မဖြစ်သင့်တဲ့ပြဿနာကို ဘယ်သူရှာနေတာလဲ
Vol. 12 Ch. 175
ဖေးချမ့် လက်ရှိအခြေအနေများကို စဥ်းစားကြည့်လိုက်သည်။
ဂိမ်းဟောင်းများ၏ DLC များအတွက် တုန့်ပြန်မှုက အတော်လေး ကောင်းမွန်သည်။ သမုဒ္ဒရာရဲတိုက်က အနည်းငယ် ဝေဖန်ခံခဲ့ရသော်လည်း ၂ ရက်အတွင်း Patch အသစ်တစ်ခုကို အမြန်ထုတ်ခဲ့ပါသည်။ အကောင့် Credit စနစ်ကို ဖန်တီးလိုက်ပြီဖြစ်ပြီး Credit အဆင့်သတ်မှတ်ချက်များကို အသုံးပြုကာ Epic လက်နက်များကို ရောင်းချပေမည်။
လစဥ် Epic လက်နက် ၅၀၀ ကို ရောင်းချမည်ဖြစ်ပြီး ကစားသမားများအတွက် မတူညီသည့် Credit အဆင့်သတ်မှတ်ချက် ၃ ခု ရှိပါသည်။
အဆင့်သတ်မှတ်ခြင်းကို စံနှုန်းများစွာဖြင့် သတ်မှတ်သည်။ ဂိမ်မာများ၏ ဂိမ်းထဲတွင် Active ဖြစ်စွာ ကစားနိုင်မှု၊ ဂိမ်းအပေါ် ၎င်းတို့၏ ကူညီထောက်ပံ့မှု စသဖြင့် အားလုံးကို ကစားသမားများကို အဆင့်သတ်မှတ်ချက် ၃ ခုအဖြစ် ခွဲခြားဖို့ အသုံးပြုရန် တိကျသည့် Credit တန်ဖိုးများ ဖန်တီးဖို့ အသုံးပြုပါသည်။
Epic လက်နက်များ ရောင်းချမှုကိုလည်း အသုတ် ၃ ခုခွဲကာ ရောင်းချမည်။
Credit အဆင့်သတ်မှတ်ချက် ၃ ရှိသည့် ကစားသမားများက ပထမဆုံး အလက် ၁၀၀ ကို ဝယ်ယူနိုင်မည်။ Credit အဆင့်သတ်မှတ်ချက် ၂ ရှိသည့် ကစားသမားများက နောက်ထပ် လက်နက်အလက် ၁၀၀ ဒုတိယအသုတ်တွင် ဝယ်နိုင်မည်။ Credit အဆင့် ၁ ကစားသမားများကတော့ ကျန် လက်နက် ၃၀၀ ကိုသာဝယ်ယူနိုင်ပါမည်။
Credit အဆင့် သတ်မှတ်ချက်တိုင်းတွင် ကစားသမားတစ်ယောက်၏ Epic လက်နက်တစ်ခုကို အောင်အောင်မြင်မြင် ဝယ်ယူနိုင်ခြေအပေါ် သက်ရောက်မှုရှိသော အလွန်သေးငယ်သည့် ခြာနားချက်များ ရှိပါသေးသည်။ ကစားသမားတစ်ယောက်၏ Credit တန်ဖိုး မဆိုသလောက်လေး တက်သွားရုံနဲ့ Epic လက်နက်တစ်လက်ကို ဝယ်ယူနိုင်ခြေလည်း အနည်းငယ် တက်သွားပါလိမ့်မည်။
Credit အဆင့်သတ်မှတ်ချက် ၃ ခုအတွက် ကစားသမား အချိုးက ၁ : ၂ : ၁၀ ဖြစ်သဖြင့် Credit အဆင့်သတ်မှတ်ချက် ပိုမြင့်လေလေ လက်နက်တစ်ခု ရနိုင်ခြေ မြင့်လေလေဖြစ်ပါသည်။
