ဟွမ်စစ်ပေါ်ရဲ့ မှတ်တမ်းရုပ်ရှင်
Vol. 12 Ch. 172
"ဘော့စ်ဖေး ချန်းရှကို မှတ်မိလားဟင်။ သူက Barrett တစ်လက် လိုချင်တယ်တဲ့" လင်းဝမ်က သေချာပြောပြလိုက်ပါသည်။
ဖေးချမ့်၏ ရုတ်ခြည်း တုန့်ပြန်မှုက ငြင်းဆန်ဖို့ပဲ ဖြစ်သည်။
လာနောက်နေတာလား။ ငါ အလက် ၅၀၀ ပဲ ရောင်းနိုင်အောင်လို့ အလက် ၅၀၀ လို့ ကန့်သတ်ထားတာလေ။ အဲ့စည်းမျဥ်းကို အလွယ်လေး ချိုးဖောက်ရမှာလား။
ဒီနေ့ သေနတ်တစ်လက် ပေးလိုက်ပြီး မနက်ဖြန်ကျရင် ဟင်းသီးဟင်းရွက်လောက် စျေးပေါလာလိမ့်မယ်။ အဲ့လိုမျိုး လုပ်လို့ မရဘူး။
ဘော့စ်ဖေးကိုယ်တိုင်တောင် အထူးခံစားခွင့်များ ဘာမှ မခံစားရပါ။ တခြားသူတွေအတွက် ဘယ်လိုလုပ် အလွယ်တကူ ခြွင်းချက် ထားပေးရမှာလဲ။
အမှန်ပင်။ ဘော့စ်ဖေး ကိုယ့်ကိုယ်ကို အထူးခံစားခွင့်များ မပေးခြင်းက ထို FPS ဂိမ်းများတွင် သူ အလွန်ညံ့ဖျင်းသောကြောင့် ဖြစ်ပါသည်။ သူ့မှာ Barrett Doom တစ်လက် ရှိရင်တောင် ဂိမ်းထဲမှာ ပက်ပက်စက်စက် ရှုံးနိမ့်နိုင်ပါသည်။
ဖေးချမ့် ဘာပြောမှာကို ခန့်မှန်းမိသဖြင့် လင်းဝမ်က အမြန်ပြန်ပြောလိုက်ပါသည်။ "ဘော့စ်ဖေး ဒီတောင်းဆိုချက်က ကျိုးကြောင်းမသင့်တာ ကျွန်မ သိပါတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့ အဓိက ကစားသမားတွေကို အနည်းဆုံးတော့ ဂရုစိုက်သင့်တယ်လို့ ကျွန်မထင်မိတယ်။ ဟုတ်တယ်မလား။ အလကားပေးလို့မရရင်တောာင် အနည်းဆုံးတော့ အပေးယူလေး လုပ်ကြမလား။"
"ကျွန်မတို့ လတိုင်း အလက် ၅၀၀ ပဲ ရောင်းချဖို့ သတ်မှတ်ထားတယ်။ သူတို့တွေ လက် ဘယ်လောက် သွက်လဲဆိုတဲ့အပေါ် မူတည်တယ်။ ကျွန်မတို့က ပြန်ရောင်းစားမယ့်လူတွေကို အားသာချက်ပေးနေသလိုပဲ။ ဂိမ်းကို နှစ်နှစ်ကာကာ သဘောကျတဲ့ကစားသမားတွေက အဲ့လက်နက်တွေကို မရတော့ဘူး။ သူတို့အတွက် အရမ်းနာကျင်စရာဖြစ်မှာပဲ။"
ဖေးချမ့် စဥ်းစားကြည့်လိုက်သောအခါ ဒါက မှန်သလိုလိုရှိကြောင်း နားလည်သွားပါသည်။
ထန်းတာ့ဂိမ်း ပိုက်ဆံရတာ မရတာက အရေးမကြီးပါ။ သို့သော်လည်း ကစားသမားများကိုတော့ နာကျင်စေလို့ မဖြစ်ပေ။ ပြန်ရောင်းစားသမားများကို ဒီအခြေအနေအား အလွယ်တကူ အခွင့်ကောင်း ယူခွင့်ပေးလို့ မဖြစ်ပါ။
