← Chapters

ဘော့စ်ဖေး တီဗီမြန်မြန်ဖွင့်ကြည့်လိုက်

Vol. 12 Ch. 180

ဘော့စ်ဖေး တီဗီမြန်မြန်ဖွင့်ကြည့်လိုက်

Vol. 12 Ch. 180

ဇွန်လ ၂၇ ရက်နေ့ တနင်္ဂနွေနေ့ညတွင်.....

ယွီအင်တာနက်ကဖေးဆိုင်၌....

လီရှိက ဝိုင်သောက်ရင်း အလွန်အေးဆေးစွာဖြင့် ပြတင်းပေါက်နားက ခုံမှာ ထိုင်နေပါသည်။

ဖေးချမ့်ကလည်း နောက်ထပ် ထောင့်တစ်နေရာတွင် ထိုင်ကာ ဖုန်းကို အသုံးပြုနေသည်။

သူတို့နှစ်ယောက် အချင်းချင်း သိကြသော်လည်း တစ်ယောက်ကို တစ်ယောက် မသိချင်ယောင် ဆောင်နေကြပါသည်။ ဖေးချမ့်ကလည်း အလောတကြီးပုံစံဖြစ်အောင် မနေချင်ပါ။ သူ ဒီတိုင်း ကောင်းကောင်းမွန်မွန် ဆက်လက်သရုပ်ဆောင်နိုင်ပြီး လီရှိကို စိတ်ရှုပ်အောင် လုပ်နိုင်ပါက အားလုံး အဆင်ပြေပါသည်။

ဒီရက်ပိုင်းထဲ အနီးနားက ဆိုင်တချို့က ပရိုမိုးရှင်းများ ဆက်လုပ်နေကြသည်။ ယွီအင်တာနက်ကဖေး ရှိသည့် လမ်းထဲ လူတွေ ပိုစည်ကားလာတာ သိသာပါသည်။

ဒီသေးငယ်သည့် ကော်မာရှယ်လမ်းလေးက ပုံမှန်ဆို လူသွားလူလာတောင် သိပ်မရှိပါ။ ခုတလော ဒီနယ်မြေက ရုတ်တရက်ကြီး ကားများဖြင့် ပြည့်နှက်လာသည်။

လူများစွာက ဒီကဆိုင်များ ပရိုမိုရှင်းဆင်းနေသည်ဟု ကြားသဖြင့် သတင်းကြားပြီးနောက် ရောက်လာခဲ့ကြသည်။ အိမ်ထဲက မထွက်ချင်သည့် လူအများစုတောင် လာကြည့်ကြပါသည်။

ထို့ကြောင့် လှပသည့် မြင်ကွင်းများကို ဒီနယ်မြေတွင် မြင်နေရပါသသည်။ ဘေးနားက ဆိုင်အားလုံးက ကတ်စတမ်မာများဖြင့် ပြည့်နှက်နေပြီး လူဦးရေ အမြောက်အများကလည်း အားပေးနေကြသည်။ သို့သော်လည်း ယွီအင်တာနက်ကဖေးကတော့ လူသူကင်းမဲ့နေပါသည်။ နှိုင်းယှဥ်စရာ ဖြစ်လာခဲ့သည်။

အကြောင်းမသိတဲ့လူတချို့က ယွီအင်တာနက်ကဖေးလည်း ပရိုမိုးရှင်းဆင်းနေသည်ဟု ထင်ခဲ့သည်။ သို့သော်လည်း ဆိုင်ထဲ ဝင်လိုက်ပြီး ဒီကစျေးများက အနီးအနားက ဆိုင်များထက် အဆပေါင်းများစွာ မြင့်မားနေတာကို မြင်လိုက်ရသောအခါ ကဖေးဆိုင်ထဲမှ အကုန်ထွက်ပြေးသွားကြပါသည်။

ဖေးချမ့် နည်းနည်းတောင် ကြောင်အသွားမိပါသည်။ ငါ တံခါးမှာ ဆိုင်းဘုတ်ထောင်ထားတယ် မဟုတ်ဘူးလား။ ဘာလို့ လူတွေက လာမေးနေကြသေးတာလဲ။

