ဆရာချောင်းကို တစ်ခုခုနဲ့ ဖိသတ်ထားလို့ မရဘူးလား
Vol. 12 Ch. 166
ထန်းတာ့၏ ဂိမ်းများကို အပ်ဒိတ်တင်ပြီးနောက် အင်တာနက်တခွင်လုံး ဗြောင်းဆန်သွားခဲ့ပါသည်။
သမုဒ္ဒရာရဲတိုက်၏ ကစားသမားများက ထန်းတာ့၏ ဘော့စ်ကို ဆဲဆိုနေကာ Barret Doom ကို ရောင်းချဖို့ ကန့်သတ်ထားသည့် ကန့်သတ်ချက်အား ဖျက်သိမ်းပေးဖို့ မျှော်လင့်နေကြသည်။ သို့သော်လည်း တခြား ကစားသမားတွေအားလုံးကတော့ ကျေးဇူးတင်ကာ ဝမ်းသာနေကြပါသည်။ နှိုင်းယှဥ်လို့ မရနိုင်လောက်အောင် ပျော်ရွှင်နေကြပါသည်။
မီဒီယာဌာနပေါင်းစုံက ထိုဗြောင်းဆန်မှုမျာားကို တင်ပြပါသည်။ တချို့ ကိုယ်ပိုင်မီဒီယာဌာနများကလည်း ရေစီးကြောင်းပေါ် လိုက်လာခဲ့ကြသည်။ ဥမာအားဖြင့် ဆရာချောင်းကို ကြည့်လိုက်ပါ။ နတ်ဘုရားအဆင့် ထုတ်ကုန်များ အောင်မြင်လာပြီးနောက် အိုင်လီကျွန်းထံမှ ကမ်းလှမ်းချက်တစ်ခုကို လက်ခံခဲ့သည်။ Potato Web မှ သူတို့ပလက်ဖောင်းသို့ ခုန်ကူးသွားခဲ့သည်။
သူတို့နဲ့ သာမန်ဖန်တီးသူ သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။ ကြည့်ရှုသူ ၁၀,၀၀၀ တိုင်း ယွမ် ၃၀ ခန့် သူ ရရှိနေမည်ဖြစ်သည်။ သို့သော်လည်း ဆရာချောင်း၏ တည်ငြိမ်နေသာ fanbase နဲ့ ဂိမ်းလောကမှ နာမည်ကျော် UP မာစတာ ဟူ၍ ဝက်ဘ်ဆိုက်က ထောက်ခံပေးထားသဖြင့် ဗီဒီယိုတိုင်း သူ့မှာ ကြည့်ရှုသူ သိန်းနဲ့ချီလိမ့်မည်ဟု အာမခံပြီးသား ဖြစ်နေပါသည်။
ဒီလိုနဲ့ ဆရာချောင်းက မသေချာ မရေရာသော ဘဝမျိုးနဲ့ မနေရတော့ပါ။ သူ့ဝင်ငွေများက တည်ငြိမ်လာ၏။
တစ်လကို သူ ဗီဒီယို ၂ ပုဒ်ပဲ ထုတ်လုပ်ပေးဖို့ လိုအပ်သည်။ တစ်ခုက ရေပန်းစားရမည်ဖြစ်ပြီး နောက်တစ်ခုက စပွန်ဆာပါဝင်ရမည်။ ပေါင်းလိုက်လျှင် စုစုပေါင်း ကြည့်ရှုသူ ၁.၅ သန်း ဝန်းကျင်လောက် ရှိနိုင်သည်။ ထောက်ပံ့ရေးအစီအစဥ်မှ ရသည့် အခကြေးငွေနဲ့ ကြော်ငြာခများကြောင့် သူ တစ်လကို ယွမ် ၅,၀၀၀ သို့မဟုတ် ၆,၀၀၀ လောက် ရနိုင်ပါသည်။ အရင်တုန်းက သူ့အခြေအနေနဲ့ ယှဥ်လိုက်လျှင် ဒါက အများကြီး ပိုအဆင်ပြေပါသည်။
