အစီအစဥ်နှစ်ခုအကြား ရွေးချယ်ခြင်း
Vol. 13 Ch. 193
ရှန်းယန်ဂိမ်းတွင်...
ယဲ့ကျစ်ကျိုး အချိန်အကြာကြီးစောင့်နေရင်း ရင်ထဲမှာလည်း သက်တောင့်သက်သာမရှိမှုများနဲ့ ပြည့်နှက်နေခဲ့ပါသည်။ နောက်ဆုံးတော့ ဘော့စ်ဖေး၏ တုန့်ပြန်ချက်ကို ရခဲ့သည်။ ဘော့စ်ဖေး၏ ပြန်စာထဲမှ အကြောင်းအရာများကို ဖတ်ကြည့်ပြီးနောက် သူဇဝေဇဝါဖြစ်သွားခဲ့ပါသည်။
"အစ်ကိုဝမ် မြန်မြန်လာကြည့်ပါဦး။"
လောလောဆယ် ဝမ်ရှောင်းပင်လည်း ဘာမှလုပ်စရာမရှိသေးပေ။ ယဲ့ကျစ်ကျိုး၏ ခေါ်သံကိုကြားသောအခါ ချက်ချင်းပဲ လုပ်နေတာကို ရပ်ပြီး ယဲ့ကျစ်ကျိုးစားပွဲသို့ လမ်းလျှောက်သွားလိုက်ပါသည်။
"အစ်ကိုဝမ် ဘော့စ်ဖေးက ကျွန်တော်တို့ ဂိမ်းအသစ်အတွက် အစီအစဥ်ပေးလိုက်ပြီ။ သူက... ကျွန်တော့်အစီအစဥ်ကို ရွေးလိုက်တယ်" ယဲ့ကျစ်ကျိုးက ဖန်သားပြင်ပေါ်က ဖိုင်တွဲကို ညွှန်ပြလိုက်ပါသည်။ 'Bloody Battle Song : အရမ်းကြမ်းတဲ့ Version' တဲ့။
ဝမ်ရှောင်းပင် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူတုန်လှုပ်သွား၏။ "အဲ့ဒီနာမည်ကြီး မင်းပေးထားတာလား။"
ယဲ့ကျစ်ကျိုးက ပြန်ပြောလိုက်၏။ "မဟုတ်ဘူး... ဘော့စ်ဖေးပြန်ပြင်လိုက်တာ။ ကျွန်တော် အစက Bloody Battle Song 2 လို့ ရေးထားတာဗျ။"
ကျွတ်...
ဝမ်ရှောင်းပင် အသက်ဝဝ ရှူသွင်းလိုက်မိသည်။ ဒီနာမည်က အလွန်အပေါစားဆန်သည့် ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ ဘာလို့ ဘော့စ်ဖေးက ဒီလိုနာမည်ကြီး ပေးလိုက်တာလဲ။
နားလည်ရခက်လိုက်တာ။
"ဘော့စ်ဖေးက မင်းကမ်းလှမ်းချက်ထဲ ဘာတွေ ထပ်ပြင်လိုက်သေးလဲ" ဝမ်ရှောင်းပင်က မေးကြည့်လိုက်ပါသည်။
ယဲ့ကျစ်ကျိုးပုံစံက နေရခက်နေသည်။ "ကျွန်တော် စာဖိုင်ကို တစ်ခေါက်လောက် အနီးကပ် လေ့လာပြီးပြီ။ သူ တစ်ခုမှ မပြောင်းလဲထားဘူး။ နာမည်ကိုပဲ ပြောင်းထားတာဗျ။"
ဝမ်ရှောင်းပင် ဆွံ့အသွားပါသည်။ သူ စိတ်ခံစားချက်များ ပြင်းပြသွား၏။ ယဲ့ကျစ်ကျိုး Bloody Battle Song ၏ နောက်ဆက်တွဲဂိမ်းကို ထုတ်လုပ်ချင်တာက မခံမရပ်နိုင်ဖြစ်နေဆဲကြောင်ဆိုတာ ဝမ်ရှောင်းပင် ကောင်းကောင်းကြီး သိပါသည်။
