← Chapters

မဖြစ်နိုင်ဘူး

Vol. 13 Ch. 183

မဖြစ်နိုင်ဘူး

Vol. 13 Ch. 183

ဖေးချမ့် ကြက်သေသေနေပါပြီ။

သမုဒ္ဒရာရဲတိုက်၏ ဒေတာများက သူ မျှော်လင့်ထားတာနဲ့ အလွန်ကွာခြားလို့နေသည်။ တစ်နေရာရာမှာ တစ်ခုခုတော့ လွဲသွားတာ ဖြစ်ရမည်။ ကစားသမားအုပ်စု အသစ်တစ်ခု ဂိမ်းထဲဝင်လာရင်တောင် သူတို့ ဒီလောက်တောင် ရူးချင်စရာကောင်းသည့် နှုန်းထားနဲ့ အနီရောင်ချီလင် လက်နက်များကို ဝယ်ယူစရာ အကြောင်း လုံးဝ မရှိပါ။ အရေးကြီးသည့် အကြောင်းပြချက် တစ်ခုခုတော့ ရှိနေရမည်။

ဖေးချမ့်က ဂိမ်းအားလုံး၏ ဒေတာများကို သေချာကြည့်လိုက်ပါသည်။ ငွေဖြည့်သွင်းမှုများ ပိုရှိလာရုံတင်မကဘဲ Active ကစားသမားများလည်း အတော်လေး ပိုများလာပါသည်။ ထို့အပြင် ဂိမ်းကို ကစားသမားများ ကစားသည့်အချိန်လည်း ပိုကြာလာကြပါသည်။

သမုဒ္ဒရာရဲတိုက်မှာ လူတွေပိုပြီးတောင် အချိန်ဖြုန်းနေကြသည်ဟု ဆိုနိုင်သည်။

အလွန်ထူးဆန်းသည်။

ယုတ္တိရှိအောင် ပြောရမည်ဆိုလျှင် ဖေးချမ့် ဒီတစ်ခေါက် ထည့်လိုက်သည့် DLC က ကစားသမားတွေ ဒီလောက် အချိန်ဖြုန်းစရာ ဘာမှ မပါဝင်ပါ။ Story Mode ထဲမှာ ဖြည်းဖြည်းချင်း ရက်အနည်းငယ် ကစားပြီးနောက် ပြီးဆုံးသွားလိမ့်မည်။ PvP mode များကလည်း အရင်အတိုင်းပဲဖြစ်သည်။ ဖေးချမ့် ကစားသမားများ ဂိမ်းထဲမှာ ကြာကြာနေရင် ဆုပေးသည့် Event များကိုလည်း ထည့်မထားခဲ့ပါ။

ဒါတောင် ကစားသမားများ ဂိမ်းကစားသည့် ပျမ်းမျှအချိန်ပိုကြာမြင့်လာသည်။

ဂိမ်းကို ကြိုက်တာနဲ့ပဲ ကစားသမားတွေက ပိုကြာကြာ ကစားဖို့ ဆုံးဖြတ်လိုက်တာများလား။

မဖြစ််နိုင်ပါ။

ဂိမ်းများ၏ နောက်ကွယ်က ဒေတာများကတော့ အလိမ်အညာ မဟုတ်လောက်ပါ။ ဝင်ငွေ ရုတ်တရက်ကြီး ပေါက်ထွက်လာခြင်း၏ အဓိက အကြောင်းအရင်းက ဒါကြောင့်ဟု ဖေးချမ့် မသဲမကွဲ ခံစားမိသည်။

ဖေးချမ့် နောက်တစ်ခေါက် ချမ့်သုတွင် သမုဒ္ဒရာရဲတိုက်၏ ကစားသမားများ ဘာကြောင့် Active ဖြစ်နေကြတာလဲဆိုတာ ရှာကြည့်လိုက်ပါသည်။

နောက်ဆုံးတော့ ပို့စ်တစ်ခုတွင် သူ့အဖြေကို ရှာတွေ့ခဲ့ပါသည်။

"စတော့နဲ့ ပိုင်ဆိုင်မှုတွေ လှဲလှယ်တာမျိုးကိုပဲ ကြားဖူးပါတယ်။ အကောင့်တွေ လဲတယ်ဆိုတာ အခုမှ ကြားဖူးတယ်။"