ခေတ္တလောက် စဥ်းစားကြည့်ပြီးသွားသောအခါ ဒီလူတွေက ငကြောင်များ ဖြစ်သောကြောင့် ဖြစ်လောက်ပါသည်ဟု ထင်မိသည်။ အနီးနားဆိုင်တွေအားလုံးက ပရိုမိုးရှင်း လုပ်နေသဖြင့် ယွီအင်တာနက်ကဖေးလည်း ၎င်း၏ ပရိုမိုးရှင်းကမ်းလှမ်းချက်ကို ဆိုင်းဘုတ်တွင် ရေးသားဖို့ မေ့နေတာဖြစ်လောက်သည်ဟု ထင်ကာ သူတို့ဝင်လာပြီး အတည်ပြုကြခြင်းဖြစ်သည်။

ထို့နောက် ဖေးချမ့်က မာယန်ကို ဆိုင်းဘုတ်ပေါ်တွင် စာလုံး အကြီးကြီး တချို့ ရေးခိုင်းလိုက်ပါသည်။ 'ဒစ်စ်ကောင့် မရှိပါ'

ထို့ကြောင့် သိပ်မကြာခင် ဘယ်သူမှ စျေးကို လာမမေးကြတော့ပါ။

ယွီအင်တာနက်ကဖေး၏ အနေအထားကို 'အားလုံး အကျိုးခံစားခွင့်တွေ ရနေပေမယ့် ငါ့မှာ ဘာမှ မရှိဘူး' ဟု ဖော်ပြနိုင်သည်။

ဖေးချမ့် လိုချင်တာလည်း ဒါပဲ ဖြစ်သည်။

ထန်းတာ့၏ ဂိမ်းများက ပြဿနာ မရှာနိုင်တော့ကြောင်း သေချာအောင် စစ်ဆေးပြီးနောက် ဖေးချမ့် ဘာမှ လုပ်စရာ မရှိတိုင်း ဒီကို လာနေတတ်သည်။

သူ တစ်ခါတစ်လေ လီရှိကို တွေ့တိုင်း ဖေးချမ့် စိတ်ထဲမှာ အလွန်ဝေခွဲရခက်နေသလိုမျိုး စိတ်ဖိစီးနေသကဲ့သို့ ဟန်ဆောင်နေခဲ့ပါသည်။

လီရှိကို ဒီအခြေအနေအတိုင်း ဆက်ထိန်းထားနိုင်ပြီး ဘေးနားက ဆိုင်များကို ပရိုမိုးရှင်း ဆက်လက် လုပ်ခိုင်းကာ ယွီအင်တာနက်ကဖေး၏ ကတ်စတမ်မာ အရေအတွက်ကို ဟန့်တားပေးထားနေနိုင်သေးသရွေ့ ဖေးချမ့်က ဒီအသုတ်အတွက် အလွန် မျှော်လင့်ချက် မြင့်မားနေပါသည်။

လီရှိက သူ့ဝိုင်ကို သောက်ရင်း ဖေးချမ့်ကို ခိုးကြောင်ခိုးဝှက် ကြည့်နေပါသည်။ အရင်တုန်းက ဖေးချမ့် အင်တာနက်ကဖေးကို သိပ်မလာတတ်ဘဲ လီရှိက သူ့ကို လေ့လာဖို့ အခွင့်အရေး သိပ်မရခဲ့ပေ။

အခုတော့ ဒီအချိန်ကို အသုံးချပြီး ဖေးချမ့်ကို သေချာအကဲခတ်နိုင်ပါပြီ။

ဒီလိုအသက်အရွယ်ငယ်ငယ်လေးနဲ့ ဘော့စ်တစ်ယောက် ဖြစ်လာသဖြင့် သေချာပေါက် သာမန်တော့ မဟုတ်လောက်ပါ။

ရင်ထဲမှာ အလွန်စိတ်ဖိစီးနေမှန်း သိသာသော်လည်း တည်တည်ငြိမ်ငြိမ်ဖြင့် နေနိုင်ကာ သူ့ခံစားချက် အစစ်အမှန်ကို စိုးစဥ်းလောက်ပဲ ဖော်ပြထားပါသည်။ ဒီလိုအရှိန်အဝါမျိုးက လေးစားဖို့ကောင်းပြီး သာမန်လူတွေထက်တောင် ပိုသာလွန်ပါသေးသည်။

"ဘယ်ဆိုးလို့လဲ။ ရင်းနှီးမြှုပ်နှံမယ့် ငါ့ဆန္ဒတွေတောင် ပိုပြင်းပြလာပြီ။"

