Bloody Battle Song : အရမ်းကြမ်းတဲ့ ဗားရှင်း
Vol. 13 Ch. 192
ဖေးချမ့်က မာယိချွမ်၏ ပခုံးကို နူးညံ့စွာ ပုတ်ပေးလိုက်ပါသည်။
"မင်း 'အကန့်အသတ်မဲ့ တရုတ်စာပေနက်ခ်ဝေါ့'မှာ အားပေးမှုတွေ သိပ်မရခဲ့တာက အယ်ဒီတာတွေ မင်းပါရမီကို မနာလိုဖြစ်ခဲ့လို့ပဲလို့ ငါတော့ထင်တယ်။ မင်းရဲ့အရေးအသားစွမ်းရည်က ငါတို့ခေတ်ကိုတောင် လွန်နေပြီ။ စာဖတ်သူတွေ မင်းရေးတာကို နားမလည်တာ မင်းအပြစ်မဟုတ်ပါဘူး။”
မာယိချွမ် နားလည်သဘောပေါက်သွားသည်။ "ဘော့စ်ဖေး ကျွန်တော်ရေးထားတဲ့ ဝတ္ထုတွေကို ဖတ်ဖူးလို့လား။"
"မဖတ်ဖူးပါဘူး" ဖေးချမ့်က ခေါင်းခါပြီး ပြန်ဖြေလိုက်ပါသည်။ "ဒါပေမယ့် မင်းမျက်လုံးထဲမှာ မင်းပါရမီကို မြင်နိုင်တယ်။"
"ငါတို့ဝက်ဘ်ဆိုက်ကို အောင်မြင်စေချင်တယ်ဆိုရင် ငါတို့ 'အကန့်အသတ်မဲ့တရုတ်စာပေနက်ခ်ဝေါ့' လျှောက်ခဲ့တဲ့ လမ်းအတိုင်း လိုက်လျှောက်လို့မဖြစ်ဘူး။ မဟုတ်ရင် ငါတို့ဘယ်လောက်ပဲ အဆင်ပြေနေပါစေ ငါတို့ 'အကန့်အသတ်မဲ့တရုတ်စာပေနက်ခ်ဝေါ့' ရဲ့ အတုအယောင်တစ်ခုသက်သက်ပဲဖြစ်လိမ့်မယ်။ အဲ့တာဆို ငါတို့ ဘယ်လိုလုပ် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေချပြီး လျှင်လျှင်မြန်မြန် တိုးတက်လာနိုင်တော့မှာလဲ။"
မာယိချွမ် နားလည်သွားသလိုလိုရှိသည်။
ဘော့စ်ဖေးပြောနေတာက အဓိပ္ပာယ်တော့ရှိပါသည်။ မာယိချွမ်က သူ့ပါရမီများ ဖုံးကွယ်ခံထားရသည်ဟု မထင်ခဲ့ပါ။ ဘာပဲဖြစ်ဖြစ် ဒါက အလွန်အမင်း အပြိုင်အဆိုင်များသော လောကတစ်ခု ဖြစ်သည်။ အယ်ဒီတာက သူ့ကို နားမလည်နိုင်ပါက သူ့ပါရမီများကို ယာယီ ဖုံးကွယ်ခံလိုက်ရသည်ဟု ဆိုနိုင်သည်။ သို့သော်လည်း စာဖတ်သူတွေ သူ့ကိုနားမလည်နိုင်ဘူးဆိုတာကတော့ လက်မခံနိုင်စရာပင်။
သူ့ဝတ္ထုများ ကျရှုံးရသည့်အကြောင်းအရင်းက ဒုတိယတစ်ချက်ကြောင့် ဖြစ်သည်ဟု မာယိချွမ် အမြဲတမ်းထင်မိခဲ့ပါသည်။ ထို့ကြောင့်လည်း သူ့ကိုယ်ပိုင်အစွမ်းအစကို အယုံအကြည်မရှိခြင်း ဖြစ်ပါသည်။
