ငွေစာရင်းရှင်းချိန်နီးတော့ ပြဿနာပေါ်လာပြီ
Vol. 12 Ch. 174
ဇွန်လ ၂၁ ရက်နေ့တွင် ဖေးဟွမ်လုပ်ငန်း၏ ပိုးအိမ်ထဲမှ လိပ်ပြာအဖြစ် မွေးဖွားလာခြင်း မှတ်တမ်းရုပ်ရှင်ကို အိုင်လီကျွန်းတွင် တရားဝင် ထုတ်လွှင့်ပြသခဲ့ပါပြီ။
မှတ်တမ်းရုပ်ရှင်တစ်ခုဖြစ်သောကြောင့် ပိုးအိမ်ထဲမှ လိပ်ပြာတစ်ကောင်အဖြစ် မွေးဖွားလာခြင်းမှာ ကော်မာရှယ်များထည့်သွင်းလို့မရသလို ဘယ်ဝက်ဘ်ဆိုက်နဲဲ့မှလည်း အကျိုးအမြတ် ခွဲဝေခြင်း သဘောတူစာချုပ် မချုပ်ဆိုရသေးပါ။ အိုင်လီကျွန်း၏ မူလ မက်လုံးအစီအစဥ်အရဆို ကြည့်ရှုသူအရေအတွက်က ၁ သန်းလောက် ရောက်သွားရင်တောင် ဝင်ငွေက ယွမ်ထောင်ဂဏန်းလောက်သာ ရှိပါလိမ့်မည်။ အတော်လေး တရားလွန်ပါသည်။
ထို့ကြောင့်ဟွမ်စစ်ပေါ်နဲ့ ကျူးရှောင်စဲတို့က ဒီအကြံကို အနည်းနဲ့ အများ လက်လျှော့ကာ အကျိုးအမြတ်ကို မမျှော်မှန်းဘဲ ရင်ထဲရှိတာတွေကိုသာ ဆောင်ရွက်ခဲ့ပါသည်။
ဖေးဟွမ်လုပ်ငန်းသည် ယခင်တုန်းက ဘော့စ်ဖေးရဲ့ နေ့စဥ်ဘဝ စီးရီးကို ထုတ်လွှင့်ဖူးပြီး ပရိတ်သတ်အုပ်များစွာ ရှိပြီးသားဖြစ်သဖြင့် ဒီတစ်ခေါက် မှတ်တမ်းရုပ်ရှင်ကို ထုတ်လွှင့်လိုက်သောအခါ ချက်ချင်းပဲ ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်ခြင်းကို ခံခဲ့ရပါသည်။
ဗီဒီယိုထဲတွင် လီကျန်းဝေက ကင်မရာကို မျက်နှာမူပြီး နှစ်ပေါင်းများစွာအတွင်း သူ့ဘဝခရီးလမ်းအကြောင်းကို မမောမပန်းစွာ ပြောနေပါသည်။
"ကျွန်တော့်အဖေ ထွက်သွားတော့ ကျွန်တော် တံခါးကို ကန်ဖွင့်ပြီး ထွက်ပြေးလာခဲ့တယ်။ ကျွန်တော့်လုပ်ငန်းကို သေချာစတင်ဖို့အတွက် ရှန်ဟိုင်းမြို့ကို တစ်ယောက်တည်း သွားခဲ့တယ်။"
"စဥ်းစားကြည့်မှ ဒီရွေးချယ်မှုကို ကျွန်တော် နောင်တ မရမိဘူး။ ကျွန်တော်က အွန်လိုင်းပေါ်မှာ ယှဥ်ပြိုင်ဖို့အတွက် မွေးဖွားလာတာ။ ကျွန်တော့်ရဲ့ စာအုပ်ထဲက ဘဝကြီးအတိုင်းပဲ လိုက်နာပြီး အလုပ်လုပ်၊ မိန်းမယူ၊ ကလေးမွေးခဲ့မယ်ဆိုရင် တစ်ဘဝလုံး နောင်တအကြီးကြီး ရပြီး နေခဲ့ရမှာ။”
"ကျွန်တော်က ရွှေဇွန်းကိုက်ပြီး မွေးဖွားလာတဲ့ ဒုတိယမျိုးဆက် သူဌေးသားလည်း မဟုတ်ဘူးလေ။ ကျွန်တော့်ကံကလည်း မကောင်းဘူး။ ပြီးတော့ ဆင်းရဲတဲ့မိသားစုမှာ မွေးဖွားလာတာ။ ဒါပေမယ့် နောက်ထပ် ရှုထောင့်တစ်ခုက ကြည့်ရင်တော့ ကျွန်တော့်ကံက မဆိုးလှဘူး။ ကျွန်တော် သဘောကျတာကို ရွေးချယ်ခဲ့ပြီး နာမည်ရလာနိုင်ခဲ့တယ်။"
"ဒါပေမယ့် လူငယ်တွေကို ကျွန်တော့်ခြေရာတိုင်း လိုက်ရှာဖို့ အကြံမပေးချင်ပါဘူး။"
"ကျွန်တော့်လုပ်ငန်းကို စတင်ပြီး အောင်မြင်လာတော့ လူတွေ အများကြီးက ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျွန်တော့်ကို မေးခွန်းထုတ်လာတယ်။ ကျွန်တော့်အဖြေကတော့ အမြဲတမ်း အတူတူပဲ..."
