← Chapters

ပြဿနာတစ်ခုဖြေရှင်းဖို့ အများကြီးစွန့်စားရမယ်

Vol. 11 Ch. 159

ပြဿနာတစ်ခုဖြေရှင်းဖို့ အများကြီးစွန့်စားရမယ်

Vol. 11 Ch. 159

မြင်ခဲ့ရသည့်အရာကြောင့် ဖေးချမ့် နာကျင်လို့နေပါသည်။ ယွီအင်တာနက်ကဖေး အမြတ် နည်းနည်းလေး ရရင်တောင် အဆင်ပြေသေးသည်။ အဓိကအချက်မှာ ထိုအမြတ်'နည်းနည်း'လေးကတောင် ဖေးချမ့်၏ ဒီတစ်သုတ်အတွက် စိုက်ထုတ်ခဲ့သမျှ အားအင်အကုန်လုံးကို သဲထဲရေသွန် ဖြစ်သွားစေနိုင်သည်။

ဒီတစ်သုတ်က အချိန် ၂ လသာ ရှိသည်။ တစ်လ ကုန်သွားပါပြီ။

ဖေးချမ့် အကြမ်းဖျင်း ဒီတစ်သုတ်အတွက် အမြတ်အရှုံးများကို တွက်ကြည့်လိုက်သည်။ ရှော့ပင်းထွက်ခြင်း၊ ဖြုန်းတီးခြင်းများကိုပါ ထည့်တွက်လိုက်ပါက ငွေစာရင်းရှင်းချိန် မတိုင်ခင် သူ သိန်းဂဏန်းလောက် အရှုံးပေါ်အောင် လုပ်လို့ရသည်။

၎င်းတို့အကြားထဲ ယွီအင်တာနက်ကဖေးဆိုင်ခွဲများ အားလုံးကြောင့် သူ ၁ သန်းကျော်လောက် ဖြုန်းတီးနိုင်ခဲ့သည်။ ဒါကလည်း သူ့အစီအစဥ်အတွက် အလွန်အရေးကြီးပါသည်။

ယွီအင်တာနက်ကဖေးက ငွေများ စတင်ဝင်လာခြင်း သို့မဟုတ် အရင်းအနှီးများကို ပြန်ကာမိခြင်း တစ်ခုခုသာ ဖြစ်သွားပါက ဖေးချမ့် နောက်ထပ် ငွေစာရင်းရှင်းချိန်မတိုင်ခင် အကုန်မသုံးနိုင်လောက်မည့် ဝင်ငွေ ၁ သန်းကျော် ဝင်လာနိုင်ပါသည်။

၁ သန်းကျော်ကျော် ပမာဏက အများကြီးဟု မထင်ရသော်လည်း မူလက တွက်ချက်ထားသည့် အရှုံးများကို အမြတ်အဖြစ် ပြောင်းလဲပစ်နိုင်စွမ်း ရှိလေသည်။ ဒါက အဓိကအချက်ပင်။ ဒါက သူ့အားစိုက်ထုတ်မှုများကို သဲထဲရေသွန် ဖြစ်သွားစေပြီး တခြား ပရောဂျက်များပါ အလကား ဖြစ်မသွားနိုင်ဘူးလား။

ဖေးချမ့်၏ မူလ ရည်ရွယ်ချက်က ဗြုတ်စဗျင်းတောင်း ဆိုင်ကြီး လုပ်ပစ်ဖို့ဖြစ်သည်။ ယွီအင်တာနက်ကဖေးဟု ခေါ်သည့် ဆိုင်တစ်ဆိုင်တွင် ဘားနေရာ ရှိရမည်၊ စာအုပ်ဖတ်ဖို့ နေရာလေး ရှိရမည်၊ ရုပ်ရှင်ရုံအသေးစားလေး ရှိရမည်၊ ညစာစားဖို့ နေရာလေး ရှိရမည် စသဖြင့်။ ထိုအရာအားလုံးကို အင်တာနက်ကဖေးဆိုင်ထဲ စုပြုံထည့်ချင်ခဲ့သည်။

နောက်ဆုံးမှာတော့ သူက ယွီအင်တာနက်ကဖေးကို အမြတ်မရသည့် အင်တာနက်ကဖေး ဖြစ်စေချင်ခဲ့တာသာ ဖြစ်သည်။ သို့သော်လည်း အရံအဖြစ် ထားသော ဘားနေရာက အင်တာနက်ကဖေးနေရာထက် ပိုသာလွန်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အဆိုတော်တစ်ယောက်ကြောင့်နဲ့ ရေပန်းစားလာခြင်း ဖြစ်သည်။ ဒီလိုနဲ့ ယွီအင်တာနက်ကဖေးမှ ယွီဘား ဖြစ်လာသည်။ ဘယ်လိုလုပ် သူခွင့်ပြုနိုင်မည်နည်း။

ဒါက ဖေးချမ့်၏ မူလရည်ရွယ်ချက်များနဲ့ လုံးဝ ဆန့်ကျင်နေပါသည်။

သူ ဘာလုပ်ရမလဲ။

အင်တာနက်ကဖေး ဆိုင်အပြင်ဘက်က စားပွဲခုံနဲ့ ထိုင်ခုံတွေအကုန်လုံးကို ဖယ်ပစ်လိုက်ရမလား။ အဆိုတော်ကို အရက်ရောင်းအားကနေ ကော်မရှင်ခ ပေးခွင့် ရပ်တန့်လိုက်ရမှာလား။ ဒါမှ မဟုတ် အဆိုတော်ကို လုံးဝ အလုပ်ဖြုတ်ပစ်လိုက်ရမလား။

ထိုအကြံတွေက သိပ်ပြီးတော့ မဖြစ်နိုင်ပါ။ ဒီလိုလုပ်ရပ်များက မသင့်တော်ပေ။ တရားမျှတမှုလည်း မရှိပါ။

ဖေးချမ့်က မာယန်ကို ဘောင်ကွက်နဲ့ အပြင်ဘက်က စားပွဲ၊ ထိုင်ခုံတချို့တဝက်ကို ဖယ်ရှားခိုင်းပြီးပါပြီ။ ဒါတွေက ရှင်းပြလို့ရနိုင်သေးသည်။ ဘာပဲဖြစ်ဖြစ် သူက ယွီအင်တာနက်ကဖေးကို ၎င်း၏ စတိုင်နဲ့ ဝိသေသလက္ခဏာတို့အတိုင်း ရှိစေချင်သည် မဟုတ်ပါလား။

သို့သော်လည်း ဒီ့ထက် ဆက်တိုးပါက ကျိုးကြောင်းသင့်လျော်တော့မှာ မဟုတ်ပေ။ စားပွဲနဲ့ ထိုင်ခုံများကို လုံးဝ ဖယ်ရှားလိုက်ပါက အပြင်မှာ ကတ်စတမ်မာတွေ ဘယ်နေရာ သွားထိုင်မလဲ။

အရက်ရောင်းအားထဲမှ အဆိုတော်ကို ကော်မရှင်ခပေးခြင်းကြောင့် အင်တာနက်ကဖေးလည်း အမြတ်ရ၊ အဆိုတော်ကိုလည်း အကောင်းဆုံး သီဆိုဖို့ စိတ်ဓာတ်ခွန်အားရစေသည်။

ဒီစနစ်ကို ဖျောက်ပစ်ဖို့ သူဘာဆင်ခြေပေးနိုင်မည်နည်း။

ထိုလုပ်ရပ်အားလုံးက ရှင်းလင်းဖို့ ခက်ခဲကာ သံသယပင် ဖြစ်လာနိုင်ချေရှိသည်။ စနစ်၏ သတိပေးချက်ကိုတောင် ခံရနိုင်ပါသည်။

ထို့အပြင် ဒါတွေက ပြဿနာ၏ အဓိက အချက်မဟုတ်ပါ။

ဖေးချမ့်သာ ဒါတွေအားလုံးကို ပြောင်းလဲချင်ပါက အလွန်ကြီးမားသည့် စွန့်စားမှုကို လုပ်ရမည်။ သူ ထိုင်ခုံတွေ စားပွဲတွေ ဖယ်ရှားပြီး ကော်မရှင် စနစ်ကို ဖျက်သိမ်းလိုက်တော့ကော ဘာဖြစ်မှာလဲ။ လူတွေက ချန်းလျဲ့ သီချင်းဆိုတာကို ကြားချင်ကြခြင်း ဖြစ်သည်။

သူတို့ ထိုင်စရာနေရာမရှိလျှင် မတ်တပ်ရပ်ပြီး နားထောင်ကြလိမ့်မည်။ အဆိုပါ ပြဿနာက ပြေလည်ဦးမည် မဟုတ်ပါ။။

ထို့ကြောင့် ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ဖေးချမ့်က ချန်းလျဲ့ကို ရှင်းထုတ်ပစ်ရပါမည်။

"အဲ့ကောင်လေးမှာ ငါကူညီပြီး ဖြည့်ဆည်းပေးနိုင်မယ့် အိပ်မက်တွေ ဘာတွေများ ရှိမလားမသိဘူး။”

ည ၁၀ နာရီတောင် ထိုးနေပါပြီ။ ဖျော်ဖြေမှုက ပြီးဆုံးသွားလေပြီ။ ချန်းလျဲ့က ဦးညွှတ်လိုက်ပြီး ပရိတ်သတ်များ လက်ခုပ်သြဘာ ပေးကာ အားပေးနေသည့်ကြားမှ စင်ပေါ်မှ ထွက်သွားသည်။

မာယန်၊ ကျန်းယွမ်၊ ဝန်ဆောင်မှုပေးသူ အားလုံး ကတ်စတမ်မာများကို လိုက်ပို့လိုက်ကြပါသည်။

ဖေးချမ့်က ချက်ချင်းပဲ ချန်းလျဲ့ကို အင်တာနက်ကဖေး၏ တိတ်ဆိတ်သော နေရာတစ်နေရာသို့ ဆွဲခေါ်သွားပြီးထိုင်ခိုင်းလိုက်သည်။ ချန်းလျဲ့က ဖေးချမ့်ကို တစ်ခါမှ မမြင်ဖူးပါ။ ဖေးချမ့် ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးတာကို ကြားလိုက်ရပြီးနောက် သူက မာယန်ပြောပြောနေသည့် 'ဘော့စ်ဖေး' ဖြစ်ကြောင်း သိလိုက်ရပါသည်။ သူ အနည်းငယ် ထိတ်လန့်သွားပြီး ကိုယ့်ကိုယ်ကို သတိထားနေလိုက်ပါသည်။

ဖေးချမ့်က သာမန်အတိုင်းပဲ ချန်းလျဲ့ကို မေးခွန်းတချို့ မေးကြည့်လိုက်ကာ သူက အထက်တန်းကျောင်းအောင်ပြီး ကျောင်းဆက်မတက်ခဲ့ကြောင်း သိလိုက်ရသည်။ သူက လူကြောက်တတ်၏။ သူက အနည်းငယ် အထီးကျန် စိတ်ဝေဒနာ ဖြစ်သည့်အထိတောင် ဖြစ်ခဲ့ပါသည်။

သူ့မိသားစုဝင်များက သူအလုပ်တစ်ခုရသွားကြောင်း သိလိုက်ရသောအခါ အားလုံး ပျော်ရွှင်ကြပြီး သူ့ကို ကောင်းကောင်းလုပ်ဖို့နဲ့ လုပ်ဖော်ကိုင်ဖက်များနဲ့ အဆင်ပြေပြေနေဖို့ပင် ပြောခဲ့ပါသည်။

"မင်းက ကျင်းကျိုးမှာ တစ်ဘဝလုံး နေလာတာ။ မင်း ကမ္ဘာကြီးကို ရှုစားဖို့ မတွေးဖူးဘူးလား။ မင်းရဲ့ ဂီတ အိပ်မက်နောက်ကို တကယ်ပဲ လိုက်ချင်တယ်ဆိုရင် မင်းက ရှန်ဟိုင်း ဒါမှမဟုတ် ပေကျင်းကို သွားသင့်တယ်။ အဲ့နေရာကြီးတွေကမှ တကယ်ပြီးပြည့်စုံတာကွ။"

ဖေးချမ့်၏ စကားလုံးများတွင် ညှို့ဓာတ် အနည်းငယ်ပါသည်။

ချန်းလျဲ့က ခေတ္တ တိတ်ဆိတ်သွားပြီး ချက်ချင်း ပြောလိုက်ပါသည်။ "ဒါပေါ့။ ကျွန်တော် သွားကြည့်ချင်တာပေါ့။ ကျွန်တော့်အိပ်မက်ထဲမှာ ကျွန်တော် ပေကျင်းနဲ့ ရှန်ဟိုင်းမြို့တွေကိုတောင် သွားလည်သေးတယ်။ ကျွန်တော်တစ်နေ့ကျရင် အဆိုတော်ဖြစ်လာစေရမယ်လို့ လူတွေကို အရင်တုန်းက ပြောခဲ့ဖူးတယ်။ ဒါပေမယ့် ဘယ်သူမှ ကျွန်တော့်ကို မယုံကြည်ကြဘူး။ ကျင်းကျိုးက အရမ်းသေးငယ်တဲ့ နေရာဆိုတာ ကျွန်တော်သိတယ််။ ဒီမှာ ကျွန်တော့်အိပ်မက်ကို ဖြည့်ဆည်းနိုင်မှာ မဟုတ်ဘူး။”

"ဒါပေမယ့် ရှန်ဟိုင်းနဲ့ ပေကျင်းတို့က ကျွန်တော့်အိမ်နဲ့ အရမ်းဝေးကြတယ်ဗျ။ ကျွန်တော့်မိဘတွေက သဘောတူမှာ မဟုတ်ဘူး။ ပြီးတော့လည်း ရှန်ဟိုင်းနဲ့ ပေကျင်းတို့ရဲ့ နေထိုင်မှုစရိတ်တွေက မြင့်မားတယ်လို့ ကြားဖူးတယ်။ ကျွန်တော် တတ်နိုင်မှာ မဟုတ်ပါဘူးဗျာ။”

ဖေးချမ့်က ရင်ထဲတွင် ဝမ်းသာသွားပါသည်။

မင်းမှာ အိပ်မက်ရှိရင် ငါတို့ ပြောလို့ရပြီပေါ့ကွာ။

ဘော့စ်ဖေးက သူများတွေကို သူတို့အိပ်မက်ပြည့်ဝအောင် ကူညီပေးတဲ့နေရာမှာ အတော်ဆုံးပဲ မဟုတ်လား။

ဖေးချမ့်က အနည်းငယ်ပြုံးလိုက်ပြီး ခေါင်းငြိမ့်လိုက်ပါသည်။ "မင်းက မင်းကိုယ်မင်း အရမ်းအထင်သေးနေတာကိုး။ မင်းသီချင်းဆိုတာ ဘယ်လောက်ကောင်းလဲဆိုတာ မင်းကိုယ်မင်းတောင် မသိဘူးမလား။ မင်းအဆင့်နဲ့ဆို မင်းသီချင်းဆိုလိုက်တာနဲ့ သေစေနိုင်တဲ့ လက်နက်တစ်ခုလိုပဲ။ မင်းသီချင်းဆိုတာကို ကောင်မလေးတွေ ဘယ်လောက်တောင် ကြားချင်ကြလဲ မင်းသိရဲ့လား။”

"အဲ့တာကြောင့် မင်းကိုယ်မင်း အထင်မသေးနဲ့။ မြို့ကြီးပြကြီးတစ်ခုမှာဆိုရင် မင်းမျှော်လင့်ချက်တွေ ပိုများမယ်။ မင်းအောင််မြင်လာပြီး ကျင်းကျိုးမြို့ကို ပြန်လာတဲ့အခါကျမှ မင်းကို အထင်သေးခဲ့တဲ့ အတန်းဖော်တွေနဲ့ သူငယ်ချင်းတွေကို သက်သေပြနိုင်လိမ့်မယ်။ မင်းသူတို့ကို အားကျအောင် လုပ်နိုင်လိမ့်မယ်။”

ဖေးချမ့်၏ စကားလုံးများက ရည်ရွယ်ထားသော သက်ရောက်မှုများ တကယ်ရှိခဲ့ပါသည်။ ချန်းလျဲ့၏ မျက်လုံးများ တောက်ပလာတာကို သူမြင်နိုင်ပါသည်။