ဘာပဲဖြစ်ဖြစ် ကစားသမားများက ရိုးသားသည်။ တစ်ဖက်မှာ ပြန်ရောင်းစားသမားများကတော့ အယုတ်တမာများ ဖြစ်ကြ၏။
ဖေးချမ့် ဒါကို စဥ်းစားကြည့်ပြီး ပြောလိုက်ပါသည်။ "အဲ့တာကို ဖြေရှင်းရလွယ်ပါတယ်။ ငါတို့ အကောင့် ဂုဏ်သတင်း စနစ်ကို ဖန်တီးလိုက်မယ်လေ။ အချက်ပေါင်းများစွာနဲ့ တိုင်းတာပြီးတော့ အကောင့်တွေက အဆင့်သတ်မှတ်ချက်ပေါင်းစုံ ရရှိနိုင်လိမ့်မယ်။ ချန်းရှလို အဓိက ကစားသမားတွေကို နမူနာယူလိုက်။ သူတို့က ဂိမ်းအတွက် အများကြီး အထောက်အကူပြုခဲ့တယ်ဆိုတော့ သူတို့ အထူးခံစားခွင့်တွေ ရသင့်တာပေါ့။"
"တခြား အကောင့်တွေက ဂိမ်းထဲမှာ ဆဲကြလား ဆိုကြလား၊ ဂိမ်းထဲမှာ ရိုးရိုးသားသား ကစားကြလား မကစားကြဘူးလား။ သူတို့ ဘယ်လောက် Active ဖြစ်လဲ ဘာညာတွေနဲ့ တိုင်းတာလို့ရတယ်။ ရုပ်ရှင်တွေထဲက Credit အဆင့်သတ်မှတ်ချက်လိုပဲ။"
"Credit အဆင့်သတ်မှတ်ချက် မြင့်တဲ့ကောင်တွေက Epic လက်နက်တွေကို ကြိုတင်အော်ဒါတင်လို့ရမယ်။ သူတို့ ကြိုတင်အော်ဒါတင်တာ အောင်မြင်သွားတာနဲ့ သူတို့ ဝယ်ယူမှုကို အလက် ၅၀၀ ထဲ ထည့်ပေးလိုက်မယ်။ Credit အဆင့်သတ်မှတ်ချက် မြင့်လေလေ သူတို့ ကြိုတင်အော်ဒါတင်တဲ့အခါ ပိုပြီး ဦးစားပေးခံရလေလေပဲ။"
"ဒါပေါ့။ Credit အဆင့်သတ်မှတ်ချက်ချင်း သွားတူနေတဲ့ လူတွေကတော့ အချင်းချင်း ယှဥ်ပြိုင်ရမှာပေါ့။"
"ပြန်ရောင်းစားသမားတွေက ဝါရင့်ဂိမ်မာတွေ မဟုတ်ဘူး။ သူတို့က ဦးစားပေးမှုမှာ နောက်ဆုံးနေရာမှာပဲ ရှိလိမ့်မယ်။ အဲ့တာဆို သူတို့ ဘယ်လောက်ပဲ လက်သွက်ပါစေ အသုံးဝင်မှာ မဟုတ်တော့ဘူးလေ။ အဲ့ဒီ Epic လက်နက်တွေကို လုယူဖို့ အခွင့်အရေးရှိမှာ မဟုတ်တော့ဘူး။"
လင်းဝမ်၏ မျက်လုံးများ ဝိုင်းစက်သွားသည်။ "အကြံကောင်းပဲ။ ဘော့စ်ဖေးက တကယ်တော်တာပဲ။ ဒီလောက်ပြီးပြည့်စုံတဲ့ အကြံကိုတောင် စဥ်းစားနိုင်တယ်။ ကျွန်မ ချန်းရှကို ဒီအကြောင်း ပြောပြပြီး စိတ်ရှည်ရှည်စောင့်ဖို့ ပြောလိုက်ပါ့မယ်။"
နင် အဲ့လောက်ကြီး အံ့သြနေစရာတော့ မလိုဘူးထင်တယ်နော်....။
ဖေးချမ့် ကြောင်သွားပါသည်။ ဒါက သာမန် ဖြေရှင်းချက်တစ်ခုသာ ဖြစ်သည်။
