လုပ်ရပ်ကောင်းမှန်ရင် ဆုချခံရမယ်
Vol. 12 Ch. 168
လက်ထောက်ရှင်းက ခေါင်းငြိမ့်လိုက်ပြီး ထိုအရာတွေအားလုံးကို ချမှတ်လိုက်ပါသည်။ "ဟုတ်ပါပြီ ဘော့စ်ဖေး ကျွန်မတို့ ဒီအထပ်မှာ နေရာလွတ်တွေရှိနေပါသေးတယ်။ နည်းနည်းလောက် ချုံ့လိုက်ပြီးတော့ ရုံးစားပွဲတစ်ခုနဲ့ ထိုင်ခုံတွေ ထပ်ထည့်လို့ရမယ်ထင်တယ်..."
"နည်းနည်းလောက်ချုံ့မယ်ဟုတ်လား။ ဘာဖြစ်လို့ အဲ့လိုမျိုး တွေးရတာလဲ။"
"ဝန်ထမ်းအားလုံးအတွက် သက်တောင့်သက်သာရှိပြီး ကျယ်ဝန်းတဲ့ အလုပ်ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးဖို့ဆိုတာ ဒီကုမ္ပဏီရဲ့ ဆောင်ပုဒ် အမြဲတမ်း ဖြစ်ခဲ့တယ်။ ဒီအထပ်မှာ လူတွေ အများကြီး ရှိနေပြီးသားပဲ။ လူပြည့်နေပါပြီ။"
"ရုံးမန်နေဂျာကို သွားပြောပြီး ကျွန်တော်တို့ နောက်တစ်ထပ် ငှားဖို့ အစီအစဥ်ရှိတယ်လို့ ပြောလိုက်။ ဒီဇိုင်းနဲ့ ပရိဘောဂတွေအားလုံးကလည်း ဒီအထပ်နဲ့ လုံးဝ တစ်ထပ်တည်း တူနေရမယ်။"
ရုံးနေရာအတွက် ငှားရမ်းခြင်းကို သာမန်ကုန်ကျစရိတ်ဟုသတ်မှတ်ပြီး လုပ်ငန်းသစ်တစ်ခုဖွင့်လှစ်ခြင်းဟု မသတ်မှတ်သဖြင့် လာမည့် ငွေစာရင်းရှင်းချိန်တွင် အဟန့်အတားဖြစ်စေမည်မဟုတ်ပါ။
ထန်းတာ့၏ ရုံးခန်းတည်ဆောက်ပုံက အနည်းငယ်ယုတ္တိမရှိသော်လည်း၊ ဥပမာ နေရာလွတ်များစွာ ကျန်နေသည်။ ရုံးစားပွဲနဲ့ ထိုင်ခုံများ ချဲ့ကားချထားသောကြောင့် နေရာက ပြည့်နေသည်ဟု ထင်ရခြင်းဖြစ်သည်။ ဒီလိုအခြေအနေများအောက် နောက်ထပ်တစ်ထပ်ကို ငှားရမ်းခြင်းက စည်းမျဥ်းစည်းကမ်း ချိုးဖောက်ရာကျမှာ မဟုတ်ပါ။
"သြော် ပြီးတော့ ကျွန်တော်တို့ အရင်တစ်ခေါက်က ၁ နှစ်စာ စာချုပ်ချုပ်ထားတာ မဟုတ်လား" ဖေးချမ့်က မေးလိုက်ပါသည်။
လက်ထောက်ရှင်းကခေါင်းငြိမ့်သည်။ "ဟုတ်ပါတယ်။ ၁ နှစ်စာပါ။ မန်နေဂျာကျောင်းက ကျွန်မတို့ကို အထူးနှုန်း ထားပေးထားတယ်။ ကျွန်မတို့ တစ်လချင်းစီ ပေးလို့ရတယ်။ အဲ့တာကြောင့် ကျွန်မတို့မူလ ကုန်ကျစရိတ်တွေ သက်သာသွားတာပါ။"