ရုပ်ရှည်က ထင်သလောက် မပေါ်လွင်သည့် လူကြောက်တတ်သည့် လူတစ်ယောက်၊ အထက်တန်းကျောင်းပြီးနောက် ကျောင်းဆက်မတက်တော့သည့် 'ငကြောင်'၊ ချန်းလျဲ့က သူ့ဘဝမှာ ကဏ္ဍပေါင်းစုံမှ အဆက်မပြတ် တိုးဝင်လာနေသော ဖိအားများကို ရင်ဆိုင်ထားရသူ ဖြစ်သည်။

သူ့မိဘများဖြစ်ဖြစ်၊ အတန်းဖော်များဖြစ်ဖြစ်၊ အတန်းဖော်များ၏ မိဘများဖြစ်ဖြစ် သူတို့က ချန်းလျဲ့ကို သူ့လို မဖြစ်စေဖို့ဆိုပြီး သာဓကဆိုးအဖြစ် အသုံးချနေကြသည်။

သူ သီချင်းဆိုကောင်းတော့ ဘာလုပ်ရမှာလဲ။ ကျင်းကျိုးလို့ ဒုတိယအဆင့်သာသာရှိတဲ့ မြို့မှာ သူ့ပါရမီတွေကို ထုတ်ပြဖို့ သင့်တော်တဲ့ စင်မြင့် မရှိဘူး။

ချန်းလျဲ့က အသိအမှတ်ပြုခြင်းကို ငတ်မွတ်နေသည့် လူတစ်ယောက်ဆိုတာ သေချာပါသည်။

ထို့ကြောင့် ဖေးချမ့် ပြောတာကို ကြားလိုက်ရသောအခါ ချန်းလျဲ့ ချက်ချင်း လွှမ်းမိုးခံလိုက်ရပြီး စိတ်ခံစားချက်များ ဖြစ်ပေါ်လာသည်။ သူမြို့ကြီးပြကြီးတစ်ခုကို သွားကြည့်ကာ သူ့အမြင်ကို ပိုချဲ့ပြီး အပြင်ဘက်က ကမ္ဘာကျယ်ကြီးမှာ သူ့ကံတရားကို စမ်းသပ်ချင်ခဲ့တာ ကြာပါပြီ။ သူ့ပါရမီကို အနာဂတ်မှာ လူတွေပိုပြီး အသိအမှတ်ပြုလာနိုင်ဖို့ မျှော်လင့်ခဲ့သည်။

ကြည့်ရတာ ဘော့စ်ဖေးက ပစ္စည်း တစ်ခုခု ထောက်ပံ့ပေးချင်နေသည့်ပုံပင်။

ချန်းလျဲ့၏ ယခု တစ်ခုတည်းသော ထည့်တွက်စရာက ပိုက်ဆံ ဖြစ်သည်။ သူက ဒီအင်တာနက်ကဖေးမှာ ကော်မရှင်ခများစွာ ရရှိကာ ပရိတ်သတ်များစွာလည်း ရထားသဖြင့် ဒါက ချန်းလျဲ့၏ သက်တောင့်သက်သာ ရှိသော ဇုန်လေး ဖြစ်သည်။ သူ ထွက်မသွားချင်ပါ။

သူ ပေကျင်း သို့မဟုတ် ရှန်ဟိုင်းကို ရောက်သွားပါက စိမ်းကားသည့် ပတ်ဝန်းကျင်တစ်ခုတွင် စတင်ရမည့်အပြင် ထိုနေရာများက နေစရိတ်စားစရိတ်များကို တတ်နိုင်မှာ မဟုတ်ပါ။

ဘာပဲဖြစ်ဖြစ် သူ့မှာ ဝင်ငွေလည်း ရှိမှာ မဟုတ်တော့ပေ။

ထို့ကြောင့် ဖေးချမ့်က သေချာပေါက် ချန်းလျဲ့ကို အေးအေးချမ်းချမ်း သွားနိုင်ဖို့ ဒီနောက်ဆုံး ခြေနင်းခုံကြီးကို ဖယ်ရှားပစ်ရမည်။

ဖေးချမ့်က ခေတ္တ စဥ်းစားလိုက်ပြီးနောက် ပြောလိုက်ပါသည်။ "မင်းရှန်ဟိုင်းလို မြို့ကြီးပြကြီးတစ်ခုမှာ မင်းရဲ့ ဂီတလုပ်ငန်းနဲ့ အိပ်မက်တွေနောက်ကို လိုက်ဖို့သွားချင်တယ်ဆိုရင် ငါမင်းကိုကူညီပေးလို့ရတယ်။”

"ထန်းတာ့ရဲ့ ဖေးဟွမ်လုပ်ငန်းဆိုတာ အခု ရှန်ဟိုင်းမှာ ရှိတယ်။ မင်းကို အဲ့ဒီက ဖေးဟွမ်လုပ်ငန်းဆီ ပို့ပေးလိုက်လို့ ရတယ်။ မင်းက ဘာမှ လုပ်စရာ မလိုဘူးနော်။ သူတို့က မင်းအတွက် အစားအသောက်နဲ့ နေရာထိုင်ခင်းတွေကို ပြင်ဆင်ပေးလိမ့်မယ်။ မင်း အလုပ်လုပ်စရာမလိုဘူး။ မင်းက အေးအေးဆေးဆေးနဲ့ မင်း ဂီတ အိပ်မက်နောက်ကို လိုက်ဖို့ပဲ ရှိတယ်။ ဒီအစီအစဥ်ကို ဘယ်လိုသဘောရလဲ။”

တစ်ဖက်မှာတော့ အခုလက်ရှိ ပျော်စရာ ဘဝရှိကာ နောက်တစ်ဖက်မှာတော့ ဆန်းသစ်ပြီး ခြာနားသည့် နေရာတစ်ခု ရှိနေသည်။

ချန်းလျဲ့က သိပ်ပြီး မတွန့်ဆုတ်ရှာပါ။ "ဘော့စ်ဖေး ကျွန်... ကျွန်တော် သွားချင်တယ်"

နောက်တစ်နေ့....

ညဘက်တွင်...

"အဆောက်အဦးရဲ့ အပြင် လမ်းဟောင်းလေးပေါ်မှာ စိမ်းလန်းတဲ့ မြက်ခင်းနုနုလေးတွေ ကောင်းကင်ကြီးကို လှမ်းမျှော်ကြည့်လို့နေ...."

"ဒီတစ်ခေါက် ခွဲခွာပြီးတဲ့အခါ ဘယ်တော့ ပြန်ဆုံကြမလဲလို့ သူငယ်ချင်းလေးကို မေးတဲ့အခါ..."

ချန်းလျဲ့ကတော့ ပုံမှန်အတိုင်း သီချင်းဆိုနေသည်။ သီချင်းထဲတွင် အလွန်နစ်မျောကာ တခြား ဘာစကားမှတောင် မပြောတော့ပါ။

သို့သော်လည်း ကြည့်ရှုနေသူများထဲက သူ့ပရိတ်သတ်များကတော့ သူ့သီချင်းဆိုတာ တစ်ခုခု လွဲမှားနေကြောင်း သတိထားမိသည်။

"ထူးဆန်းတယ်နော်။ ဒီနေ့ည ဘာလို့ နှုတ်ဆက်သီချင်းတွေချည်းပဲ ဆိုနေတာလဲမသိဘူး..."

"ဟုတ်တယ်နော် ငါနည်းနည်းတောင် စိတ်ဓာတ်ကျလာပြီ..."

"ငါ နောက်ထပ် Northern Lights ဝီစကီနှစ်ခွက် လက်ဆောင်ပေးလိုက်ဦးမယ်"

"စကားမစပ် ဘာလို့ ဟိုဖန်သားပြင် ဘောင်ကွက်ကြီး မရှိတော့တာလဲ။”

"မသိဘူး ဘာဖြစ်ဖြစ် မထူးဆန်းပါဘူး။ ငါက ချန်းလျဲ့ကို လာအားပေးတာ။ ကြွားဖို့ မဟုတ်ဘူး..."

အားလုံးက ပုံမှန်အတိုင်းပဲ စကားပြောကာ သောက်နေကြပါသည်။ သို့သော်လည်း ဘာကြောင့်မှန်း မသိဘဲ ဒီနေ့ည၏ အသွင်အပြင် လက္ခဏာက တစ်ခုခု မူမမှန်ကြောင်း သတိထားမိကြပါသည်။

အခန်း(၁၆၀) အဲ့လိုလုပ်ဖို့ မလိုပါဘူး

နောက်သီချင်းတစ်ပုဒ်ကို ဆိုပြီးနောက် ချန်းလျဲ့ သီချင်းထပ်မဆိုတော့ပါ။ မိုက်ခရိုဖုန်း ရှေ့တွင် လည်ချောင်းကို ရှင်းလိုက်ပြီး စိတ်မကောင်းစရာ စကားတစ်ခွန်းကို ပြောခဲ့ပါသည်။ "ဒီနေ့ ကျွန်တော် တစ်ခု ကြေညာစရာ ရှိလို့ပါ။ မနက်ဖြန်ကနေ စပြီး ကျွန်တော် ဒီမှာ သီချင်းဆိုတော့မှာ မဟုတ်ဘူး။"

စင်အောက်တွင် ရုတ်ခြည်းဆိုသလိုပဲ ပွက်လောက်ရိုက်သွားပါသည်။

"အားလုံးထင်ကြသလို မဟုတ်ပါဘူးဗျာ။ ကျွန်တော် ဒီနေရာကို အရမ်း သဘောကျပါတယ်။ အားလုံးအတွက် သီချင်းဆိုပေးရတာလည်း ပျော်ပါတယ်။ ယွီအင်တာနက်ကဖေးရဲ့ မန်နေဂျာဖြစ်တဲ့ ဘော့စ်မာကလည်း ကျွန်တော်ကို ဆက်နေချင်ပါတယ်။ ပြီးတော့လည်း အားလုံးက ကျွန်တော့်ကို လက်ဆောင်တွေ အများကြီး ပေးပြီး ချစ်ပေးခဲ့ကြတာကြောင့် အရမ်းဝမ်းသာမိပါတယ်။”

"ကျွန်တော် ဒီကနေ ထွက်သွားရတော့မယ့် အကြောင်းအရင်းက ယွီအင်တာနက်ကဖေးရဲ့ ဘော့စ်ကြီး ကြောင့်ပါ။ ကျွန်တော့်သီချင်းတွေကို သူသဘောကျပြီး ကျွန်တော့်ဂီတအိပ်မက်ကို လျှော်လှမ်းဖို့အတွက် ရှန်ဟိုင်းကို ပို့ပေးချင်တယ်လို့ ပြောပါတယ်။ အဲ့ဒီအတွက် ကျွန်တော့်ကို နေရာထိုင်ခင်းနဲ့ စားသောက်ဖို့အတွက်ပါ စီစဥ်ပေးမယ်လို့ ပြောလာပါတယ်။”

"အားလုံးအတွက် သီချင်းဆိုပေးရတာ ကျွန်တော် တကယ်ဝမ်းသာပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ဒီအခွင့်အရေးကိုလည်း အရမ်းချစ်မြတ်နိုးမိတယ်။ ကျွန်တော် ကျင်းကျိုးမြို့ကနေထွက်ပြီး ရှန်ဟိုင်းမြို့မှာ စူးစမ်းခွင့်ရဖို့ တကယ်မျှော်လင့်မိတယ်..."

"ဘာပဲဖြစ်ဖြစ် ဒါက ကျွန်တော့်အိပ်မက်ကိုး...."

ချန်းလျဲ့သည် စကားပြောရင်း မျက်ရည်များ သူ့မျက်လုံးထဲတွင် အလိုလို ပြည့်နှက်လာပါသည်။

"ဒီလိုကိုး။ ဒါဆို သတင်းကောင်းပေါ့။"

"ရှင်ထွက်သွားမှာကို မကြည့်ရက်ပေမယ့် ရှင့်အိပ်မက်နောက်ကို လိုက်ဖို့အတွက် ဆုံးဖြတ်ချက်ကို အပြည့်အဝ အားပေးမှာပါ။"

"ရှန်ဟိုင်းမှာ အဆင်မပြေရင် ဒီကိုပြန်လာခဲ့ရမယ်နော် ဒီနေရာက မင်းအတွက် ထာဝရအိမ်ဖြစ်နေမှာ"

"အီးဟီးဟီး ငါစိတ်မကောင်းဘူး... နောက်ထပ် Northern Lights ဝီစကီ ၁၀ ခွက် လက်ဆောင်ပေးပါ့မယ်။ ရှေ့ဆက် ရွက်လွှင့်မယ့် ဘဝက ချောမွေ့ပါစေလို့ ဆုတောင်းပေးပါတယ်။”

စင်အောက်တွင် ဝမ်းနည်းမှုများ ပြည့်နှက်လာပါသည်။ လူများစွာက ဘားကောင်တာတွင် ချန်းလျဲ့အား ဝိုင်များဖြင့် နှုတ်ဆက်နေကြသည်။ တချို့ မိန်းကလေးများဆို တစ်ရှူးဖြင့် မျက်ရည်များပင် သုတ်နေကြသည်။

ဖေးချမ့်က ထောင့်နားမှာ တိတ်တိတ်လေး ရပ်ကြည့်နေပြီး နည်းနည်း လွမ်းမောနေမိသည်။

သူ ရွဲ့ကာ တွေးလိုက်မိသည်။ ငါက 'ဗီလိန်အကြီးစား' ပါလား။

ဒုတိယထပ်ရှိ လူသူကင်းမဲ့သည့် ထောင့်တစ်နေရာတွင် မာယန်က အသည်းကွဲကာ ငိုမိတော့မလိုပင် ဖြစ်ပါသည်။

ငါ့ငွေဝင်ပေါက်လေးတော့...

ကျန်းယွမ်က သူ့ဘေးမှာ ရှိနေပါသည်။ မာယန်ကို တစ်ရှူးနည်းနည်းပေးလိုက်ပြီး နှစ်သိမ့်ပေးလိုက်သည်။ "ဘော့စ်မာ ဒါက ချန်းလျဲ့ရဲ့ အိပ်မက်ပဲလေ။ ငါတို့က အားပေးရမှာပေါ့။ ကိစ္စမရှိပါဘူး။ ငါတို့ နောက်ထပ် ရာသက်ပန်အဆိုတော်တစ်ယောက် ငှားလို့ ရတာာပဲ။”

သို့သော်လည်း မာယန်က သူပြောလိုက်တာကြောင့် လုံးဝ စိတ်မသက်သာပေ။ မျက်နှာတစ်ခုလုံးက စိတ်ပျက်လက်ပျက်ဖြစ်ကာ ရှုံ့မဲ့နေပါသည်။

"ငါ... အေးပါကွာ။ ချန်းလျဲ့ကို သူ့အိပ်မက်တွေနောက် လိုက်နိုင်အောင် အားပေးမှာပါ။"

"ဒါပေမယ့် ငါက အင်တာနက်ကဖေးဆိုင် အရှုံးမပေါ်တော့ဘဲ အမြတ်ရလာဖို့ပဲ မျှော်လင့်မိတာပါ..."

"ထားလိုက်ပါတော့ကွာ ချန်းလျဲ့ရဲ့ ဆုံးဖြတ်ချက်ကို ငါလေးစားသင့်တယ်..."