သို့သော် ဘော့စ်ဖေး ပြောသွားတာတော့ အကြွင်းမဲ့ မှန်ကန်နေပါသည်။
သူတို့ဝက်ဘ်ဆိုက်အောင်မြင်ဖို့အတွက် 'အကန့်အသတ်မဲ့တရုတ်စာပေနက်ခ်ဝေါ့'၏ လမ်းအတိုင်း ထပ်လျှောက်လို့ မရပါ။ မဟုတ်ပါက စာဖတ်သူတွေက သူတို့အစား 'အကန့်အသတ်မဲ့တရုတ်စာပေနက်ခ်ဝေါ့' ကိုသာ ရွေးချယ်ပါလိမ့်မည်။ ရေပန်းစားမှုကြောင့် လိုက်လုပ်ပြီး တခြားသူတွေကို အတုခိုးသည့် ဝက်ဘ်ဆိုက်တစ်ခုကို ဘယ်သူက ဝင်ကြည့်ချင်မည်နည်း။
ထို့ကြောင့် သူတို့ တိုးတက်မှု မြန်ဆန်ချင်ပါက ဆန်းသစ်ပြီး ခြားနားသည့် အိုင်ဒီယာများကို အသုံးချရမည်။ ဘော့စ်ဖေးက အမြော်အမြင်ရှိသူဖြစ်တာ သိသာပါသည်။ သူ့အတွက်သူ မျှော်လင့်ချက်မြင့်မြင့် ထားပါသည်။
ဘော့စ်ဖေးက 'အကန့်အသတ်မဲ့တရုတ်စာပေနက်ခ်ဝေါ့' ကို ကျော်လွန်နိုင်သည့် ဝက်ဘ်ဆိုက်တစ်ခုကို ဖန်တီးချင်သည်။ အစပိုင်း အောင်မြင်ရုံလောက်လေးကို သူ ရင်ခုန်မှာ မဟုတ်ပါ။
မာယိချွမ်က ခေါင်းကို တဆတ်ဆတ်ငြိမ့်လိုက်ပါသည်။ "ကောင်းပါပြီ ဘော့စ်ဖေး ကျွန်တော် ဝက်ဘ်ဆိုက်ကို လည်ပတ်နိုင်ဖို့အတွက် အကောင်းဆုံး ကြိုးစားပါ့မယ်။"
"အာ... ဘော့စ်ဖေး ဝက်ဘ်ဆိုက်ကို ဘယ်လိုခေါ်ရမလဲ။"
ဖေးချမ့်က ပြုံးလိုက်ပြီး ပြန်ဖြေလိုက်ပါသည်။ "လမ်းဆုံးတရုတ်ဘာသာစကားနက်ခ်ဝေါ့"
ဆိုလိုရင်းက ထိုဝက်ဘ်ဆိုက်က စာပေအတွက် သင်္ချိုင်းကုန်းတစ်ခုဖြစ်လိမ့်မည်ဟူသော သဘောပင်။
သို့သော်လည်း မာယိချွမ်က ဒါကို မသိဘဲ ချက်ချင်းဆိုသလိုပင် ဖေးချမ့်ကို နက်နက်ရှိုင်းရှိုင်း လေးစားသွားမိပါသည်။
ဘော့စ်ဖေးက အွန်လိုင်းစာပေအားလုံးရဲ့ အဆုံးစွန်တစ်ခုဖြစ်လာအောင် ဒီဝက်ဘ်ဆိုက်ကို ကြိုးစားပြီး တည်ထောာင်ချင်တာလား။
သူက စာရေးဆရာတွေအားလုံးကို သူတို့ရဲ့လက်ရာတွေကို ဒီဝက်ဘ်ဆိုက်ပေါ်မှာပဲ တင်စေချင်တာလား။