သို့သော်လည်း ပြန်တွေးကြည့်သောအခါ လင်းဝမ်၏ တုန့်ပြန်မှုက ယုတ္တိရှိပါသည်။ လူအများစု၏ ဂိမ်းများအပေါ် တွေးခေါ်ပုံက အခုအချိန်မှာ နောက်ပြန်သွားနေဆဲဖြစ်သည်။ ဖေးချမ့်က နှစ်အနည်းငယ်လောက် အတွေ့အကြုံ ပိုရှိသည်။ ထို့ကြောင့် သူ အားသာချက် ရထားခြင်း ဖြစ်ပါသည်။
အမှန်ပင်။ အခြေအနေ အများစုအောက်တွင် ထိုအားသာချက်က ဒီလိုအသေးအဖွဲကိစ္စများကို စဥ်းစားရာမှာသာ အာနိသင်ရှိပါသည်။။
သူ့မှာရှိတဲ့ အတွေ့အကြုံ သေးသေးလေးနဲ့ ရှန်းဟွာကော်ပိုရေးရှင်းလိုမျိုး ဧရာမ စီးပွားရေး အင်ပါယာကြီးတစ်ခုကို တည်ဆောက်နိုင်မှာတဲ့လား။
ဒါက အလှမ်းဝေးသည့် အိပ်မက်တစ်ခုသာ ဖြစ်သည်ဟု ဖေးချမ့် ခံစားမိပါသည်။
လောလောဆယ်တော့ သူ့ရှေ့က ကိစ္စများကိုပဲ ကိုင်တွယ်ထားတာ ပိုကောင်းပါသည်။
ထို့အပြင် ဂိမ်းများထံမှ ဝင်ငွေများကို ကန့်သတ်နိုင်သည်။ အရှုံးများပေါ်စေနိုင်သည်။ စနစ်ရန်ပုံငွေများကို ကုန်းဆင်းနိုင်သည်။ ငွေများကို သူ့ကိုယ်ပိုင်စည်းစိမ်အဖြစ် ပြောင်းလဲနိုင်သည်။ ဒါတွေအားလုံးက သူ့ရေရှည်အိပ်မက်ကို အထိအခိုက် မဖြစ်စေပါ။
သူ ဒါတွေကို စဥ်းစားနေတုန်း ခပ်လှမ်းလှမ်းမှ အားပေးသံများကို ကြားလိုက်ရပါသည်။
"ညီအစ်ကိုဟွမ် ပြန်လာပြီဟေ့"
"ညီအစ်ကိုဟွမ် မင်းနောက်ကျတယ်ကွာ။ အပြစ်ပေးတဲ့အနေနဲ့ သုံးခွက်သောက်လိုက်ကွာ။"
ဖေးချမ့် တုန်လှုပ်သွားသည်။
သူ ရောက်လာပြီ။ ဟွမ်စစ်ပေါ်ရောက်လာပြီ။
ဖေးချမ့်၏ ညွှန်ကြားချက်အရဆို ဟွမ်စစ်ပေါ်က ဇွန်လ ၁၈ ရက်မတိုင်ခင် ရိုက်ကူးရေး ပြီးရမည်။ ဗီဒီယိုကို ၂၄ ရက်နေ့ နောက်ပိုင်းမှ ထုတ်လုပ်လိုက်ပါက စနစ်က ငွေစာရင်းရှင်းချိန်ကို ရွှေ့ဆိုင်းသွားလိမ့်မည်။ ဖေးချမ့်အတွက် ဒါက လက်မခံနိုင်စရာပဲဖြစ်ပါသည်။
ဟွမ်စစ်ပေါ် ရိုက်ကူးရေးနဲ့ တည်းဖြတ်ရေးများ ပြီးဆုံးသွားပြီဟု ဖေးချမ့် ခန့်မှန်းမိပါသည်။ သူတို့ နှစ်ရက်အတွင်း မှတ်တမ်းရုပ်ရှင်ကို ထုတ်လွှင့်ဖို့ စီစဥ်နေလောက်ပြီ။
ဟွမ်စစ်ပေါ် ဘယ်လောက်ရမလဲဆိုတာ ဖေးချမ့်၏ အနာဂတ်အစီအစဥ်များအပေါ် သက်ရောက်မှု ရှိလိမ့်မည်။
ဟွမ်စစ်ပေါ်ပြုံးပြုံးကြီးနဲ့ အားလုံးကို နှုတ်ဆက်နေတာကို ဖေးချမ့် အဝေးက လှမ်းကြည့်နေသည်။ သို့သော်လည်း ဟွမ်စစ်ပေါ်၏ မျက်လုံးထဲမှာ အထီးကျန်မှု အရိပ်အယောင်ကို သူမြင်လိုက်မိပါသည်။
