← Chapters

အချိန်ပြည့်သမားတွေကို စိတ်ကျေနပ်အောင် လုပ်ပေးလိုက်

Vol. 14 Ch. 200

အချိန်ပြည့်သမားတွေကို စိတ်ကျေနပ်အောင် လုပ်ပေးလိုက်

Vol. 14 Ch. 200

သူစဥ်းစားနေတုန်း တံခါးခေါက်သံထွက်ပေါ်လာသည်။ ဖေးချမ့်မော့ကြည့်လိုက်သောအခါ မာယိချွမ်ဖြစ်နေပါသည်။

သူတို့ ကျုံးသျန်တရုတ်နက်ခ်ဝေါ့(လမ်းဆုံးတရုတ်ဘာသာစကားနက်ခ်ဝေါ့)ကို ဖန်တီးဖို့ စတင်ပြင်ဆင်နေကတည်းက မာယိချွမ် အလွန်အလုပ်များနေခဲ့ပါသည်။ စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေးနဲ့ တရားဥပဒေရေး အပိုင်းများအတွက် စီစဥ်မှုများကို သတ်မှတ်ပြီးပြီဖြစ်ပြီး ကုမ္ပဏီ၏ အကြမ်းဖျင်းဘောင်ခတ်မှု ပြီးဆုံးနေပြီ ဖြစ်သော်လည်း မာယိချွမ်က ဝက်ဘ်ဆိုက်ကို ဘယ်လိုလည်ပတ်ရမလဲဆိုတာ ဆုံးဖြတ်ရပါဦးမည်။

မာယိချွမ်က ဖေးချမ့်တောင်းဆိုသည့်အတိုင်း အရင်းအမြစ်ဝက်ဘ်ဆိုက်ပေါ်တွင် ဝက်ဘ်ဆိုက်နမူနာတစ်ခုနဲ့ စာရေးဆရာ ပလက်ဖောင်းတစ်ခုကို ဝယ်ယူခဲ့ပါသည်။ Domain နာမည် 'www.zhongdian.com' ကိုလည်း ၃၀၀,၀၀၀ ယွမ်နဲ့ ဝယ်ယူထားပြီးပါပြီ။

ချစ်သျန်ဝက်ဘ်ဆိုက်က ဒီကမ္ဘာမှာ မဖန်တီးရသေးသဖြင့် 'zhongdian' ဟူသည့် Domanin နာမည်ကို ဖန်တီးသူက စျေးမြင့်မြင့်ဖြင့် မရောင်းနိုင်ပါ။ ထို့အပြင် ၂၀၁၀ ခုနှစ်သာ ရှိသေးသည်။ Domain နာမည်တွေက စျေးကြီးမလာသေးပါ။ အတော်လေး စျေးသက်သာခဲ့သည်ဟု ဆိုနိုင်ပါသည်။

ထို့အပြင် သူတို့ ဝက်ဘ်ဆိုက်ကို ထိန်းသိမ်းဖို့ ဝန်ထမ်းငှားရမ်းပြီး Cloud Server တစ်ခုကိုလည်း ဝယ်ယူခဲ့သည်။ သက်ဆိုင်ရာများထံမှာလည်း ခွင့်ပြုချက်များ လျှောက်ထားပြီးပြီ ဖြစ်ပါသည်။

ဒါတွေအားလုံးကို ဆောင်ရွက်ပြီး ယွမ်ပေါင်း သိန်းချီသုံးစွဲပြီးနောက် အစပိုင်းပြင်ဆင်မှုများ အနည်းနဲ့အများ ပြီးမြောက်နေပါပြီ။

ထို့နောက် မာယိချွမ် အလုပ်ရှုပ်ရမည့် အချိန်ကိုရောက်လာခဲ့သည်။

ပထမဆုံး သူ့ဝန်ထမ်းအားလုံးကို ခေါ်ယူရမည်။ သူတို့တစ်ယောက်ချင်းစီကို တာဝန်သတ်မှတ်ပေးဖို့ ဖြစ်ပါသည်။ ဒီလူတွေအားလုံးက ကျန်းဝေမှ ဖေးချမ့်ကို ထောက်ခံပေးထားသည့် တက္ကသိုလ်က စီနီယာများ ဖြစ်ကြပါသည်။ အားလုံးက လူ့အရင်းအမြစ်မေဂျာဖြင့် ဘွဲ့ရထားသူများဖြစ်သည်။ ဆိုလိုရင်းက ဘာသာစကားနဲ့ ပတ်သတ်ပြီး တီးမိခေါက်မိရှိကြပါသည်။

