← Chapters

စူပါမန်းဝိုင် ပြန်ပေါ်လာပြီ

Vol. 35 Ch. 519

စူပါမန်းဝိုင် ပြန်ပေါ်လာပြီ

Vol. 35 Ch. 519

“ကျား … ကျားသစ်နက်လား”

“လခွမ်း မိုက်တယ်ဟေ့၊ မိုက်တယ်”

“ဒီဆပ်ကပ်က ကမ္ဘာမှာ ရှားမှရှားပဲ၊ ကျားသစ်နက်တောင် ရှိတယ်၊ နောက်အစီအစဉ်က ဘာဖြစ်မလဲ မသိဘူး”

“ဒီကျားသစ်နက်ကို ကြည့်လိုက်ရုံနဲ့တင် သွားရှုပ်လို့ရတဲ့ကောင် မဟုတ်ဘူးဆိုတာ သိဖို့လိုတယ်၊ သူ့မျက်လုံးတွေကို ကြည့်လိုက်၊ ဒဏ္ဍာရီတွေထဲမှာ ကျားသစ်နက်ရဲ့ မျက်လုံးတွေက သေမင်းမျက်လုံးတွေလို့ ပြောထားတယ်၊ ရှေးလူကြီးတွေရဲ့ စကားက အလိမ် မဟုတ်ဘူးပဲ”

“ကြောက်ဖို့ကောင်းလွန်းတယ်၊ ဒါက ကြောက်ဖို့ကောင်းလွန်းလိုက်တာ၊ အဲ့ဒါက အသိမပေးဘဲ လေလို ရောက်လာတာ”

“လခွမ်း ကျားသစ်နက်ရဲ့ ပါးစပ်ကို ကြည့်ဦး၊ သူ့လျှာက … ဘာလို့ မြွေရဲ့လျှာနဲ့ တူနေတာလဲ”

…

ကျားသစ်နက် ရောက်လာခြင်းနှင့်အတူ စကားသံများက ပို၍ ကျယ်လာသည်။ ဆပ်ကပ်အဖွဲ့၏ အံ့ဩစရာ ကောင်းပုံကြောင့် လူတိုင်း မှင်တက်သွားပြီး သူတို့၏ စိတ်ဝင်စားစိတ် တိုးလာလေသည်။ လူအများစုက ဓာတ်ပုံရိုက်ရန် ဖုန်းများ ထုတ်နေကြပြီး အချို့က ကျားသစ်နက်နှင့် ဓာတ်ပုံရိုက်ရန်အတွက် ရှေ့သို့ တိုးရန် စိတ်အား ထက်သန်နေသည်။

စကားသံများ ပိုကျယ်လာခြင်းက စင်ပေါ်မှ ကျားသစ်နက်၏ မျက်လုံးများကို ပို၍ အေးစက်လာစေသည်။

“ဝေါင်း”

ကျယ်လောင်သော မာန်ဖီသံတစ်သံက အားလုံး၏ နားစည်ကို အူသွားစေသည်။ ပရိသတ်များ အသည်းအသန် ရင်တုန်သွားပြီး ကြောက်ဒူးတုန်လာကြသည်။

သို့သော် ရင်တုန်နေရာမှာ အားပေးသံများနှင့် ပြည့်နှက်လာသည်။

“မာန်ဖီတယ်ကွ၊ ကျားသစ်နက်က မာန်ဖီတယ်ဟ၊ သားရဲရဲ့ မာန်ဖီသံကို ငါ ပထမဆုံး ကြားဖူးတာပဲ၊ အံ့ဩဖို့ ကောင်းလိုက်တာ”

“မိုက်တယ်၊ သောက်ရမ်း မိုက်တယ်၊ ဒါ လုံးဝကို ကျားသစ်ပဲ၊ အသံက … ကျားကျားလျားလျား ရှိတယ်”

“လခွမ်း၊ သားရဲဆိုတာ ဒါပဲလေ၊ သူ့မာန်ဖီသံက တောတောင်တွေထဲမှာ မြည်ဟည်းသွားတာပဲ၊ ဩဇာကြီး လိုက်တာ”

