လင်းဝမ် + ရှန်းယန် = ?
Vol. 12 Ch. 170
"ဘော့စ်ဖေ ဘာများဆောင်ရွက်ပေးရမလဲခင်ဗျာ..."
ဖုန်းထဲတွင် ကျိုးမူယန်၏ အသံက အသက်မဲ့နေသလိုလို။ အရင်တစ်ခေါက် မနှစ်က ကွမ်ကျိုးမှာ တွေ့ခဲ့ကြပြီးကတည်းက ဖေးချမ့်နဲ့ ကျိုးမူယန်တို့ အဆက်အသွယ် မရှိခဲ့ကြပါ။
သမုဒ္ဒရာရဲတိုက်နဲ့ Bullet Hole တို့၏ ရလဒ်များက အတော်လေး ကွာခြားနေသဖြင့် နဂိုကတည်းက ကျိုးပဲ့လွယ်သည့် သူတို့နှစ်ယောက် ဆက်ဆံရေး ပိုဆိုးသွားခဲ့ပါသည်။
သမုဒ္ဒရာရဲတိုက်က ကစားသူပေါင်းများစွာ ရှိသည့် ပြည်တွင်းထုတ် FPS ဂိမ်းများ၏ နံပါတ် ၁ ဖြစ်လာခဲ့ကာ ဆက်လက်တိုးချဲ့နေဆဲ ဖြစ်သည်။ ၎င်း၏ ပြိုင်ဘက်ကလည်း တခြား ပြည်တွင်းထုတ်ဂိမ်းမှ Counter Strike အဖြစ် ပြောင်းလဲသွားခဲ့ပါသည်။
တစ်ဖက်မှာတော့ Bullet Hole ၏ရေပန်းစားမှုက ပထမ ကျယ်ကျယ်ပြန့်ပြန့် ကြော်ငြာမှုကြောင့် စဦးပိုင်းသာ အောင်မြင်မှုရပြီး တဖြည်းဖြည်းချင်း ကျလာခဲ့သည်။
အမှောင်ထဲမှာ ဆက်လက်လည်ပတ်နေဆဲဖြစ်ကာ အဆင်ပြေနေသော်လည်း ကျိုးမူယန်၏ မူလ ပန်းတိုင်နဲ့ မျှော်လင့်ချက်များကို မပြည့်မှီခဲ့တာတော့ သိသာပါသည်။ ပိုမို ကျဆင်းနေပြီး သမုဒ္ဒရာရဲတိုက်၏ နောက်ကို ပိုပိုပြီး ရောက်လာပါပြီ။
ဂိမ်းနှစ်ခု၏ ဒီဇိုင်း အကြောင်းအရာက တော်တော်လေးကို ခြားနားသည်။ ထန်းတာ့မှ ဆန်းစထရိုက်ခ် စတူဒီယိုကို ပညာသင်သွားတုန်းက အားလုံးကို ကျိုးမူယန်က Bullet Hole ၏ ဒီဇိုင်း အကြောင်းအရာအား ဝံ့ကြွားစွာ မျှဝေခဲ့ပါသည်။
ထိုအချိန်တုန်းကတော့ ကျိုးမူယန်က ယုံကြည်မှုများဖြင့် တောက်ပလျက် ရှိသည်။
ဖေးချမ့်ကတော့ ပရိတ်သတ်ထဲမှာသာ ပြုံးပြုံးကြီး ထိုင်နေပြီး သဘောတူညီမှုများ ပြည့်ဝနေသော မျက်လုံးများဖြင့် ဆက်တိုက် ခေါင်းငြိမ့်နေခဲ့သည်။
သို့သော်လည်း အဲ့တုန်းက ဘော့စ်ဖေး ဘာလို့ အဲ့လိုပြုမူနေခဲ့သလဲဆိုတာ ကျိုးမူယန် အခုတော့ သိသွာားပါပြီ။