ယဲ့ကျစ်ကျိုးက Bloody Battle Song အတွက် "ရွေးချယ်ခံ" စနစ်တစ်ခုကို ဖန်တီးခဲ့ပြီး ဘော့စ်ဖေး ညွှန်ကြားသည့်အတိုင်းပဲ ဂိမ်း၏ Paywalls များနဲ့ အမြတ်ငွေ ပုံစံကို မွမ်းမံခဲ့သည်။ ဒီနယ်မြေထဲက သူ့အောင်မြင်မှုများကို အတော်လေး ဂုဏ်ယူနေပါသည်။
ယခု Bloody Battle Song ၏ Active Player ကစားသမား အရေအတွက်တစ်ခုကို ထိန်းသိမ်းထားနိုင်ပြီ ဖြစ်သည်။ ကစားသမားဟောင်းများစွာလည်း ပြန်လည်ရောက်ရှိလာက ဂုဏ်သတင်းကလည်း ၁၈၀ ဒီဂရီလောက် တကျော့ပြန်လာခဲ့ပါသည်။
ပြဿနာက တစ်ခုတည်းသာ ရှိသည်။ ဂိမ်းက တစ်ပြားတစ်ချပ်မှ ရမနေခြင်းသာဖြစ်လေ၏။
ယဲ့ကျစ်ကျိုးက ဒီအသေးစိတ်အချက်ကို အများကြီး ဂရုစိုက်ပါသည်။ သူ့အတွက်တော့ ငွေမရသည့် ဂိမ်းတစ်ခုက ကျရှုံးမှုဟု သတ်မှတ်စရာပဲဖြစ်သည်။ နာမည် ဘယ်လောက်ကောင်းကောင်း အရေးမကြီးပါ။ ဂိမ်းက ဘာကြောင့် ငွေမရတာလဲဆိုတာကို သူစဥ်းစားရမည်။
အဓိကကတော့ Bloody Battle Song ၏ ရုပ်ထွက်များက စုတ်ပြတ်သောကြောင့် ဖြစ်ပါသည်။ လုံးဝ ဒိတ်အောက်နေသည်။ ထို့အပြင် ရှန်းယန်ဂိမ်းက ဂိမ်းအတွက် မားကတ်တင်းလုပ်ဖို့တောင် ပိုက်ဆံ လုံလုံလောက်လောက် မရှိပါ။ ထို့ကြောင့် ဂိမ်မာအသစ်များ မကစားကြခြင်း ဖြစ်သည်။
ဝယ်ယူနိုင်သော ပစ္စည်းအားလုံးကို ဖယ်ရှားပြီး တစ်ခုသာ ချန်ခဲ့ပြီးနောက် ကစားသမားဟောင်းအုပ်စု တစ်စုတည်းနဲ့ ဂိမ်းက တည်မြဲသော ဝင်ငွေရမှာ မဟုတ်ကြောင်းကို သူတို့နားလည်လိုက်ရသည်။
ထို့ကြောင့်လည်း ယဲ့ကျစ်ကျိုးက မကျေမချမ်းဖြစ်နေရခြင်း ဖြစ်ပါသည်။ "ရွေးချယ်ခံ" စနစ်သစ်ကို ကစားသမားတွေ ပိုပြီးစမ်းကြည့်ကြစေချင်သည်။ ဒီဂိမ်း၏ အဆက်ဂိမ်းတစ်ခုကို လေ့လာဖန်တီးလိုက်ခြင်းက အရှုံးကို အမြတ်အဖြစ် ပြောင်းလဲနိုင်လိမ့်မည်။
သို့သော်လည်း ဝမ်ရှောင်းပင်ကတော့ ဒီလမ်းကို သဘောမတူပါ။
အရင်တုန်းက ရှင်သန်နိုင်ဖို့အတွက်နဲ့ Paywall များပါသည့် ဂိမ်းများကို ဖန်တီးခဲ့ကြသည်။ အခုတော့ သူတို့ကို ထန်းတာ့က ဝယ်ယူလိုက်ပြီဖြစ်၏။ ဘော့စ်ဖေးက သူတို့၏ ကျောထောက်နောက်ခံအဖြစ် တည်ရှိနေသဖြင့် သူတို့ စားပွဲပေါ်မှာ စားစရာအသင့်ရှိနေမည်ဖြစ်သည်။ သူတို့ချေးစားဖို့ လိုပါဦးမလား။
