← Chapters

ခန့်မှန်းဘက်ဂျက်ကို တိုးမြှင့်လိုက်

Vol. 14 Ch. 198

ခန့်မှန်းဘက်ဂျက်ကို တိုးမြှင့်လိုက်

Vol. 14 Ch. 198

လင်းဝမ် နားမလည်နိုင်တာ သာမန်ပဲဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူမ ဆန်းစထရိုက်ခ် စတူဒီယိုမှာ အလုပ်လုပ်ခဲ့စဥ်တုန်းက Bullet Hole ဖန်တီးမှုတွင် ပါဝင်ခဲ့သည်။ ထို့နောက် ထန်းတာ့ဂိမ်းဘက်ကို ကူးပြောင်းသွားတော့ သမုဒ္ဒရာရဲတိုက်နဲ့ Game Designer တို့ကို ဖန််တီးဖို့ ကူညီပေးခဲ့သည်။ ထိုဂိမ်းတွေအကုန်လုံးက Client-side (ကစားသမားများ၏ ကိုယ်ပိုင်ကွန်ပျူတာတွင် ပြောင်းလဲမှုများက ဖြစ်ပေါ်သည်) ဂိမ်းများ ဖြစ်ကြသည်။

Bloody Battle Song က Web-based ဂိမ်းတစ်ခု ဖြစ်သည်။ သူမ အရင်တုန်းက ကိုင်တွယ်ဖူးသည့် ဂိမ်းများနဲ့ ယှဥ်ကြည့်လျှင် အမျိုးအစားက လုံးဝ ခြားနားနေသည်ဟု ဆိုနိုင်ပါသည်။

Web-based ဂိမ်းများက ထူးခြားသည့် ဒီဇိုင်း Concept များနဲ့ သဘောတရားများစွာကို အသုံးပြုသည်။ ဒီလိုဂိမ်းအမျိုးအစားများအတွက် ရင့်ကျက်သည့်စနစ်ပေါ်ရှိ ဂိမ်းကစားနည်းမျိုးကို Client-side ဂိမ်းများတွင် တွေ့ရခဲပါသည်။

လင်းဝမ်တစ်ယောက် Web-based ဂိမ်းများကို တစ်ခါမှ လေ့လာ မဖန်တီးဖူးသည့်အပြင် Web-based ဂိမ်းများကို တစ်ခါမှလည်း မကစားဖူးပါ။ သူမ စိတ်တောင်မဝင်စားပေ။

သို့သော် ယဲ့ကျစ်ကျိုးမှ ဦးဆောင်ထားသည့် အစည်းအဝေးထဲတွင် သူတို့Web-based ဂိမ်းများကို ဖန်တီးရာတွင် သုံးနေကျအသုံးအနှုန်းများနှင့် ရှုပ်ထွေးသည့် အင်္ဂလိပ်စကားများကိုလည်း ထည့်သွင်းပြောသွားကြသေးသည်။

ဂိမ်းကစားနည်းကို ဖော်ပြသည့်အခါမှာလည်း ဗန်းစကားများစွာနဲ့ အတွင်းကျကျ လုပ်ငန်းစဥ်များနဲ့ ရင်းနှီးသူများသာ နားလည်နိုင်မည့် အတိုကောက်စကားလုံးများကို ထည့်ပြောသွားသည်။

ထို့ကြောင့် အားလုံးက မန်ဒရင်းဘာသာဖြင့် ပြောနေကြသော်လည်း ဆွေးနွေးမှု၏ ၃၀ - ၄၀ ရာခိုင်နှုန်းလောက်ကိုပဲ နားလည်နိုင်သည်ဟု လင်းဝမ် ခံစားမိပါသည်။ ရှင်းရှင်းပြောရလျှင် သူမ စကားလုံးတိုင်းကို သိပါသည်။ သို့သော် စာကြောင်းများအဖြစ် ပေါင်းစပ်လိုက်သောအခါ သူတို့ ဘာပြောနေသလဲ နားမလည်တော့ပါ။