သမုဒ္ဒရာရဲတိုက်ကို ပထမဆုံး ထုတ်လွှင့်လိုက်တုန်းက ကျိုးမူယန်သိပ်ပြီးတော့ အာရုံမစိုက်ခဲ့ပါ။ သို့သော်လည်း ၎င်း၏ ရေပန်းစားမှုက ဆက်တိုက် မြင့်တက်လာသည်။ နောက်ဆုံးတော့ တစ်ခုခုလွဲနေသည်ဟု ကျိုးမူယန် စတင်ခံစားလာမိပါသည်။
သူ အနည်းငယ် စုံစမ်းကြည့်သောအခါ သမုဒ္ဒရာရဲတိုက်၏ ထုတ်လုပ်ရေးက Bullet Hole နဲ့ တူညီသလောက်ရှိသည်။ ထန်းတာ့ ဆန်းစထရိုက်ခ် စတူဒီယိုကို လာလည်တုန်းက သမုဒ္ဒရာရဲတိုက်ကို အဆင့်တစ်ခုအထိ ထုတ်လုပ်ဖန်တီးပြီးသား ဖြစ်ပါသည်။
ကျိုးမူယန်၏ နှလုံးသား အေးစက်သွားသည်။
Bullet Hole ရဲ့ ပြဿနာတွေကို ဘော့စ်ဖေးက သိပြီးသား ဖြစ်သော်လည်း ပရိတ်သတ်ထဲမှာ ဘာမှ မဖြစ်သလိုမျိုး ခေါင်းသာ ငြိမ့်ပြနေခဲ့သည်။
ဉာဏ်နီဉာဏ်နက် များလိုက်တာ…
ထိုအချိန်ကတည်းက ဖေးချမ့်ဘက်က ကျိုးမူယန်ကို တစ်ခါမှ မဆက်သွယ်ခဲ့ပါ။ သူ ကြွားနေသည်ဟု ကျိုးမူယန် ထင်သွားမှာကို စိုးရိမ်သောကြောင့် ဖြစ်ပါသည်။ ကျိုးမူယန်ကတော့ ဖေးချမ့်ကို ဘယ်လိုမှ ဆက်သွယ်မှာ မဟုတ်ပါ။ သူနဲ့ ဘာမှ မပတ်သတ်ချင်ပေ။
ထို့ကြောင့် သူတို့နှစ်ယောက် အချိန်အတော်ကြာမှ နောက်ဆုံးတော့ ပြန်လည်ဆက်သွယ်မိခဲ့ကြသည်။
ကျိုးမူယန် ဘာကြောင့် ဖုန်းကိုင်တာလဲ ဆိုတာကတော့...
သူ ရွေးချယ်စရာမရှိလို့ပဲ ဖြစ်သည်။ ဘော့စ်ဖေးကို မျက်နှာသာတော့ ပေးရပါမည်။
ဘာပဲဖြစ်ဖြစ် အခုဆို ထန်းတာ့ကို တရားဝင် ဂိမ်းပလက်ဖောင်းကပင် ချီးကျူးကာ ထောက်ခံပေးနေပြီဖြစ်သည်။ သူတို့က တစ်လောကသားချင်း ဖြစ်သဖြင့် ကျိုးမူယန်က ဘော့စ်ဖေးကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လို့ မရပါ။
သို့သော်လည်း ဖေးချမ့်ကို စကားပြောဖို့တော့ သိပ်စိတ်မပါပေ။
ဖေးချမ့်လည်း ကျိုးမူယန်၏ အငြှိုးထားသော ခံစားချက်များကို ခံစားမိပြီး စကားပြော မှားယွင်းကာ ကျိုးမူယန်၏ ကျိုးပဲ့လွယ်သော စိတ်ဓာတ်ကို ရန်စမိသလို ဖြစ်သွားမှာ စိတ်ပူနေပါသည်။
ထို့ကြောင့် လိုရင်းသာ ပြောဖို့ ဆုံးဖြတ်လိုက်သည်။
