← Chapters

ခုတစ်မျိုး တော်ကြာတစ်မျိုး

Vol. 12 Ch. 171

ခုတစ်မျိုး တော်ကြာတစ်မျိုး

Vol. 12 Ch. 171

ညဘက်တွင်...

ငန်းရေကန်စားသောက်ဆိုင် တွေ့ဆုံပွဲတစ်ခုတွင်....

ဖေးချမ့်အတွက်တော့ ဒါက ငွေအမြောက်အများ ဖြုန်းတီးနိုင်သော အလေ့အထ တစ်ခု ဖြစ်လာလေပြီ။ ဝန်ထမ်းများအတွက်လည်း ဂိမ်းသစ်တစ်ခု ဖန်တီးပြီး အတူတူ စုစည်းကြကာ အောင်ပွဲခံစားသောက်ကြတာ ရိုးရာတစ်ခု ဖြစ်နေပါပြီ။

ယခု ဘော့စ်ဖေးလက်အောက်မှာ ဝန်ထမ်း ၂၀၀ ဝန်းကျင်လောက် ရှိနေပါပြီ။ ငန်းရေကန် စားသောက်ဆိုင်တစ်ဆိုင်လုံးကို ဘိုကင်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါသည်။

ထိုဝန်ထမ်းများအနက် ယွီအင်တာနက်ကဖေး၏ ဝန်ထမ်းသစ်များကော၊ မကြာသေးခင်ကမှ ပြန်ရောက်လာသည့် ဖေးဟွမ်လုပ်ငန်း၏ ဝန်ထမ်းများလည်း ပါဝင်ကြသည်။

ရှန်းယန်ဂိမ်း၏ ဝန်ထမ်းများကိုတော့ လောလောဆယ် ထည့်သွင်းထားခြင်း မရှိသေးပါ။ နောက်ငွေစာရင်းရှင်းချိန်အတွက် ဖေးချမ့် ရှန်းယန်ဂိမ်း၏ ဝန်ထမ်းများကို ဖြည်းဖြည်းချင်း ဖြည့်သွင်းသွားဖို့ စီစဥ်ထားပါသည်။ ထို့ကြောင့် ဒီတစ်ခေါက် တွေ့ဆုံပွဲမှာ မထည့်သွင်းခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း သူ ဖြုန်းတီးဖို့ လိုအပ်တာကိုတော့ ဖြုန်းတီးရပါမည်။

ဖေးချမ့်က ယဲ့ကျစ်ကျိုးနဲ့ ဝမ်ရှောင်းပင်တို့ကို သူတို့စိတ်ကြိုက် ကုမ္ပဏီအတွက် စားဖွယ်ရာများ စုစည်းခွင့်ပေးထားသည်။ ကုမ္ပဏီက အပြည့်အဝရှင်းပေးမည်ဖြစ်သည်။ ဒီစားသောက်ဆိုင်မှာလည်း သူတို့ စားကြမည်ဖြစ်သည်။ နေ့မတူ အချိန်မတူခြင်းသာ ရှိသည်။

ကျင်းကျိုးမြို့က ဒီစျေးအကြီးဆုံး ဘူဖေး စားသောက်ဆိုင်က သူ မျှော်မှန်းထားတာတွေနဲ့ မပြည့်မှီတော့ဘူးဟု စတင်ခံစားလာရပါပြီ။

ပိုကောင်းသည့် အစားအသောက်များအတွက် ပေကျင်းမြို့သို့ လေယာဥ်ဖြင့် သွားလို့ ရပါက ဖေးချမ့် ဒီတိုင်း နေမှာ မဟုတ်ပါ။ သို့သော် စနစ်က ခွင့်မပြုပေ။

