကပ်လိုက်ပြီး.....
"သစ်နွယ်ပင်ပေါင်းစည်းခြင်း.. !"
လုမင် ရပ်နေသောသစ်ပင်သည် တဆတ်ဆတ်တုန်ခါလာပြီး အကိုင်းအခက်များကာမြွေလိမ်မြွေကောက်သဖွယ်ကွေ့ကောက်စွာဖြင့် သူမကို ဖမ်းဆီးချုပ်နှောင်ရန်တိုးဝင်လာကြသည်။
သစ်သားမြွေတွေလို ဝိုင်းနေတဲ့ သစ်ကိုင်းမျိုးစုံကို တုံ့ပြန်တဲ့အနေနဲ့ လုမင်ရဲ့ ခန္ဓာကိုယ်ဟာ လျှပ်စီးလက်လိုအမြန်နှုန်းဖြင့်ရွေ့လျားသွားသည်။
ဝုန်းးးးး
ဖနောင့်တချက်ပေါက်လိုက်ရုံနှင့် သစ်ပင်တစ်ပင်လုံး တခဏချင်း မည်းမှောင်သွားပြီး တစ်ချိန်က သက်ဝင်လှုပ်ရှားနေသော အကိုင်းအခက်များသည် လေနှင့်အတူ လွင့်နေသော ပြာများအဖြစ်သို့ ပြောင်းလဲသွားသည်။
လီလော့သည် သစ်သားပဲ့တင်ထပ်သ့စွမ်းအားကို ဆက်လက်ထုတ်လွှင့်ကာ လုမင် ပတ်ပတ်လည်ရှိ သစ်ပင်များအားလုံးကို တွန်းအားပေးနေချိန်တွင် ခန္ဓာကိုယ်အတွင်းမှ ပဲ့တင်ထပ်သံ စွမ်းအားများ ထွက်ပေါ်လာပြီး အခြားသော ပဲ့တင်ထပ်သံပညာရပ်ကို အကောင်အထည်ဖော်ခဲ့သည်။
"ရေစေးပညာရပ်.. "
ထိုအခါ လုမင်ဆီသို့ ဦးတည်သွားသော သစ်ကိုင်းများပေါ်တွင် ၎င်းတို့၏ ခွန်အားနှင့် ခံနိုင်ရည်အား မြှင့်တင်ပေးရန်အတွက် တစ်ပြိုင်နက် လုပ်ဆောင်ပေးသည့် အပြာရောင်ရေလွှာများ ဖုံးလွှမ်းသွားခဲ့သည်။ ပွားများလာသောနှောင်ကြိုးများသည် ဒေါသတကြီး လုမင်ကို ရိုက်ချလိုက်လေသည်။
တုံ့ပြန်သည့်အနေနှင့် လုမင်သည် တုန်ခါနေသော သစ်ကိုင်းများကို လုံးလုံးလျားလျား ပြိုကွဲစေရန် သူမ၏လျှပ်စီးပဲ့တင်ထပ်သံစွမ်းအားဖြင့် လေထဲသို့ ခုန်ဆင်းသွားခဲ့သည်။
ရွှီးးးးးး
ဒါပေမယ့် ရလဒ်က ပထမအကြိမ်နဲ့မတူနိုင်ခဲ့ပေ။ သစ်ကိုင်းအချို့သည် ပျက်စီးခြင်းမှလွတ်မြောက်ကာ လုမင်ရှေ့တွင်ပေါ်လာပြီး သူမ၏ခြေလက်များကို ချည်နှောင်ရန်ကြိုးစားခဲ့သည်။
လီလော့၏ ရည်ရွယ်ချက်က ရိုးရှင်းသည်။ လုမင်၏ လှုပ်ရှားမှုများကို ကန့်သတ်ရန်သာဖြစ်သည်။ သူမ၏ လျှပ်စီးစွမ်းအားက သူမအား အရှိန်အဟုန် လွန်စွာ ပေးစွမ်းနိုင်သည့်အတွက် ကိုင်တွယ်ရန် ခက်ခဲလွန်းလှသည်။
"မင်းမှာ ရေနဲ့ သစ်သားပဲ့တင်ထပ်သံပညာရပ်ကို ပေါင်းစပ်နိုင်တဲ့ စွမ်းရည်တစ်ချို့ရှိနေပုံပဲ...."
