← Chapters

ညီအစ်ကိုချမ့်ကို Surprise တိုက်ခြင်း

Vol. 11 Ch. 155

ညီအစ်ကိုချမ့်ကို Surprise တိုက်ခြင်း

Vol. 11 Ch. 155

နေ့လည်ခင်း...

"ဟပ်ချိုးး"

ရုံးခန်းထဲတွင် ဖေးချမ့်တစ်ယောက် အဲကွန်းဖြင့် သာယာနေတုန်း နှာထချေပါသည်။

"ထူးဆန်းလိုက်တာ။ ငါ လေအေးခံတာ များနေပြီလား။”

ဖေးချမ့်တစ်ယောက် စောင်အသေးတစ်ထည်ကို ခြုံပြီး သူကြည့်နေသည့် ဒရမ်မာကားကို ပိတ်ကာ ရုံးထိုင်ခုံပေါ်တွင် အိပ်ဖို့ ပြင်လိုက်၏။

ထိုအချိန် တံခါးခေါက်သံ ထွက်လာပါသည်။ လုမင်လျန် ဖြစ်နေပါ၏။ "ဘော့စ်ဖေး ကျွန်တော် တင်ပြစရာလေးရှိလို့ပါ။”

ဖေးချမ့်က ခေါင်းငြိမ့်လိုက်သည်။ "ပြောပါ"

ဖေးချမ့်တစ်ယောက် စောင်ခြုံကာ အိပ်ပျော်တော့မည့် ပုံစံကိုကြည့်ရင်း လုမင်လျန် အနည်းငယ် စိတ်မကောင်း ဖြစ်သွားပါသည်။

ဘော့စ်ဖေး ကြည့်ရတာ နေမကောင်းသည့်ပုံပင်။ အိမ်ပြန်ပြီး အနားယူလို့ရသော်လည်း သူတို့နဲ့အတူတူ အလုပ်လုပ်ဖို့ အလုပ်မှာ ဆက်ရှိနေပေးသည်။

အမှန်ပင်။ အောင်မြင်မှုတွေ ဘယ်လောက်ပဲ ရနေပါစေ ကြိုးစားချင်စိတ်ကို ဆက်လက် ထားရှိဖို့ လိုအပ်ပါသည်။

လုမင်လျန်က ဘော့စ်ဖေး အနားယူနေတာကို အနှောင့်အယှက်ပေးမိမှာ စိုးရိမ်နေသဖြင့် အမြန် တင်ပြလိုက်ပါသည်။

"ပထမဆုံး New Edition နဲ့ ပတ်သတ်တာပါ။"

"အားလုံး အစီအစဥ်အတိုင်းပါပဲ။ ဒါပေမယ့် ဘာကြောင့်မှန်းမသိဘဲ သမုဒ္ဒရာရဲတိုက်ရဲ့ Epic လက်နက်ရောင်းချမှုကို ကန့်သတ်မယ့် သတင်းတွေထွက်သွားတော့ လက်ရှိကစားသမားတွေ တော်တော်များများက ပြင်းပြင်းထန်ထန် ကန့်ကွက်လာကြပါတယ်။

"ဘော့စ်ဖေး ကျွန်တော်တို့ ဒီ Epic လက်နက် ကန့်သတ်ချက်ကို နည်းနည်းလေး လျှော့ပေးလိုက်ရမလား။ ... ၅,၀၀၀ လောက်လေ။”

ဖေးချမ့်က ပြတ်သားစွာ ခေါင်းခါလိုက်သည်။ "မလုပ်နဲ့။”

တစ်လကို လက်နက် ၅,၀၀၀ တဲ့လား။ ဟာသပဲ။

၅,၀၀၀ x ၈၈၈ ဆို ဘယ်လောက်ဖြစ်နေပြီလဲ။ မင်း သင်္ချာမတတ်ဘူးလား။

ဖေးချမ့် ရုပ်တည်ဖြင့်ပြောလိုက်သည်။ "ကန့်သတ်ချက်ဆိုတာ အကြောင်းအရင်းရှိလို့ သတ်မှတ်ထားတာ။ အရမ်းကြီး ကျယ်ကျယ်ပြန့်ပြန့် သုံးလို့ရလာရင် အစကတည်းက ဘာဖြစ်လို့ ကန့်သတ်ရောင်းချမှုလို့ ခေါ်ဦးမှာလဲ။ သူတို့ မကျေနပ်ချက်တွေကို ဂရုစိုက်မနေနဲ့။ ၅၀၀ ဆို ၅၀၀ ပဲ။ တစ်ခုလေးတောင် ပိုမရောင်းနိုင်ဘူး။”

ဘော့စ်ဖေး၏ ဆုံးဖြတ်ချက် ပြတ်သားသော မျက်နှာထားကို မြင်လိုက်ရသဖြင့် လုမင်လျန် ဘာမှ မလုပ်နိုင်တော့ဘဲ ခေါင်းသာငြိမ့်လိုက်ပါသည်။

"ကောင်းပါပြီ ဘော့စ်ဖေး။ နောက်တစ်ခုက မာယိချွမ်ရဲ့ တာဝန်နဲ့ ပတ်သတ်ပြီးတော့ပါ။”

"ကျွန်တော်တို့ရဲ့ ဂိမ်းဟောင်းတွေ New Edition ထုတ်တဲ့အခါ သူလည်း ပါဝင်ချင်တယ်လို့ ကျွန်တော့်ကို တင်ပြထားပါတယ်။ ကျွန်တော် ခဏလောက် စဥ်းစားကြည့်လိုက်တော့ တစ္ဆေစစ်သူကြီးနဲ့ ဂိမ်းဒီဇိုင်နာ အတွက် New Edition အသစ်တွေမှာ သူ့လိုမျိုး အနှစ်ချုပ်ပညာရှင်တစ်ယောက်ကို လိုအပ်ပါတယ်။”

"သူ့ကို စမ်းကြည့်ခိုင်းပြီး သူ့စကေးကို အချောသပ်ခိုင်းလိုက်ရမလား။”

ဖေးချမ့်က ချက်ချင်း ပြန်မပြောသေးပါ။ သူ ငြင်းဖို့ အကြောင်းပြချက်ကောင်းကောင်း စဥ်းစားလို့ မရသေးသောကြောင့် ဖြစ်သည်။ သို့သော်လည်း သူ မငြင်းပယ်ပါက ထိုအနှစ်ချုပ်များကို မာယိချွမ်အား လုပ်ခိုင်းဖို့ ဖေးချမ့် တွန့်ဆုတ်မိပါသည်။

မာယိချွမ်က ဒီနယ်ပယ်မှာ ကျွမ်းကျင်သူ ဖြစ်သည်။ ရှန်းယန်ဂိမ်း၏ ဂိမ်းများအတွက် သူ လုပ်ပေးခဲ့ဖူးသော အနှစ်ချုပ်တချို့က အလွန် ကောင်းမွန်သည်။ တစ္ဆေစစ်သူကြီးနဲ့ ဂိမ်းဒီဇိုင်နာအတွက်ပါ ကောင်းမွန်အောင် လုပ်ပေးလိုက်နိုင်ပါက အကျိုးဆက်များ ဆိုးရွားလာနိုင်ပါသည်။

သို့သော်လည်း သူ ဘယ်လိုလုပ်ပြီး ငြင်းရမည်နည်း။

မာယိချွမ်က မတ်လမှာ ကုမ္ပဏီသို့ ရောက်လာသည်။ ၂ လတောင် ကြာသွားပြီဖြစ်၏။ ဆက်လက်ပြီး လေ့လာသင်ယူဖို့သာ ပြောပါက နည်းနည်းများသွားပါလိမ့်မည်။ ဂိမ်း၏ အနှစ်ချုပ်များကို ထိခွင့်မပြုရင်တောင် မာယိချွမ်ကို လုပ်စရာအလုပ် တစ်ခုခုတော့ ပေးရပေမည်။

ဗီဒီယိုအတို ရိုက်ကူးဖို့ ဟွမ်စစ်ပေါ်ဆီ ပို့လိုက်ရမလား။ ဒါဆိုလည်း မဟုတ်သေးဘူး။ သူ့အရေးအသား စွမ်းပကားကို ဗီဒီယိုအတို ရိုက်ကူးရေးမှာ အပြည့်အဝ အသုံးချလို့ ရတယ်။

ယွီအင်တာနက်ကဖေးကို ပို့လိုက်ရမလား။ ဒါ အကြံဆိုးတော့ မဟုတ်ဘူး။

သို့သော်လည်း မာယိချွမ်ကို ရုတ်တရက်ကြီး ပို့လိုက်ဖို့ ဖေးချမ့်မှာ သင့်တော်သည့် အကြောင်းအရင်း မရှိပါ။

အတန်ကြာစဥ်းစားပြီးနောက် ဖေးချမ့် တကယ်ပဲ အကြံကောင်းထုတ်ရသဖြင့် စိတ်မပါလက်မပါဖြင့် ခေါင်းသာငြိမ့်နိုင်တော့သည်။ ဖေးချမ့်က စိတ်မပါစွာ ပြောလိုက်၏။ "ဟုတ်ပြီ။ သူ လေ့လာသင်ယူနေတာလည်း ကြာပြီဆိုတော့ သူ့ကို တချို့ အခြေခံ တာဝန်တွေ ပေးလိုက်ပါ။”

လုမင်လျန်က အမြန်ခေါင်းငြိမ့်လိုက်ပါသည်။ "ဟုတ်ကဲ့ပါ ဘော့စ်ဖေး။ ဆက်နားပါ ကျွန်တော် အလုပ် သွားလုပ်ပါတော့မယ်။”

ဖေးချမ့်က ခုံကို မှီလိုက်ပြီး စောင်ထပ်ခြုံလိုက်သည်။ ဘာကြောင့်မှန်းမသိဘဲ အနည်းငယ် စိတ်မသက်သာဖြစ်ကာ အိပ်မပျော်တော့ပါ။

"ထူးဆန်းတယ်။ အရပ်မျက်နှာပေါင်းစုံက အန္တရာယ်တွေ လာနေတဲ့ ခံစားချက်ကြီး ဘာဖြစ်လို့ ခံစားနေရပါလိမ့်၊။ ရှန်းယန်ဂိမ်းတော့ မဟုတ်လောက်ဘူးမလား" ဖေးချမ့်စိတ်ထဲတွင် သူ့ပရောဂျက်များကို ခပ်မြန်မြန် ပြန်သုံးသပ်ကြည့်လိုက်သည်။

ထန်းတာ့တွင် New Edition များက ဝင်ငွေရကောင်းရနိုင်သည်။ သို့သော်လည်း ထိန်းချုပ်လို့တော့ ရပါသေးသည်။ ကြီးကြီးမားမား ပြဿနာလည်း မဟုတ်ပါ။

ဖေးဟွမ်လုပ်ငန်းမှာ သူတို့က မှတ်တမ်းရုပ်ရှင် ရိုက်ကူးချင်သည်ဟု ဆိုသော်လည်း အပ်ဒိတ်သတင်း မကြားရသေးပါ။

ယွီအင်တာနက်ကဖေးက အားအထားရဆုံး ဖြစ်သည်။ ဆိုင်ခွဲနှစ်ခုကို ပြင်ဆင်မွမ်းမံမှုများ ပြီးဆုံးသွားပြီဖြစ်ပြီး ဖွင့်လှစ်ဖို့ ပြင်ဆင်နေကြပြီဖြစ်သည်။ မူရင်းဆိုင်ကိုတော့ လွန်ခဲ့သော တစ်ပတ်လောက်ကမှ သူ သွားစစ်ကြည့်ထားတာ ဖြစ်သည်။ ပုန်းလျှိုနေသည့် အန္တရာယ် ဘာမှ မရှိနိုင်ပါ။

စဥ်းစားကြည့်လေလေ ကြည့်ရတာ ရှန်းယန်ဂိမ်းဆီက အန္တရာယ်များက အကြီးဆုံးဖြစ်ပုံရသည်။ ဂိမ်းနှစ်ခုအတွက် ဝယ်ယူနိုင်သော ပစ္စည်းအားလုံးကို ဖျက်သိမ်းဖို့ ဖေးချမ့် သူတို့ကို အမိန့်ပေးခဲ့သည်။ တစ်ခုတည်းသာာ ချန်ထားခိုင်း၏။ ဒါက တကယ်ပဲ စွန့်စားရာ ကျလွန်းပါသည်။

ဝယ်ယူနိုင်သော ပစ္စည်းမျာား အားလုံးကို ဖျက်သိမ်းလိုက်ခြင်းက သေချာပေါက် ဂိမ်း၏ ဂုဏ်သတင်းအတွက်တော့ အကျိုးရှိစေနိုင်သည်။ ဒါက ရှောင်လွဲလို့ မရပါ။ သို့သော် ဂုဏ်သတင််းနဲ့ ဝင်ငွေတို့က မတူညီသော ကိစ္စနှစ်ခု ဖြစ်ပါသည်။

Bloddy Battle Song ကဲ့သို့ ရုပ်ထွက်ညံ့ဖျင်း၊ သာမန်ဆန်သော ဂိမ်းကစားနည်းဖြင့် ဂိမ်းအတွက် ၎င်း၏ တစ်ခုတည်းသော အားသာချက်မှာ သူဌေးဂိမ်မာများက ဂိမ်းထဲတွင် လူတွေကို အေးအေးဆေးဆေး အနိုင်ယူနိုင်တာပဲ ဖြစ်သည်။ တစ်နည်းအားဖြင့် ဂိမ်း၏ အဓိက ရောင်းရမှတ်က 'ကလဲ့စားဝယ်ယူခြင်း' ဖြစ်သည်။

တစ်ယောက်က အခြား တစ်ယောက်ကို အနိုင်ယူပြီးနောက် ထိုတစ်ယောက်က ချက်ခချင်းပဲ ငွေများများ ဖြည့်သွင်းက အရင်တစ်ယောက်ကို ပြန်ချလိမ့်မည်။ ဒါက ဒီလိုဂိမ်းမျိုး၏ အဓိက ဆွဲဆောင်မှု ဖြစ်သည်။

ထိုဂိမ်းများတွင် ကစားသမားများ၏ အနုတ်သဘောဆောင်သော စိတ်ခံစားချက်များကို နှိုးဆွပေးသော 'ကလဲ့စားဝယ်ယူခြင်း' စနစ်မျိုး ရှိသောကြောင့် ရုတ်ထွက်က ဘယ်လောက် ဆိုးဆိုး၊ ဂိမ်းကစားနည်းက ဘယ်လောက်စုတ်စုတ် လူတွေက ထိုဂိမ်းကို ကစားကြဦးမည်ဖြစ်သည်။

ဖေးချမ့်သာ ဘာမှ မပြောင်းလဲပါက ထိုဂိမ်း တကျော့ပြန်လာနိုင်ချေ ရှိသည်။ ထိုပြန်လာနိုင်ချေက မသေးပါ။

ယဲ့ကျစ်ကျိုး ဟိုနားဒီနား ပရိုမိုးရှင်းနည်းနည်း ဆင်းလိုက်ပြီး ကစားသမားဟောင်းများကို ပြန်ခေါ်လာနိုင်ပါက ဒီဂိမ်းမှာ နဂို ဝင်ငွေရသည့် အဆင့်ကို ပြန်ရောက်သွားနိုင်သည်။ ဖေးချမ့် ထိုဂိမ်းကြောင့် အရှုံးပေါ်နိုင်မှာ မဟုတ်တော့ပါ။

ထို့ကြောင့် ဖေးချမ့်က ဂိမ်းထဲက ဝယ်ယူနိုင်သော ပစ္စည်းများကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ပါသည်။

Bloody Battle Song တွင် တခြားဂိမ်းများနဲ့ ယှဥ်လျှင် ရုပ်ထွက်ကော ကစားနည်းကော ဘာမှ ကောင်းကွက်မရှိပါ။ ကစားသမား အသစ်များကို ဆွဲခေါ်နိုင်ဖို့ ဆိုတာ အိပ်မက်သာ ဖြစ်လေသည်။

ဂိမ်းက မျှတမှုရှိလာပြီး ၎င်း၏ နာမည်က ကောင်းမွန်လာရင်လည်း ဘာဖြစ်လဲ။ အမြတ်မရသရွေ့ ဖေးချမ့်အဆင်ပြေပါသည်။

အမှန်ပင်။ ဒီဂိမ်းသာ တိုးတက်လာသော ဂုဏ်သတင်းကြောင့် ကစားသမားအသစ်များစွာကို ဆွဲဆောင်ပြီး ကစားသမား base ကကြီးမားလွန်းသဖြင့် အမြတ်များ တိုးတက်လာလျှင် ဘယ်လိုလုပ်မည်နည်း။ ဒါက မဖြစ်နိုင်တာ မဟုတ်ပါ။ ဖြစ်နိုင်ချေကတော့ နည်းပါသည်။

ဖေးချမ့် ဒီကိစ္စကို ခေတ္တစဥ်းစားကြည့်လိုက်ပါသည်။ ရှန်းယန်ဂိမ်းမှာသာ အန္တရာယ်တချို့ ရှိနေသည့်ပုံပင်။ ထို့ကြောင့် သူတို့ကို ပိုပြီး အာရုံစိုက်ထားဖို့ ဆုံးဖြတ်လိုက်ပါသည်။