မာယိချွမ် သူတို့ကို ပထမဆုံးမြင်သည့် အမြင်မှာ အားလုံးက အနည်းငယ် စိတ်ဝေဒနာရှိနေသည့်ပုံစံများ ဖြစ်နေကြသည်။ အများစုက စာကြမ်းပိုးများနဲ့ တူသည်။ ဒါကလည်း ထင်ထားလောက်စရာ ဖြစ်ပါသည်။ သူတို့ထဲက ဘယ်သူမှ အခုထိ အလုပ်မရကြသေးပါ။ သူတို့အားလုံးမှာ ကောင်းချီးတချို့သာ ရှိပါက ဘွဲ့ရပြီး အခုချိန်ထိ အလုပ်လက်မဲ့ဖြစ်နေမှာ မဟုတ်ပေ။

ကံကောင်းစွာဖြင့် သူတို့က အကျင့်စရိုက် ကောင်းမွန်ကြပါသည်။ မာယိချွမ်က သိပ်ပြီး ဇီဇာမကြောင်ပါ။

လူတစ်ယောက်က အွန်လိုင်းစာပေလောကမှာ သင့်တော်လား မသင့်တော်လားဆိုတာကို ဆွေးနွေးဖို့က အဓိပ္ပာယ်မရှိမှန်း သူ ကောင်းကောင်း သိပါသည်။ ကျောင်းမှာ အဆင့်ကောင်းကောင်းရခြင်း မရခြင်းကလည်း အရေးမကြီးပါ။ ဒီလောကထဲ ဝင်လာသူတိုင်းက သုညမှ စတင်ကြရသည်။

ဒါက ကောင်းလည်း ကောင်းသလို ဆိုးလည်း ဆိုးရွားသည်။

အနည်းဆုံးတော့ မာယိချွမ်အတွက် ဒီလူတွေက အခြေခံလိုအပ်ချက်များ ပြည့်မှီကြပါသည်။

ထို့နောက် မာယိချွမ်က တစ်ယောက်ချင်းစီတိုင်းကို တာဝန်သတ်မှတ်ပေးလိုက်ပါသည်။ ဝက်ဘ်ဆိုက်ကို ထောင်ပြီးပြီဆိုတာနဲ့ သူတို့ ပထမဆုံးလုပ်ရမည့်အရာက စာကြည့်တိုက်ကို ဖြည့်တင်းဖို့ ဖြစ်သည်။ အင်တာနက်ဝတ္ထုများအတွက် ဖွင့်ထားသည့် ဝက်ဘ်ဆိုက်တွင် Content တော့ ရှိရမည်။ မဟုတ်ပါက အခွံသက်သက်ကြီး ဖြစ်နေပါလိမ့်မည်။ ထို့ကြောင့် သူတို့ တတ်နိုင်သမျှ အမြန်ဆုံး စာရေးဆရာ တစ်သုတ်ကို ငှားရမ်းရပါလိမ့်မည်။

အထူးသဖြင့် ချမ်းသာသည့် အင်တာနက် ဝတ္ထုဝက်ဘ်ဆိုက်များက နာမည်ကျော်စာရေးဆရာများကို သေချာပေါက် ငှားရမ်းကြပါလိမ့်မည်။ သူတို့ကို အုပ်စုလိုက်တောင် ငှားရမ်းနိုင်သည်။ ဒီလိုလုပ်ပါက ယွမ်သန်းချီပြီး ကုန်ကျနိုင်ပါသည်။

သို့သော်လည်း ဒါက ဖေးချမ့် ရွေးထားသည့် လမ်း မဟုတ်ပေ။

ဒီလိုလုပ်ရင် သူ ငွေပိုဖြုန်းနိုင်သော်လည်း ဝက်ဘ်ဆိုက် ကျရှုံးနိုင်ခြေ တော်တော်လေး နည်းပါးသွားလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ထိုစာရေးဆရာများက ဝတ္ထုနတ်ဘုရားများ မဟုတ်ကြပါလား။ ဖေးချမ့်သာ သူတို့ကိုငှားရမ်းလိုက်ပါက ဝက်ဘ်ဆိုက်က လူတိုင်း၏ အာရုံစိုက်မှုကို ခပ်မြန်မြန် ဆွဲဆောင်နိုင်ပါလိမ့်မည်။