"သမုဒ္ဒရာရဲတိုက် အပ်ဒိတ်ထုတ်ခဲ့တုန်းက ငါလည်း ကျိန်ဆဲနေတာ။ ဘာလို့ ဒီလောက်ကြည့်ကောင်းတဲ့ Barrett Doom တွေကို အလက် ၅၀၀ ပဲ ရောင်းတာလဲဆိုပြီးတော့လေ။ အထက်ကလူတွေက ရူးနေတာလား။ သူတို့ ငွေရနိုင်ခြေကို စွန့်လွှတ်နေတာလား။”

"ဒါပေမယ့် အခုအခြေအနေကိုကြည့်ရသလောက်တော့ ထန်းတာ့ရဲ့ အစီအစဥ်က အရမ်းကို နက်နဲတဲ့ပုံပဲ။"

"မနေ့က FPS ဂိမ်းတွေ တစ်ခါမှ မကစားဖူးတဲ့ ငါ့သူငယ်ချင်းတစ်ယောက်က ရုတ်တရက်ကြီး ငါ သမုဒ္ဒရာရဲတိုက် ကစားလားဆိုပြီး မေးလာတယ်။။ ငါတို့ ဇီဝဓာတု Mode အတူတူကစားလို့ရအောင် ငါ့ကို Friend အပ်ချင်လို့တဲ့။"

"အဲ့တုန်းက ငါကြောင်သွားတာ။ သူ တစ်ခါမှ FPS ဂိမ်းတွေကို မကစားဖူးပါဘူး။ ဘာလို့ ရုတ်တရက်ကြီး စိတ်ပြောင်းသွားရတာလဲဆိုပြီးတော့လေ။"

"ငါသူ့ကို မေးကြည့်လိုက်တော့ ငွေရှာဖို့ ကြိုးစားနေတာတဲ့။"

"လူတွေက Trading ပလက်ဖောင်းတွေမှာ Barrett Dooms တွေကို ယွမ် ၂,၀၀၀ - ၃,၀၀၀ တင်ပြီး ရောင်းနေကြတာတောင် ရောင်းထွက်ကြတုန်းပဲ။ ဘာပဲဖြစ်ဖြစ် တစ်လကို အလက် ၅၀၀ ပဲ ရောင်းချတာကိုး။ လူတွေက သုံးကြည့်ချင်လို့ ဝယ်ချင်ကြတာမှ အများကြီးပဲ။ အဲ့လိုမှ မဟုတ်ရင် သူတို့ နည်းနည်းလောက် သိမ်းထားကြပြီး စျေးတက်မယ့် အချိန်ကို စောင့်ကြတယ်။ သူဌေးတွေက အဲ့လက်နက်တွေကို လိုချင်လာတဲ့အခါကျရင် သူတို့ စျေးကို မတော်မတရားတင်ပြီး ရောင်းချကြလိမ့်မယ်။"

"ပြန်ရောင်းစားသမားတွေကတော့ ပျော်ကြတာပေါ့။ သူတို့ ငွေတွေ အများကြီး ပေးဝယ်ပြီး သိမ်းထားကြတယ်။ ဘာပဲဖြစ်ဖြစ် နောက်လမှာလည်း အလက် ၅၀၀ ပဲ ရောင်းဦးမှာ။ ဒီလက်နက်တွေက တန်ဖိုးပိုကြီးလာလိမ့်မယ်။"

"နောက်ဆုံးတော့ ဂိမ်းဖန်တီးသူတွေက နောက်ထပ် Patch တစ်ခုကို ထုတ်လိုက်ကြတယ်။ အဲ့ဒီနောက်ပိုင်း လူတွေက သူတို့ Credit အဆင့်သတ်မှတ်ချက်နဲ့မှ Barrett Doom ကို ရယူနိုင်ကြတော့မယ်။ Credit အဆင့်သတ်မှတ်ချက် ပိုမြင့်လေလေ Barrett Doom တစ်လက်ကို ကြိုတင်မှာယူနိုင်ဖို့ အခွင့်အရေး ပိုများလာလေလေပဲ။"

"ပြီးတော့ သာမန်လူတွေလည်း အခွင့်အရေး မရှိတာမျိုး မဟုတ်ဘူး။ မင်းက ကစားသမားစစ်စစ်ဖြစ်ပြီး Barret Doom ဝယ်ဖို့ သက်သက် ဖွင့်ထားတဲ့ ပြန်ရောင်းစားအကောင့်မဟုတ်ဘူးဆိုရင် လက်နက်ရနိုင်ခြေရှိပါတယ်။"

"Credit အဆင့်သတ်မှတ်ချက်ပိုမြင့်လေလေ Barret Doom ကို ရနိုင်ခြေ ပိုမြင့်လေလေပဲ။"

"မယုံနိုင်စရာကောင်းလောက်မယ် ထင်ရပေမယ့် ဒါက ရုပ်လွန်ပညာတစ်ခုပဲ။"