"ငါတို့ တိုးချဲ့နေတဲ့ နှုန်းအရဆို တစ်ချိန်ကျရင် ငန်းရေကန်စားသောက်ဆိုင်က ဝန်ထမ်းတွေအကုန်လုံး ကာမိမှာ မဟုတ်တော့ဘူး။ ငါ နောက်ထပ် နည်းလမ်းတစ်ခုလောက် စဥ်းစားမှဖြစ်မယ်။"

”… ငါ့ဘဝက စိုးရိမ်စရာတွေချည်းနဲ့ပါလား။"

တခြားသူတွေ အစားအသောက်များ ပလုတ်ပလောင်း စားသောက်နေစဥ် ဖေးချမ့်ကတော့ တိုးတိတ်စွာ ထိုင်နေပြီး နောက်ပိုင်း တွေ့ဆုံပွဲများကို ဘယ်လို စုစည်းရမလဲဆိုတာကို စဥ်းစားနေသည်။

ငန်းရေကန်စားသောက်ဆိုင်က လူတွေ အများကြီး မကာမိလောက်ပါ။ ဘာပဲဖြစ်ဖြစ် ဒါက အဆင့်မြင့် စားသောက်ဆိုင်တစ်ခု ဖြစ်သည်။ ကျင်းကျိုးမြို့က ချမ်းသာပြီး နာမည်ကြီးသည့် လူတစ်စုကိုသာ ပစ်မှတ်ထားသော ဆိုင် ဖြစ်သည်။ ထိုင်ခုံများက အလွန်အမင်း ကျယ်ပြောသည်။ အပြင်အဆင်များကလည်း အလွန် လှပ၏။ ထို့ကြောင့် လူတွေအများကြီး မဆံ့နိုင်ခြင်း ဖြစ်ပါသည်။

အခုတော့ ထန်းတာ့၏ ဝန်ထမ်းများကိုသာ ခေါ်ထားသော်လည်း ဖေးချမ့် တစ်ဆိုင်လုံးကို ဘိုကင်တင်လိုက်ရသည်။ နောက်တစ်ခေါက် သူတို့ ဝန်ထမ်းတွေ့ဆုံပွဲ လုပ်သည့်အခါ အရေအတွက်သာ ထပ်တိုးလာပါက သေချာပေါက် နေရာ လုံလောက်မှာ မဟုတ်တော့ပါ။

"ဟုတ်ပြီ။ နောက်ပိုင်းကျရင် ငါတို့ ဝန်ထမ်းတွေ့ဆုံပွဲတွေကို ခွဲခွဲပြီး လုပ်တာပေါ့။ ဌာနပေါင်းစုံရဲ့ ဗဟိုမန်ဘာတွေကို အရင်ဆုံး ကျွေးမွေးပြုစုလိုက်မယ်။ ပြီးရင် ဌာနပေါင်းစုံက သီးခြားစီ စားသောက်လို့ ရမယ်။”

"အဲ့တာဆို ငါ ငွေပိုဖြုန်းနိုင်မှာပေါ့။ အိုကေပဲ။"

"ကံမကောင်းစွာနဲ့ ကျင်းကျိုးမြို့မှာ ဒီ့ထက် ပိုစျေးကြီးတဲ့ စားသောက်ဆိုင် မရှိတော့ဘူး။ နေပါဦး... ငန်းရေကန်ထက် ပိိအဆင့်မြင့်တဲ့ စားသောက်ဆိုင် ငါဖွင့်လိုက်လို့ ရတာပဲ မဟုတ်ဘူးလား။"

ဖေးချမ့် အကြံကောင်းတစ်ခုကို စဥ်းစားလိုက်မိပါသည်။

သူ ယွီအင်တာနက်ကဖေး၊ ယွီသရေစာတို့ဖြင့် အစားအသောက်လုပ်ငန်းလောကထဲသို့ ပထမဆုံး ခြေလှမ်း ချထားပြီးသား ဖြစ်သည်။ သူ အခြေအနေတွေ စမ်းသပ်ပြီးပြီဟု ဆိုနိုင်၏။ အခုချိန်ထိ ဖေးချမ့် မျှော်လင့်ထားသည့် အတိုင်းပဲ လည်ပတ်နေကြပါသေးသည်။