Bloody Battle Song ၏ တရားဝင်ဝက်ဘ်ဆိုက်ကို သွားပြီး စစ်ဆေးကြည့်လိုက်မည်။

အမှန်ပင်။ ၎င်း၏ ရေပန်းစားမှုက နည်းနည်းလေးတော့ တက်လာသည့်ပုံပင်။ နာမည်က ပြန်ကောင်းမွန်လာသဖြင့် ကစားသမားဟောင်း တချို့က ဂိမ်းထံသို့ ပြန်လာကြသည်။ သို့သော်လည်း ဖေးချမ့် စိတ်မပျက်သေးပါ။ ချက်ချင်းပဲ ယဲ့ကျစ်ကျိုးကို မက်ဆေ့ချ် ပို့လိုက်သည်။ "Bloody Battle Song ရဲ့ ငွေဖြည့်သွင်းမှု စာရင်းတွေ ငါ့ကို ပို့ပေးဦး။"

မိနစ်အနည်းငယ်ကြာသောအခါ ယဲ့ကျစ်ကျိုးက Screenshot တစ်ခု ပို့ပေးလိုက်ပါသည်။

ဒါက Bloody Battle Song ၏ ငွေဖြည့်သွင်း ပလက်ဖောင်း ပမာဏများ ဖြစ်သည်။ ဖေးချမ့်က သေချာကြည့်လိုက်ပြီး ပုံမှန်ဆို တစ်ယောက်ချင်းစီတိုင်း ဖြည့်သွင်းသည့်နှုန်းက မြင့်တက်နေတာကို မြင်လိုက်ပါသည်။ အများကြီးလည်း မဟုတ်ပါ။ သို့သော် စုစုပေါင်း ငွေဖြည့်သွင်း ပမာဏက ၇၀ - ၈၀ ရာခိုင်နှုန်းလောက်အထိကို နိမ့်ကျသွားခဲ့ပါသည်။

ဒီလိုအခြေအနေကို ကြည့်ခြင်းအားဖြင့် Bloody Battle Song ၏ လစဥ်ဝင်ငွေက ၁၀၀,၀၀၀ တောင် ရောက်မှာ မဟုတ်တော့ပေ။

အင်း။ စိတ်ချောက်ချားဖို့ မလိုဘူး။ ဒါ အစီအစဥ်အတိုင်းပဲ။

ဂိမ်းတစ်ခု ရှင်သန်နိုင်ခြင်း မရှင်သန်နိုင်ခြင်းက အမြတ်ငွေအပေါ် အဓိက မူတည်ပါသည်။ ထို့ကြောင့် ဂိမ်းကုမ္ပဏီအားလုံးက ကစားသမားများထံမှ ဆဲဆိုသံများနဲ့ ကန့်ကွက်မှုများကို လျစ်လျူရှုပြီး ငွေဖြည့်သွင်း စနစ်များကို တွန်းအားပေး ထည့်သွင်းထားခြင်း ဖြစ်သည်။ သူတို့ အားလုံး ဝင်ငွေရချင်ပါသည်။

ဂိမ်းတစ်ခုက ငွေ ဆက်တိုက် အရှုံးပေါ်နေပါက ဂုဏ်သတင်းမွှေးလည်း ဘာထူးတော့မည်နည်း။

ပြန်လည်ပြုပြင်ထားသည့် Bloody Battle Song မှာ ယခု အိတ်သိပ်စိုက်စရာမလိုတော့သည့်ပုံပေါက်နေပါသည်။ အဓိကက ဘယ်သူနဲ့ ယှဥ်ကြည့်ရမလဲဆိုတာပင်။ Paywall များစွာပါသည့် ဂိမ်းများနဲ့ ယှဥ်ကြည့်ပါက သူဌေး ဂိမ်မာများက ဒီဂိမ်းကို စိတ်ဝင်စားမှု မရှိတော့သဖြင့် သူဌေးဂိမ်မာများထံမှ ဝင်ငွေ တော်တော်လေး ကျသွားပါလိမ့်မည်။

Fantasy World ကဲ့သို့ အိတ်စိုက်စရာသိပ်မလိုသည့် တခြား ဂိမ်းများနဲ့ ယှဥ်ကြည့်ဖို့ကလည်း Bloody Battle Song ၏ ရုပ်ထွက်များက ဆိုးရွားသည်။ ၎င်း၏ ကစားနည်းကလည်း သာမန်ဆန်၏။ထိုဂိမ်းများနဲ့ နှိုင်းယှဥ်လို့ မရနိုင်ပါ။

ဆိုလိုတာက Bloody Battle Song အသစ်မှာ ထိုကဲ့သို့ဂိမ်းနှစ်မျိုးနဲ့ ပစ်မှတ်ထားသည့် ဂိမ်မာ ပရိုဖိုင်းများကို ယှဥ်ပြိုင်နိုင်မှာ မဟုတ်ပေ။

"မဆိုးဘူး။ ဒီတိုင်းပဲ ဆက်ထိန်းထာားကြရအောင်။"

ယဲ့ကျစ်ကျိုးကို စာပြန်ပြီးနောက် ဖေးချမ့် စိတ်အေးသွားပြီး စောင်ကို ကျကျနန ခြုံကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါတော့သည်။

နောက်ထပ် ၂ ရက်အတွင်း ဆိုင်ခွဲသစ်နှစ်ဆိုင်ကို ဖွင့်တော့မည်ဖြစ်သည်။ စိတ်အေးအေး ထားနိုင်ဖို့ သူသွားကြည့်ရပါဦးမည်။

ရှန်းယန်ဂိမ်းတွင်...

ဘော့စ်ဖေး၏ မက်ဆေ့ချ်ကိုမြင်လိုက်ရပြီး ယဲ့ကျစ်ကျိုး၏ ရင်ထဲနွေးထွေးသွားပါသည်။ ဘော့စ်ဖေးက တက်ရောက်စရာတွေအများကြီးရှိပြီး လုပ်စရာတွေ အများကြီးရှိတာတောင် ရှန်းယန်ဂိမ်းကို စိတ်ပူပေးသည်။

ငါတို့ဂိမ်းရဲ့ ဝင်ငွေ အခု တော်တော်လေး ကျဆင်းသွားတယ်ဆိုပေမယ့် ဒါက ဘော့စ်ဖေးရဲ့ အစီအစဥ် တစ်စိတ်တစ်ပိုင်းပဲ။ အဲ့တာကြောင့် သူငါတို့ကို ဆက်ပြီး ထိန်းသိမ်းထားစေချင်တာလား။

ဒါဆိုငါတို့ လမ်းကြောင်းမှန်တယ်ဆိုတဲ့ သဘောပဲ။

ယဲ့ကျစ်ကျိုး ချက်ချင်းပဲ စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်သွားသည်။ အမှန်ပင်။ ဒါက ဘော့စ်ကောင်းတစ်ယောက်ရဲ့ ကုမ္ပဏီအပေါ် သက်ရောက်မှုပဲမဟုတ်လား။

မေလ ၂၀ ရက်နေ့...

ယွီအင်တာနက်ကဖေး ဆိုင်ခွဲနှစ်ဆိုင်ကို တရားဝင် ဖွင့်လှစ်လိုက်ပါပြီ. ဖေးချမ့်၊ မာယန်၊ ကျန်းယွမ်န့ ယွီအင်တာနက်ကဖေး၏ မန်နေဂျာအဆင့် လူသုံးယောက်တို့ ဒီလို ခမ်းနားသည့် ဖွင့်ပွဲများသို့ တက်ရောက်ရပါသည်။

သို့သော်လည်း ဖွင့်ပွဲအခမ်းအနားက အခြေအနေက အနည်းငယ် ခွကျ၏။ လူသူ ကင်းမဲ့လွန်းလှပါသည်။

ယွီအင်တာနက်ကဖေး၏ မူရင်းဆိုင်ကိုပထမဆုံး ဖွင့်ခဲ့တုန်းကထက်တောင် ပိုဆိုးနေသည်။

ထိုဆိုင်ခွဲနှစ်ခု၏ တည်နေရာက မူရင်းဆိုင်ထက် အများကြီးပိုဆိုးသည်။ ဖေးချမ့်ကလည်း ဖွင့်ပွဲမှာ ဘာမှ ထူးထူးခြားခြား မလုပ်ရဘူးဟု သူတို့ကို သေချာ မှာထားသည်။ မီးရှူးမီးပန်းလည်း မဖောက်ရ၊ လက်ကမ်းစာစောင်လည်း မဝေရပါ။ ဇာတ်နိမ့်လေ ပိုကောင်းလေဖြစ်သည်။

ဒီလိုလူသူကင်းမဲ့သည့် နေရာမျိုးတွင် ပရိုမိုးရှင်းမရှိ၊ ကြော်ငြာခြင်းမရှိိဘဲ လုပ်ငန်းဖွင့်လှစ်ခြင်းကြောင့် အေးစက်ပြီး ဗလာကျင်းဖြစ်နေပါတော့မည်။

ဖေးချမ့်ကတော့ ကျေနပ်နေပါ၏။ ကော်ဖီဧရိယာထဲတွင် ထိုင်ကာ အပြင်ဘက်ကိုကြည့်နေပြီး နွေးထွေးသည့် နေရောင်ခြည်ကို ခံစားနေပါသည်။

ဆိုင်ခွဲမန်နေဂျာနှစ်ယောက်က အနည်းငယ် နေရခက်နေသည်။ သို့သော်လည်း သူတို့က မူရင်းဆိုင်မှ တာဝန်ပြောင်းခံထားရသူများဖြစ်ကာ ဒီလိုမြင်ကွင်းမျိုးကိုလည်း မြင်ဖူးပြီးသားဖြစ်ကြပါသည်။ ဘော့စ်ဖေးက သူတို့ကို အပြစ်တင်မှာ မဟုတ်ကြောင်းသိသဖြင့် သူတို့နှစ်ယောက် စိတ်မပူပါ။

တစ်ဖက်မှာတော့ အသစ်စက်စက် ခန့်အပ်ထားသည့် ဝိတ်တာများက ဘယ်နားမှာ မတ်တပ်ရပ်၊ လက်တောင် ဘယ်နားထားရမှန်း မသိလောက်သည့်အထိ ဒီလောက် ထူးဆန်းသော မြင်ကွင်းမျိုးကို မမြင်ဖူးကြသေးပါ။ သူတို့အားလုံး ဒီနေရာကြီးကို အနည်းငယ် ကြောက်ဖို့ကောင်းသည်ဟု ထင်ကြပါသည်။

အင်တာနက်ကဖေးအပိုင်းတွင် မာယန်နဲ့ ကျန်းယွမ်တို့က တီးတိုးပြောနေကြ၏။

"ဘာလို့ ငါ့ကို တားနေတာလဲ" မာယန်က ဇဝေဇဝါဖြစ်စွာဖြင့် မေးလိုက်ပါသည်။

ဒီနေရာကြီးက အလွန်လူသူကင်းမဲ့နေသည်ဟု မာယန်ထင်မိသည်။ စိတ်ဓာတ်များကျဆင်းနေပုံပေါက်သဖြင့် ဖေးချမ့်ကို ယွီအင်တာနက်ကဖေး၏ နောက်ဆုံးရ သတင်းကောင်းကို မျှဝေပေးချင်ခဲ့ပါသည်။ ချန်းလျဲ့၏ ကြယ်ပွင့်လို ပေါ်ပေါက်လာမှုကြောင့် အင်တာနက်ကဖေး၏ အရက်ရောင်းအားများက နေ့စဥ်တိုးတက်နေခဲ့သည်။ ကတ်စတမ်မာ စီးဆင်းနှုန်းကလည်း သိသိသာသာ တိုးလာ၏။

မာယိချွမ်က ဒီလိုနည်းလမ်းမျိုးကို ယွီအင်တာနက်ကဖေးဆိုင်တိုင်းတွင် အတုယူသုံးချလို့ရလိမ့်မည်ဟု ခံစားမိ၏။ သို့သော်လည်း ကျန်းယွမ် သူ့ကို တားလိုက်ချိန်တွင် သူဘာမှ မပြောရသေးပေ။

ကျန်းယွမ်က မာယန်ပြောချင်နေတာကို သိနေသည့်ပုံစံပင်။ ကျန်းယွမ်က ပြောလိုက်၏။ "ညီအစ်ကိုမာ။ ငါမင်းကို မပြောဖို့ တားမြစ်တာ မဟုတ်ပါဘူး။ အခုက အချိန်မှန် မဟုတ်သေးတာ။ နည်းနည်းလောရာ ကျတယ်။"

မာယန် ကြောင်သွား၏။ "ဟမ် ဘာလို့တုန်း။"

"ညီအစ်ကိုမာ ငါတို့ အရက်ရောင်းအားပဲ တိုးတက်သေးတာလေ။ တစ်လကို ၂၀,၀၀၀ - ၃၀,၀၀၀ လောက်ပဲ ရဦးမှာကွ။ လစဥ် အရှုံးပေါ်နေတဲ့ ၃၀၀,၀၀၀ နဲ့ယှဥ်ရင် ဘာမှတောင် မဟုတ်ဘူး။”

"ဒါကို အခု ထုတ်ပြောလိုက်ရင် အရမ်း အရေးမပါရာ ကျသွားလိမ့်မယ်။”

"ဒီအကြောင်းကိုကြွားပြီး ဘော့စ်ဖေးက 'မဆိုးပါဘူး မင်းတို့ ဘယ်လောက်ရလဲ' လို့မေးလာလို့ မင်းက 'ကျွန်တော်တို့ အရှုံးပေါ်နေတုန်းပဲ' လို့ပြောလိုက်ရင် ဘော့စ်ဖေးကို ဒီအကြောင်း ပြောရတာ ဘာအဓိပ္ပာယ်ရှိမှာလဲ။"

"အခု လောလောဆယ် ဘာမှမပြောရင် ဘယ်သူမှ မတွေးလောက်ဘူး။ အခုပြောလိုက်ပြီး ဘော့စ်ဖေးကို မျှော်လင့်ချက်တွေ ပေးလိုက်ရင် အမှန်တရားကို သိသွားတဲ့အခါ ပိုပြီး စိတ်ပျက်မသွားနိုင်ဘူးလား။”

"ငါတို့အရှုံးကို အမြတ်အဖြစ် ပြောင်းနိုင်တဲ့ အချိန်အထိ စောင့်ပြီးမှ ဘော့စ်ဖေးကို ပြောသင့်တယ်လို့ ထင်တယ်။ သူ့ကို Surprise တိုက်ဖို့ပေါ့။ ဒါဆို ယွီအင်တာနက်ကဖေးနဲ့ ဘော့စ်ဖေးရဲ့ ရင်ထဲက ငါတို့နေရာလည်း တိုးတက်သွားမယ်။ အဲ့တာ ပိုပြီး သက်ရောက်မှု ရှိတယ်။”

"ညီအစ်ကိုမာ မင်းလက်မခံဘူးလား။”

မာယန်က ခေတ္တ စဥ်းစားကြည့်လိုက်ကာ အဓိပ္ပာယ်ရှိသည်ဟု ခံစားမိပါသည်။

သူတို့က အမြတ််ရနိုင်ဖို့ အဝေးကြီးလိုပါသေးသည်။ ဖေးချမ့်ကို အခု သတင်းကောင်းပြောလိုက်ပါက အများကြီး သက်ရောက်မှုရှိမှာ မဟုတ်ပါ။ မာယန်ကိုလည်း အသေးအဖွဲလေး အောင်မြင်မှုရပြီးနောက် လာကြွားကာ နာမည်လိုချင်သည့်ပုံစံ ပေါက်စေလိမ့်မည်။

ဒါက တကယ်ပဲ အကောင်းဆုံးနည်းလမ်းတော့ မဟုတ်ပေ။

မာယန်ခေါင်းငြိမ့်လိုက်သည်။ "အင်း မင်းပြောတာ အဓိပ္ပာယ် အများကြီးရှိတယ်။ ဒီကိစ္စကို နောက်တစ်ခါကျမှ ပြောကြရအောင်။ ယွီအင်တာနက်ကဖေး အရှုံးကို အမြတ်ပြောင်းနိုင်တဲ့အချိန် ညီအစ်ကိုချမ့်ကို Surprise တိုက်လို့ ရပြီ။”

အခန်း(၁၅၆) ထန်းတာ့အတွက်အရှက်ရစရာပဲ

မေလ ၂၁ ရက်နေ့...