Credit တန်ဖိုးနဲ့ အဆင့်သတ်မှတ်ချက် အလွန်နိမ့်သူများမှာလည်း Epic လက်နက် ဝယ်ယူနိုင်ခြင်း မရှိတာမျိုး မဟုတ်ဘဲ ဝယ်ယူနိုင်ခြေ နိမ့်သွားတာမျိုးသာ ဖြစ်ပါသည်။
ထို့အပြင် ပြန်ရောင်းစားအကောင့်များအတွက် Credit အဆင့်သတ်မှတ်ချက် သုညလည်း ရှိပါသည်။ သူတို့ ဂိမ်းကို ပုံမှန် ကစားတာ မဟုတ်သဖြင့် မည်သည့် Epic လက်နက်မှ ဝယ်ယူခွင့် မရှိပါ။
ထို Credit စနစ်ကို ထုတ်လုပ်ပြီးနောက် ပြန်ရောင်းစားသမားများက ဂိမ်းပေါ်မှာ သက်ရောက်မှု ကြီးကြီးမားမား မရှိတော့ပေ။
တစ်ဖက်မှာတော့ အကောင့်တွေ ရောင်းချတာကို တားမြစ်ဖို့တော့ မဖြစ်နိုင်ပေ။ ကစားသမားများစွာက ၎င်းတို့၏ Credit အဆင့်သတ်မှတ်ချက် ၂ နဲ့ ၃ ရှိသော အကောင့်များကို စျေးမြင့်မြင့်နဲ့ ရောင်းစားကြလိမ့်မည်။ သို့သော်လည်း ပြန်ရောင်းစားသမားများအတွက် လက်သွက်ရုံနဲ့ မတော်မတရား ဝယ်ယူနိုင်သွားဖို့တော့ မဖြစ်နိုင်တော့ပေ။
ကုန်သွယ်ပလက်ဖောင်းများပေါ်က အကောင့်များ၏ တန်ဖိုးများကတော့ သေချာပေါက် အတက်အကျ ရှိနိုင်ပေသည်။ သို့သော်လည်း ဖြည်းဖြည်းချင်း တည်ငြိမ်လာပါလိမ့်မည်။
ကစားသမားများ၏ တုန့်ပြန်မှုနဲ့ ဝေဖန်မှုများက ကောင်းမွန်နေသဖြင့်၊ ကစားသမားများစွာက အကန့်အသတ်ကြောင့် စိတ်ဆိုးနေကြဆဲဖြစ်သော်လည်း မပျော်ရွှင်တာတွေတော့ ပျောက်သွားပါပြီ။
ဘာပဲဖြစ်ဖြစ် အကန့်အသတ်ကို တိုးမြင့်လိုက်တာမျိုး၊ လုံးဝ ဖယ်ရှားလိုက်တာမျိုး မဟုတ်သော်လည်း ဒီ Credit အဆင့်သတ်မှတ်ချက် စနစ်အသစ်က ပိုပြီး တရားမျှတမှု ရှိစေပါလိမ့်မည်။
ရှန်းယန်ဂိမ်းကတော့ အရှုံးပေါ်နေဆဲ ဖြစ်သည်။
ယဲ့ကျစ်ကျိုးနဲ့ တခြားသူမျာက ဖေးချမ့်၏ တာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးပါပြီ။ ဘေးထွက်ဆိုးကျိုးက နာမည်ပြန်တက်လာသော်လည်း သူဌေးများ ငွေမဖြည့်သွင်းဘဲ ဂိမ်းဝင်ငွေကလည်း နက်နက်ရှိုင်းရှိုင်းကို ထိုးကျသွားကာ အချိန်တိုအတွင်း အမြတ်ငွေ ရလာနိုင်မှာ မဟုတ်ပါ။
ယွီအင်တာနက်ကဖေးက အဆိုတော်ကော်မရှင် မူဝါဒကို ထည့်သွင်းပြီးနောက် အရက်ရောင်းအားများ တိုးမြင့်လာမှုကို ခံစားခဲ့ရသည်။ သို့သော်လည်း ဒါက အော်ပရေးရှင်းများ၏ ကုန်ကျစရိတ်ကို ကာမိဖို့ မလုံလောက်သေးဘဲ ဆိုင်ခွဲ ငါးဆိုင်စလုံး အရှုံးပေါ်နေဆဲ ဖြစ်ပါသည်။