သို့သော်လည်း အခုချိန်ထိ သူ့ကိုအခုလို နာမည်ကြီးလာစေခဲ့သော နတ်ဘုရားအဆင့်ထုတ်ကုန်များ၏ အပိုင်း ၂ကို မတင်ရသေးပါ။
လူတွေက နေ့တိုင်း သူ့ကို ဗီဒီယိုတွေကို ထပ်တင်ဖို့ တိုက်တွန်းနေသည်။ သို့သော်လည်း ဆရာချောင်း၏ ပြန်စာကလည်း အမြန်ထွက်လာပါသည်။ "စိတ်မကောင်းပါဘူး။ ဂိမ်းဒီဇိုင်နာနဲ့ ခေါင်းစဉ်ကော အကြောင်းအရာကော ယှဥ်နိုင်တဲ့ ဂိမ်းမျိုး နိုင်ငံတော်ထဲမှာ တခြား မရှိတော့ပါဘူး။ ရှိရင် ဒီခေါင်းစဥ်အောက်မှာ ချက်ချင်း တင်သွားမှာပါ။ မဟုတ်ရင်တော့ ကျွန်တော့်နာမည် အပျက်ခံပြီး အတင်းအကြပ် မတင်နိုင်ပါဘူး။"
ချောင်းလျန်၏ စကားလုံးများက ၃၀ ရာခိုင်နှုန်းလောက်သာမှန်ပြီး ၇၀ ရာခိုင်နှုန်းလောက်က တကယ် မဟုတ်ပါ။ တကယ်တော့ ဒီခေါင်းစဥ်အောက်မှာ အပိုင်းသစ် ဆက်တင်ချင်ပါက နိုင်ငံခြားဂိမ်းများနဲ့ ဂန္တဝင်ဂိမ်းများကို လိုက်ရှာလိုက်ရုံပဲဆိုတာ သူ သိပါသည်။ ဒါဆိုရင် သေချာပေါက် သူ ဗီဒီယိုတွေ ထပ်ပြီး ဖန်တီးနိုင်လိမ့်မည်။
သို့သော်လည်း အမှိုက်ဂိမ်းဆွေးနွေးခြင်း၊ အကောင်းဆုံးဂိမ်းသစ်များနဲ့ တခြား ကျပန်းဗီဒီယီုများမှ တစ်လကို ယွမ် ၅,၀၀၀ - ၆,၀၀၀ ရနေနိုင်ပါသည်။ နတ်ဘုရားအဆင့် ထုတ်ကုန်များအတွက် ဂိမ်းအသစ်များကို ရှာဖွေဖို့ သူ့မှာ အချိန်ကော အားအင်ကော မရှိပါ။
ထန်းတာ့ ရာဇဝင်တွင် သဘောအကောင်းဆုံး DLC အပ်ဒီတ်များကို ထုတ်လုပ်ပြီးသွားသောအခါ ဆရာချောင်း ပျော်ရွှင်မှုတွေ မထိန်းနိုင်တော့ပါ။ သူ့ကိုယ်ပိုင် ထောက်တိုင်အား အပ်ဒီတ်တင်ဖို့အတွက် သတင်းသစ်တစ်ခုကို ရေးသားခဲ့ပါသည်။
"ကျွန်တော် ထန်းတာ့ဂိမ်းရဲ့ နောက်ဆုံးထွက် အပ်ဒီတ်တွေကို စောင့်ကြည့်နေတာ ကြာပါပြီ။ တစ္ဆေစစ်သူကြီးနဲ့ သမုဒ္ဒရာရဲတိုက်တို့က အပ်ဒီတ်အတင်ခံရမယ်ဆိုတာ သိပြီးသားပါ။ ဒါပေမယ့် အထီးကျန် ကန္တာရလမ်းကိုပါ အပ်ဒီတ်တင်လိမ့်မယ်လို့ ထင်မထားဘူးဗျာ။”
