တစ်လက်စတည်း လူမှုအဖွဲ့အစည်းကို အကျိုးပြုမယ်
Vol. 14 Ch. 196
ကျန်းယွမ်နဲ့ မာယန်တို့ အချင်းချင်း ပြန်ကြည့်လိုက်ကြသည်။
မာယန်၏ နှုတ်ခမ်းထောင့်များ တွန့်သွား၏။ "ညီအစ်ကိုချမ့် ကျန်တာ မပြောနဲ့ဦး။ နာမည်တစ်ခုတည်းနဲ့တင် မကောင်းတဲ့အဓိပ္ပာယ်ကို ဆောင်နေပြီ... အဲ့တာက ငါတို့ပို့ဆောင်ရေးတွေကို ဖြည်းဖြည်းနှေးနှေး ကိုင်တွယ်တယ်ဆိုတဲ့ သဘောမသက်ရောက်ဘူးလား။"
ဖေးချမ့်က ခေါင်းခါလိုက်သည်။ "မာကြီး မင်းကတော့ ဗဟုသုတ ခေါင်းပါးနေပြန်ပါပြီကွာ။ လေဆန်အတိုင်းသွားတယ်ဆိုတာ ပျံသန်းခြင်းရဲ့ စံနမူနာပဲ နားလည်လား။ ငါတို့ နာမည်က ငါတို့ ပျံသန်းဖို့ အသင့်ဖြစ်ပြီလို့ ဆိုလိုချင်တာ"
ကျန်းယွမ်က ဘာမှမပြောဘဲ မျက်တောင်သာ ခပ်မြန်မြန်ခတ်လိုက်ပါသည်။
ဘော့စ်ဖေးရဲ့ တွေးပုံခေါ်ပုံကို သူ လုံးဝ နားမလည်ပါ။
အစောပိုင်းကတော့ ဘော့စ်ဖေးရဲ့နောက်ထပ် ပစ်မှတ်ကို ကျန်းယွမ် ခန့်မှန်းကြည့်ဖို့ ကြိုးစားခဲ့သည်။ တခြား ဆိုင်ခွဲတွေကို အဆင့်မြှင့်တင်မှာလား။ ယွီသရေစာလုပ်ငန်းကို တိုးချဲ့မှာလား။
နောက်ဆုံးမှာတော့ တစ်ခုမှ မဟုတ်ခဲ့ပါ။ လုပ်ငန်းနယ်ပယ်ကို ဘော့စ်ဖေးက ပိုတိုးချဲ့ဖို့ စီစဥ်နေပါသည်။
သူတို့နှစ်ယောက်စလုံး ဖေးချမ့်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်ကြပါသည်။
ဖေးချမ့်က လည်ချောင်းရှင်းကာ ပြောလိုက်သည်။ "ငါသိပါတယ်။ဒီအစီအစဥ်က အရမ်းကြီး ကြီးမားတယ်လို့ ထင်ရတယ်။ ငါတို့မှာရှိတဲ့ ရန်ပုံငွေပမာဏနဲ့ဆိုရင် ငါတို့လက်လှမ်းမမှီတဲ့ နေရာတစ်ခုမှာတောင် ရှိလောက်တယ်။"
"ဒါပေမယ့် ငါက နိုင်ငံတော်တစ်ခုလုံးကို လွှမ်းမိုးနိုင်လောက်အောင် ကျယ်ပြန့်တဲ့ ထောက်ပို့ရေး ကုမ္ပဏီအကြီးစားကို အလောတကြီး တည်ထောင်မှာ မဟုတ်ဘူးလေ။ ငါတို့ တစ်မြို့နဲ့ တစ်မြို့ ဒလီဗာရီတွေ ပို့ဖို့တောင် စီစဥ်မထားဘူး။"
"ငါတို့ ကျင်းကျိုးမြို့တစ်ခုတည်းကိုပဲ အာရုံစိုက်ကြမယ်။ ငါတို့ 'Last Kilometer' ရဲ့ပြဿနာကို အာရုံစိုက်ကြမယ်။"