"ဘော့စ်ကျိုး နှောင့်ယှက်မိတာ တောင်းပန်ပါတယ်။ မေးချင်တာလေးရှိလို့ပါ။ လင်းဝမ်ဆိုတာ ဘယ်သူလဲ ခင်ဗျား သိလား။"
ကျိုးမူယန် ခေတ္တ ကြောင်သွားသည်။
ဒါပေါ့။ လင်းဝမ်ဆိုတာ ဘယ်သူလဲ သူ သိတာပေါ့။ လင်းဝမ် ဆန်းစထရိုက်ခ်စတူဒီယိုမှာ အလုပ်လုပ်တဲ့ ၂ ရက်မြောက်နေ့မှာ ရှန်းဟွာကော်ပိုရေးရှင်း၏ ဥက္ကဌရုံးခန်းမှ ကျိုးမူယန်ဆီသို့ တိုက်ရိုက်ဖုန်းခေါ်ခဲ့သည်။ သူ မှတ်မိတာသာ မမှားပါက လင်းဝမ် ထန်းတာ့ကို ဝင်ခဲ့တာ လ အနည်းငယ် ကြာလောက်ပါပြီ။
ဒါတောင် ဘော့စ်ဖေးက လင်းဝမ် ဘယ်သူဆိုတာကို မသိသေးတာလား။
မဖြစ်နိုင်ပါဘူး ဟုတ်တယ်မလား။
ကျိုးမူယန် အနည်းငယ် ကြောင်စီစီဖြစ်နေသည်။ သူ ပြန်မေးလိုက်သည်။ "ဘော့စ်ဖေး မသိဘူးလား။"
ဖေးချမ့်၏ ရင်ထဲ ပိုပြီးတောင် အေးစက်သွားပါသည်။ ကျိုးမူယန်၏ စကားကိုကြည့်ခြင်းအားဖြင့် လင်းဝမ်က ထူးခြားတဲ့လူတစ်ယောက်ဆိုတာကို သက်သေပြနေသလိုပင်။ ဖေးချမ့်က ခပ်ပါးပါး ချောင်းဆိုးလိုက်သည်။ "ဘော့စ်ကျိုး ရိုးရိုးသားသားပြောရရင် ကျွန်တော် အခု ပြဿနာလေး နည်းနည်းနဲ့ ရင်ဆိုင်နေရလို့ပါ။ ကျွန်တော့်ကို အကူအညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော် တစ်သက်လုံး ကျေးဇူးတင်အမှတ်ရနေမှာပါ။"
ကျိုးမူယန်က အမြန်ပြန်ဖြေလိုက်ပါသည်။ "ဘော့စ်ဖေး ကျေးဇူးပြုပြီး အဲ့လိုမပြောပါနဲ့ဗျာ။ မေးစရာရှိတာသာ မေးလိုက်ပါ။ ကျွန်တော် ဖြေနိုင်တာဆိုရင် သေချာပေါက် ပြန်ဖြေပေးပါ့မယ်။"
ဖေးချမ့်က မေးလိုက်သည်။ "လင်းဝမ်နဲ့ သူ့မိသားစုကြားက ပြဿနာရယ်၊ ဘာကြောင့် သူက ဂိမ်းလောကထဲ ဝင်လာတာလဲဆိုတာကို.... အသေးစိတ် ဘော့စ်ကျိုး ရှင်းပြပေးလို့ ရမလားဗျ။"
ကျိုးမူယန် အနည်းငယ် မှင်သက်သွားသည်။ မဟုတ်မှလွဲရော ဘော့စ်ဖေးက ဒါတောင် မသိတာလား။ ရှန်းဟွာကော်ပိုရေးရှင်း ဥက္ကဌ ရုံးခန်းက ဘော့စ်ဖေးကို ဖုန်းမခေါ်ဘူးလား။
တစ်ခုခုတော့ သံသယဖြစ်ဖွယ်ကောင်းနေပါပြီ။