ဖေးချမ့်က လက်ယမ်းပြလိုက်သည်။ "ဒီတစ်ခေါက် မန်နေဂျာကျန်းကို ကျွန်တော်တို့ စာချုပ်ပြောင်းလို့ရမလားလို့ မေးကြည့်လိုက်။ တစ်လချင်းစီ ပေးဖို့ မလိုတော့ဘူး။ အခုချိန်ကစပြီး လေးလစာစီ ရှင်းသွားမယ်။ အခု ကျွန်တော်တို့ ငွေကြေးစီးဆင်းမှုကလည်း တော်တော်လေး အဆင်ပြေနေပြီဆိုတော့ ငှားရမ်းခကို တစ်လစီပေးရမယ်ဆို ဒုက္ခများတယ်။ နောက်တစ်ထပ်ကို ငှားမယ်။ ခင်ဗျားက မန်နေဂျာကျန်းနဲ့ စာချုပ်လက်မှတ်ထိုးလိုက်ပါ။”
လက်ထောက်ရှင်းက မေးလိုက်သည်။ "စာချုပ်အသေးစိတ်တွေကို နောက်တစ်ခေါက် ကြည့်ချင်သေးလား။"
ဖေးချမ့်က ခေတ္တစဥ်းစားလိုက်ပြီး ပြောလိုက်ပါသည်။ "မလိုဘူး။"
အရင်တစ်ခေါက်တုန်းလည်း ဖေးချမ့် စာချုပ်ကို သိပ်တောင် မကြည့်ခဲ့ပါ။ စာချုပ်ပါ စာကြောင်းတိုင်းကိုလည်း ဖတ်နိုင်မှာ မဟုတ်ပါ။ စျေးနှုန်းကိုသာ သိပြီး ကျန်တာအားလုံးကို လက်ထောက်ရှင်းကိုသာ တာဝန်ပေးခဲ့ပါသည်။
ဒီတစ်ခေါက်က လေးလစာ ပေးဆောင်ခြင်းစနစ်နဲ့ နောက်တစ်ထပ်ငှားခြင်းသာဖြစ်သည်။ ထို့ကြောင့် စာချုပ်ကိုကြည့်ဖို့လောက်နဲ့ ဖေးချမ့်ကိုယ်တိုင်သွားဖို့ မလိုအပ်ပါ။ ဒီလိုဆို အထပ်သစ်၏ စာချုပ်က သုံးလကြိုရှင်းပြီး တစ်လစာကျန်မည်ဖြစ်သည်။ ဒါဆို ချက်ချင်းဆိုသလို ၁,၈၀၀,၀၀၀ ယွမ် ကုန်ကျသွားနိုင်ပါသည်။
ရုံးစားပွဲများ၊ ထိုင်ခုံမျာား၊ ကွန်ပျူတာများ စသည်တို့၏ ကုန်ကျစရိတ်များကို ပေါင်းထည့်လိုက်ပါ။ သူတို့ အခု ငှားရမ်းထားသည့် ဒီအထပ်တိုင်းသာ ပုံတူကူးလိုက်ပါက နောက်ထပ် ၇၀၀,၀၀၀ - ၈၀၀,၀၀၀ လောက် ကုန်သွားနိုင်ပါသည်။
အားလုံးပေါင်းလိုက်ပါက စုစုပေါင်း ၂,၅၀၀,၀၀၀ လောက် သုံးရပါလိမ့်မည်။
ကောင်းလိုက်တာ။
ဖေးချမ့် အရင်တုန်းက နောက်တစ်ထပ် ငှားရမ်းဖို့ စဥ်းစားဖူးပါသည်။ သို့သော်လည်း ထိုအချိန်တုန်းက ရုံးနေရာမှာ လုံလောက်သည့်ပုံရှိသေးသဖြင့် စနစ်က သဘောမတူခဲ့ပေ။
ယခုတော့ ထန်းတာ့ဂိမ်းများ၏ တိုးချဲ့လာမှုနဲ့ အကြောင်းအရာအသစ်များ ပိုင်ဆိုင်လာသောအခါ ကုမ္ပဏီထဲက ဝန်ထမ်းဦးရေလည်း တိုးမြင့်လာပါသည်။ ဒီအထပ်က လူအားလုံးမှာ ကိုယ်ပိုင်နေရာ လုံလုံလောက်လောက် ရှိသော်လည်း အကျဥ်းချုံးအားဖြင့်တော့ ပြည့်နေပါသည်။ ထို့ကြောင့် နောက်ဆုံးတော့ ရုံးနေရာကို ဆက်လက်တိုးချဲ့နိုင်တော့မည်.