"ခင်ဗျားတို့သာ တကယ်ဆုံးဖြတ်ချက်ချပြီးပြီဆိုရင် ကျွန်တော့်ကို ဒီမေးခွန်းကို မေးနေစရာတောင် မလိုဘူး။ အစကတည်းက ကျွန်တော့်လိုပဲ ဖြစ်နေမှာ။ တံခါးကို ကန်ဖွင့်ပြီး လွတ်လပ်စွာ နေထိုင်မှာပေါ့။ ပြီးတော့ ဒါက ခင်ဗျားတို့ရဲ့ အိပ်မက်ဆိုတာ သံသယ မရှိဘဲ စွဲစွဲမြဲမြဲ ယုံကြည်ထားရင် အဆုံးသတ်အထိ ခင်ဗျားတို့ တိုက်ခိုက်မှာပဲ။"
"ခင်ဗျားတို့ စိတ်ဆုံးဖြတ်ချက်ချဖို့ ကျွန်တော့်အကြံဉာဏ်ကို လိုတယ် ဆိုရင်တော့ ကျွန်တော်အကြံပေးချင်တာက ခင်ဗျားတို့ တစ်ခုခုကို အရင်ဆုံး သေချာအောင်လုပ်ဖို့ပဲ။ ခင်ဗျားတို့ ပညာသင်ရမှာကြောက်လို့ ဒီလိုလုပ်ပြီး ထွက်ပြေးချင်တာလား။ ဒါမှမဟုတ် ပရော်ဖက်ရှင်နယ် ဂိမ်မာတစ်ယောက်ဖြစ်လာဖို့ လမ်းကို ရွေးချယ်ခြင်းရဲ့ ပေးဆပ်ရမယ့် တန်ဖိုးကို တကယ်ပဲ နားလည်ရဲ့လား။"
အလွန်လျင်မြန်စွာဖြင့် ကစားသမားများစွာက ကောမန့်အကန့်တွင် မက်ဆေ့ချ်များ ရေးသားလာခဲ့ကြသည်။
"မြန်လိုက်တာ"
"ဘော့စ်ဖေးနဲ့ နေ့စဥ်ဘဝကို ဘာလို့ မရိုက်တော့တာလဲလို့ ဖေးဟွမ်လုပ်ငန်းကို မေးနေတာ။ သူတို့ ဒါကိုပြင်ထားကြတာကိုး။"
"ဒီမှတ်တမ်းရုပ်ရှင်က အရမ်းအဆင့်မြင့်တဲ့ပုံပဲ။ မဟာ ထုတ်လုပ်မှုကြီးတစ်ခုနဲ့တောင် တူတယ်။"
"တကယ်တော့ ငါအကြိုက်ဆုံး ပရော်ဖက်ရှင်နယ်ဂိမ်မာတွေအကြောင်းကို ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်တစ်ခုပဲ။ ငါအားပေးမှဖြစ်မယ်။”
"လုပ်ငန်းဂိမ်မာတစ်ယောက်ရဲ့ ဘဝက ဒီလောက် ခါးသီးပြီး ကြမ်းတမ်းလိမ့်မယ်လို့ မထင်ခဲ့မိဘူးကွာ။ တံခါးကို ကန်ဖွင့်ပြီး ထွက်ပြေးပြီး ပရော်ဖက်ရှင်နယ် ဂိမ်မာတစ်ယောက် ဖြစ်လာတယ်တဲ့။ ကံကောင်းစွာနဲ့ သူအောင်မြင်လာပြီးတဲ့နောက်ပိုင်း မိဘတွေရဲ့ အသိအမှတ်ပြုခြင်းကို ရခဲ့ပါတယ်။"
"အစ်ကိုလီရဲ့ စကားလုံးတိုင်းက အရမ်း စေတနာပါပြီး ရိုးသားတာပဲ။"