သို့သော်လည်း ကျိုးမူယန်က များများစားစား မစဥ်းစားဘဲ လင်းဝမ်အကြောင်း သူ သိသမျှကို ဖေးချမ့်အား ပြောလိုက်ပါသည်။
လင်းဝမ်က ရှန်းဟွာ ကော်ပိုရေးရှင်း ဥက္ကဌ၏ အငယ်ဆုံး သမီး ဖြစ်သည်။ သူမမှာ အစ်မတစ်ယောက်နဲ့ အစ်ကိုနှစ်ယောက် ရှိသည်၊။ သူမက ဂိမ်းလောကကို စိတ်အားထက်သန်မှု ရှိသဖြင့် သူမကိုယ်တိုင် ဆန်းစထရိုက်ခ်စတူဒီယိုမှာ အလုပ်လာလုပ်ခြင်း ဖြစ်သည်။
သို့သော်လည်း လင်းကျန်းနန်က လင်းဝမ် ဂိမ်းလောကထဲ ဝင်တာကို သိသိသာသာကြီး အားမပေးပါ။ ဘယ်လိုပဲဖြစ်ဖြစ် လင်းဝမ်က ခေါင်းမာပြီး လင်းကျန်းနန်ကလည်း သူမနဲ့ ဆက်ဆံရေး မပျက်ပြားစေချင်သဖြင့် ကျိုးမူယန်ကို ဖုန်းဆက်ကာ လင်းဝမ်၏ ဂိမ်းလောက အိပ်မက်ကို ဖျက်ဆီးနိုင်ဖို့ မျှော်လင့်ခဲ့သည်။ ဒါမှ ရှန်းဟွာကော်ပိုရေးရှင်းမှာ သူမ အလုပ်ပြန်လာလုပ်မှာ ဖြစ်ပါသည်။
"အဲ့လိုပါပဲ ဘော့စ်ဖေး။ ကျန်တာ ကျွန်တော် ဘာမှ မသိပါဘူး" ကျိုးမူယန်က စိတ်အားထက်သန်စွာ ပြောလိုက်ပါသည်။ "ခင်ဗျားကို ဘာလို့ ဖုန်းမဆက်တာလဲဆိုတာကိုတော့... ကျွန်တော်လည်း မသိဘူး။"
ဖေးချမ့် ခေတ္တ တိတ်ဆိတ်သွားသည်။ "ရှန်းဟွာအိမ်ယာခြံမြေရဲ့ ဥက္ကဌ သူ့အစ်ကို လင်းကျိုးနဲ့ လင်းဝမ်တို့ရဲ့ ဆက်ဆံရေးကကော..."
ကျိုးမူယန်က ပြန်ပြောလိုက်သည်။ "သူက သူ့အဖေနဲ့ပဲ နည်းနည်း တင်းမာမှုရှိတာလို့ ပြောတယ်။ သူ့အစ်ကို လင်းကျိုးနဲ့ ဆက်ဆံရေးကတော့ မဆိုးဘူးပဲ။"
ဖေးချမ့်ရင်ထဲ ပိုပြီး အေးစက်လာသည်။
ဟုတ်ပြီ... အခုတော့ အကုန်လုံး အဓိပ္ပာယ်ရှိသွားပြီ။
လင်းဝမ်က သူမ၏ အစ်ကိုဖြစ်သူ လင်းကျိုးကို ထန်းတာ့အား ငှားရမ်းခ လျှော့ချပေးဖို့ တောင်းဆိုခဲ့ကြောင်း သေချာနိုင်ပါပြီ။ တခြား ရှင်းလင်းချက် မရှိတော့ပါ။
"အဲ့တာဆို... ဘော့စ်ကျိုး လင်းဝမ်ကို ဂိမ်းလောကထဲက ထွက်သွားပြီး သူ့မိသားစုရဲ့ အမွေကို ဆက်ခံအောင် ဘယ်လိုလုပ်ရမလဲ" ဖေးချမ့်က လေးလေးနက်နက် မေးလိုက်လေသည်။
ကျိုးမူယန် ခေတ္တ စဥ်းစားလိုက်၏။ "သူ့ကို ဂိမ်းလောကအပေါ် ဆိုးဆိုးရွားရွား စိတ်ကုန်သွားအောင် လုပ်ရမယ်ထင်တယ်။"