လင်းဝမ် ရွေးချယ်စရာ မရှိဘဲ တိုးတိုးတိတ်တိတ် မှတ်စုများသာ ချရေးနေလိုက်တော့သည်။ ခေါင်းလည်းမငြိမ့် မေးခွန်းလည်း တစ်ခုမှ ထမမေးပါ။

သူမ ခေါင်းမငြိမ့်ရခြင်းက ဘာတွေဖြစ်နေသလဲဆိုတာ နားမလည်ဘဲ နားလည်ချင်ယောင် မဆောင်ချင်သောကြောင့် ဖြစ်ပါသည်။ သူမ မေးခွန်းများ မမေးရခြင်းက သူမ၏ အသုံးမကျမှုကို ထုတ်ပြမိပြီး ထန်းတာ့နဲ့ ဘော့စ်ဖေးတို့အား အရှက်ရအောင်လုပ်မိမှာ စိုးရိမ်သောကြောင့်ဖြစ်ပါသည်။

တစ်ဖက်မှာတော့ ယဲ့ကျစ်ကျိုးနဲ့ ဝမ်ရှောင်းပင်တို့က လင်းဝမ်ကို မကြာခဏခိုးခိုးကြည့်နေကြသည်။

သူတို့မြင်နိုင်တာဆိုလို့ လင်းဝမ်၏ သုန်သုန်မှုန်မှုန်မျက်နှာနဲ့ သူမ စာအုပ်ထဲမှာ မရပ်မနား ချရေးနေတာကိုပဲ ဖြစ်သည်။ သူမ၏ မျက်နှာကို အကဲခတ်ဖို့ ခက်ခဲလှသည်။ သူမ ဘာတွေ စဥ်းစားနေသလဲ လုံးဝ မသိကြပါ။

သူမက ငယ်ရွယ်သည့်ပုံပေါ်သော်လည်း ဘယ်သူမှ အထင်မသေးကြပေ။ ဘာပဲဖြစ်ဖြစ် ဘော့စ်ဖေး ခန့်အပ်ထားသည့် လူတိုင်းက ဘယ်သူမှ တစ်ပုံစံတည်းမရှိကြပါ။

ဘော့စ်ဖေးက သူမကို အထင်ကြီးထားပါက ပါရီမီအစစ်အမှန်ရှိသည့်လူ သို့မဟုတ် ကြီးမြတ်ပြီး ပုန်းကွယ်နေသည့် အလားအလာရှိသည့်လူမျိုးသာ ဖြစ်ရမည်ဟု ခန့်မှန်းမိကြပါသည်။ ဘာပဲဖြစ်ဖြစ် သူတို့ သူမကို စော်ကားလို့ မရပါ။

မကြာခဏဆိုသလို ယဲ့ကျစ်ကျိုးက ပြောနေရင်း တန်းလန်းရပ်ပြီး လင်းဝမ်၏ အထင်အမြင်ကို ဖော်ပြနိုင်ဖို့အချိန်ပေးသည်။

ဘော့စ်ဖေးကတော့ ဒီဇိုင်းမူကြမ်းကို ဘာမှ မပြောင်းလဲထားပေ။ သို့သော် ဖန်တီးမှုဒါရိုက်တာကြီးမှာ အဖိုးတန်အကြံပေးချက်များ ရှိနေမလားဆိုတာ ဘယ်သူမှ မသိနိုင်ပါ။

သို့သော်လည်း လင်းဝမ်က အစည်းအဝေးကို ရိုက်ကူးရေး လုပ်နေသည့်အလား စကားတစ်ခွန်းမှ မပြောပါ။