"ဒီမှတ်တမ်းရုပ်ရှင်က တကယ်ပဲ အဓိပ္ပာယ်ရှိတယ်။ ငါ့မှာ စာမေးပွဲရလဒ် မကောင်းဘဲ အွန်လိုင်းဂိမ်းကစားဖို့ပဲ စိတ်အားထက်သန်တဲ့ အစ်ကိုတစ်ယောက် ရှိတယ်။ သူက အမြဲတမ်း ပရော်ဖက်ရှင်နယ် ဂိမ်မာတစ်ယောက်ဖြစ်လာဖို့ချည်းပဲ ပြောနေတာ။ အစ်ကိုလီရဲ့ စကားတွေက အရမ်းမှန်တယ်။ ငါ့အစ်ကိုက ဂိမ်းတွေကို အဲ့လောက်လည်း စိတ်အားထက်သန်မှုရှိတာ မဟုတ်ဘူး။ ပြီးတော့ သူ့မှာ အဲ့ပါရမီပါလား မပါလားဆိုတာလည်း မတွေးမိဘူး။ သူက စာမသင်ချင်တာသက်သက်ပဲ။"
"ဟုတ်တယ်။ ဒီမှတ်တမ်းရုပ်ရှင်က လူတွေကို ကြိုးစားပြီး စိတ်အားထန်သက်မှုရှိအောင် တိုက်တွန်းတာမျိုး မဟုတ်ဘူး။ eSprot ကစားသမားတွေအကြောင်း ချဲ့ကားထားတာလည်း မဟုတ်ဘူး။ အဲ့လို Themeမျိုးတွေကို ခဏခဏ ရိုက်ဖူးကြပြီး လူငယ်တွေအတွက် လမ်းလွဲစရာတွေ ဖြစ်နေတယ်။ ဒီမှတ်တမ်းရုပ်ရှင် ရတနာတစ်ပါးဖြစ်ရတဲ့အကြောင်းအရင်းက ပရော်ဖက်ရှင်နယ် ဂိမ်မာတွေ ဖြတ်သန်းရတဲ့ အခက်အခဲနဲ့ နာကျင်မှုတွေကို ဖော်ပြထားလို့ပဲ။ ပရော်ဖက်ရှင်နယ် ဂိမ်မာဖြစ်ချင်တဲ့လူတွေ အများကြီး ရှိပေမယ့် ကျရှုံးကြတာကိုလည်း ငါတို့ကိုသိစေချင်တာ။ ဒီမှတ်တမ်းရုပ်ရှင်က အရမ်းကို အဓိပ္ပာယ်ရှိတယ်။"
"ဖေးဟွမ်လုပ်ငန်းက ဒီလောက် လက်တွေ့ကျပြီး အဓိပ္ပာယ်ရှိတဲ့ အကြောင်းအရာမျိုးကို ထုတ်လုပ်နိုင်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ငါအားပေးတယ်။"
ကစားသမားများ ရေးသားခဲ့သည့် ကောမန့်များက အားလုံးနီးပါး ကောမန့်ကောင်းများ ဖြစ်ကြသည်။
ပိုးအိမ်ထဲမှ လိပ်ပြာတစ်ကောင်အဖြစ် မွေးဖွားလာခြင်းက ဂိမ်းလောကမှာ ရေပန်းစား အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။ အိုင်လီကျွန်း၏ မျက်နှာစာ စာမျက်နှာမှာလည်း ထည့်သွင်းပေးခြင်း ခံခဲ့ရကာ ပို၍ပင် ရေပန်းစားလာပါသေးသည်။
ဇွန်လ ၂၃ ရက်နေ့တွင်...