ဖေးဟွမ်လုပ်ငန်းကတော့ ၎င်းတို့၏ အရင်းအနှီးကော အမြတ်တွေကော အကုန်ဆုံးရှုံးလိုက်ရပါပြီ။ ၎င်းတို့၏ ငွေအားလုံးကို မှတ်တမ်းရုပ်ရှင်ထဲ လောင်းထည့်လိုက်ကြပြီး အကြွေးတောင် တင်ခဲ့ပါသည်။ ထန်းတာ့ ဝင်ပါပြီး အကြွေးဆပ်ပေးလိုက်ရပါသေးသည်။
ယွီသရေစာကလည်း အခြေအနေ အတော်လေး ဆိုးရွားနေသည်။ သူတို့က ထန်းတာ့ဝန်ထမ်းများကိုသာ နေ့လည်စာတွေ ပို့ဆောင်ဖို့ အဓိက လုပ်ဆောင်နေရသည်။ ၎င်းတို့၏ အော်ဒါက အလွန်နည်းပါးသဖြင့် စားဖိုမှူးနဲ့ ဒလီဗာရီသမားများမှာ အချိန်တော်တော်များများတွင် အာားလပ်နေကြသည်။ ဒီလုပ်ငန်းကလည်း ငွေတွေ ဆက်တိုက် ဆုံးရှုံးနေပါသည်။
ဒီပရောဂျက်အားလုံး၏ အရှုံးများက နောက်ဆုံးတော့ ခက်ခက်ခဲခဲဖြင့် ထန်းတာ့ဂိမ်း၏ အကျိုးအမြတ်များကို ချေဖျက်နိုင်နေပါပြီ။
ဒီအသုတ်က ၂ လသာ ဖြစ်သော်လည်း ဖေးချမ့်အတွက်တော့ ချောက်ချားစရာအချိန် ဖြစ်ခဲ့ပါသည်။
ပထမဆုံး ချန်းလျဲ့ပေါ်လာပြီး ယွီအင်တာနက်ကဖေးကို အမြတ်ရအောင် လုပ်ပေးခါနီး ကြုံတွေ့ခဲ့ရသည်။ ကံကောင်းစွာဖြင့် ဖေးချမ့်က ဒါကို အချိန်မှီ သိရှိလိုက်ရကာ ဒီလိုဖြစ်မလာအောင် ကာကွယ်နိုင်ခဲ့ပါသည်။ ထို့နောက် လင်းဝမ်က အထပ် ငှားရမ်းခ ပမာဏ အများကြီးကို သက်သာစေဖို့ ထန်းတာ့အား အကူအညီပေးခဲ့ပါသည်။ ထို့ကြောင့် ဖေးချမ့် ပြင်းပြင်းထန်ထန် ထိခိုက်သွားသည်။ ကံကောင်းစွာဖြင့် ဒါကလည်း လက်ခံနိုင်သည့် အတိုင်းအတာထဲ ရှိနေဆဲဖြစ်ပါသည်။
ဂြိုဟ်မွှေသူကို ရှာတွေ့ခဲ့သဖြင့် နောက်ပိုင်း ပိုပြင်းထန်သည့် ပြဿနာများ ပေါ်မလာအောင်လည်း တားမြစ်ပြီးသား ဖြစ်သွားခဲ့ပါသည်။
ဖေးချမ့်က မှတ်စုစာအုပ်အသေးလေးကို ထုတ်လိုက်ပြီး ထိုအပေါ်တွင် လေးလေးနက်နက်ဖြင့် ဟိုခြစ်ဒီခြစ်ရေးဆွဲနေည်။ တွက်ချက်မှုများ ဆက်တိုက် လုပ်နေခြင်း ဖြစ်ပါသည်။ စနစ်ရန်ပုံငွေက အရှုံးပေါ်သည့် အခြေအနေကို ပြသနေသော်လည်း ငွေစာရင်းရှင်းချိန် မတိုင်ခင် ၂၈ ရက်နေ့ နောက်ဆုံး တနင်္လာနေ့တွင် ထန်းတာ့၏ ဂိမ်းများထ့မှ ဝင်ငွေ အမြောက်အများ ဝင်လာပါဦးမည်။