ဟင်...။
ဖေးချမ့် ရင်ထဲ ပျော်ရွှင်သွားသည်။ ဟွမ်စစ်ပေါ် အခုတစ်ခေါက် ငါ့ကို Surprise လုပ်တော့မှာလား။
ဟွမ်စစ်ပေါ် အနောက်ကို ဖေးချမ့် ကြည့်လိုက်သောအခါ ချန်းလျဲ့ကို မမြင်ရပါ။
ချန်းလျဲ့ ရှန်ဟိုင်းသို့ရောက်သွားပြီးနောက် ဖေးဟွမ်လုပ်ငန်း၏ ဝန်ထမ်းတစ်ယောက် ဖြစ်လာခဲ့ပါသည်။ သို့သော်လည်း တကယ်တမ်းတော့ မည်သည့် တာဝန်မှ ပေးအပ်ခြင်း မခံရပါ။ သူက နာမည်ခံ ဝန်ထမ်းတစ်ယောက်သာ ဖြစ်ပါသည်။
ဖေးဟွမ်လုပ်ငန်းရိုက်ကူးရေး ပြီးမြောက်သောအခါ တည်းဖြတ်ရေးအတွက် ကျင်းကျိုးမြို့သို့ ပြန်လာခဲ့ကြသည်။ သူတို့ ဒီကိုရောက်တုန်း ဝန်ထမ်းတွေ့ဆုံပွဲကို တက်ရောက်ဖို့ အဆင်ပြေပါသည်။ ချန်းလျဲ့ပါမလာသဖြင့် သူ့မှာ ကိုယ်ပိုင်အစီအစဥ်ရှိသည်ဟု ဖေးချမ့် ခန့်မှန်းမိပါသည်။
ဟွမ်စစ်ပေါ်နဲ့ ကျူးရှောင်စဲတို့က ကျန်ဝန်ထမ်းအားလုံးများကို နှုတ်ဆက်ပြီးမှ ဖေးချမ့်၏ စားပွဲသို့ လာခဲ့ပါသည်။
"လာထိုင်ပါဦး။"
ဖေးချမ့် သူတို့နှစ်ယောက်ကို စိတ်အားထက်သန်စွာ နှုတ်ဆက်လိုက်ပြီး သူ့ရှေ့မှာထိုင်ဖို့ ဖိတ်လိုက်ပါသည်။
သူတို့နှစ်ယောက်စလုံးလည်း ဘော့စ်ဖေးနဲ့ စားပွဲတစ်လုံးတည်း ထိုင်ခွင့်ရသဖြင့် အံ့အားသင့် ပျော်ရွှင်သွားကြသည်။ ဘာပဲဖြစ်ဖြစ် ဒါက ပုံမှန် ဖြစ်ရပ် မဟုတ်ပေ။
သို့သော် ဟွမ်စစ်ပေါ်ရင်ထဲ အနည်းငယ် လေးလံနေမိပါသည်။
အချိန်က မှားယွင်းလိုက်တာ။
ဖေးဟွမ်လုပ်ငန်းက အိုင်လီကျွန်းနဲ့ သဘောတူစာချုပ်ချုပ်ပြီး ငွေတွေအများကြီး ရခဲ့တုန်းကတော့ ဘာကြောင့် ဘော့စ်ဖေး အလွန်အေးစက်နေခဲ့ပြီး အခုမှ ဘာလို့ နွေးထွေးနေရတာလဲ။
ငါတို့ ဒီတစ်ခေါက် အဆင်မပြေတာကို ဘော့စ်ဖေး ခန့်မှန်းမိလို့လား။ အဲ့တာကြောင့် ငါတို့ကို နှစ်သိမ့်ချင်တာလား။
ဟွမ်စစ်ပေါ်နဲ့ ကျူးရှောင်စဲကို တူညီသည့် ခန့်မှန်းချက်များ ရှိနေသလိုမျိုး သူတို့ အချင်းချင်း အဓိပ္ပာယ်ရှိသည့် အကြည့်ချင်း ဖလှယ်ခဲ့ကြသည်။
ဘော့စ်ဖေးက တကယ်ပဲ သူ့ဝန်ထမ်းတွေကို စောင့်ရှောက်တတ်တဲ့ ဘော့စ်ကောင်းတစ်ယောက်ပါလား။