ယွီအင်တာနက်ကဖေးတွင် ဖေးချမ့်က သူ့ဖုန်းထဲမှာ ဖွင့်ထားသည့် မှတ်တမ်းရုပ်ရှင်ကို ပိတ်လိုက်ပြီး အရှေ့က ကော်ဖီကို သောက်လိုက်ပါသည်။ နောက်ဆုံးတော့ သူ စိတ်အေးနိုင်ပါပြီ။
"ဟူး... အခုတော့ ကိစ္စတွေ ပုံမှန်ပြန်ဖြစ်သွားပြီ။ တကယ်ကြီးကို ငွေမဝင်ဘူးပဲ။ ကောင်းလိုက်တာကွာ။"
ပိုးအိမ်ထဲမှ လိပ်ပြာတစ်ကောင်အဖြစ် မွေးဖွားလာခြင်းကို ထုတ်လွှင့်ခဲ့တာ ၃ ရက်ကြာပါပြီ။ ဒီ ၃ရက်အတွင်း ဖေးချမ့်က စိုးရိမ်နေခဲ့ရသည်။
ဟွမ်စစ်ပေါ် သူ့ကို ကျက်သရေ မရှိသည့် ဖုန်းဆက်ပြီး "ဘော့စ်ဖေး မှတ်တမ်းရုပ်ရှင်က ငွေတွေ ဝင်လာပြီ" ဟု ပြောမှာကို စိုးရိမ်နေခဲ့သည်။
ကံကောင်းစွာဖြင့် ထိုကဲ့သို့ ကိစ္စမျိုး ဘာမှ မဖြစ်ခဲ့ပါ။
ဖေးချမ့် နှစ်ခါ သုံးခါလောက် စစ်ဆေးပြီးပါပြီ။ ပိုးအိမ်ထဲမှ လိပ်ပြာတစ်ကောင်အဖြစ် မွေးဖွားလာခြင်းက ၃ ရက်အတွင်း ကြည့်ရှုသူ ၂ သန်းကျော်က ဝက်ဘ်ဆိုက်ပေါ်က ရေပန်းအစားဆုံး ဗီဒီယို ၃ ခုထဲ ပါဝင်သော်လည်း ဝင်ငွေ များများစားစားတော့ မရနိုင်ပါ။
အိုင်လီကျွန်း၏ မက်လုံးအစီအစဥ်အရ ဒီဗီဒီယိုက အများဆုံး ယွမ်ထောင်ဂဏန်းသာ ရနိုင်လိမ့်မည်။ အဲ့တာ ဘာမှ မဟုတ်ပါ။
ဒါက ဖေးချမ့် ခန့်မှန်းထားတာနဲ့ ကိုက်ညီမှု ရှိပါသည်။
"မဆိုးပါဘူး။ ငါ့ရဲ့ အရှုံးပေါ် အတွေ့အကြုံတွေကနေ ကောင်းကောင်း သင်ယူနိုင်ခဲ့တာပဲ။ ဒီလို မှတ်တမ်းရုပ်ရှင်မျိုးကို ရိုက်ကူးဖို့ ဆုံးဖြတ်တာက ငွေရမှာ မဟုတ်ဘူးဆိုတာကို သက်သေပြလိုက်တာပဲ။ ရွေးချယ်မှု မှန်ကန်တယ်။”
"ငါဖေးဟွမ်လုပ်ငန်းကို ငွေတွေ ဆက်ထည့်ပေးလို့ရပြီထင်တယ်။"
ယွီအင်တာနက်ကဖေးအပြင် နောက်ထပ် အရှုံးပေါ်နိုင်မည့် နေရာတစ်ခုကို တွေ့သွားပြီ ဖြစ်ကြောင်း ဖေးချမ့် ရုတ်တရက် သတိထားလိုက်မိပါသည်။
ရိုက်ကူးရေးတန်ဖိုး မြင့်မားသော်လည်း အကျိုးအမြတ် နည်းပါးသည့် ရုပ်ရှင်များကို ထုတ်လုပ်ခြင်း ဖြစ်သည်။