ဒီပမာဏက ဘယ်လောက်ဖြစ်မလဲဆိုတာကို ဖေးချမ့် ခန့်မှန်းလို့ မရသေးပါ။ ဘာပဲဖြစ်ဖြစ် လာမည့်အပတ်ထဲ ဘာတွေဖြစ်လာဦးမလဲ ဘယ်သူမှ မသိနိုင်ဘူး မဟုတ်လား။
ဂိမ်းပလက်ဖောင်းများထံမှ အခြေအနေ ဇယားများကိုကြည့်ကာ အကြမ်းဖျင်း ခန့်မှန်းပြီး ကုန်ကျစရိတ်များ ဆက်ထုတ်ကာ အရှုံးပိုပေါ်နိုင်ဖို့ ကြိုးစားဖို့သာ ရှိသည်။
လက်ရှိအခြေအနေများက ထင်သလောက် ကြည့်မကောင်းသော်လည်း အနည်းဆုံးတော့ မျှော်လင့်ချက် ကင်းမဲ့မနေပါ။
အင်တာနက်ကဖေး၏ ထောင့်တစ်နေရာတွင်။
လီရှိက ကော်ဖီကိုသောက်ရင်း ဖေးချမ့်ကို လေ့လာနေသည်။ "ယွီအင်တာနက်ကဖေးကို တကယ်ပဲ ထန်းတာ့ပိုင်ဆိုင်တာပဲ။ ဘော့စ်ကလည်း အရမ်းငယ်တယ်။ ထင်မထားဘူး။"
ယွီအင်တာနက်ကဖေး၏ ပုံမှန်ဖောက်သည် ဖြစ်သဖြင့် လီရှိက ဒီကို မကြာခဏ လာတတ်ပါသည်။ ဖေးချမ့်ကိုလည်း မကြာမကြာ မြင်ဖူးသည်။ သို့သော် ဒီလူငယ်လေးက ဒီအင်တာနက်ကဖေး နောက်ကွယ်က ဘော့စ်ဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ပါ။
ဒီရက်ပိုင်းထဲ အနည်းငယ် စုံစမ်းပြီးနောက် အခုတော့ ယွီအင်တာနက်ကဖေးနဲ့ ထန်းတာ့တို့၏ ဆက်နွယ်မှုကို လီရှိ သိသွားခဲ့ပါပြီ။ မာယန်နဲ့ ကျန်းယွမ်တို့ ဖေးချမ့်ကို ဆက်ဆံသည့်ပုံစံကို ကြည့်ခြင်းအားဖြင့်လည်း သူက ထန်းတာ့၏ ဆန်းကြယ်သည့် ဘော့စ်ကြီးဖြစ်ကြောင်း သေချာခဲ့ပါသည်။
ဖေးချမ့် ဒုတိယမျိုးဆက် သူဌေးသား ဟုတ် မဟုတ် သို့မဟုတ် ထူးခြားသည့် နောက်ကြောင်းများ ရှိနေမလားဟု လီရှီ အနည်းငယ် စိတ်ပူမိပါသည်။ သို့သော်လည်း စုံစမ်းစစ်ဆေးမှုများ အနည်းငယ် ဆောင်ရွက်ပြီးသွားသောအခါ ဒါမျိုးတွေ တစ်ခုမှ မတွေ့ခဲ့ရပါ။
သူ့လက်ထဲမှာ ရထားသည့် အချက်အလက်များအရဆို ဖေးချမ့်က သူ့ဂိမ်းများကြောင့် အောင်မြင်လာသည်ဟု လီရှိ ခန့်မှန်းမိသည်။ သူ့ပိုက်ဆံများကို သုံးစရာ ဘယ်နေရာမှ မရှိသဖြင့် အင်တာနက်ကဖေး လုပ်ငန်းထဲ ခြေစုံပစ်ဝင်လာခဲ့တာ ဖြစ်နိုင်ပေသည်။
လီရှိ အခုဆို ပိုလို့တောင် ယုံကြည်ချက်ပြည့်ဝသွားပါပြီ။
လူငယ်တွေက မကြာခဏ တချို့ကိစ္စများကို လျစ်လျူရှုလွယ်ကြသည်။