“ဒီဆပ်ကပ်က မိုက်တယ်၊ ဒီကျားသစ်နက်ကလည်း မိုက်တယ်၊ စိတ်လှုပ်ရှားစရာ မကောင်းဘူးလား”

“မာန်ဖီသံ တစ်ခုတည်းနဲ့တင် ဒီတင်ဆက်မှုကို အမှတ်ပြည့် ပေးလိုက်ပြီ၊ လုံးဝကို စိတ်လှုပ်ရှားဖို့ ကောင်းတယ်”

“အော်ပဲ အော်မနေကြနဲ့၊ အားလုံး လက်ခုပ်တီးရအောင်”

…

“ဖြောင်း ဖြောင်း ဖြောင်း”

လက်ခုပ်သံများက အချိန်တစ်ခုအထိ မြည်ဟီးနေပြီး ပတ်ဝန်းကျင်က ပို၍ သက်ဝင်နေ၏။

“ဟီး…”

ထိုသို့သောအချိန်၌ စင်ပေါ်မှ မြင်းများက ပြိုင်တူ ဟီလာကြပြီး ဂနာမငြိမ် ဖြစ်ကာ ထိန်းမရတော့ချေ။ တည်ငြိမ်သော ကျားများနှင့် ခြင်္သေ့များတောင်မှ လှောင်အိမ်ထဲ၌ အနေရခက်စွာ တုန်လှုပ်လာပြီး မကြာခဏ မာန်ဖီနေကြသည်။

“ခွပ် ခွပ် ခွပ် ခွပ်”

နောက်ဆုံးတွင် မြင်းများထဲမှ တစ်ကောင်က မနေနိုင်တော့ဘဲ ထွက်ပြေးတော့မည့်ဟန်ဖြင့် တခွပ်ခွပ်ဖြင့် ပြေးလေသည်။

“ဝေါင်း”

၎င်း၏ လုပ်ရပ်က ကျားသစ်နက်၏ အာရုံကို ဖမ်းစားသွားပြီး ကျယ်လောင်စွာ မာန်ဖီလေသည်။ ၎င်းက ခြေလက်များကို ဆန့်ထုတ်၍ မျက်တောင်တစ်ခတ်အတွင်း မြင်း၏ ဘေးနားသို့ လေနက်သဖွယ် ရောက်ရှိ သွားသည်။

၎င်းက ပါးစပ်ကို ဖြဲလိုက်သဖြင့် အပေါ်သွားနှင့် အောက်သွားများ ပေါ်လာပြီး အေးစက်စက် အလင်းရောင် ဟပ်လာသည်။ ယင်းသည် အလွန် ကြောက်စရာကောင်းပြီး မြင်း၏ လည်ပင်း၌ အားကောင်း၍ ကြမ်းကြုတ်သော ကိုက်ရာတစ်ခု ဖြစ်သွားစေသည်။

“ဟီး…”

အော်သံနှင့်အတူ မြင်း၏ ခြေထောက်များ ပျော့ခွေသွားပြီး မြေကြီးပေါ်သို့ ဘုန်းခနဲ လဲကျသွားသည်။ အသက်ရှင်နေသော မြင်းတစ်ကောင်က တစ်ခဏအတွင်း သေဆုံးသွားလေပြီ။

သို့သော် ဤမျှနှင့် မပြီးသေးချေ။

ကျားသစ်နက်၏ မျက်လုံးများတွင် ဖိနှိပ်ညှဉ်းပန်းလိုသော အကြည့် ဖြတ်ပြေးသွားသည်။ ၎င်းက မြင်း၏ လည်ပင်းကို ကိုက်၍ ခေါင်းကို ကြမ်းတမ်းစွာ ယမ်းလိုက်သည်။

“ဗြိ”

မြင်း၏ လည်ပင်းမှ သွေးများ ဝေါခနဲ ပန်းထွက်လာ၏။

“ဂျွိ ဂျိ”