ဖေးချမ့် တိတ်ဆိတ်သွားသည်။
အဲ့တာ နည်းနည်း မခက်လွန်းဘူးလား။
ဖေးချမ့် လုပ်နေတာနဲ့ လုံးဝ ဆန့်ကျင်ဖက် ဖြစ်နေပါသည်။
ဖေးချမ့်က ငွေပိုဆုံးရှုံးချင်သဖြင့် သူ့ဝန်ထမ်းများကို အကျိုးခံစားခွင့်များ ပိုပေးသည်။ သို့သော်လည်း လင်းဝမ်ကတော့ ထန်းတာ့မှာ အလွန်ကောင်းမွန်ပြီး ထူးခြားသော ကုမ္ပဏီဖြစ်သည်ဟု ထင်သွားသည်။ သူမ ထွက်သွားမှာ မဟုတ်ပါ။
ဒါ ချောင်ပိတ်မိတာ မဟုတ်လား။ ဒီတစ်ခေါက်က အထပ် ငှားရမ်းခ လျှော့ချရုံပဲဆိုပေမယ့် ဒီသူဌေးသမီး နောက်တစ်ခေါက် ဘာတွေ ထပ်အကွက်ရွှေ့ဦးမလဲဆိုတာ ဘယ်သူ သိနိုင်မှာလဲ။
"ကျေးဇူးအများကြီးတင်ပါတယ် ဘော့စ်ကျိုး။ တစ်နေ့ကျရင် ကုမ္ပဏီတွေ့ဆုံပွဲ နောက်တစ်ခု ထပ်ဖန်တီးပေးပါ့မယ်။ သေချာပေါက် ကျွန်တော်တို့ ကွမ်ကျိုးကို လာခဲ့မှာပါ။ အဲ့ကျမှပဲ လူကိုယ်တိုင် ကျေးဇူးတင်တော့မယ်ဗျာ။"
ဒီအချက်အလက်ကို ကျိုးကြီးက အလွန် စေတနာပါပါဖြင့် ပေးသည်ဟု ဖေးချမ့် ထင်မိပါသည်။ သူ့အတွက် အလွန်အသုံးဝင်သည်။
ကျိုးမူယန် အနည်းငယ် ဆွံ့အသွားသည်။
ဒီကောင်လာဦးမယ်တဲ့လား။ ငါ့အလောင်းကို ကြာပွတ်နဲ့ လာရိုက်ဦးမလို့လား။
"ဘော့စ်ဖေး ကျွန်တော် တစ်ခုလောက် မေးပါရစေ။ လင်းဝမ်က ထန်းတာ့မှာ ခွင့်မလွှတ်နိုင်စရာ ကိစ္စ တစ်ခုခုများ လုပ်ခဲ့လို့လား..."
ဖေးချမ့် တိတ်ဆိတ်သွားသည်။ ဒီမေးခွန်းကို သူ ဘယ်လို ပြန်ဖြေရမှန်း မသိတော့ပါ။
တစ်ဖက်ကကြည့်ရင် ကျိုးမူယန်က လုံးဝ ရိုးသားစွာဖြင့် ဖေးချမ့်ကို ကူညီပေးခဲ့သည်။ သူက ဖေးချမ့်ကို ဒီမေးခွန်းလေးတစ်ခုသာ ပြန်မေးခြင်း ဖြစ်သည်။ ဖေးချမ့်သာ ဒီမေးခွန်းကို ရှောင်လိုက်ပါက၊ သို့မဟုတ် ပယ်ချခြင်း လိမ်ညာခြင်းများ ပြုလုပ်လိုက်ပါက သင့်တော်မည့်ပုံမပေါ်ပါ။
ဖေးချမ့် ခေတ္တတော့ ရပ်တန့်သွားရသည်။
"သူက.. ကျွန်တော်တို့ အထပ် ငှားရမ်းခကို ၁စတုရန်းပေ ၄ ယွမ်ကနေ ၁.၅ ယွမ်ဖြစ်အောင် လျှော့ချပစ်လိုက်တယ်။"
ကျိုးမူယန် "???"