ယဲ့ကျစ်ကျိုးက ကိုယ့်ကိုယ်ကို စတင်သံသယဝင်လာပါပြီ။

ဘော့စ်ဖေးနဲ့ ဒီဒါရိုက်တာတို့ ဘာလို့ဘာအကြံမှ မပေးကြတာလဲ။

ငါ့ဒီဇိုင်းမူကြမ်းက တကယ်ပဲ ပြီးပြည့်စုံလွန်းနေတာလား။

မဖြစ်နိုင်ပါဘူး ဟုတ်တယ်မလား။

ငါ့ကိုယ်ငါ အထင်သေးမိခဲ့တာလား။

နောက်ဆုံးတော့ သူတို့ ဒီဇိုင်းမူကြမ်းအကြောင်း ဆွေးနွေးပြီးသွားခဲ့ပါပြီ။ ယဲ့ကျစ်ကျိုးက ပရောဂျက်အတွက် သတ်မှတ်ချိန်များနဲ့ ဂိမ်းအတွက်လိုအပ်သည့် ပန်းချီအရင်းအမြစ်များကို အသေးစိတ်ရှင်းပြပေးလိုက်ပါသည်။ သူတို့လိုအပ်သည့် ပန်းချီအရင်းအမြစ်ပေါင်းစုံအတွက် ဘက်ဂျက် ၂ သန်းခန့်လိုကြောင်းလည်း တင်ပြလိုက်သည်။

ထို့နောက် ယဲ့ကျစ်ကျိုးက လင်းဝမ်ကိုကြည့်လိုက်ပါသည်။

ဒါရိုက်တာက အကြံပြုချက် ၁ ခု ၂ ခုလော်ကတော့ ပေးသင့်တယ်မဟုတ်လား။

မဟုတ်ရင် နင်ဒီမှာ ဘာထိုင်လုပ်နေတာလဲ။

လင်းဝမ်က အားလုံး၏ အကြည့်များ သူမဆီရောက်လာတာကို ခံစားမိပြီး ရင်ထဲ စတင် ကယောင်ချောက်ချားဖြစ်လာခဲ့ပါသည်။

ငါဘာလုပ်ရမလဲ။ သူတို့ဆွေးနွေးပွဲကိုတစ်နေကုန် နားထောင်ပြီးတာတောင် တစ်လုံးမှ နားမလည်လိုက်ဘူး။

ငါနည်းနည်းလေး နားလည်လိုက်ရင်တောင် ဘာမှ ဆွေးနွေးစရာလည်း မရှိဘူး။ ငါနားလည်လိုက်တာတွေ အကုန်လုံးက အခြေခံတွေကြီးပဲ။ အဲ့တာတွေကိုသာ ထုတ်ပြောလိုက်ရင် ငါ့ကိုယ်ငါ အရူးနဲ့ တူမသွားစေဘူးလား။

ကောင်းတာတစ်ခုက လင်းဝမ် သူမ၏ ဂယောင်ချောက်ချားဖြစ်မှုကို ထုတ်မပြပါ။ ထို့အစား ဘော့စ်ဖေး သေချာပေါက် သဘောမကျနိုင်သည့် အချက်တစ်ချက်ကိုတော့ အောင်အောင်မြင်မြင်နဲ့ ထုတ်ပြောလိုက်နိုင်ပါသည်။

"ကျွန်မ တခြားကိစ္စတွေအတွက်တော့ ပြဿနာကြီးကြီးမားမားမရှိပါဘူး။ တစ်ခုတည်းသော ပြဿနာက ခန့်မှန်းဘက်ဂျက်ပဲ။ ဘော့စ်ဖေးအကြောင်း ကျွန်မနားလည် ထားသလောက်ဆိုရင် သူ ခွင့်ပြုမှာ မဟုတ်ဘူး။"

ယဲ့ကျစ်ကျိုး စတင်စိတ်လှုပ်ရှားလာသည်။ အမှန်ပင်။ ခန့်မှန်းဘက်ဂျက်အတွက် သူတို့ သဘောတူညီချက်ရမှာ မဟုတ်ပါ။