ဘော့စ်ဖေးကို ကြည့်ပါဦး။ သူက အမြဲတမ်း လိုက်ဖက်ပြီး အထင်ကြီးစရာကောင်းတဲ့ နာမည်တွေပဲ ပေးတတ်လိုက်တာ။
"မင်း သွားလို့ ရပြီ။ မင်းပြဿနာတစ်ခုခုကြုံလာရင် ငါ့ကို ချက်ချင်း တင်ပြပါ။"
မာယိချွမ်ကို ရှင်းထုတ်ပြီးတာနဲ့ ဖေးချမ့် ရှန်းယန်ဂိမ်းဘက်ကို လှည့်ကာ အာရုံစိုက်လိုက်သည်။
ပထမဆုံး ယဲ့ကျစ်ကျိုးပို့ထားသည့် Bloody Battle Song ၏ ဒေတာများကို စစ်ကြည့်လိုက်သည််။ ကြည့်ဖို့တောင် အလွန်နာကျင်ရပါသည်။ တည်ငြိမ်နေဆဲဖြစ်၏။ ဂိမ်းက တည်ငြိမ်နေသည်ဟုဆိုနိုင်သည်။ ဘာပဲဖြစ်ဖြစ် သူတို့ဂိမ်းအပေါ် အတော်လေး သဘောကောင်းခဲ့ကြသည်။ ကစားသမားဟောင်းများအားလုံးက စိတ်ပါဝင်စားနေကြပါပြီ။ နောက်ထပ် လနည်းနည်းလောက်အထိ ဒီဂိမ်းက နာမည်ရနေဦးမည်ဟု ဖေးချမ့် ခန့်မှန်းမိပါသည်။
သို့သော်လည်း ဝင်ငွေကတော့ တကယ်ပဲ နည်းပါးပါသည်။
သူတို့ ဝယ်ယူနိုင်သည့် ပစ္စည်းများစွာကို ဖယ်ရှားခဲ့ကာ သူဌေးဂိမ်မာများက သူတို့ ပိုက်ဆံဘယ်နား ဖြုန်းရမှန်း မသိကြတော့ပေ။ ဂိမ်း၏ ရုပ်ထွက်များကလည်း အတော်လေး ဒိတ်အောက်နေပါသည်။ ရှန်းယန်ဂိမ်းက မားကတ်တင်းဆင်းဖို့ တစ်ပြားတစ်ချပ်မှ မသုံးခဲ့သဖြင့် ကစားသမားအသစ် တစ်ယောက်မှ ဂိမ်းကို မကစားကြပါ။ ဒီကစားသမားဟောင်းအုပ်စုက သစ္စာရှိလျက် ကျန်နေဆဲဖြစ်သော်လည်း သူတို့ငွေဖြည့်သွင်းဖို့ သုံးသည့် ပမာဏက လျစ်လျူရှုလို့တောင် ရပါသည်။
ယခု Bloody Battle Song တွင် လုပ်ရမည့် ပြောင်းလဲချက်များကို လုပ်ဆောင်ပြီးပါပြီ။ ဗားရှင်းအသစ်ကလည်း တည်ငြိမ်နေပါပြီ။ ဖေးချမ့်က သူတို့ကို တာဝန်အသစ်များ ပေးရတော့မည်။ သူတို့ကို ဆက်ပြီး ရေသာခိုခွင့်ပေးထားပါက မကြာမီ စနစ်၏ သတိပေးချက်ကို သူခံရနိုင်ပါသည်။
သို့သော်လည်း ဖေးချမ့် ဒီ့အတွက် အစီအစဥ်ရှိပြီးသားဖြစ်သည်။
ဒီ့မတိုင်ခင်က ရှန်းယန်ဂိမ်းအတွက် ခြေနှစ်လှမ်းတိုက်ပွဲဗျူဟာကို စီစဥ်ခဲ့သည်။ ပထမ ခြေလှမ်းက ဝယ်ယူနိုင်သောပစ္စည်းများအားလုံးကို ဖယ်ရှားကာ တစ်ခုတည်းသာ ချန်ခဲ့ဖို့ဖြစ်၏။ ဒုတိယခြေလှမ်းက ဂိမ်းသစ်ဖန်တီးဖို့ဖြစ်ပါသည်။