မာယန်က သီချင်းတစ်ပုဒ်ကောင်းလား မကောင်းလား မပြောနိုင်သော်လည်း ရက်နည်းနည်းလောက် လေ့လာပြီးသောအခါ ချန်းလျဲ့၏ အဆိုစကေးများက တခြား ရာသက်ပန်အဆိုတော်များထက် အများကြီး ပိုမြင့်ကြောင်း သိခဲ့ရပါသည်။ ချန်းလျဲ့လောက် တခြားရာသက်ပန်အဆိုတော်များ ရေပန်းစားလာဖို့ ဆိုတာ မဖြစ်နိုင်တော့ပါ။

တကယ်တော့ ယွီအင်တာနက်ကဖေးအတွက် အမြတ်ငွေ အရိပ်အယောင်များ မြင်လာရခြင်းမှာ အားလုံး ချန်းလျဲ့ကြောင့်သာဖြစ်သည်။ သူ့သီချင်းများက ကောင်းမွန်သည်။ အင်တာနက်ကဖေး ဆိုင်ဆီကိုလည်း ဖောက်သည်များစွာ ဆောင်ကျဥ်းပေးခဲ့သည်။ ညတိုင်း သူ့အတွက် အရက်များ ဝယ်သည့် လူများ ရှိလာခဲ့ပါသည်။ ထို့ကြောင့် အင်တာနက်ကဖေးအတွက်လည်း ဝင်ငွေများစွာ ဖြစ်ပေါ်လာခဲ့ပါသည်။

ချန်းလျဲ့သာ တကယ်ထွက်သွားပါက တခြား အဆိုတော်များမှာ ကျန်းယွမ်၏ စံနှုန်းလောက်ကိုပဲ ရောက်နိုင်သည်။ ထိုအခါ အခြေအနေများ ဘယ်လိုဖြစ်လာမလဲသိသာပါသည်။

ဖေးချမ့်က အပေါ်ထက်ကို တိတ်တိတ်လေး တက်သွားသည်။မာယန်ကို တစ်ရှူးတစ်ထုပ် ထပ်ပေးလိုက်ပြီး ပြောလိုက်ပါသည်။ "မာကြီး ဘာမှမဖြစ်ပါဘူးကွာ။ ချန်းလျဲ့က တကယ့် ပါရမီရှင် တစ်ယောက်ပါ။ ယွီအင်တာနက်ကဖေးမှာသာ နေရင် သူ့ပါရမီတွေ ဖြုန်းတီးရာကျမှာပေါ့။ မင်းက သူ့ပါရမီကို ရှာတွေ့ခဲ့တဲ့လူလို့ တကယ်ထင်ရင် သူ့ကို ဆုတောင်းပေးသင့်တယ်။”

မာယန်က နှပ်ချေးညှစ်ကာ ပြန်ပြောလိုက်သည်။ "ညီအစ်ကိုချမ့် အဲ့တာကြောင့် ဝမ်းနည်းတာ မဟုတ်ဘူး။ အဓိက အချက်က မင်းအတွက် ယွီအင်တာနက်ကဖေးက အမြတ်ယူပေးနိုင်မယ့် လက္ခဏာ ပြစ ပြုလာပြီကို။ အဲ့အခွင့်အရေးလေး အခု ပျောက်သွားပြီ။ မင်းအတွက် ဝမ်းနည်းလို့ပါကွာ..."

ဖေးချမ့်က အလွန်စိတ်မကောင်းဖြစ်သွားပါသည်။ ကြည့်ပါဦး ငါ့ညီအစ်ကိုတွေက ငါ့အတွက် အရမ်း စိုးရိမ်ပေးနေတာပါလား။

သို့သော်လည်း မာယန်ဒီလို တာဝန်သိတတ်နေတာ အမြဲတမ်း သတင်းကောင်းတော့ မဟုတ်ပေ။

ကောင်းတာတစ်ခုက ဒါက တိုက်ဆိုင်မှုသက်သက်သာ ဖြစ်နိုင်သည်။ မာယန်က ကံကောင်းပြီး ချန််းလျဲ့ကို တိုက်တိုက်ဆိုင်ဆိုင်တွေ့ခဲ့သည်။ မဟုတ်ပါက ဒီလောက် ပြဿနာတွေ အများကြီး တက်လာမှာ မဟုတ်ပါ။

ထို့ကြောင့် သူ့ဒီညီအစ်ကိုက အလွန်ယုံကြည်နေရဆဲ ဖြစ်ပါသည်။

ဖေးချမ့်က မာကြီး၏ ပခုံးကို ပုတ်ပေးလိုက်ပြီး ပြောလိုက်ပါသည်။ "မာကြီး ငါ မင်းကိုခ ဏခဏပြောပါတယ်။ ယွီအင်တာနက်ကဖေးရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ပိုက်ဆံရှာဖို့ပဲ အမြဲတမ်း ဦးစားပေးမနေနဲ့လို့။ မင်းအတွက် အဓိက အရေးအကြီးဆုံးက ဒီပြတင်းတံခါးကို ကူညီထိန်းသိမ်းပြီး ထန်းတာ့ရဲ့ လုပ်ငန်းအသွင်အပြင်ကို ပြသနိုင်ဖို့ပဲ ဟုတ်ပြီလား။”

"ချန်းလျဲ့ကို သွားလိုက်ပို့လိုက်ရအောင်။"

ယွီအင်တာနက်ကဖေး၏ ပထမထပ်တွင် ချန်းလျဲ့၏ ဖျော်ဖြေမှုက ပြီးခါနီးနေပြီ ဖြစ်သည်။ သို့သော်လည်း ပရိတ်သတ်အများစုက မပြန်ချင်ကြသေးပေ။ ချန်းလျဲ့က ပရိသတ်များ၏ ပွဲတောင်းမှုကြောင့် သီချင်းအနည်းငယ်ပင် ထပ်ဆိုပြီးသွားပါပြီ။

နောက်ဆုံးမှာတော့ ချန်းလျဲ့ကို လူအုပ်ကြီးက အင်တာနက်ကဖေး၏ ဝင်ပေါက်အထိ လိုက်ပို့ပေးလိုက်ကြသည်။ အမျိုးသမီး ပရိတ်သတ်များစွာက မျက်ရည်များကြောင့် မိတ်ကပ်များ ဖရိုဖရဲ ဖြစ်ကုန်ကြပါပြီ။ မသိလျှင် သူတို့ သေကွဲကွဲရတော့မည့် ပုံစံပင်။

ဖေးချမ့်က စိတ်ထဲမှာ ရေရွတ်လိုက်ပါသည်။ "ငါကော ဘယ်တော့ ဒီလိုဆက်ဆံခံရမလဲမသိဘူး..."

မာယန်ကလည်း တရှုံ့ရှုံ့ဖြစ်နေသည်။ သူက ချန်းလျဲ့ဆီလျှောက်သွားပြီး နှုတ်ဆက်ကာ ခရီးလမ်း ချောမွေ့ဖို့ ဆုတောင်းပေးခဲ့သည်။

ချန်းလျဲ့၏ မျက်လုံးများက အစကတည်းက နီရဲနေပါသည်။ မာယန်၏ လုပ်ရပ်များကို မြင်သောအခါ သူ မထိန်းနိုင်တော့ပေ။ သူက မာယန်ကို ကျေးဇူးတင်လို့ မဆုံးတော့ပါ။

ဖေးချမ့် အနည်းငယ် ဒုက္ခတွေ့နေ၏။ မာယန် ငိုရသည့် အကြောင်းအရင်းမှာ သူ့ဝင်ငွေပေါက်တစ်ခုကို ဆုံးရှုံးလိုက်ရသောကြောင့်သာဖြစ်ပြီး ချန်းလျဲ့အတွက် ခံစားချက်ကြောင့် မဟုတ်မှန်း သူကိုယ်တိုင်တော့ သိနေပါသည်။

သို့သော်လည်း ချန်းလျဲ့ကတော့ ဒါကို မသိပါ။ ဘော့စ်မာကို သူ့ကျေးဇူးရှင်ဟု ထင်နေပြီး ဘော့စ်မာ၏ စေတနာကို ကျေအောင် ပြန်ဆပ်ဖို့ နည်းလမ်းမရှိတော့ဘူးဟု ထင်နေပါသည်။

လူအုပ်အများစုက ည ၁၁ နာရီလောက်မှသာ လမ်းခွဲသွားကြပါသည်။

ဖေးချမ့်က ချန်းလျဲ့ကို တစ်ဖက်သို့ ခေါ်လိုက်ပြီး ဖုန်းနံပတ်တစ်ခု ပေးလိုက်ပါသည်။

"မင်းရှန်ဟိုင်းကို ရောက်ရင် ဒီလူ့ကို ချက်ချင်းရှာလိုက်။ သူ့နာမည်က ဟွမ်စစ်ပေါ်။ သူက ဖေးဟွမ် လုပ်ငန်းရဲ့ မန်နေဂျာပဲ။ အဲ့မှာ မင်းဘာမှ စိတ်ပူစရာမလိုဘူး။ သူ မင်းအတွက် အားလုံး ပြင်ဆင်ပေးလိမ့်မယ်။”

ဖေးချမ့်က ဒီအကြောင်းကို ဟွမ်စစ်ပေါ်အား အကြောင်းကြားထားပြီးပြီဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် ဟွမ်စစ်ပေါ်က ချန်းလျဲ့ ရှန်ဟိုင်းကို ရောက်သည့်အခါ စားသောက်ဖို့နဲ့ နေရာထိုင်ခင်းများတွက် တာဝန်ယူပေးလိမ့်မည်။ ချန်းလျဲ့က သူလုပ်ချင်တာ လုပ်နိုင်သည်။ ဖေးချမ့်က သေချာ စဥ်းစားကြည့်လိုက်ပြီး ချန်းလျဲ့ အများဆုံး လုပ်နိုင်မှာဆိုလို့ မှတ်တမ်းရုပ်ရှင်များအတွက် ဇာတ်ဝင်တေး သီဆိုပေးနိုင်ရုံသာ ရှိလောက်မည်။ သူ ပြဿနာ ထပ်ရှာနိုင်မှာ မဟုတ်လောက်ပါ။

ထို့အပြင် ဟွမ်စစ်ပေါ်၏ မှတ်တမ်းရုပ်ရှင်က ဇာတ်ဝင်တေးကြောင့် အမြတ်ရနိုင်ရင်တောင် သူရမည့် ပမာဏက ဖေးချမ့်၏ တွက်ချက်မှုအတွင်းမှာပဲ ရှိပါသည်။ ချန်းလျဲ့ကို ပို့လိုက်ခြင်းက ယွီအင်တာနက်ကဖေးမှာ ဆက်နေခိုင်းတာထက် စာရင် ဖေးချမ့်၏ အရှုံးကို ပိုနည်းပါးစေလိမ့်မည်။

"ကျွန်တော့်ကို ပြုစုပျိုးထောင်ပေးတဲ့အတွက် ဘော့စ်ဖေးကို ကျေးဇူးတင်ပါတယ်။"

"ဘော့စ်ဖေးနဲ့ ဘော့စ်မာတို့ ကျွန်တော့်ရဲ့ ပါရမီကို အသိအမှတ်ပြုပြီး ကျွန်တော့်ကို ထောက်ပံ့ပေးတဲ့အတွက် တစ်သက်လုံး ကျေးဇူးတင်နေမှာပါ။ နောက်ပိုင်း အခွင့်အရေးတစ်ခု ရလာခဲ့ရင် သေချာပေါက် ကျေးဇူးပြန်ဆပ်မှာပါဗျာ" ချန်းလျဲ့က ဖေးချမ့်၏ လက်ကို ကိုင်ရင်း ပြောလိုက်ပါသည်။ သူတို့အပေါ် သူ့ကျေးဇူးတင်ခြင်းများက ဖော်မပြနိုင်အောင် ရှိလှသည်။

"မလိုပါဘူးကွာ" ဖေးချမ့်၏ စေတနာက သူ့မျက်လုံးထဲမှာ ပေါ်လွင်နေပါသည်။ ထိုစကားလုံးများက ရင်ထဲကလာမှန်း သိသာသည်။

ယွီအင်တာနက်ကဖေးတွင် မာယန်က စိတ်ဓာတ်ကျနေဆဲ ဖြစ်သည်။ ဖေးချမ့်က မာယန်ဆီကို လျှောက်သွားပြီး ပြောလိုက်ပါသည်။ "မာကြီး မင်းက ချန်းလျဲ့အတွက် သူ့အိပ်မက်ကို လျှောက်လှမ်းနိုင်တော့မှာမို့လို့ ဝမ်းသာပေးရမှာလေကွာ။ ဝမ်းနည်းမနေပါနဲ့တော့။”

"ပြီးတော့ ဒီတစ်ခေါက် မင်းရဲ့ ကြိုးစားအားထုတ်မှုတွေက သဲထဲရေသွန် မဖြစ်ပါဘူးကွ။"

မာယန်၏ မျက်နှာရှည်ရှည်ပေါ်က ဝမ်းနည်းမှုများ အနည်းငယ် ပျောက်ကွယ်သွားသည်။ "ငါ့အားထုတ်မှုတွေက... သဲထဲရေသွန်မဖြစ်ဘူးဟုတ်လား။"

ဖေးချမ့်က အားတက်သရော ခေါင်းငြိမ့်လိုက်ပါသည်။ "ဒါပေါ့ အလကားမဖြစ်ဘူး။ မင်းငါ့ကို အရမ်းအရေးကြီးတဲ့ စိတ်ကူးစိတ်သန်းတစ်ခု ပေးနိုင်ခဲ့တယ်။”

မာယန်က ဖေးချမ့်၏ မျက်နှာထားကို အနီးကပ်ကြည့်လိုက်ပြီး သူညာနေတာ မဟုတ်လောက်ဘူးဟု ထင်လိုက်ပါသည်။ သူ့စိတ်ဓာတ်ကျမှုကို ယာာယီမေ့ပျောက်သွားကာ သေချာနားထောင်လိုက်ပါသည်။

"မာကြီး မင်းရဲ့ အိုင်ဒီယာမှာ အလားအလာ ဘယ်လောက်ရှိလဲ မင်းမသိဘူးလား။ ဒါက အချိန်မှန်မဟုတ်သေးတာလေး တစ်ခုပဲ ရှိတယ်။"

"ပရိတ်သတ်တွေက အဆိုတော်တွေ သီချင်းဆိုတဲ့အခါ လက်ဆောင်တွေ ပေးကြတယ်။... အဲ့ဒီ ပုံစံမျိုးကို သေချာပေါက် ရေပန်းစားလာအောင် လုပ်လို့ ရတယ်။ ဒါပေမယ့် ယွီအင်တာနက်ကဖေးရဲ့ စတိတ်စင်က အဲ့ဒီအိုင်ဒီယာကို အကောင်အထည်ဖော်ဖို့အတွက် သေးငယ်လွန်းပါတယ်ကွာ။”

"ယွီအင်တာနက်ကဖေးမှာပဲ ဒီအိုင်ဒီယာကို ကန့်သတ်ပြီး အသုံးပြုနေရင် မင်းရဲ့ ပါရမီနဲ့ မင်းလုပ်နိုင်စွမ်းတွေကို အလကားဖြစ်စေလိမ့်မယ် နားလည်လား။"

မာယန်က လုံးဝ ကြောင်တောင်တောင် ဖြစ်နေပါသည်။ "အဲ့တာဆို..." သူမေးလိုက်သည်။

ဖေးချမ့်က သူ့ပခုံးကို ပုတ်ပေးလိုက်ပြီး ဆက်ပြောပါသည်။ "ဒီဆန်းသစ်တဲ့ အိုင်ဒီယာကို တိုက်ရိုက်ထုတ်လွှင့်တဲ့ ပလက်ဖောင်းတွေမှာ သုံးလို့ရတာပဲ။ ၃ လကနေ ၆ လအတွင်းမှာ မင်းက ယွီတိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းရဲ့ စီအီးအို ဖြစ်လာစေရမယ်။”

"အဲ့တာကြောင့် မင်းလုပ်ရပ်တွေမှာ တန်ဖိုးရှိတယ်ဆိုတာကို မင်းယုံကြည်ထားရမယ်။ မင်းစိတ်ကူးယဥ်နိုင်တာထက်ကို ထန်းတာ့ကို ပိုပြီး အကူအညီဖြစ်ပါတယ်ကွ။ ကျေးဇူးပြုပြီး မင်းရဲ့ စွမ်းအားတွေကို ထပ်စုစည်းထားဦး။ ပြီးရင် သင့်တော်တဲ့ နေရာတွေမှာ မင်းရဲ့ ပါရမီကို ထုတ်ပြလိုက်တော့။"

မာယန်၏ အုံ့မှိုင်းမှိုင်း စိတ်အခြေအနေက ချက်ချင်းပိုကောင်းသွားပါသည်။ သူ့လက်များက ရင်ထဲက စိတ်ခံစားချက်များကြောင့် တုန်ယင်နေသည်။ "ညီအစ်ကိုချမ့်... ငါ..."