"အားလုံးက သူတို့ Credit အဆင့်သတ်မှတ်ချက်တွေကို တိုးမြှင့်ဖို့အတွက် နည်းလမ်းတွေ စဥ်းစားလာကြလိမ့်မယ်။ သူတို့ဂိမ်းထဲမှာ အချိန်တွေ ပိုပိုဖြုန်းလာမယ်။ သူတို့ Story Mode တွေ ကစားကြပြီး အဆင့်သတ်မှတ်ချက်ကို မြင့်အောင် လုပ်ကြတယ်။ သူတို့ အကောင့်ထဲ ငွေဖြည့်သွင်းတာက Credit အဆင့်သတ်မှတ်ချက်ကို မြင့်မားစေတယ်ဆိုတာတောင် သိသွားကြပြီး သူဌေးကစားသမား တော်တော်များများက အနီရောင်ချီလင်လက်နက်တွေကို များနိုင်သမျှ များများ ဝယ်ကုန်ကြတာလေ။"

"အဲ့လက်နက်က ကောင်းလည်း ကောင်းပါတယ်။ ဂိမ်းထဲမှာလည်း ကြည့်ရတာ မိုက်တယ်။ ပြီးတော့ Barret Doom ရနိုင်ခြေကိုလည်း ပိုမြင့်စေတယ်လေ..."

"ငါတို့ ဂိမ်းလောကထဲက လူတွေက တကယ်ပဲ Barrett Doom ကို ရနိုင်ခဲ့ကြတယ်။ မနေ့တစ်နေ့က ယွမ် ၃,၀၀၀ ကျော်နဲ့ ရောင်းနိုင်ခဲ့တာ။ ကစားဖို့ အချိန်မရှိတော့လို့ သူတို့ရဲ့ အဆင့် ၃ Credit အဆင့်သတ်မှတ်ချက်ရှိတဲ့ အကောင့်တွေကို ပြန်ရောင်းကြတဲ့ ဘော့စ်တွေတောင် ရှိတယ်။ အခုသူဌေးတွေက သူတို့အကောင့်တွေကို ၁၅,၀၀၀ နဲ့ ပြန်ဝယ်နေကြပြီ။"

"အခု Credit အဆင့်သတ်မှတ်ချက် အဆင့် ၂ နဲ့ အဆင့် ၃ ရှိတဲ့ အကောင့်တွေက Barret Doom ထက်တောင် ပိုပြီး ရေပန်းစားလာနေပြီ။ ဘာပဲဖြစ်ဖြစ် နောက်ပိုင်းကျရင်လည်း Epic လက်နက်တွေ ထပ်ရှိလာဦးမှာပဲလေ။ အဲ့ဒီအကောင့်တွေက ငွေဝင်ပေါက်တွေလိုပဲ။"

"ငါ့ဘော်ဒါဆောင်ထဲက တခြားကောင် ၃ ယောက်ကိုလည်း ဂိမ်းကို ကစားခိုင်းဖို့ တိုက်တွန်းခဲ့ပြီးပြီ။ သူတို့ကို နေ့တိုင်း ဂိမ်း ၂ ခုစီကစားပြီး အကောင့်ကို Active ဖြစ်အောင်လုပ်ထားလို့။ ငါတို့နောက်လ Barrett Doom တစ်လက်ရမယ်ဆိုရင် သူဌေးဖြစ်ပြီကွ။"

ပို့စ်ကို တစ်ခေါက်ဖတ်လိုက်ပြီးနောက် ဖေးချမ့် လုံးဝ ရီဝေသွားခဲ့ပါသည်။ နောက်ဆုံးတော့ ပြဿနာ အရင်းအမြစ်ကို နားလည်ခဲ့ပြီ။

”...ငါတုံးလိုက်တာ။ လက်နက်ရောင်းချမှုကို အရေအတွက် ကန့်သတ်လိုက်ရင် ဂိမ်းက ဝင်ငွေတွေ အများကြီး မရလောက်ဘူးလို့ ထင်ထားခဲ့တာ..."