တစ်ဖက်တွင် သူ့ဝန်ထမ်းများအတွက် စားကောင်းသောက်ဖွယ်များ ထောက်ပံ့ပေးနိုင်သည်။ နောက်တစ်ဖက်မှာတော့ အရှုံးဆက်ပေါ်နိုင်သည်။ ဒီလုပ်ငန်းနှစ်ခုစလုံးက ဖေးချမ့်၏ အရှုံးပေါ်လုပ်ငန်းအတွက် ကြီးကြီးမားမား အထောက်အကူပြုနေပါသည်။

အခုချိန်ထိ အောင်မြင်သည့် အတွေ့အကြုံတစ်ခု ဖြစ်ခဲ့ပါသည်။

သို့သော်လည်း တစ်ခုတည်းသော ပြဿနာက ယွီသရေစာမှာ သိပ်ပြီး အဆင့်မြင့်မနေခြင်းပင်။

ယွီသရေစာ၏ အဓိက ရည်ရွယ်ချက်က ဝန်ထမ်းများအတွက် ကျန်းမာသည့် အိမ်ထမင်း အိမ်ဟင်းများကို ထောက်ပံ့ပေးနိုင်ဖို့ ဖြစ်သည်။ တခြား သာမန်စားသောက်ဆိုင်များထက် နည်းနည်းလေး ပိုစျေးကြီးသော်လည်း ဖေးချမ့် စိတ်ကူးထားသည့် ငွေဖြုန်းစက်ကြီး ဖြစ်ဖို့ အများကြီး လိုနေပါသေးသည်။

ဘာပဲဖြစ်ဖြစ် ၎င်းတို့က သာမန်ဟင်းလျာများ ဖြစ်သည်။ စနစ်က အစားအသောက်ကို စျေးနှုန်းသတ်မှတ်ရာတွင် ကန့်သတ်ချက်များ ထုတ်ထားသည်။ သူ တိုးချင်တိုင်း တိုးလို့ မဖြစ်ပါ။

ကြက်ဥခရမ်းချဥ်သီးမွှေကြော်က ဘယ်လောက်ပဲ အရသာရှိပါစေ စားဖိုမှူးက အလွင့်ကြီး မဟုတ်ပါက စျေးနှုန်းကို မြှင့်တင်လို့ မရပါ။

ဖေးချမ့်မှာလည်း ထိုကဲ့သို့သော စားဖိုမှူးမျိုး မရှိသေးပါ။

အဆင့်မြင့်စားသောက်ဆိုင်တစ်ခုကို သူ စတင်နိုင်သည်။ ဒါဆို သူ့ပြဿနာများ ပြေလည်သွားပါလိမ့်မည်။

ထို့နောက် ထိုစားသောက်ဆိုင်နေရာချဖို့အတွက် ချောင်ကျသည့် နေရာတစ်နေရာကို ရှာနိုင်သည်။ အရည်အသွေး အကောင်းမွန်ဆုံး ပါဝင်ပစ္စည်းများကိုသာ ရွေးချယ်ပြီး မြင့်နိုင်သမျှ အမြင့်ဆုံးစျေးဖြင့် ရောင်းချမည်။ သူ့ဝန်ထမ်းများ ထိုဆိုင်တွင် စားသောက်သည့်အခါ ဒစ်စ်ကောင့်ရနိုင်သော်လည်း ပါဝင်ပစ္စည်းများက စျေးတော်တော်ကြီးနေသရွေ့ ကိစ္စမရှိပါ။