"သြော် ဆရာချောင်းကိစ္စနဲ့ ပတ်သတ်တာလည်း မမေ့နဲ့ဦး" ဖေးချမ့်က သူမကိုသတိပေးလိုက်ပါသည်။
လက်ထောက်ရှင်းက ခေါင်းငြိမ့်လိုက်ပါသည်။ "ကျွန်မ အခု စစ်ဆေးနေပါပြီ။"
"ဟုတ်ပြီ။ ဒါဆို ကျေးဇူးပြုပြီး အခုပဲ မန်နေဂျာကျန်းကို သွားတွေ့လိုက်ပါ။ ကျွန်တော်တို့ အထပ်အသစ်ငှားဖို့ စာချုပ်ချုပ်ပြီး ငွေလွှဲဖို့အတွက် အချိန်တစ်ခု မြန်မြန်သတ်မှတ်ရတော့မယ်။"
ဖေးချမ့်က လက်ထောက်ရှင်းအား ဒီပိုက်ဆံ မြန်မြန်သုံးစေချင်ခြင်းမှာ သူ စိတ်ပူစရာ မလိုတော့အောင် ဖြစ်သည်။
"စာချုပ်ကို လက်မှတ်ထိုးပြီးရင် ပြန်လာခဲ့ဦး။ ကျွန်တော် ဝန်ထမ်းအကျိုးခံစားခွင့်အသစ်တွေ ပြောဖို့ ရှိသေးတယ်။"
"ဟုတ်ကဲ့ပါ ဘော့စ်ဖေး" လက်ထောက်ရှင်းက လှည့်ထွက်သွားပါသည်။
ဖေးခချမ့်က လက်ရှိ ဝန်ထမ်းအင်အားကို အကြမ်းဖျင်း တွက်ချက်ကြည့်လိုက်ပါသည်။
ထန်းတာ့မှာ လူ ၆၀ ကျော်ပင်ရှိနေပါပြီ။ ၇၀ နားကပ်နေလေပြီ။
ယွီအင်တာနက်ကဖေး ၅ ဆိုင်မှာလည်း ဝန်ဆောင်မှုပေးသူများ၊ စားဖိုမှူးများ၊ ဘားထိုင်များ၊ အစားအစာ ဒလီဗာရီသမားများ ရှိကြသည်။ အားလုံးပေါင်းလိုက်လျှင် အင်တာနက်ကဖေးတစ်ဆိုင်စီတွင် ဝန်ထမ်း ၂၀ ဝန်းကျင် ရှိသည်။ စုစုပေါင်းဆို ဝန်ထမ်း ၁၀၀ လောက် ရှိပါသည်။
ဖေးဟွမ်လုပ်ငန်းကလည်း လူ ၁၀ ယောက်ဝန်းကျင်လောက်အထိ တိုးမြင့်လာသည်။
ဖေးချမ့်က ကိုယ်ပိုင်လုပ်ငန်းများမှ ဝန်ထမ်းများမှာ စုစုပေါင်း ၂၀၀ အောက် ရှိနေပါပြီ။
ခြွင်းချက်တော့ ရှိသည်။ ရှန်းယန်ဂိမ်း ဖြစ်၏။
အခုထိ ရှန်းယန်ဂိမ်း၏ ၎င်း၏ နာမည်ကို ပြန်လည်ရရှိဖို့ ကြိုးစားရင်း အရှုံးဆက်ပေါ်နေဆဲ ဖြစ်သည်။
ရှန်းယန်ဂိမ်းကုမ္ပဏီကို ဝယ်ယူပြီးနောက် ဖေးချမ့်က ရှန်းယန်ဂိမ်း ဝန်ထမ်းများ၏ လစာကို ထန်းတာ့ဝန်ထမ်းများ၏ လစာနဲ့ တူအောင် အတင်း တိုးမပေးခဲ့ပါ။ တူညီသည့် အကျိုးခံစားခွင့်များလည်း ရရှိအောင် မလုပ်ပေးခဲ့သေးပါ။