ယဲ့ကျစ်ကျိုး ပို့ပေးလိုက်သည့် အစီရင်ခံစာကို ဖေးချမ့် ရခဲ့ပါသည်။ ရှန်းယန်ဂိမ်း၏ ဆက်လက် အရှုံးပေါ်နေဆဲဖြစ်ကာ အခြေအနေ ကောင်းလာမည့် လက္ခဏာလည်း မပေါ်သေးပေ။

အစီရင်ခံစာထဲတွင် ယဲ့ကျစ်ကျိုးက လက်ရှိ Active ကစားသမားများ ဘယ်လိုများပြားလာကြောင်း၊ ဝယ်ယူမှု ပမာဏများနဲ့ တကွ သေချာ အသေးစိတ် တင်ပြထားသည်။ ဒါတွေကို သူ့အောင်မြင်မှုဟု သတ်မှတ်ထားတာဖြစ်နိုင်သည်။ ထို့ကြောင့် ဒီပမာဏများကို ဘော့စ်ဖေးအား တင်ပြနေခြင်းဖြစ်ပါသည်။

အမှန်ပင်။ ထိုရလဒ်အားလုံးက ဘော့စ်ဖေး၏ ညွှန်ကြားချက်များကြောင့်သာ ရခဲ့ခြင်းဖြစ်သည်။ ဖေးချမ့်က ထိုဂဏန်းတွေကို ဂရုပင်မစိုက်ဘဲ ငွေဖြည့်သွင်းသည့် ပမာဏကိုသာ ဂရုစိုက်ခဲ့ပါသသည်။

အင်း... အခုထိ မတိုးတက်သေးဘူး။

ဘာဆက်ဖြစ်တော့မလဲဆိုတာကို ဖေးချမ့် ခန့်မှန်းလို့တောင်ရနေပါပြီ။ သူစာပြန်လိုက်၏။ "မဆိုးဘူး ဒီတိုင်းပဲ ဆက်ထိန်းသိမ်းထားလိုက်။”

ယဲ့ကျစ်ကျိုးက ပျော်ပျော်ကြီး အလုပ်ပြန်လုပ်နေလိုက်ပါသည်။

ဖေးချမ့်က ရှန်းယန်ဂိမ်း၏ လက်ရှိအခြေအနေကို အတော်လေးစိတ်ကျေနပ်မှုရှိပါသည်။ ၎င်း၏ ဂုဏ်သတင်းက မွှေးမွှေး မမွှေးမွှေး အရေးမကြီးပါ။ ငွေဖြည့်သွင်းသည့် ပမာဏများ တိုးမလာသေးသရွေ့ အဆင်ပြေပါသည်။

အားလုံး ဘော့စ်ဖေး၏ ထိန်းချုပ်မှုအောက်မှာရှိသည်ဟု ယဲ့ကျစ်ကျိုးကလည်း ထင်နေပါသည်။

အမှန်ပင်။ ဒါလည်း မှန်ပါသည်။ ဘော့စ်ဖေး ထိန်းချုပ်နေတာနဲ့ ယဲ့ကျစ်ကျိုးထင်ထားသည့် ဘော့စ်ဖေး၏ ထိန်းချုပ်ပုံတို့က မတူညီတာလေးတစ်ခုသာရှိသည်။

ဒေါက် ဒေါက်

တံခါးခေါက်သံထွက်ပေါ်လာသည်။ ဖေးချမ့် မော့ကြည့်လိုက်တော့ ဟွမ်စစ်ပေါ်ဖြစ်နေတာကို မြင်လိုက်ရပါသည်။

"ဟမ်... ရှားရှားပါးပါး ဧည့်သည်ပါလား။”

သူတို့မတွေ့တာ တော်တော်ကြာပါပြီ။ ဟွမ်စစ်ပေါ်ကို ဖေးချမ့်ပေါက်နေသည့် ခံစားချက်လည်း အခုလောက်ဆို ပျောက်သွားလောက်ပါပြီ။ တကယ်တော့ ပြန်စဥ်းစားကြည့်လျှင် ဖေးဟွမ်လုပ်ငန်းက သူ့ကို အများကြီး စိတ်မပျက်စေခဲ့ပါ။

ဖေးချမ့်အမြတ်များကို ခွဲဝေပေးပြီးနောက် သူတို့ ယွမ် ၂ သန်းလောက် ရခဲ့သော်လည်း တကယ်တမ်း ထန်းတာ့ထဲ ဝင်လာသည့် ပမာဏက ၄၀၀,၀၀၀ ယွမ်ကျော်ကျော်လေးသာ ရှိသည်။ ထို့အပြင် ဒါရိုက်တာ ကျူးရှောင်စဲ ဖေးချမ့်ကိုပေးသည့် ကြေးများကလည်း ဖေးချမ့် အိမ်အသုံးအဆောင်ပစ္စည်းအသစ်များ ဝယ်ယူနိုင်ဖို့ အထောက်အကူပြုခဲ့ပါသည်။

ထို့ကြောင့်ဖေးချမ့်၏ ဒေါသ ပျောက်ကွယ်သွားတာ ကြာပါပြီ။

ဟွမ်စစ်ပေါ်က ရုံးခန်းထဲကို သစ်သီးအိတ်တစ်အိတ် သယ်လာ၏။ "ကျွန်တော် ရုံးနဲ့ လမ်းကြုံလို့ တက်လာပြီး ဘော့စ်ဖေးကို နှုတ်ဆက်ဖို့ ဆုံးဖြတ်လိုက်တာပါ။”

"ဟမ် နှုတ်ဆက်မယ်ဟုတ်လား" ဖေးချမ့် ကြောင်သွား၏။ "မင်းဘယ်သွားမလို့လဲ။”

ဟွမ်စစ်ပေါ်က ပြုံးလိုက်၏။ "ကျွန်တော်တို့ အရင်တစ်ခေါက်ကမှ ဖေးဟွမ်လုပ်ငန်းက မှတ်တမ်းရုပ်ရှင်တစ်ခုကို ရိုက်တော့မယ်လို့ အတည်ပြုထားကြတယ် မဟုတ်ဘူးလား။ ဒါရိုက်တာ ကျူးရှောင်စဲ၊ ကျွန်တော်ရယ်၊ တခြား အလုပ်သမားတွေတချို့ရယ် ရှန်ဟိုင်းကို ခရီးထွက်ကြမယ်။ ရိုက်ကူးရေးတွေ အကုန်လုံးကို အဲ့မှာ လုပ်ကြမယ်။ နောက်လလောက်ထိ အဲ့မှာနေရမှာမို့လို့ မသွားခင် လာနှုတ်ဆက်ဖို့ ဆုံးဖြတ်လိုက်တာပါ။”

"ရှန်ဟိုင်းကို ဟုတ်လား။”

ဖေးချမ့် ခေါင်းငြိမ့်လိုက်ပါသည်။

"အင်း ရှန်ဟိုင်းက နေရာကောင်းပဲ။"

ရှန်ဟိုင်းကို သွားရောက်ခြင်းက ငွေကြေး အများကြီး ကုန်ကျမှာကို သူ့ရင်ထဲမှာ သိနေပါသည်။

နောက်ပိုင်း တည်းဖြတ်ရေးအပိုင်းကို အသာထားလိုက်ပါက ဖေးဟွမ်လုပ်ငန်းတွင် ဝန်ထမ်း ၅ ယောက် ၆ ယောက်လောက် ရှိပါသည်။ ဒီအုပ်စုအကုန်လုံးသာ ရှန်ဟိုင်းကို သွားရောက်ပါက အသွားအပြန်လက်မှတ် စရိတ်နဲ့ တည်းခိုစရိတ်များကလည်း စျေးပေါမည် မဟုတ်ပေ။

ဖေးချမ့်က ဖေးဟွမ်လုပ်ငန်းကို နောက်ဆက်တွဲ ရိုက်ကူးရေးအဆင့်အတွက် ရန်ပုံငွေ မပေးခဲ့ပါ၊။ ဒီတစ်ခေါက် ၎င်းတို့၏ အသုံးစရိတ်အားလုံးကို ဘော့စ်ဖေး၏ နေ့စဥ်ဘဝမှ ရရှိသော အမြတ်ငွေများဖြင့် ရှင်းပေးခဲ့သည်။ ဒါက စုစုပေါင်း ၁ သန်းလောက်သာ ရှိပါသည်။ ရိုက်ကူးရေး ကိရိယာအသစ်များအတွက် ထိုငွေထဲက တစ်စိတ်တစ်ပိုင်းကို သုံးစွဲရပါဦးမည်။

သူတို့ ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝကို ဒေါင်လိုက်ရုပ်ပုံ mode ဖြ င့်ရိုက်ကူးနိုင်ဖို့ DSLR ကိုသုံးနိုင်သည်။ သူတို့ ဟိုနား ဒီနား ပြင်ဆင်လိုက်လျှင် အဆင်ပြေပါပြီ။ သို့သော် မှတ်တမ်း ရုပ်ရှင်တစ်ခု ရိုက်ကူးခြင်းကတော့ ခြားနားလိမ့်မည်။ သူတို့ သေချာပေါက် မှတ်တမ်းရုပ်ရှင်ကို ထုတ်လုပ်ဖို့အတွက် ရိုက်ကူးရေး ကိရိယာမျိုးစုံကို အသုံးပြုရမည်။ မဟုတ်ပါက ပရော်ဖက်ရှင်နယ်ကျမည့်ပုံမပေါ်ပါ။

ထိုသို့တွေးမိကာ ဖေးချမ့် အထင်မသေးတော့ပါ။ တကယ်တော့ နည်းနည်းတောင် စိတ်ဝင်စားလာမိပါသည်။ဟွမ်စစ်ပေါ်နဲ့ ကျူးရှောင်စဲတို့၏ ပရောဂျက်အသစ် အမြတ်ငွေများ ရလာမှာကို ပြင်ဆင်ထားပြီးသားဖြစ်သော်လည်း ဖေးချမ့် မေးခွန်းများ ထုတ်မိပါသည်။

သေးသေး ကြီးကြီး အမြတ်က အမြတ်ပဲဖြစ်သည်။ သို့သော် ခြားနားမှုကတော့ ကြီးမားပါသည်။ သူတို့ အမြတ်နည်းနည်းသာ ရပါက ဘော့စ်ဖေးက တခြား ပရောဂျက်များကို အသုံးပြုကာ အရှုံးဖြ င့်ကာမိအောင် လုပ်နိုင်ပါသေးသည်။ သူတို့ အမြတ်အလွန်များပြားစွာ ရလိုက်ပါက ဘော့စ်ဖေး သေချာပေါက် ဆုံးရှုံးလိမ့်မည်။

"အင်း လမ်းမှာ သတိထားကြဦး" ဖေးချမ့်က ဂရုမစိုက်သလို ဟန်ဆောင်ကာ မေးလိုက်ပါသည်။ "မင်းတို့က ဒီမှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးဖို့ ရှန်ဟိုင်းကို သွားမှဖြစ်မှာလား။”

ဟွမ်စစ်ပေါ်က ရှက်ရွံ့နေသည့် ပုံစံဖြင့် ပြုံးလိုက်ပါသည်။ "ဘော့စ်ဖေး ကျွန်တော် အမှန်တိုင်း ပြောမယ်နော်။စိတ်မဆိုးပါနဲ့။ ဒီတစ်ခေါက် ကျွန်တော်တို့ ပရောဂျက်က ကျွန်တော်တို့ ကြိုးစားပမ်းစား ရထားတဲ့ ငွေတွေအကုန်လုံးကိုတောင် ပြောင်သွားစေနိုင်တယ်။”

ဟမ်…

ကြိုးစားပမ်းစားရထားတဲ့ ငွေတွေအကုန်လုံးကို ပြောင်သွားစေနိုင်တယ် ဟုတ်လား။

ဘော့စ်ဖေး ချက်ချင်းပဲ ကျောမတ်သွားပါသည်။

ငါ့ကို ဒီအကြောင်းပြောရင် ငါပျင်းရမှာ မဟုတ်တော့ဘူး။

"လာပါ လက်ဖက်ရည်သောက်ပါဦး" ဖေးချမ့်က ချက်ချင်းပဲ လက်ဖက်ရည်တစ်ခွက်ကိုငှဲ့ကာ ဟွမ်စစ်ပေါ်ကို ကမ်းပေးလိုက်ပါသည်။ ဟွမ်စစ်ပေါ်ကို ဆက်ဆံသည့်ပုံစံ ချက်ချင်း ပြောင်းလဲသွားပါသည်။

ဟွမ်စစ်ပေါ်ကတော့ ဘော့စ်ဖေး၏ ပြုမူပုံ ပြောင်းလဲသွားတာကို သတိမထားမိပေ။ ထိုအစား လက်ဖက်ရည်သာ သောက်လိုက်ပြီး ပရောဂျက်အတွက် ဖေးဟွမ်လုပ်ငန်း၏ လက်တလော အစီအစဥ်များကို အသေးစိတ် ရှင်းပြလိုက်ပါသည်။

"ဘော့စ်ဖေး ဒါရိုက်တာ ကျူးရှောင်စဲနဲ့ကျွန်တော်တို့က ဘော့စ်ဖေးရဲ့စကားကြောင့် အရမ်းစိတ်ပြောင်းသွားခဲ့ကြတယ်။ ကျွန်တော်တို့ ဗီဒီယိုအတိုလောက ကနေ ထွက်ပြီး အဓိပ္ပာယ်ရှိတာ တစ်ခုခု ထုတ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ကျွန်တော်တို့ အိုင်ဒီယာ ပေါင်းစုံထုတ်ခဲ့ပေမယ့် တစ်ခုခုလိုနေတုန်းပဲလို့ ခံစားရတုန်းပဲ။”

"ကျွန်တော်တို့တွေးမိတဲ့ အကြောင်းအရာတချို့က ကျွန်တော်တို့တော်တဲ့ အရာတွေ။ ကျွန်တော်တို့ တွေးမိတဲ့ တခြားအရာတွေကတော့ အမြတ်ရနိုင်မယ့်အရာတွေပဲ။ ဒါပေမယ့် ဘယ်တစ်ခုမှ အရေးပါပြီး အကောင်အထည်ဖော်ဖို့ မလိုအပ်ဘူးဖြစ်နေတယ်။အဲ့ဒီနောက် နောက်ဆုံးတော့ ကျွန်တော်တို့ အကောင်အထည်ဖော်နိုင်မယ့် အကြောင်းအရာတစ်ခုကို ရှာတွေ့ခဲ့တယ်။ အဲ့တာ eSports ကစားသမားတွေ အကြောင်း မှတ်တမ်းရုပ်ရှင် ရိုက်ကူးဖို့ပဲ။”

ဖေးချမ့်က အလွန်စိတ်ဝင်စားသွားပါပြီ။ "eSports ကစားသမားတွေအကြောင်း မှတ်တမ်းရုပ်ရှင် ဟုတ်လား။”

ဟွမ်စစ်ပေါ်က သူ့ကို လိမ်နေတာ မဟုတ်ပေ။ ဒီလိုအကြောင်းအရာမျိုးက သူတို့ ကြိုးစားပမ်းစား ရှာဖွေထားသည့် ငွေအကုန်လုံးကို တကယ်ပဲ ဆုံးရှုံးသွားစေနိုင်ပါသည်။

အခုက ဘယ်နှခုနှစ်မို့လို့လဲ။ ၂၀၁၀ ခုနှစ် ဖြစ်သည်။

ဒီအချိန်တုန်းက eSports ကစားသမားများဆိုတာ လမ်းဘေးပေါ်မှာ အိပ်၊ စမ်းချောင်းက ရေများကို သောက်ကာ ခေါက်ဆွဲဗူးများ စားနေရသူများ ဖြစ်ကြသည်။

နောက် ၁၀ နှစ်အကြာတွင် ဖြစ်လာမည့် ပုံစံမျိုး မဟုတ်သေးပါ။ ထိုအခါတွင်တော့ ဝိုင်နီများသောက်လျက် မော်ဒယ်များကို ဖက်ထားပြီး Ferraris များ မောင်းနေကြလိမ့်မည်။ တစ်နှစ်ကို ယွမ်သောင်းနဲ့ ချီပြီး မရကြသေးပါ။

ဒီလောကထဲ ရေပန်းစားသည့် အရင်းအနှီးက ရောက်မလာသေးပေ။ ဂိမ်းများကို လူမှုဘဝအတွက် အလွန်အမင်း အန္တရာယ်ရှိသောအရာဟု သတ်မှတ်ထားကြဆဲဖြစ်သည်။ ဂိမ်းတွေကို ပရော်ဖက်ရှယ်နယ်အရဖြစ်စေ၊ ဖျော်ဖြေရေးသက်သက်အတွက်ဖြစ်စေ ဘယ်လိုပဲ ကစား ကစား လူထုအတွက် ခြားနားချက် ကြီးကြီးမားမား မရှိပါ။ ဂိမ်းတွေအပေါ် အချိန်ဖြုန်းသည့်လူအား ရိုးရိုးသားသား အလုပ်များတွင် စိတ်မပါသူဟု သတ်မှတ်ကြသည်။

ယခု eSports ကစားသမားများအား မှတ်တမ်းရုပ်ရှင် ရိုက်ကူးနိုင်သည်။ သို့သော် ထိုကဲ့သို့ မှတ်တမ်းရုပ်ရှင်မျိုးက ငွေရနိုင်ပါ့မလား။

ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝ ငွေရနိုင်ခြင်းမှာ အိုင်လီကျွန်းက တိုက်ဆိုင်စွာဖြင့် ပရီမီယံ ဗီဒီယို အကြောင်းအရာကို ရှာဖွေနေခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူတို့ ဒီလို အထူးသဘောတူ စာချုပ်မျိုးကို ချုပ်ဆိုကာ အကျိုးအမြတ်ကို ထက်ဝက်ပိုင်းနိုင်ခဲ့ကြခြင်း ဖြစ်၏။

ဗီဒီယိုအတိုများကို အပ်ဒိတ်တင်က ပြန်လည် ဆန်းသစ်ပြီး ဝက်ဘ်ဆိုက်တစ်ခုထဲသို့ ဝင်ရောက်ကြည့်ရှုသူ ပုံမှန် ဆွဲဆောင်နိုင်သည်။ ထို့အပြင် အင်တာနက်တစ်ခွင်မှာလည်း ထုတ်လွှင့်ပြသနိုင်၏။ သူတို့ Season 3 ထုတ်လိုက်လိုက်သော IP တန်ဖိုး၊ သူတို့ရလိုက်သည့် နာမည်အားလုံးက ဗီဒီယိုဝက်ဘ်ဆိုက်များတွင် သုံးနိုင်သည့် စျေးဆစ်ကတ်များ ဖြစ်သည်။

