ဘော့စ်ဖေးရဲ့ စမ်းသပ်ချက်လေး
Vol. 13 Ch. 187
သို့သော်လည်း ဖေးချမ့်လုပ်ချင်တိုင်းလုပ်လို့ ရသည်ဟုတော့ မဆိုလိုပေ။
စနစ်ရန်ပုံငွေနဲ့ သက်ဆိုင်မှု မရှိသည့် ကုမ္ပဏီဖြစ်ကာ ဖေးချမ့်နဲ့ ရင်းနှီးမှုမရှိသည့် ကုမ္ပဏီတစ်ခုဆိုပါက ဖေးချမ့်ကို စျေးမြင့်မြင့်ဘယ်လိုပေးနိုင်မည်နည်း။
ဖေးချမ့်က လျှို့ဝှက်အပေးအယူများ ညှိနှိုင်းမှုများလည်း လုပ်လို့မရပါ။ စနစ်၏ တည်ရှိမှု သို့မဟုတ် ၎င်း၏ စိန်ခေါ်မှုများကို ဘယ်သူမှ သံသယရှိခွင့်ပေးမှာမဟုတ်ပေ။
ဆိုလိုရင်းက တစ်ဖက်လူက စိတ်ရင်းအမှန်ဖြင့် ပေးမှသာ ရရှိပေမည်။ သံသယမရှိဘဲ ဖေးချမ့်ကို ကျိုးကြောင်းသင့်လျော်စွာဖြင့် စျေးမြင့်မြင့် ပေးမှရပါမည်။
ဒီလိုသတ်မှတ်ချက်များသာ ပြည့်မှီပါက ဖေးချမ့် ဘယ်လောက်ရရ စနစ်က ဂရုစိုက်မှာ မဟုတ်ပေ။
သို့သော်လည်း ထိုအခြေအနေရပ်များ အားလုံးက မလွယ်ကူပေ။
"စနစ်က တော်တော် တင်းကြပ်တာပဲ။ ငါလျှောက်ချင်တဲ့ အရံလမ်းတွေ အကုန်လုံး ပိတ်ခံလိုက်ရပြီ။"
ဖေးချမ့် စိတ်ထဲမှာ အကြမ်းဖျင်း အိုင်ဒီယာတစ်ခု ရှိခဲ့သည်။ သို့သော်လည်း ဒီအိုင်ဒီယာက သူနဲ့ တစ်ယောက်ယောက် ပူးပေါင်းဖို့ လိုအပ်ပြီး အခုတော့ သူ ဒီအစီအစဥ်ကို မေ့ထားလို့သာ ရတော့သည်။
ထိုအချိန်တွင် သူ့ဖုန်းသံမြည်လာသည်။ မာယန်က ဖုန်းဆက်လိုက်ခြင်း ဖြစ်၏။
"ညီအစ်ကိုချမ့် ဘော့စ်လင်းက မင်းကိုတွေ့ချင်ပြီး ကိစ္စတချို့ဆွေးနွေးချင်လို့လို့ ပြောတယ်။ လာချင်လား။"
ယွီအင်တာာနက်ကဖေး အင်တာနက်ဆိုင်ခွဲတွင်...