ရှန်းယန်ဂိမ်းမှာ ဝန်ထမ်း ၅၀ ဝန်းကျင် ရှိသည်။ သို့သော်လည်း တစ်လ နေရာငှားရမ်းခက ၁၅၀,၀၀၀ ယွမ်သာဖြစ်ပြီး ဝန်ထမ်းလစာများကလည်း ၂၀၀,၀၀၀ ယွမ်သာ စုစုပေါင်း ရှိပါသည်။ အလုပ်ပတ်ဝန်းကျင်ကော လစာစံနှုန်းများကကော ထန်းတာ့ထက် ပိုမို နိမ့်ကျကြသည်။
မေလ ၁၀ ရက်နေ့တွင် ဖေးချမ့်က တရားဝင် လွှဲပြောင်းယူခဲ့သည်။ ရှန်းယန်ဂိမ်း၏ အရှုံးပေါ်နေသော အခြေအနေကို ဆက်လက်ထိန်းသိမ်းဖို့အတွက် ဖေးချမ့် အလောတကြီး လှုပ်ရှားမှု ဘာမှ မလုပ်ခဲ့ပါ။ သူက လစာလည်း မြှင့်မပေးသလို အကျိုးခံစားခွင့်တွေလည်း ပိုမပေးပါ။
၂ လကျော်လောက် ကုန်လွန်သွားခဲ့ပါပြီ။ ရှန်းယန်ဂိမ်း၏ ဂုဏ်သတင်းက ပြောင်းလဲလာသော်လည်း အရှုံးဆက်ပေါ်နေဆဲ ဖြစ်သည်။ ဖေးချမ့် ဒါကို အလွန်ကျေနပ်ပါသည်။
ထို့ကြောင့် ရှန်းယန်ဂိမ်း၏ ဝန်ထမ်းများ တာဝန်တွေ နည်းနည်း ထပ်ယူကြဖို့ အချိန်ရောက်ပြီဟု သူခံစားမိသည်။ သူသာ ရှန်းယန်ဂိမ်း၏ ဝန်ထမ်းများ လစာနဲ့ အကျိုးခံစားခွင့်များကို ထန်းတာ့၏ အဆင့်နဲ့ တန်းတူ တိုးပေးလိုက်ပါက ပြဿနာတချို့ ဖြစ်လာနိုင်သည်။
ဆိုရိုးစကား ရှိသည်။ ပြစ်ဒဏ်နဲ့ ဆုလာဘ်တို့ကို ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်ရမည်။
ထန်းတာ့ဂိမ်း၏ ရလဒ်များက မိုးထိုးအောင် မြင့်တက်နေပြီး ဝန်ထမ်းအကျိုးခံစားခွင့်များ ပိုပေးတာ သာမန်ပဲ ဖြစ်သည်။
ရှန်းယန်ဂိမ်းက အခုမှ အသစ် ဝယ်ယူထားသောာ ကုမ္ပဏီဖြစ်၏၏။ အရှုံးပေါ်နေသေးသည့် 'ခေါင်းကိုင်သား' သဖွယ်ဖြစ်သည်။ ဖေးချမ့်သာ သူ့မွေးစားသားနဲ့ သားသမီးအရင်းတို့ကို အကျိုးခံစားခွင့်တူတူ ပေးလိုက်ပါက တရားမျှတမှု ရှိစေမှာ မဟုတ်ပါ။
ထို့ကြောင့် ပြောင်းလဲမှု အသေးစားလေးများသာ လုပ်နိုင်သည်။ သူတို့ ဘော့စ်ဖေး၏ ဆန္ဒများအတိုင်းပဲ ဆောင်ရွက်ခဲ့ကြကာ ၎င်းတို့၏ ဂိမ်းများကို ပြောင်းလဲဖို့အတွက် ကြိုးစားခဲ့ကြ၏။ ရှန်းယန်ဂိမ်း၏ ဂုဏ်သတင်းကို ပြန်လည်ကယ်တင်ခဲ့ကြသည်။ ဒါက ဆုချနိုင်သည့် အောင်မြင်မှု အသေးစားလေး ဖြစ်သည်။
ဝန်ထမ်းအားလုံးအတွက် လစာတိုးမြှင့်ပေးခြင်းနဲ့ အကျိုးခံစားခွင့်လေး နည်းနည်းပေးလိုက်ပါက ကျိုးကြောင်း မသင့်တာမျိုး မဖြစ်နိုင်ပါ။