သူတို့ ငွေစာရင်းရှင်းချိန်မရောက်ခင်တိုင်း ထိုဆိုင်မှာ သွားစားကြမည်။ ဒါကလွဲပြီး လုပ်ငန်းကို ဒီတိုင်း ထိန်းသိမ်းထားပြီး အရှုံးဆက်ပေါ်စေမည်ဖြစ်သည်။ အတော်လေး ကောင်းမွန်သော အကြံ ဖြစ်ပါသည်။

ထို့သို့ စဥ်းစားမိပြီး သူဘာလုပ်ရမလဲဆိုတာ ဖေးချမ့် အကြမ်းဖျင်း သိသွားပါသည်။

နောက်တစ်ပတ် ဂိမ်းများက ဆက်လက်ပြီး အမြတ်ဝင်နေဦးမည်။ ဖေးချမ့် သူ့ပိုက်ဆံကို ဘယ်မှာ သုံးရမလဲဆိုတာ စိတ်ပူနေစရာ မလိုတော့ပါ။ အားလုံးကို အဆင့်မြင့်စားသောက်ဆိုင်တစ်ဆိုင်ဖွင့်ဖို့ လောင်းထည့်နိုင်သည်။ သူ သိသလောက်ဆို ယွီအင်တာနက်ကဖေးများထက် အများကြီး ကုန်ကျစရိတ်များပါလိမ့်မည်။

အမှန်ပင်။ သူဌေးတချို့ကတော့ ဒီအဆင့်မြင့် စားသောက်ဆိုင်ကြီးကို သဘောကျကြမှာ သိပါသည်။ အနည်းဆုံးတော့ ကတ်စတမ်မာ တချို့ရှိပါလိမ့်မည်။

သို့သော်လည်း ကျင်းကျိုးမြို့က ဒုတိယအဆင့်ရှိသော မြို့လေးတစ်မြို့သာ ဖြစ်သည်။ ဒီမှာ သူဌေးဆိုတာ များများစားစား မရှိပါ။ သူ့စားသောက်ဆိုင်က အရှုံးပေါ်လိမ့်မည်ဟု ဖေးချမ့် ခန့်မှန်းမိပါသည်။ ရေပန်းစားလာနိုင်မှာလည်း မဟုတ်ပေ။

ဖေးချမ့် အချိန်အကြာကြီး စဥ်းစားချင့်ချိန်လိုက်ပြီး စားပွဲနှစ်လုံးအကွာမှာ ထိုင်နေသည့် လင်းဝမ်ကို လှမ်းကြည့်လိုက်သည်။ လင်းဝမ်က ဖေးချမ့် သူမ၏ သရုပ်မှန်ကို မသိသေးဘူးဟု ထင်နေပါသည်။ သို့သော်လည်း ဖေးချမ့်က သူမ ဘယ်သူလဲဆိုတာ ကောင်းကောင်းကြီး သိနေပါသည်။ သူမအတွက်တောင် တိုးတိုးတိတ်တိတ် အစီအစဥ်များ ချပြီးသွားလေပြီ။

အမှန််ပင်။ ဖေးချမ့်က သူမကို အလောတကြီး အသိပေးမှာ မဟုတ်သေးပါ။ လင်းဝမ်ကို ရှန်းယန်ဂိမ်းသို့ လွှဲပြောင်းပေးပြီး ဂိမ်းပေါင်းများစွာကို ဖျက်ဆီးနိုင်စေဖို့ နောက်ထပ်ငွေစာရင်းရှင်းချိန် အသုတ် ရောက်အောင် စောင့်ရပါဦးမည်။ ဒါဆို သူ့အလုပ် ပြီးမြောက်ပါပြီ။