အားလုံးက ဂိမ်းအသစ်အတွက် အစီအစဥ်တစ်ခုစီ စဥ်းစားရမည်ဖြစ်ကာ ဒီဇိုင်းမူကြမ်းတစ်ခုကို ရေးသားထားရမည်။ ဖေးချမ့်က ဒီဇိုင်းမူကြမ်းများကို ကြည့်ရှုရင်း ရှန်းယန်ဂိမ်း၏ ပရောဂျက်အသစ်ဖြစ်လာမည့် တစ်ခုကို ရွေးချယ်မည်။ ထို့နောက် ဂိမ်းကို စတင်ပြီး ဖန်တီးနိုင်ပါပြီ။
ငွေစာရင်းရှင်းချိန်တုန်းက ရှန်းယန်ဂိမ်း၏ ဝန်ထမ်းများက ဒီဇိုင်းမူကြမ်းများ ရေးဆွဲနေခဲ့ကြသည်။ အခုလောက်ဆို သူတို့အားလုံး ပြီးမြောက်နေလောက်ပါပြီ။
ရှန်းယန်ဂိမ်း စတင်ဖန်တီးဖို့အတွက် ဒီဇိုင်းတစ်ခုကို ဖေးချမ့် ရွေးချယ်ချိန်တန်ပါပြီ။
ဆိုလိုရင်းက ထန်းတာ့ဂိမ်းနဲ့ ရှန်းယန်ဂိမ်းတို့က လုံးဝခြားနားသည့် လမ်းများအတိုင်းလျှောက်တော့မည့်သဘောဖြစ်သည််။
ထန်းတာ့ဂိမ်းအတွက် ဖေးချမ့်က အပြည့်အဝ ထိန်းချုပ်မှုရှိ၏။ ကျရှုံးမည့် အာမခံချက်ရှိသည့် လမ်းကြောင်းများအတိုင်း သူသတ်မှတ်ချင်သည်။ သူတတ်နိုင်သလောက် သူ့ခေါင်းထဲက အစီအစဥ်အတိုင်းပဲ ကိစ္စများကို ဦးဆောင်ချင်သည်။
သို့သော်လည်း ရှန်းယန်ဂိမ်းအတွက်တော့ ဖေးချမ့်က မူလအခြေအနေအတိုင်းပဲ တတ်နိုင်သမျှ ထိန်းသိမ်းထားချင်ပါသည်။ မလိုအပ်ဘဲ ဝင်မပါချင်ပေ။
ဖေးချမ့် အခြေအနေများကို ကြည့်ရသလောက်တော့ ရှန်းယန်ဂိမ်းကို သတ်မှတ်ပေးထားသည့် လမ်းစဥ်က အနည်းငယ် ပိုမို 'အောင်မြင်' နေပါသည််။ အမှန်ပင်။ သူ ဒီအခြေအနေလေးအတိုင်းပဲ ဆက်လက် ထိန်းသိမ်းထားချင်သည်။
ဖေးချမ့်က ကျပန်းနံပါတ်ရွေးချယ်သည့် ဝက်ဘ်ဆိုက်တစ်ခုကို ရှာဖွေလိုက်ပြီး ဒီဇိုင်းမူကြမ်း ၂၀ ကျော်လောက်ကို နံပါတ်တစ်ခုစီ သတ်မှတ်ပေးလိုက်သည်။ ထို့နောက် ကျပန်းနံပါတ်တစ်ခုကို ကံစမ်းမဲနှိုက်လိုက်ပါသည်။
"ခြောက်"
ဖေးချမ့် နံပါတ် ၆ တပ်ထားသည့် ဖိုင်တွဲကိုဖွင့်ကြည့်လိုက်က အထဲက စာတမ်းများကို စစ်ကြည့်လိုက်သည်။