ဖုန်းချပြီးနောက် ဖေးချမ့်တစ်ယောက် တစ်ခါမှ မကြုံစဖူး အကျပ်အတည်းမျိုးနဲ့ ရင်ဆိုင်လာရပြီဟု ခံစားလိုက်ရသည်။ ဖေးချမ့် ယွီအင်တာနက်ကဖေး၏ ငှားရမ်းစာချုပ်ကို ချက်ချင်းပဲ စစ်ကြည့်လိုက်ပါသည်။ ရှန်းဟွာ အိမ်ယာခြံမြေနဲ့ ပတ်သတ်ဆက်နွယ်မှု ဘာမှ မရှိသဖြင့် သူအသက်ရှူမှန်သွားပါသည်။
တော်သေးတာပေါ့။
ထိုယွီအင်တာနက်ကဖေးဆိုင်များ၏ တည်နေရာများက အတော်လေး လူသူကင်းမဲ့သည်။ ထိုနေရာများကလည်း သီးခြား အဆောက်အဦးများ ဖြစ်ကြသည်။
တစ်ဖက်မှာတော့ ရှန်းဟွာဗျူးက မြို့တော်ထဲက လူစည်ကားသည့် စီးပွားရေးနယ်မြေများတွင်သာ မြေဝယ်ဖို့ စိတ်ဝင်စားပါသည်။ အများစုက အဆင့်မြင့် အိမ်ယာ သို့မဟုတ် ရုံးအဆောက်အဦးများ ဖြစ်သည်။
ယွီအင်တာနက်ကဖေး၏ တည်နေရာများက ရှန််းဟွာ၏ မြင်ကွင်းမှ လုံးလုံးပျောက်ကွယ်နေပါသည်။ ယွီအင်တာနက်ကဖေး၏ ဆိုင်ငှားခများပါ လျှော့ကျသွားလျှင် ဖေးချမ့် သွေးအန်ထွက်ပါတော့မည်။
အခု ပြဿနာက လင်းဝမ်ကို ဘယ်လိုရှင်းရမလဲဆိုတာပင်။
သူမကို လုပ်ချင်တိုင်း လုပ်ခွင့်ပေးထားလို့ မရပါ။ သူမက ချိန်ကိုက်ဗုံး တစ်လုံး ဖြစ်သည်။
သူမကို မောင်းထုတ်ဖို့ အလွန်အမင်း အတင်းအကျပ်ဆန်သည့် နည်းလမ်းများလည်း သုံးလို့ မရပါ။ သူ တဲ့တိုးကြီး လုပ်လိုက်ပါက တခြားသူတွေ သတိထားမိသွားလောက်သည်။
ရှန်းဟွာကော်ပိုရေးရှင်း၏ ဥက္ကဌ၊ လင်းဝမ်၏ အဖေဖြစ်သူ လင်းကျန်းနန်ကတောင်... သူမကို ဘာမှ မလုပ်နိုင်သဖြင့် ဖေးချမ့်လည်း ဘာအကြံကောင်းကောင်းမှ မစဥ်းစားမိနိုင်ပေ။ လင်းဝမ်သာ ခေါင်းမာလာပါက ကိစ္စတွေ ထိန်းမနိုင် သိမ်းမရ ဖြစ်လာနိုင်သည်။
သူ့ရဲ့ တစ်ခုတည်းသော ဖြေရှင်းချက်က ကျိုးမူယန်ပြောသလိုပင်။ လင်းဝမ်ကို ဂိမ်းလောကကို စိတ်ပျက်ကာ စိတ်ဝင်စားမှု လျှော့ကျသွားစေရန် သူ အကောင်းဆုံး ကြိုးစားရမည်။