ဖေးချမ့်က သူ့လက်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်ပါသည်။ "မာကြီး မင်းဘာမှ မပြောနဲ့တော့။ ငါမင်းကို နားလည်တယ် ကျေးဇူးပြုပြီး အားတွေ ဆက်ပြီး စုစည်းထား။ အချိန်တိုအတွင်းမှာ မင်းက ဒီ့ထက်ပိုမြင့်တဲ့ စင်မြင့်ပေါ်မှာ တောက်ပနိုင်လိမ့်မယ်။"

အခန်း(၁၆၁) မာကြီးရဲ့ စိတ်အားထက်သန်မှုကို ပြန်လည်ထွန်းညှိပေးခြင်း

ယွီအင်တာနက်ကဖေးမှ ထွက်လာသောအခါ ဖေးချမ့် စိတ်အေးစွာ သက်ပြင်းချလိုက်ပါသည်။ သူက သေချာပေါက် မီးနဲ့ ကစားနေခြင်း ဖြစ်သည်။

ငါ့အတွက် တော်တော်ခက်ခဲပါလား။

ဒီနေ့ဖြစ်ပျက်ခဲ့သည့်အရာများကို ဖေးချမ့် ပြန်တွေးကြည့်လိုက်သည်။ သူ နောက်တစ်ပတ် နှစ်ပတ်လောက်မှ သိရမည်ဆိုလျှင် အခြေအနေက ထိန်းမနိုင် သိမ်းမရ ဖြစ်လာနိုင်သည်။ ထိုသို့ဖြစ်လာသည့်အခါ ယွီအင်တာနက်ကဖေးမှာသာ ပြဿနာများဖြစ်လာနိုင်ရုံမကဘဲ တခြား ပရောဂျက်များအတွက် အားစိုက်ထုတ်ထားတာတွေပါ အလကားဖြစ်သွားနိုင်ပါသည်။

"ကံကောင်းလို့ အဆိုးဆုံးဖြစ်မသွားခင် အခြေအနေတွေကို ရှင်းပြီး ငါ့ထိန်းချုပ်မှုအောက်ထဲ ပြန်ရောက်အောင်လုပ်နိုင်ခဲ့ပေလို့ပဲပေါ့။ မာကြီးကို နှစ်သိမ့်တာလည်း အောင်မြင်တယ်။။ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကိုပါ ရှင်းလင်းထားပြီးသား ဖြစ်သွားတယ်။ ဒါက အခြေအနေကို ဖြေရှင်းဖို့အတွက် အကောင်းဆုံး ဗျူဟာ တစ်ခုပဲ။”

"ငါကတော့ တကယ့် ဉာဏ်ကြီးရှင်ပဲ။"

ဒီပြဿနာက မာယန်ကို ပြင်းပြင်းထန်ထန် ထိခိုက်သွားစေပြီး နလန်ပြန်မထူနိုင်တော့မှာကို ဖေးချမ့် စိုးရိမ်ခဲ့မိသည်။ ထို့ကြောင့် အဆုံးတွင် မာယန်အတွက် သူ လေထဲက ရဲတိုက်တစ်လုံး ဆောက်ပေးခဲ့ပါသည်။

အမှန်ပင်။ ဖေးချမ့်၏ စကားလုံးများက အလုံးစုံ မှန်ကန်နေတာတော့ မဟုတ်ပေ။ သို့သော်လည်း မာယန်အတွက် သူ ဆောက်လုပ်ပေးထားသည့် ရဲတိုက်မှာ တခြား ဘော့စ်တွေ ပြောတာနဲ့တော့ ခြားနားပါသည်။

တခြားဘော့စ်များ ပြောသည့် လေထဲက ရဲတိုက်များက လုံးဝ အလိမ်အညာများသာ ဖြစ်ကြသည်။ သို့သော်လည်း ဖေးချမ့်ကတော့ မတူပေ။ သူ့ကတိကို လိုက်နာဖို့ တကယ်ပဲ စီစဥ်ထားပါသည်။

မာယန်၏ လုပ်ရပ်များကြောင့် ဖေးချမ့်ကို ပြန်လည် သတိဝင်လာစေခဲ့သည်။ တိုက်ရိုက်ထုတ်လွှင့်မှုလုပ်ငန်းများအကြောင်းကို တွေးမိစေခဲ့၏။

နောက်နှစ်အနည်းငယ်အတွင်းတွင် တိုက်ရိုက်ထုတ်လွှင့်မှုများမှာ တန်ဖိုးရှိသည့် ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးများ ဖြစ်လာမှာကို ဖေးချမ့် သိပါသည်။ တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းများ အကြား တိုက်ပွဲများ မကြာခင် ပြင်းထန်လာလိမ့်မည်။ လူတွေရဲ့ ဘဝနေထိုင်မှုပုံစံများလည်း အများအပြား ပြောင်းလဲသွားလိမ့်မည်။

သို့သော်လည်း ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးတိုင်း အမြတ်ရနိုင်မည်ဟု ဘယ်သူက အာမခံမည်နည်း။

မှန်ကန်သည့် ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးကို ရွေးချယ်ခြင်းက စီးပွားရေး အင်ပါယာကြီး တစ်ခုကို တည်ဆောက်နိုင်လောက်အောင် အကူအညီ ဖြစ်စေမည်။ သို့သော်လည်း ငွေရေးကြေးရေး တိုက်ပွဲများထဲ ပြာကျသွားသည့်အထိ လောင်ကျွမ်းသွားနိုင်သော အခွင့်အရေးက ပိုများသည်။ နောက်ဆုံးမှာတော့ လူအများစုက စိတ်ဓာတ်ကျဆင်းစွာဖြင့် ဒီလောကထဲမှ ထွက်သွားပါလိမ့်မည်။

ဘာပဲဖြစ်ဖြစ် တခြားသူများကလည်း အကန်း မဟုတ်ပါ။ ဒီလို ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးမျိုးကို တစ်ယောက် မြင်နိုင်ပါက တခြားသူများလည်း မြင်နိုင်လိမ့်မည်။

အင်တာနက်ခေတ်တွင် လူတစ်ယောက်၏ ငွေရေးကြေးရေးစွမ်းအားက ဒီရင်းနှီးမြှပ်နှံမှု အခွင့်အရေးကို အနိုင်ယူနိုင်ခြင်း မယူနိုင်ခြင်းအား ဆုံးဖြတ်ပေးသည်။

ကုမ္ပဏီများစွာက သန်းရာနဲ့ချီပြီး ငွေတွေ ဆုံးရှုံးနိုင်သည်။ ဖေးချမ့်က သူလည်း ငွေတွေ ဆုံးရှုံးချင်သလားဟု မေးခွန်းထုတ်မိသည်။ သူ့ရင်ထဲက အဖြေကတော့ ခေါင်းငြိမ့်နေ၏။ သို့သော် အဓိက ပြဿနာက သူဆုံးရှုံးရအောင် ထန်းတာ့မှာ ငွေလုံလုံလောက်လောက် ရှိမနေခြင်း ဖြစ်ပါသည်။

ဘယ်လိုပဲဖြစ်ဖြစ် အရေးအကြီးဆုံးအရာကတော့ သူ ငွေဆုံးရှုံးမှ ဖြစ်ပါမည်။

ကုမ္ပဏီများ ဆက်တိုက် ငွေအရှုံးပေါ်သောဖြစ်ရပ်များစွာကို ဖေးချမ့်သိပါသည်။

ofo အဝါရောင်စက်ဘီးများ (စက်ဘီးငှားဝန်ဆောင်မှု)၊ ထိထိချူးရှင်း(ယာဥ်အငှားဝန်ဆောင်မှု) ၊ မိန့်ချွမ်အစားအစာ ပို့ဆောင်ရေး၊ ပန်ဒါတီဗီ(တိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်း)၊ JD ထောက်ပံ့ပို့ဆောင်ရေးများ....။

ဒါတွေအားလုံးက ငွေအရှုံးပေါ်တဲ့ သာဓကကောင်းတွေပဲ မဟုတ်ပေဘူးလား။

ဒီလိုဖြစ်ရပ်တွေထဲတစ်ခုကိုသာ ရွေးချယ်ပြီး ပုံတူကူးလိုက်ပါက သူလည်း ငွေတွေ ဆက်တိုက် အရှုံးပေါ်လိမ့်မည်ဟု ဖေးချမ့်ခံစားမိပါသည်။ ထို့နောက် စနစ်၏ ငွေကိုသုံးပြီး ငွေတွင်းကြီးကို ဖြည့်နိုင်သည်၊။ ဒါဆို မကောင်းဘူးလာား။

ဖေးချမ့်က ဒါတွေကို အရင်တုန်းက မလုပ်ခဲ့ရခြင်းမှာ ထိုလောကများထဲ ဝင်ရောက်ဖို့ လိုအပ်ချက် တချို့ ရှိနေသောကြောင့် ဖြစ်ပါသည်။ ထိုပရောဂျက်များအတွက် အကာအရံကို တည်ဆောက်ဖို့ ပိုက်ဆံတောင် မရှိသေးပါ။ လည်ပတ်ဖို့ ကုန်ကျစရိတ်များဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ပေ။

သို့သော်လည်း ဒီအချိန်တောအတွင်း သူ့ပန်းတိုင်က တဖြည်းဖြည်းနဲ့ ငွေ သန်းဆယ်နဲ့ချီပြီး ဆုံးရှုံးဖို့ ဖြစ်လာတာကို ဖေးချမ့် သတိထားမိလိုက်ပါသည်။ ထို့ကြောင့် သူ့စိတ်ထဲမှာ သတ်မှတ်ထားသည့် ပမာဏအတိုင်း အရှုံးပေါ်စေဖို့ သူ့ပရောဂျက်များကို စီစဥ်မည်ဖြစ်သည်။

အမှန်ပင်။ အသေးစိတ် ဗျူဟာများကိုတော့ ထပ်ပြီး စဥ်းစားရပါဦးမည်။

ဘာပဲဖြစ်ဖြစ် သူ့မှာ မပြီးပြတ်သေးသည့် ထုတ်ကုန်များ ရှိပါက ငွေစာရင်းရှင်းချိန်ကို နောက်ဆုတ်သွားမည်ဟု စနစ်က ဖော်ပြထားခြင်းကြောင့် ဖြစ်ပါသည်။

ဖေးချမ့်သာ လုပ်ငန်း တစ်ခုခုကို မပြင်မဆင်ဘဲ ဝင်ရောက်လိုက်ပြီး သူ့အရင်းအနှီး ချိတ်ဆက်မှုက ထုတ်လုပ်မှုအဆင့်များမှာသာ ပြတ်တောက်သွားလျှင် ငွေစာရင်းရှင်းချိန်ကို ကြုံရတော့မှာ မဟုတ်ပေ။ သူ့ထုတ်ကုန်ကို ဆက်လက်လုပ်ဆောင်ဖို့လည်း ငွေလုံလုံလောက်လောက်ရှိတော့မှာ မဟုတ်ပါ။ ထိုအခါ ဟိုမရောက် ဒီမရောက် အခြေအနေထဲတွင် ပိတ်မိနေပါလိမ့်မည်။

ဒီနှစ်သုတ်အတွင်း ငွေများကို အောင်မြင်စွာ အရှုံးပေါ်နိုင်ပါက ဒီလုပ်ငန်းများကို လောလောဆယ် မဝင်ရောက်သေးဖို့ ရွေးချယ်ပါမည်။

ဘာကြောင့်မှန်းမသိဘဲ နောက်တစ်ခါသာ အကျိုးအမြတ်များ ထပ်ရလာပါက... ငွေများ စွန့်ကြဲခြင်းတွင် ပြန်လမ်းမရှိသော လမမ်းကို ဘော့စ်ဖေး လျှောက်လှမ်းမိသွားပါလိမ့်မည်။

ရွေးချယ်မှုများစွာထဲ တိုက်ရိုက်ထုတ်လွှင့်မှုက ရွေးချယ်မှုကောင်းတစ်ခုဖြစ်ပုံရသည်။ မာယန်ဘယ်လောက် ဝမ်းနည်းနေလဲဆိုတာကိုမြင်ပြီး ဖေးချမ့် နှစ်သိမ့်ပေးချင်ခဲ့မိ၏။ ထို့ကြေင့် မာယန်ကို ယွီတီဗီ၏ စီအီးအိုဟူသော ဘွဲ့ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့ပါသည်။

ယွီတီဗီဟူသည့် အိုင်ဒီယာက မာယန် ယွီအင်တာနက်ကဖေးတွင် တပ်ဆင်ထားသော ဖန်သားပြင်စခရင်ကြောင့် ရလာသည်ဟုလည်း ပြောခဲ့ပါသေးသည်။

ဇွန်လ ၃ ရက်နေ့...

တခြား ယွီအင်တာနက်ကဖေးဆိုင်ခွဲနှစ်ခုလုံးလည်း ဖွင့်လှစ်လိုက်ပါပြီ။ ဖေးချမ့်ကိုယ်တိုင် ရှိနေ၏။ ဆိုင်နှစ်ဆိုင် ဘယ်လောက်တောင် ချောက်ကပ်နေလဲဆိုတာကို မျက်စိနဲ့ တပ်အပ်မြင်ပြီးမှ စိတ်အေးသွားပါတော့သည်။

မာယန်နဲ့ ကျန်းယွမ်တို့လည်း ရှိနေကြသည်။ သို့သော် မာယန်က အနည်းငယ် စိတ်ရှုပ်ထွေးကာ စိတ်ဓာတ်ကျနေသည့်ပုံစံပင်။

ဖေးချမ့်က ကျန်းယွမ်ကို တိုးတိုးတိတ်တိတ် တစ်နေရာသို့ ဆွဲခေါ်သွားလိုက်ပါသည်။ "မာကြီးက နည်းနည်း စိတ်နဲ့လူနဲ့မကပ်သလိုပဲ။”

ကျန်းယွမ်ကလည်း အမှန်တိုင်း ပြန်ပြောလိုက်ပါသသည်။ "ရပါတယ်ဘော့စ်ဖေးရယ်။ ညီအစ်ကိုမာက သူ့ပန်းတိုင်တွေယာယီ ပျောက်ဆုံးသွားလို့ပါ။ အဲ့တာကြောင့် တစ်ခါတစ်လေ စိတ်ဓာတ်ကျနေတဲ့ပုံပေါက်နေတာ။ ဒါပေမယ့် အစားအသောက်တော့ မပျက်ရှာဘူး။ သူ့စားတာ ပိုတောင်များလာသလိုပဲ။”

ဖေးချမ့်က စဥ်းစားလိုက်ပါသည်။ "ဒါမှ မာကြီးပေါ့။ သူက စိတ်ပိုင်းဆိုင်ရာအရမှာ တော်တော့်ကို သန်မာတယ်။ဒီလောက် ပြင်းပြင်းထန်ထန် ထိခိုက်ပြီးတာတောင် သူ့စားချင်သောက်ချင်စိတ်ကို လုံးဝ အထိအခိုက်မရှိဘူး။”

"မူရင်းဆိုင်အခြေအနေ ဘယ်လိုလဲ။"

ကျန်းယွမ်က ပြန်ပြောလိုက်သည်။ "လုပ်ငန်းက အဆင်ပြေပါတယ်။ ချန်းလျဲ့ ထွက်သွာားတော့ ကျွန်တော်တို့ဆိုင်က အဆိုတော်အသစ်တစ်ယောက်ကို ရှာခဲ့တယ်။ တစ်ခါတစ်လေ လက်ဆောင်တွေ ပေးကြတာတော့ ရှိပေမယ့် ပရိတ်သတ်က တဖြည်းဖြည်းနဲ့ နည်းလာပြီဗျာ။”

"ကျွန်တော်တို့ အဆိုတော်ကို ကော်မရှင်ခ ပေးပါသေးတယ်။ အစတုန်းကထက်တော့ ဝင်ငွေက ပိုကောင်းလာပါတယ်။ ဒါပေမယ့် အရှုံးကို အမြတ်အဖြစ် ပြောင်းနိုင်ဖို့ကတော့ ဘယ်လောက်တောင် ကြာဦးမလဲဆိုတာ ကျွန်တော်လည်း မပြောတတ်ဘူး။”