လုမင်က ခြောက်ကပ်စွာ မှတ်ချက်ပေးသည်။
သူမ၏ ခြေဖနောင့်အောက်မှ ပဲ့တင်ထပ်သံ အလင်းတန်းများ ထွက်ပေါ်လာပြီး သူမအား ဖမ်းမိရန် ရုန်းကန်နေသော သစ်ပင်အကိုင်းအခက်များကို တိုက်ရိုက်ရှောင်ရှားရန် လေထုထဲတွင် လွင့်မျောသွားသည်။ ချက်ချင်းပင် သူမ၏ခန္ဓာကိုယ်သည် အရှိန်ကန့်သတ်ချက်ဖြင့် လီလော့၏ရှေ့တွင် တိုက်ရိုက်ပေါ်လာသည်။
သူမလက်ထဲက ရွှေထိုးဓားဟာ သူ့ရှေ့မှာ လျှပ်စီးလက်သလို ပေါက်ကွဲထွက်လာပြီး လီလော့၏ ထိတ်လန့်တုန်လှုပ်သော မျက်လုံးများရှေ့တွင် ဓားသည် လျင်မြန်စွာ ရွေ့လျားသွားပြီး ၎င်း၏နောက်ဆက်တွဲ ပုံရိပ်ကို တစ်ဦးတည်းသာ မြင်နိုင်ခဲ့သည်။
ပြဿနာ၏နောက်ဆက်တွဲအချက်မှာ မရေမတွက်နိုင်သောပုံရိပ်ယောင်ဓားအရိပ်များသည် တစ်ပြိုင်နက်တည်းပေါ်လာပြီး ခန္ဓာကိုယ်အနှံ့ကိုထိုးစိုက်နေခြင်းဖြစ်သည်။
ထိုလျှပ်စီးဓားများသည် ပုံရိပ်ယောင်များများဖြစ်သော်လည်း ရှောင်တိမ်းဖို့မလွယ်ကူပေ။
၎င်းတို့သည် လုမင်၏ လျှပ်စီးနှင့်ပုံရိပ်ယောင် ပဲ့တင်ထပ်သံများကို ပြီးပြည့်စုံစွာပေါင်းစပ် အသုံးချလိုက်ခြင်းပင်.....
တန်ပြန်တိုက်စစ်က လျှပ်စီးလက်သလို မြန်ဆန်လွန်းသည်။
အစစ်အမှန်နှင့် မဟုတ်သောအရာကို မခွဲခြားနိုင်သည့်အတွက် လီလော့အနေဖြင့် အရာအားလုံးကို အင်အားသုံးဖြိုခွင်းရမည်သာ.... လီလော့သည် ဓားကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း၊ ပဲ့တင်ထပ်သံနှစ်ခုစွမ်းအားနှစ်ခုက်ို တပြိုက်နက် ထုတ်လွှတ်လိုက်လေသည်။
ထိုစဉ် တိတ်ဆိတ်ငြိမ်သက်မှုကို ပြင်းထန်က်လောင်သော ပေါက်ကွဲသံများအဆက်မပြတ်ထွက်ပေါ်လာလေ၏။
ဝုန်းးးးဝုန်းးးးး
လီလော့၏ ဓားချက်ကြောင့် ပုံရိပ်ယောင်ဓားများ အဆင်မပြတ် ကွဲကြေသွားကာ နောက်ဆုံးတွင် ဓားအောက်၌ဝှက်ထားသော စစ်မှန်သောတိုက်ခိုက်မှုနှင့် ထိပ်တိုက်တွေ့ခဲ့သည်။