လင်းချန်းနဲ့ ဖေးချမ့်တို့ ဒီတစ်ခေါက် မူရင်းဆိုင်မှာ မတွေ့ကြပါ။ လူတွေများလွန်းသော ကြောင့်ဖြစ်ပါသည်။ အလွန်ဆူညံလွန်း၏။ မာယန်က တခြား ယွီအင်တာနက်ကဖေးဆိုင်ခွဲ တစ်ခုခုမှာပဲ တွေ့ကြဖို့ အကြံပေးလိုက်ပါသည်။
ဖေးချမ့်က ဝင်ပေါက်နားကိုရောက်လာပြီး တံခါးကို တွန်းဖွင့်ကာ ဝင်လာလိုက်ပါသည်။
အရင်တုန်းကထက် လူတွေပိုများနေတာ မြင်သာပါသည်။
ဒါက ချန်းလျဲ့ကြောင့်ပဲ ဖြစ်သည်။
ချန်းလျဲ့ The Voice of China မှာ ပေါ်လာပြီးနောက် ယွီအင်တာနက်ကဖေးနဲ့ သူ့ဘဝဇာတ်ကြောင်းတို့ကို ကြည့်ရှုသူများက အပြောများလာပြီး ယွီအင်တာနက်ကဖေးအတွက် ရွှေဘရန်းတစ်ခု ပေးလိုက်သလို ဖြစ်သွားခဲ့ပါသည်။
ချန်းလျဲ့၏ ပရိတ်သတ်အများစုက ယွီအင်တာနက်ကဖေး မူရင်းဆိုင်သို့ ဦးတည်သွားနေကြသည်။ ဘာပဲဖြစ်ဖြစ် ချန်းလျဲ့က ထိုဆိုင်မှာ ရှိနေတာ မဟုတ်ပါလား။
ယွီအင်တာနက်ကဖေးဆိုင်ခွဲများကလည်း ဒီအပေါင်းသဘောဆောင်သည့် ဘရန်းမှ အကျိုးခံစားခွင့်များ ရခဲ့ပါသည်။
အစကတော့ ယွီအင်တာနက်ကဖေးဆိုင်၏ စျေးနှုန်းများက အလွန်မြင့်မားသည့်ဟု လူတွေအများကြီး ထင်ခဲ့ကြသည္။ အခုတော့ ယွီအင်တာနက်ကဖေး၏ ဘရန်းအတွက် ပေးချင်နေကြပါပြီ။
အမှန်ပင် ထိုဆိုင်ခွဲများ၏ ဆိုရွားသော တည်နေရာများကြောင့် ထိုနယ်မြေများထဲတွင် သုံးနိုင်စွဲနိုင်သည့် ကတ်စတမ်မာတချို့သာ ရှိပါသသည်။ ထို့ကြောင့် ယွီအင်တာနက်ကဖေးဆိုင်ခွဲများက အသည်းအသန် ရုန်းကန်နေရဆဲ ဖြစ်သည်။
ဖေးချမ့်က လင်းချန်း၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပါသည်။
ဒီလူက ယွမ်သိန်းဂဏန်းကို တစ်ချက်တည်းနဲ့ ထုတ်ပေးနိုင်ခဲ့သူဖြစ်သော်လည်း ဖေးချမ့် သူ့ကို ကျေးဇူးမတင်ချင်ပါ။ ဘာပဲဖြစ်ဖြစ် နောက်ဆုံး ယွမ်ထောင်ဂဏန်းလောက်သာ ရခဲ့သောကြောင့်ဖြစ်သသည်။
လင်းချန်းကတော့ သူ သုံးလိုက်ရသည့် ငွေကို သိပ်ပြီး ဂရုမစိုက်တာ သိသာပါသည်။
"ဘော့စ်ဖေး ထပ်တွေ့ရတာ ဝမ်းသာပါတယ်။"
"ကျွန်တော့်ညီမလေးကို ခင်ဗျား ဒီတစ်ချိန်လုံး စောင့်ရှောက်ပေးခဲ့တာ။ အဲ့ဒီနေ့က ဆိုင်တစ်ဆိုင်လုံးကို ဘိုကင်လုပ်လိုက်တာက ကျေးဇူးတင်တဲ့ အသေးစား လုပ်ရပ်လေး တစ်ခုပါပဲ" လင်းချန်းက ပြုံးကာ ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ဖေးချမ့် ဒေါသထွက်သွားသည်။