၎င်းတို့၏ အလုပ်နေရာ၊ အလုပ်စားပွဲ၊ အလုပ်ထိုင်ခုံ၊ ကွန်ပျူတာ စတာတွေကိုတော့ ထန်းတာ့နဲ့ တူအောင် အားလုံး လုပ်ပေးနိုင်သည်။ ဘာပဲဖြစ်ဖြစ် ဒါက လုပ်ငန်းသက်သာချောင်ချိမှုနဲ့ ထုတ်လုပ်နိုင်စွမ်းကို တိုးမြှင့်ဖို့ နည်းလမ်းတစ်ခုပင် မဟုတ်ပါလား။ ဒါက ကျိုးကြောင်းသင့်ကာ အငြင်းပွားစရာမျိုးဖြစ်လာမှာ မဟုတ်ပေ။ ဒီလိုသာဆို ဖေးချမ့် ရှန်းယန်အတွက် နောက်ထပ် ၁ သန်းဝန်းကျင် သုံးစွဲနိုင်ပါလိမ့်မည်။
သို့သော်လည်း ဒါတွေအားလုံးက သိပ်ပြီးမလုံလောက်သေးသည့်ပုံပင်။
ဖေးချမ့် ထပ်စဥ်းစားကြည့်လိုက်သည်။ သူ့ကိုယ်ပိုင် ထန်းတာ့ဝမ်ထမ်း ၂၀၀ ဝန်းကျင်လောက်က လျော်ကြေး ပိုရသင့်သည်။
ဘယ်နေရာတွေက ရသင့်တာလဲ။
အဝတ်အထည်၊ အစားအသောက်၊ နေရာထိုင်ခင်းနဲ့ ခရီးသွားခြင်း နည်းလမ်းပေါင်းစုံ ဖြစ်သည်။ ပထမ နှစ်ခုကိုတော့ အလျော်ပေးပြီးပြီ။ ဖေးချမ့် အနောက်က နှစ်ခုအတွက် ဆောင်ရွက်နိုင်သည်။
အနောက်က နှစ်ခုအတွက်လည်း သူ ထောက်ပံ့မှုများ စပေးနေပြီ ဖြစ်သည်။ အချိန်ပို တက္ကစီခများ ရှင်းပေးခြင်းဖြင့် ဖြစ်ပါသည်။ သို့သော်လည်း ၎င်းတို့၏ နေ့စဥ် ခရီးစရိတ်များအတွက် ဖေးချမ့် ဘာမှ မပေးရသေးပါ။ ဖေးချမ့် လစဥ် ခရီးသွား အသုံးစရိတ်အတွက် အားလုံးကို နောက်ထပ် ယွမ် ၅၀၀ လောက် ပေးဖို့ ဆုံးဖြတ်လိုက်ပါသည်။ ဒါက နောက်ထပ် ၁၀၀,၀၀၀ လောက် ကုန်ကျစေလိမ့်မည်။
နေရာထိုင်ခင်းများကလည်း အရေးပါသည့် ဖြုန်းတီးရေးနည်းလမ်း ဖြစ်သည်။ ဖေးချမ့်က စနစ်ကို စမ်းသပ်ကြည့်လိုက်ပြီး အားလုံးကို နေရာထိုင်ခင်းအတွက် ယွမ် ၁,၀၀၀ စီပေးဖို့ ဆုံးဖြတ်လိုက်ပါသည်။ ဒါဆို နောက်ထပ် ယွမ် ၂၀၀,၀၀၀ လောက် ပလုံသွားပြီ ဖြစ်သည်။ ဒီပမာဏက နည်းသော်လည်း စနစ်က ခွင့်ပြုသည့် အကန့်အသတ်ဖြ စ်ပါသည်။
ဖေးချမ့် သူ့ဝန်ထမ်းများအတွက် ကုမ္ပဏီအဆောင်တစ်ခု ဆောက်လုပ်ပေးဖို့အတွက် တကယ်ပဲ ငွေသုံးစွဲချင်ပါသည်။ သို့သော်လည်း အဆောင်တစ်ခု ဆောက်လုပ်ခြင်းက အလွန်တန်ဖိုးကြီးသည်ဟု စနစ်ကထင်ပြီး သဘောမတူခဲ့ပေ။