Bloody Battle Song က အထင်ကြီးစရာ IP မဟုတ်ပါ။ Paywall များပါသည့် အဆင့် ၃ လောက်သာ ရှိသော ဂိမ်းတစ်ခုသာ ဖြစ်သည်။ ယဲ့ကျစ်ကျိုးက မစွန့်လွှတ်ဘဲ ဘာကြောင့် ဆက်ပြီး ဖက်တွယ်နေသေးတာလဲ။
ထို့ကြောင့် ဝမ်ရှောင်းပင်က Standalone ဂိမ်းတစ်ခုအတွက် ဒီဇိုင်းမူကြမ်းတစ်ခုကို ရေးသားပြီး ဘော့စ်ဖေး ရွေးလိမ့်မည် မျှော်လင့်ချက်ဖြင့် တင်ပြခဲ့ပါသည်။ ထို့နောက် သူနှစ်ပေါင်းများစွာ မက်ခဲ့ရသည့် အိပ်မက်က နောက်ဆုံးတော့ စစ်မှန််သည့် အဆင့်မြင့် Standalone ဂိမ်းတစ်ခုအဖြစ် ရုပ်လုံးပေါ်လာပါလိမ့်မည်။
ဝမ်ရှောင်းပင်က သူတင်ပြလိုက်သည့် ဒီဇိုင်းမူကြမ်းကို အလွန်ယုံကြည်ချက်ပြည့်ဝနေခဲ့ပါသည်။
အဘယ့်ကြောင့်ဆိုသော် ရှန်းယန်ဂိမ်းထဲက လူအားလုံးအနက် သူက အတွေ့အကြုံအရှိဆုံး ဖြစ်သောကြောင့် ဖြစ်ပါသည်။ Standalone ဂိမ်းများ၏ ဒိဇိုင်းက ဘော့စ်ဖေးအကြိုက်နဲ့ ကိုက်ညီလိမ့်မည်။
ဝမ်ရှောင်းပင်၏ စိတ်ထဲမှာတော့ ဘော့စ်ဖေးက ဂိမ်းလောကကို သူ့ကိုယ်ရေးကိုယ်တာ တစ်ဘဝစာ တာဝန်ကြီးတစ်ခုလို ကယ်တင်ဖို့ဆုံးဖြတ်ထားသော ပါရမီရှိသည့် ဒီဇိုင်နာတစ်ယောက်ဖြစ်သည်။ ဘော့စ်ဖေးက အလွန်စကေးမြင့်သည့် စီးပွားရေးသမားဖြစ်ကာ အဆင့်နိမ့်အမြင်များနဲ့ ငွေလောဘများထံမှ လွတ်မြောက်ချင်သူဟု ဝမ်ရှောင်းပင် မြင်ခဲ့သည်။
မဟုတ်ပါက ဘာကြောင့် Bloody Battle Song ထဲက ဝယ်ယူနိုင်သည့် ပစ္စည်းအတော်များများကို ဖယ်ရှားခဲ့မည်နည်း။
သို့သော်လည်း အခုတော့ ဘော့စ်ဖေး၏ ဆုံးဖြတ်ချက်က ပေါ်လာပါပြီ။
သူ့ကိုကျော်ပြီး ယဲ့ကျစ်ကျိုး၏ အစီအစဥ်ကို ရွေးချယ်သွားခဲ့သည်။ ဒါတင်မကသေးဘဲ ယဲ့ကျစ်ကျိုး၏ ကမ်းလှမ်းချက်ထဲမှာလည်း တစ်လုံးတစ်လေမှ ပြင်ဆင်မှုမရှိခဲ့ပါ။ သူလုပ်ခဲ့တာဆိုလို့ နာမည်ကို ပြောင်းလိုက်ရုံသာ ဖြစ်သည်။
ထို့ကြောင့် ဝမ်ရှောင်းပင် စိတ်ရှုပ်ကာ ဇဝေဇဝါဖြစ်လျက် စိတ်လည်းပျက်မိသွားပါသည်။
"သြော် ဟုတ်သားပဲ အစ်ကိုဝမ်"