မင််းက ယွမ်သိန်းနဲ့ ချီပြီး သုံးခဲ့ပေမယ့် ငါ့အိတ်ကပ်ထဲ တစ်ပြားမှာတောင် ဝင်မလာဘူးကွ။
ဖေးချမ့် အနည်းငယ်ပြုံးကာ ပြန်ပြောလိုက်ပါသည်။ "ဘော့စ်လေး ဒါတွေအကုန်လုံးကို ပြောပြနေတာာ ခင်ဗျားက စေတနာ မရှိတဲ့ပုံစံမျိုးဖြစ်နေတယ်။ ခင်ဗျားက လူတွေအားလုံးရှေ့မှာ သိန်းနဲ့ ချီပြီး သုံးခဲ့တာ ဘယ်လိုလုပ် ကျေးဇူးတင်တဲ့ လုပ်ရပ် အသေးစားလေးလို့ သတ်မှတ်လို့ရမှာလဲ။"
လင်းချန်းက ခေတ္တ မှင်သက်သွားသည်။ ထို့နောက် ရယ်မောကာ ပြောလိုက်သည်။ "ဟုတ်ပါတယ်။ ဟုတ်ပါတယ်။"
ဒီဟာသကို ပြောပြီးသွားသောအခါ သူစိမ်းနှစ်ယောက် အနည်းငယ် ရင်းနှီးသွားကြပါသည်။
လင်းချန်းက သက်ပြင်းရှိုက်လိုက်ပြီး ပြောလိုက်ပါသည်။ "ကျွန်တော့်ညီမလေးက မောင်နှမတွေထဲမှာ ခေါင်းအမာဆုံးပဲဗျ။ ကျွန်တော့်အဖေတောင် သူ့ကို မစီမံနိုင်ဘူး။ ဒါပေမယ့် ခင်ဗျားရဲ့ ကုမ္ပဏီမှာတော့ အရမ်းကို လိမ္မာယဥ်ကျေးမှုရှိတယ်လို့ ကြားမိတယ်။ အဲ့တာကြောင့် ကျွန်တော် တော်တော် အံ့သြနေတာာ။ အဲ့တာနဲ့ပဲ ကျွန်တော် ဘော့စ်ဖေးဆိုတာ ဘယ်သူလဲ သိဖို့ ကျင်းကျိုးမြို့အထိ အထူးတလည် လာခဲ့ရတယ် ဆိုပါတော့ဗျာ။"
ဖေးချမ့် ဆွံ့အသွားပါသည် “...”
သူက အရမ်းလိမ္မာယဥ်ကျေးနေတယ်ဟုတ်လား။ ငါသူ့ကြောင့် သေတောင် သေတော့မလို့ကွ။
ဖေးချမ့်က အလွန်အမင်း ပြန်တုန့်ပြန်ချင်နေသည်။ သို့သော်လည်း လင်းချန်း၏ စကားကို ပြန်မတုန့်ပြန်ဖို့ ဆုံးဖြတ်ပြီး ကော်ဖီကိုသာ တိုးတိုးတိတ်တိတ် သောက်နေလိုက်ပါသည်။ ဒီစကားဝိုင်းကို ဆက်ပြီး ကြားချင်သေးသည်။
"ကြည့်ရတာ ခင်ဗျားတို့အဖေက သူ့ကို ဂိမ်းလောကထဲမှာ အလုပ်မလုပ်စေချင်ဘူးထင်တယ်" ဖေးချမ့်က လေသံအေးအေးဖြင့် စမ်းသပ်ကြည့်လိုက်သည်။
လင်းချန်းက လင်းဝမ်၏ အဖေနဲ့ တွေးပုံခေါ်ပုံချင်း တူမလား သူမသေချာသေးပါ။ လင်းမိသားစုအခြေအနေက ဘယ်လိုရှိသလဲဆိုတာကိုလည်း မသေချာပါ။ ဒီလို စမ်းသပ်ကြည့်လိုက်ခြင်းအားဖြင့် အခြေအနေကို ပိုမို သိရှိနိုင်ပြီး လင်းချန်း၏ တွေးပုံခေါ်ပုံကိုပိုမိုသိရှိလာနိုင်ပါသည်။