ဝတ္ထုနတ်ဘုရာများကိုဝယ်ယူဖို့ သို့မဟုတ် ကျရှုံးသူများကို ဆွဲဆောင်ဖို့ ငွေသုံးနိုင်သည်။ ကျရှုံးသူများထဲက နတ်ဘုရားကို တွေ့ဖိုကတော့ အလွန် ခက်ခဲပါလိမ့်မည်။

စိတ်ကူးစိတ်သန်းများဖြင့် စာရေးဆရာတိုင်းက အခုလက်ရှိ မအောင်မြင်သေးရင်တောင် အဆုံးမဲ့တရုတ်နက်ခ်ဝေါ့ကဲ့သို့ အခြေခိုင်မာသည့် ဝက်ဘ်ဆိုက်မျိုးမှာသာ ၎င်းတို့၏ အိပ်မက်နောက်ကိုလိုက်ဖို့ ဆုံးဖြတ်ကြလိမ့်မည်။ အားလုံးက သူတို့ဝတ္ထုများ တစ်နေ့ကျ နာမည်ကြီးလာဖို့ မျှော်လင့်ကြပါသည်။

သူတို့ ယွမ်ရာဂဏန်းလောက် ပိုရဖို့အတွက်နဲ့ အနာဂတ် မှေးမှိန်နေသည့် ဝက်ဘ်ဆိုက်အသေးစားလေးတစ်ခုအတွက် စာရေးပေးမှာ မဟုတ်ကြပါ။

ထို့ကြောင့် ခေတ္တချင့်ချိန်စဥ်းစားပြီးနောက် ဖေးချမ့်တစ်ယောက် ဝတ္ထုနတ်ဘုရားများကို မခေါ်ဘူပဲ မအောင်မြင်သည့် စာရေးဆရာများကိုသာ ဆွဲဆောင်ဖို့ ဆုံးဖြတ်လိုက်ပါသည်။ ဒီလိုဆို အရှုံးပေါ်ဖို့ ပိုစိတ်ချရသည့် နည်းလမ်း ဖြစ်သည်။

ဒီလိုအစောပိုင်းအဆင့်များတွင် မာယိချွမ်၏ အလုပ်ကတော့ သူ့ဝန်ထမ်းများကို လေ့ကျင့်ပေးဖို့ဖြစ်ပြီး စာမူများ ရွေးထုတ်ဖို့ဖြစ်၏။ ထိုလူတွေက အွန်လိုင်းစာပေအကြောင်း သိပ်မသိကြပါ။ အွန်လိုင်းစာပေဖို့ ဖတ်ဖူးသူတွေကတောင် လေးလေးနက်နက် ဖတ်ရှုခြင်း မရှိကြပေ။

မာယိချွမ်က ကျေနပ်စရာ ဇာတ်လမ်းများ ရေးသားခြင်း၊ စည်းချက်များ ရှာဖွေခြင်း၊ Theme ကို တည်ဆောက်ခြင်း စသည်ဖြင့် အခြေခံ သဘောတရားများကို သင်ပေးရပါသေးသည်။ မာယိချွမ် အနည်းနဲ့ အများဆိုသလို သင်ကြားပေးပြီးမှ ဒီလူတွေက အယ်ဒီတာများ ဖြစ်လာနိုင်ကြပါလိမ့်မည်။ ထို့နောက် မာယိချွမ်ကို စာမူများ ရွေးချယ်ဖို့၊ စာရေးဆရာများကိုလမ်းညွှန်ဖို့ စသည်ဖြင့် သူတို့ ကူညီပေးနိုင်လိမ့်မည်။

အခုလည်း မာယိချွမ် ဒီကို ရောက်လာတာ သူတို့တိုးတက်မှုကို ဘော့စ်ဖေးအား တင်ပြဖို့ ဖြစ်နိုင်ပါသည်။

"ဘော့စ်ဖေး ဒါ လက်ရှိအခြေအနေပါ..."