ထိုအချိန်တွင် လင်းဝမ်က သူမ ဖုန်းမှာ စာရိုက်နေပြီး မက်ဆေ့ချ်များကို စာပြန်နေသည်။

ဖန်သားပြင်ပေါ်တွင် ချန်းရှထံမှ မက်ဆေ့ချ်တစ်ခု ပေါ်နေသည်။

"အလှလေးလင်း ကောင်မလေး ကျေးဇူးပြုပြီး.... ငါ့ကို Barrett Doom တစ်လက်ရအောင် ကုမ္ပဏီထဲက လုပ်ပေးပါလား နင်က အဲ့တာဝန် ယူထားရတာ မဟုတ်ဘူးလား။ ကုမ္ပဏီထဲက အချက်အလက်တွေကို နင် ထိန်းချုပ်ခွင့်ရှိတယ် မဟုတ်ဘူးလား။"

"တကယ် မရလို့ပါ။ ကျွန်မ ကူညီပေးချင်ပါတယ်။ ဒါပေမယ့် ကျွန်မလက်တွေက အကန့်အသတ်ရှိတယ်။ ပြန်ရောင်းတဲ့ လူတစ်ယောက်ယောက်ကို ရှာလိုက်ပါလာား" လင်းဝမ်က စာအမြန်ပြန်လိုက်ပါသည်။ "ကျွန်မအပြင် ကျွန်မအဖွဲ့ထဲက အတော်ဆုံးနဲ့ ဘော့စ်ဖေး လုံးဝ ယုံကြည်ထားတဲ့ ပေါင်ရှုဆိုတဲ့လူတောင် ပြန်ရောင်းတဲ့လူဆီက Barret Doom ကို ဝယ်ထားရတာ"

ချန်းရှ ”..."

လင်းဝမ်၏ ကျေးဇူးကြောင့် ချန်းရှ သမုဒ္ဒရာရဲတိုက်ကို စွဲလမ်းသွားပြီးကတည်းက ဂိမ်း၏ အမာခံ ကစားသမား ဖြစ်လာခဲ့သည်။

အစကတော့ ချန်းရှက Counter Strike ကိုသာ အဆော့များသည်။ ဘာပဲဖြစ်ဖြစ် Counter Strike က ယှဥ်ပြိုင်သည့်ဂိမ်းဖြစ်သောကြောင့် သူ အကြာကြီး ကစားလို့ ရသည်။ တစ်ဖက်မှာတော့ သမုဒ္ဒရာရဲတိုက်က ကစားသမားအသစ်များအတွက် FPS ဂိမ်းတစ်ခု ဖြစ်သည်။ ကဏ္ဍပေါင်းစုံမှာ Counter Strike ထက် ပိုနိမ့်ကျပါသည်။

သို့သော်လည်း တဖြည်းဖြည်းနဲ့ ချန်းရှ ပြောင်းလဲလာသည်။

အဘယ့်ကြောင့်ဆိုသော် သမုဒ္ဒရာရဲတိုက်က ပိုပိုပြီး ရေပန်းစားလာသောကြောင့် ဖြစ်ပါသည်။ လူတွေ ပိုပိုပြီး ကစားလာကြလေလေ ချန်းရှပါ ထိုလူတွေထဲ ပါဝင်လာခဲ့ပါသည်။

အစတုန်းက သူ အသည်းအသန် အချိန်ဖြုန်း အားထုတ်ပြီး ဝေဖန်ခဲ့သည့် ဂိမ်းက တစ်နေ့တစ်ချိန်မှာ သူ့ရင်ထဲက COunter Strike နေရာကို အစားဝင်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ...

Barrett Doom ကို ထုတ်လိုက်တာနဲ့ ချန်းရှလည်း တခြား ကစားသမားတွေလိုပဲ လိုချင်စိတ် ပြင်းပြခဲ့ပါသည်။ ဘာပဲဖြစ်ဖြစ် FPS ဂိမ်းများ၏ ဘယ်လိုကစားသမားက လက်ဖြောင့်တပ်သား လုပ်ရတာကို သဘောမကျဘဲ နေမှာလဲ။