ဒီလိုသာဆို နောက်တစ်ခေါက် လင်းဝမ်ကို မောင်းထုတ်သည့်အခါပြဿနာ တက်မှာ မဟုတ်ပေ။
လင်းချန်းက စိတ်ပျက်လက်ပျက်ဖြင့် ပြန်ပြောလိုက်ပါသည်။ "ကျွန်တော်လည်း အဲ့ကိစ္စကို တော်တော်လေး ဝေခွဲမရ ဖြစ်မိပါတယ်။"
"အမှန်တိုင်းပြောရရင် အာ့ဝမ်ရဲ့ အခုလုပ်ရပ်တွေက ဘာအဓိပ္ပာယ်မှမရှိဘူး။ သူသာ မိသားစုစီးပွားရေးကို ဆက်ခံမယ်ဆိုရင် သေချာပေါက် ရင်းနှီးမြှုပ်နှံပြီး သူ့ကိုယ်ပိုင် ဂိမ်းကုမ္ပဏီကိုတောင် ထောင်လို့ရတယ် မဟုတ်ဘူးလား။ ဒါပေမယ့် သူက တော်တော် ခေါင်းမာတာဗျ။ သူကိုယ်တိုင် ဂိမ်းဒီဇိုင်နာလုပ်ချင်တယ်ဆိုပြီးတော့ပဲ ဆက်ခေါင်းမာနေတယ်။"
"ဒီလိုသာ ပြောလိုက်ရင် အဖေ့ရဲ့အမြင်ဘက် ပိုပါတယ်လို့ ထင်ရမယ်။ ဒါပေမယ့် စိတ်ခံစားချက်အရပြောရမယ်ဆိုရင်တော့ အာ့လင်းရဲ့ ရွေးချယ်မှုကို ကျွန်တော်နားလည်ပါတယ်။"
"ဘာပဲဖြစ်ဖြစ်... တစ်ချိန်တုန်းက ကျွန်တော့်ရဲ့အိပ်မက်ကလည်း Band တစ်ခုမှာ အဆိုတော် ဖြစ်ဖို့ပါ။ စဥ်းစားကြည်မှ အဲ့တုန်းက စိတ်ဓာတ်မခိုင်မာခဲ့တဲ့အတွက် နောင်တတွေရတုန်းပဲ..."
ဖေးချမ့် နှုတ်ခမ်းတွန့်သွားသည်။
ဘယ်ဆိုးလို့လဲ။ မင်းတို့ မောင်နှမ လေးယောက်စလုံးမှာ ပါရမီနဲ့ ဝါသနာတွေ အများကြီးပါလား။
လင်းချန်း၏ စကားလုံးများကိုကြည့်ခြင်းအားဖြင့် သူက သူ့အိပ်မက်များနောက်လိုက်ချင်ခဲ့သော်လည်း သူ့အဖေလောက် ခေါင်းမမာနိုင်ခဲ့ပေ။ လင်းချန်း အိပ်မက်များကို စွန့်လွှတ်ကာ မိသားစု စီးပွာားရေးကို ဆက်ခံဖို့ ပြန်လာခဲ့ပြီး ရှန်းဟွာရုပ်ရှင်နှင့် မီဒီယာ ကုမ္ပဏီလိမိတက်၏ ဥက္ကဌ ဖြစ်လာခဲ့သည်။
လင်းချန်းက ကော်ဖီကိုသောက်ကာ ဆက်ပြောသည်။ "တကယ်တော့ အာ့ဝမ်ကို အတွေ့အကြုံတချို့ယူပြီး ကိုယ့်စကေးတွေကို တိုးတက်အောင်လုပ်တာ ကောင်းတဲ့ကိစ္စလို့ ကျွန်တော်ထင်တယ်။"
"သူက ငယ်သေးတယ်။ သူ့မှာ ဖြုန်းတီးဖို့ အချိန်တွေ ရှိသေးတယ်။ အခက်အခဲတွေ ပိုပြီးကြုံတွေ့မယ်ဆိုရင် နောက်ပိုင်း မိသားစုစီးပွားရေးကို ဆက်ခံတဲ့အခါမှာလည်း အသင့်ပိုဖြစ်နေမှာပါ။"
"အဲ့တာကြောင့် ဘော့စ်ဖေး အာ့ဝမ်ကို သေချာလေး ဂရုစိုက်ပေးနိုင်ဖို့ မျှော်လင့်မိပါတယ်။"