စုစုပေါင်း စာတမ်း ၄ မျက်နှာ ရှိသည်။ ဒါက ဗျူဟာဂိမ်းအမျိုးအစားတစ်ခုဖြစ်သည်။ သို့သော်လည်း စည်းမျဥ်းများက မပြည့်စုံသေးမှန်း သိသာပါသည်။
လက်တွေ့တွင် ဂိမ်းတစ်ခု လိုအပ်သည့် ဒီဇိုင်းလုပ်ငန်းအားလုံးအနက် ဒီစာတမ်းက ၂၀ ရာခိုင်နှုန်းလောက်ကိုသာ ကာမိထာားပါသည်။
ဂိမ်းကစားနည်းကို စာကြောင်း ၂ ကြောင်းလောက်နဲ့သာ အကြမ်းဖျင်းရှင်းပြထားသည်။ ဂိမ်း၏ လက်တွေ့ဒီဇိုင်း အသေးစိတ်အကြောင်း ဘာမှ ထည့်မပြောပြထားပါ။
"... အင်း ဒီကောင့်ရဲ့ လုပ်ပုံကိုင်ပုံကတော့ မဆိုးဘူး။ ဒါပေမယ့် ဒီစာတမ်းကို သုံးလို့မရဘူး။"
အပြင်ပိုင်းမှာတော့ စာတမ်းက ဖေးချမ်၏ 'ဂိမ်းစုတ်' တစ်ခု ဖန်တီးမည့် လိုအပ်ချက်နဲ့ အပြည့်အဝ ကိုက်ညီမှု ရှိပါသည်။ သို့သော်လည်း ပြဿနာက အသေးစိတ်များစွာ လိုအပ်နေခြင်းပင်။
ဖေးချမ့် အစီအစဥ်ထဲက ဟာကွက်များကို သူ့ဖာသာသူတော့ မဖြည့်နိုင်ပါ။
ဖေးချမ့် ဂိမ်းတစ်ခုကို ဆုံးဖြတ်ချက်ချလိုက်တာနဲ့ ဒီဇိုင်းမူကြမ်းကို ရုံးထဲက အားလုံးဆီသို့ ပို့ဆောင် ပေးရမည်။ ထိုအခါ ဒီစာတမ်းထဲက ရူးလောက်စရာ အကြောင်းအရာများကို အားလုံးမြင်သွားပြီး စည်းမျဥ်းများကို တိုးချဲ့ဖို့ လုပ်ဆောင်ကြလိမ့်မည်။ သူတို့လုပ်ပြီးသွားသည့်အခါ ဂိမ်းက သေချာပေါက် မမှတ်မိနိုင်စရာပင် ဖြစ်လာနိုင်ပါသည်။
ထို့ကြောင့်လည်း ဒီမူကြမ်းကို မရွေးချယ်နိုင်ခြင်းဖြစ်ပါသည်။
ဂိမ်း၏ နောက်ဆုံးဗားရှင်း ဘယ်လိုပုံစံဖြစ်လာမလဲဆိုတာကိုတောင် ဖေးချမ့် တွေးကြည့်လို့မရတော့ပေ။ ဒါက သူ့အတွက် စွန့်စားရာကျလွန်းပါသည်။
ဂိမ်း၏ စည်းမျဥ်းစည်းကမ်းများအကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားသော်လည်း သာမန်အဆင့်သာ ရှိသည့် ဒီဇိုင်းမူကြမ်းမျိုးကို ရှာဖွေနိုင်ရင် အကောင်းဆုံးဖြစ်ပါသည်။ ထိုအခါမှ သူစိတ်အေးနိုင်မည်ဖြစ်သည်။