ဖေးချမ့်က ခေါင်းငြိမ့်လိုက်ပါသည်။ နောက်ဆုံးတော့ သူ စိတ်ပူနေတာတွေကို လျှော့ချလိုက်လို့ရပါပြီ။

စတိုးဆိုင်က အရှုံးမှ အမြတ်အဖြစ် မပြောင်းသေးသရွေ့ အားလုံး အဆင်ပြေသည်။

သို့သော်လည်း ဆိုင်ကို စစဖွင့်တုန်းကထက် ဘာကြောင့် အခု ဝင်ငွေတွေ ပိုကောင်းလာရတာလဲ။ ဒါက အရက် မှာယူသည့် နှုန်းထားအပေါ် မူတည်ပြီး ကော်မရှင်ခများပေးခြင်းက အသုံးဝင်သည့် ပုံစံတစ်ခုဖြစ်ကြောင်း သက်သေပြနေခြင်း ဖြစ်သည်။ သူလည်း အမြတ်ရစေသည်။ ထို့ကြောင့် ဒါက အန္တရာယ်တစ်ခုဖြစ်နေဆဲဖြစ်ပါသည်။

ဖေးချမ့်က စိတ်ဓာတ်ကျအုံ့မှိုင်းနေသော မာယန်ကိုကြည့်ရင်း ရုတ်တရက် အကြံတစ်ခု ရလိုက်ပါသည်။

ယွီအင်တာနက်ကဖေးက အရက်ကော်မရှင်ပြဿနာကိုဖြေရှင်းရင်း မာယန်အတွက်လည်း စိတ်ဓာတ်ပြန်တက်လာအောင် လုပ်ပေးနိုင်တာ တစ်ခုခု ရှိလား။

ဖေးချမ့်၏ အာရုံထဲတွင် အိုင်ဒီယာတစ်ခု ပေါ်လာခဲ့ပါသည်။

ငွေဆုံးရှုံးသွားသည့် နာမည်ကြီးဖြစ်ရပ်တချို့က အလုပ်ဖြစ်ဖို့ သန်းရာနဲ့ချီပြီး လိုအပ်သည်။ လောလောဆယ် သူ မတတ်နိုင်သေးပါ။ သို့သော်လည်း တချို့ပရောဂျက်များက စတင်လည်ပတ်ဖို့ အရင်းအနှီး အများကြီး သိပ်မလိုအပ်ပေ။

ဥပမာ... အစားအသောက် ဒလီဗာရီဝန်ဆောင်မှုကဲ့သို့မျိုးဖြစ်၏။

ယွီအင်တာနက်ကဖေးက ဆိုင်ခွဲမန်နေဂျာတစ်ယောက်မှာ စားဖိုမှူးဖြစ်မှန်း ဖေးချမ့် သတိထားမိသည်။ ဆိုင်ခွဲမန်နေဂျာ ရွေးချယ်ပွဲတွင် စားပွဲထိုး ၄ ယောက်အပြင် လက်ထောင်ခဲ့သည့် စားဖိုမှူးတစ်ယောက်လည်း ရှိသည်။ သူလည်း ဆိုင်ခွဲမန်နေဂျာတစ်ယောက် ဖြစ်လာခဲ့ပါသည်။

သူက သင့်တော်သည့်သူ ဖြစ်လာခဲ့သည်။

"ကျန်းယွမ် ဒီဆိုင်ရဲ့ ဆိုင်ခွဲမန်နေဂျာကို ခေါ်လိုက်စမ်း။ မာယန်ကိုလည်း ခေါ်လိုက်၊ မင်းတို့တွေကို တာဝန်အသစ် ပေးစရာ ရှိတယ်။”

လူလေးယောက်သား ကော်ဖီနယ်မြေတွင် ထိုင်လိုက်ကြပါသည်။

မာယန်၊ ကျန်းယွမ်တို့က ဒါကို အသားကျနေပြီဖြစ်သော်လည်း အသစ်ခန့်အပ်ထားသော ဆိုင်ခွဲမန်နေဂျာ သို့မဟုတ် စားဖိုမှူးက သူ့ရာထူး ပြောင်းလဲမှုကို အသားမကျသေးပါ။ သူက အနည်းငယ် စိတ်မသက်သာဖြစ်ကာ ဂနာမငြိမ်လည်းဖြစ်နေသည့်ပုံပင်။

"ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ ဆိုင်ခွဲမန်နေဂျာ" ဖေးချမ့်က မေးလိုက်၏။

ဆိုင်ခွဲမန်နေဂျာများ၏ နာမည်ကို သူ တစ်ခါမှ စိတ်မဝင်စားဖူးပါ။ သူတို့က သူ့အတွက် အသုံးချခံ လူသားများသာ ဖြစ်သည်။ သူတို့နာမည်က ဘာဖြစ်ဖြစ် အရေးမကြီးပေ။

နောက်ထပ်ရှုထောင့်တစ်ခုက စဥ်းစားကြည့်ရင် ဒါက ကောင်းသော အရာ ဖြစ်ပါသည်။ အသုံးချခံလူသားတစ်ယောက်၏ နာမည်ကို သူသိပါက ထိုအသုံးချခံလူသားမှာ အလုပ်တွင် ထူးချွန်သည့် သဘော ဖြစ်သည်။ ဒါက ဖေးချမ့်အတွက် သတင်းဆိုး ဖြစ်ပါသည်။

အသစ် ခန့်အပ်ထားသည့် မန်နေဂျာ (သို့) စားဖိုမှူးမှာ အသက် ၄၀ ဝန်းကျင် ရှိလောက်သည်ဟု ထင်ရပါသည်။ သူက သက်လတ်ပိုင်း အမျိုးသား အများစုလို ကြမ်းတမ်းသည့် ပုံစံ မပေါ်ပါ။ တကယ်တော့ သူက သန်မာသည့် ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားပြီး သူ့ကိုယ်သူလည်း ဂရုစိုက်သည့်ပုံစံပင်။

ဘော့စ်ဖေး၏ မေးခွန်းကို ကြားပြီးနောက် ဆိုင်ခွဲမန်နေဂျာက အမြန်ပြန်ဖြေလိုက်ပါသည်။ "ကျွန်တော်က လင်းခန်ရုံပါ။"

ဖေးချမ့်က ခေါင်းငြိမ့်လိုက်သည်။ သူ့မျိုးရိုးနာမည်က လင်းဆိုတာကိုသာ မှတ်ထားလိုက်ပါသည်။

"မာကြီး ခုတလော မင်းပန်းတိုင်တွေ ပျောက်နေသလိုပဲ။ ရပါတယ်။ ဘာလို့လဲဆိုတော့ ငါ့မှာ မင်းကိုပေးဖို့ အရမ်းအရေးကြီးပြီး အသစ်အဆန်းဖြစ်တဲ့ တာဝန်တစ်ခု ရှိတယ်။ ဒါက ငါတို့ယွီအင်တာနက်ကဖေးရဲ့ ပုံကြမ်းကို ထပ်ပြီး ကျယ်ပြန့်သွားစေလိမ့်မယ်။ ဒါက ထန်းတာ့ရဲ့ စီးပွားရေးအင်ပါယာရဲ့ တစ်စိတ်တစ်ပိုင်းပဲ။”

"အဲ့ဒီတာဝန်ကို ယူဖို့ မင်းမှာ ယုံကြည်ချက် ရှိလား။"

ဖေးချမ့်က မာယန်ကို အားပေးသော မျက်လုံးများဖြင့် ကြည့်လိုက်ပါသည်။

မာယန်က ချက်ချင်း အားအင်ပြည့်ဝသွားသည်။ "ညီအစ်ကိုချမ့် ငါ့ကိုအကုန်ပြောပြပါ။ ငါ့ပါရမီကို ထုတ်ပြနိုင်ဖို့ အခွင့်အရေး မရတော့မှာကို စိတ်ပူနေတာကွ။"

ဖေးချမ့်က ခေါင်းငြိမ့်လိုက်ပါသည်။ ထင်ထားသည့်အတိုင်း ရိုးရှင်းသည့် တာဝန်လေးတစ်ခုနဲ့ မာယန်၏ နှလုံးသားမီးတောက်ကို ပြန်ထွန်းညှိဖို့ လုံလောက်ပါသည်။

"ငါတို့...F&B လုပ်ငန်းကို ဆက်ပြီး တိုးချဲ့ကြမယ်။"

မာယန်၊ ကျန်းယွမ်နဲ့ လင်းခိုင်ရုံတို့အားလုံး အချင်းချင်း ပြန်ကြည့်လိုက်သည်။

F&B လုပ်ငန်းကို တိုးချဲ့ကြမယ်ဟုတ်လား။

အမှန်ပင်။ ယွီအင်တာနက်ကဖေးနဲ့ သူတို့ခရီးလမ်းကို စတင်ခဲ့ကြပြီးပြီ။ ယွီအင်တာနက်ကဖေးတွင် စားသောက်စရာများ ဝန်ဆောင်မှုပေးသည်။ ၎င်း၏ မီနူးတွင် တစ်ဖက်က နိုင်ငံခြားဝိုင်များရှိကာ တစ်ဖက်မှာတော့ အိမ်ချက်ဟင်းလျာများ ရှိပါသည်။

ယခင် ယွီအင်တာနက်ကဖေးတွင် စားဖိုမှူးလင်း၏ အလုပ်က ရေသာခိုဖို့- အဲ - ကတ်စတမ်မာများအတွက် ချက်ပြုတ်ပေးဖို့ ဖြစ်ပါသည်။ သို့သော်လည်း ယွီအင်တာနက်ကဖေး၏ ကတ်စတမ်မာအများစုက အစားအသောက်များ မမှာယူကြပါ။ ထို့ကြောင့် နေ့တိုင်း စားဖိုမှူးလင်က ရေသာခိုနေရသလိုပင်။

ဖေးချမ့်က အဲ့တာတောင် သူ့ခရီးလမ်းကို ဆက်တိုးချဲ့မယ်တဲ့လား။

အခန်း(၁၆၂) အလှပဆုံး အစားအသောက် ဒလီဗာရီ

အားလုံး ဇဝေဇဝါ ဖြစ်ကုန်သည်။ အထူးသဖြင့် လင်းခန်ရုံဖြစ်၏။ သူ့အကြည့်က စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။ တခြားသူတွေက ယွီအင်တာနက်ကဖေး၏ အခြေအနေကို ကောင်းကောင်း မသိနိုင်သော်လည်း သူကတော့ ကောင်းကောင်း သိပါသည်။

ထိုဆိုင်မှာ ဘာမှကို လုပ်စရာ မရှိပါ။

နေ့တိုင်း သူ ချက်ပြုတ်ရသည့် ဟင်းလျာက ဆယ်ပွဲ မပြည့်ပေ။

စဥ်းစားကြည့်လျှင်တော့ ပုံမှန်ပဲ ဖြစ်ပါသည်။ ယွီအင်တာနက်ကဖေးက အလွန်စတိုင်ကျပြီး အဆင့်မြင့်သည်။ ဘယ်သူက အဲ့လိုနေရာမျိုးမှာ အိမ်ချက်ဟင်းလျာတွေ မှာချင်မှာလဲ။

စားပွဲတစ်လုံးက မိန်းမလှလေးတစ်ယောက်က ကော့တေးလှလှတစ်ခွက်ကို မှာလိုက်သည်။ ပြတင်းပေါက် အပြင်ဘက်က ရှုခင်းများကို ကြည့်ရင်း ဝိုင်ကို အရသာခံသောက်နေ၏။ သူမ ဆယ်ဖီရိုက်လိုက်ပြီး သူမ၏ WeChat တွင် တန်းတင်လိုက်မည်။

ထိုအခါ အနောက်တွင် ပါလာသည့် စားပွဲက လူက ကြက်ဥခရမ်းချဥ်သီးမွှေကြော်တွေ ထိုင်စားနေတာ ဖြစ်သင့်ရဲ့လား။

အဓိပ္ပာယ် မရှိပါ။

တကယ်တမ်း ထိုဟင်းများကို မှာယူလိုက်လျှင် ဟင်းရနံ့များက ကော်ဖီနေရာ တစ်ခုလုံးကို ဖုံးလွှမ်းသွားလိမ့်မည်။ လူသတ်ခွင့်သာ ရှိလျှင် ထိုလူမှာ အနားကလူတွေ သတ်ဖြတ်တာ အခါ ၁၀၀လောက် ခံရနိုင်ပါသည်။

ထို့ကြောင့် ဘယ်သူမှ ဟင်းလျာများကို မမှာယူကြပါ။ စားဖိုမှူးလင်းက နေ့တိုင်းတာဝန်အရသာ မီးဖိုချောင်ထဲတွင် မတ်တပ်ရပ်နေရသည်။။ သူ တော်တော်လေးကို ပျင်းရိနေပါသည်။

အချိန်အတော်ကြာသောအခါ အခြေအနေက တိုးတက်လာခဲ့၏။

ဝန်ထမ်းများကို ပြုစုဖို့အတွက‌ေ ဖေးချမ့်က ယွီအင်တာနက်ကဖေးကို သူတို့အားလုံးအတွက် နေ့လည်စာ ပို့ပေးစေချင်သည်။ ထို့ကြောင့် နေ့လည်ခင်းမှာတော့ စားဖိုမှူးလင်းက အလုပ်များလာသည်။ သို့သော်လည်း သူ့အလုပ်က အလွန်အားလပ်နေဆဲ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ယွီအင်တာနက်ကဖေးက စားဖိုမှူးနှစ်ယောက်ကို ထပ်မံ ခန့်အပ်လိုက်သောကြောင့် ဖြစ်ပါသည်။ သာမန်စားသောက်ဆိုင်များနဲ့ ယှဥ်လျှင် ဒီက အလုပ်ဝန်ထုပ်ဝန်ပိုးက အပန်းဖြေခရီးတစ်ခု ထွက်လာသလိုသာ ဖြစ်နေပါသည်။

ထို့ကြောင့် အခုချိန်အထိ ယွီအင်တာနက်ကဖေး၏ F&B ကဏ္ဍမှာ မရှိသလိုတောင် ဖြစ်နေပါသည်။

အကျိုးအမြတ် မရရုံတင်မကဘဲ ဖောက်သည်တောင် မရှိပါ။ ကြည့်ရတာ ထန်းတာ့၏ ဝန်ထမ်းများအတွက် သီးသန့်ဖွင့်ထားသော စားသောက်ဆိုင်နဲ့ပင် ပိုတူလာခဲ့ပါသည်။

အဲ့တာကို ဘာလို့ ဆက်ပြီး တိုးချဲ့ဦးမှာလဲ။ ရှိသမျှ အကုန်ပြောင်သွားမှာကို မကြောက်ဘူးလား။

စားဖိုမှူးလင်းတော့ သူတို့ ဘယ်လို ဆက်ပြီး တိုးချဲ့နိုင်ဦးမလဲ မတွေးတတ်တော့ပါ။

မျက်လုံး သုံးစုံက ဖေးချမ့်ကို စိုက်ကြည့်နေကြပြီး အထင်ကြီးစရာ ကောင်းသည့် သူ့အထင်အမြင်များကို စောင့်မျှော်နေကြပါသသည်။

ဖေးချမ့်က နှစ်ချက်လောက် ချောင်းဆိုးလိုက်ပြီး တည်တံ့စွာ ပြောလိုက်ပါသည်။ "ဆိုရိုးစကား ရှိတယ်။ အစားအသောက်နဲ့ လိင်ကိစ္စဆိုတာ လူသားသဘာဝတွေပဲတဲ့။ F&B လုပ်ငန်းက ငါတို့ နေ့စဥ်ဘဝနဲ့ ဆက်နွယ်နေတာ။ ဘယ်တော့မှ ဒိတ်အောက်လာတယ်ဆိုတာရှိမှာ မဟုတ်ဘူး။ အခုချိန်ထိ ယွီအင်တာနက်ကဖေးရဲ့ အာဟာရတန်ဖိုး မြင့်မားပြီး အရသာရှိတဲ့ အိမ်ချက်ဟင်းလျာတွေကြောင့် အားပေးသူတွေ အများကြီး ရရှိခဲ့တယ်။”

"အဲ့တာကြောင့် ငါတို့ ဒီအားသာချက်ကို အသုံးချပြီး ထပ်ပြီး တိုးချဲ့ရမယ်။ ယွီအင်တာနက်ကဖေးကို မလာနိုင်တဲ့လူတွေကိုလည်း အိမ်မှာ ငါတို့ရဲ့ အရသာရှိတဲ့ အစားအသောက်တွေကို စားနိုင်အောင် ဆောင်ရွက်ပေးရမယ်။”

မာယန်၏ မျက်လုံးထဲက စိတ်အားထက်သန်မှုများ တဖြည်းဖြည်းနဲ့ ပြန်ငြိမ်ကျသွားပါသည်။ ဖေးချမ့်ကို ဇဝေဇဝါဖြစ်စွာဖြင့် သူကြည့်လိုက်၏။ "ညီအစ်ကိုချမ့် မင်းပြောတဲ့အတိုင်းဆို ယွီအင်တာနက်ကဖေးကို အစားအသောက် ဒလီဗာရီဝန်ဆောင်မှုပါ ပေးဖို့ စီစဥ်နေတာလား။”

"ဘာလို့ အရမ်း ရှုပ်ထွေးအောင် ပြောနေတာလဲ။ ယွီအင်တာနက်ကဖေးက နောက်ကို ဒလီဗာရီဝန်ဆောင်မှုပါ ပေးမယ်လို့ ပြောလိုက်ရင် ပြီးနေတာပဲကို..."