"ဒီဂိမ်းအကြောင်းပြောရင် လူတွေက နားလည်မှုလွဲကြလိမ့်မယ်။"
"အဲ့တာက ထန်းတာ့ရဲ့ ပထမဆုံးဂိမ်းပဲ။ ကျွန်တော် အရင်တုန်းက ဝေဖန်ဖူးတယ်။ ရှုထောင့်ပေါင်းစုံကကြည့်ရင် ဒီဂိမ်းက တော်တော်လေး အကြမ်းဖျင်းဆန်ဆန် ထုတ်ထားတဲ့ပုံစံပေါက်ပါတယ်။ အဲ့ဒီအပေါစားဆန်တဲ့ဂိမ်းကို ထန်းတာ့ရဲ့ ဂိမ်းသမိုင်းကြောင်းမှာ အမည်းစက်တစ်ခုလို့တောင် အများစုက သတ်မှတ်ကြတယ်။"
"ဒါက ထန်းတာ့ရဲ့ မူလအစမို့လို့ ဒီလိုဖြစ်ခဲ့တာနေမှာပါလို့ ကျွန်တော် တွေးခဲ့ဖူးတယ်။ ကုန်ကျစရိတ်တွေ ဘာတွေအတွက် ရန်ပုံငွေတွေ အကန့်အသတ်ရှိလို့ ဖြစ်မှာပေါ့။ အဲ့တာကြောင့် ဂိမ်းက အရမ်း အပေါစားဆန်ဆန်ပုံစံဖြစ်နေတာပေါ့။"
"ဒါပေမယ့် နောက်ဆုံးတော့ ကျွန်တော်နားလည်သွားခဲ့ပြီ။ ကျွန်တော် မှားသွားတယ်။ ဒီဂိမ်းကို အမှိုက်သရိုက်ဂိမ်းလို့ ထင်တဲ့လူတွေအားလုံးလည်း မှားတယ်။ ထန်းတာ့သာ ဒီဂိမ်းကို သူ့သမိုင်းကြောင်းမှာ အမည်းစက်တစ်ခုအဖြစ် သဘောထားရင် အပ်ဒီတ်တွေ တင်နေတာကို ရပ်လိုက်မှာပေါ့။ အဲ့တာဆို ဒီဂိမ်းလည်း တိမ်ကောသွားပြီး ပျက်စီးသွားလိမ့်မယ်။"
"ဒါပေမယ့် သူတို့က ဆန့်ကျင်ဘက်ကို လုပ်လိုက်ကြတယ်။ ဒီဂိမ်းက နာမည်ကျလာတာကို ထန်းတာ့က သိတယ်လေ။ ဂိမ်မာတွေ များများစားစား မကစားကြတော့ဘူး။ ဒါပေမယ့် ထန်းတာ့က အပ်ဒီတ်တင်ဖို့ စီစဥ်ခဲ့သေးတယ်။ နောက်ခံ ၅ ဆလောက် ထပ်ပေါင်းထည့်ရုံတင် မကသေးဘူး။ အဆုံးမဲ့ mode နဲ့ ကျုပ် ဗီဒီယိုထဲမှာ အကြံပေးခဲ့သလို Multiplayer လုပ်ဆောင်ချက်တွေပါ ထည့်သွင်းထားပါတယ်။"
"အဲ့တာ ဘာကိုဆိုလိုတာလဲသိလား။"
"ဆိုလိုတာက ထန်းတာ့က ဒီဂိမ်းကို သူ့ရဲ့ သမိုင်းကြောင်းမှာ အမည်းစက်အဖြစ် မသတ်မှတ်ထားဘူးဆိုတဲ့သဘောပဲ။ အဲ့ဒီအစား တခြားဂိမ်းတွေလိုပဲ သူ့ကိုလည်း လေးလေးနက်နက် ကိုင်တွယ်တယ်။ စေတနာနဲ့ စိတ်အားထက်သန်မှုတွေနဲ့ ထန်းတာ့က ဒီဂိမ်းရဲ့ အမာခံကစားသမားတွေကို လက်ဆောင် ပြန်ပေးလိုက်တာပဲ။"