သို့သော်လည်း မှတ်တမ်းရုပ်ရှင်များကတော့ ခြားနားပါသည်။

ပထမဆုံး လူတွေက စောင့်မကြည့်တတ်ကြပေ။

ဒုတိယအနေဖြင့် ၎င်းတို့အား အပ်ဒိတ်တင်လို့မရပေ။ ထို့ကြောင့် ဗီဒီယိုဝက်ဘ်ဆိုက်များကို ပုံမှန် ဝင်ရောက်ကြည့်ရှုသူများ ဆွဲခေါ်၍ မရနိုင်ပါ။ ထို့ကြောင့် ဗီဒီယိုဝက်ဘ်ဆိုက်များက သီးသန့်ထုတ်လွှင့်ပြသမူပိုင်ခွင့်များကို စာချုပ်ချုပ်ဖို့ စိတ်ဝင်စားမှာလည်း မဟုတ်ပေ။

သူတို့အများဆုံး လုပ်ပေးနိုင်တာဆိုလို့ အခြေခံ အစီအစဥ်တစ်ခုကိုသာ ကမ်းလှမ်းနိုင်သည်။ ကြည့်ရှုသူ ၁၀,၀၀၀ အတွက် ယွမ် ၂၀ - ၃၀ ပေးမည်ဟူသည့် ကမ်းလှမ်းချက်မျိုး ဖြစ်ပါသည်။

တတိယအနေဖြင့် သူတို့ ကြော်ငြာများ လက်ခံလို့ မရပါ။ ဆိုလိုရင်းက သူတို့ စပွန်ဆာ ရှာလို့ရမှာ မဟုတ်ပေ။

မှတ်တမ်းရုပ်ရှင်များက အလွန်တည်တံ့သည်။ ၎င်းတို့က စစ်မှန်ပြီး အဓိပ္ပာယ်ရှိရမည်။ eSports ကစားသမားများကို အင်တာဗျူးထားတာလောက် ပြသပြီး အင်တာဗျူးတစ်ဝက်လောက်တွင် ကြော်ငြာများ ထုတ်လွှင့်လို့ မရပါ။

မှတ်တမ်းရုပ်ရှင်အများစုက အမြတ်မရကြပေ။ တချို့ မှတ်တမ်းရုပ်ရှင်တချို့သာ ခြွင်းချက် ရှိပါသည်။

ဥပမာအားဖြင့် A Bite of China ဖြစ်သည်။

ဟွမ်စစ်ပေါ် မှတ်တမ်းရုပ်ရှင်များ ရိုက်ကူးဖို့ စိတ်ဝင်စားသည်ဟု ပထမဆုံးကြားလိုက်ရစဥ်က A Bite of China လိုမျိုး ထုတ်လုပ်နိုင်မည်ကို စိုးရိမ်နေခဲ့သည်။ သို့သော်လည်း အခုတော့ ဒီလိုမဟုတ်သောကြောင့် စိတ်အေးအေးထားလို့ရပါပြီ။

ဖြစ်သင့်ပါသည်။ ကျူးရှောင်စဲက ပါရမီရှိသည်။ သို့သော် ပြန်ဝင်စားသူမဟုတ်ပေ။ ရေပန်းစားသည့် အရာတစ်ခုကို တစ်ခေါက် ထုတ်လုပ်နိုင်ခဲ့လျှင် ပါရမီဟုခေါ်သည်။။ အလွန်ရေပန်းစားသည့် ရုပ်ရှင်များကို ဆက်တိုက် ထုတ်လိုက်နိုင်ပါကတော့ ညစ်ပတ်သည်ဟု ဆိုနိုင်သည်။

ထိုအခါ ဖေးချမ့် အလွန်စိတ်အေးသွားရပါသည်။

အခု ဒီမှတ်တမ်းရုပ်ရှင်ကို သူတို့ဘယ်လိုရိုက်ကူးဖို့ စီစဥ်ထားလဲဆိုတာတောင် မေးဖို့ အရေးမကြီးတော့ပါ။ ဖေးချမ့် အများကြီးရင်းနှီးပြီး နည်းနည်းသာ ပြန်ရနိုင်ပါက ပရောဂျက်ကောင်းတစ်ခုဟု သတ်မှတ်နိုင်ပါသည်။

ဖေးချမ့်၏ မျက်နှာထားက ချက်ချင်း နွေးထွေးလာသည်။ "ငါတို့ ကြိုးစားပမ်းစား ရှာထားတဲ့ ပိုက်ဆံတွေ အကုန်လုံး ဆုံးရှုံးနိုင်တယ် ဟုတ်လား။ ပြဿနာမရှိပါဘူးကွာ ဖေးဟွမ်လုပ်ငန်းကို ငါထောက်ပံ့ပေးထားပါတယ်။ စိတ်အေးအေးထားပြီး မင်းလုပ်ချင်တာသာ လုပ်လိုက်။”

"ငွေရေးကြေးရေးက အရေးမကြီးဘူး။ ငါတို့ ဒီလို ပူပန်ပြီး နေထိုင်လို့မဖြစ်ဘူး။”

ဟွမ်စစ်ပေါ်က လက်ဖက်ရည်သောက်လိုက်ကာ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပါသည်။ "ဟုတ်ပါတယ်။ ဘော့စ်ဖေး ကျွန်တော်တို့ကို ထောက်ပံ့ပေးမယ်ဆိုတာ သိထားပြီးသားပါ။”

"ဘော့စ်ဖေး စိတ်မပူပါနဲ့ ဒီတစ်ခေါက် စွန့်စားရမှာတွေကို ကျွန်တော်တို့ သေချာသိပါတယ်။ အဲ့တာကြောင့် ရှန်ဟိုင်းကို ရထားစိမ်းစီးသွားဖို့ပဲ ဆုံးဖြတ်ထားတာပါ။ ကျွန်တော်တို့ နေထိုင်စရိတ် စားသောက်စရိတ်တွေကိုလည်း အတတ်နိုင်ဆုံး ထိန်းချုပ်သွားပါ့မယ်။”

ဟွမ်စစ်ပေါ် စကားဆုံးအောင် မပြောနိုင်ခင် ဖေးချမ့် မျက်နှာ ပျက်သွားသည်။

"ဒါ ဘာသဘောလဲ။"

ဟွမ်စစ်ပေါ် ရပ်တန့်သွား၏။ ဘော့စ်ဖေး ဒေါသထွက်တာကို သူမြင်ရတာ ရှားပါသည်။ စကားထစ်ငေါ့စွာဖြင့် သူ ပြန်ဖြေလိုက်၏။ "ဘာ-ဘာသဘောမှ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကုန်ကျစရိတ်တွေကို ထိန်းမယ်လို့ ပြောတာပါ။”

ဖေးချမ့်က ဟွမ်စစ်ပေါ်ထံမှ ဒီ့ထက်ပိုမျှော်လင့်ထားသည့်ပုံစံပေါ်နေသည်။"မင်းတို့ ကုန်ကျစရိတ်တွေကို ထိန်းချုပ်မယ်ဟုတ်လား။ ဟွမ်စစ်ပေါ် မင်းကိုယ်မင်း ဘာကောင်လဲ သေချာသိအောင်လုပ်စမ်း။”

ဟွမ်စစ်ပေါ် တုန်လှုပ်သွား၏။ သူ့လက်ထဲက လက်ဖက်ရည်ခွက် တုန်ယင်သွားသည်။

ဘော့စ်ဖေးက ဒီလိုပုံစံနဲ့ ပေါက်ကွဲတာမျိုး မရှိသလောက်ရှားတယ်။ ငါ တစ်ခုခု မဟုတ်တာ ပြောလိုက်မိလို့လား။

ဖေးချမ့်က အတည်ပေါက်လေသံဖြင့်ပြောလိုက်ပါသည်။ "ဖေးဟွမ်လုပ်ငန်းက ထန်းတာ့ရဲ့ အရံလုပ်ငန်းတစ်ခုပဲ။ မင်းနဲ့ ဖေးဟွမ်လုပ်ငန်းက ဝန်ထမ်းတွေအားလုံးက ထန်းတာ့ရဲ့ ဝန်ထမ်းတွေပဲ။ မင်းတို့က ရထားစိမ်းစီးသွားပြီး သူတို့ကို နေစရိတ်စားစရိတ် ကန့်သတ်ခိုင်းမယ်ပေါ့။ သူတို့ မကောင်းတာတွေ စားမိရင် ဘယ်လိုလုပ်မလဲ။”

"သူတို့ ကျန်းမာပြီး ဗိုက်က လက်ခံတယ်ဆိုရင်တောင် အဲ့ဒီခရီးလမ်းက သူတို့ခန္ဓာကိုယ်အတွက် ပင်ပန်းရလိမ့်မယ်။ သူတို့ ကောင်းကောင်းမစား ကောင်းကောင်း မအိပ်လို့ အဲ့တာ သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ထိခိုက်လာရင် ရိုက်ကူးရေးလည်း အဆင်ပြေမှာ မဟုတ်ဘူး။ ပရောဂျက်က ချောချောမွေ့မွေ့ မဖြစ်ဘဲ ရုပ်ရှင်လည်း ရလဒ်အနေနဲ့ ပျက်စီးသွားရင် ဘယ်သူက တာဝန်ယူမှာလဲ။”

ဟွမ်စစ်ပေါ်က လက်များ တုန်ယင်လာပါသည်။ "ကျွန်... ကျွန်တော့်တာဝန်ပါ။”

"မဟုတ်ဘူး မဟုတ်ဘူး...." ဘော့စ်ဖေး ဘာကိုဆိုလိုချင်သလဲ ဟွမ်စစ်ပေါ် နားလည်သွားပါသည်။ "ဘော့စ်ဖေး စိတ်မပူပါနဲ့။ ကျွန်တော်က ကုန်ကျစရိတ် သက်သာအောင်ပဲ လုပ်နေတာပါ။ ကျွန်တော်က ရက်စက်တဲ့ အလုပ်ရှင် မဟုတ်ပါဘူး။ ကျွန်တော့်အလုပ်သမားတွေရဲ့ ကျန်းမာရေးကို သေချာပေါက် ဂရုစိုက်မှာပါ..."

ဖေးချမ့်က ဟွမ်စစ်ပေါ်ထံမှ ဒီ့ထက်ပိုမျှော်လင့်ထားသည့်ပုံပင်။ "မင်းက ထန်းတာ့တွက် အရှက်ရစရာကောင်ပဲ။ ငါမင်းကို ဒီတစ်ချိန်လုံး ဘာတွေ သင်ပေးခဲ့သလဲ။"

ဟွမ်စစ်ပေါ် ဆွံ့အသွားပါသည်။

ဖေးချမ့်က အတည်ပေါက် ဆက်ပြောလိုက်ပါသည်။ "ငါပြောတာ နားထောင်။ လေယာဥ်ပျံစီးသွား။ အချိန်ဆိုတာ ပိုက်ဆံပဲ နားလည်လား။ မင်း အဲ့ကိုရောက်တာနဲ့ စားသောက်နေထိုင်မှုတွေကို ပုံမှန် ခရီးသွား စံနှုန်းအတိုင်းပဲ ဆောင်ရွက်။ စံနှုန်းကို မသိရင် လက်ထောက်ရှင်းကိုသာ မေးလိုက်။”

"မင်း ရှန်ဟိုင်းကို ရောက်တာနဲ့ စိတ်မချောက်ချားနဲ့။ စိတ်မဖိစီးနဲ့။ မင်းရိုက်ကူးရေး မပြီးနိုင်ရင် အချိန်ကို ဆက်တိုးလိုက်။ စိတ်အေးလက်အေးနဲ့ ရိုက်ကူးရေးလုပ်။ မင်း ဇွန်လ ၁၈ ရက်နေ့ မတိုင်ခင်မှာ ပြီးနိုင်ရင် အဆင်ပြေပြီ။”

"မင်းအချိန်ကို တိုးလိုက်ရင် အများဆုံး ဖြစ်မှာက မင်းတည်းခိုစရိတ်အတွက် ငွေများများ ထပ်သုံးရမှာလေးပဲ ရှိတယ်။ အဲ့တာဆို ဘယ်လောက်များ ကုန်မှာမို့လို့လဲ။ မင်းမှာ ပိုက်ဆံမလောက်ရင် ငါ့ကိုသာ တောင်း။ ကိစ္စမရှိဘူး။”

"မှတ်ထားနော်။ ထန်းတာ့က ဖေးဟွမ်လုပ်ငန်းရဲ့ နောက်ကွယ်မှာ ရပ်တည်နေတာ။ မင်းအခက်အခဲရှိရင် ပါးစပ်သာ ဟလိုက်။”

ဟွမ်စစ်ပေါ်က အမြန်ခေါင်းငြိမ့်လိုက်ပါသည်။ "ဟုတ်ကဲ့ပါ ဘော့စ်ဖေး နားထောင်ပါ့မယ်။”

ဖေးချမ့်၏ မျက်နှာထားက ခေါင်းငြိမ့်ရင်း ပြန်လည်တည်ငြိမ်သွားပါသည်။ စိတ်ပါလက်ပါဖြင့် သူပြောလိုက်သည်။ "မင်းက ထန်းတာ့ရဲ့ ဝန်ထမ်းတစ်ယောက်ပဲ။ အဲ့လို ကိစ္စ အသေးအဖွဲလေးတွေကအစ ငါ့ကို စိတ်မပူရစေနဲ့။”

"မင်းက ရှန်ဟိုင်းသွားဖို့ ရထားစိမ်းစီးသွားဖို့တောင် စဥ်းစားနေတာလား။ ထန်းတာ့က မင်းလိုမျိုး အရှက်ရစရာ ဝန်ထမ်းတွေကို သည်းခံနေမှာ မဟုတ်ဘူးနော်။”

ဟွမ်စစ်ပေါ်မျက်နှာ နီသွားပါသည်။ သူ့နှလုံးသား နက်နက်ရှိုင်းရှိုင်းထဲတွင် အရှက်ရသွားမိပါသည်။ "ဟုတ်တယ် ဘော့စ်ဖေး။ ဘော့စ်ဖေးပြောတာ မှန်ပါတယ်။ နောက်ပိုင်းကျရင် ဖေးဟွမ်လုပ်ငန်းက ထန်းတာ့ရဲ့ ခြေလှမ်းအတိုင်းပဲ လိုက်လှမ်းမှာပါ။ ဘော့စ်ဖေးရဲ့ စံနှုန်းအတိုင်းပဲ အားလုံးကို ဆောင်ရွက်ပါ့မယ်။”

ဖေးချမ့် နောက်ဆုံးတော့ ခေါင်းငြိမ့်လိုက်ပါသည်။ "အင်း အဲ့လိုမှပေါ့။ မှတ်ထားနော်။ မင်းနောက်ကို အခက်အခဲရှိရင် ငါ့ကိုချက်ချင်းပြော။”

ဖေးချမ့်က ထိုညွှန်ကြားချက်များကို အကြိမ်ပေါင်းများစွာ ပြောပြီးမှ စိတ်ကျေနပ်မှု ရရှိသွားပါသည်။

ဒီခွေးကောင် ဟွမ်စစ်ပေါ်...။ ကြီးကြီးမားမား အရှုံးပေါ်မယ့် ပရောဂျက်တ်စခုကို နောက်ဆုံးတော့ ရှာတွေ့ခဲ့တာကို။ ကုန်ကျစရိတ် သက်သာအောင် ကြိုးစားရဲသေးတယ်ပေါ့။

ဖေးချမ့်က ကုမ္ပဏီကို ပျိုးထောင်ဖို့ အချိန်တွေ အားတွေ အများကြီး စိုက်ထုတ်ခဲ့ရသည်။ သို့သော်လည်း သူ့လူတွေက ဒီလို စတန့်ထွင်ချင်ကြသေးသည်။ သူက ထန်းတာ့၏ ဝန်ထမ်းဟောင်း တစ်ယောက်တောင် ဖြစ်သည်။

ထို့ကြောင့် ဘော့စ်ဖေး အလွန်စိတ်ပင်ပန်းရပါသည်။

အခန်း(၁၅၇) ငါဒီမှာ ဆောက်ထားတဲ့ ယွီအင်တာနက်ကဖေး ဘယ်ရောက်သွားလဲ

ဟွမ်စစ်ပေါ် ထွက်သွားပါပြီ။ ဖေးချမ့်က ဟွမ်စစ်ပေါ် သူ့ကိုပေးခဲ့သည့် သစ်သီးများကို ခွဲဝေပေးလိုက်သည်။ ပန်းသီးတစ်လုံးကို ယူကာ သူ့ရုံးခန်းထဲပြန်လာပြီး စားနေလိုက်ပါသည်။

မျက်စိတစ်မှိတ်အချိန်အတွင်း တစ်လတာ ကုန်ဆုံးလုနီးပါး ဖြစ်လာသည်။ လက်ရှိအခြေအနေများကို ကြည့်ခြင်းအားဖြင့် သူအဆင်ပြေမည့်ပုံပင်။