ဟမ်... ဒီငတုံးကောင်က ငါ့စကားကို ကောင်းကောင်း နားလည်သားပဲ။ ငါ့အစီအစဥ်က တကယ်ပဲ ဒလီဗာရီဝန်ဆောင်မှုပေးဖို့ပဲ။ ဒါပေမယ့် သာမန်ဒလီဗာရီဝန်ဆောင်မှုတော့ မဟုတ်ဘူးကွ။

ဖေးချမ့်၏ မျက်နှာက တည်တံ့နေသည်။ "မာကြီး ဒါက မင်းဒီလို သဘောထာမျိုး မရှိသင့်ဘူး။ ဥပမာအားဖြင့် အဆိုပညာအရဆို မင်းက အသုဘအဆိုတော်လိုဖြစ်နေပြီး ချန်းလဲ့ကတော့ နတ်ဘုရားက ကောင်းချီးပေးထားတဲ့အသံမျိုး ဖြစ်နေမှာလေ။ မင်းတို့နှစ်ယောက်က တူမလား။”

"မင်းကိစ္စတွေကို အဆုံးစွန်ထိဖြစ်အောင် လုပ်နိုင်သရွေ့ မင်းလုပ်သမျှက ခမ်းနားကြီးကျယ်တဲ့ လုပ်ငန်းကြီးတစ်ခုရဲ့ အစ ဖြစ်လာနိုင်တာပဲ။"

"မင်း စဥ်းစားကြည့်လိုက်စမ်းပါ။ နောက်ဆိုရင် ငါတို့ အစားအသောက် ဒလီဗာရီဝန်ဆောင်မှုက ကျင်းကျိုးမြို့ကနေ ထွက်ပြီး နိုင်ငံတော်ထဲက တခြား မြို့ကြီးပြကြီးတွေအထိပါ တိုးချဲ့သွားနိုင်မယ်။ လူတွေရဲ့ နေထိုင်မှုဘဝကိုပါ ကြီးကြီးမားမား ပြောင်းလဲနိုင်လိမ့်မယ်။ အဲ့တာဆို ရိုးရိုးရှင်းရှင်း ဒလီဗာရီဝန်ဆောင်မှုလို့ ခေါ်နိုင်ဦးမှာလား။”

"မိုင်တစ်သောင်းခရီးကိုလည်း ခြေတစ်လှမ်းနဲ့ပဲ စတင်ရတာပါပဲ။ ငါတို့က အခု အရေးအကြီးဆုံး ခြေလှမ်းကို လှမ်းကြတော့မှာလေကွ။”

ဖေးချမ့်၏ စကားကိုကြားပြီးနောက် မာယန််၊ ကျန်းယွမ်နဲ့ လင်းခန်ရုံတို့၏ မျက်နှာထားများ အမျိုးမျိုး ပြောင်းလဲသွားကြသည်။ သဘောမတူမှုမှ နားလည်မှု၊ ယုံကြည်မှုတို့အဖြစ် ပြောင်းလဲသွားကြသည်။

လင်းခန်ရုံလည်း စိတ်ကူးယဥ်ဆန်သွားမိပါသည်။

ဟုတ်တာပေါ့။ ဒါက အမြင်ချင်း ခြားနားတဲ့ ရလဒ်ပဲ။

ဘော့စ်ဖေးက ရိုးရိုးရှင်းရှင်း အစားအသောက် ဒလီဗာရီဝန်ဆောင်မှုလေးကနေ အနာဂတ် စီးပွားရေးအင်ပါယာကြီးတစ်ခုတောင် တည်ဆောက်ပြနိုင်တယ်။ အစားအသောက် ဒလီဗာရီဝန်ဆောင်မှုက ဘဝရဲ့ နည်းလမ်း တစ်ခု ဖြစ်လာတာနဲ့ လူတွေရဲ့ ဘဝနေထိုင်မှု ပြောင်းလဲလာမှာကိုလည်း မြင်နိုင်တယ်။

သူက တကယ့်ကို အမြော်အမြင်ရှိတာပဲ။

ထို့ကြောင့်လည်း အသက်ငယ်ငယ်လေးနဲ့ ကုမ္ပဏီဥက္ကဌ ဖြစ်လာနိုင်ခြင်း ဖြစ်လေသည်။ လင်းခန်ရုံက သူ့ပါရမီကို လေးစားနိုင်ရုံသာ ရှိတော့သည်။

မာယန်လည်း သူ့ သဘောမတူသည့် သဘောထားမှ ပြောင်းလဲသွားခဲ့ပါသည်။ သူ့ စိတ်ပါဝင်စားမှုကို ဖေးချမ့်က ထပ်ပြီး ထွန်းညှိပေးခဲ့ပြန်သည်။ "ညီအစ်ကိုချမ့် ငါတို့ကို မြန်မြန်ပြောပါ။ ငါတို့ဘာလုပ်ရမလဲ။”

"အစားအသောက် ဒလီဗာရီဝန်ဆောင်မှု ဝက်ဘ်ဆိုက်တ်စခု တည်ထောင်ရင်ကော။ ငါတို့ ကျင်းကျိုးမြို့က ရောင်းချသူတွေနဲ့ တွဲလုပ်ပြီး အွန်လိုင်း အစားအသောက် ဒလီဗာရီဝန်ဆောင်မှု ပလက်ဖောင်းတစ်ခုကို တည်ဆောက်လို့ ရတယ်လေ။”

မာယန်နဲ့ ကျန်းယွမ်တို့က ကိုယ်ပိုင်အိုင်ဒီယာများကို ထုတ်ပြောလာပါသည်။ လင်းခန်ရုံက သူတို့အိုင်ဒီယာများကို အကြံဉာဏ်တစ်ချို့ဖြင့် ဖြည့်စွက်ပေးနေ၏။

ဖေးချမ့်ကတော့ တစ်ခွန်းမှ မပြောဘဲ ပြုံးသာ ပြုံးနေပါသည်။

မာယန်တို့ ဒီလို အကြံများ ထွက်လာတာ ပုံမှန်ပဲ ဖြစ်ပါသည်။

၂၀၁၀ တွင် PC အင်တာနက် ဖွံ့ဖြိုးမှုက နှောင့်နှေးလာပြီး မိုဘိုင်းအင်တာနက်ဖွံ့ဖြိုးမှုက မြန်ဆန်လာသည်။ ဖေးချမ့် မှတ်မိသလောက်တော့ မိုဘိုင်းအင်တာနက် အသုံးပြုသူ ဦးရေ ရာခိုင်နှုန်းက ၇၄.၅ ရာခိုင်နှုန်းအထိ ရောက်သွားပါသည်။ PC အင်တာနက် အသုံးပြုသူ ၇၀.၆ ရာခိုင်နှုန်းကို ကျော်လွန်သွားခဲ့သည်။ ဒါက ၂ နှစ်အတွင်း ဖြစ်လာပါလိမ့်မည်။

ဒီလောကမှာတော့ ဆဲလ်ဖုန်းလောကက သူ မှတ်မိတာထက် ဖွံ့ဖြိုးတိုးတက်မှု ပိုမိုမြန်ဆန်နေသဖြင့် မိုဘိုင်းအင်တာနက်ခေတ်ကလည်း ပိုပြီး စောစောရောက်လာခဲ့ပါသည်။

သို့သော်လည်း အခုချိန်ထိ အွန်လိုင်း အစားအသောက် ဒလီဗာရီဝန်ဆောင်မှုများကို လုပ်ငန်းကြီးကြီးမားမားများက လက်ဝါးကြီး မအုပ်ကြသေးပါ။ ထိုလုပ်ငန်းကြီးများက တခြား ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးဖြစ်သည့် Group Buying ကိုသာ အာရုံစိုက်နေကြဆဲ ဖြစ်ပါသည်။

၂၀၁၀ ခုနှစ်၏ နွေဦးရာသီကစလို့ စီးပွားရေးလုပ်ငန်းရှင်အများစုက Groupon ၏ Group Buying ဗျူဟာ ရေပန်းစားမှုကို မြင်လာခဲ့ကြသည်။ မကြာမီ Groupon 100 စစ်ပွဲနဲ့ Groupons 1000 တိုက်ပွဲများ ပြင်းထန်လာခဲ့၏။ ကုမ္ပဏီများစွာက Group-Buying လုပ်ငန်းတွင် နေ့တိုင်း ပေါ်ထွက်လာသည်။

ဒီလိုပြင်းထန်သည့် အခြေအနေမျိုးထဲတွင် အစားအသောက် ဒလီဗာရီဝန်ဆောင်မှုကို လျစ်လျူသာ ရှုထားခဲ့ကြပါသည်။ တစ်နှစ် နှစ်နှစ်လောက်ကြာမှသာ ဒီလုပ်ငန်းက မြင့်တက်လာပြီး စျေးကွက်ကစားသမား၏ မျက်လုံးထဲ ရေပန်းစားသည့် ရင်းနှီးမြှုပ်နှံမှု အခွင့်အရေး ဖြစ်လာနိုင်ပါသည်။

ဘယ်လိုပဲဖြစ်ဖြစ် စားသောက်ဆိုင်များစွာက အခုတောာင် အစားအသောက် ဒလီဗာရီဝန်ဆောင်မှုများကို မှာယူသုံးစွဲနေပါပြီ။ သို့သော်လည်း ဒလီဗာရီဝန်ဆောင်မှုများကို အများအားဖြင့် ဖုန်းဖြင့်သာ ဆောင်ရွက်ကြသည်။ အလွန် ခေတ်နောက်ကျကာ ဒလီဗာရီ နောက်ကျခြင်း၊ မှားယွင်းခြင်း အစရှိသော ပြဿနာများစွာ ပေါ်လာနိုင်ပါသည်။

ထို့ကြောင့် သာမန်လူတွေကတော့ ရောင်းချသူတွေမှာ ရှိသည့် ကုန်စည်အားလုံးကို ပလက်ဖောင်းတစ်ခုပေါ် စုစည်းလိုက်ပြီး ကတ်စတမ်မာများက ဒလီဗာရီစီစဥ်မှုများကို အွန်လိုင်းပေါ်က လုပ်နိုင်ဖို့ တွေးမိလိမ့်မည်။

သို့သော်လည်း ဖေးချမ့်ကတော့ ဒီလိုလုပ်ဖို့ အစီအစဥ် မရှိပါ။

"မင်းတို့တွေက လောလွန်းတယ်။"

"ငါတို့အစားစားရင် တစ်ဇွန်းစီ စားသလိုမျိုး ငါတို့အစီအစဥ်ကိုလည်း တစ်ဆင့်ချင်းစီ ဆောင်ရွက်ရမှာပေါ့ကွ။ လောလောဆယ် လူတွေမှာ တူညီတဲ့ အကျင့်စရိုက်တွေ မရှိကြသေးဘူး။ ငါတို့ ယွီအင်တာနက်ကဖေးကလည်း သီးသန့် F&B ဘရန်း မဟုတ်သလို နာမည်လည်း ရမလာသေးဘူး။ ငါတို့ ဝက်ဘ်ဆိုက်ကို အောင်မြင်စွာနဲ့ ဖန်တီးလိုက်ပြီပဲထားဦး။ ဘယ်လိုကြော်ငြာမှာလဲ။ ဝက်ဘ်ဆိုက်က ငါတို့ထင်ထားသလို ဖြစ်လာမယ်လို့ ဘယ်လို အာမခံနိုင်မှာလဲ။”

"ပြီးတော့လည်း ဒီလိုလုပ်ငန်းတွေရဲ့ အကြီးမားဆုံး ပြဿနာက ကြော်ငြာဖို့ မဟုတ်ဘူး။ စျေးကွက်ထဲမှာ ဦးဆောင်နိုင်ဖို့ မဟုတ်ဘူး။ စစ်ဆေးနိုင်ဖို့ မဟုတ်ဘူး။ အစားအသောက်က အရမ်း အရေးကြီးတယ်။ လမ်းဘေးက မသန့်ရှင်းတဲ့ စားသောက်ဆိုင်တွေ ငါတို့ဆီရောက်လာပြီး မသန့်ရှင်းတဲ့ အစားအစာတွေ ရောင်းချတာကြောင့် ကတ်စတမ်မာတွေ အစာအဆိပ်သင့်ကုန်ရင် ငါတို့က ကြားခံပလက်ဖောင်းဖြစ်လို့ အကုန်တာဝန်ယူရလိမ့်မယ်။”

"မင်းတို့ရဲ့ ပလက်ဖောင်းတစ်ခု တည်ဆောက်မယ့် အကြံက အရမ်းလွယ်တဲ့ပုံပေါက်ပေမယ့် အဲ့လိုပြဿနာတွေဖြစ်လာရင် ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကော စဥ်းစားဖူးရဲ့လား။"

ဖေးချမ့်၏ မေးခွန်းများက မာယန်ကို ဆွံ့အသွားစေခဲ့သည်။

ဟုတ်တယ်။ ဒီအိုင်ဒီယာက နည်းနည်း လက်တွေ့မဆန်တဲ့ပုံစံပဲ။ ဒါပေမယ့်.... အဲ့လို မလုပ်ရင် ငါတို့ဘယ်လိုလုပ်နိုင်ဦးမှာလဲ။

သုံးယောက်သား ဖေးချမ့်ကို ကြည့်လိုက်ကြသည်။

ဖေးချမ့်က ပြုံးကာ ပြောလိုက်၏။ "အေးဆေးပေါ့။ ငါတို့ တစ်ဆင့်ချင်းစီ သွားကြမယ်။”

"ပထမဆုံးအနေနဲ့ ငါတို့ကိုယ်ပိုင် F&B ဘရန်းတစ်ခု နာမည်ရလာအောင် လုပ်ရမယ်။ ငါတို့ ရိုးရိုးရှင်းရှင်း အစားအသောက်မှာယူခြင်း App လေးတစ်ခု လုပ်ကြမယ်။ ဒါပေမယ့် အဲ့ဒီ App က ငါတို့စားသောက်ဆိုင်နဲ့ပဲ ချိတ်ဆက်မှာနော်။ ငါတို့စားဖိုမှူးတွေက ထိပ်တန်းအဆင့်တွေချည်းပဲ။ ငါတို့ ဟင်းချက် ပါဝင်ပစ္စည်းတွေကလည်း လတ်ဆတ်ပြီး သန့်ရှင်းတယ်။ သေချာပေါက် ပြဿနာ ရှိလာမှာ မဟုတ်ဘူး။"

"ငါတို့ အဆင့်မြင့်စျေးကွက်ကို သိမ်းပိုက်မယ်။ ငါတို့ ဘရန်းနာမည်ကို တည်ဆောက်ပြီး ငါတို့ရဲ့ လွှမ်းမိုးမှုကို ကျင်းကျိုးမြို့က စလို့ နိုင်ငံတော်တစ်ခုလုံးအထိ တိုးချဲ့သွားကြမယ်။"

သုံးယောက်သား အချင်းချင်း ကြည့်လိုက်ကြသည်။ ဒီအစီအစဥ်က ဖြစ်နိုင်ပေသည်။

ဒါပေမယ့်...