သို့သော်လည်း ရိုင်ဖယ်က အလက် ၅၀၀ အကန့်အသတ် ရှိနေသည်။ ချန်းရှ အခွင့်အရေး မရခဲ့ပါ။

ပြန်ရောင်းတဲ့လူကို ရှာရမယ်ဟုတ်လား။ သူ ယွမ် ၂,၀၀၀ - ၃,၀၀၀ လောက်အထိ ကမ်းလှမ်းရင်တောင် မရနိုင်လောက်ပါ။

ဒါက ငွေနဲ့ မဆိုင်ပေ။ ပြဿနာက ချန်းရှ၏ အကောင့်ထဲတွင် အနီရောင်ချီလင်လက်နက် တစ်လက် ရှိနေသည်။ သူ ကြိုးစားပမ်းစား ရှာဖွေထားရသည့် သေနတ်များလည်း ရှိသည်။ ထို့ကြောင့် အလွယ်လေး လက်မလွှတ်နိုင်ပါ။

ချန်းရှ လက်မလျှော့သေးပါ။ "ဒါပေမယ့် ငါထန်းတာ့ကို တစ်ခုကူညီပေးခဲ့တယ်လေ ငါသမုဒ္ဒရာရဲတိုက်ကို အောင်မြင်စေဖို့အတွက် တစ်ထောင့်တစ်နေရာက ပါဝင်ပေးခဲ့တာပဲ မဟုတ်ဘူးလား"

"ငါက FPS ဝါရင့်ဂိမ်မာတွေရဲ့ ဦးဆောင် ဂိမ်မာတွေထဲက တစ်ယောက်ပဲ။ တခြား ပြည်တွင်းထုတ်ဂိမ်းတွေထဲမှာ လေးစားခြင်း ခံရတဲ့ လူတစ်ယောက်ပါဟာ။ ဒီဂိမ်းထဲက လက်နက်လေးတစ်လက်ရဖို့ကျမှ ဘာလို့ ဒီလောက်တောင် ခက်ခဲနေရတာလဲ။"

လင်းဝမ်က စာပြန်လိုက်သည်။ "အမ်.... ကျွန်မ ရှင့်ကို ပထမဆုံးအကြိမ် ဒီဂိမ်းကို မိတ်ဆက်ပေးပြီး အနီရောင်ချီလင်လက်နက် တစ်လက် ပေးခဲ့တုန်းက ရှင် အထင်သေးခဲ့တယ်မဟုတ်ဘူးလား။ အဲ့ဒီလက်နက်ဆိုတာ ဂိမ်းထဲက ဒေတာတချို့သက်သက်ဖြစ်ပြီးတော့ ဘယ်လို အရူးက ၈၈၈ ယွမ်နဲ့ ဝယ်မှာလဲလို့တောင် ပြောခဲ့တယ်။ တချို့လူတွေ ဒါကို ဘယ်လိုခေါ်တာပါလိမ့်။ ခုတစ်မျိုး တော်ကြတစ်မျိုး---"

ချန်းရှက အမြန်ဖြတ်ပြောလိုက်ပါသည်။ "ဟဲဟဲ ငါက အရူးလေ။ အရူးက အခု Barret Doom တစ်လက်လောက် လိုချင်နေလို့ပါ။ တောင်းပန်နေတာပါ။ ကျေးဇူးပြုပြီး..."

"ဟီးဟီး" ချန်းရှ ကိုယ့်ကိုယ်ကို နှိမ့်ချနေတာကို မြင်သောအခါ လင်းဝမ်ရှက်သွားပါသည်။ "ဟုတ်ပါပြီ။ ရှင်က ဒီလောက် စိတ်အားထက်သန်နေမှတော့ ဘော့စ်ဖေးကို မေးပေးပါ့မယ်။ တစ်လက်ရမယ်လို့တော့ ကျွန်မ အာမမခံနိုင်ဘူးနော်။"

ချန်းရှ "ကျေးဇူးအများကြီးတင်ပါတယ်။"