သူဘယ်ကမှန်းမသိ အမြတ်များ မရသရွေ့ အရှုံးသေးသေးလေးပေါ်ဖို့ ပြဿနာ မရှိပါ။

ဒီတစ်ခေါက် သူ့ဝန်ထမ်းများကို ဘယ်လို တခြား ကုမ္ပဏီ အကျိုးခံစားခွင့်တွေ ပေးနိုင်ဦးမလဲဟု ဖေးချမ့် စတင်စဥ်းစားမိပါသည်။

ယခု ယွီအင်တာနက်ကဖေးက ဆိုင်ခွဲများ ထပ်မံ ဖွင့်လှစ်နေပါပြီ။ ဘော့စ်ဖေးလက်အောက်တွင် ဝန်ထမ်းများ ပိုပိုများလာ၏။ သူတို့တစ်ယောက်ချင်းစီတိုင်းကို အကျိုးခံစားခွင့်များ ပေးလိုက်ပါက သူ ကုန်ကျစရိတ် အလွန်များနိုင်ပါသည်။

ပရောဂျက်တွေက အမြတ်တွေ ရနိုင်မလား မရနိုင်ဘူးလားဆိုတာကို ဖေးချမ့် အတိုင်းအတာတစ်ခုထိသာ ထိန်းချုပ်လို့ရသည်။ သို့သော် တတ်နိုင်သမျှ အများဆုံးဖြုန်းဖို့တော့ ဖေးချမ့် ကြိုးစားကြည့်နိုင်ပါသည်။

ပန်းသီးစားရင်း Qiandu တွင် 'ဝန်ထမ်းအကျိုးခံစားခွင့်များ' ဟူ၍ ရှာကြည့်လိုက်ပါသည်။

'ကောင်းမွန်သော ကုမ္ပဏီအကျိုးခံစားခွင့်များ' ကိုသုံးစွဲသည့် ကုမ္ပဏီများစွာ ရှာဖွေမှုတွင် ပေါ်လာသည်။ ဖေးချမ့်က ၎င်းတို့ကို နှိပ်ကြည့်ရင်း ချက်ချင်း နှာခေါင်းရှုံ့လိုက်ပါသည်၊။

ဒါလေးပဲလား။

ထားလိုက်ပါတော့။ အရှေ့မှာ ရှေ့ဆောင်လမ်းပြ မရှိဖူးသဖြင့် သူ့စိတ်ကူးကိုပဲ အားကိုးရတော့မည်။

သူ ဆက်လက် ရှာဖွေနေလိုက်သည်။ အချက်အလက်တွေကို ရှာဖွေရင်း ပင်ပန်းလာ၏။ သူ့ထိုင်ခုံကို ရေပြင်ညီအနေအထား လှဲချလိုက်ကာ စောင်လေးကို ခြုံရင်း အိပ်စက်အနားယူလိုက်ပါသည်။

အချိန်အတော်ကြာသောအခါ ဖေးချမ့် နိုးလာသည်။ နေတောင် ဝင်နေပါပြီ။ ဖေးချမ့် ရုတ်တရက်ကြီး ညာဘက် မျက်ခွံ လှုပ်သွားတာကို သတိထားမိသည်။

"ဟမ် ဘာဖြစ်တာလဲ။"

ဖေးချမ့် သူ့ညာဘက်မျက်လုံးကို ပွတ်ကြည့်လိုက်သည်။ သို့သော် ဆက်လက် လှုပ်နေဆဲ ဖြစ်သည်။

"ဘယ်ဘက်မျက်ခွံလှုပ်ရင် ကံကောင်းတာ။ ညာဘက်မျက်ခွံလှုပ်ရင် ကံဆိုးတာပဲ။ နိမိတ်မကောင်းဘူး။”

ဖေးချမ့်က အမြန် မတ်တပ်ရပ်လိုက်ပြီး သူ့ရုံးကို နှစ်ပတ်လောက် ပတ်ကြည့်လိုက်သည်။ ထို့နောက် ပြတင်းပေါက် အပြင်ဘက်က ခပ်လှမ်းလှမ်း ရှုခင်းကို ကြည့်လိုက်၏။

သိပ်မကြာခင် သူ့ညာဘက်မျက်ခွံ တွန့်တာ ရပ်သွားပါသည်။

"ဟူး... ဒီတိုင်းမှားပြီး လှုပ်တာ နေမှာပါ။ ငါခုတလော ဒရမ်မာတွေ ကြည့်တာ များတော့ ငါ့မျက်လုံး ပင်ပန်းသွားတာဖြစ်ရမယ်။”

ဖေးချမ့်က ပန်းသီးအူတိုင်ကို အမှိုက်ပုံးထဲပစ်ထည့်လိုက်သည်။ ထိုင်ခုံတွင် ပြန်ထိုင်လိုက်ပြီး ဒရမ်မာ ထပ်ကြည့်ဖို့ ပြင်လိုက်ပါသည်။

ထိုအချိန်တွင် သူ့ဘယ်ဘက်မျက်ခွံ စလှုပ်လာပါသည်။ ထို့အပြင် မျက်လုံးကို ပွတ်ပြီးတာတောင် ဆက်လှုပ်နေဆဲ ဖြစ်သည်။

"ဘယ်ဘက်မျက်ခွံလှုပ်ရင် ကံကောင်းတာ။ ညာဘက်မျက်ခွံလှုပ်ရင် ကံဆိုးတာ။ ရပါတယ်။ နိမိတ်ကောင်းတာပဲကို။ ညာဘက်မျက်ခွံလှုပ်တာ ထက်တော့ ပိုကောင်းပါတယ်။"

"ဟမ်..."

"နေဦး မဟုတ်သေးဘူး..."

ဘယ်ဘက်မျက်ခွံလှုပ်သဖြင့် ကံကောင်းခြင်း ဖြစ်သည်။ ဆိုလိုတာက သူ တစ်ခုခု ရတော့မည်။

ဖေးချမ့် ထိုင်ခုံမှ ခုန်ထလိုက်ပါသည်။ သူ ဆက်ထိုင်မနေနိုင်တော့ပါ။ ရုတ်တရက်ကြီး ပြဿနာ တစ်ခုခု ရှိတာကို သတိထားမိသွားပါသည်။ တခြားသူတွေက ဘယ်ဘက်မျက်ခွံလှုပ်တာကို ကံကောင်းသည်ဟု ယူဆနိုင်သည်။ ဘယ်သူက ကံကောင်းခြင်းနဲ့ ကြွယ်ဝမှုကို မလိုချင်ဘဲနေမည်နည်း။

သို့သော် ဖေးချမ့်အတွက်တော့ ဘယ်မျက်ခွံလှုပ်လှုပ် ညာမျက်ခွံလှုပ်လှုပ် အတူတူပဲ ဖြစ်သည်။ နှစ်ခုစလုံး နိမိတ်ဆိုးများ ဖြစ်၏။

"ပြဿနာရှိတယ်။ တစ်နေရာရာမှာ ပြဿနာ ရှိရမယ်။ ဒါကြောင့် ဒီရက်ပိုင်း ငါနေလို့မကောင်းဖြစ်နေတာ။ ငါနေ့ခင်းဘက်အိပ်ရင်တောင် ယွီအင်တာနက်ကဖေးက အမြတ်တွေ စရနေပြီလို့ အိပ်မက်မက်တယ်။ ဒီနေ့ မျက်ခွံနှစ်ဖက်လုံး လှုပ်တယ်။ ဒါ နိမိတ်ဆိုးပဲ ဖြစ်မယ်။”

ဖေးချမ့်က ခါးကော့ကာ သူ့ရုံးခန်းတစ်ပတ် ဖျတ်လတ်စွာ လမ်းလျှောက်လိုက်သည်။

"ဒီပြဿနာ ဘယ်မှာလဲ။ ငါရှာရမယ်။”

ဖေးချမ့်က သူ့စိတ်ထဲမှာ ပရောဂျက်များကို ပြန်စဥ်းစားကြည့်လိုက်သည်။ နောက်ဆုံးတော့ ယွီအင်တာနက်ကဖေးကို သူအာရုံစိုက်လိုက်သည်။ ဆိုင်ခွဲအသစ်နှစ်ခုက ဖွင့်ထားတာ မကြာသေး။ ၎င်းတို့ ငွေမဝင်လောက်သေးဘူးဟု ဖေးချမ့်ခန့်မှန်းမိသည်။

တစ်ခုတည်းသော ဖြစ်နိုင်ချေက မူရင်းဆိုင်ဖြစ်သည်။

ဖေးချမ့်က ပိုခက်ခက်ခဲခဲ စဥ်းစားပြီး သူယွီအင်တာနက်ကဖေး မူရင်းဆိုင်ကို သွားမကြည့်တာ တစ်ပတ်ကျော်ပြီဖြစ်ကြောင်း မှတ်မိသွားပါသည်။ ထိုသို့တွေးမိသောအခါ တံခါးမှ ချက်ချင်း ထွက်လာသည်။

ညနေခင်းတောင် ရောက်နေလေပြီ။

လူများစွာက ပစ္စည်းများသိမ်းကာ ပြန်ဖို့ အသင့်ပြင်နေကြပြီဖြစ်သည်။

ဖေးချမ့်က ချက်ချင်းပဲ လက်ထောက်ရှင်းကို ခေါ်လိုက်ပါသည်။ "ကျွန်တော့်ကို ဒီနေ့ည ယွီအင်တာနက်ကဖေးကို ပို့ပေးပါ။”

"ဟုတ်ကဲ့ပါ ဘော့စ်ဖေး" လက်ထောက်ရှင်းက မတွန့်ဆုတ်ပေ။ ဘော့စ်ဖေးကို သတိပေးစရာတောင် မလိုဘဲ သူမ အချိန်ပိုလစာရမှာကို သေချာသိပါသည်။

ယွီအင်တာနက်ကဖေး မူရင်းဆိုင်တွင်...။

ညနေ ၇ နာရီထိုးနေပြီဖြစ်သည်။ ဝင်ပေါက်တွင် လူတွေပိုပိုပြီး ရောက်လာကြသည်။ ဝိတ်တာတချို့က အင်တာနက်ကဖေးဆိုင် အပြင်ဘက်က မြေကွက်လပ်များကိုတောင် စားပွဲများ ရွှေ့နေရပါသည်။

ဒီနေရာကြီးက အရင်က စားသောက်ဆိုင် ဖြစ်၏။ အပြင်ဘက်မှာလည်း နေရာအကျယ်ကြီး ရှိပါသည်။ ပါကင်လည်း ပါသည်။ သို့သော်လည်း အင်တာနက်ကဖေးအဖြစ် ပြောင်းလဲလိုက်သောကြောင့် ပါကင်နေရာ မလိုအပ်တော့ပေ။ ထို့ကြောင့် အခုချိန်ထိ ထိုနေရာကြီးက ကွက်လပ်အဖြစ် ရှိနေဆဲ ဖြစ်ပါသည်။

သို့သော်လည်း ဒီနေ့ ဝိတ်တာတချို့က ထိုနေရာကွက်လပ်တွင် ထီးများ ချိတ်ဆက်ထားသည့် စားပွဲလှလှလေးများ၊ ထိုင်ခုံလှလှလေးများ ချလိုက်ပါသည်။ နွေရာသီနေ့ရက်တစ်ရက်၏ ညနေခင်းလေး ဖြစ်သည်။ ဒီနေရာက ဥရောပရှိ ပင်လယ်ကမ်းရိုးတန်း မြို့လေးတစ်မြို့နဲ့ပင် တူနေပါသည်။

အမှန်ပင်။ ဒီက ရာသီဥတုကြောင့် ကျင်းကျိုးမြို့က သက်တောင့်သက်သာရှိမှုမှာ ထိုဥရောပနဲ့တော့ နှိုင်းယှဥ်လို့မရနိုင်ပေ။ ဘာပဲဖြစ်ဖြစ် စတိုင်တစ်ခုတည်းအရဆိုရင်တော့ ဒီနေရာက ကြည့်ရမဆိုးလှပါ။

အင်တာနက်ကဖေးထဲက ဘားဧရိယာမှာလည်း ပြည့်လျှံနေသည်။ အပြင်ဘက်မှာ ထိုင်နေရသည့် လူများစွာရှိပါသည်။ အပြင်ဘက်မှာ ထိုင်နေသည့် လူများကလည်း ဖန်ချပ်များမှ တဆင့် စတိတ်စင်ကို မြင်နိုင်ပါသည်။ ထို့အပြင် မာယန်က အပြင်ဘက်က လူများ ချန်းလျဲ့ သီချင်းဆိုတာကို နားထောင်နိုင်ဖို့ စပီကာကြီးများကို အပြင်ဘက်မှာ ချထားပေးပါသည်။

ကတ်စတမ်မာများစွာ ထပ်ရောက်လာတာကို မြင်သဖြင့် အပြုံးရှည်ရှည်ကြီးတစ်ခု မာယန်၏ မျက်နှာပေါ်တွင် ပေါ်လာပါသည်။

"ကြည့်ပါဦး။ ဒီလိုဆို ထိုင်ခုံမလောက်တဲ့ ပြဿနာ ပြေလည်သွားပြီ မဟုတ်လား"မာယန်က သူ့မျက်စိရှေ့က အခြေအနေကို ကျေနပ်လို့နေပါသည်။

ကျန်းယွမ်ကလည်း လက်မကြီးကြီး ထောင်ပြကာ ပြောလိုက်သည်။ "ဟုတ်တယ် ညီအစ်ကိုမာ အကြံကောင်းပဲ။”

ချန်းလျဲ့၏ ပရိတ်သတ်များ ပိုပိုပြီး ရောက်လာလေလေ အထဲက ထိုင်ခုံများ ပိုပိုပြိး ပြည့်လာလေလေ ဖြစ်သည်။ မာယန် အပြင်ဘက်မှာ ထိုင်ခုံချဖို့ စိတ်ကူးမိခဲ့ခြင်း ဖြစ်၏။

နွေရာသီဖြစ်သည်။ စာသောက်ဆိုင်များစွာ အပြင်ဘက်မှာ ထိုင်ခုံနေရာများ ချထားပေးတာ ပုံမှန်ပဲဖြစ်သည်။ အမှန်ပင် ကျန်းယွမ်လည်း စဥ်းစားမိပါသည်။ သို့သော်လည်း မာယန်ကို ဖားယားဖို့ အခွင့်အရေး ဖြစ်သဖြင့် သူ ဘာမှ မပြောခဲ့တော့ပါ။

ခေတ်ဆန်ဆန်ကောင်မလေး တစ်ယောက်က ဘားကောင်တာကို လျှောက်လာပြီး အနီရောင်ငွေစက္ကူနှစ်ရွက်ထုတ်ပေးလိုက်သည်။ "Aurora သုံးခွက်။ တစ်ခွက်က ကျွန်မ သောက်ဖို့။ နောက်နှစ်ခွက်က ချန်းလျဲ့အတွက်။ မှတ်တမ်းကိုတော့... အာ... ချန်းလျဲ့ကို ထာဝရချစ်သွားမယ့် ဖန်ဂဲလ်လေးလို့သာ ရေးလိုက်။”

ဘားထိုင်က ချက်ချင်းပဲ Aurora Jungle-Juice ကို ပရိုတစ်ယောက်လို စတင် ရောစပ်ပါသည်။မကြာမီ ကောင်မလေး၏ လက်ထဲသို့ Aurora တစ်ခွက်ရောက်သွားပါသည်။

"ချန်းလျဲ့ စင်ပေါ်တက်တာနဲ့ သောက်စရာ ပေးလိုက်ဖို့ မမေ့နဲ့ဦးနော်" ဘားထိုင်ကို နောက်တစ်ခေါက် သတိပေးပြီးနောက် ကောင်မလေး ဘားကောင်တာမှ ထွက်သွားပါသည်။

မာယန်က ဒီမြင်ကွင်းကိုကြည့်ရင်း သူ့မျက်နှာပေါ်က အပြုံးလည်း ပိုကျယ်ပြန့်လာခဲ့ပါသည်။

ကျန်းယွမ်က သူ့ကို ထပ်ချီးကျူးပြန်သည်။ "ဒီတိုင်းသာ ဆက်သွားမယ်ဆိုရင် ငါတို့ အရှုံးက အမြတ်အဖြစ် ပြောင်းလဲသွားပြီလို့ ဘော့စ်ဖေးကိုတောင် ငါတို့ တင်ပြလို့ ရတော့မယ် ထင်တယ်ဟေ့။”

မာယန်က ပို၍ပင် ဘဝမြင့်လာသည်။ "ဟမ်း ငါက ဟွမ်စစ်ပေါ်ထက် ပိုတော်တယ်ဆိုတာ သက်သေပြရမယ်။”

ထိုအကြံကို မာယန်ကော ကျန်းယွမ်ကော စဥ်းစားမိခြင်း မဟုတ်ပေ။ ထို့အစား ကတ်စတမ်မာ တစ်ယောက်က ချန်းလျဲ့အား 'ဆုချ'နေသည်ကို မြင်သွားသောကြောင့် ဖြစ်ပါသည်။

မာယန်၏ မူလ ကမ်းလှမ်းချက်အရဆို ကတ်စတမ်တစ်ယောက် မှာယူသည့် သောက်စရာတစ်ခုစီတိုင်းအတွက် အမြတ်တစ်ဝက်လောက်က ချန်းလျဲ့ဆီ ရောက်သွားမည် ဖြစ်သည်။ ထိုအိုင်ဒီယာက အလုပ် ဖြစ်ခဲ့သည်။ ကတ်စတမ်မာများအကြားတွင် အလွန် ရေပန်းစားလာ၏။ အားလုံးက ပြင်းပြင်းထန်ထန် အားပေးကြပါသည်။