နောက်အခိုက်အတန့်တွင် သူတို့နှစ်ဦး ပြင်းထန်သော ဓားချက်များဖြင့် အဆက်မပြတ်တိုက်ခိုက်ကြကုန်သည်။
၎င်းတို့တစ်ဦးစီအပေါ်တွင် အဆက်မပြတ်ရွာသွန်းနေသည့် ပေါက်ကွဲသံများနှင့်အတူ ပဲ့တင်ထပ်သံစွမ်းအားများ ပြင်းထန်စွာ တိုက်ခတ်မှုကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး ပျက်စီးသွားခဲ့သည်။
သူတို့နှစ်ဦးသည် မိနစ်အနည်းငယ်အတွင်း အကြိမ်ရာပေါင်းများစွာ ထိပ်တိုက်တွေ့ဆုံခဲ့ကြသည်။
ဤသည်မှာ ပြင်းထန်သော တိုက်ပွဲဖြစ်ပြီး ၎င်းတို့နှစ်ဦးသည် ပြင်းထန်စွာ ပညာစားမချန်ဘဲ တိုက်ခိုက်နေကြသည်။
ကလန်......
နောက်ဆုံးတော့ ပထမဦးဆုံး နောက်ဆုတ်လိုက်သူကတော့ လုမင်သာပင်.... နောက်ဆုံး ထိပ်တိုက်တွေ့မှုက သူမ၏ နူးညံ့သော ခန္ဓာကိုယ်ကို ပြင်းထန်စွာထိခိုက်စေခဲ့ပြီး တုန်ယင်နေသော လက်နှစ်ဖက်ဖြင့် လက်နက်ကို ကိုင်ထားရင်း ဆိုးရွားသော လေးနက်မှုအချို့ကို သူမ၏ မျက်လုံးများတွင် မြင်တွေ့နိုင်သည်။
လီလော့သည် မွန်းစတားတစ်ကောင်ဖြစ်သည်။
"သူ့ရဲ့ စွမ်းအားက သူ့လက်နက်က လာတာလား..."
လုမင်သည် ကျင်းစဲ့ယွီရှန်းဓားကို ပိုမိုရှင်းလင်းစွာ စစ်ဆေးခဲ့သည်။ သူတို့လက်နက်တွေ ထိပ်တိုက်တွေ့တိုင်း လီလော့၏ လက်နက်ကနေ တဟုန်ထိုးထွက်လာတဲ့ စွမ်းအားကို သူမ ခံစားရသည်။ ထိုစွမ်းအားသည် အထိန်းအကွပ်မဲ့သော တောရိုင်းတိရစ္ဆာန်တစ်ကောင်လိုပင်....
"လီလော့..ဒီတခါတော့ နင့်ကိုလေးစားမိပြီ..."
လုမင်က ဝန်ခံခဲ့သည်။ တစ်ဖက်တွင် လီလော့သည် တည်ငြိမ်သောအမူအရာဖြင့်ရပ်နေသောလည်း သူ၏ဆံပင်အားလုံးထောင်နေသည်။ ဤသည်မှာ တိုကိခိုက်မှုအတွင်း လုမင်၏လျှပ်စီးစွမ်းအားအကျိုးသက်ရောက်မှုကြောင့်ပင်......