"DLC က အရင်းတောင် ပြန်ကျေနိုင်မှာ မဟုတ်တာကို သိပေမယ့် သူတို့ ဘာမှ မတွန့်ဆုတ်ဘဲ လုပ်ခဲ့ကြသေးတယ်။ ပြီးတော့ စျေးနှုန်းကိုလည်း ကြည့်ပါဦး။ အကြောင်းအရာ ၅ ဆလောက် တိုးလာတာတောင် စျေးကို အရင်စျေးအတိုင်းပဲ ရောင်းတုန်းပဲ။ အရမ်း တန်ဖိုးရှိတာပဲ။"
"ဒါက အထီးကျန်ကန္တာရလမ်းဆိုတာ ထန်းတာ့ အားစိုက်ထုတ်ပြီး ဖန်တီးခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်တယ်လို့ ပြသနေတာပဲ။ ဂိမ်းဒီဇိုင်နာနဲ့ အတူတူပဲ။ အမှောင်ဟာသနဲ့ သရော်မှုလက်ရာတစ်ခုပဲ။ ထန်းတာ့ရဲ့ ဟန်ဆောင်လုပ်ရပ်ရဲ့ အစိတ်အပိုင်းတစ်ခုဆိုလည်း ဟုတ်ပါတယ်။"
"ဒီဂိမ်းရဲ့ အနှစ်ချုပ်နဲ့ အနက်ရောင် ဖန်သားပြင်ပေါ်မှာ ပေါ်လာတဲ့ နောက်ဆုံး စာသားတွေက ပိုလေးနက်တဲ့ အဓိပ္ပာယ်ရှိကြောင်းကို ပြသနေတယ်ဗျ။"
"ပြီးတော့ ထန်းတာ့က တကယ်ပဲ ကစားသမားတွေကို အထူးအလေးထားတဲ့ ကုမ္ပဏီတစ်ခု ဖြစ်တယ်။ ဒီမှာ ကျွန်တော်နည်းနည်းတော့ ကြွားချင်တယ်ဗျ။ သူတို့က ကျွန်တော့်ဗီဒီယိုထဲမှာ ပြောသွားတဲ့ အကြံပေးချက်တွေကို တကယ်နားထောင်ခဲ့တာပဲ။ ကျွန်တော့်မှာ အာဏာနည်းနည်းတောင် ရှိလာသလိုပဲ ဟားဟားဟား"
ဆရာချောင်း၏ အထူး Column ကို အားလုံး ဒေါင်းလုတ်ဆွဲကြသည်။ လူတွေက သဘောကျကြ၏။ ဂိမ်မာများကလည်း ပိုပိုပြီး ချီးကျူးနေကြသည်။
"အပြောကောင်းတယ်။ ဒါဆို အထီးကျန်ကန္တာရလမ်းမှာ ဒီလိုလေးနက်တဲ့အဓိပ္ပာယ်မျိုး ရှိနေတာပေါ့။"
"လခွမ်း ဒါလည်း ထန်းတာ့ရဲ့ အစီအစဥ်ထဲမှာပါတာပေါ့ဟုတ်လား။ ကြီးလိုက်တဲ့ အစီအစဥ်ကြီးကွာ။"
"ထန်းတာ့ရဲ့ ဘော့စ်ကို ငါပိုပိုပြီးစိတ်ဝင်စားလာပြီ။"