ချမ်းသာသည့် ကောင်မလေးတချို့ဆို ထိုနည်းလမ်းကို သုံးကာ ချန်းလျဲ့ကို ပိုးပန်းကြသည်။

သူတို့ထဲကတစ်ယောက်က ကော့တေး ဒုတိယတစ်ခွက်မှာပြီး ကုန်အောင် မသောက်နိုင်တော့ပေ။ ထို့ကြောင့် ကောင်မလေးက ဘားထိုင်ကို ဒုတိယတစ်ခွက် မသောက်တော့ဘဲ ချန်းလျဲ့ကို အမြတ်တိုက်ရိုက်ပေးလို့ရမလားဟု မေးလိုက်ပါသည်။

ဘားထိုင်က ဒီလို ဆုံးဖြတ်ချက် မချရဲသဖြင့် ဆိုင်ခွဲမန်နေဂျာကို သွားပြောလိုက်ပါသည်။ ဆိုင်ခွဲမန်နေဂျာက မာယန်နဲ့ ကျန်းယွမ်တို့အား ပြန်တင်ပြလိုက်ပါသည်။

မာယန်က ချက်ချင်းပဲ ပြန်ဖြေလိုက်၏။ "ကိစ္စမရှိဘူး။”

ကော့တေး တစ်ခွက်ကို ယွမ် ၆၀ ဖြင့် ရောင်းချသည်။ ကတ်စတမ်မာ တစ်ယောက်က မသောက်ချင်ဘဲ ချန်းလျဲ့ကိုသာ ဆုချချင်သည်ဆိုပါက ချန်းလျဲ့ကို ယွမ် ၃၀ ပေးပြီး ဆိုင်အမြတ်အဖြစ် ယွမ် ၃၀ ယူလို့ ရပါသည်။

ဒီလိုဆို ပရိတ်သတ်တွေက စေတနာကို ပြသနိုင်ပြီး ချန်းလျဲ့နဲ့ အင်တာနက်ကဖေးတို့လည်း အမြတ်ရမည်။ ဒါက နှစ်ဦးနှစ်ဖက် အဆင်ပြေတာပဲမဟုတ်လား။

ထို့ကြောင့် ဒီနေ့ ဒီလိုဖြစ်ရပ်များစွာ ဖြစ်လာခဲ့သည်။ လူများစွာက တစ်ခါတည်း နှစ်ခွက်လောက် မှာလိုက်၏။ တစ်ခွက်က သူတို့အတွက် ဖြစ်ပြီး နောက်တစ်ခွက်က ချန်းလျဲ့အတွက် ဖြစ်ပါသည်။

မာယန်က ဘားကောင်တာတွင် ထိုင်ကာ သူ့ကိုယ်ပိုင် ကော့တေးခွက်ကို ကိုင်ပြီး စိတ်အေးလက်အေး ဖြစ်နေပါသည်။ အခုလိုသာ ဆက်သွားပါက နောက်လလောက်ဆို သူတို့ အရှုံးကို အမြတ်အဖြစ် ပြောင်းလဲနိုင်တော့မည်။

ချန်းလျဲ့ကို တခြား ယွီ အင်တာနက်ကဖေး ဆိုင်ခွဲနှစ်ခွဲကိုလည်း ခေါ်သွားရမယ်။ တစ်ဆိုင်စီမှာ အလှည့်ကျဆိုလို့ ရတာပဲ။ လူအုပ်ကို အဲ့ဒီယွီအင်တာနက်ကဖေးဆိုင်တွေထဲ ဆွဲဆောင်နိုင်ရင် ငါ အောင်မြင်ဖို့ လမ်းတစ်ဝက်ရောက်ပြီပဲ။

အင်တာနက်ကဖေးရဲ့ အရှုံးတွေကို အမြတ်အဖြစ် ပြောင်းလဲပြီးသွားရင် ငါဖေးချမ့်ကို သတင်းကောင်း ပြောပြလိုက်မယ်။ အဲ့တာ သူ့အတွက် လုံးဝ Surprise ဖြစ်သွားမှာပဲ။

ပြီးရင် မာယန်ဆိုတဲ့ငါက ညီအစ်ကိုချမ့်ရဲ့ မျက်လုံးထဲမှာ ဟွမ်စစ်ပေါ်၊ ပေါင်ရှု၊ လုမင်လျန်၊ တခြားသူတွေ အားလုံးထက် ပိုမြင့်တဲ့နေရာကို ရောက်သွားလိမ့်မယ်။ ထန်းတာ့မှာ မာယန်ဆိုတဲ့ ငါကမှ တကယ့် တန်ဖိုးရှိတဲ့ ဝန်ထမ်းဆိုတာအားလုံးကို ထုတ်ပြမယ်ကွ။

ထိုသို့တွေးရင်း မာယန်၏ မျက်နှာပေါ်တွင် အပြုံးကျယ်ကျယ်တစ်ခု ပေါ်လာပြန်ပါသည်။

ယွီအင်တာနက်ကဖေး ဆိုင်အပြင်ဘက်တွင် ဖေးချမ့်တစ်ယောက် ကားပေါ်က ဆင်းလာပြီး တုန်လှုပ်သွားရသည်။

ငါ ဘယ်သူလဲ၊ ငါ ဘယ်မှာလဲ။

ငါ့ယွီအင်တာနက်ကဖေး ဘယ်ရောက်သွားလဲ။ ငါ ဒီမှာ ဆောက်ထားတဲ့ ကြီးကြီးမားမား၊ အေးတိအေးစက် လူသူကင်းမဲ့တဲ့ ယွီအင်တာနက်ကဖေး ဘယ်ရောက်သွားတာလဲ။

ဒီလောက်စည်ကားနေတဲ့ စားသောက်ဆိုင်ကြီးက ဘာကြီးလဲ။

ဘယ်သူ့လက်ချက်လဲကွ။

အခန်း(၁၅၈) ဘော့စ်ဖေး အရမ်းစိတ်ဆိုးနေတယ်

ယွီအင်တာနက်ကဖေးဆိုင်၏ တံခါးတွင် လူများစွာ ရှိနေသည်။ မာယန်နဲ့ ကျန်းယွမ်တို့က အထဲမှာ အလုပ်ရှုပ်နေကြပြီး ဖေးချမ့် အပြင်မှာ မတ်တပ်ရပ်နေတာတောင် သတိမထားမိကြပါ။ ဖေးချမ့်က လက်ထောက်ရှင်းနဲ့ အတူတူ တိုးတိုးတိတ်တိတ် စောင့်ကြည့်နေပါသည်။

ဝန်ဆောင်မှုပေးသူ တစ်ယောက်က ဖေးချမ့်ကို မြင်သွားပြီး မာယန်ကို သွားပြောဖို့ပြင်သော်လည်း ဖေးချမ့်က သူ့ကို တိုးတိုးဟူသော သင်္ကေတပြကာ တားလိုက်သည်။ ထိုဝန်ဆောင်မှုပေးသူက ချက်ချင်းပဲ အရိပ်အကဲ နားလည်သွား၏။

"ဘော့စ်ဖေးက မာယန်ကို Surprise တိုက်ချင်လို့လား။ ဟုတ်ပြီ။ ဟုတ်ပြီ။"

ဝန်ဆောင်မှုပေးသူက မမြင်ချင်ယောင်ဆောင်ကာ အလုပ်ဆက်ရှုပ်နေလိုက်ပါသည်။ ဖေးချမ့်က အင်တာနက်ကဖေး တစ်ဆိုင်လုံးကို ပတ်လျှောက်ကြည့်ရင်း နှလုံးဖောက်တော့မလို ခံစားနေရသည်။ အင်တာနက်ကဖေး၏ ဝင်ပေါက်မှာတောင် စားပွဲများ ထိုင်ခုံများ ဆန်းရှိတ်များဖြင့် ပြည့်နှက်နေ၏။ အကုန်လုံးက လှပပြီး အဆင့်မြင့်သည့်ပုံပင်။

မာယန်က ဒီလို အခင်းအကျင်းမျိုးကို အသုံးပြုကာ ဥရောပက မြို့ငယ်လေးစတိုင် ဖမ်းချင်နေတာ သိသာပါသည်။

သို့သော်လည်း ဖေးချမ့်၏ မျက်လုံးထဲမှာတော့ ယွီအင်တာနက်ကဖေးသာ အလွန်ရေပန်းစားလာပါက သူ့ယွီအင်တာနက်ကဖေး ဟုတ်ပါဦးမလား။

သူ အလွန်အမင်း နာကျင်သွားသည်။ သူ့ရင်တွေ နာလာ၏။ အပြင်မှ အထဲကို ဝင်သွားဖို့ ပြင်လိုက်စဥ် ဂစ်တာသံ နုတ်တစ်ခု ထွက်လာတာကို ကြားလိုက်ရပါသည်။

အဆိုတော်တစ်ယောက်က သီချင်း စဆိုပါသည်။

အပြင်ဘက်က လူတွေက ထင်သလောက် စိတ်မလှုပ်ရှားကြပါ။ ဘာပဲဖြစ်ဖြစ် သူတို့က ဒီကို သီချင်းလာနားထောင်သည့် လမ်းသွားလမ်းလာများသာ ဖြစ်သည်။ အဲ့လောက်ကြီး မရူးသွပ်ကြပါ။ သို့သော်လည်း ယွီအင်တာနက်ကဖေး ဆိုင်ထဲမှာတော့၊ အထူးသဖြင့် ဘားနေရာတွင် မိုးကြိုးပစ်သံလို ကျယ်လောက်သည့် လက်ခုပ်သြဘာသံများ၊ အားပေးသံများ ထွက်ပေါ်လာသည်။ အခြေအနေက အလွန်စည်ကားလွန်းလှသည်။ အကြောင်းမသိသူများသာဆို ဒီမှာ ဂီတဖျော်ဖြေပွဲလုပ်နေသည်ဟု ထင်သွားနိုင်ပါသည်။

ဖေးချမ့်နဲ လက်ထောက်ရှင်းတို့ လူအုပ်နဲ့ ရောနှောကာ အထဲကို ဝင်သွားကြပါသည်။ ဘားမှ ထိုင်ခုံများက ပြည့်လျှံနေတာကို တွေ့လိုက်ရသည်။ လူအများစုက ဘေးမှာ မတ်တပ်ရပ်နေရပါသည်။

လူများစွာက ဘားကောင်တာကိုသာ တန်းသွားကြသည်။ သူတို့ အနီရောင်ငွေစက္ကူနှစ်ရွက် ထုတ်လိုက်တာကို ဖေးချမ့် စောင့်ကြည့်နေ၏။ သို့သော်လည်း သူတို့ တစ်ခွက်သာ သောက်ကြပြီး ပြန်အမ်းငွေ မယူဘဲ ပြန်လာကြပါသည်။

ထို့နောက် စင်ပေါ်ကို ကြည့်လိုက်သည်။

ချန်းလျဲ့က ဂစ်တာတီးပြီး ရိုးရာတေးသီချင်းများ သီဆိုနေ၏။ သူက လူအုပ်ကို ရင်ဆိုင်ရမှာ အနည်းငယ် ရှက်ရွံ့ကာ မျက်နှာနီနေသော်လည်း စင်တော့ သိပ်မကြောက်ပေ။ သူ သီချင်းဆိုတာ ဈာန်ဝင်သွားပြီးနောက် စင်ကြောက်ဖို့ မေ့သွားတာ ဖြစ်နိုင်ပါသည်။

ဘေးနားက သေသပ်သည့် နံရံကြီးပေါ်တွင် လှပသည့် ဘောင်ကွက်ကြီးတစ်ခုကို ချိတ်ဆွဲထားသည်။ ဘယ်စားပွဲက၊ ဘယ်ကတ်စတမ်မာက ဘယ်လိုသောက်စရာကို မှာယူပြီး ချန်းလျဲ့ကို ကော်မရှင်ခ ဘယ်လောက် ပေးလိုက်ကြောင်း ဖော်ပြနေသည်။ ထို့နောက် သူ့အတွက် ဆုတောင်းပေးသည့် မက်ဆေ့ချ်များတောင် ပါဝင်နေပါသေးသည်။

ဆုတောင်းစကားများနဲ့ ဂုဏ်ပြုစကားများ တစ်ကြောင်းပြီး တစ်ကြောင်း ပေါ်လာခဲ့သည်။ ဆိုင်ထဲက အသွင်အပြင်တစ်ခုလုံးကို ပို၍ပင် စည်ကားသွားစေပါသည်။

ဖေးချမ့် ပါးစပ် တွန့်လာသည်။ ချန်းလျဲ့ကို သူ တစ်ခါမှ မမြင်ဖူးပါ။ သို့သော်လည်း ကြည့်ရသလောက်တော့ သူက အင်တာနက်ကဖေးဆိုင်၏ အဆိုတော်အသစ် ဖြစ်နိုင်သည်။ သို့သော်လည်း ဖြစ်ပျက်နေသည့် အရာအားလုံးကို သူ လက်ခံဖို့ အနည်းငယ် ခက်ခဲနေပါသည်။

သို့သော်လည်း ဖေးချမ့်က ဉာဏ်ကောင်းသူ ဖြစ်သည်။ ခဏလောက် စဥ်းစားပြီးနောက် ဘာတွေဖြစ်နေသလဲဆိုတာ ခန့်မှန်းနိုင်သွားပါသည်။

ယွီအင်တာနက်ကဖေးက အခုဆို ယွီကေတီဗီ ဖြစ်သွားပြီလား။ သောက်စရာ ဝယ်တာနဲ့ လက်ဆောင်တွေ ဝယ်ပေးတာ၊ ငွေပေးတာနဲ့ ခြားနားမှု မရှိဘူးမလား။

နောက်နှစ်ရက်နေမှ ငါထပ်လာရင် ဒီဆိုင်ကြီး တကျော့ပြန်ပြီး အမြတ်တွေ ရလာတော့မှာ မဟုတ်လား။

ထိုဘောင်ကွက်တွင် နံပါတ်များ တစ်ခုပြီး တစ်ခု ပေါ်လာတာကိုမြင်ပြီး ဖေးချမ့် အလွန် တုန်လှုပ်ကာ ထိတ်လန့်လာသည်။ တစ်ယောက်ယောက်က ကော့တေး ၁၀ ခွက်တောင် ဝယ်လိုက်တာကို မြင်လိုက်ရပါသည်။ ဒါက ယွမ် ၅၀၀ ဆုချလိုက်ခြင်းနဲ့ ညီမျှပါသည်။

ဖေးချမ့်က ဒီလူရူးသွပ်ပြီး ငွေဖြုန်းနေသည်ဟု မထင်မိပါ။ ဘာပဲဖြစ်ဖြစ် တိုက်ရိုက်ထုတ်လွှင့်မှုများမှ သူဌေးများက ဒီ့ထက်တောင့် ပိုရူးသွပ်ကြမှန်း သူ သိသဖြင့် ဖြစ်ပါသည်။ ဒါတွေက တကယ့်သူဌေးအစစ်များအတွက် မပြောပလောက်ပေ။

ထို့အပြင် ချန်းလျဲ့ကလည်း အဆို တကယ်ကောင်းပြီး ထိုက်တန်ပါသည်။

ဖေးချမ့် တကယ်ပဲ မေးကြည့်ချင်နေသည်။ ဒီလောက် ပါရမီရှိတဲ့ အဆိုတော်ကို ဘယ်သူ ရှာလာတာလဲ။ ဖေးချမ့် အနည်းငယ် စိတ်ပျက်သွားသော်လည်း ရင်ထဲမှာတော့ အနည်းငယ် ကံကောင်းသလို ခံစားလိုက်ရပါသည်။

ကံကောင်းလို့ ဒီရက်ပိုင်းထဲ တစ်ခုခုတော့ လွဲနေပြီလို့ ခံစားနေခဲ့ရတာ။ စောစောသိလို့သာပဲပေါ့။

ဒီကိစ္စကို မေ့ထားပြီး ယွီအင်တာနက်ကဖေးက လတိုင်း ယွမ် ၃၀၀,၀၀၀ အရှုံးပေါ်နေဦးမယ်လို့သာ ယူဆထားရင် သေချာပေါက် နောက်ငွေစာရင်းရှင်းချိန်ရောက်တဲ့အခါ ငါသွေးအန်သွားလိမ့်မယ်။

အဓိကက ဒီလောက် ကြီးကြီးမားမား ကိစ္စဖြစ်နေတာကို ငါ့ကို ဘယ်သူမှ အစီရင်မခံကြဘူး။

ရှင်းဟိုက်လူလည်း အခြေအနေကို အကဲခတ်က ရင်ထဲတွင် သက်ပြင်းချလိုက်ပါသည်။

မဆိုးပါဘူ။ အရင်အပတ်ကမှ လူသူကင်းမဲ့ပြီး ခြောက်ကပ်နေခဲ့တာ။ တစ်ပတ်အတွင်းမှာ ယွီအင်တာနက်ကဖေးက အရမ်စည်ကားလာပါလား။ ဒီတိုင်းသာ ဆက်သွားမယ်ဆိုရင် ဒီပတ်ဝန်းကျင်က ဆိုင်တွေအကုန်လုံးတောင် ဒီလိုလူဦးရေကြောင့် အကျိုးကျေးဇူး ရလာနိုင်ပြီး စီးပွားရေး သံသရာတစ်ခုဖြစ်လာနိုင်တယ်။