သွေးများက မြေကြီးပေါ် စီးနေကာ ကျားသစ်နက်၏ ဝါးစားသံကို ကြားနေရသည်။

ပရိသတ်များ၏ အားပေးသံ ချက်ချင်း ရပ်တန့်သွားသည်။ သုသာန်အလား တိတ်ဆိတ်သွားလေသည်။

အားလုံး မျက်လုံး ပြူးလာပြီး မျက်စိရှေ့မှ မြင်ကွင်းကို တွေဝေစွာ ငေးကြည့်နေကြသည်။

“ဂလု”

တံတွေးမျိုချသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး လူအများစုသည် ကြောက်လန့်တကြား ဖြစ်သွားလေသည်။ သူတို့၏ ခြေထောက်များက အလိုလို နောက်သို့ဆုတ်နေပြီး မျက်လုံးတွင် သွေးပျက်မှုများနှင့် ပြည့်နေ၏။

တစ်စုံတစ်ယောက်သည် ဆပ်ကပ်အဖွဲ့သားများကို အလိုလို လှမ်းကြည့်မိသောအခါ ထိုလူစုသည် အများမသိလိုက်ခင်မှာပင် မီတာတစ်ချို့အထိ နောက်ဆုံးပြီးသား ဖြစ်နေ၏။ သူတို့၏ စင်မြင့်ဒေါက်တိုင်များကိုပင် ဖယ်ရှားနေကြသည်။

“ဝါးးးးးး”

ကျယ်လောင်သော ကလေးငိုသံက ဆပ်ကပ်ပြပွဲမှ တိတ်ဆိတ်မှုကို ချိုးဖျက်သွားသည်။ ထို့နောက်တွင်မူ ချိတ်ဆက်ထားသကဲ့သို့ ကလေးငယ်များအားလုံးက ငိုယိုကြလေသည်။

ရုတ်တရက် ပြောင်းလဲမှုက လူတိုင်းကို တောင့်တင်းသွားစေသည်။ သူတို့၏ ခြေလက်များ အေးစက်လာပြီး သွေးများ အေးခဲလုနီးပါး ဖြစ်သွားရသည်။

အထူးသဖြင့် ထိုကလေးငယ်များ၏ မိဘများပင်။ ထိတ်လန့်မှုကြောင့် သူတို့၏ ဦးနှောက်ထဲ၌ ဗလာဖြစ်ကာ ကြောက်လန့်စိတ်ကြောင့် သတိလစ်လုနီးပါး ဖြစ်နေသည်။ သူတို့ သတိပြန်ဝင်လာသောအခါ အသည်းအသန် သူတို့ကလေး၏ ပါးစပ်ကို လက်ဖြင့်အုပ်ရန် ကြိုးစားကြသည်။

သို့သော် မြင်းကို စားရင်း အလုပ်များနေသည့် ကျားသစ်နက်သည် လူတိုင်းအား ရက်စက်ကြမ်းကြုတ်သော အကြည့်ဖြင့် ကြည့်လာသည်။

“မြတ်စွာဘုရား ကြောက်ဖို့ကောင်းလိုက်တာ”

“ကယ်ကြပါ၊ ကယ်ကြပါဦး”

ကျားသစ်နက်ကို ကြည့်နေသည့် သူများသည် ချက်ချင်း ပြိုလဲလာသည်။ သူတို့သည် အခြားအရာအားလုံးကို ဂရုမစိုက်တော့ဘဲ နောက်လှည့်၍ ထွက်ပြေးလေသည်။

“ဝံပုလွေပဲ၊ မျောက်အမြီးနဲ့ ဝံပုလွေ၊ ပြေးဟေ့ … ကယ်ကြပါဦး”

သို့သော် အခြားတစ်ဖက်တွင်လည်း လူတစ်စုသည်လည်း အော်ဟစ်၍ သွေးပျက်စွာ ထွက်ပြေးနေကြသည်။