Web-Based ဂိမ်းတစ်ခုအတွက် ယွမ် ၂ သန်း သတ်မှတ်ခြင်းက အဓိပ္ပာယ်မဲ့လှပါသည်။

Web-based ဂိမ်းများအတွက် လေ့လာဖန််တီးမှုစရိတ်က စုစုပေါင်း ဘက်ဂျက်၏ အစိတ်အပိုင်းလေးတစ်ခုသာ ကုန်ကျလိမ့်မည်။ ဘက်ဂျက်အများစုက မားကတ်တင်းများအတွက် အသုံးချရမည်ဖြစ်သည်။ ဥပမာ ဝက်ဘ်ဆိုက်စာမျက်နှာများတွင် Pay-per-click ကြော်ငြာများ ဝယ်ယူခြင်း၊ နာမည်ကျော်များ ငှားရမ်းခြင်း စသည်တို့ ဖြစ်သည်။

ဒါကလည်း Web-based ဂိမ်းများ၏ ပစ်မှတ်ထား ပရိသတ်အပေါ် မူတည်ပြီး ဆုံးဖြတ်ရမည်ဖြစ်သည်။

Web-based ဂိမ်းများက အများအားဖြင့် ရုံးဝန်ထမ်းများနဲ့ သူဌေးဂိမ်မာများကိုသာ ပစ်မှတ်ထားလေ့ ရှိသည်။ ထိုလူတွေက ဂိမ်းရုပ်ထွက်အပေါ် အများကြီး မျှော်လင့်ထားခြင်း မရှိပါ။ အများစုက ဂိမ်းကို အလုပ်မှာ ခိုးကစားတတ်ကြသည်။ ဦးနှောက်စားရသည့် ရှုပ်ထွေးသော လုပ်ငန်းစဥ်များကိုလည်း သူတို့လုပ်ချင်ကြမှာမဟုတ်ပါ။

ထို့အစား ဒီလူတွေက ငွေဖြည့်သွင်းပြီး သူမျမားတွေကို မောက်စ်ဖြင့် သတ်ရတာကိုသာ စိတ်ဝင်စားကြပါလိမ့်မည်။

ထို့အပြင် ဒီလူတွေမှာ ဝယ်ယူနိုင်အား ပိုမြင့်သည်။ ထို့ကြောင့် လေ့လာဖန်တီးမှုအပိုင်းတွေ ငွေကို လျှော့သုံးလျက် ကြော်ငြာအပိုင်းတွင် ပိုသုံးဖို့က ပိုအမြင်ကျယ်ရာကျပါသည်။ ဒီလိုဆို ဂိမ်းထံမှရရှိမည့် အမြတ်အား အမြင့်ဆုံးဖြစ်စေပါလိမ့်မည်။

သို့သော်လည်း ယဲ့ကျစ်ကျိုး ဘက်ဂျက်ကို တွက်ချက်ခဲ့စဥ်က ရှေးရိုးစွဲနည်းလမ်းကြီး အတိုင်းပဲ မလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါသည်။

ဘော့စ်ဖေးကို ဆုံးဖြတ်ချက်ချခိုင်းဖို့က မလွယ်ကူလှပါ။ ဒီဂိမ်းနာမည်က 'အရမ်းကြမ်းသည့် Version' ဖြစ်လိမ့်မည်။ ရုပ်ထွက်ကို တခြား web-based ဂိမ်းများလောက် ဆိုးရွားစေလို့ မဖြစ်ပါ။

ပန်းချီအရင်းအမြစ်များကလည်း သေချာပေါက် HD ဖြစ်ရမည်။ ဂိမ်းကစားနည်း မျိုးစုံကိုလည်း ပြီးပြည့်စုံသည့်အထိ အဆင့်မြှင့်တင်ရမည်။

ဒီအသေးအဖွဲလေးတွေအားလုံးပေါင်း ယွမ် ၂ သန်းလောက် ကုန်ကျလိမ့်မည်။ ယဲ့ကျစ်ကျိုးက ဝမ်ရှောင်းပင်နဲ့တောင် ကြိုတင် တိုင်ပင်ခဲ့ပါသေးသည်။ ခန့်မှန်းဘက်ဂျက်ကို သူ အလွန်ကျေနပ်မှု ရှိပါသည်။