“နင်က ငါ့ကိုလေးစားတယ်....ဒါ ဘာအဓိပ္ပာယ်လဲ…”
ရယ်မောလိုက်ပေမယ့် သူ့ပါးစပ်ထဲက မီးခိုးမည်းတွေ ထွက်လာတာကြောင့် ချက်ချင်းပါးစပ်ပိတ်လိုက်ရသည်။ လုမင်၏လျှပ်စီးပဲ့တင်ထပ်သံသည် အမှန်တကယ်ပင် ဒုက္ခပေးနိုင်သည်။ဤနှုန်းအတိုင်းသာဆိုမကြာခင် အသားကင်ဖြစ်သွားနိုင်သည်။
လီလော့၏ ရှုံ့မဲ့နေသော အသွင်အပြင်ကို ကြည့်လိုက်ပြီး လုမင် ပြုံးပြလိုက်သည်။
" ငါ နင့်ကို အရှုံးမပေးဘူး....."
"ဟင်? တကယ်လား?"
ထိုအချိန်တွင် လီလော့၏ မျက်လုံးများ မှိန်ဖျော့သွားလေ၏။
ပုံမှန်အားဖြင့် အေးစက်ပြီး မာနထောင်လွှားနေသော လုမင်သည် ယခုအခါ စိတ်အနှောင့်အယှက်ဖြစ်စေမည့် အပြုံးမျိုးပြုံးနေသောကြောင့် အန္တာရာယ်အငွေ့အသက်က်ိုခံစားလိုက်ရသည်။
သို့သော်လည်း လုမင် နောက်ပြန်ဆုတ်သွားသောအခါ သူ မလှုပ်ရှားဝံ့ခဲ့ပေ။
အံ့သြစရာအကောင်းဆုံးမှာ ထိုခြေလှမ်းကို လှမ်းပြီးသည့်နောက် သူမ လုံးဝပျောက်ကွယ်သွားခြင်းပင်ဖြစ်သည်။
"လီလော့၊ ဂုဏ်ယူပါတယ်...ငါ ကျင်းထန်ရှု အတွက် ဒီတိုက်ကွက်ကို သိမ်းထားပေမယ့် အခုနင့်အတွက်ဖြစ်သွားပြီ..."
လုမင်၏ အသံသည် သူ့ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်နေပြီး တစ်ချိန်တည်းမှာပင်ပတ်ဝန်းကျင် ပြောင်းလဲသွားသည်ကို လီလော့ မြင်လိုက်ရသည်။
လက်ရှိ လီလော့ရောက်နေသောတောအုပ်သည် မျက်စိရှေ့မှာပင် ကျယ်ပြန့်သော ပန်းပင်လယ်ကြီးတစ်ခုအဖြစ်ပြောင်းလဲသွားသည်။
"ယုတ်မာတဲ့ လှည့်စားမှုလား?"
ဒီပန်းပင်လယ်ကြီးဟာ ပုံရိပ်ယောင်အစီအရင်တခုဖြစ်ပြီး လီလော့ ထောင်ချောက်ထဲရောက်နေပြီဖြစ်သည်။
ဝုန်းးးးးးးးးး
ထိုအချိန်တွင် မီးခိုးရောင် တိမ်တိုက်များက လျင်မြန်စွာ စုရုံးလာပြီး မိုးကုတ်စက်ဝိုင်းတစ်ခုလုံးကို တဖြည်းဖြည်း ဖုံးလွှမ်းသွားတော့သည်။
ဤတိမ်တိုက်များသည် အကာအရံမရှိဆက်လက်ကြီးထွားလာပြီး လျှပ်စီးလက်ကာ အဆုံးမဲ့ မိုးခြိမ်းသံများ တဟုန်ထိုး မြည်ဟီးနေသည်။
လီလော့ ထိန်းမရအောင်မျက်စိပျက်မျက်နှာပျက်ဖြစ်နေရှာသည်။
ဤသည်မှာ လျှပ်စီးနှင့်ပုံရိပ်ယောင်ပဲ့တင်ထပ်သံကိုပေါင်းစပ်အသုံးပြုထားသော ပုံရိပ်ယောင်အစီအရင်ဖြစ်သည်။
လုမင်သည် နောက်ဆုံးသောဝှက်ဖဲကိုထုတ်သုံးခဲ့လေပြီ.......