"ဘော့စ်ဖေးက ခင်ဗျားရဲ့ အစီအစဥ်ကလည်း အတော်လေး ကောင်းတယ်လို့ ပြောလိုက်ပါတယ်။ ဒါပေမယ့် အရမ်းရှေးဆန်လွန်းနေလို့တဲ့။ ဂိမ်းလေ့လာဖန်တီးနေတဲ့ အချိန်တောအတွင်းမှာ ခင်ဗျားရဲ့ ကမ်းလှမ်းချက်ကို ပြင်ဆင်ကြည့်ဖို့လည်း ပြောလိုက်တယ်။ ကျွန်တော်တို့ နောက်ပိုင်း အသုံးချနိုင်ချေရှိလို့တဲ့။"
ယဲ့ကျစ်ကျိုးက ဘော့စ်ဖေး၏ မက်ဆေ့ကို အတိအကျ ပြန်ပြောပေးလိုက်ပါသည်။
ဝမ်ရှောင်းပင် ချက်ချင်းပဲ တက်ကြွသွားလေသည်။
သြော် ဒါကြောင့်ကိုး>
ဘော့စ်ဖေးက ငါ့ကမ်းလှမ်းချက်ကို အသိအမှတ်ပြုပါတယ်။ ငါက အရမ်းရှေးဆန်လွန်းနေတယ်လို့ပဲ ထင်သွားတာ။ ဂိမ်းက Standalone ဂိမ်းတစ်ခုအနေနဲ့ ပြောင်ပြောင်မြောက်မြောက် သိပ်မရှိသေးတာ ပဲ။
ဝမ်ရှောင်းပင် စိတ်အားတက်ကြွမှုများဖြင့် ပြည့်ဝသွားတော့သည်။
အခုတော့ ဘော့စ်ဖေး သူ့ကမ်းလှမ်းချက်အစား ယဲ့ကျစ်ကျိုး၏ ကမ်းလှမ်းချက်ကို ဘာကြောင့် ရွေးချယ်လိုက်ရတာလဲ အကြမ်းဖျင်းနားလည်လိုက်ရပါပြီ။ ယဲ့ကျစ်ကျိုး၏ ကမ်းလှမ်းချက်က Paywalls များပါသည့် ဂိမ်းတို့အကြား အတော်လေး ဆန်းသစ်သည့်သဘောရှိသည်။ သို့သော်လည်း ဝမ်ရှောင်းပင်၏ ကမ်းလှမ်းချက်ကတော့ သာမန်ဆန်ပြီး Standalone ဂိမ်းများအကြား ပျင်းဖို့ကောင်းနေပါသည်။
ဘော့စ်ဖေးက ဂိမ်းအမျိုးအစားတစ်ခုစီအတွင် မတူညီသော စံနှုန်းများ ရှိသည်။ ယဲ့ကျစ်ကျိုး၏ အစီအစဥ်တွင် ဆန်းသစ်သည့် အိုင်ဒီယာများ ပိုများပါသည်။ ထို့ကြောင့် ဘော့စ်ဖေးက ပိုပြီးအထင်ကြီးပါလိမ့်မည်။
ဘော့စ်ဖေးက ငါ့ကမ်းလှမ်းချက်ကို အရမ်း ရှေးဆန်လွန်းတယ်လို့ ပြောသွားတယ်။ ဟုတ်တယ်။ အဲ့လိုကြောင့်ပဲဖြစ်မယ်။ ငါက တည်မြဲမှုကို ဦးစားပေးပြီး အရမ်းရင့်ကျက်တဲ့ဒီဇိုင်းတွေကို သုံးခဲ့တာ။ အခု ငါကြည့်ကြည့်မှ တော်တော်လေး ဒိတ်အောက်နေတဲ့ ပုံစံပေါက်နေတာာပဲ။
ဒီလောကကြီးက အမြဲတမ်း အရမ်းမြန်ဆန်တဲ့ နှုန်းနဲ့ ပြောင်းလဲနေတာ။ ဂိမ်းက အခုလောလောဆယ် ရေပန်းစားချင် စားလိမ့်မယ်။ ဒါပေမယ့် နောက်လနည်းနည်းလောက် ကြာရင် ဂိမ်းလေ့လာဖန်တီးမှုပြီးတဲ့အခါ ဒိတ်အောက်သွားမှာပဲ။
ဘော့စ်ဖေးပြောတာ မှန်တယ်။ ငါက ရှေးဆန်လွန်းနေတာပဲ။ ဟုတ်ပါတယ်။ ဘော့စ်ဖေးက သူ့ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေတယ်။ တစ်ချက်လောက် ကြည့်လိုက်ရုံနဲ့ ပြဿနာရဲ့ရင်းမြစ်ကို ထုတ်ပြနိုင်တယ်။