ဒါတောင် လင်းဝမ်က အရမ်းများတယ်လို့ ပြောတော့မှာလား။

ယဲ့ကျစ်ကျိုးက လင်းဝမ်ကို စိုးရိမ်ပူပန်စွာ ကြည့်လိုက်ပါသည်။ သူ့ရင်ထဲမှာတော့ သူတို့ အများဆုံး ခန့်မှန်းဘက်ဂျက် ၃၀၀,၀၀၀ - ၄၀၀,၀၀၀ လောက် လျှော့ပေးနိုင်သည်ဟု ဆုံးဖြတ်ထားသည်။ ဒီ့ထက်တော့ ပိုမလျှော့နိုင်တော့ပေ။

လင်းဝမ်က ထပ်ပြောလိုက်ပါသည်။ "ကျွန်မထင်တာတော့... ရှင်တို့ အနည်းဆုံး ခန့်မှန်းဘက်ဂျက် ယွမ် ၄ သန်းလောက် သတ်မှတ်မှ ဘော့စ်ဖေးက ဒီပရောဂျက်ကို ခွင့်ပြုပေးလိမ့်မယ် ထင်တယ်။"

"ထားလိုက်ပါ ယွမ် ၅ သန်းသာ လုပ်လိုက်။ ဒါဆို ဘော့စ်ဖေး စိတ်ပူနေစရာ မလိုတော့ဘူး။ ရှင်တို့လည်း နောက်ကို သေချာပေါက် အစကနေ ပြန်လုပ်စရာ မလိုတော့ဘူးပေါ့။"

သူတို့ဘက်ဂျက်ကို ပြန်လည်စဥ်းစားသည့်အခါတိုင်း ပန်းချီအရင်းအမြစ်စာရင်းနဲ့ အစီအစဥ်ပေါင်းစုံတို့ကို ပြန်လည်ပြုပြင်ကြရသည်။ ဝက်ဘ်ဆိုက်ထဲက ပန်းချီဆရာအသစ်များနဲ့ လုပ်ငန်းစဥ်များကိုလည်း ရှာဖွေရသေးသည်။

ခန့်မှန်းဘက်ဂျက်ကို ၂ သန်းမှ ၃ - ၄ သန်း အထိ တိုးမြှင့်လိုက်ခြင်းက ၂ ဆနည်းပါးရှိပါသည်။ ဆိုလိုရင်းက အစီအစဥ်အားလုံးကို သုညက ပြန်စရမည်ဖြစ်သည်။ ဒီလိုကြီးမားသည့် ပြောင်းလဲမှုများကြောင့် မတူညီသည့် ပန်းချီဆရာများကို ရှာရုံလောက်နဲ့ မရတော့ပါ။

ထို့ကြောင့် အစကတည်းက လင်းဝမ် သူတို့ကို ခန့်မှန်းဘက်ဂျက်အား တိုးမြှင့်ဖို့ အရိပ်အမြွက်ပေးခဲ့ခြင်း ဖြစ်သည်။ ဒီလိုဆို သူတို့ ခန့်မှန်းဘက်ဂျက်အတိုင်း ကြိုးစားလုပ်ဆောင်ကြပြီးမှ ဘော့စ်ဖေးခေါ်တာခံရပြီး အစကပြန်လုပ်ခိုင်းတာမျိုး ဖြစ်မှာ မဟုတ်တော့ပါ။ အားလုံး ကြောင်စီစီဖြစ်သွားကြသည်။

ယဲ့ကျစ်ကျိုးက နားကြားမှားသွားသလားဟုတောင် ထင်သွားပါသည်။

ယွမ် ၂ သန်းက နည်းလွန်းတယ်ဟုတ်လား။ ၅ သန်းအထိ တိုးမြှင့်ရမယ် ဟုတ်လာား။

မူလ ခန့်မှန်းဘက်ဂျက်ထက် ၂ ဆကျော်တောင် ပိုရမှာလား။

သို့သော်လည်း လင်းဝမ်၏ တည်တံ့နေသော မျက်နှာထားကို မြင်သောအခါ သူမနောက်နေတာ မဟုတ်မှန်း သိလိုက်ရပါသည်။ ဒါက အတည်ပေါက် သတိပေးခြင်းဖြစ်၏။