ဖေးချမ့်ကတော့ သူတို့နှစ်ယောက်ရဲ့ ခေါင်းထဲမှာ အတွေးတွေ ဒီလောက်များမှန်း မသိခဲ့ပါ။ သူတို့မျက်နှာထားကို ကြည့်ရုံနဲ့ ဖေးဟွမ်လုပ်ငန်း ဒီတစ်ခေါက် မှတ်တမ်းရုပ်ရှင် ရိုက်ကူးကာ သိပ်အဆင်မပြေမှန်း သိသာပါသည်။
ဒါ သတင်းကောင်း ဖြစ်သည်။
သူတို့က ဖေးချမ့်အတွက် ကပ်ဆိုက်သည့်အချိန်တွင် မိတ်ဆွေကောင်းများ ဖြစ်လာတော့မည်။
ဖေးချမ့်၏ ကုမ္ပဏီအတွက် အရှုံးပေါ်မည့် ဖိအားများ တိုးလာစဥ် လင်းဝမ်က ရုတ်တရက်ကြီး အထပ် ငှားရမ်းခကို ဒစ်စ်ကောင့် ကြီးကြီးမားမားရအောင် လုပ်လိုက်သည်။ ဖေးချမ့် သူ ပြဿနာထဲ ပိုပိုနစ်လာသည်ဟု ခံစားခဲ့ရပါသည်။
သို့သော်လည်း အခုတော့ ဖေးဟွမ်လုပ်ငန်းက သူတို့ကြိုးစားပမ်းစားရှာဖွေထားသမျှ ပိုက်ဆံအားလုံးကို ဆုံးရှုံးသွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် ဖေးချမ့်နောက်ဆုံးတော့ စိတ်အေးနိုင်ပါပြီ။
ဟွမ်စစ်ပေါ်နဲ့ ကျူးရှောင်စဲတို့ စားချင်စိတ်တောင် သိပ်မရှိကြပါ။ သူတို့အစားအသောက်များကို နှစ်ကိုက်လောက်သာ ကိုက်လိုက်ကြပြီး အချင်းချင်းကြည့်လိုက်ကြသည်။ ဘယ်ကစပြောရမှန်းတောင် မသိတော့ပါ။
"ဘာဖြစ်လို့လဲ ရိုက်ကူးရေး အဆင်မပြေလို့လား" ဖေးချမ့်က စိတ်ပူသယောင်ဖြင့် ပြောလိုက်ပါသည်။
ဟွမ်စစ်ပေါ်က သူ့ဖုန်းကိုပွတ်လိုက်သည်။ "ဘော့စ်ဖေး ကျွန်တော်တို့ တည်းဖြတ်ထားတဲ့ ဗီဒီယိုကိုကြည့်ကြည့်ပါလား။"
"ဟုတ်ပြီ။"
ဖေးချမ့်က မေးခွန်း ထပ်မမေးတော့ပါ။ ဖုန်းကို ယူလိုက်ပြီး ဗီဒီယိုကိုကြည့်လိုက်ပါသည်။
အရင်တုန််းက ဒီမှတ်တမ်းရုပ်ရှင်မှာ eSport ကစားသမားများအကြောင်း ဖြစ်လိမ့်မည်ဟု ဟွမ်စစ်ပေါ် အကြမ်းဖျင်း ရှင်းပြဖူးပါသည်။ သူတို့ နာမည်ကျော် ပြည်တွင်း Counter Strike ကစားသမား လီကျန်းဝေလိုလူမျိုးနဲ့ အင်တာဗျူးမည်ဟု ပြောခဲ့သော်လည်း ဖေးချမ့်ကို အသေးစိတ်တော့ မပြောပြခဲ့ပါ။
သူ ဗီဒီယိုကို နှိပ်ကြည့်လိုက်သောအခါ စာလုံးများဖြင့် အနက်ရောင် မျက်နှာပြင်တစ်ခုကို မြင်လိုက်ရပါသည်။
"အခု ကျွန်တော် တစ်ရက်ကို အနည်းဆုံး ၁၄ နာရီ လေ့ကျင့်နေပါတယ်။"
"ကျွန်တော့် မိသားစု၊ သူငယ်ချင်းတွေကို မတွေ့သလောက် ရှားပြီး ကျွန်တော့်မှာ အားလပ်ရက်တွေ မရှိသလောက် ရှားပါတယ်။"
"လူအများစုအတွက်တော့ ဒါက ခံနိုင်ရည် မရှိစရာပဲ။"