ပြီးတော့လည်း ဒီအဆိုတော်က သီချင်းဆိုနေရုံပဲကို အခြေအနေက သာမန်ဘားတစ်ခုလောက် မစည်ကားရင်တောင် အားလုံးက ငွေအများကြီး ပုံပေးနေကြတယ်။ ဒီနေ့ည အရက်ရောင်းအားတွေ အရမ်းကောင်းတော့မှာပဲ။

ဘော့စ်ဖေးက အရင်တုန်းက ယွီအင်တာနက်ကဖေးရဲ့ အရှုံးတွေကို သိပ်ပြီး မမှုခဲ့ဘူး။ သူ ဒီလိုဖြစ်လာမယ်လို့ ခန့်မှန်းထားပြီးသားမို့လို့လား။

လက်ထောက်ရှင်းက ဘော့စ်ဖေး နောက်ကို ဘာမှမမေးဘဲ တိတ်တိတ်ဆိတ်ဆိတ်သာ လိုက်နေပါသည်။ ဘာပဲဖြစ်ဖြစ် ဒီလိုအရာတွေ ဖြစ်ပျက်တာ သူမအတွက် အသားကျနေပါပြီ။

ဖေးချမ့်က တိုးတိတ်စွာဖြင့် လူအုပ်ထဲ တိုးဝင်ပြီး စကား ကျယ်ကျယ်လောင်လောင် ပြောနေသည့် မာယန်ဆီ သွားဖို့ ကြိုးစားနေပါသည်။

မာယန်က အင်တာနက်ကဖေး၏ အနာဂတ် အစီအစဥ်များအတွက် ကျန်းယွမ်နဲ့ ဆွေးနွေးနေပါသည်။

"ဒီမူရင်းဆိုင်ကို ဒီ့ထက် အဆင့်မြှင့်နိုင်မယ်လို့ ထင််တန်းပဲကွာ။ ငါတို့ အခုကာတိန်ဖွင့်လို့မရသေးဘူး။ ကာတိန်တွေကို ပြန်လုပ်ဖို့ အလုပ်သမားတချို့ငှားရမ်းဖို့ စီစဥ်ထားတယ်။ အပြင်ဘက်ကလူတွေလည်း အထဲက အခြေအနေတွေကို မြင်နိုင်ရင် အကောင်းဆုံးပဲ...။

သူ့စီးပွားရေးဗီဇက အခုလောက် တစ်ခါမှ မထွန်းတောက်ဖူးပါဟု ခံစားမိကာ မာယန်တစ်ယောက် ယုံကြည်ချက်များ ပြည့်ဝနေပါသည်။

ကျန်းယွမ်က အတည်တကျ နားထောင်နေပြီး မာယန်၏ အနောက်ကို ကြည့်လိုက်သောအခါ အရောင်ပြောင်း မီးအလင်းရောင်များကြောင့် မျက်နှာတစ်ဝက်သာ ပေါ်သည့် ဖေးချမ့်ကို မြင်လိုက်ရပါသည်။

"ဘော့စ်ဖေး ရောက်နေတာလား" ကျန်းယွမ်က အမြန်နှုတ်ဆက်လိုက်ပါသည်။

မာယန်လည်း ကြက်သေ သေသွားပြီး နောက်လှည့်ကြည့်လိုက်ရာ ဖေးချမ့်၏ မျက်နှာကို မြင်သွားပါသည်။ "ဟင် ညီအစ်ကိုချမ့်ပါလား။ နှမြောစရာပဲ။ မင်းကို Surprise တိုက်ဖို့ စီစဥ်ထားတာကို ကြိုသိသွားပြီပေါ့။"

ဖေးချမ့်၏ နှုတ်ခမ်း အနည်းငယ် တွန့်သွားခဲ့သည်။ ဒီကိစ္စတွေကို ဝင်ရှုပ်နေတာ တကယ်ပဲ မာကြီး ဖြစ်နေသည်။

"ဒီလောက် ပြောင်းလဲမှုတွေ ဖြစ်နေတာကို ဘာဖြစ်လို့ ငါ့ကို မပြောပြတာလဲ" ဖေးချမ့်က သူ့အကောင်းဆုံး ညီအစ်ကိုဟု သတ်မှတ်ထားသည့် လူက သူ့ကို သစ္စာဖောက်သွားသည်ဟု ခံစားနေရပါသည်။ သူ အနည်းငယ်လည်း ပင်ပန်းသွား၏။

မာယန်က ဇဝေဇဝါဖြစ်သွားသည်။ "ညီအစ်ကိုချမ့် ငါက မင်းကို သတင်းကောင်းပဲ ပေးချင်တာ၊ သတင်းဆိုး မပေးချင်ဘူးလေ။ သတင်းကောင်းက မလုံလောက်သေးဘူးလို့ ထင်လို့ မင်းကို အသိမပေးချင်ခဲ့လို့ပါ။”

ဖေးချမ့် ဆွံ့အသွားပါသည်။

”..."

သတင်းဆိုး မပေးချင်ဘဲ သတင်းကောင်းပဲ ပေးချင်တယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။ ငါ့ဝန်ထမ်းတွေ အကုန်လုံးသာ မင်းလိုပဲဆိုရင် ငါတော့ သွားပြီ။

သို့သော်လည်း ဖေးချမ့်က မာယန်ကို ရက်ရက်စက်စက် ပြောလို့ မဖြစ်ပါ။ ဘာပဲဖြစ်ဖြစ် မာယန်၏ ရည်ရွယ်ချက်က ကောင်းမွန်သည် မဟုတ်ပါလား။ သူက အင်တာနက်ကဖေး၏ အကျိုးအမြတ်ကို တိုးမြင့်စေချင်ရုံသာ ဖြစ်သည်။ ဖေးချမ့်သာ မာယန်ကို ယွီအင်တာနက်ကဖေး၏ နာမည်နဲ့ အခင်းအကျင်းကို ဖျက်ဆီးသည့်အတွက် အပြစ်တင်ချင်ပါက မသင့်တော်ပါ။

ဘာပဲဖြစ်ဖြစ် မာယန်က ဒီတစ်ခေါက် သူ့ဦးနှောက်ကို တကယ်သုံးခဲ့ပြီး ဖေးချမ့်ကို ငွေဝင်အောင် ကူညီပေးခဲ့ပါသည်။ သို့သော် ဖေးချမ့် ရင်ထဲ ဘာလို့ အနည်းငယ် နာကျင်နေရသနည်း။

မဟုတ်မှလွဲရော ငါ့ရဲ့ သစ္စာအရှိဆုံး ထောက်တိုင်ကြီးကလည်း ငါ့ကိုစွန့်ခွာတော့မှာ မို့လို့လား။

"ဘော့စ်ဖေး သိသွားပြီဆိုတော့လည်း လမ်းညွှန်ချက်လေးတွေ ပေးပါဦး။ အခုလက်ရှိ အင်တာနက်ကဖေးကိုကြည့်ပြီး ပြောင်းလဲသင့်တာ တစ်ခုခုရှိမယ်ထင်လား" ကျန်းယွမ်က ပြုံးကာ မေးလိုက်ပါသည်။

ဖေးချမ့်၏ ပါးစပ်တွန့်သွားသည်။ "အားလုံး... ကြည့်ကောင်းပါတယ်။ ဒါပေမယ့်... ပြောင်းလဲမှုတွေ လုပ်လို့တော့ ရသေးတယ်။ အဲ့ဒီဖန်သားပြင်ဘောင်ကွက်က နည်းနည်း ရှေးဟောင်းဆန်နေတယ်။ မင်းရဲ့ ရည်ရွယ်ချက်က ကောင်းမွန်ပြီး လူတွေကို သူတို့ ဘယ်လောက်ပေးနေလဲဆိုတာကို မြင်စေပြီး တချို့ ဆုတောင်းစကားတွေကိုလည်း အားလုံးဆန္ဒပြည့်ဝအောင် ဖော်ပြပေးနေတာ ငါသိပါတယ်။”

"ဒါပေမယ့် ဒီဘောင်ကွက်မှာ ဆက်တိုက်ပေါ်နေရင် ဒီက အသွင်အပြင်ကို ဖျက်ဆီးသလို ဖြစ်နေတယ်။ ပြီးတော့လည်း ကတ်စတမ်မာတွေကို များများသုံးစွဲအောင် လှုံ့ဆောင်တာက ငါတို့ အင်တာနက်ကဖေးရဲ့ စတိုင်မှ မဟုတ်တာ။”

"အဲ့တာကြောင့် အဲ့ဒီ ဖန်သားပြင်ဘောင်ကွက်ကြီးကို ဖြုတ်ချလိုက်တာ ပိုကောင်းမယ်လို့ ထင်တယ်။ ကတ်စတမ်မာတွေက ဒီကို ဝိုင်လာသောက်တာလေ။ သူတို့အသုံးစရိတ်ချင်း ပြိုင်ဆိုင်ချင်အောင် မလုပ်သင့်ဘူး။”

ဖေးချမ့်က အလွန်အမြော်အမြင်ရှိပြီး ဉာဏ်ကောင်းသည့်ပုံပေါ်ပါသည်။

မာယန်က ကျန်းယွမ်ကို ကြည့်လိုက်၏။ ကျန်းယွမ်က ခေတ္တ စဥ်းစားလိုက်ပြီး ပြောလိုက်ပါသည်။ "ဟုတ်တာပေါ့။ ဘော့စ်ဖေး ပြောတာ အဓိပ္ပာယ်ရှိတယ်။ အရင်ကတည်းက ဒီဘောင်ကွက်က နည်းနည်း အရသာပျက်စေတယ်လို့ ကျွန်တော်ထင်နေတာ။ ဒါပေမယ့် ဘာတွေက အရသာပျက်စေတာလဲဆိုတာ မပြောတတ်ဘူးဖြစ်နေတယ်။”

"အခု ဘော့စ်ဖေးပြောသလိုပဲထင်တယ်။ ကျွန်တော်တို့ အင်တာနက်ကဖေးဆိုင်ရဲ့ စတိုင်နဲ့ ကိုက်ညီမှု မရှိတာကိုး။”

မာယန်ကတော့ အနည်းငယ် တွန့်ဆုတ်နေဆဲဖြစ်သည်။ "ဒါဆိုလည်း... ဖြုတ်ချလိုက်တာပေါ့။”

ဖေးချမ့် အခု အနည်းငယ် ပိုစိတ်အေးသွားပါသည်။ ထိုဘောင်ကွက်မရှိလျှင် အားလုံး၏ ငွေပုံသုံးချင်၊ ပိုပေးချင်သည့် စိတ်အားထက်သန်မှုများလည်း... ပိုနည်သွားမှာ မဟုတ်လား။

"ပြီးတော့ အပြင်ဘက်က စားပွဲနဲ့ ထိုင်ခုံတွေကောပဲ။ အကုန် ကျပ်ပိတ်နေတာပဲ။ စတိုင်မကျဘူး။ နည်းနည်း ပြန်သိမ်းလိုက်ဦး။”

"အင်း... ဟုတ်တယ်" မာယန်က အနည်းငယ် အဓိပ္ပာယ်ရှိသည်ဟု ခံစားမိသဖြင့် ခေါင်းငြိမ့်လိုက်ပါသည်။

ဖေးချမ့်က အတည်ပေါက် ပြောလိုက်၏။ "မာကြီး မင်းက ယွီအင်တာနက်ကဖေးကို အမြတ်ရအောင် အကောင်းဆုံး ကြိုးစားပေးနေတာပါ။ ငါ ဝမ်းသာပါတယ်။ ဒါပေမယ့် ယွီအင်တာနက်ကဖေးအတွက် အမြတ်က ဦးစားပေး မဟုတ်ဘူးဆိုတာကို မင်းသတိရရမယ်။ နံပါတ်တစ် ဦးစားပေးက ထန်းတာ့အတွက် ပုံရိပ်တစ်ခု ဖြစ်တည်စေဖို့ပဲ။"

"ဟုတ်ပြီ၊ ဘော့စ်ချမ့်။ ငါနားလည်ပါပြီ" မာယန်က တက်ကြွစွာ ပြောလိုက်သည်။ "ငါတို့ စိတ်ချင်းဆက်နွယ်နေတယ်ဆိုတာ စိတ်ချထားစမ်းပါ။ မင်းလိုချင်တာ မှန်သမျှကို ငါနားလည်တယ်။”

ဟင်းဟင်း မင်း ငါ့အကြောင်းသိသားပဲ။

ဖေးချမ့်က ထွက်သွားရင်း တိုးတိုးတိတ်တိတ် ကျိန်ဆဲနေမိပါတော့သည်။

အခန်း(၁၅၉) ပြဿနာတစ်ခုဖြေရှင်းဖို့ အများကြီးစွန့်စားရမယ်

မြင်ခဲ့ရသည့်အရာကြောင့် ဖေးချမ့် နာကျင်လို့နေပါသည်။ ယွီအင်တာနက်ကဖေး အမြတ် နည်းနည်းလေး ရရင်တောင် အဆင်ပြေသေးသည်။ အဓိကအချက်မှာ ထိုအမြတ်'နည်းနည်း'လေးကတောင် ဖေးချမ့်၏ ဒီတစ်သုတ်အတွက် စိုက်ထုတ်ခဲ့သမျှ အားအင်အကုန်လုံးကို သဲထဲရေသွန် ဖြစ်သွားစေနိုင်သည်။

ဒီတစ်သုတ်က အချိန် ၂ လသာ ရှိသည်။ တစ်လ ကုန်သွားပါပြီ။

ဖေးချမ့် အကြမ်းဖျင်း ဒီတစ်သုတ်အတွက် အမြတ်အရှုံးများကို တွက်ကြည့်လိုက်သည်။ ရှော့ပင်းထွက်ခြင်း၊ ဖြုန်းတီးခြင်းများကိုပါ ထည့်တွက်လိုက်ပါက ငွေစာရင်းရှင်းချိန် မတိုင်ခင် သူ သိန်းဂဏန်းလောက် အရှုံးပေါ်အောင် လုပ်လို့ရသည်။

၎င်းတို့အကြားထဲ ယွီအင်တာနက်ကဖေးဆိုင်ခွဲများ အားလုံးကြောင့် သူ ၁ သန်းကျော်လောက် ဖြုန်းတီးနိုင်ခဲ့သည်။ ဒါကလည်း သူ့အစီအစဥ်အတွက် အလွန်အရေးကြီးပါသည်။

ယွီအင်တာနက်ကဖေးက ငွေများ စတင်ဝင်လာခြင်း သို့မဟုတ် အရင်းအနှီးများကို ပြန်ကာမိခြင်း တစ်ခုခုသာ ဖြစ်သွားပါက ဖေးချမ့် နောက်ထပ် ငွေစာရင်းရှင်းချိန်မတိုင်ခင် အကုန်မသုံးနိုင်လောက်မည့် ဝင်ငွေ ၁ သန်းကျော် ဝင်လာနိုင်ပါသည်။

၁ သန်းကျော်ကျော် ပမာဏက အများကြီးဟု မထင်ရသော်လည်း မူလက တွက်ချက်ထားသည့် အရှုံးများကို အမြတ်အဖြစ် ပြောင်းလဲပစ်နိုင်စွမ်း ရှိလေသည်။ ဒါက အဓိကအချက်ပင်။ ဒါက သူ့အားစိုက်ထုတ်မှုများကို သဲထဲရေသွန် ဖြစ်သွားစေပြီး တခြား ပရောဂျက်များပါ အလကား ဖြစ်မသွားနိုင်ဘူးလား။

ဖေးချမ့်၏ မူလ ရည်ရွယ်ချက်က ဗြုတ်စဗျင်းတောင်း ဆိုင်ကြီး လုပ်ပစ်ဖို့ဖြစ်သည်။ ယွီအင်တာနက်ကဖေးဟု ခေါ်သည့် ဆိုင်တစ်ဆိုင်တွင် ဘားနေရာ ရှိရမည်၊ စာအုပ်ဖတ်ဖို့ နေရာလေး ရှိရမည်၊ ရုပ်ရှင်ရုံအသေးစားလေး ရှိရမည်၊ ညစာစားဖို့ နေရာလေး ရှိရမည် စသဖြင့်။ ထိုအရာအားလုံးကို အင်တာနက်ကဖေးဆိုင်ထဲ စုပြုံထည့်ချင်ခဲ့သည်။

နောက်ဆုံးမှာတော့ သူက ယွီအင်တာနက်ကဖေးကို အမြတ်မရသည့် အင်တာနက်ကဖေး ဖြစ်စေချင်ခဲ့တာသာ ဖြစ်သည်။ သို့သော်လည်း အရံအဖြစ် ထားသော ဘားနေရာက အင်တာနက်ကဖေးနေရာထက် ပိုသာလွန်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အဆိုတော်တစ်ယောက်ကြောင့်နဲ့ ရေပန်းစားလာခြင်း ဖြစ်သည်။ ဒီလိုနဲ့ ယွီအင်တာနက်ကဖေးမှ ယွီဘား ဖြစ်လာသည်။ ဘယ်လိုလုပ် သူခွင့်ပြုနိုင်မည်နည်း။