ယဲ့ကျစ်ကျိုးနဲ့ ဝမ်ရှောင်းပင်တို့ အချင်းချင်း အဓိပ္ပာယ်ပါသည့် အကြည့်ဖြင့်ကြည့်လိုက်ကြပါသည်။ တွန့်ဆုတ်စွာဖြင့် ယဲ့ကျစ်ကျိုးက မေးလိုက်သည်။ "၅ သန်းဟုတ်လား အဲ့တာ တော်တော်များမယ် ထင်တယ်နော်..."

"တကယ်တော့ ကျွန်တော်တို့ အဲ့လောက် ပိုက်ဆံ အများကြီး မလိုပါဘူး။ ယွမ် ၂ သန်းလောက်ဆို လုံလောက်ပြီ။ တကယ် လုံလောက်တာပါ။"

လင်းဝမ်က ခေါင်းခါလိုက်သည်။ "ရှင်တို့အတွက်တော့ လုံလောက်ချင်လုံလောက်လိမ့်မယ်။ ဒါပေမယ့် ဘော့စ်ဖေးအတွက်တော့ လုံလောက်ဖို့ အများကြီး လိုနေသေးတယ်။ ဘော့စ်ဖေးက ဒီလိုအသေးစိတ်ကိစ္စတွေကို ဘယ်လောက် အရေးစိုက်လဲဆိုတာ ရှင်တို့မသိဘူး။ ကျွန်မပြောတာနားထောင်ပြီး ၅ သန်း လုပ်လိုက်ပါ။"

ယဲ့ကျစ်ကျိုးတစ်ယောက် ခေါင်းငုံ့ကာ ကမ်းလှမ်းချက်များကို ပြန်လည်ပြင်ဆင်နေတာကိုမြင်သောအခါ လင်းဝမ် ပျော်ရွှင်သွားရပါသည်။

ဘော့စ်ဖေးငါ့ကို ဘာလို့ ဒီလို ပို့လိုက်တာလဲဆိုတာ နောက်ဆုံးတော့ နားလည်ခဲ့ပြီ ဒီလိုဂိမ်းမျိုးရဲ့ ဒီဇိုင်းနဲ့ အသိပညာတွေကို သင်ယူဖို့အပြင် ပိုအရေးကြီးတဲ့တာဝန်က သူတို့ကို ထန်းတာ့ရဲ့ စိတ်ဓာတ်ဝိညာဥ်နဲ့ လွှမ်းမိုးဖို့ပဲ။

ယဲ့ကျစ်ကျိုး ခန့်မှန်းဘက်ဂျက်ကို သတိကြီးကြီးထားပြီး တွက်ဆနေတဲ့ပုံစံက အရင်တုန်းက လုမင်လျန်ကိုတောင် သတိရသွားစေတယ်။

ဘော့စ်ဖေးက အရမ်းအလုပ်များတဲ့လူတစ်ယောက်။ ဂရုစိုက်စရာကိစ္စတွေ အရမ်းများတယ်။ ဒီအကျင့်ဆိုးတွေကို သူကိုယ်တိုင် ဖယ်ရှားဖို့က မဖြစ်နိုင်လောက်ဘူး။ အဲ့တာကြောင့် ငါ့ကို လွှတ်လိုက်တာပေါ့။ တစ်ဖက်မှာ ငါ့စကေးတွေကို လေ့ကျင့်ဖို့အတွက် အခွင့်အရေးပေးလိုက်တာဖြစ်ပြီး နောက်တစ်ဖက်မှာတော့ ဒီလူတွေရဲ့ အကျင့်ဆိုးတွေကို ပြင်ဖို့အတွက် ငါ့ကိုအသုံးချနေတာပဲ။