အစီအစဥ်က ကောင်းမွန်သော်လည်း တစ်ခုခု ထူးဆန်းနေသလိုပင်။

"ဒါဆို ငါတို့ F&B ဘရန်းနာမည်က ဘာတဲ့လဲ" မာယန်က မေးလိုက်သည်။

ဖေးချမ့်က ပြုံးကာ ပြန်ဖြေလိုက်၏။ "ယွီသရေစာ"

လင်းခန်ရုံက ဇဝေဇဝါဖြစ်သွားသည့်ပုံပင်။ "ဒါပေမယ့် ဘော့စ်ဖေး အခု သရေစာ စားသောက်ဆိုင် တော်တော်များများက ရှိပြီးသားလေ။ နာမည် သိပ်မရှိတဲ့ စာသောက်ဆိုင်တွေကတောင် အစားအသောက် ဒလီဗာရီဝန်ဆောင်မှုကို ကျင့်သုံးကြတယ်။ ကျွန်တော်တို့ အစားအသောက်တွေက အရသာရှိပေမယ့် အိမ်ချက်ဟင်းလျာသာသာပဲရှိတာလေဗျ။ တခြား စားသောက်ဆိုင်တွေထက် သိပ်ပြီး ထူးကဲနေမယ် မထင်ဘူး။ ကြော်ငြာနဲ့ စျေးနှုန်းလည်း ရှိသေးတယ်..."

အမှန်ပင်။ စားဖိုမှူးတစ်ယောက်အနေဖြင့် အစီအစဥ်၏ အားနည်းချက်တစ်ခုကို ချက်ချင်း ထုတ်ပြလိုက်ပါသည်။

ဖေးချမ့်က နူးညံ့စွာ ပြုံးလိုက်ပါသည်။ "အဲ့တာကြောင့် ငါတို့က အဆင့်မြင့်စျေးကွက်ကို သိမ်းပိုက်မယ်လို့ ပြောတာပေါ့။”

"တခြားသူတွေက သူတို့ အစားအသောက်ကို ထုတ်ပိုးဖို့ ပလတ်စတစ်အိတ်တွေ၊ ပလတ်စတစ်ဗူးတွေကို သုံးကြတယ်။ အဲ့တာ အရမ်း သန့်ရှင်းမှု မရှိသလို ကြည့်ရတာလည်း မလှမပ ဖြစ်စေတယ်။ အဲ့တာကြောင့် လူတွေက အစားအသောက် ဒလီဗာရီ မှာယူမယ့်အစား ကိုယ့်ဖာသာကိုယ်ပဲ လာစားကြတာကို ပိုအားပေးတာကွ။”

"တကယ်တော့ အထဲက အစားအသောက်က အတူတူပါပဲ။ တစ်ခုတည်းသော ခြားနားချက်က ထုတ်ပိုးမှုပဲ။ အဲ့တာက လူသားတွေက အမြင်နဲ့ ဆုံးဖြတ်တတ်တဲ့ သတ္တဝါတွေဖြစ်ကြောင်း ပြသနေတာပဲ။ သူတို့က အစားအသောက်ရဲ့ အရသာထက် အလှအပကိုပဲ ပိုကြည့်ကြတယ်။”

"ငါတို့ အစားအသောက်တွေ အကုန်လုံးကို စိတ်ကြိုက်ပြုလုပ်ထားသည့် ကြွေထည် အိုးခွက်ပန်းကန်တွေနဲ့ ဝယ်သူရဲ့ တံခါးရှေ့အထိ သတ်မှတ်ထားတဲ့ ဒလီဗာရီ ဒရိုင်ဘာတွေက ပို့ဆောင်ပေးလိမ့်မယ်။ ငါတို့ သတ်မှတ်ထားတဲ့အချိန်မှာ ပန်းကန်တွေ ဘာတွေကို ပြန်သိမ်းဆည်းကြမယ်။ အနီးအနားက စားသောက်ဆိုင်တွေကို ငါတို့ရဲ့ ပန်းကန်ခွက်ယောက်တွေနဲ့တင် ဖျက်ဆီးပြမယ်။"

ဖေးချမ့်က အလွန် ယုံကြည်ချက် ပြည့်ဝနေသည့်ပုံပင်။ သူ့စကားကြောင့် သူတောင် ယုံကြည်မှုရှိလာသလိုလိုဖြစ်သည်။

မာယန်က ဖေးချမ့်၏ စကားကြောင့် စိတ်လှုပ်ရှားသွားတာ သိသာပါသည်။ သူ့မျက်လုံးထဲက မီးတောက်များ ပြန်လည်တောက်ပလာ၏။

ထိုအချိန်တွင် လင်းခိုင်ရုံက ကျန်းယွမ်ကိုကြည့်လိုက်သည်။ တစ်ယောက်မျက်လုံးထဲက စိတ်ရှုပ်မှုကို နောက်တစ်ယောက် မြင်လိုက်ရသည်။

သူတို့နားမလည်ပါ။ ဘယ်လို အလုပ်ဖြစ်မည်နည်း။

ဘော့စ်ဖေးရဲ့ အကြံကပဲ အရမ်းဆန်းသစ်နေတာလား။ သူတို့အကြံတွေကပဲ အရမ်းဒိတ်အောက်နေတာလား။

အခန်း(၁၆၃) ဗားရှင်းအသစ် လက်နက်အသစ်

ဖေးချမ့်က သူတို့သုံးယောက်ကို တွန့်ဆုတ်ဖို့ အချိန်တောင် မပေးပါ။ ချက်ချင်းပဲ သက်ဆိုင်ရာ တာဝန်များကို ခွဲဝေပေးလိုက်ကြသည်။

"အဲ့တော့က စားဖိုမှူးလင်း ခင်ဗျားက အခု ဒီကိစ္စကို လေ့လာပြီး ဒီအင်တာနက်ကဖေးမှာ ရှေ့ပြေး ပရောဂျက်တစ်ခုကို ဖန်တီးဖို့ တာဝန်ယူရမယ်။"

"မီနူးရွေးချယ်မှုတွေ၊ ဒလီဗာရီနယ်မြေတွေ၊ အော်ဒါမှာဖို့အတွက် ဝက်ဘ်ဆိုက် သို့မဟုတ် မိုဘိုင်းအပလီကေးရှင်းတွေ၊ အစပိုင်း ကြော်ငြာဖို့တွေကိုတော့ မာယန်နဲ့ ကျန်းယွမ်တို့ မင်းတို့ နှစ်ယောက် တာဝန်ယူလိုက်။ ပြီးရင် မင်တို့ရဲ့ တင်ပြချက်တွေ ပြဦး။ မင်းတို့တွေ ဒီအပတ်ထဲ အကြမ်းဖျင်း အစီအစဥ်ကို တင်ပြပေးနိုင်ရင် အကောင်းဆုံးပဲ။ ပြီးရင် ငါတို့ ဒလီဗာရီဝန်ဆောင်မှုကို နောက်အပတ်ထဲ စတင်လို့ ရလောက်ပြီ။”

မာယန်က သူ့ရင်ဘတ် သူ ပုတ်ပြီး ပြောလိုက်ပါသည်။ "စိတ်ချထားပါ ညီအစ်ကိုချမ့်။ မင်းငါ့ကို အဲ့အတွက်တော့ အားကိုးလို့ ရတယ်။”

အခု ရှိနေပြီးသား ဒလီဗာရီဝန်ဆောင်မှုများ ရှိပါသည်။ ဘာပဲဖြစ်ဖြစ် ယွီအင်တာနက်ကဖေးက ထန်းတာ့ဝန်ထမ်းအားလုံး၏ နေ့လည်စာအတွက်လည်း အခု တာဝန်ယူထားရသည်မဟုတ်ပါလား။ သူတို့ အစားအသောက်များကို သွားရောက်ပို့ဆောင်ပေးရသည်။

သို့သော်လည်း အခုတစ်ခေါက်မှာတော့ အသေးစိတ်တချို့ကို ပြင်ဆင်ပြီး ဒလီဗာရီဝန်ထမ်းများ ငှားရမ်းရတော့မည်။ ဒါတွေအားလုံးပြင်ဆင်ပြီးသောအခါ အနီးအနားရှိ ဒီလီဗာရီလိုအပ်ချက်များကို ဖြည့်ဆည်းပေးလို့ရပါပြီ။

အမှန်ပင်။ ယွီသရေစာ ဒလီဗာရီဝန်ဆောာင်မှုက တခြား နယ်မြေများသို့ မပြန့်နှံ့သေးခင် ယွီအင်တာနက်ကဖေး၏ ပတ်ဝန်းကျင်မှာပဲ စတင်ရမည်ဖြစ်သည်။

လောလောဆယ် ယွီအင်တာနက်ကဖေး၏ ၂ ကီလိုမီတာ ဝန်းကျင်ကိုသာ ဒလီဗာရီဝန်ဆောင်မှု ပေးနိုင်ပါသေးသည်။ သူတို့ ဆိုင်ခွဲများထပ်ဖွင့်ပါက တစ်မြို့လုံးကို လွှမ်းမိုးမည့် ပန်းတိုင်အား အကောင်အထည် ဖော်နိုင်ပါလိမ့်မည်။

ပြောရမည်ဆိုလျှင် ဒီလို ဟိုမရောက်ဒီမရောက်စတိုင်နည်းလမ်းက စီးပွားရေးလည်း သိပ်မကျ သိပ္ပံနည်းလည်း သိပ်မကျပါ။

သို့သော်လည်း စီးပွားရေးလည်း မကျ သိပ္ပံနည်းလည်း မကျသည့် အရာများကိုသာ ဖေးချမ့်က ရည်ရွယ်နေခြင်း ဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် ယွီအင်တာနက်ကဖေးကို သူ့အတွက် ငွေဆုံးရှုံးပေးနိုင်ဖို့ အားကိုးနေရခြင်းဖြစ်သည်။

ဆိုင်ခန်းများက အလုပ်တစ်ခုသာ လုပ်ပါက၊ ဥပမာ အင်တာနက်ကဖေးဖွင့်ခြင်း၊ စားသောက်ဆိုင်ဖွင့်ခြင်း၊ ဘားဖွင့်ခြင်း၊ ဒလီဗာရီဝန်ဆောင်မှုများ ပေးခြင်း တစ်ခုခုကိုသာ ဆောင်ရွက်ပါက ဖေးချမ့် မြှုပ်နှံထားသည့် ငွေအရင်းအနှီးကိုကြည့်ခြင်းအားဖြင့် အမြတ်ငွေ ပြန်ရနိုင်ချေရှိသေးသည်။

ဘာပဲဖြစ်ဖြစ် စနစ်က ဖေးချမ့်ကို နည်းလမ်းများစွာဖြင့် ကန့်သတ်ထားသည်။ အရည်အသွေးနိမ့် ထုတ်ကုန်များကို ရောင်းချလို့ မရပါ။ ထို့ကြောင့် သူ ငွေဘယ်လောက်ပဲ သုံးထားပါစေ သူကမ်းလှမ်းထာသည့် ဝန်ဆောင်မှုနဲ့ ပစ္စည်းများက အရည်အသွေးတစ်ခုတော့ ရှိမည်။ သူ့ထုတ်ကုန်များက ဘယ်လောက်ပဲ စျေးကြီးကြီး စျေးပေါပေါ ပစ်မှတ်ထားသည့် လူတစ်စုတော့ ရှိရမည်။

အင်တာနက်ကဖေးကို ဟိုမရောက် ဒီမရောက် ဆိုင်အဖြစ် ပြောင်းလဲလိုက်ခြင်းက အစိတ်အပိုင်းများစွာကို တစ်ခုနဲ့တစ်ခု လွှမ်းမိုးလျက် ဆွဲချနိုင်သည်။ ထိုအခါ ဖေးချမ့်၏ ငွေဆုံးရှုံးမည့် ပန်းတိုင်ကို အောင်မြင်နိုင်ပါလိမ့်မည်။

အခု ယွီအင်တာနက်ကဖေး၏ အခြေအနေကို ဖေးချမ့်က အလွန်ကျေနပ်မှုရှိပါသည်။

အင်တာနက်ကဖေးတွင် ရနိုင်သည့် ဝန်ဆောင်မှုပေါင်းစုံထထဲ ဖေးချမ့်က F&B ရောင်းချမှုကို အကျေနပ်ဆုံး ဖြစ်ပါသည်။ ဒီကဏ္ဍကို ထပ်ပြီး တိုးချဲ့ချင်ပါသေးသည်။

စားဖိုမှူး အနည်းငယ်ကို ခန့်အပ်ဖို့က သိပ်ပြီး ကုန်ကျမှု မရှိနိင်ပါ။ သို့သော်လည်း ဒလီဗာရီဝန်ထမ်းများ၊ သန့်ရှင်းရေးနဲ့ မီးဖိုချောင်သုံးပစ္စည်းများကို သန့်ရှင်းဖို့ တာဝန်ရှိသည့် ပန်းကန်ဆေးသမားများ၊ ဝက်ဘ်ဆိုက်နဲ့ App အတွက် R&D ပညာရှင် တစ်ယောက်ယောက် အစရှိသဖြင့် ထပ်ပြီး ခန့်အပ်လိုက်ပါက အလွန် ခြားနားသည့် အခြေအနေတစ်ခု ဖြစ်လာနိုင်ပါသည်။

နောက်ပိုင်း ယွီအင်တာနက်ကဖေးဆိုင်များ ပိုများလာသည့်အခါ သူ့အရှုံးက အဆပေါင်းများစွာ တိုးမြင့်သွားလိမ့်မည်။ ဒီလိုအခွင့်ကောင်းမျိုး ဘယ်မှာ ရှာတွေ့နိုင်ဦးမည်နည်း။

ဖေးချမ့်က ဒီအရေးကြီးသည့် တာဝန်ကို မာယန်အား ပေးအပ်လိုက်ပါသည်။ သူ့အပေါ်တွင် မျှော်လင့်ချက် မြင့်မြင့် ထားရှိထားသောကြောင့် ဖြစ်ပါသည်။

ထို့ကြောင့် ချန်းလျဲ့ ထွက်သွားသည့်အတွက် အလွန်အမင်း စိတ်ဓာတ်မကျအောင် မာယန်အား လုပ်စရာ တစ်ခုခု ပေးလိုက်ပါသည်။ သူ ဝိတ်တက်လာလျှင် ကောင်းမှာ မဟုတ်ပေ။

ခဏလောက် တာဝန်များ ခွဲဝေပေးပြီးနောက် ဖေးချမ့် နောက်ဆုံးတော့ အေးအေးဆေးဆေး ဖြစ်သွားပါပြီ။ ယွီအင်တာနက်ကဖေးတွင် တောက်လောင်လာနိုင်သည့် မီးပွားများကို ဖေးချမ့်က ရှာတွေ့ပြီး မီးတောင် ဖြစ်မလာခင် ငြှိမ်းသတ်နိုင်ခဲ့သည်။

ဇွန်လ ၁၀ ရက်နေ့...

ထန်းတာ့ နက်ခ်ဝါ့ နည်းပညာ ကုမ္ပဏီလိမိတက်တွင်...