ဖေးချမ့်က နံပါတ် ၆ ကို ဖယ်ရှားလိုက်ပြီး နောက် နံပါတ်တစ်ခုကို နှိုက်လိုက်ပါသည်။
"၁၃"
ဖေးချမ့် ၁၃ ဟုတပ်ထာားသည့် ဖိုင်တွဲကို ဖွင့်ကြည့်လိုက်ပြီး Standalone ဂိမ်းတစ်ခုအတွက် အတော်လေး ကောင်းမွန်သော အိုင်ဒီယာတစ်ခုကို ရှာတွေ့ခဲ့ပါသည်။ ထို့အပြင် မူကြမ်းမှာ Level မျိုးစုံအတွက် Concept ကောင်းကောင်းများ ပါဝင်နေသည်။ အနီးကပ် စစ်ဆေးကြည့်သောအခါ ဒါကို ရေးသားထားတာ ဝမ်ရှောင်းပင် ဖြစ်နေမှန်း သိလိုက်ရပါသည်။
"... မင်းလို စန်ဒီဇိုင်နာတစ်ယောက်က ပြည်တွင်းဂိမ်းလောကကို ပြန်အသက်သွင်းဖို့ အိပ်မက်ရှိမယ် ထင်မထားဘူး။ အင်း... မင်းအိပ်မက်အကြောင်း နားလည်လာအောင်လုပ်ပေးဖို့ ငါပိုက်ဆံနည်းနည်း သုံးဖို့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။"
"ဒါပေမယ့် ပြဿနာက မင်းရဲ့ ဒီဇိုင်းမူကြမ်းက သိပ်မဆိုးဘူး ဖြစ်နေတယ်။ မင်းရဲ့ ကမ်းလှမ်းချက်အတိုင်းသာ ငါလိုက်လုပ်ရင် ငါတို့အရှုံးပေါ်နိုင်မယ် မထင်ဘူး။"
ဖေးချမ့်က မူကြမ်းကို လှန်ကြည့်ရင်း ယာယီ ခဏဖယ်ထားဖို့ ဆုံးဖြတ်လိုက်ပါသည်။
ရှန်းယန်ဂိမ်းကို Standalone ဂိမ်းများ ဖန်တီးစေဖို့က ဆိုးရွားသော ဆုံးဖြတ်ချက် မဟုတ်သော်လည်း ဖေးချမ့်မှာ အဓိက စိတ်ပူစရာ ၂ ချက်ရှိပါသည်။
ပထမက Standalone ဂိမ်းများက အခြေအနေဆိုး အလွန်ဆိုးရွားနိုင်ချေက နိမ့်သည်။ လိုအပ်သည့် အရင်းအနှီးကလည်း ပုံသေတစ်ခုရှိမည် ဖြစ်သောကြောင့် ဂိမ်းက ရေပန်းစားမလာရင်တောင် အနည်းဆုံး ရောင်းချမှုများတော့ လုပ်နိုင်ပါလိမ့်မည်။ သူတို့ အနည်းငယ်သာ အရှုံးပေါ်နိုင်ချေရှိသည်။ သူတို့ နည်းနည်းပိုအဆင်ပြေသွားပါက ကုန်ကျစရိတ်များကိုတောင် ကာမိသွားနိုင်ပါလိမ့်မည်။
ဒုတိယက ဝမ်ရှောင်းပင်၏ အစီအစဥ်က ပြီးပြည့်စုံလုနီးပါးဖြစ်နေသောကြောင့်ဖြစ်သည်။ အန္တရာယ်လည်း သိပ်မရှိပါ။ ဒါက တခြား နိုင်ငံခြား Standalone ဂိမ်း ထုတ်လုပ်သူများ သက်သေပြထားပြီးသား အစီအစဥ်တစ်ခုဟု ဆိုနိုင်သည်။