ကြည့်ရတာ ငါလည်း ဆက်ကြိုးစားနေရမယ် ထင်တယ်။
ဝမ်ရှောင်းပင်၏ စိတ်အနှောင့်အယှက်များ ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့ပါသည်
ဒီလိုဆိုမှတော့ သူလည်း ယဲ့ကျစ်ကျိုးနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အကောင်းဆုံးကြိုးစားပါမည်။ သူတို့ Bloody Battle Song : အကြမ်းဆုံး Version ကို ထုတ်လုပ်ဖို့လိုအပ်သည်။ ထို့နောက် နောက်လာမည့်ဂိမ်းတစ်ခုက သူသဘောကျသည့် Standalone ဂိမ်းဖြစ်လာပါလိမ့်မည်။
ဒီ ၃ - ၄ လလောက်က သူဦးနှောက်ဆက်စားဖို့ အချိန်ကောင်းဖြစ်သည်။ သူ့အစီအစဥ်တစ်ခုလုံးကို ပြန်သုံးသပ်ကာ ဒီကာလအဆုံးတွင် ဘော့စ်ဖေးကို စိတ်ကျေနပ်မှုရှိစေရန် ကြိုးစားကြည့်လို့ရပါသည်။
ယဲ့ကျစ်ကျိုးကတော့ သူ့ဒီဇိုင်းမူကြမ်းကို နောက်တစ်ခေါက် ပြန်စစ်ကြည့်လိုက်ပါသည်။
ဟုတ်တယ်... ဘော့စ်ဖေး တစ်ခုတစ်လေမှ ပြောင်းမထားဘူး။
"အစ်ကိုဝမ် ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ ကျွန်တော်တို့ ဒီကမ်းလှမ်းချက်အတိုင်းပဲ ဆက်လုပ်ကြမလား" ယဲ့ကျစ်ကျိုးက အနည်းငယ် အပြစ်ရှိသလိုခံစားနေရပါသည်။
ထိုအချိန်တွင် ဘော့စ်ဖေးအပေါ်ထားသော ဝမ်ရှောင်းပင်၏ ယုံကြည်မှုက အထွတ်အထိပ်သို့ ရောက်နေချိန်ဖြစ်သည်။ သူချက်ချင်းပဲ ခေါင်းငြိမ့်လျက်ပြောလိုက်ပါသည်။ "ဟုတ်တာပေါ့ ဘော့စ်ဖေးက ဆုံးဖြတ်ချက်ချပြီးပြီဆိုမှတော့ ငါတို့ဘာတွေ တွန့်ဆုတ်နေစရာလိုသေးလို့လဲ။ ဒီအတိုင်းပဲ ဆက်လုပ်ကြရအောင်"
"မင်းအစီအစဥ်အတိုင်း လုပ်တာက နောက်ထပ် အားသာချက်တစ်ခုလည်းရှိသေးတယ်။ ဂိမ်းလေ့လာဖန်တီးမှုကာလကို အတော်လေး ချုံ့ပစ်လိုက်လို့ရတယ်"
"ငါတို့ Bloody Battle Song : အရမ်းကြမ်းတဲ့ Version ကို ထုတ်လုပ်ကြမယ်။ ဝိုး... ဒီနာမည်ကြီးက တော်တော် ခွကျတာပဲ။ ဘာပဲဖြစ်ဖြစ် အရင်ဗားရှင်းအဟောင်းရဲ့ အဆင့်မြင့် အစားထိုးမှုလို့ သဘောထားလိုက်လို့ရပါတယ်။ ငါတို့ ဒီဂိမ်းရဲ့ လုပ်ဆောင်ချက်တွေနဲ့ ဂိမ်းကစားနည်းကို များများစားစား ပြောင်းလဲဖို့ မလိုဘူး။ အလွန်ဆုံး ငါတို့ လုပ်ဆောင်ချက် ပေါင်းစုံကို အဆင့်မြှင့်တင်ရင်း အချိန််ဖြုန်းလို့ရတယ်။"