လီရှိ၏ သဘောထားကလည်း အနည်းငယ် ပြောင်းလဲလာပါပြီ။ သူ့အတွက် ရင်းနှီးမြှုပ်နှံမှုများဆိုတာ လူတွေအပေါ်မှာ အဓိက ရင်းနှီးမြှုပ်နှံခြင်း ဖြစ်သည်။ ဘယ်လို ကုမ္ပဏီအတွက်မဆို ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ရရှိခြင်းက ရှားပါးတာ မဟုတ်ပေ။ ဒီလိုအခွင့်အရေးမျိုး ကိုယ့်ဆီရောက်လာသောအခါ ကုမ္ပဏီအများစုက လက်ခံလိမ့်မည်။ အနည်းစုကသာ ကျော်လွန်သွားကြမည်ဖြစ်သည်။

ဒါမျိုးက ကုမ္ပဏီ၏ ဘော့စ်နဲ့ သက်ဆိုင်ပါသည်။

လီရှိ လက်ထဲမှာ တကယ်ပဲ ပိုက်ဆံ အများကြီး ရှိပါသည်။ သို့သော်လည်း ပိုက်ဆံများများရှိခြင်းကြောင့် သူကိုယ်တိုင် ကွင်းဆင်းရမည်ဟု မဆိုလိုပေ။

လီရှိက အင်တာနက်ကဖေးများကို စီမံရာတွင် မတော်ပါ။ အရင်းအနှီးနဲ့ အဆက်အသွယ်များကို ထောက်ပံ့ပေးနိုင်သော်လည်း အင်တာနက်ကဖေးဆိုင်တစ်ဆိုင်၏ စံမံမှုနဲ့ လည်ပတ်မှုများအတွက် ကျွမ်းကျင်သူတစ်ယောက်ကို လိုအပ်နေဆဲ ဖြစ်သည်။

လီရှိ ဒါကို ရှင်းရှင်းလင်းလင်း သိထားပါသည်။ ယွီအင်တာနက်ကဖေး၏ လည်ပတ်မှုပုံစံကို အထင်ကြီးရုံသာမကဘဲ ဖေးချမ့်ကို ခေါင်းဆောင်တစ်ယောက်အဖြစ်လည်း အလွန်ယုံကြည်မှုရှိပါသည်။

ထို့ကြောင့် လီရှိက ယွီအင်တာနက်ကဖေးတွင် ပို၍ပင်ရင်းနှီးမြှုပ်နှံချင်လာကာ သူ့ကိုယ်ပိုင် အတုအယောင် ဗားရှင်းတစ်ခု မဖန်တီးချင်ခြင်း ဖြစ်သည်။ ယွီအင်တာနက်ကဖေး အတုအယောင်တစ်ခုကို ဖန်တီးဖို့က အချိန်၊ ငွေ၊ အားထုတ်မှုတို့ လိုအပ်သည်။ လီရှိ မန်နေဂျာတစ်ယောက်ကိုလည်း ငှားရဦးမည်။ ဒါက အရမ်းကြီး မသက်သာလှပါ။

လီရှိလို ရင်းနှီးမြှုပ်နှံသူတစ်ယောက်အတွက် သေချာပေါက် အင်္ကျီလက်မကာ ပင်ပန်းပြီး ညစ်ပတ်သည့် အလုပ်များကို လုပ်မှာ မဟုတ်ပေ။

ထို့အပြင် သူ အောင်မြင်ခါနီးဆဲဆဲဖြစ်နေပြီဟုလည်း ယုံကြည်ပါသည်။

လီရှိက ဝိုင်ကို အရသာခံကာ သောက်လိုက်ပါသည်။

ဘာဖြစ်လို့ နည်းနည်း စိတ်မသက်သာ ဖြစ်နေရသေးတာလဲ။

ငါ တစ်ခုခုများ လွဲနေလား။

လီရှိ လေးလေးနက်နက် ပြန်တွေးကြည့်လိုက်သည်။ နားလည်ရခက်သော အရာတစ်ခုတော့ ရှိနေပါသေးသည်။

ယုတ္တိရှိရှိ ပြောရလျှင် ဘော့စ်ဖေးက ဒီလောက်အသက်အရွယ်ငယ်ငယ်လေးနဲ့ ဒီလိုအောင်မြင်မှုများ ရရှိနိုင်ပါက ဒီ့ထက် ပိုအစွမ်းအစရှိလောက်သည်။