သူတို့အခုချိန်ထိ ဆောင်ရွက်ပြီးခဲ့သည့် ကိစ္စများကို အသေးစိတ်ရှင်းပြလိုက်ပြီး အကြောင်းအရာကို ပြောင်းလဲလိုက်ပါသည်။ "ကျွန်တော်တို့မှာ အခု အဓိက ပြဿနာ ၂ ခုရှိနေပါတယ်။”

"ပထမဆုံး ကျွန်တော်တို့ရဲ့ လက်ရှိအယ်ဒီတာတွေက စံနှုန်းမမှီဘူးဖြစ်နေတယ်။ သူတို့ရဲ့ အွန်လိုင်းစာပေနားလည်မှုက သိပ်ပြီး ပုံစံမကျသေးဘူး။ သူတို့က စာရေးဆရာရဲ့ စာအရေးအသားစတိုင်ပေါ် မူတည်ပြီး မူကြမ်းတွေကို ရွေးနေကြတာ။ သူတို့ ရွေးလိုက်တဲ့ စာမူတွေက အွန်လိုင်းစာပေဖြစ်ဖို့ မသင့်တော်ဘူးဖြစ်နေတယ်။ သူတို့အကျင့်ကို အချိန်တိုအတွင်း ပြောင်းလဲဖို့တော့ ခက်ခဲမယ်ထင်တယ်။ သူတို့ကို သင်ပေးဖို့ ကျွန်တော် အချိန်ပိုလိုတယ်။"

"ဒုတိယတစ်ခုက ကျွန်တော်တို့ ရထားတဲ့ စာမူအများစုက အရည်အသွေးနိမ့်ကြတယ်။ ပရီမီယံလက်ရာတွေ ဘာတွေ မပြောနဲ့ဦး၊ အဆုံးမဲ့တရုတ်နက်ခ်ဝေါ့က ဒီစာမူတွေကို စင်တင်ဖို့ နေနေသာသာ ဖတ်တောင် ဖတ်မကြည့်လောက်ဘူး။"

"စာမူအနည်းစုကတော့ တော်တော်လေး ကောင်းကြပါတယ်။ ဒါပေမယ့် အဲ့ဒါတွေကို အဆုံးမဲ့တရုတ်နက်ခ်ဝေါ့မှာ တင်ရင်တောင် အများဆုံး Subscription ၅၀၀ လောက်ပဲ ရနိုင်လိမ့်မယ်။ ဟုတ်ပါတယ်၊ ကျွန်တော် အဲ့ဒီ Subscription အရေအတွက်ကို အထင်သေးတာတော့ မဟုတ်ပါဘူး။ ကျွန်တော် အမှန်တိုင်း ပြောပြတာပါ..."

မာယိချွမ် အပြစ်ရှိသလို စခံစားလာရပါသည်။ ဘာပဲဖြစ်ဖြစ် အရင်က သူလည်း အင်တာနက်ဝတ္ထုများ ရေးသားဖူးပါသည်။ Subscription ၃၀ လောက်သာရှိသည့် စာရေးဆရာတစ်ယောက်အနေဖြင့် ၅၀၀ ရနိုင်ရင်တောင် တခြားသူတွေကို အထင်သေးခွင့်မရှိဘူးဟု ခံစားရပါသည်။

သို့သော်လည်း သူ ယုတ္တိရှိရှိ ဆောင်ရွက်ရပါမည်။ အင်တာနက်ဝတ္ထုဝက်ဘ်ဆိုက်တစ်ခုပေါ်က အတော်ဆုံး စာရေးဆရာတစ်ယောက်က Subscription ၅၀၀ သာ ရနိုင်လျှင် ဝက်ဘ်ဆိုက်တစ်ခုလုံး ကျရှုံးမှု ဖြစ်နေပါပြီ။

ဘာပဲဖြစ်ဖြစ် ဒီလိုစာရေးဆရာတွေ အဆုံးမဲ့တရုတ်နက်ခ်ဝေါ့မှာ Subscription ၅၀၀ ရနိုင်တာကလည်း စာဖတ်သူများစွာက ဝက်ဘ်ဆိုက်ထဲ ဝင်ကြည့်ကြသောကြောင့် ဖြစ်ပါသည်။ စာအုပ်တွေကို ကျုံးသျန်တရုတ်နက်ခ်ဝေါ့မှာသာ တင်လိုက်ပါက ထိုအရေအတွက် ၁၀ ဆလောက် ကျုံ့သွားနိုင်ပါသည်။