“ဝက်ဝံဟ၊ ဆင်နားရွက်နဲ့ ဝက်ဝံညိုကြီး၊ ဟင့်ဟင့် … အဲ့ဒါကြီးက ငါ့နောက် လိုက်နေတော့မယ်”

နောက်ထပ် အကူအညီတောင်းသံ တစ်သံ ထွက်ပေါ်လာသည်။

“မာမာမီယာ … ဝက်နှာခေါင်းနဲ့ တောဝက်ရိုင်းကြီးပါလား၊ တစ်ယောက်ယောက် ငါတို့ကို လာကယ်ပါဦးလား”

“သောက်ကျိုးနည်း၊ ငါတို့ အဝိုင်းခံထားရပြီ၊ ငါတို့ အဝိုင်းခံထားရတာ”

အစက သက်ဝင်လှုပ်ရှား၍ အားပေးသံတို့ ညံနေသော နေရာသည် ရုတ်တရက် ငရဲအဖြစ်သို့ ပြောင်းလဲ သွားလေသည်။ လူတိုင်း သွေးပျက်ကာ အော်ဟစ်သံများ အဆက်မပြတ် ထွက်ပေါ်နေသည်။

“ဝေါင်း”

ဤသို့ ဖရိုဖရဲ ဖြစ်နေသော မြင်ကွင်းက တိရစ္ဆာန်များ၏ အရိုင်းဆန်စိတ်ကို လှုံ့ဆော်သွားလေသည်။ လေးကောင် လုံးက မာန်ဖီကြုံးဝါး၍ ထွက်ပြေးနေသော လူအုပ်ကြီးကို စူးစိုက်ကြည့်နေ၏။ သူတို့၏ သွေးများဖြင့် ရဲနေသော လျှာနှင့် သူတို့၏ ပါးစပ်ကို သပ်လာသည်။

ဤလူများ ဘာလုပ်ကြမည်နည်း။ ဘယ်သူက သူတို့ကို လာကယ်မည်နည်း။

လက်ရှိတွင် လူတိုင်း ဆောက်တည်ရာမရ ဖြစ်နေသည်။ အခြေအနေက နွားအုပ်ထဲ ကျားဝင်ဆွဲသလိုပင်။

ကျားသစ်နက်က အမြန်ဆုံးပင်။ ၎င်းသည် ခြေလေးချောင်းဖြင့် လျင်မြန်စွာ ပြေးပြီး လျှောက်သွား၍ ငိုနေသော ကလေးငယ် တစ်ဦးကို ခုန်အုပ်လေသည်။

“ကလေး၊ ငါ့ကလေးလေး”

ကလေး၏ မိဘများ မျက်နှာ ဖြူရော်လာပြီး သူတို့၏ အော်သံများတွင် ရှိုက်သံများပါ ရောနှောလာကာ မျက်လုံးများ ပျက်စီးလုနီးပါး ဖြစ်လာသည်။

လူအများသည် ထိုမြင်ကွင်းကို မြင်သော်လည်း ရှေ့တိုး၍ ကယ်ရန် ကြောက်နေကြသည်။ သူတို့အားလုံး သက်ပြင်းချရုံသာ တတ်နိုင်လေသည်။

ထိုကလေးငယ် ကူကယ်ရာမဲ့နေလေသည်။ သူ့အား ခုန်အုပ်လာသည့် ကျားသစ်နက်ကို တအံ့တဩ ကြည့်ကာ နေရာ၌ မှင်တက်စွာ ရပ်နေ၏။

ကျားသစ်နက်၏ အရှိန်က အလွန်အမင်း မြန်ဆန်လှပြီး တစ်ခဏအတွင်း တစ်မီတာသာ ကွာတော့လေသည်။ မကြာခင် အချိန်လေးအတွင်းမှာပင် ကျားသစ်နက်က ကလေးငယ်၏ လည်ပင်းကို ကိုက်ခဲပေတော့မည်။

“မဖြစ်ဘူး”