ဒါပေမယ့် ငါ့ကို လုံးဝ သံသယမဖြစ်တာလား။ အနည်းဆုံး သူ မထုတ်ပြတာပဲ ဖြစ်မယ်။

သိပ်ပြီး ယုတ္တိမရှိလောက်ပါ။

ဒီဘော့စ်ဖေးက အနီးအနားကဆိုင်တွေ သူ့ကတ်စတမ်မာများကို လုယူနေခြင်းအား တားမြစ်ဖို့ ဘာမှ မလုပ်ခဲ့ပါ။ သူ့ယွီအင်တာနက်ကဖေးကိုလည်း ပြောင်းလဲဖို့ ဘာမှ မလုပ်သေးပါ။

ဒစ်စ်ကောင့်များ ချမပေးဘဲ ပရိုမိုးရှင်းလည်း မဆင်းပါ။ ကတ်စတမ်မာများ အထဲဝင်လာပြီး စျေးမေးတာကို လျှော့ချဖို့ 'ဒစ်စ်ကောင့်မရှိပါ' ဟူသော စာလုံးကြီးကြီးကို ဆိုင်းဘုတ်မှာတောင် ရေးထားပါသေးသည်။

သူ့ရဲ့ ယွီအင်တာနက်ကဖေးကို ယုံကြည်မှု လွန်ကဲနေတာလား။

သူ လက်လျှော့လိုက်ပြီလား။ ဒါမှမဟုတ်.... သူ့မှာ ဝှက်ဖဲ တစ်ခုခုများ ရှိနေတာလား။

လီရှိက ဒါကို အကြာကြီး စဥ်းစားလိုက်ပါသည်။ နောက်ဆုံးတော့ ခေါင်းကို ခါလိုက်ဆဲ ဖြစ်သည်။

သြော်... ငါအတွေးလွန်နေတာဖြစ်မှာပါ။ ဒီလိုအခြေအနေတွေအောက်မှာဆို လူတော်တော်များများလည်း လမ်းပျောက်ကြမှာပဲ။ သူ့ယွီအင်တာနက်ကဖေးဆိုင်ရဲ့ အဆင့်မြင့်တဲ့ပုံရိပ်ကို မထိခိုက်စေဖို့ စျေးတွေလည်း လျှော့ချလိုက်လို့ မရဘူးလေ။ ဒါက ရေရှည်ဆို အဆင်မပြေဘူး။ ဒီအခြေအနေက တကယ်ပဲ ရုန်းထွက်ဖို့ ခက်ခဲပါတယ်။

ဒါမှမဟုတ် သူ တမင်သက်သက် လုပ်နေတာလား။

မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဒါက ယုတ္တိသိပ်မရှိဘူး။

တခြား ဆိုင်တွေက ငွေတွေကို ဖြုန်းနေတာဆိုရင်တောင် အနည်းဆုံးတော့ သူတို့နာမည်ရနိုင်သေးတယ်။ ဒါပေမယ့် ယီအင်တာနက်ကဖေးကတော့ ငွေဖြုန်းနေတာ သက်သက်ပဲ။ သူ ရူးနေမှပဲ ဝင်ငွေ လုံးဝ မရှိတာတောင် ဆက်ပြီး ရုန်းကန်မှာ။

ငါနားမလည်နိုင်တဲ့ တခြားအစီအစဥ်တွေ သူ့မှာရှိနေရင်တော့ တစ်မျိုးပေါ့...

ထားလိုက်ပါတော့ ငါပဲအတွေးလွန်နေတာ နေမှာပါ။ သူက လူငယ်တစ်ယောက်ပဲ။ ဘယ်လို ဝှက်ဖဲတွေများ ရှိနိုင်မှာလဲ။

ထိုသို့စဥ်းစားရင်း လီရှိ စတင်ရယ်မောလိုက်ပါသည်။

ဘော့စ်ဖေးက ယုတ္တိရှိရာအတိုင်း မဆောင်ရွက်တတ်သဖြင့် လီရှိက သူ့ကို အကဲခတ်လို့ မရခဲ့ပါ။ ထို့ကြောင့် ဘော့စ်ဖေးကို အထင်ကြီးခဲ့မိသည်။