ဖေးချမ့်အတွက်တော့ သာမန်ထက် အနည်းငယ် အောက်ကျနေရုံလေးသာ ရှိသည်။
"နောက်တစ်ခုလောက် ထပ်ရွေးလိုက်ဦးမယ်။ ဒီတစ်ခုသာ ပိုကောင်းရင် သုံးလိုက်မယ်။ မဟုတ်ရင်တော့ ဝမ်ရှောင််းပင်ရဲ့ အိပ်မက်ကို အကောင်အထည် ဖော်ပေးရတော့မှာပေါ့။"
အစကတော့ တစ်ခေါက်သာ ကံစမ်းမဲနှိုက်ချင်ခဲ့သည်။ သို့သော် ဖေးချမ့် စိတ်ပြောင်းလိုက်ပါသည်။ နောက်ဆုံးအချိန်တွင် အသေးစား ချိန်ညှိမှုများလုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါသည်။
ဘာပဲဖြစ်ဖြစ် အရင်တစ်ခေါက် လက်ပိုက်ပြီး ဘာမှမလုပ်ဖို့ ဆုံးဖြတ်ခဲ့စဥ်ကလည်း ပေါင်ရှုနဲ့ ဟွမ်စစ်ပေါ်တို့က သမုဒ္ဒရာရဲတိုက်ကို ဖန်တီးနိုင်ခဲ့ကြသည်။ အခုချိန်ထိ ထိုဂိမ်းကြောင့် ရလာသည့်ဝင်ငွေများကို သုံးမကုန်သေးပါ။
"ဒီတစ်ခေါက် '၂ ' တဲ့။ သြော် Bloody Battle Song ရဲ့အဆက်ဆိုပါလား။ ယဲ့ကျစ်ကျိုး ရေးထားတာလား။"
ဖေးချမ့်က ဒီဇိုင်းမူကြမ်းကို ဖွင့်ကြည့်လိုက်ပြီး စစ်ဆေးကြည့်လိုက်သည်။
"ဂိမ်းကစားနည်းမှာတော့ ကြီးကြီးမားမားပြောင်းလဲထားတာမရှိဘူး။ ဒါပမယ့် ဇာတ်လမ်းဇာတ်ကွက်ကို အဆင့်မြင့်အောင်လို့ အသေးစိတ်တချို့ ထည့်ထားတယ်။ Prequel (အရှေ့ကဂိမ်း) နဲ့လည်း ဝယ်နိုင်တဲ့ပစ္စည်း အရေအတွက်ကို အတူတူအတိုင်းပဲထားမယ်။"
"အင်း ဘယ်ဆိုးလို့လဲ။"
ယဲ့ကျစ်ကျိုးနဲ့ ဝမ်ရှောင်းပင်တို့၏ အစီအစဥ်နှစ်ခုစလုံးက မဆိုးရွားဘူးဟု ဖေးချမ့် ခံစားမိသည်။ သို့သော်လည်း နှစ်ခုစလုံးမှာ ကိုယ်ပိုင်အားနည်းချက်များရှိကြပါသည်။
ဒီဇိုင်းမူကြမ်း ၆ က လုံလုံလောက်လောက် အားကိုးလို့မရပေ။ သို့သော်လည်း အသေးစိတ်များ နည်းပါးလွန်းသဖြင့် ဖေးချမ့် စိတ်အေးအေးနဲ့ ဆုံးဖြတ်နိုင်မှာ မဟုတ်ပါ။
ရှန်းယန်ဂိမ်း၏ ဝန်ထမ်းများက ဂိမ်းထဲကို အသေးစိတ်များစွာ ထပ်ထည့်ပြီး ဂိမ်းကိုအတော်အတန် အဆင့်မြင့်သွားစေမှာကို စိုးရိမ်နေပါသည်။