ကလေးမိဘများ၏ မျက်လုံးများက နီရဲကာ ကြံရာမရစိတ်နှင့် ဘာလုပ်၍ လုပ်ရမှန်း မသိသော စိတ်တို့နှင့် ပြည့်နေလေသည်။

လူတိုင်း အလိုလို မျက်လုံးမှိတ်သွားကြသည်။ သူတို့ ထိုမြင်ကွင်းကို မကြည့်ရက်ပေ။

“ဝုန်း”

မိုးခြိမ်းသံနှင့် ဆင်တူသော ကျယ်လောင်သည့် အသံတစ်သံကို လူတိုင်း ကြားလိုက်ရသည်။ သို့သော် သူတို့ လှမ်းကြည့်လိုက်သောအခါ ကြက်သေ‌ သေကာ မယုံနိုင်သော အမူအရာများ ဖြစ်ပေါ်လာသည်။

ကလေးငယ်သည် ဘေးကင်းကင်းနှင့် ရပ်နေပြီး သူ့အရှေ့၌ လူတစ်ယောက် ရှိနေ၏။

ထိုလူသည် ညာလက်ကို ဆန့်၍ ကျားသစ်နက်၏ လည်မျိုအား ကြက်တစ်ကောင်ကို ညှစ်သကဲ့သို့ မြဲမြံစွာ ညှစ်ထားသည်။ သူသည် ၁.၈ မီတာ အရပ်ရှိပြီး တောင်တစ်လုံးကဲ့သို့ ခိုင်ခိုင်မာမာ ရပ်နေလေသည်။

ကြမ်းကြုတ်သော ကျားသစ်နက်သည် သူ့လက်ထဲ၌ ရုန်းကန်နေသော်လည်း အားနည်း၍ ကူကယ်ရာမဲ့ပုံ ပေါ်နေကာ လက်ငါးချောင်းကြားထဲမှ မလွတ်နိုင် ဖြစ်နေသည်။

“ဒါ … ဒါ စူပါမန်းဝိုင်လား”

လူတစ်ယောက်က နှုတ်ခမ်း တဆတ်ဆတ်တုန်နေပြီး ခေါင်းစွပ် မျက်နှာဖုံး ဝတ်ထားသည့်သူကို ကြည့်၍ မေးလေသည်။

“စူပါမန်းဝိုင်ပဲ၊ ငါတို့ကို ကယ်ဖို့ စူပါမန်းဝိုင် ရောက်လာပြီ၊ ဝူးဟူး …”

“ကောင်းလိုက်တာ၊ ငါ အခု လုံခြုံပြီ၊ ငါ့ကလေးက သေမတတ် ကြောက်နေခဲ့တာ …”

“ငါ သိနေတယ်၊ စူပါမန်းဝိုင် လာလိမ့်မယ်လို့ ငါ သိနေတယ်၊ ငါ့စိတ်ထဲမှာ ဆက်တိုက် ဆုတောင်းနေခဲ့တာ၊ ငါတို့မြို့မှာ စူပါမန်း တစ်ယောက် ရှိတယ်ဆိုတာကို ငါ သိသားပဲ”

“အား … အား … အား … ချောလိုက်တာ၊ စူပါမန်းဝိုင် ရောက်လာပြီ၊ ငါတို့ လုံခြုံပြီဟေ့”

“စူပါမန်းဝိုင်၊ ကျေးဇူးပြုပြီး မင်းခွန်အားနဲ့ ဒီမိစ္ဆာကောင်တွေကို ဖြေရှင်းပေးပါ၊ သူတို့က အရမ်း ကြောက်စရာ ကောင်းတယ်”

“ချီးပဲကွာ၊ စူပါမန်းဝိုင်ကို ကြည့်ပြီး ဘာလို့ ငါ သွေးပွက်ပွက်ဆူပြီး မျက်ရည်ဝဲလာရတာလဲ၊ ငါ အခုလေးတင် သေတော့မယ်လို့ ကြောက်စိတ်ဝင်နေခဲ့တာလေ”

…

All Chapters