ဖေးချမ့် သတ်မှတ်ထားတာနဲ့သာ ကျေနပ်ပြီး အားလုံးကို နေထိုင်စရိတ် ယွမ် ၁,၀၀၀ စီ ပေးလိုက်ပါသည်။
ထိုဆုံးဖြတ်ချက်များကို ချပြီးနောက် ဖေးချမ့် အနည်းငယ် စိတ်အေးလာပါတော့သည်။
မဆိုးပါဘူး။ ဒီငွေစာရင်းရှင်းချိန် မတိုင်ခင် ဒီတိုင်း ဆက်ကြိုးစားမယ်ဆိုရင် ဒီတစ်ခေါက်တော့ ယွမ် ၁ သန်းလောက် အရှုံးပေါ်သွားနိုင်တယ်။
တရားဝင်ဂိမ်းပလက်ဖောင်းက ၎င်း၏ အမြတ်ငွေ ခွဲခြမ်းခြင်းကို ၃၀: ၇၀ အဖြစ် ရုတ်တရက်ပြောင်းလဲလိုက်ပြီး ဖေးချမ့်ကို အောက်ဆုံးထိရောက်အောင် ရိုက်ချခဲ့သော်လည်း အသေးစိတ် အစီအစဥ်တချို့ ချမှတ်ပြီးနောက်တွင် ဖေးချမ့် အခြေအနေကို ထိန်းသိမ်းနိုင်ဆဲဖြစ်သည်။
သို့မဟုတ် အနည်းဆုံးတော့ အခုချိန်ကစပြီး တစ်ပတ်အတွင်း ငွေစာရင်းရှင်းချိန်အတွက် အန္တရာယ်မရှိတော့ပါ။
အကြီးဆုံးသက်ရောက်မှုက ဒီအသုတ်ပြီးခါမှ ဖြစ်လာမည်။ သို့သော်လည်း ဒါကိုဖေးချမ့် နောက်မှစဥ်းစားလို့ရသည်။ နောက်တစ်သုတ်တွင် ဖေးချမ့် တခြား အရှုံးပေါ်မည့် သုံးစွဲမှုများကို ဆက်လက်စဥ်းစားနေလို့ ရပါသည်။ အနည်းဆုံး ယွီအင်တာနက်ကဖေး အနည်းငယ် ထပ်ဖွင့်ပြီး အရှုံးပေါ်နေသည့် ကုမ္ပဏီအနည်းငယ်ကို ဝယ်ယူနိုင်ပါသည်။ ဒါတွေအားလုံးက အကူအညီ ဖြစ်စေပါသည်။
သူ့အတွေးများကို အနည်းနဲ့ အများဆိုသလို ညှစ်ထုတ်ပြီးနောက် ဖေးချမ့်တစ်ယောက် သက်တောင့်သက်သာဖြင့် သူ့ထိုင်ခုံတွင် မှီထိုင်နိုင်ပါပြီ။ သူ အများကြီးလည်း စိတ်အေးသွားပါပြီ။
ဒေါက် ဒေါက်
တစ်ယောက်ယောက် တံခါးခေါက်လိုက်သည်။ လက်ထောက်ရှင်း ပြန်ရောက်လာပါပြီ။
"ဘော့စ်ဖေး ကျွန်မတို့ အပေါ်ထပ်က တစ်ထပ်လုံးကို အောင်အောင်မြင်မြင်နဲ့ ငှားလိုက်နိုင်ပါပြီ။ စာချုပ်ကိုလည်း လက်မှတ်ထိုးပြီးပြီ။ ပိုက်ဆံလည်း လွှဲပြီးပါပြီ" လက်ထောက်ရှင်းက အစီရင်ခံလိုက်ပါသသည်။
ဖေးချမ့်က ခေါင်းငြိမ့်လိုက်၏။
လက်ထောက်ရှင်းက တကယ်ပဲ သွက်လက်ပါသည်။
"ဒါက အားလုံးအတွက် စဥ်းစားပေးထားတဲ့ အကျိုးခံစားခွင့် အသစ်တွေလေ။ နေထိုင်မှု စရိတ်တွေပါပါတယ်...."