အဲ့တာကြောင့် သူတို့စိတ်ဓာတ်တွေကို ပြင်ဆင်ပေးဖို့ ငါအာရုံစိုက်ထားရမယ်။ သူတို့ ထန်းတာ့ကို အတုခိုးလာအောင် ကူညီပေးဖို့လိုတယ်။ ဘော့စ်ဖေး ငါ့ကို လိမ်တာ မဟုတ်ဘူးပဲ။ တကယ့်ကို အရေးကြီးတဲ့ အလုပ်တစ်ခုပါလား။

ယဲ့ကျစ်ကျိုးက ခန့်မှန်းဘက်ဂျက်ကို အမြန်ပြုပြင်ကာ မျက်မှောင်ကြုတ်သွားပါသည်။

"ဒါပေမယ့်... ကျွန်တော်တို့ ခန့်မှန်းဘက်ဂျက်ကို ၅ သန်းအထိတင်လိုက်ရင် ပြဿနာအသစ် တစ်ခုနဲ့ ကြုံလာရမယ်ထင်တယ်။"

"ကျွန်တော်တို့က Web-based ဂိမ်းတစ်ခုပဲ ဖန်တီးမှာလေ။ ကျွန်တော်တို့ အရင်းအမြစ်တွေ အကုန်လုံးကို အဆင့်မြင့်မြင့်လုပ်ပြီး Concept ဒီဇိုင်းကို ကိုင်တွယ်ဖို့ ထိပ်တန်း ပန်းချီဆရာတွေကို ငှားမယ်ဆိုရင်တောင် ပိုက်ဆံတွေအကုန်လုံး သုံးမကုန်လောက်ဘူး...."

"ပြီးတော့လည်း ကျွန်တော်တို့က လောလောဆယ် တရားဝင်ဂိမ်းပလက်ဖောင်းရဲ့ 2D ဂိမ်းအင်ဂျင်ကို သုံးနေရတာ။ အဲ့တာကလည်း အဆင့်မြင့်တဲ့ ရုပ်ထွက်တွေကို ခွင့်မပြုဘူး။ သက်ရောက်မှုက ကျွန်တော်တို့ မျှော်လင့်ထားသလောက် သိသာမယ်မထင်ဘူးနော်။"

"ရှင်းရှင်းပြောရရင်... အရည်အသွေးနဲ့ စျေးနှုန်းအချိုးက တော်တော်ဆိုးလိမ့်မယ်။"

လင်းဝမ်က ခေတ္တစဥ်းစားလိုက်ကာ ပြောလိုက်ပါသည်။ "ဒါဆိုလည်း အင်ဂျင်ပြောင်းကြတာပေါ့။ ကျွန်မတို့ 3D အင်ဂျင်ကိုသုံးကြမယ်။”

ယဲ့ကျစ်ကျိုး ဆွံ့အသွားပါသည်။

"ကျွန်တော်တို့ 3D ဂိမ်းအင်ဂျင်ကို သုံးလိုက်ရင်... Web-based ဂိမ်းတစ်ခုအဖြစ် ဆက်ရှိနေနိုင်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ ပန်းချီအရင်းအမြစ်တွေ အများကြီးကို ကူးပြောင်းရမှာ။ လက်ရှိအင်တာနက် မြန်နှုန်းကြောင့်အဲ့တာတွေကို Load လုပ်ဖို့ အရမ်းနှေးလိမ့်မယ်။"

Web-based ဂိမ်းများက ဖွင့်လိုက်တာနဲ့ ကစားနိုင်အောင် ဖန်တီးထားခြင်း ဖြစ်သည်။ ပန်းချီအရင်းအမြစ်အားလုံးကိုလည်း ဝက်ဘ်ဆိုက်ထဲမှာပဲ ဒေါင်းလုတ်ဆွဲရသည်။

၎င်းတို့က အင်တာနက်မြန်နှုန်းကြောင့် အကန့်အသတ် ရှိပါသည်။ ထို့ကြောင့်လည်း သူတို့ ပန်းချီဖိုင်များကို အရမ်းကြီးအောင်လုပ်၍ မဖြစ်ခြင်း ဖြစ်ပါသည်။ မဟုတ်ပါက ကူးပြောင်းခြင်းက အလွန်နှေးကွေးသွားလိမ့်မည်။ ကစားသမားများက နေရာတစ်ခုကို လမ်းလျှောက်ကြည့်နေတာတောင် နောက်ခံပန်းချီကို မတွေ့ရသေးပါက ခွမကျလွန်းဘူးလား။