မာယိချွမ်၏ ပြဿနာများက ရှေ့နောက်မညီတာ မဟုတ်ပေ။ အနှစ်ချုပ်ပြောရလျှင် စာရေးဆရာများက အရေးအသား ညံ့ဖျင်းကြသည်။ အယ်ဒီတာများကလည်း စာမူစစ်တာ သုံစား မရပါ။ သူတို့ လက်ခံလိုက်သည့် စာမူတွေက ဖတ်လို့ကောင်းမည့် အလားအလာ မရှိပေ။

ဝက်ဘ်ဆိုက်ကို တရားဝင် မလည်ပတ်ရသေးပေ။ မာယိချွမ်က Forum ပေါင်းစုံကို လည်ပတ်ကာ မအောင်မြင်သည့် စာရေးဆရာများကို ဆက်သွယ်နေဆဲ ဖြစ်သည်။ ဝက်ဘ်ဆိုက်ထဲဖြည့်ဖို့ စာမူ လုံလုံလောက်လောက် ရရှိတာနဲ့ တရားဝင်ဖွင့်လှစ်တော့မည်ဖြစ်ပါသည်။

မာယိချွမ် ရှင်းပြချက်ကို နားထောင်ပြီးတာတောင် ဖေးချမ့်၏ မျက်နှာထားက ဆက်လက် တည်ငြိမ်နေဆဲ ဖြစ်သည်။ 'အားလုံးထိန်းချုပ်မှုအောက်မှာပဲရှိတယ်' ဟုပြောနေသည့်အလား။

"မင်းမှာ စာမူတစ်ခုလောက်ရှိလား။ ငါကြည့်ကြည့်မယ်။"

မာယိချွမ်က သူ့အိတ်ကပ်ထဲမှ USB တစ်ခုကို ထုတ်ကာ ဖေးချမ့်ကို ပေးလိုက်ပါသည်။ သူလက်ခံထားသည့် စာမူအားလုံးပါဝင်သည်။ တချို့စာရေးဆရာများနဲ့ စာချုပ်ချုပ်ပြီးပြီဖြစ်ကာ တချို့စာရေးဆရာတွေနဲ့တော့ မချုပ်ခဲ့ရပေ။ ဖေးချမ့်က စာမူများစွာကို ကျပန်း ဖွင့်ကြည့်လိုက်ပြီး ဖတ်ရှုကြည့်လိုက်ပါသည်။

သူ ဖတ်လို့ပြီးသွားတာနဲ့ ခံစားချက်တစ်ခုသာ ဖြစ်ပေါ်လာပါသည်။

စိတ်ပျက်စရာကြီး…

ကျေနပ်စရာဇာတ်လမ်းတွေ စည်းချက်ညီမှုတွေ အသာထားဦး၊ အများစုက အခြေခံစာကြောင်း တစ်ကြောင်းရေးနိုင်ဖို့တောင် အခက်တွေ့နေသည့်ပုံစံပင်။ စကားလုံးများ၊ ပုဒ်ဖြတ်ပုဒ်ရပ်များ၊ စာကြောင်းတည်ဆောက်ပုံများ အကုန်လုံးမှားယွင်းစွာ အသုံးပြုထားသည်။ ပထမ ၃ ပိုင်း၏ Logic က ရှုပ်ထွေးနေပြီး Theme ကလည်း မရှင်းမလင်းဖြစ်နေပါသည်။

အနှစ်ချုပ်ပြောရရင်တော့ နေရာတိုင်းမှာ ပြဿနာတွေချည်းပဲ ဖြစ်သည်။

ဖေးချမ့်က မူကြမ်းများကို အသေးစိတ်စစ်ကြည့်လိုက်၏။ မာယိချွမ် စာချုပ်ချုပ်ထားသည့် စာရေးဆရာများ ရေးသားထားသော စာများကိုဖတ်ကာ ဖေးချမ့် ဂျပုများထဲက စစ်သူကြီးများ ရွေးချယ်နေရသလို ခံစားလိုက်ရပါသည်။ ဒါတွေကို တခြားဝက်ဘ်ဆိုက်တွေပေါ်မှာသာ တင်လိုက်ပါက ဆိုးဆိုးရွားရွား ကျရှုံးပါလိမ့်မည်။