အခုချိန်တွင် ကမ္ဘာကြီးပေါ်၌ အွန်လိုင်းစီးပွားရေး ပလက်ဖောင်းများစွာ ရှိနေပါပြီ။ တစ်ခုတည်းသော ပြဿနာက ၎င်းတို့သိပ်ပြီး ရေပန်းမစားသေးချင်သာဖြစ်ပြီး နောက်ပိုင်းကျမှ လူသုံးများလာမည်ဖြစ်သည်။
ထောက်ပံ့ပို့ဆောင်ရေးနဲ့ အမြန်ချောပို့ ဝန်ဆောင်မှုများအား နိုင်ငံတစ်ခုလုံးတွင် စတင် သုံးစွဲနိုင်နေပြီဖြစ်သည်။ ထို့အပြင် တော်တော်လေးလည်း ဖွံ့ဖြိုးတိုးတက်နေကြပါသည်။
သို့သော်လည်း အမြန်ချောပို့ဝန်ဆောင်မှု အများစုက ခေတ်နောက်ကျနေဆဲဖြစ်သည်။ ပါဆယ်တွေကို အချိန်မှီမပို့ဆောင်ခြင်း၊ မကြာခဏ ပျောက်ဆုံးခြင်းတို့ဖြစ်တတ်ကြသည်။ ထို့အပြင် ကတ်စတမ်မာများ ကိုယ်တိုင် လာရောက်သယ်ဆောင်ရသော နေရာများတွင်သာ ချထားခဲ့လေ့ ရှိသည်။ ဒါတွေက ဖြစ်ပျက်နေကျ အဖြစ်အပျက်များသာ ဖြစ်သည်။
တစ်နည်းအားဖြင့် ကတ်စတမ်မာ၏ အိမ်တံခါးရှေ့ထိ ပါဆယ်များကို ပို့ဆောင်ပေးသော ဒလီဗာရီကုမ္ပဏီက အနည်းငယ်သာ ရှိပါသည်။
ရှင်းရှင်းပြောရလျှင် ဒါက 'Last Kilometer' ၏ ပြဿနာ ဖြစ်၏။
၁၀ နှစ်လောက်ကြာရင်တောင် ဒီပြဿနာကို ကောင်းကောင်း ဖြေရှင်းနိုင်ဦးမည်မဟုတ်ပေ။ SF Express, JD.COM တို့ကဲ့သို့ သဘောကောင်းသည့် ကုမ္ပဏီတချို့ကလွဲပြီး ဒလီဗာရီကုမ္ပဏီအများစုက လုပ်နေကျအတိုင်းပဲ လာရောက်ယူဆောင်ရမည့်နေရာမှာသာ ပါဆယ်များကို ချထားခဲ့ကြသည်။
Hive Box, Cai Niao Courier စသည်တို့ကလည်း 'Last Kilometer' ၏ ပြဿနာာကို ဖြေရှင်းနိုင်ဖို့ စတင်ခဲ့ကြခြင်းဖြစ်သည်။ သို့သော်လည်း လက်တွေ့မှာတော့ ၎င်းတို့လည်း အတော်လေး ဆိုးရွားနေကြပါသည်။
ပြဿနာ၏ အရင်းအမြစ်က ငွေအရင်းအနှီးဖြစ်ပါသည်။
ပါဆယ်တိုင်းကို မြို့တွင်း သိုလှောင်ရုံတစ်ခုမှ အိမ်တံခါးရှေ့ထိ ပို့ဆောင်ဖို့က အားအများကြီး စိုက်ထုတ်ရသည်။ ထို့ကြောင့်လည်း ကုမ္ပဏီအများစုက ဒီကုန်ကျစရိတ်ကို သူတို့၏ ကတ်စတမ်မာများကိုသာ ရှင်းခိုင်းလေ့ရှိကြပါသည်။
ဖေးချမ့်၏ တွေးခေါ်ပုံကတော့ ရိုးရှင်း၏။ လူတိုင်း ဒီလို ညစ်ပတ်သည့်အလုပ်ကိုမလုပ်ချင်ရသည့် အကြောင်းအရင်းမှာ အမြတ်မရလို့ပဲ မဟုတ်လား။