ထန်းတာ့တွင် လင်းဝန်၏ လုပ်ပုံကိုင်ပုံ ပြုမူပုံတို့ကို ကြည့်ခြင်းအားဖြင့် သူမက ဒုတိယမျိုးဆက် သူဌေးသမီးများ၏ ဉာဏ်အားနည်းသော၊ အမြော်အမြင်ရှိသော်လည်း မတော်သော လူမျိုး မဟုတ်လောက်ပေ။
ဒီလိုလူမျိုးက သူမ ဆုံးဖြတ်ထားသည့် လမ်းစဥ်ကို လုံးဝ စိတ်ပြတ်သားမှု ရှိသည်။
သူမကို ကျရှုံးသွားအောင် ပြင်ပ အရာ တစ်ခုခုက လုပ်လိုက်ပါက သူမ၏ စိတ်အားထက်သန်မှုကို ငြှိမ်းသက်ဖို့ မလုံလောက်နိုင်ပေ။ သူမကို ထပ်ကြိုးစားစေဖို့ ဖိအားပေးသလိုသာ ဖြစ်ပါလိမ့်မည်။
အတော်လေး အကျပ်ရိုက်သော အခြေအနေ ဖြစ်လာသည်။
ဖေးချမ့် အကြာကြီး စဥ်းစားခဲ့သည်။
ရုတ်တရက် သူ အကြံကောင်းတစ်ခုကို စဥ်းစားမိလိုက်သည်။ ကြည့်ရတာ... သူ ဝယ်ထားတဲ့ အမှိုက်သရိုက် ရှန်းယန်ဂိမ်းက နောက်ဆုံးတော့ အသုံးဝင်တော့မယ်ထင်တယ်...။
အခုချိန်ထိ ရှန်းယန်ဂိမ်းက ၎င်း၏ မူလ အခြေအနေများကို ဆက်လက် ထိန်းသိမ်းနေနိုင်ဆဲ ဖြစ်သည်။ ထို့အပြင် လက်ရှိ လည်ပတ်နေသည့် အခြေအနေများကို ကြည့်ခြင်းအားဖြင့် အရှုံးပေါ်နေဆဲ ဖြစ်သည်။
လင်းဝမ်ကို ဒီလို သေချာပေါက် ကျရှုံးမည့် ဂိမ်းပရောဂျက်၏ တာဝန်ရှိသူအဖြစ် ခန့်အပ်လိုက်ပါက... ဂိမ်း တကယ် ကျရှုံးသွားသည့်အခါ သူမ၏ ကိုယ်ပိုင်အစွမ်းအစကိုကော၊ ဂိမ်းလောကတစ်ခုလုံးကိုပါ သံသယ စတင်ဝင်လာလိမ့်မည်။ ထိုအချိန်ကျလျှင် ဘော့စ်ဖေးက ပျော်ပျော်ကြီး ငွေဆက်ဖြုန်းနိုင်ပြီး လင်းဝမ်ကတော့ သူမ မိသားစု၏ အမွေကိုဆက်ခံဖို့ ပြန်သွားပါလိမ့်မည်။ အဲ့တာ နှစ်ဦးနှစ်ဖက်စလုံးအတွက် အကောင်းဆုံးပဲ မဟုတ်လား။
ဒါက အကြံကောင်းဖြစ်သည်ဟု ဖေးချမ့် ခံစားမိပါသည်။
ဟုတ်တယ်။ ကိစ္စတွေအများကြီးကို မတော်တဆ အစီအစဥ်ချပြီး ဆုံးဖြတ်ချက်ချနိုင်တယ်။