ဖေးချမ့်က ဂိမ်းများ၏ ဗားရှင်းအသစ်များကို အနည်းငယ် အာရုံစိုက်ထားသည်။ အဆုံးသတ် အပ်ဒိတ်လာမည့်အချိန်က တစ်ပတ်ကျော်ကျော်လေးသာ ကျန်တော့သည်။ သူတို့ စစ်ဆေးသည့် လုပ်ငန်းစဥ်များအတွက် ရက်နည်းနည်းလောက်တော့ ချန်ထားရဦးမည်။ ထို့ကြောင့် ယခုဆို လုပ်ဆောင်ချက် တော်တော်များများက ပြီးမြောက်နေပါပြီ။

ပန်းချီအရင်းအမြစ်ကိုတော့ အပြည့်အဝ မရသေးပေ။ ရွမ်ကွမ်းကျန်က တစ္ဆေစစ်သူကြီး၏ Concept Art အားလုံးအတွက် တာဝန်ယူထားရသူ ဖြစ်သည်။ ထို့ကြောင့် အရည်အသွေးရှိသည့် လက်ရာရဖို့အတွက် အချိန်ယူရပြီး လောလို့ မရနိုင်ပါ။

ဇွန်လ ၁၈ ရက်နေ့ ဗားရှင်း အပ်ဒိတ် မတိုင်ခင် ပန်းချီအရင်းအမြစ်အားလုံး ပြီးမြောက်နိုင်ရင် အဆင်ပြေပါပြီ။

ပန်းချီအရင်းအမြစ်များက ပရိုဂရမ်ဆွဲရသည့် တခြား လုပ်ဆောင်ချက်များနဲ့ မတူညီပါ။ ကစားသမားများ၏ ဂိမ်းရသကို ထိခိုက်စေမည့် bug မျိုး ရှိမှာ မဟုတ်ပေ။

ဖေးချမ့်က ဂိမ်းဗားရှင်းအသစ်၏ လုပ်ဆောင်ချက် အသစ်မျိုးစုံကို စစ်ဆေးကြည့်လိုက်သည်။ ရောင်းနိုင်မည့် အိုင်တမ်အသစ်များကိုလည်း စစ်ဆေးကြည့်လိုက်ပါသည်။

ဒီဂိမ်းများ၏ ဗားရှင်းအသစ်များက သေချာပေါက် ပိုက်ဆံရနိုင်မှာကို ဖေးချမ့်သိပါသည်။ ရနိုင်မည့် ပမာဏကတော့ သူမျှော်လင့်ထားသည့် ပမာဏထဲမှာပဲရှိပါသေးသည်။ ထို့ကြောင့် ဝယ်နိုင်သည့် အိုင်တမ်အသစ်များကို စိတ်မပူပါ။

အပ်ဒိတ် အသစ်များထဲတွင် အကြောင်းအရာအသစ်များစွာ ပါဝင်ပေသည်။ သို့သော်လည်း အပ်ဒိတ်အများစုက ပန်းချီအရင်းအမြစ်များနဲ့ သက်ဆိုင်နေပါသည်။

အထီးကျန်ကန္တာရလမ်းတွင် မြေပုံအသစ် ၁၀ ခုနဲ့ အဆုံးမဲ့ မုဒ်တစ်ခု အသစ် ထည့်ထားသည်။ ဒီ အဆုံးမဲ့ မုဒ်အသစ်ကြောင့် ဝင်ငွေရနိုင်လိမ့်မည့်ဟု ဖေးချမ့် လုံးဝ မထင်ပါ။ DLC တစ်ခုကို ၁ယွမ်နဲ့ ရောင်းချတာ အလွန်ကျိုးကြောင်းသင့်လျော်သော်လည်း မြေပုံအသစ်နဲ့ ဂိမ်းကို ပြန်ကစားဖို့အတွက်လောက်နဲ့ DLC ကို ဝယ်ယူကြမည့်လူ များများစားစား ရှိလိမ့်မည်ဟု ဖေးချမ့် ထင်မထားပေ။

တစ္ဆေစစ်သူကြီးတွင် စစ်သူကြီး အသစ် ၅၀ ပါဝင်ပေသည်။ ၎င်းတို့က ၅ ယွမ်တန် DLC အသစ်ထဲတွင် ပါဝင်သည်။ ဖေးချမ့်၏ အမြင်မှာတော့ ငွေရနိုင်ချေ အလယ်အလတ်မှ အမြင့်အထိရှိသည်။ သို့သော်လည်း ထို စစ်သူကြီး ၅၀ ကို ဖန်တီးဖို့ သုံးလိုက်ရသည့် ၂၅၀,၀၀၀ ပမာဏကြီးကြောင့် သူတို့ အရင်းပြန်ကျေဖို့အတွက် ၁၀၀,၀၀၀ DLC ရောင်းရမှဖြစ်ပါမည်။

သူတို့အများဆုံး အရင်းသာ ကျေနိုင်ရုံရှိမည်ဟု ဖေးချမ့် ခန့်မှန်းလိုက်ပါသည်။ သို့သော်လည်း များများစားစား အမြတ်ရဖို့တော့ မဖြစ်နိုင်ပါ။

ဂိမ်းဒီဇိုင်နာ၏ DLC ကလည်း ၅ ယွမ် ဖြစ်သည်။ ဒီဂိမ်းက အမြတ်ရခြင်း မရခြင်းကို ကန့်သတ်ထားသည့် မျဥ်းကြောင်းသွယ်သွယ်လေးပေါ်မှာ အသက်လုနေရမည့်ဂိမ်းမျိုး ဖြစ်ပါသည်။

အကြီးမားဆုံး ပြဿနာက သမုဒ္ဒရာရဲတိုက် ဖြစ်၏။

သမုဒ္ဒရာရဲတိုက်တွင် ဇာတ်လမ်းအသစ်တစ်ခု ပါဝင်သည်။ ဆက်တင်အသစ်၊ ဇာတ်ကောင်အသစ်များ၊ လက်နက်အသစ်များ ပါဝင်သည်။ ထို အပ်ဒိတ်များက အားလုံး အခမဲ့ ဖြစ်ပါသည်။ သို့သော်လည်း ဝယ်ယူနိုင်သည့် တစ်ခုတည်းသော ပစ္စည်းက အကန့်အသတ်ဖြင့် ရောင်းချပေးသည့် Epic လက်နက် အသစ်တစ်ခု ဖြစ်ပါသည်။

လတိုင်း ၈၈၈ ယွမ်တန် လက်နက် ၅၀၀ ကို ရောင်းချနိုင်မည်။ ဆိုလိုတာက ပလက်ဖောင်းအတွက် ကော်မရှင်ခကို နုတ်ယူပြီးနောက် ဖေးချမ့် လတိုင်း ၂၀၀,၀၀၀ ယွမ်နီးပါး ရနိုင်မည်ဟူသည့်သဘော ဖြစ်ပေသည်။

သမုဒ္ဒရာရဲတိုက်၏ အဓိက ဝင်ငွေရင်းမြစ်က အလွန်များပြားသည့် ကစားသမားများနဲ့ ရောင်းချနိုင်သည့် အနီရောင်ချီလင်လက်နက် အရေအတွက်များ ဖြစ်ပါသည်။ လစဥ်လတိုင်း ကစားသမားအသစ် သောင်းနဲ့ ချီပြီး ရှိပါသည်။ သူတို့ထဲက အစိတ်အပိုင်းလေးတစ်ခုပဲ အနီရောင်ချီလင်လက်နက်ကို ဝယ်ယူရင်တောင် စုစုပေါင်း အမြတ်က များပြားနေဆဲ ဖြစ်သည်။

ဒါကို ထည့်တွက်ကြည့်ပါက Epic လက်နက်အသစ်များမှ ရသည့်ပိုက်ဆံက အတော်လေးများ ပြားပါသည်။

ဒီလ စာရင်းစာအုပ်ကို ကြည့်ကြည့်သောအခါ R&D ကုန်ကျစရိတ်ကို ပြန်ကာမိဖို့ ၂၀၀,၀၀၀ ယွမ်ဆိုတာ နည်းတော့ နည်းလွန်းနေပါသေးသည်။ သို့သော်လည်း စည်းကမ်းချိုးဖောက်မှုအဖြစ် စနစ်က မသတ်မှတ်ရခြင်းမှာ လက်နက်အသစ်က ရေရှည် ဝင်ငွေအရင်းအမြစ်တစ်ခု ဖြစ်သောကြောင့် ဖြစ်ပါသည်။

အကြောင်းအရာကို အပ်ဒိတ် တင်လိုက်တာနဲ့ လာမယ့်လများတွင် ကုမ္ပဏီက တူညီသည့် ပမာဏကိုရနိုင်သည်။ တစ်ချိန်တည်းမှာပဲ ဗားရှင်းအသစ်များ၏ R&D ကုန်ကျစရိတ်များက တစ်ကြိမ်တစ်ခါသာ ကုန်ကျခြင်း ဖြစ်သည်။ လက်ရှိကစားသမားများ၏ ဂိမ်းအပေါ် စိတ်ဝင်စားမှုက ဆက်တည်ငြိမ်နေဆဲဖြစ်ပြီး အရင် ကစားသမားများလည်း ဂိမ်းကိုပြန်လာသဖြင့် ရေရှည်အရဆို အရှုံးပေါ်လိမ့်မည်ဟု သတ်မှတ်လို့ မရပါ။

ထို့ကြောင့် သမုဒ္ဒရာရဲတိုက်၏ Epic လက်နက်က ကစားသမားများကို ငွေသုံးစွဲအောင် လုပ်နိုင်သော်လည်း သူတို့ ဘယ်လောက်ပဲ သုံးချင်ပါစေ တခြား ကစားသမားများ မဝယ်နိုင်ခင် လက်နက်ကို ဝယ်ရမည်။ ထို့ကြောင့် ထန်းတာ့က ခန့်မှန်းချေ ၂၀၀,၀၀၀ ထက် ဘယ်တော့မှ ပိုပြီး မရနိုင်ပါ။ ဖေးချမ့် လုံးဝ စိတ်မပူပေ။

အနီရောင်ချီလင်လက်နက်ကို ထုတ်လုပ်ပြီးနောက် သမုဒ္ဒရာရဲတိုက် ထပ်မံထုတ်လုပ်မည့် Epic လက်နက်အသစ်မှာ Barret Doom ဖြစ်သည်။

ဒီစနိုက်ပါရိုင်ဖယ်ကို ဘယ်လောက်တောင် ချဲ့ကားထားသလဲဆိုတာကိုမြင်ပြီး ဖေးချမ့် ပြုံးလိုက်မိပါသည်။

သေနတ်ကိုကြည့်လိုက်ရုံနဲ့ လုမင်လျန်၏ မကျေနပ်ချက်များကို ခံစားမိသည်။

သမုဒ္ဒရာရဲတိုက်၏ Epic လက်နက်အသစ် ရောင်းချမှုကို ၅၀၀ အဖြစ် ကန့်သတ်လိုက်ပါက ကစားသမားများထံမှ ကန့်ကွက်မှုကို ခံရလိမ့်မည်ဟု အရင်က သူ တင်ပြဖူးပါသည်။ ပမာဏကို ၅,၀၀၀ အဖြစ် ပြောင်းလဲဖို့ အကြံပေးသော်လည်း ဖေးချမ့်က ငြင်းခဲ့သည်။

ဖေးချမ့်အတွက် ငွေရှာပေးရန် လုမင်လျန် ဒီသေနတ်အတွက် အများကြီး အင်အားစိုက်ထုတ်ထားတာကို မြင်နိုင်ပါသည်။

စနိုက်ပါရိုင်ဖယ်သေနတ်ဖြစ်သဖြင့် Barrett Doom က အနီရောင်ချီလင်လက်နက်ကို ဒီဇိုင်းပိုင်းမှာကော လုပ်ဆောင်ချက်အပိုင်းမှာကော ကျော်လွန်နေသည်။ သို့သော် ကျော်လွန်လည်း ဘာလုပ်ရမှာလဲ။

ဖေးချမ့်ဒါတွေကို လုံးဝ စိတ်မဝင်စားပေ။ သူက ရိုင်ဖယ် ၅၀၀ ရောင်းနိုင်ဖို့ကိုသာ စိတ်ထဲရှိသည်။ ထိုပမာဏထက် ပိုရောင်းရလျှင် သူ အရှုံးကိုဝန်ခံမည်ဖြစ်သည်။

အကန့်အသတ်ရှိ လက်နက်တွေကို ရောင်းတာ အမြတ်ရနိုင်စရာ အကြောင်း မရှိဘူးမလား။

ဗားရှင်းအသစ်အတွက် အပ်ဒိတ် များအားလုံးကို စစ်ဆေးပြီးနောက် ဖေးချမ့် အလွန်ကျေနပ်သွားပါသည်။ အနည်းဆုံးတော့ ထန်းတာ့က အရာအားလုံးကို သူ ထိန်းချုပ်ထားနိုင်ပါသည်။

ရှန်းယန်ဂိမ်းတွင် ဂိမ်းဟောင်းများ၏ နာမည်က ပြန်တက်လာသည်။ သို့သော်လည်း ဂိမ််းထဲက အမြတ်ရနိုင်သည့် အကြောင်းအရာ အများစုကို သူ လျှော့ချလိုက်ပါသည်။ ဂိမ်းက အရင်းပြန်ရဖို့ပင် အလွန်ခက်ခဲနိုင်သည်။ ဒီတစ်ခေါက်တော့ ငွေစာရင်းရှင်းချိန်မတိုင်ခင် ဘာပြဿနာမှ ဖြစ်မလာနိုင်တော့ဘူးဟု ဖေးချမ့်ခန့်မှန်းထားပါသည်။

သူ သေချာသတိထားပြီး အမြတ်ငွေဂဏန်းများကို မကြာခဏ အာရုံစိုက်ထားပါက ဘာပြဿနာမှ မရှိနိုင်ပါ။

ဟွမ်စစ်ပေါ်က သူ့ မှတ်တမ်းရုပ်ရှင်ကြောင့် အမြတ်ရနိုင်ခဲ့ရင်တောင် ငွေပုံမှန် ဆုံးရှုံးနေသည့် ယွီအင်တာနက်ကဖေး ရှိနေပါသေးသည်။ ရလာနိုင်သည့် အမြတ်များကို ထိုအရှုံးက ကာမိလောက်ပါသည်။

ထို့အပြင် နေ့စဥ်ကုန်ကျစရိတ်များ၊ ဝန်ထမ်းအကျိုးခံစားခွင့်များလည်း ရှိပါသေးသည်။ ရုတ်ခြည်း ဖြုန်းတီးမှု နောက်တစ်ခုသာ လုပ်လိုက်ပါက...

ဒီတစ်ခေါက်တော့ ၁၀၀,၀၀၀ မှ ၂၀၀,၀၀၀ အတွင်း အသာလေး အရှုံးပေါ်နိုင်လိမ့်မည်ဟု ဖေးချမ့်ခံစားမိပါသည်။

အမှန်ပင်။ သတိမဲ့စွာ နေလို့တော့ မဖြစ်ပါ။

အရင်တုန်းက ဖေးချမ့် ပိုက်ဆံဆုံးရှုံးတော့မည်ဟု သေချာသွားတိုင်း သူ့ဝန်ထမ်းများက သူ့ကို အမြဲတမ်း Surprise တိုက်တတ်သည်။ သူ့ကို သူတို့ပေးသည့် ခံစားချက်က သူ့နှလုံးသားတောင် ခံနိုင်ရည် မရှိပါ။

ဒီတစ်ခေါက်တော့ ဖေးချမ့် ရေခဲပါးပါးပေါ် လျှောစီးနေရသလို သဘောထားသည်။ ငွေစာရင်းရှင်းချိန်ရောက်ဖို့ နောက်ဆုံးစက္ကန့်မတိုင်ခင်အထိ သူ သတိမဲ့လို့ မဖြစ်ပါ။

အခန်း(၁၆၄) ထန်းတာ့မှာ ဝန်ထမ်းဖြစ်ရတာ ကံကောင်းလိုက်တာ

အခုတလော မာယိချွမ်တစ်ယောက် စိတ်ရွှင်နေပါသည်။ နောက်ဆုံးတော့ ထန်းတာ့က သူ့ကိုလက်ခံလိုက်ကာ ကုမ္ပဏီ၏ တရားဝင်ဝန်ထမ်းဖြစ်လာပြီဟု ခံစားမိပါသည်။ သူ ဒီလို အဖိုးတန် လုပ်ငန်းအခွင့်အရေးမျိုးကို ရရှိဖို့အတွက် နှစ်လလုံးလုံး ကြိုးစားသင်ယူခဲ့သည်။ ထို့ကြောင့် မာယိချွမ်က ဒီအခွင့်အရေးကို အလွန်တန်ဖိုးထားပါသည်။

ဂိမ်းများ၏ ဗားရှင်းအသစ်များအတွက် ဇာတ်လမ်းဇာတ်ကွက်၊ အကျဥ်းချုပ်များကို မာယိချွမ် စိတ်အားထက်သန်စွာဖြင့် ကြိုးစားပေးခဲ့ပါသည်။ တစ္ဆေစစ်သူကြီးအတွက်

All Chapters