ငါကတော့ ကိစ္စမရှိဘူး။
ဘယ်လိုပဲဖြစ်ဖြစ် သူက အရှုံးပေါ်ချင်သည့်လူဖြစ်သည်။ ဒီလိုညစ်ပတ်သည့်အလုပ်များကို လက်ခံခြင်းအားဖြင့် သူအရှုံးပေါ်နိုင်ဖို့ ပိုသေချာသွားမည်။ ထို့အပြင် သူ့ကတ်စတမ်မာများကိုလည်း အဆင်ပြေ ချောမွေ့စေလိမ့်မည်။ သူများတွေကို ကူညီနိုင်မည့်အခွင့်အလမ်းအား သူ ဘာကြောင့် ငြင်းဆန်ရမှာလဲ။
"ငါဆုံးဖြတ်ပြီးသွားပြီ။ ငါတို့ ကျင်းကျိုးမြို့မှာ လေဆန်ပို့ဆောင်ရေးရုံး ၁၀၀ လောက်ဖွင့်ပြီး စကြမယ်။ ငါတို့ ကျင်းကျိုးမြို့က ဒေသတော်တော်များများကို ကာမိအောင် လုပ်ရမယ်။"
"ပြီးရင် ငါတို့ အမြန်ချောပို့ကုမ္ပဏီပေါင်းစုံနဲ့ အတူတူတွဲလုပ်ဖို့ စကားပြောကြည့်ကြမယ်။ သူတို့ဒလီဗာရီသမားတွေကို ငါတို့ရုံးတွေမှာ ပါဆယ်တွေ ချခဲ့ခိုင်းလို့ရတယ်။ ငါတို့ဒလီဗာရီသမားတွေက အဲ့ဒီပါဆယ်တွေကို ကတ်စတမ်မာတွေရဲ့ အိမ်ရှေ့ထိ အရောက် ပြန်ပို့ပေးမယ်။"
ရှင်းရှင်းပြောရလျှင် သူတို့က ပါဆယ်ထုပ်များကို အိမ်ရှေ့ထိ ပို့ဆောင်ပေးသည့် Cai Niao ပို့ဆောင်ရေးရုံးများကဲ့သို့ ဖြစ်သည်။
သို့သော်လည်း ပြဿနာက တချို့ Cai Niao ပို့ဆောင်ရေးရုံးများက အမြတ်ရနေဆဲ ဖြစ်သည်။
Cai Niao ပို့ဆောင်ရေးရုံးများအတွက် အစပိုင်းလိုအပ်သည့် ရင်းနှီးမြှုပ်နှံငွေမှာ ၂၀,၀၀၀ - ၃၀,၀၀၀ လောက်သာ ရှိသည်။ သူတို့လုပ်ဖို့လိုတာဆိုလို့ ဒေသတစ်ခုခုတွင် နေရာတစ်ခုကို ငှားရမ်းဖို့ဖြစ်၏။ လတိုင်း ကျင်းကျိုးမြို့၏ အိမ်ငှားစျေးကွက်အရ ငှားခက ၁,၀၀၀ - ၂,၀၀၀လောက် ကုန်လိမ့်မည်။ သူတို့ စင်များ၊ ဧည့်ကြိုစားပွဲ၊ ကွန်ပျူတာ၊ ဗီရို စသည့်အပြင်အဆင်များအတွက် နောက်ထပ် ၁၀,၀၀၀ လောက် ထပ်ကုန်လိမ့်မည်။ ထို့နောက်သူတို့ လုပ်ငန်းစဖို့ စတင်ဖွင့်လှစ်လို့ရပါပြီ။
သူတို့ ဒလီဗာရီသမားများနဲ့ သင့်တော်သည့် စျေးနှုန်းကို ညှိနှိုင်းရမည်။ သို့သော်လည်း ဒလီဗာရီတစ်ခုကို ၂၀ - ၄၀ ပြားလောက် ရနိုင်သည်။ တစ်ရက်ကို ဒလီဗာရီ ၂၀၀ - ၃၀၀ လောက် လက်ခံပါက သူတို့လစဥ်ဝင်ငွေမှာ ၃,၀၀၀ ယွမ်လောက်အထိ ရှိလာနိုင်ပါသည်။