လီရှိ ခေတ္တစဥ်းစားကြည့်လိုက်၏။။ သူရင်းနှီးမြှုပ်နှံမှုလောကထဲ ဝင်လာတာ နှစ်တော်တော်ကြာနေပါပြီ။ ဘယ်လိုမုန်တိုင်းကို သူမဖြိုခွင်းဖူးတာ ရှိလို့လဲ။ ဒီဘော့စ်ဖေးက ဉာဏ်ကြီးရှင် ဖြစ်နေရင်တောင် အတွေ့အကြုံ အလွန်ချို့တဲ့ပါသည်။ သူ့ကို အထင်ကြီးစရာ အကြောင်း မရှိပါ၊။

ဒီဝိုင်ခွက်ကို အကုန်သောက်လို့ ပြီးသောအခါ လီရှိ ပြန်ဖို့ ပြင်လိုက်ပါသည်။

ဒီနေ့က တနင်္ဂနွေနေ့ညဖြစ်ကာ ယွီအင်တာနက်ကဖေးက လူတွေလည်း အရင်လိုပဲ ခြောက်ကပ်နေဆဲ ဖြစ်သည်။ ရလဒ်က သေချာနေပါပြီ. လီရှိ ဆက်ပြီး စောင့်ကြည့်နေစရာ မလိုတော့ပေ။

ငါ ရက်ပိုင်းလောက် အေးအေးဆေးဆေး သွားနေတော့မယ်။ ဘယ်ပြောလို့ရမလဲ။ မကြာခင် ရှန်ပိန်ဖောက်ပြီး အောင်ပွဲခံရလောက်တယ်။

ထိုအချိန်တွင် ဖေးချမ့်၏ ဖုန်းသံမြည်လာသည်။

လီရှိက မတ်တပ်ရပ်ဖို့ ပြင်လိုက်သော်လည်း ကိုယ့်ကိုယ်ကို တားလိုက်မိသည်။ ဒီဖုန်းစကားဝိုင်းမှ ဘာလျှို့ဝှက်မက်ဆေ့ချ် လျှို့ဝှက်ကုဒ်မှ ကြားရမည်ဟု မထင်သော်လည်း နည်းနည်းလောက် ခိုးနားထထောင်ကြည့်ပါက အရှုံးမရှိလောက်ပါ။။

ဖေးချမ့်လည်း အံ့သြနေသည်။ ဒီလောက် နောက်ကျနေတာကို ဘယ်သူခေါ်တာလဲ။

သူ ကြည့်လိုက်သောအခါ ဟွမ်စစ်ပေါ် ဖြစ်နေကြောင်း မြင်လိုက်ရပါသည်။

ဟွမ်စစ်ပေါ်၏ 'ပိုးအိမ်ထဲမှ လိပ်ပြာတစ်ကောင်အဖြစ် မွေးဖွားလာခြင်း'က သူ့ကို ပူဆွေးသောက ရောက်အောင် လုပ်ခဲ့တာကို ပြန်တွေးမိကာ ဖေးချမ့် ဖုန်းကို ချလိုက်ချင်သည်။ သို့သော်လည်း အနည်းဆုံးတော့ အပြင်ပိုင်းမှာ ဟွမ်စစ်ပေါ်က ဒီတစ်ခေါက် အောင်မြင်စွာဖြင့် အရှုံးပေါ်အောင် လုပ်ပေးနိုင်ခဲ့ပြီး အကြွေးတောင် တင်သွားတာကို စဥ်းစားမိသဖြင့် ဒီတစ်ခေါက် ဟွမ်စစ်ပေါ် တော်သလိုလို ရှိပါသည်။

ငါကိုင်လိုက်ပါ့မယ်လေ။

"ဘော့စ်ဖေးရေ"

"အနားမှာ တီဗီရှိလား။ မြန်မြန် ရှန်ဟိုင်းတီဗီချန်နယ်ကို ဖွင့်ကြည့်လိုက်ပါဦး။"

ဖေးချမ့် အလွန်ဇဝေဇဝါဖြစ်သွားပါသည်။ "ဘာဖြစ်လို့လဲ။"

ဟွမ်စစ်ပေါ်က ပြန်ဖြေသည်။ "မေးခွန်းတွေ အများကြီး မမေးနဲ့ဦး။ ရှန်ဟိုင်းတီဗီချန်နယ်ကို ဖွင့်ကြည့်လိုက်ရင် တန်းသိရလိမ့်မယ်။ ကျွန်တော် ကြိုပြီးတော့ ဂုဏ်ပြုထားပါ့မယ် ဘော့စ်ဖေး"

All Chapters