"အခြေအနေကို ကြည့်ရသလောက်တော့ ငါတို့ အခုချိန်ကစပြီး ထန်းတာ့က ထုတ်လုပ်တဲ့ ဂိမ်းမှန်သမျှကို ဒေါင်းလုတ်ဆွဲလို့ရပြီထင်တယ်။ သူတို့ရဲ့ DLC တွေကိုလည်း ရူးရူးသွပ်သွပ် ဝယ်ယူလို့ ရလောက်ပြီ။ သူတို့က အရှုံးပေါ်နိုင်ချေ ရှိတာတောင် ဒီလို အမှိုက်ဂိမ်းမျိုးကို အပ်ဒီတ်တင်နေတယ်။ ဘာတွေ စိုးရိမ်စရာလိုသေးလို့လဲ။"
ဖေးချမ့်က သူ့ရုံးခန်းထဲတွင် ဆရာချောင်း၏ အထူး Column ကို ဖတ်ကာ အတွေးနက်နက်ထဲ ဝင်ရောက်သွားခဲ့သည်။
"စနစ် ငါ လူသတ်သမား ငှားရင်ကော ကုန်ကျစရိတ်အဖြစ် သတ်မှတ်လို့ရလား။"
စနစ်ထံမှ ငြင်းဆန်သည့် တုန့်ပြန်မှုနဲ့ ခပ်ပါးပါး သတိပေးခြင်းကို ခံလိုက်ရသောအခါ ဖေးချမ့်တစ်ယောက် ဝမ်းနည်းသွားပါသည်။
ဆရာချောင်းကို ပါးစပ်ပိတ်အေင် ငါဘာလုပ်ရမလဲ...။
မင်း ငါ့ကို ဆက်တိုက်ကို ချောက်လှန့်နေတာပါလား။
ငါ ဂိမ်းသစ်တစ်ခု ဖန်တီးလိုက်တိုင်း ပေါက်သွားအောင်လို့ မင်းက လုပ်ပေးနေတယ်။ အခု ငါဂိမ်းသစ်လုပ်မယ်ကြံလိုက်တိုင်း စိုးရိမ်ပြီး ကြောက်လာပြီ။ ဒါတောင် မလုံလောက်သေးဘူး။ ငါ့ DLCတွေကိုပါ ပေါက်အောင် ကူညီပေးနေတယ်ပေါ့လေ။
"ဆရာချောင်းကို တစ်ခုခုနဲ့ ဖိသတ်လိုက်လို့ မရဘူးလား.... မဟုတ်ဘူး မဟုတ်ဘူး ငါသူ့ကို ပါးစပ်ပိတ်အောင် လုပ်ရမယ်။"
ဖေးချမ့် ခေါင်းစကိုက်လာသည်။ ဆရာချောင်းအပေါ် ဖေးချမ့် ခံစားနေရသည့် ဒီအမုန်းတရားက တစ်ရက်တည်းနဲ့ ဖြစ်တည်လာခြင်း မဟုတ်ပါ။ အားလုံးက ထိုအမျိုးယုတ် ဖန်တီးခဲ့သော ဝေဖန်ရေးဗီဒီယိုတစ်ပုဒ်မှ စတင်ခဲ့သည်။ ထိုဗီဒီယိုကြောင့် အထီးကျန်ကန္တာရလမ်း အောင်မြင်လာခဲ့ပြီး သူ့ကုမ္ပဏီမှာ ရှိသမျှ ယွမ် ၅၀,၀၀၀ ကို အရှုံးပေါ်စေမည့် ဖေးချမ့်၏ မျှော်လင့်ချက်အားလုံးကို တိုက်စားသွားခဲ့သည်။
ဂိမ်းဒီဇိုင်နာကလည်း လုံးလုံးအောင်မြင်ဖို့ ခြေတစ်လှမ်းသာ လိုတော့သည်။ ချောင်းလော်ဂျီဟူ၍ပင် ပေါ်လာသေးသည်။ ဖေးချမ့် ကလဲ့စားချေဖို့ စီစဥ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဆရာချောင်းက အခြေအနေကို လုံးဝ ပြောင်းပြန်လှန်နိုင်ခဲ့ပါသည်။