ပုံမှန်ဆို Cai Niao ပိုဆောင်ရေးရုံးများကို လူနှစ်ယောက်စီ စီမံရသည်။ ဝင်ငွေများပိုရဖို့ နောက်ထပ် နည်းလမ်းများက ထုတ်ကုန်များ ရောင်းချခြင်း၊ မားကတ်တင်းနဲ့ ကြော်ငြာရွေးချယ်ခွင့်များ ကမ်းလှမ်းခြင်း၊ အမြန်ချောဖို့ ဒလီဗာရီများ ဆောင်ရွက်ပေးခြင်း စသည်တို့ ဖြစ်သည်။
အနှစ်ချုပ်ပြောရလျှင် Cai Niao ပို့ဆောင်ရေး အမြတ်ငွေရနိုင်ဖို့ နည်းလမ်းများရှိပါသည်။ ထို့ကြောင့်လည်း Cai Niao ပို့ဆောင်ရေးကို စတင်ခဲ့စဥ်က လူများစွာ ပါဝင်ခဲ့ခြင်း ဖြစ်ပါသည်။
သို့သော်လည်း ဖေးချမ့်က လေဆန်ပို့ဆောင်ရေးရုံးများကို အခုမှ စတင်ခြင်းဖြစ်သဖြင့် ပြဿနာ မရှိပါ။ အဘယ့်ကြောင့်ဆိုသော် သူတို့က ကတ်စတမ်မာများ၏ အိမ်တံခါးထိ ပါဆယ်များကို ပို့ဆောင်ပေးဖို့ ဦးဆောင်ကာ လုပ်ရမည်ဖြစ်သောကြောင့်ဖြစ်သည်။
တစ်ဖက်မှာတော့ ဒါက ဒလီဗာရီသမားများ ငှားရမ်းဖို့ တစ်ခုတည်းနဲ့ ကုန်ကျစရိတ်များကို ပိုမိုတိုးမြင့်လာစေမည်။ တစ်ရက်ကို ပါဆယ် ၃၀၀ လောက် ပို့ဆောင်ပါက အနည်းဆုံး အလုပ်ကြိုးစားသည့် ဒလီဗာရီသမား ၁ ယောက် ၂ ယောက်လောက် လိုအပ်ပါသည်။ ဖေးချမ့်က သူတို့ကိုလစာပေးမည်ဖြစ်သည်။
နောက်တစ်ဖက်မှာတော့ ကတ်စတမ်မာများက ၎င်းတို့၏ ပါဆယ်များကို ပို့ဆောင်ရေး ရုံးများတွင် လာယူဖို့လိုမှာ မဟုတ်တော့ပါ။ လာရောက်သူနည်းပါးသောအခါ ထုတ်ကုန်များရောင်းချမှု၊ မားကတ်တင်းကဲ့သို့ အရာများမှ ရမည့် ဝင်ငွေများ နည်းပါးသွားပါလိမ့်မည်။
ဒီလိုပို့ဆောင်ရေးရုံးမျိုးကို ထိန်းသိမ်းဖို့အတွက် အနည်းဆုံး လူ ၃ ယောက်လောက်တော့ လိုအပ်ပါသည်။ ဆိုင်ခွဲမန်နေဂျာတစ်ယောာက်နဲ့ ဒလီဗာရီသမား ၂ ယောက် ဖြစ်သည်။ လူနေများသည့် ဒေသများတွင် ဒလီဗာရီ ၃ ယောက်လိုအပ်မည်။ တစ်ယောက်ချင်းစီတိုင်းကို တစ်လ ၃,၀၀၀ ယွမ် (အခြေခံလစာ + ကော်မရှင်ခ) ပေးလိုက်ပါက အနည်းဆုံးတော့ တစ်လကို ၉,၀၀၀ ယွမ်လောက် ဖေးချမ့်သုံးနိုင်မည်ဖြစ်သည်။