မအောင်မြင်မှုများစွာကို ကြုံတွေ့ခဲ့ရပြီးနောက် ဖေးချမ့် အခု တစ်ခုခုကို သိလိုက်ရပါပြီ။ အရှုံးပေါ်ဖို့ဆိုတာ သူထင်ထားတာလောက် မလွယ်ကူပါ။ ဥပမာအားဖြင့် အရည်အသွေး စုတ်ချာပြီး ညံ့ဖျင်းသည့် အရာများကို ထုတ်လုပ်လို့မရဘူးဟု စနစ်က သတ်မှတ်ထားသည်။ သူဖန်တီးသည့် ဂိမ်းများတွင် ရောင်းချနိုင်မည့် ကောင်းကွက်များ ပါဝင်ရမည် စသဖြင့်တို့ ဖြစ်ပါသည်။
တစ်နည်းအားဖြင့် ဖေးချမ့် ထုတ်လုပ်နိုင်သည့် ထုတ်ကုန်များက အရည်အသွေးရှိသော ထုတ်ကုန်များ ဖြစ်ရမည်။ တမင်တကာ အရည်အသွေး နိမ့်ကျအောင် လုပ်လို့ မဖြစ်ပါ။
သို့သော်လည်း တခြားတစ်ခုခုကို ဖေးချမ့် နားလည်လာခဲ့သည်။ စနစ်က အရည်အသွေးဆိုတာကို အမြတ်ရနိုင်ခြင်းသာမကဘဲ ဂုဏ်သတင်းအရပါ သတ်မှတ်ခြင်း ဖြစ်လေသည်။
ပိုးအိမ်ထဲမှ လိပ်ပြာတစ်ကောင်အဖြစ် မွေးဖွားလာခြင်းကဲ့သို့သော မှတ်တမ်းရုပ်ရှင်မျိုးက ငွေရနိုင်ခြေ အလွန်နည်းပါးသော်လည်း စနစ်က မတားမြစ်ခဲ့ပါ။
ထို့အပြင် ဖေးချမ့် ယွီအင်တာနက်ကဖေးလုပ်ငန်းကို စတင်ခဲ့စဥ်က အရှုံးပေါ်နိုင်ခြေများ အလွန်မြင့်မားသော်လည်း စနစ်က သူ့ကို မတားခဲ့ပါ။
ဆိုလိုရင်းက 'ဂုဏ်သတင်း'ဆိုသည်မှာ စနစ်အတွက် အလွန်အရေးကြီးသော သတ်မှတ်ချက် ဖြစ်သည်။ ဂုဏ်သတင်းကောင်း ရနိုင်မှာသာ သေချာပါက စနစ်က ဒီလိုထုတ်ကုန်များကို အသိအမှတ်ပြုပြီး ဖေးချမ့် တမင်သက်သက် အရှုံးပေါ်အောင် လုပ်နေသည်ဟု ထင်မှာ မဟုတ်ပါ။
ဖေးချမ့်က အရင်ကတည်းက ဒါကို ဝေဝေဝါးဝါး သိနေခဲ့သော်လည်း လေးလေးနက်နက် မစစ်ဆေးရသေးပါ။ ဂိမ်းများနဲ့ ဗီဒီယိုများ၏ ငွေဝင်ပုံက အလွန်ခြားနားသည်။
ဂိမ်းများက နာမည်ကောင်းရတာနဲ့ ရောင်းအားကောင်းမည့် သဘော ဖြစ်သည်။ ဂိမ်းများတွင် ရောင်းချနိုင်မည့် အားသာချက် တစ်ခုခုတော့ ရှိရမည်ဟု စနစ်က သတ်မှတ်ထားသဖြင့် နာမည်ကောင်းကောင်း ရရှိထားသည့် ဂိမ်းများ အရှုံးပေါ်နိုင်ခြေက အလွန်နည်းသည်။