ဖေးချမ့်က သူ့ရဲ့ အကြမ်းဖျင်း အတွေးများကို လက်ထောက်ရှင်းအား ရှင်းပြနေပါသည်။
လက်ထောက်ရှင်းက အနည်းငယ် ပြုံးပြီး ပြောလိုက်ပါသည်။ "ဘော့စ်ဖေးက တကယ် ရက်ရောတာပဲ။ ဆိုရိုးစကား ရှိတယ်။ လုပ်ရပ်ကောင်းမှန်ရန် ဆုချခြင်းခံရမယ်တဲ့။ အဲ့တာ တကယ်ပါပဲလား။"
ဖေးချမ့် ဇဝေဇဝါဖြစ်သွာားပါသည်။
လုပ်ရပ်ကောင်းမှန်ရင် ဆုချခြင်းခံရမယ်ဟုတ်လား။ ဘာကို ပြောတာလဲ။
လက်ထောက်ရှင်းက ထပ်ပြုံးလိုက်ပါသည်။ "အထပ် ငှားရမ်းခအကြောင်းပြောရင်း တကယ်တော့ ကျွန်မမှာ သတင်းကောင်းတစ်ခု ပါးစရာ ရှိပါတယ်။”
"ထန်းတာ့က ရှန်းဟွာဗျူးမှာ အထပ်တစ်ထပ် ငှားလိုက်ပြီးကတည်းက ကုမ္ပဏီအားလုံးအတွက် မော်ဒယ်နဲ့ စံပြတစ်ခုဖြစ်လာပြီးတော့ လွန်ခဲ့တဲ့ နှစ်ဝက်အတွင်း ကျွန်မတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကလည်း အရမ်းကို ကောင်းပါတယ်တဲ့။ အဲ့တာကြောင့် မန်နေဂျာကျန်းက စာရင်းငွေတွေနဲ့ ကျန်စရိတ်တွေအားလုံးကို ချေပေးလိုက်ပါပြီတဲ့။ အထပ် ငှားရမ်းခကလည်း ၁ စတုရန်းပေကို ၄ ယွမ်ကနေ ၁.၅ ယွမ်အဖြစ် လျော့သွားပါပြီ။"
"အဲ့တာကြောင့် ကျွန်မတို့ အထပ်နှစ်ထပ်အတွက် ငှားခက လစဥ် ၄၀၀,၀၀၀ ယွမ် သက်သာသွားပါပြီ။"
"ဘော့စ်ဖေး ဖြစ်ရပ်ကောင်းတွေရောက်လာတဲ့အခါ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကလည်း အကုန်းဆုံးကြိုးစားပြီး ထောက်ပံ့ပေးတတ်ကြတယ်။ ဒါက အရမ်း ပျော်ဖို့ ကောင်းတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။"
ဖေးချမ့် "???"
ငါစာသိပ်မလုပ်တာနဲ့ပဲ ငါ့ကို လိမ်လို့ရမယ် မထင်နဲ့။ ဒီလို ဆုံးဖြတ်ချက်မျိုးချဖို့ မန်နေဂျာကျန်းမှာ ဘယ်လိုလုပ် အာဏာရှိမှာလဲ။