နေရာငှားခအတွက် ၂,၀၀၀ ယွမ်ကိုပါ ထည့်ပေါင်းလိုက်သောအခါ တစ်လကို ၁၁,၀၀၀ ယွမ် သုံးစွဲနေရမည်ဖြစ်သည်။ သူတို့ ဝင်ငွေ ၃,၀၀၀ - ၄,၀၀၀ လောက်သာ ရမည်ဟု တွက်ကြည့်ပါက ၇,၀၀၀ - ၈,၀၀၀ လောက် အရှုံးပေါ်နေပါလိမ့်မည်။
ဖေးချမ့် ပို့ဆောင်ရေးရုံး ၁၀၀ လောက်သာ ဖွင့်လိုက်လျှင် စဦးရင်းနှီးမြှုပ်နှံငွေ ယွမ် ၃ သန်းလောက် သုံးစွဲရမည်။ လစဥ်အရှုံးပေါ်သည့် ပမာဏကလည်း ၇၀၀,၀၀၀ - ၈၀၀,၀၀ ယွမ်လောက်အထိ ရောက်သွားနိုင်ပါသည်။
ထို့အပြင် ဒါကလည်း အစသာရှိသေးသည်။ ဖေးချမ့် သူ့လုပ်ငန်းကို ဆက်လက်တိုးချဲ့လျှင် ဝန်ထမ်းများလည်း ပိုများလာမည်။ ဆိုလိုရင်းက အရှုံးပိုပေါ်လာမည်ဖြစ်သည်။
အကောင်းဆုံးအချက်ကတော့ ဒီလုပ်ငန်းမှာ သူ့အရှုံးပေါ်နိုင်စွမ်းအား အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်စွမ်း ရှိနေတာ ဖြစ်ပါသည်။
ဥပမာအားဖြင့် ဖေးချမ့် ငွေစရာရှင်းမရှင်းခင် တစ်လအလိုတွင် အကြမ်းဖျင်း တွက်ချက်ကာ စနစ်ရန်ပုံငွေ ၁ သန်းလောက် သုံးဖို့ လိုသေးကြောင်း သိရပါက ချက်ချင်းပဲ လေဆန်ပို့ဆောင်ရေးရုံး ၂၀ လောက် ထဖွင့်လိုက်လို့ ရပါသည်။ ဆိုင်ကို ငွေစာရင်းရှင်းချိန်မတိုင်ခင် တစ်ပတ်လောက် ကြိုတင်ဖွင့်နိုင်သရွေ့ ငွေအား သုံးစွဲလိုက်သည်ဟု သတ်မှတ်ခံရမည်။ ငွေစာရင်းရှင်းချိန်ကို နှောင့်နှေးစေမှာမဟုတ်ပါ။
လေဆန်ပို့ဆောင်ရေး ရုံးများက ယွီအင်တာနက်ကဖေးလို မဟုတ်ပေ။ ထိုရုံးများကိုဖွင့်ဖို့ ပိတ်ဖို့က အချိန်အများကြီးမယူရပါ။ ဆိုရိုးစကားတစ်ခုရှိ၏။ "လှေက ပိုသေးလေလေ လှည့်ရတာ ပိုမြန်လေလေ" ဟူ၍ ဖြစ်ပါသည်။ ဖေးချမ့်ငွေသုံးစွဲဖို့အတွက် ပိုမိုလွယ်ကူသွားပါသည်။
ဖေးချမ့် အကုန်လုံးစဥ်းစားပြီးပါပြီ။ အချိန်ကျလာပါက ထန်းတာ့၊ ဖေးဟွမ်လုပ်ငန်း၊ ယွီအင်တာနက်ကဖေးနဲ့ သူ့အိမ် အနီးမှာတောင် လေဆန် ပို့ဆောင်ရေးရုံးများ ဖွင့်မည်။