ဆန့်ကျင်ဘက်မှာတော့ ယဲ့ကျစ်ကျိုးနဲ့ ဝမ်ရှောင်းပင်တို့၏ အစီအစဥ်များက အတော်လေးပြီးပြည့်စုံသည်။ တစ်ချိန်တည်းမှာပဲ ရှန်းယန်ဂိမ်းက ၎င်းတို့နဲ့ လမ်းလွဲသွားနိုင်ချေ နည်းပါးသည်ဟုလည်း ဆိုလိုသည်။
"ငါ ယဲ့ကျစ်ကျိုးရဲ့ အစီအစဥ်ကိုပဲ ရွေးလိုက်မယ်။"
"ဝမ်ရှောင်းပင်ရဲ့ အစီအစဥ်က ချီးကျူးတော့ ထိုက်ပါပေတယ်။ ဒါပေမယ့် အရမ်းတည်ငြိမ်လွန်းနေတယ်။ စွန့်စားမှုသိပ်မရှိဘူး။ မင်းအိပ်မက်တွေက ပိုရဲတင်းပြီး စိတ်ကူးယဥ်ဆန်မယ်ဆိုရင် ငါစိတ်ဝင်စားလောက်တယ်။"
နောက်ဆုံးတော့ ဖေးချမ့်က ယဲ့ကျစ်ကျိုး၏ ဒီဇိုင်းမူကြမ်းကို သိမ်းထားလိုက်ပါသည်။ သို့သော်လည်း ယဲ့ကျစ်ကျိုးကိုယ်တိုင်တောင် ဒီ နောက်ဆက်တွဲဂိမ်းကို ဘယ်လိုခေါ်ရမှန်း မစဥ်းစားရသေးပါ။
ဖေးချမ့် ကီးဘုတ်ကို မြန်မြန်ဆန်ဆန်ရိုက်ကာ ဂိမ်းနာမည်ကိုရိုက်ထည့်လိုက်ပါသည်။
Baoody Battle Song : အရမ်းကြမ်းတဲ့ Version
အင်း.... အပေါစားဂိမ်းဆိုတော့ အပေါစားဆန်သထက်ဆန်အောင် လုပ်ပေးဖို့လိုတာာပေါ့။
ဖေးချမ့်က ဒီဂိမ်းအတွက် မားကတ်တင်းဗျူဟာကိုတောင် စဥ်းစားပြီးသွားပါပြီ။ ကျရှုံးနိုင်ဖို့ များသည်။ သူငွေတိုကို များနိုင်သမျှများအောင် ဖြုန်းတီးကာ ဝေဖန်ပစ်တင်မှုများကို များနိုင်သမျှ များအောင် ရယူဖို့လိုအပ်ပါသည်။
သူပြင်ဆင်မှုများ ပြုလုပ်ပြီးတာနဲ့ ဒီဇိုင်းမူကကြမ်းအား ယဲ့ကျစ်ကျိုးဆီ ဖေးချမ့် ပြန်ပို့ပေးလိုက်ပါသည်။
"ငါတို့ ဒီဟာအတိုင်း ဆက်သွားကြမယ်။"
ဖေးချမ့်သည် ခေတ္တစဥ်းစားပြီးနောက် သူထပ်ရေးလိုက်သည်။ "ဝမ်ရှောင်းပင်ကို သူ့အစီအစဥ်တွေကလည်း ကောင်းတယ်လို့ပြောလိုက်။ ဒါပေမယ့် ရှေးရိုးဆန်လွန်းနေတယ်လို့။ ဂိမ်းကို လေ့လာဖန်တီးတဲ့အခါမှာာ သူ့ဒီဇိုင်းမူကြမ်းကို သင့်တော်တဲ့ ပြင်ဆင်မှုတွေ လုပ်ကြည့်ဖို့ပြောလိုက်။ ငါတို့ နောက်ပိုင်း ပြန်သုံးနိုင်ချေရှိတယ်"။