ဘော့စ်ဖေးက ဂိမ်းများကို ဖန်တီးရာတွင် ပရော်ဖက်ရှင်နယ်ဖြစ်ကာ တော်လောက်သည်။ သို့သော် ဆိုင်ခန်းတစ်ခုဖွင့်လှစ်ရာမှာတော့ မတော်လောက်ပါ။ ထို့အပြင် ဘော့စ်ဖေးက သူ့မှတ်စုစာအုပ်သေးလေးကို ကိုင်ပြီး ပရော်ဖျက်ရှင်နယ် မဆန်စွာ ဟိုခြစ်ဒီခြစ် လျှောက်ဆွဲနေပါသည်။
သူဘာတွေလုပ်နေတာလဲ။
အင်း.... အင်တာနက်ကဖေးရဲ့ အရှုံးတွေကို တွက်ချက်နေတာ ဖြစ်မှာပေါ့။
လေးနက်နေသည့် သူ့မျက်နှာထားကိုကြည့်ခြင်းအားဖြင့် သူ့အင်တာနက်ကဖေးများ၏ ဆက်တိုက် အရှုံးပေါ်မှု အခြေအနေကို မပျော်ရွှင်တာ ဖြစ်ရမည်။ ထို့အပြင် အိုင်ဒီယာကောင်းလည်း ထွက်မည့်ပုံမပေါ်ပေ။
ဧကန္တ လီရှိ သူ့ပါတနာအစီအစဥ်ကို ဘော့စ်ဖေးကို ပြောပြလို့ရလောက်ပြီလား။
လီရှိ ကော်ဖီကို သောက်လိုက်ပြီး သူ့အစီအစဥ်များကို အနည်းငယ် ပြောင်းလဲလိုက်ပါသည်။
သူက ယွီအင်တာနက်ကဖေးမှာ ရင်းနှီးမြှုပ်နှံဖို့ အစီအစဥ်ရှိခဲ့တာ ကြာပါပြီ။ သို့သော်လည်း ဒီလုပ်ငန်းနောက်ကွယ်က ဘော့စ်ကြီးက သူ့ကို လက်မခံမှာကို စိုးရိမ်ခဲ့သည်။ ထို့ကြောင့် လီရှိက ယွီအင်တာနက်ကဖေး အရှုံးတွေ ထပ်ပေါ်တာကို စောင့်ပြီးမှ သူ့ ကမ်းလှမ်းချက်ကို လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါသည်။
အစကတော့ နောက်ထပ် ရက်သတ္တပတ် အနည်းငယ် သို့မဟုတ် လအနည်းငယ်လောက် စောင့်ရဦးမည်ဟု လီရှိထင်ခဲ့မိသည်။ သို့သော်လည်း အခု ကြည့်ရသလောက်တော့ အဲ့လောက်ကြီး စောင့်ဖို့ မလိုလောက်ပါ။
ဒီဘော့စ်ကြီးက အခက်အခဲ တစ်ခုနဲ့ ကြုံနေပြီ ဖြစ်သဖြင့် အခုက စမ်းသပ်ဖို့ အခြေအနေကောင်း ဖြစ်နိုင်ပါသည်။
သူသာ ဆက်စောင့်နေပါက ရွှေအခွင့်အရေးကြီးကို ဆုံးရှုံးသွားနိုင်သည်။ ဒီဘော့စ်ကြီးသာ ရုတ်တရက်ကြီး အင်တာနက်ကဖေးကို သူများကို ရောင်းချဖို့ ဆုံးဖြတ်လိုက်ပါက လီရှိ ရှုံးသွားမှာ မဟုတ်ဘူးလား။
ထိုသို့စဥ်းစားလျက် လီရှိ သူ့ကော်လံကို သေချာပြင်ကာ မတ်တပ်ရပ်လိုက်ပြီး အပြင်ထွက် ဖုန်းပြောဖို့ ပြင်လိုက်ပါသည်။
ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းတစ်ခု၏ ဘော့စ်တစ်ယောက်အနေဖြင့် လီရှိက ဖေးချမ့်ကို တိုက်ရိုက် ချဥ်းကပ်လို့ မရပါ။ ဒါက အနည်းငယ်လောကာ ကလေးဆန်သည့်ပုံစံ ပေါက်လိမ့်မည်။