အရည်အသွေး ကောင်းမွန်သော်လည်း ဝင်ငွေ မကောင်းသည့် ဂိမ်းများ ရာဇဝင်ထဲ ရှိခဲ့ဖူးသော်လည်း ဗီဒီယို၊ ရုပ်ရှင်များနဲ့ ယှဥ်လျှင် အလွန်နည်းပါးပြီး ရှားပါးလွန်းပါသည်။
သို့သော်လည်း ဗီဒီယိုများကတော့ ခြားနားသည်။ နာမည်ကြီးပြီး ကြည့်ရှုသူ မြင့်မားနေရင်တောင် အမြတ်ရမည်ဟု မဆိုလိုပါ။ ဒီမှတ်တမ်းရုပ်ရှင်က သာဓကပဲ ဖြစ်ပါသည်။
"အဲ့တာကြောင့် ငါဖေးဟွမ်လုပ်ငန်းကို ဒီလို ဗီဒီယိုမျိုးတွေ ဆက်ရိုက်ခိုင်းနေသရွေ့တော့ ငါ ပုံမှန်အရှုံးပေါ်နေနိုင်မှာပဲ။"
ဖေးချမ့် ချက်ချင်းဆိုသလိုပဲ ဖေးဟွမ်လုပ်ငန်းအတွက် လုပ်ငန်းဦးတည်ချက်တစ်ခုကို ရှာတွေ့သွားခဲ့ပါသည်။
နောက်တစ်ခေါက် ဟွမ်စစ်ပေါ်နဲ့ ကျူးရှောင်စဲတို့ကို တွေ့သည့်အခါ ဒီမှတ်တမ်းရုပ်ရှင်လမ်းကိုပဲ ဆက်လျှောက်ပြီး နောက်ပြန်မဆုတ်ဖို့ မျှားခေါ်နိုင်ဖို့ နည်းလမ်း တစ်ခုခု ရှာရမည်။ ဒီလိုသာဆို ပုံမှန်အရှုံးပေါ်နိုင်မည့် အရင်းအမြစ်တစ်ခု ရှိလာပါလိမ့်မည်။ အဲ့တာဆို ဘယ်လောက်တောင် ကောင်းလိုက်မလဲ။
သို့သော်လည်း ဟွမ်စစ်ပေါ်တို့ကတော့ eSport အမျိုးအစားကို ဆက်လက်ပြီး မရိုက်ကူးလောက်တော့ပေ။ သူတို့ ဘယ်လို theme မျိုး ဆက်ရိုက်ရမလဲဆိုတာကိုတော့ ထပ်ဆွေးနွေးဖို့ လိုပါသေးသည်။
ငွေစာရင်းရှင်းချိန် မတိုင်ခင် တစ်ပတ်အလိုတွင် မကြေညာထားသည့်၊ မထုတ်လုပ်ရသေးသည့် ထုတ်ကုန်များ ကျန်နေလို့ မရပါ။
တစ်နည်းအားဖြင့် ဖေးချမ့် လောလောဆယ်တော့ ဘာမှ သိပ်မလုပ်နိုင်သေးပေ။ ရှော့ပင်ထွက်ခြင်း သို့မဟုတ် အကျိုးခံစားခွင့်များ ထပ်ပေးခြင်းတို့ဖြင့် ဆက်လက် ငွေဖြုန်းတီးကာ ရုတ်တရက်ကြီး ဘာမှ မတိုးတက်လာပါစေနဲ့ဟုသာ ဆုတောင်းဖို့ ရှိတော့သည်။
ဖေးချမ့် စနစ်ရန်ပုံငွေကို ကြည့်လိုက်သည်။ အရှုံးပေါ်မည့် အခြေအနေမှာ ရှိနေဆဲ ဖြစ်သည်။
"ငါလုပ်နိုင်တာ မှန်သမျှ အနည်းနဲ့ အများဆိုသလို လုပ်ပြီးသွားပြီ။ အခု တစ်ခုတည်းသောပြဿနာက အရှုံးပေါ်နေတဲ့ အခြေအနေအတိုင်း ဘယ်လို ဆက်ထိန်းသိမ်းမလဲဆိုတာပဲ။”