မာယိချွမ်မှာ အစပိုင်းတုန်းက Subscription ၃၀ သာရှိခဲ့သော်လည်း အွန်လိုင်းစာပေအလုပ်လုပ်ဖို့ကို သူ ကောင်းကောင်း နားလည်ပါသည်။

ဒါက ဖေးချမ့် မျှော်လင့်ထားတာတွေထဲ ပါဝင်ပါသည်။ မာယိချွမ်မှာ Subscription များများစားစား မရှိခဲ့သော်လည်း သူလူထုကို ချပြထားသည့် ဝတ္ထုများက အတော်လေး ကောင်းမွန်ပါသည်။ အမာခံ ဖော်လိုဝါတွေတောင် ရှိခဲ့သည်။

စာမူတွေကို ဖတ်နေသည့် ဖေးချမ့်၏ မျက်နှာထားကို မာယိချွမ်က အကဲခတ်နေသည်။ သူ အထင်ကြီးသွားမိပါသည်။

ဘော့စ်ဖေးက စိတ်ရှည်လိုက်တာ။ ဒါတွေကို ဖတ်ဖို့ ခံနိုင်ရည်ရှိတာ မယုံနိုင်ဘူးကွာ။

စာမူတချို့ကို ကျပန်းဖတ်ရှုပြီးနောက် ဖေးချမ့် လုံးဝ စိတ်အေးသွားပါတော့သည်။ သူတို့လက်ခံထားသည့် စာမူအားလုံးက ဒီစံနှုန်းတွေအတိုင်းသာဆိုရင် ဒီအင်တာနက်ဝတ္ထုဝက်ဘ်ဆိုက် အောင်မြင်မှသာ အံ့သြဖို့ကောင်းနေပါလိမ့်မည်။

မဆိုးပါဘူး။ ဆက်ကြိုးစားထား။

တည်ငြိမ်စွာဖြင့် ဖေးချမ့်က USB ကိုဖြုတ်ကာ မာယိချွမ်အားပြန်ပေးလိုက်ပါသည်။

"ပြဿနာ ကြီးကြီးမားမား မရှိပါဘူး။ မင်းပြောတဲ့ ပြဿနာနှစ်ခုကိုတော့..."

"ငါတို့ အယ်ဒီတာတွေ စံနှုန်းမမှီသေးတာ ကိစ္စမရှိပါဘူး။ Review စံနှုန်းတွေကိုလည်း နည်းနည်း လျှော့ပေးလိုက်ဦး။ ဘာပဲဖြစ်ဖြစ် အခုငါတို့ရည်ရွယ်ချက်က စာကြည့်တိုက်ကိုဖြည့်ဖို့လေ။ ဒီလူတွေက စာချုပ်ပါအတိုင်း ပြည့်မှီပြီး ပိုက်ဆံရဖို့ပဲ စာရေးနေကြတာ။ ငါတို့ အရမ်း တင်းကြပ်စရာ မလိုပါဘူး။”

မာယိချွမ်က တွန့်ဆုတ်သွားပါသည်။ "ဒါပေမယ့်... ဘော့စ်ဖေး အဲ့ဒီအချိန်တုန်းက အချိန်ပြည့်စာရေးဆရာတွေကို ဘော့စ်ဖေး ကမ်းလှမ်းထားတဲ့ ကြေးက ၁,၀၀၀ ယွမ်နော်။ အဆုံးမဲ့တရုတ်နက်ခ်ဝေါ့ကတောင် သူတို့ရဲ့ အချိန်ပြည့်စာရေးဆရာတွေကို ယွမ် ၅၀၀ ပဲ ကမ်းလှမ်းထားတာ။ တခြားဝက်ဘ်ဆိုက်အသေးလေးတွေက ယွမ် ၁၀၀လောက်ပဲ ကမ်းလှမ်းထားကြတယ်။ ဒါတောင် တစ်ရက်ကို စာလုံးရေး ၁၀,၀၀၀ ရေးပေးနိုင်မှ ရမှာပါ။"

"ကျွန်တော်တို့က သူတို့ကို တစ်ရက် စာလုံးရေ ၃,၀၀၀ ရေးရုံလောက်နဲ့ ၁,၀၀၀ ယွမ်တောင် ပေးထားတာ။ ကျွန်တော်တို့ စံသတ်မှတ်ချက်တွေကိုသာ ထပ်လျှော့ပေးလိုက်ရင် ပိုက်ဆံတွေကို အလကားပေးနေသလို ဖြစ်မသွားဘူးလား။ လတိုင်း ပိုက်ဆံတွေကို ဖြုန်းတီးနေသလိုပဲ။"