ဒါက ဖေးချမ့်၏ မူလရည်ရွယ်ချက်များနဲ့ လုံးဝ ဆန့်ကျင်နေပါသည်။

သူ ဘာလုပ်ရမလဲ။

အင်တာနက်ကဖေး ဆိုင်အပြင်ဘက်က စားပွဲခုံနဲ့ ထိုင်ခုံတွေအကုန်လုံးကို ဖယ်ပစ်လိုက်ရမလား။ အဆိုတော်ကို အရက်ရောင်းအားကနေ ကော်မရှင်ခ ပေးခွင့် ရပ်တန့်လိုက်ရမှာလား။ ဒါမှ မဟုတ် အဆိုတော်ကို လုံးဝ အလုပ်ဖြုတ်ပစ်လိုက်ရမလား။

ထိုအကြံတွေက သိပ်ပြီးတော့ မဖြစ်နိုင်ပါ။ ဒီလိုလုပ်ရပ်များက မသင့်တော်ပေ။ တရားမျှတမှုလည်း မရှိပါ။

ဖေးချမ့်က မာယန်ကို ဘောင်ကွက်နဲ့ အပြင်ဘက်က စားပွဲ၊ ထိုင်ခုံတချို့တဝက်ကို ဖယ်ရှားခိုင်းပြီးပါပြီ။ ဒါတွေက ရှင်းပြလို့ရနိုင်သေးသည်။ ဘာပဲဖြစ်ဖြစ် သူက ယွီအင်တာနက်ကဖေးကို ၎င်း၏ စတိုင်နဲ့ ဝိသေသလက္ခဏာတို့အတိုင်း ရှိစေချင်သည် မဟုတ်ပါလား။

သို့သော်လည်း ဒီ့ထက် ဆက်တိုးပါက ကျိုးကြောင်းသင့်လျော်တော့မှာ မဟုတ်ပေ။ စားပွဲနဲ့ ထိုင်ခုံများကို လုံးဝ ဖယ်ရှားလိုက်ပါက အပြင်မှာ ကတ်စတမ်မာတွေ ဘယ်နေရာ သွားထိုင်မလဲ။

အရက်ရောင်းအားထဲမှ အဆိုတော်ကို ကော်မရှင်ခပေးခြင်းကြောင့် အင်တာနက်ကဖေးလည်း အမြတ်ရ၊ အဆိုတော်ကိုလည်း အကောင်းဆုံး သီဆိုဖို့ စိတ်ဓာတ်ခွန်အားရစေသည်။

ဒီစနစ်ကို ဖျောက်ပစ်ဖို့ သူဘာဆင်ခြေပေးနိုင်မည်နည်း။

ထိုလုပ်ရပ်အားလုံးက ရှင်းလင်းဖို့ ခက်ခဲကာ သံသယပင် ဖြစ်လာနိုင်ချေရှိသည်။ စနစ်၏ သတိပေးချက်ကိုတောင် ခံရနိုင်ပါသည်။

ထို့အပြင် ဒါတွေက ပြဿနာ၏ အဓိက အချက်မဟုတ်ပါ။

ဖေးချမ့်သာ ဒါတွေအားလုံးကို ပြောင်းလဲချင်ပါက အလွန်ကြီးမားသည့် စွန့်စားမှုကို လုပ်ရမည်။ သူ ထိုင်ခုံတွေ စားပွဲတွေ ဖယ်ရှားပြီး ကော်မရှင် စနစ်ကို ဖျက်သိမ်းလိုက်တော့ကော ဘာဖြစ်မှာလဲ။ လူတွေက ချန်းလျဲ့ သီချင်းဆိုတာကို ကြားချင်ကြခြင်း ဖြစ်သည်။

သူတို့ ထိုင်စရာနေရာမရှိလျှင် မတ်တပ်ရပ်ပြီး နားထောင်ကြလိမ့်မည်။ အဆိုပါ ပြဿနာက ပြေလည်ဦးမည် မဟုတ်ပါ။။

ထို့ကြောင့် ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ဖေးချမ့်က ချန်းလျဲ့ကို ရှင်းထုတ်ပစ်ရပါမည်။

"အဲ့ကောင်လေးမှာ ငါကူညီပြီး ဖြည့်ဆည်းပေးနိုင်မယ့် အိပ်မက်တွေ ဘာတွေများ ရှိမလားမသိဘူး။”

ည ၁၀ နာရီတောင် ထိုးနေပါပြီ။ ဖျော်ဖြေမှုက ပြီးဆုံးသွားလေပြီ။ ချန်းလျဲ့က ဦးညွှတ်လိုက်ပြီး ပရိတ်သတ်များ လက်ခုပ်သြဘာ ပေးကာ အားပေးနေသည့်ကြားမှ စင်ပေါ်မှ ထွက်သွားသည်။

မာယန်၊ ကျန်းယွမ်၊ ဝန်ဆောင်မှုပေးသူ အားလုံး ကတ်စတမ်မာများကို လိုက်ပို့လိုက်ကြပါသည်။

ဖေးချမ့်က ချက်ချင်းပဲ ချန်းလျဲ့ကို အင်တာနက်ကဖေး၏ တိတ်ဆိတ်သော နေရာတစ်နေရာသို့ ဆွဲခေါ်သွားပြီးထိုင်ခိုင်းလိုက်သည်။ ချန်းလျဲ့က ဖေးချမ့်ကို တစ်ခါမှ မမြင်ဖူးပါ။ ဖေးချမ့် ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးတာကို ကြားလိုက်ရပြီးနောက် သူက မာယန်ပြောပြောနေသည့် 'ဘော့စ်ဖေး' ဖြစ်ကြောင်း သိလိုက်ရပါသည်။ သူ အနည်းငယ် ထိတ်လန့်သွားပြီး ကိုယ့်ကိုယ်ကို သတိထားနေလိုက်ပါသည်။

ဖေးချမ့်က သာမန်အတိုင်းပဲ ချန်းလျဲ့ကို မေးခွန်းတချို့ မေးကြည့်လိုက်ကာ သူက အထက်တန်းကျောင်းအောင်ပြီး ကျောင်းဆက်မတက်ခဲ့ကြောင်း သိလိုက်ရသည်။ သူက လူကြောက်တတ်၏။ သူက အနည်းငယ် အထီးကျန် စိတ်ဝေဒနာ ဖြစ်သည့်အထိတောင် ဖြစ်ခဲ့ပါသည်။

သူ့မိသားစုဝင်များက သူအလုပ်တစ်ခုရသွားကြောင်း သိလိုက်ရသောအခါ အားလုံး ပျော်ရွှင်ကြပြီး သူ့ကို ကောင်းကောင်းလုပ်ဖို့နဲ့ လုပ်ဖော်ကိုင်ဖက်များနဲ့ အဆင်ပြေပြေနေဖို့ပင် ပြောခဲ့ပါသည်။

"မင်းက ကျင်းကျိုးမှာ တစ်ဘဝလုံး နေလာတာ။ မင်း ကမ္ဘာကြီးကို ရှုစားဖို့ မတွေးဖူးဘူးလား။ မင်းရဲ့ ဂီတ အိပ်မက်နောက်ကို တကယ်ပဲ လိုက်ချင်တယ်ဆိုရင် မင်းက ရှန်ဟိုင်း ဒါမှမဟုတ် ပေကျင်းကို သွားသင့်တယ်။ အဲ့နေရာကြီးတွေကမှ တကယ်ပြီးပြည့်စုံတာကွ။"

ဖေးချမ့်၏ စကားလုံးများတွင် ညှို့ဓာတ် အနည်းငယ်ပါသည်။

ချန်းလျဲ့က ခေတ္တ တိတ်ဆိတ်သွားပြီး ချက်ချင်း ပြောလိုက်ပါသည်။ "ဒါပေါ့။ ကျွန်တော် သွားကြည့်ချင်တာပေါ့။ ကျွန်တော့်အိပ်မက်ထဲမှာ ကျွန်တော် ပေကျင်းနဲ့ ရှန်ဟိုင်းမြို့တွေကိုတောင် သွားလည်သေးတယ်။ ကျွန်တော်တစ်နေ့ကျရင် အဆိုတော်ဖြစ်လာစေရမယ်လို့ လူတွေကို အရင်တုန်းက ပြောခဲ့ဖူးတယ်။ ဒါပေမယ့် ဘယ်သူမှ ကျွန်တော့်ကို မယုံကြည်ကြဘူး။ ကျင်းကျိုးက အရမ်းသေးငယ်တဲ့ နေရာဆိုတာ ကျွန်တော်သိတယ််။ ဒီမှာ ကျွန်တော့်အိပ်မက်ကို ဖြည့်ဆည်းနိုင်မှာ မဟုတ်ဘူး။”

"ဒါပေမယ့် ရှန်ဟိုင်းနဲ့ ပေကျင်းတို့က ကျွန်တော့်အိမ်နဲ့ အရမ်းဝေးကြတယ်ဗျ။ ကျွန်တော့်မိဘတွေက သဘောတူမှာ မဟုတ်ဘူး။ ပြီးတော့လည်း ရှန်ဟိုင်းနဲ့ ပေကျင်းတို့ရဲ့ နေထိုင်မှုစရိတ်တွေက မြင့်မားတယ်လို့ ကြားဖူးတယ်။ ကျွန်တော် တတ်နိုင်မှာ မဟုတ်ပါဘူးဗျာ။”

ဖေးချမ့်က ရင်ထဲတွင် ဝမ်းသာသွားပါသည်။

မင်းမှာ အိပ်မက်ရှိရင် ငါတို့ ပြောလို့ရပြီပေါ့ကွာ။

ဘော့စ်ဖေးက သူများတွေကို သူတို့အိပ်မက်ပြည့်ဝအောင် ကူညီပေးတဲ့နေရာမှာ အတော်ဆုံးပဲ မဟုတ်လား။

ဖေးချမ့်က အနည်းငယ်ပြုံးလိုက်ပြီး ခေါင်းငြိမ့်လိုက်ပါသည်။ "မင်းက မင်းကိုယ်မင်း အရမ်းအထင်သေးနေတာကိုး။ မင်းသီချင်းဆိုတာ ဘယ်လောက်ကောင်းလဲဆိုတာ မင်းကိုယ်မင်းတောင် မသိဘူးမလား။ မင်းအဆင့်နဲ့ဆို မင်းသီချင်းဆိုလိုက်တာနဲ့ သေစေနိုင်တဲ့ လက်နက်တစ်ခုလိုပဲ။ မင်းသီချင်းဆိုတာကို ကောင်မလေးတွေ ဘယ်လောက်တောင် ကြားချင်ကြလဲ မင်းသိရဲ့လား။”

"အဲ့တာကြောင့် မင်းကိုယ်မင်း အထင်မသေးနဲ့။ မြို့ကြီးပြကြီးတစ်ခုမှာဆိုရင် မင်းမျှော်လင့်ချက်တွေ ပိုများမယ်။ မင်းအောင််မြင်လာပြီး ကျင်းကျိုးမြို့ကို ပြန်လာတဲ့အခါကျမှ မင်းကို အထင်သေးခဲ့တဲ့ အတန်းဖော်တွေနဲ့ သူငယ်ချင်းတွေကို သက်သေပြနိုင်လိမ့်မယ်။ မင်းသူတို့ကို အားကျအောင် လုပ်နိုင်လိမ့်မယ်။”

ဖေးချမ့်၏ စကားလုံးများက ရည်ရွယ်ထားသော သက်ရောက်မှုများ တကယ်ရှိခဲ့ပါသည်။ ချန်းလျဲ့၏ မျက်လုံးများ တောက်ပလာတာကို သူမြင်နိုင်ပါသည်။

ရုပ်ရှည်က ထင်သလောက် မပေါ်လွင်သည့် လူကြောက်တတ်သည့် လူတစ်ယောက်၊ အထက်တန်းကျောင်းပြီးနောက် ကျောင်းဆက်မတက်တော့သည့် 'ငကြောင်'၊ ချန်းလျဲ့က သူ့ဘဝမှာ ကဏ္ဍပေါင်းစုံမှ အဆက်မပြတ် တိုးဝင်လာနေသော ဖိအားများကို ရင်ဆိုင်ထားရသူ ဖြစ်သည်။

သူ့မိဘများဖြစ်ဖြစ်၊ အတန်းဖော်များဖြစ်ဖြစ်၊ အတန်းဖော်များ၏ မိဘများဖြစ်ဖြစ် သူတို့က ချန်းလျဲ့ကို သူ့လို မဖြစ်စေဖို့ဆိုပြီး သာဓကဆိုးအဖြစ် အသုံးချနေကြသည်။

သူ သီချင်းဆိုကောင်းတော့ ဘာလုပ်ရမှာလဲ။ ကျင်းကျိုးလို့ ဒုတိယအဆင့်သာသာရှိတဲ့ မြို့မှာ သူ့ပါရမီတွေကို ထုတ်ပြဖို့ သင့်တော်တဲ့ စင်မြင့် မရှိဘူး။

ချန်းလျဲ့က အသိအမှတ်ပြုခြင်းကို ငတ်မွတ်နေသည့် လူတစ်ယောက်ဆိုတာ သေချာပါသည်။

ထို့ကြောင့် ဖေးချမ့် ပြောတာကို ကြားလိုက်ရသောအခါ ချန်းလျဲ့ ချက်ချင်း လွှမ်းမိုးခံလိုက်ရပြီး စိတ်ခံစားချက်များ ဖြစ်ပေါ်လာသည်။ သူမြို့ကြီးပြကြီးတစ်ခုကို သွားကြည့်ကာ သူ့အမြင်ကို ပိုချဲ့ပြီး အပြင်ဘက်က ကမ္ဘာကျယ်ကြီးမှာ သူ့ကံတရားကို စမ်းသပ်ချင်ခဲ့တာ ကြာပါပြီ။ သူ့ပါရမီကို အနာဂတ်မှာ လူတွေပိုပြီး အသိအမှတ်ပြုလာနိုင်ဖို့ မျှော်လင့်ခဲ့သည်။

ကြည့်ရတာ ဘော့စ်ဖေးက ပစ္စည်း တစ်ခုခု ထောက်ပံ့ပေးချင်နေသည့်ပုံပင်။

ချန်းလျဲ့၏ ယခု တစ်ခုတည်းသော ထည့်တွက်စရာက ပိုက်ဆံ ဖြစ်သည်။ သူက ဒီအင်တာနက်ကဖေးမှာ ကော်မရှင်ခများစွာ ရရှိကာ ပရိတ်သတ်များစွာလည်း ရထားသဖြင့် ဒါက ချန်းလျဲ့၏ သက်တောင့်သက်သာ ရှိသော ဇုန်လေး ဖြစ်သည်။ သူ ထွက်မသွားချင်ပါ။

သူ ပေကျင်း သို့မဟုတ် ရှန်ဟိုင်းကို ရောက်သွားပါက စိမ်းကားသည့် ပတ်ဝန်းကျင်တစ်ခုတွင် စတင်ရမည့်အပြင် ထိုနေရာများက နေစရိတ်စားစရိတ်များကို တတ်နိုင်မှာ မဟုတ်ပါ။

ဘာပဲဖြစ်ဖြစ် သူ့မှာ ဝင်ငွေလည်း ရှိမှာ မဟုတ်တော့ပေ။

ထို့ကြောင့် ဖေးချမ့်က သေချာပေါက် ချန်းလျဲ့ကို အေးအေးချမ်းချမ်း သွားနိုင်ဖို့ ဒီနောက်ဆုံး ခြေနင်းခုံကြီးကို ဖယ်ရှားပစ်ရမည်။

ဖေးချမ့်က ခေတ္တ စဥ်းစားလိုက်ပြီးနောက် ပြောလိုက်ပါသည်။ "မင်းရှန်ဟိုင်းလို မြို့ကြီးပြကြီးတစ်ခုမှာ မင်းရဲ့ ဂီတလုပ်ငန်းနဲ့ အိပ်မက်တွေနောက်ကို လိုက်ဖို့သွားချင်တယ်ဆိုရင် ငါမင်းကိုကူညီပေးလို့ရတယ်။”

"ထန်းတာ့ရဲ့ ဖေးဟွမ်လုပ်ငန်းဆိုတာ အခု ရှန်ဟိုင်းမှာ ရှိတယ်။ မင်းကို အဲ့ဒီက ဖေးဟွမ်လုပ်ငန်းဆီ ပို့ပေးလိုက်လို့ ရတယ်။ မင်းက ဘာမှ လုပ်စရာ မလိုဘူးနော်။ သူတို့က မင်းအတွက် အစားအသောက်နဲ့ နေရာထိုင်ခင်းတွေကို ပြင်ဆင်ပေးလိမ့်မယ်။ မင်း အလုပ်လုပ်စရာမလိုဘူး။ မင်းက အေးအေးဆေးဆေးနဲ့ မင်း ဂီတ အိပ်မက်နောက်ကို လိုက်ဖို့ပဲ ရှိတယ်။ ဒီအစီအစဥ်ကို ဘယ်လိုသဘောရလဲ။”

တစ်ဖက်မှာတော့ အခုလက်ရှိ ပျော်စရာ ဘဝရှိကာ နောက်တစ်ဖက်မှာတော့ ဆန်းသစ်ပြီး ခြာနားသည့် နေရာတစ်ခု ရှိနေသည်။

ချန်းလျဲ့က သိပ်ပြီး မတွန့်ဆုတ်ရှာပါ။ "ဘော့စ်ဖေး ကျွန်... ကျွန်တော် သွားချင်တယ်"

All Chapters