နောက်ဆုံးတော့ ပြဿနာက Barrett Doom အရေအတွက်ကို အလက် ၅၀၀ သတ်မှတ်ခြင်းကြောင့် ဖြစ်လာမှန်း နားလည်လိုက်ရပါပြီ။

ထိုလက်နက်က ရေပန်းစားလွန်းသည်။ တစ်လကို အလက် ၅၀၀ သာ ရောင်းချသဖြင့် ၎င်းတို့ကို အလွန်တန်ဖိုးရှိသွားစေသည်။ ၎င်းတို့ကို ရရှိလိုက်သည့် ကစားသမားများက တကျော့ပြန်ပြီး ၁,၀၀၀ - ၂,၀၀၀ လောက်နဲ့ အမြတ်ထုတ်ပြန်ရောင်းချနိုင်သည်။

အနီရောင်ချီလင်လက်နက် တစ်လက်နဲ့ Barrett Doom တစ်လက်ကို ပိုင်ဆိုင်ထားပြီး Credit အဆင့်သတ်မှတ်ချက် အဆင့် ၃ ရှိသည့် အကောင့်တွေရဲ့ တန်ဖိုးကတော့ မှန်းဆလို့တောင် မရနိုင်လောက်ပေ။

ကစားသမားတွေက ဒီလိုမက်လုံးမျိုးကို တောင့်ခံနိုင်မှာ မဟုတ်ပါ။

ထို့အပြင် အစကတည်းက သမုဒ္ဒရာရဲတိုက်က အခမဲ့ဂိမ်းဖြစ်သည်။ အကြောင်းအရာလည်း ကြွယ်ဝ၏။ လူများစွာက ဂိမ်းကို စကစားဖို့ စဥ်းစားနေကြပါသည်။ ဒါက မီးလောင်ရာလေပင့်လိုက်သလိုပင်။

အစကတော့ ကစားသမားတွေက သိပ်ပြီး စိတ်အားထက်သန်မှု မရှိကြပါ။ အဘယ့်ကြောင့်ဆိုသော် ပြန်ရောင်းစားသမားများနဲ့ စတူဒီယိုများက လက်နက်များကို အမြဲလိုလို ဖြတ်လုသွားကြလေ့ရှိသောကြောင့် ဖြစ်သည်။ သို့သော်လည်း ဖေးချမ့်က ပြန်ရောင်းစားသမားများကို သည်းမခံနိုင်သဖြင့် သာမန် ဂိမ်မာတွေကိုလည်း Barret Doom ရနိုင်ခွင့်ရှိစေသည့် Credit စနစ်ကို စတင်ဖို့ ဆုံးဖြတ်ခဲ့သည်။

ထို့ကြောင့် ကစားသမားများက အလွန်စိတ်အားထက်သန်လာသည်။ တရားဝင်ဂိမ်းပလက်ဖောင်း၏ ကြမ်းတမ်းသော ကြော်ငြာပေးမှု၊ လင်းကျန်းဝေ၊ ဆရာချောင်းတို့ကဲ့သို့ လူတွေဆီက ထောက်ခံ့ပေးမှုတို့ကြောင့်... ဒီအပတ်ဝင်ငွေက ပေါက်ထွက်သွားခဲ့ပါသည်။

ထို့အပြင် ဒီတစ်ပတ်အတွက်ပဲ မဟုတ်ပါ။ လာမည့် တစ်လ နှစ်လအတွင်း သမုဒ္ဒရာရဲတိုက်က သေချာပေါက် ငွေတွေ အများကြီး ဝင်လာပါဦးမည်။

ချန်းလျဲ့ ယွီအင်တာနက်ကဖေးသို့ ပြန်လာပြီး ရက်နည်းနည်းလောက် သီချင်းဆိုဦးမည့် အကြောင်းကိုလည်း ဖေးချမ့်တွေးလိုက်မိသည်။

သူနာကျင်စရာအမှန််တရားတစ်ခုကို မျက်နှာချင်းဆိုင် ရင်ဆိုင်လိုက်ရတော့သည်။ သူ ဒီအပတ် ငွေအရှုံးပေါ်နိုင်မှာ မဟုတ်တော့ပါ။

ဖေးချမ့် ထိုင်ခုံပေါ် ပျော့ခွေကျသွားပြီး သတ်သေချင်သလို ဖြစ်သွားသည်။ ထပ်စဥ်းစားကြည့်လိုက်သောအခါ ဘယ်သူ့ကို အပြစ်တင်ရဦးမည်နည်း။ ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရတော့ပါ။

ချန်းလျဲ့ကို ရှန်ဟိုင်းကို ပို့ခဲ့တာ၊ Barrett Dooms အလက် ၅၀၀ ပဲ ရောင်းခိုင်းခဲ့တာ၊ ... ထို့နောက် သာမန်ကစားသမားတွေကို Credit အဆင့်သတ်မှတ်ချက်ဖြင့် Barret Doom ဝယ်နိုင်အောင် လုပ်ပေးခဲ့တာ ဖေးချမ့်သာ ဖြစ်ပါသည်။