ထိုအခါ သူဖြစ်ဖြစ် သူ့မိဘတွေဖြစ်ဖြစ် အွန်လိုင်းပေါ်က ဘာပဲ ဝယ်ယူပါစေ သူတို့ကိုယ်တိုင် ပါဆယ်များကို သွားယူဖို့ မလိုအပ်တော့ပေ။ အားလုံးကို အိမ်တိုင်လာရောက် ပို့ဆောင်ပေးမည်ဖြစ်သည်။
ဒီလုပ်ငန်းက လူမှုအဖွဲ့အစည်းကို အကျိုးပြုဖို့ ဖြစ်သဖြင့် သူ့အိမ်ကိုအရင်ဆုံး အကျိုးပြုရင်း စတင်သင့်ပါသည်။
သူ အရှုံးပေါ်နိုင်ရုံသာမကဘဲ ကုသိုလ်လည်း ရပါသည်။ ပြီးပြည့်စုံလိုက်တာ။
ဖေးချမ့်၏ ရှင်းလင်းချက်များကို နားထောင်ပြီးနောက် ကျန်းယွမ် အရှုံးကို လုံးဝ လက်ခံသွားပါသည်။
တကယ်ပါပဲ။ ဘော့စ်ဖေးရဲ့အတွေးကို ခန့်မှန်းဖို့ ဘယ်သူ့အတွက်မဆို အရမ်းခက်ခဲတယ်။
အခြေအနေကို ကြည့်ရသလောက်တော့ ဒါက ရေရှည်အစီအစဥ်ကြီးတစ်ခုဖြစ်နိုင်သည်။ ဖေးချမ့်က ရှင်းရှင်းလင်းလင်း သိပ်မပြောသော်လည်း နောက်ကွယ်က သူ့ရည်ရွယ်ချက်ကတော့ ဒီလမ်းစဥ်အတိုင်း လျှောက်လှမ်းဖို့ဖြစ်သည်ဟု ကျန်းယွမ် အကြမ်းဖျင်း ခန့်မှန်းမိပါသည်။
'Last Kilometer' ပြဿနာကို ဖြေရှင်းနိုင်ပါက လူတွေ၏ လေဆန်ပို့ဆောင်ရေးအပေါ် အားထားမှုကို ဖြည်းဖြည်းချင်း တိုးမြင့်လာစေလိမ့်မည်။
အစောပိုင်းမှာတော့ အရှုံးပေါ်နိုင်တာမှန်သည်။ သို့သော် ရေရှည်ဆိုရင်ကော။ လူတွေ လေဆန်ပို့ဆောင်ရေးကို ၎င်းတို့၏ ဒလီဗာရီဝန်ဆောင်မှုများအတွက် အသုံးချလာပါက သူတို့ လိုအပ်တိုင်း လေဆန်ပို့ဆောင်ရေးကိုသာ ရွေးချယ်ကြလိမ့်မည်။
အနာဂတ်တွင် လေဆန်ပို့ဆောင်ရေးက မြို့ကြီးများအကြား၊ တိုင်းဒေသကြီးများအကြား ဒလီဗာရီများကို ပို့ဆောင်လာနိုင်လိမ့်မည်။
သို့သော်လည်း အစီအစဥ်က အလွန်ရေရှည်ဆန်လွန်းနေသည်။ အလွန်ရေရှည်ဆန်လွန်းသဖြင့် လူအများစုက သိပ်ပြီးမျှော်လင့်မထားကြမှာ သိသာပါသည်။
ဧကန္တ နှစ်ပေါင်းများစွာအကြာရောက်တာတောင် လေဆန်ပို့ဆောင်ရေးက ဆက်လက်အရှုံးပေါ်နေဆဲ ဖြစ်နိုင်သည်။ သို့သော်လည်း အောင်မြင်သွားတာနဲ့ လူသားများ၏ ဘဝ ကဏ္ဍများစွာကို လွှမ်းမိုးနိုင်စွမ်း ရှိပါလိမ့်မည်။
ကျန်းယွမ် ဖေးချမ့်ကို လေးစားသွားမိသည်။
တွေ့လား။ အစီအစဥ်ချတယ်ဆိုတာ ဒါမျိုးကိုမှ ခေါ်တာ။