"ဒါပေမယ့် သန်မာတဲ့ eSport ကစားသမား ဖြစ်လာချင်ရင် စတေးမှုတွေ လုပ်ရတယ်။"
"ဒီလောကထဲ ဝင်ရောက်ဖို့ ကျွန်တော် ပထမဆုံး ဆုံးဖြတ်ခဲ့တဲ့ အချိန်ကို မှတ်မိသေးတယ်။ ကျွန်တော့်အဖေက အလုပ်သွားဖို့ ပြင်နေတာ။ တံခါးကို လော့ချသွားပြီး ကျွန်တော် ဒီလောကထဲ ဆက်ဝင်ဖို့ ကြိုးစားနေဦးမယ်ဆိုရင် အိမ်ပြန်မလာနဲ့တော့လို့ ပြောတယ်။"
"သူ ထွက်သွားတော့ ကျွန်တော် တံခါးကို ကန်ဖွင့်ပြီး ထွက်ပြေးလာခဲ့တယ်။ ကျွန်တော် ရှန်ဟိုင်းထိ တစ်ယောက်တည်း သွားပြီး ကျွန်တော့် လုပ်ငန်းကို အတည်တကျ စတင်ဖို့ ကြိုးစားခဲ့တယ်။"
ထို့နောက် လေပေါ်မှ ရိုက်ချက်တချို့ ပေါ်လာခဲ့သည်။
ပထမတော့ အိမ်ယာများကို လိုက်ရိုက်ပြနေသည့် ပုံစံပေါ်သည်။ ထို့နောက် ဇာတ်ဝင်ခန်းက ပြောင်းလဲသွား၏။ ရှန်ဟိုင်းမြို့၏ ကြွယ်ဝမှုကို သူ မြင်လိုက်ရသည်။ မှတ်တမ်းရုပ်ရှင်၏ ခေါင်းစဥ် ဖန်သားပြင်ပေါ်တွင် ပေါ်လာပါသည်။
'ပိုးအိမ်ထဲမှ လိပ်ပြာတစ်ကောင်အဖြစ် မွေးဖွားလာခြင်း'
မှတ်တမ်းရုပ်ရှင်က အကြာကြီး မဟုတ်ပါ။ အစမှ အဆုံးအထိ ၁၀ မိနစ်ဝန်းကျင်လောက်သာ ကြာမြင့်ပါသည်။ သို့သော်လည်း ဒါကို ရိုက်ကူးဖို့ ဟွမ်စစ်ပေါ်တို့ ၁ လကျော်ကျော်လောက် အချိန်ယူခဲ့ရပါသည်။
ဖေးချမ့် ဒါကို လေးလေးနက်နက် ကြည့်ရှုလိုက်ပြီး သူ ထင်ထားတာထက် ပိုကောင်းမွန်နေကြောင်း မြင်လိုက်ရပါသည်။
ဇာတ်လမ်းက ပြီးပြည့်စုံမှု ရှိသည်။ လီကျန်းဝေ အင်တာနက် သုံးဖို့ အတန်းများ လစ်ခဲ့ပုံ၊ သူ့လုပ်ငန်းကို စတင်ဖို့ အိမ်ကနေ ထွက်ပြေးခဲ့ပုံ၊ သူ နာမည်ရလာပုံ၊ တရုတ်နိုင်ငံက အတော်ဆုံး Counter Strike ကစားသမား ဖြစ်လာပုံနဲ့ အခုချိန် ရောက်နေသော အနိမ့်ဆုံး အခြေအနေကို ရောက်သွားပုံ စသဖြင့် ပြသခဲ့သည်။
ထိုဇာတ်ဝင်ခန်းများမှာ သူ့မိဘများ၊ သူ့ဘေးနားကလူမျာား၊ သူ့နည်းပြ၊ သူ့ပရိတ်သတ်များနဲ့ အင်တာဗျူးထားပုံများ ဖြစ်သည်။ လှပသည့် နောက်ခံတီးလုံးနဲ့ အပြစ်အနာအဆာ ကင်းသည့် ဇာတ်ဝင်ခန်း ကူးပြောင်းမှုတို့နဲ့ ပေါင်းလိုက်သောအခါ ဒီမှတ်တမ်းရုပ်ရှင် တစ်ခုလုံးက ကြည့်ရှုသူများနဲ့ ဆက်နွယ်နိုင်လောက်သည်။
ဖေးချမ့်တောင် ဒီမှတ်တမ်းရုပ်ရှင်ကိုကြည့်ကာ တုန်လှုပ်သွားရပါသည်။