လင်းဝမ်က အတွေးနက်နေသည့် ဖေးချမ့်ကို ကြည့်လိုက်သည်။ သူမ၏ သရုပ်မှန်ကို သူသိသွားပြီလားဟုပင် တွေးမိပါသည်။

ဒီတစ်ခေါက် သူမ ရဲရဲတင်းတင်း အထပ် ငှားရမ်းခကို လျှော့ချလိုက်တာ အတော်လေး များသွားသည်။ ၄ ယွမ်မှ ချက်ချင်း ၁.၅ ယွမ် ဖြစ်သွားခဲ့၏။ ဒါက ဘော့စ်ဖေးကို သံသယဖြစ်စေလိမ့်မည်။

သူမ နည်းနည်းလေး လျှော့လိုက်ပါက ဘော့စ်ဖေးထံမှ ဖုံးကွယ်ချင် ဖုံးကွယ်ထားနိုင်ပါလိမ့်မည်။ သို့သော်လည်း လင်းဝမ်အတွက်တော့ ဒါက အဓိပ္ပာယ်မဲ့ပါလိမ့်မည်။ ဘော့စ်ဖေး သူ့ဝန်ထမ်းများအပေါ် ပြသခဲ့သည့် စေတနာနဲ့ ဂရုစိုက်မှုများအတွက် ကျေးဇူးကြွေး ကျေနိုင်မှာ မဟုတ်ပါ။ ကပ်စေးနှဲရာလည်း ကျလိမ့်မည်။

လင်းဝမ်က သူမကိုယ်သူမ ကပ်စေးနှဲသူဟု တစ်ခါမှ မထင်ဖူးပါ။

အခုတော့ ဖေးချမ့် သူမကို သံသယဝင်နေပြီလားဆိုတာ မသေချာတော့ပေ။ ယုတ္တိရှိအောင် ပြောရလျှင် သူမကိုသာာ သံသယ တကယ်ဖြစ်ပါက မေးခွန်းများလာမေးလိမ့်မည် မဟုတ်ပါလား။

သို့သော်လည်း ဘော့စ်ဖေးက ဘာမှ မဖြစ်သလိုသာ ဟန်ဆောင်နေသည်။ သူမကို အထူးတလည် ဂရုတောင် မစိုက်ပါ။

"ဘော့စ်ဖေးက အရမ်းအလုပ်များလို့ ဖြစ်မှာပါ။ အထပ် ငှားရမ်းခဆိုတာ အသေးအဖွဲကိစ္စတစ်ခုပဲ။ သူ မသိသေးတာများလား။ အင်း ဖြစ်နိုင်တယ်။ ဒါဆို ငါလည်း လောလောဆယ် ဘာမှ မဖြစ်သလို ဟန်ဆောင်နေရမယ်။"

လင်းဝမ်က ဖေးချမ့်ကို ဒီအကြောင်း အရင်ပြောပြမှာ မဟုတ်ပါ။ သူမက ကောင်းတာတစ်ခုခုလုပ်ထားသည့်အတွက် ဘယ်တော့မှ နာမည်မယူချင်ပေ။ သူမက တခြားသာမန်လူတစ်ယောက်လိုပဲ အားလုံးနဲ့ ဆက်ဆံချင်သူ ဖြစ်သည်။

လင်းဝမ် စိတ်ဆုံးဖြတ်ချက်ချပြီး ဖေးချမ့်ဆီသို့ လျှောက်သွားလိုက်ပါသည်။

သူတို့နှစ်ယောက် ရင်ထဲမှာတော့ မဟုတ်မမှန် ရည်ရွယ်ချက်များ ရှိနေကြပြီး အပြင်ပိုင်းမှာတော့ ပြုံးပြလိုက်ကြပါသည်။ နှစ်ယောက်စလုံး တစ်ယောက်အတွေး တစ်ယောက် မသိသလို ဟန်ဆောင်နေခဲ့ကြသည်။

All Chapters