တစ်ခုတည်းသော ပြဿနာက Credit အဆင့်သတ်မှတ်ချက် စနစ်ထဲတွင် ဘယ်လို အချက်တွေကို ထည့်ရမလဲ၊ ကစားသမားတွေက အဆင့်သတ်မှတ်ချက် မြှင့်တင်ဖို့ ဘာတွေလုပ်ရမလဲဆိုတာကို လင်းဝမ်အား ရှင်းရှင်းလင်းလင်း ဖေးချမ့် မပြောပြလိုက်ခြင်းပင်။

လင်းဝမ်က လုမင်လျန်ကို ပြန်ပြောပြလိုက်သောအခါ ထိုအကြံများ ရသွားသည်။ ဒီလိုနဲ့ လုမင်လျန်က အကောင့်များ၏ ငွေသုံးစွဲမှုအဆင့်ကိုပါ ထည့်တွက်ခဲ့ပါသည်။

ဒါကလည်း ပုံမှန်ပဲဖြစ်သည်။ အနီရောင်ချီလင်လက်နက် အတွက် ၈၈၈ ယွမ် သုံးဝယ်ထားသော သူဌေးများ၏ Credit အဆင့်သတ်မှတ်ချက်ကို မတိုးမြှင့်ပေးပါက ယုတ္တိရှိမှာ မဟုတ်ပါ။

ပြဿနာက ဒါပဲဖြစ်သည်။

အနီရောင်ချီလင်လက်နက် ကိုဝယ်ဖို့ စိတ်ကူးမရှိသည့် ကစာသမားများစွာကလည်း Barrett Doom ကို ရရှိနိုင်ချေ တိုးမြင့်စေဖို့ ဝယ်ခဲ့ကြသည်။ အခုတော့ သူတို့ Credit အဆင့်သတ်မှတ်ချက်များကို တိုးမြှင့်ဖို့ ငွေတွေ သုံးနိုင်ပါပြီ။ နောက်လထဲ Barrett Doom များကို ထပ်ရောင်းသည့်အခါ သူတို့ ရနိုင်ခြေ မြင့်ပါလိမ့်မည်။

ထို့ကြောင့် နောက်ဆုံးအပတ်တွင် လူများစွာက အနီရောင်ချီလင်လက်နက် များ မဟားတရား ဝယ်ယူခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် သမုဒ္ဒရာရဲတိုက် ဒီအပတ်ထဲ ငွေတွေ အများကြီး ဝင်လာခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် 'ခြေတစ်လှမ်းမှားတာနဲ့ ထာဝရပူဆွေးမှုကို ခံရတတ်သည်' ဟု လူတွေပြောပြောနေကြတာပဲဖြစ်သည်။

ဖေးချမ့် ခေါင်းအကိုက်ရဆုံးက သူဒီအမှားကို ပြန်ပြင်လို့မရတော့တာပင်။ အခုမှ Barrett Doom ရောင်းအား ကန့်သတ်ချက်ကို ပြန်ဖျက်သိမ်းလို့ရပါဦးမလား။ စိတ်မကောင်းပါ။ ကစားသမားများက ပိုလို့တောင် ရူးသွပ်သွားကြလိမ့်မည်။

ထို့အပြင် သူ Credit အဆင့်သတ်မှတ်ချက်ကိုလည်း ပြန်ဖျက်သိမ်းလို့မရပါ။ ကစားသမားတွေက သူ့ကို သေအောင် ဆဲဆိုကြလိမ့်မည်။ ဖေးချမ့်နဲ့ ထန်းတာ့အဖွဲ့သားတို့ တစ်စစီ ဖြစ်သွားပါလိမ့်မည်။

ထို့ကြောင့် သမုဒ္ဒရာရဲတိုက်ကို သူ ဘာမှ လုပ်လို့မရတော့ပါ။

မဖြစ်နိုင်တာ...

ဘော့စ်ဖေးတစ်ယောက် စိတ်ဂယောက်ဂယက် ဖြစ်နေခဲ့ပါပြီ။ သူ့စိုးရိမ်မှုများ ပျောက်ကွယ်သွားအောင် အရက်ဖြင့် မျှောချလိုက်ချင်သည်။

"ထားလိုက်ပါတော့ ငါယွီအင်တာနက်ကဖေးမှာ တစ်ခွက်နှစ်ခွက်လောက် သွားသောက်တော့မယ်... ဘာပဲဖြစ်ဖြစ်... ဒီလအတွက် ငါအရှုံးပေါ်နိုင်တော့မှာမှ မဟုတ်တာ..."

All Chapters