ထို့ကြောင့်လည်း လင်းဝမ် Bloody Battle Song တွင် နေရာသစ်တစ်ခုဆီ သွားတိုင်း 'Content ဒေါင်းလုတ်ဆွဲနေသည်' ဟူသည့် စကားလုံးများကို အမြဲမြင်နေရခြင်း ဖြစ်ပါသည်။

သူတို့ အများကြီး ဆွေးနွေးပြီးကြသောအခါမှာလည်း ပြဿနာက ဖြေရှင်းနိုင်မည့်ပုံစံလည်း မပေါ်သေးပါ။

သာမန် ယွမ် ၂ သန်းဘက်ဂျက်လောက်နဲ့ ဘော့စ်ဖေးကို စိတ်ကျေနပ်စေမှာ မဟုတ်မှန်း လင်းဝမ် သိပါသည်။ သို့သော်လည်း သူတို့က Web-based ဂိမ်းတစ်ခုဖြစ်ဖို့ လိုအပ်ချက်များကြောင့် အကန့်အသတ် ရှိနေသည်။ သူတို့ ယွမ် ၅ သန်းအထိ ဘက်ဂျက်ကို တိုးလိုက်ရင်တောင် ငွေသုံးစရာနေရာ မရှိပါ။

သူတို့ ဂိမ်းသစ်ကို Web-based ဂိမ်းအဖြစ်မှ Client-side ဂိမ်းအဖြစ်ပြောင်းလဲလိုက်မှရလိမ့်မည်။ ထိုအခါ ကစားသမားများက Content အားလုံးကို ကွန်ပျူတာထဲ ဒေါင်းလုတ်ဆွဲထည့်ထားနိုင်မည် ဖြစသည်။

သို့သော်လည်း ဒီလိုလုပ်လိုက်ခြင်းအားဖြင့်... ဂိမ်း၏ ပုံစံတစ်ခုလုံးကို ပြောင်းလဲသွားစေလိမ့်မည်။ အဲ့တာဆို မှတ်မိနိုင်တာထက်တောင် ပိုပြီး ပြောင်းလဲလိုက်တာမျိုးနဲ့ မတူသွားဘူးလား။

ဝမ်ရှောင်းပင်က လည်ချောင်းကိုနှစ်ချက်လောက်ရှင်းလိုက်သည်။ "ဟင်း ငါတို့ HD အရင်းအမြစ်တွေကိုသုံးပြီး 3D ဗားရှင်းတစ်ခု လုပ်ချင်တယ်ဆိုရင် ဂိမ်းကို အသေးစား mini-client ဂိမ်းလေးတစ်ခု ဖြစ်အောင် ကြိုးစားလုပ်ကြည့်လိုက်လို့ရမယ်ထင်တယ်။ အဲ့တာ Mini-client ပေါ့။"

"Client-side ဂိမ်းတွေနဲ့ယှဥ်ရင် ကစားသမားတွေက အရင်းအမြစ် နည်းနည်းပဲ ဒေါင်းလုတ်ဆွဲရမယ်။ ပြီးတော့လည်း ဟာ့ဒ်ဝဲလိုအပ်ချက် အရမ်းများမှာ မဟုတ်ဘူး။ တစ်ဖက်မှတော့ Web-based ဂိမ်းတွေနဲ့ ယှဥ်ကြည့်ရင် ရုပ်ထွက်က သေချာပေါက် ပိုကောင်းနေမှာပဲ။”

"ဟုတ်တာပေါ့။ ငါတို့ နှစ်ဖက်စလုံး မအောင်မြင်တာမျိုးလည်း ဖြစ်သွားနိုင်တယ်။ ငါတို့ စွန့်စားမှု ကြီးကြီးမားမားတစ်ခု လုပ်ရမယ်။”

All Chapters