"အဲ့တာဆို ငါတို့ အချိန်နဲ့ အားအင်တွေကို ပိုကောင်းတဲ့ ပန်းချီအရင်းအမြစ်တွေ ထုတ်လုပ်နိုင်ဖို့ ပိုအသုံးချနိုင်သွားမယ်။"
"အခုလက်ရှိ Bloody Battle Song က ပြောင်းလဲသွားပြီးဖြစ်ပြီး လိုနေသေးတာဆိုလို့ လှလှပပ ထုပ်ပိုးမှုတစ်ခုပဲရှိတယ်လို့ မင်းအမြဲတမ်းပြောလေ့ရှိတယ် မဟုတ်ဘူးလား။ အဲ့တာအမှန်ပဲ ငါတို့ ဒီအခွင့်အရေးကို အသုံးချပြီးတော့ ထုပ်ပိုးမှုပုံစံကို ပြောင်းလဲပစ်ရမယ်။"
"ဘော့စ်ဖေးလည်း အဲ့လိုလုပ်ဖို့ ရည်ရွယ်တယ်လို့ ငါတော့ထင်တယ်"
ယဲ့ကျစ်ကျိုးက ခေါင်းငြိမ့်လိုက်ပါသည်။ "ဟုတ်တယ် အမှန်ပဲ။ ကျွန်တော် ဒီဇိုင်းမူကြမ်းကို အချောသပ်ပြီး ကျွန်တော်တို့လိုအပ်မယ့် ပန်းချီအရင်းအမြစ်စာရင်းတစ်ခု ပြုစုထားလိုက်မယ်။"
ဒီဇိုင်းမူကြမ်းကို အချောသပ်ပြီးနောက် ယဲ့ကျစ်ကျိုး ပထမဆုံးလုပ်သည့်အရာက ပန်းချီအရင်းအမြစ်စာရင်းကို ပြင်ဆင်ခြင်းဖြစ်ပါသည်။
အခုချိန်ထိ ရှန်းယန်ဂိမ်းက ဆက်တိုက်အရှုံးပေါ်နေခဲ့သည်။ ပိုက်ဆံအားလုံးကိုလည်း ထန်းတာ့အား ပေးလိုက်ရသည်။ ထို့အပြင် နေ့စဥ် အော်ပရေးရှင်းများ၊ နေရာငှားခများ၊ လစာများ၊ ကုန်ကျစရိတ်များ စသည်တို့ကိုတောင် မထိန်းသိမ်းနိုင်တော့ပါ။ ရွေးချယ်စရာမရှိဘဲ ထန်းတာ့ဂိမ်းကို ပိုက်ဆံတောင်းရပါသည်။
ဒီတစ်ခေါက် ဂိမ်းအသစ်ကို ထုတ်လုပ်ဖို့အတွက် သူတို့ပိုက်ဆံအများကြီးလိုအပ်ပါသည်။ သူတို့ရွေးချယ်စရာမရှိဘဲ ဘော့စ်ဖေးထံမှ ငွေတောင်းသည့်အစီအရင်ခံစာကို ရေးခဲ့ရပါသည်။
"ကျွန်တော်နည်းနည်းစိတ်ပူနေတယ်။ ကျွန်တော်က ယွမ် ၂ သန်းလိုချင်တာ။ ဒါပေမယ့် ဘော့စ်ဖေး သဘောတူပါ့မလားမသိဘူး" ယဲ့ကျစ်ကျိုးက အလွန်အမင်း စိတ်ပူပန်သွားပါသည်။
ဝမ်ရှောင်းပင်လည်း ခေတ္တတွန့်ဆုတ်သွားသည်။ ထို့နောက် သူပြောလိုက်၏။ "ကြိုးစားကြည့်လိုက်ပါ။ ဘော့စ်ဖေးက သေခချာပေါက် ဂိမ်းရဲ့အရည်အသွေးလှပဖို့အတွက် ငွေပေးချင်မှာပါ။ သူတကယ်လို့ ငြင်းလိုက်ရင်လည်း ငါတို့ ဘက်ဂျက်လျှော့ဖို့ တခြား နည်းလမ်းတွေ စဥ််းစားလို့ရတာပဲ"။