"ခင်ဗျားအတွက် ဒုက္ခတော့ များလိမ့်မယ်။ အဲ့တာကြောင့် အရမ်းလည်း အားနာပါတယ်။ ဒီလိုဆိုရင်ကော ဘော့စ်ဖေး။ ထန်းတာ့က ဂိမ်းကုမ္ပဏီတစ်ခုမလား။ ကျွန်တော်လည်း သမုဒ္ဒရာရဲတိုက်ဂိမ်းကို အရမ်းကြိုက်တဲ့လူပါ။"
"ကျွန်တော့်စေတနာကို ပြသတဲ့အနေနဲ့ အနီရောင်ချီလင်လက်နက် အလက် ၅၀၀ ဝယ်ပေးမယ်။ ဘယ်လိုသဘောရလဲ။"
ဖေးချမ့် ကြက်သေ သေသွားခဲ့သည်။
အနီရောင်ချီလင်လက်နက် အလက် ၅၀၀ ဟုတ်လား။
အဲ့တာ ၄၀၀,၀၀၀ တောင်ကွ။
ဘာလို့ ဒီတိုင်း ပိုက်ဆံ ၄၀၀,၀၀၀ ပဲ မပေးလိုက်တာလဲ။ ဘာလို့ အဲ့ဒီအမှိုက်သရိုက် အနီရောင်ချီလင်လက်နက်ကို ဝယ်မှ ဖြစ်မှာလဲ။
အနီရောင်ချီလင်လက်နက်ကိုဝယ်ယူခြင်းက ဖေးချမ့်ကို ငွေကြေးဆုချခြင်းနဲ့ အတူတူပဲဟု လင်းချန်း စဥ်းစားနေတာ သိသာနေတာပဲ မဟုတ်လား။ ဒါက ဂိမ်း၏ ဝင်ငွေကိုလည်း မြင့်တက်လာစေကာ အနှစ်ချုပ်အားဖြင့် အကျိုးကျေးဇူးရှိလာစေမည်ဖြစ်သည်။
သို့သော်လည်း ဒါကဖေးချမ့်အတွက် အရှုံးကြီးရှုံးခြင်းဖြစ်ပါသည်။ သူသာ ၄၀၀,၀၀၀ ယွမ်ကို ၃၀ : ၇၀ အချိုးအတိုင်း ခွဲလိုက်ပြီး အမြတ်ငွေ အလဲအထပ်အချိုးကို သုံးလိုက်ပါက နောက်ဆုံးတွင် အများဆုံး ယွမ် ၂,၀၀၀ ကျော်ကျော်လေးသာ ရပါလိမ့်မည်။
"အဲ့လိုလုပ်ဖို့ မလိုပါဘူးဗျာ။"
ဖေးချမ့်က သူ့မျက်နှာကို ဆက်လက်တည်ငြိမ်အောင် ထားလိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။ "ဘော့စ်လင်းသာ တကယ်ပဲ စေတနာရှိကြောင်းပြချင်တယ်ဆိုရင် ကျွန်တော့်မှာ အကြံတစ်ခုတော့ ရှိတယ်။ မကြာသေးခင်က ကျွန်တော် စမ်းသပ်ချက်တစ်ခုလုပ်ဖို့ ငွေနည်းနည်းသုံးဖို့ စဥ်းစားနေတာဗျ။ ဘော့စ်လေးသာ ကျွန်တော့်ကို အဲ့ဒီအတွက် ရင်းနှီးပေးနိုင်မယ်ဆိုရင် စိတ်မရှိပါဘူး။"
လင်းချန်းက မှင်သက်သွားသည်။ ထို့နောက် စိတ်ဝင်စားသော ပုံစံ ဖြစ်လာခဲ့ပါသည်။
"ငွေနည်းနည်းဟုတ်လား ကိစ္စမရှိပါဘူး။ ဘော့စ်ဖေးက ဘယ်လောက်လိုလို့လဲ။"
ဖေးချမ့်က အေးအေးဆေးဆေး ပြောလိုက်ပါသည်။ "ယွမ် ၂၀၀,၀၀၀ လောက်ပါ။ ၁၀၀,၀၀၀ က ကျွန်တော့်အတွက် အရင်းဖြစ်ပြီးတော့ ယွမ် ၁၀၀,၀၀၀ ကတော့ ကုန်ကျစရိတ်ပေါ့။ ကျွန်တော် အပိုင်း ၂၀ ပါတဲ့ ဗီဒီယို အတိုစီးရီးလေး ရိုက်ကူးချင်လို့ဗျ။"