သူ့လုပ်ဖော်ကိုင်ဖက်များကို ကော်မာရှယ် စီစဥ်မှုတစ်ခု စတင်ခိုင်းမည်။ ယွီအင်တာနက်ကဖေးတွင် ရင်းနှီးမြှုပ်နှံလိုသော သူ့ဆန္ဒကို ဖော်ပြဖို့ ဖြစ်ပါသည်။ ထို့နောက် ဆွေးနွေးဖို့အတွက် သင့်တော်သည့် နေရာတစ်နေရာကို ရွေးချယ်ရမည်။ ဒီလိုဆို ပိုသင့်တော်ပြီး ယုတ္တိလည်း ရှိပါသည်။
တကယ်တော့ လီရှိ၏ ရင်းနှီးမြှုပ်နှံမှု ပရောဂျက် အတော်များများက သူ့ဆီကိုသာ အလိုလို ရောက်လာခြင်း ဖြစ်သည်။
ကုမ္ပဏီမျိုးစုံ၏ လုပ်ငန်းရှင်များက အချက်အလက်များစွာကို ယူဆောင်ပြီး လီရှိကို လာတွေ့ရသည်။ သူတို့ရဲ့ပရောဂျက်မှာ လီရှိကို ရင်းနှီးမြှုပ်နှံဖို့ တောင်းဆိုကြသည်။ သို့သော်လည်း လီရှိက သေချာစစ်ဆေးပြီး ကမ်းလှမ်းချက် အများစုကို ရှင်းထုတ်ပါလိမ့်မည်။ သူ တကယ် ကျေနပ်သည့် ပမာဏ အနည်းငယ်ကိုသာ ချန်ထားမည်။
ယွီအင်တာနက်ကဖေးလို လုပ်ငန်းတွေကတော့ ခြွင်းချက် ဖြစ်ပါသည်။
လီရှိက ယွီအင်တာနက်ကဖေး အပြင်ဘက်မှာ စီးကရက်တစ်လိပ်ကို တိုးတိတ်စွာ မီးညှိရင်း သူ့လက်အောက်ငယ်သားများထံမှ သတင်းကောင်းကို စောင့်မျှော်နေပါသည်။
ဖေးချမ့်က မှတ်စုစာအုပ်ပေါ်က လက်ရေးစုတ်စုတ်ကိုကြည့်ကာ အကြမ်းဖျင်း တွက်ချက်နေဆဲ ဖြစ်သည်။ ကြည့်ရသလောက် ယွမ် ၂၀၀,၀၀၀ - ၃၀၀,၀၀၀ လောက်တော့ ဆုံးရှုံးနိုင်ဖို့ ဖြစ်နိုင်ပါသေးသည်။ လိုအပ်ချက်ကတော့ နောက်ဆုံးအချိန်ကျမှ တစ်ယောက်ယောက် စတန့် ထထွင်လို့ မဖြစ်ပေ။ သူ့အကောင့်ထဲ ထင်မထားသည့် ငွေအရင်းအမြစ်များ ဝင်လာပါက အလွန်ကို ဆိုးရွားပါတော့မည်။
ဒါတွေကို တွက်ချက်ပြီးနောက် ဖေးချမ့် စိတ်သက်သာရာရစွာဖြင့် အသက်ဝဝ ရှူနိုင်တော့သည်။ သူ ဒီအချိန်တောအတွင်း အလုပ်ရှုပ်ခဲ့ရတာတွေ အလကား မဖြစ်တော့ပါ။ အောင်နိုင်ခြင်းကို လက်တစ်ကမ်းအလိုမှာ မြင်နေရပါပြီ။
သူ့စိတ်တွေ လန်းဆန်းသွားစဥ်မှာပင် ဖုန်းသံမြည်လာသည်။
ဖေးချမ့် ကြည့်လိုက်၏။ လက်ထောက်ရှင်း ခေါ်ဆိုခြင်း ဖြစ်သည်။
"ဘော့စ်ဖေး ဖုဟွေ့ရင်းနှီးမြှုပ်နှံမှုက ကျွန်မတို့ကို ချဥ်းကပ်လာပါတယ်။ သူတို့က ရင်းနှီးမြှုပ်နှံချင်လို့ပါတဲ့..."