ဒီတစ်ခေါက် DLC များကို ကြော်ငြာပေးခြင်းက ဖေးချမ့်အတွက် အများကြီး ဆုံးရှုံးစေမှာ မဟုတ်ပေ။ အများဆုံး ၎င်းတို့၏ ရောင်းအားပမာဏကိုသာ တိုးမြင့်လာစေနိုင်သည်။ သို့သော်လည်း ဆိုရိုးစကားအတိုင်ပင်။ တစ်ခါနှစ်ခါဖြစ်ဖူးသော ကိစ္စများကို ထပ်ခါထပ်ခါ ဖြစ်ခွင့် မပေးသင့်ပါ။
ဆိုးကျိုးက များလွန်းသည်။
နောက်ပိုင်းလည်း ဆရာချောင်းက သူ့အတွက် အတားအဆီးဖြစ်လာဦးမည်ဟုဖေးချမ့် ခံစားချက် ရှိနေသည်။ ဒီပြဿနာကို တတ်နိုင်သမျှ အမြန်ဆုံးရှင်းဖို့ နည်းလမ်းတစ်ခု စဥ်းစားရမည်။ သို့သော်လည်း... သူ ဘယ်လိုလုပ်ရမှာလဲ။
သူ 'အကြမ်းနည်း' များ အသုံးပြုလို့ မရသဖြင့် 'အနုနည်း'ကို သုံးရပေမည်။
ဆရာချောင်းကို ငွေများများပေးပြီး ထန်းတာ့နဲ့ ပတ်သတ်တာ ဘာတစ်ခွန်းမှ မပြောတော့ဖို့ တောင်းဆိုလိုက်ရမလား။
မဖြစ်ပါ။ ဒါက အလွန်ကျိုးကြောင်းမသင့်လှပေ။ အဆိုပါသတင်းသာ ထွက်သွားပါက ဘော့စ်ဖေးက နာမည်နဲ့ ဂုဏ်သတင်းကို မမက်မောသူဆိုပြီး ချီးကျူးကြပေဦးမည်။
ဖေးချမ့်တစ်ယောက် ဖြေရှင်းချက် ကောင်းကောင်း ရှာမတွေ့သေးပါ။ သူ့မှာ အခြားရွေးချယ်စရာ မရှိတော့ဘဲ လက်ထောက်ရှင်းကိုသာ ခေါ်လိုက်ရသည်။
"ဆရာချောင်းအကြောင်း စုံစမ်းဖို့ လူနှစ်ယောက် ရှာပေးပါ။ သူ့အကြောင်း အသေးစိတ်တင်ပြချက် လိုချင်တယ်။"
ဆိုရိုးစကား ရှိသည်။ ကိုယ့်အကြောင်း ကိုယ်နဲ့ ရန်သူ့အကြောင်းကို သိထားပါက ဘယ်တော့မှ ရှုံးနိမ့်မှာ မဟုတ်ပါ။
ဖေးချမ့်က သူ့အစီအစဥ်များကို ထပ်ခါထပ်ခါဖျက်ဆီးနေသည့် ဒီရန်သူကို အားကြိုးမာန်တက် လေ့လာဖို့ စီစဥ်ထားသည်။ သူ့အခြေအနေက ဘာလဲ၊ သူ့အားနည်းချက်က ဘာလဲဆိုတာကို သိချင်မိသည်။ ထို့နောက် သူ့ရဲ့ အနာကျင်ဆုံးနေရာကို ဖေးချမ့်ရိုက်ချမည်ဖြစ်သည်။
သူသာ လောဘကြီးပြီး ဥစ္စာပစ္စည်းများဖြင့် အလွယ်လေး အနိုင်ယူနိုင်သူ ဖြစ်ပါက ထိုပြဿနာကို အလွယ်တကူ ဖြေရှင်းနိုင်ပါလိမ့်မည်။