"ဒါပေမယ့် ဘော့စ်လင်း ငွေပြန်မရနိုင်တာမို့လို့ ကြိုတင်ပြင်ဆင်မှုတော့ လုပ်ထားရမယ်။"
လင်းချင်းက ကိုယ်တိုင်တွက်ချက်ကြည့်လိုက်သည်။ "ဘော့စ်ဖေးရဲ့ အနုပညာကြေးက တစ်ပိုင်းကို ယွမ် ၅,၀၀၀ တည်းလားဗျ။ နည်းလွန်းတယ် ကျွန်တော် ယွမ် ၁၀,၀၀၀ ပေးမယ်။"
အစကတော့ အနီရောင်ချီလင်လက်နက်များအတွက် ယွမ် ၄၀၀,၀၀၀ လောက် သုံးဖို့ စီစဥ်ထားခြင်းဖြစ်သည်။ သို့သော်လည်း ဖေးချမ့်မှာ ပိုကောင်းသည့်အကြံရှိနေပါသည်။ လင်းချန်းက ဖေးချမ့် ဆန္ဒရှိသည့်အတိုင်း လုပ်ပေးမည်ဖြစ်သည်။
လင်းချန်းက ဖေးချမ့်၏ တည်ငြိမ်ပြီး အေးဆေးသော မျက်နှာထားကိုကြည့်ကာ တစ်ခုခုကို နားလည်သွားပါသည်။
ဘော့စ်ဖေးအတွက် ၄၀၀,၀၀၀ ဆိုတာ မုန့်ဖိုးသာသာလောက်ပဲ ရှိတာ ဖြစ်နိုင်သည်။ ဒီ ၄၀၀,၀၀၀ ကို အသုံးချပြီး တစ်ခုခု ဆန်းသစ်တာကို ကြိုးစားကြည့်ချင်နေတာဖြစ်နိုင်ပါသည်။
ငါတို့ငွေအကြောင်း ပြောလက်စဖြစ်နေတော့ ငါ့ကိုအခွင့်အရေးပေးပြီး ဒီပိုက်ဆံထွက်ပေးခွင့်ပြုလိုက်တာ ဖြစ်မယ်။ ကောင်းတယ်။ ငါသူ့ကို ကူညီရာလည်း ရောက်ပြီး တစ်ချိန်တည်းမှာပဲ ပိုပြီးရင်းနှီးလာစေတယ်။ မဆိုးပါဘူး။
လင်းချန်းက အလွန်ပျော်ရွှင်နေပါသည်။ ဘော့စ်ဖေးက သူ့ကို အတွင်းလူအဖြစ်တောင် သဘောထားနေပြီဟု ခံစားမိပါသည်။
ဒါက မိတ်ဆွေကောင်းနှစ်ယောက်လိုပင်။ တစ်ယောက်က မွေးနေ့ပွဲကျင်းပေနေစဥ် နောက်သူငယ်ချင်းက ဘာမွေးနေ့လက်ဆောင်လိုချင်လဲဟု မေးလိုက်သည်။ မွေးနေ့ရှင်ကောင်လေးက ပြောလိုက်၏။ "ငါ အခုတလော ဂိမ်းတစ်ခုကို မျက်စိကျနေတာ။ ၂၀၀ ဝန်းကျင်လောက် စျေးရှိတယ်ကွာ။ ငါ့ကို အဲ့တာလက်ဆောင်ပေးလို့ရတယ်။” ဒီလိုပဲဖြစ်သည်။
လင်းချန်း နားလည်သလောက် ဒီယွမ် ၄၀၀,၀၀၀ ဆိုတာ သူငယ်ချင်းတစ်ယောက်ကို 'ကျေးဇူးပါ' ဟု ပြောဖို့ ယဥ်ကျေးမှုအရ လက်ဆောင်ပေးခြင်းသာ ဖြစ်သည်။ လင်းဝမ်ကို စောင့်ရှောက်ပေးသည့်အတွက် ဖြစ်ပါသည်။
တစ်ဖက်မှာတော့ ဖေးချမ့်က အနည်းငယ် မှင်သက်သွားသည်။ သူ ချက်ချင်း မတုန့်ပြန်လိုက်နိုင်ပါ။
စနစ်က ငါ့ကို သတိမပေးပါလား။ ငါ ယွမ် ၂၀၀,၀၀၀ အလွယ်လေး ရသွားတာလား။ ဒီတစ်ချိန်လုံး အရှုံးကနေ အမြတ် အလဲအထပ်လုပ်နိုင်ဖို့ ဘာတွေကြိုးစားနေခဲ့ရတာလဲ။