ဖေးချမ့် "ငြင်းလိုက်"
လက်ထောက်ရှင်း "သူတို့က ထန်းတာ့မှာ ရင်းနှီးမြှုပ်နှံဖို့ မဟုတ်ဘဲ ယွီအင်တာနက်ကဖေးမှာ ရင်းနှီးမြှုပ်နှံဖို့ ကြံနေတာာပါ။ ဖုဟွေ့ရင်းနှီးမြှုပ်နှံမှုက အတော်လေး ကောင်းမွန်တဲ့ ငွေအရင်းအနှီးအဖွဲ့အစည်းတစ်ခု--"
ဖေးချမ့် "ငြင်းလိုက်ပါ"
လက်ထောက်ရှင်း "ကောင်းပါပြီ"
ဖေးချမ့် ဖုန်းကို မြန်မြန်ချလိုက်သည်။
ယွီအင်တာနက်ကဖေးမှာ ရင်းနှီးမြှုပ်နှံချင်လို့ ဟုတ်လား။
ဒီတစ်ခေါက်တော့ ငါ့ကို လာမနောက်နဲ့။ ငါ့မှာ ပုံမှန်အရှုံးပေါ်တဲ့ လုပ်ငန်းဆိုလို့ ဒါလေးပဲ ရှိတာ။ မင်းတို့ ငါ့ဆီမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုတော့ ငါ့ကို လာနောက်နေတာလား။
တကယ်ပါပဲ။ ငွေစာရင်းရှင်းချိန် မတိုင်ခင် ဒီလောက် အရေးကြီးတဲ့ အချိန်ကာလမျိုးမှာ ဘယ်ကောင်က မလိုအပ်တဲ့ ပြဿနာတွေကို ရှာချင်နေတာလဲ။
အင်တာနက်ကဖေးတံခါးနားတွင် လီရှိက စီးကရက်ကို အလွန် စိတ်အေးလက်အေးဖြင့် သောက်နေပါသည်။ သူ့လူတွေ သူ့ကိုအကြောင်းပြန်မှာကို စောင့်နေခြင်း ဖြစ်၏။
ပုံမှန်ဆို တစ်ဖက်လူက သေချာပေါက် ရင်းနှီးမြှုပ်နှံမှုကို လက်ခံလိုက်မှာပဲ ဖြစ်ပါသည်။ နှစ်ဦးနှစ်ဖက် တွေ့ဆုံဖို့ အချိန်စီစဥ်ပြီး ဆွေးနွေးကြလိမ့်မည်။ လီရှိက သူ့ရင်းနှီးမြှုပ်နှံမှု အတွေ့အကြုံ ကြွယ်ဝခြင်းကို ထုတ်ပြလိုက်သောအခါ တဖက်လူကလည်း ငွေများကို အမြန်လက်ခံပါလိမ့်မည်။
စီးကရက်တောင် ကုန်အောင် မသောက်ရသေးခင် ဖုန်းဝင်လာ၏။
"ဘော့စ်လီ တဖက်လူက ကျွန်တော်တို့ကို ငြင်းလိုက်ပါတယ်။”
လီရှိ လုံးဝ ခေါင်းရှုပ်သွားခဲ့ပါသည်။ သူ ရုတ်တရက်ကြီး ဘာပြောရမှန်းတောင် မသိတော့ပါ။
သူတို့က ငါ့ကို တွေ့ခွင့်တောင် မပေးတော့ဘူးလား။ ငါ့ကို ဒီလောက် တဲ့တိုးကြီး ငြင်းလိုက်ရသလား။
ငါ့စီးကရက်တောင် သောက်လို့ မကုန်သေးဘူး။
မဟုတ်သေးဘူး။ ဒီလိုဖြစ်လာရမှာ မဟုတ်ဘူးလေ။