ဖေးချမ့်က ခေါင်းခါလိုက်ပါသည်။ "ကိစ္စမရှိဘူး။ ငါတို့မှာ စာရေးဆရာ ၅၀၀ ရှိရင် တစ်လကို ၅၀၀,၀၀၀ ပဲ ကုန်မှာလေ။ အများကြီး မဟုတ်ပါဘူး။"

"ငါတို့ဝက်ဘ်ဆိုက်က အသစ်။ ငါတို့ရဲ့ အချိန်ပြည့်စာရေးဆရာတွေကို ပိုမပေးရင် သူတို့က ငါတို့အတွက် ဘာလို့ စာရေးပေးချင်ကြမှာလဲ။ ပြီးတော့လည်း လူသစ်တွေအတွက် တစ်ရက်ကို စာလုံးရေ ၃,၀၀၀ ပြည့်ဖို့တောင် မလွယ်ဘူး။"

"စိတ်မပူပါနဲ့။ စာမူတွေသာ ဆက်ပြီး လက်ခံနေ။ တစ်နေ့ကျရင် ထူးချွန်တဲ့ စာရေးဆရာတစ်ယောက် ပေါ်လာမှာပါ။"

မာယိချွမ်က ခေတ္တစဥ်းစားလိုက်ပြီး ဘော့စ်ဖေးပြောတာ အဓိပ္ပာယ်ရှိသည်ဟု ဆုံးဖြတ်လိုက်ပါသည်။ သို့သော်လည်း ဒီလိုဖြစ်လာနိုင်ခြေကတော့ နည်းပါးသည်။

ခဏလောက် စဥ်းစားပြီး မာယိချွမ်ထပ်ပြောလိုက်ပြန်ပါသည်။ "ဘော့စ်ဖေး နောက်ပြဿနာတစ်ခု ရှိသေးတယ်။ ကျွန်တော်တို့ဝန်ထမ်း အများစုက လုပ်စရာအလုပ်နည်းနေတယ်။"

"စာမူအပ်တဲ့ စာရေးဆရာက နည်းနည်းပဲရှိတော့ Review လုပ်စရာ အများကြီး မရှိဘူး။ ကျွန်တော်တို့ အယ်ဒီတာတွေက စာရေးဆရာတွေကို အချိန်ပေးပြီး စာအရေးအသားလမ်းညွှန်ပေးရင်တောင် အားနေတဲ့အချိန်တွေ အများကြီး ရှိသေးတယ်။"

ဖေးချမ့်က လက်ရမ်းပြလိုက်ပါသည်။ "အဲ့တာ ပိုပြီးတော့တောင် အရေးမကြီးဘူး။ သူတို့ ဘာမှ လုပ်စရာ မရှိရင် သူတို့ ဝါသနာပါတာ လုပ်ခိုင်းထားလိုက်ပေါ့။ မင်းကိုမင်းပဲ သာဓက ထားလိုက်။ မင်းမှာ ဘာမှ လုပ်စရာမရှိတဲ့အခါ ကိုယ့်ကိုယ်ကို ဖျော်ဖြေဖို့အတွက် ဝတ္ထုတစ်ပုဒ်နှစ်ပုဒ်လောက် ရေးလိုက်ပေါ့။ မကောင်းဘူးလား။"

ဖေးချမ့်က မတ်တပ်ရပ်ကာ မာယိချွမ်၏ ပခုံးကို ပုတ်ပေးလိုက်ပါသည်။

"ယိချွမ် ကိုယ့်ကိုယ်ကို အရမ်းကြီးဖိအားမပေးနဲ့။"

"ထန်းတာ့ရဲ့ ဆောင်ပုဒ်က အမြဲတမ်း အလုပ်မှာ ပျော်စေရမယ် ဆိုတာပဲ။ မင်းအလုပ်လုပ်စရာရှိရင် လုပ်ပေါ့။ မရှိရင် မင်းစိတ်ဝင်စားတာနဲ့ ဝါသနာပါတာတွေကို လုပ်လိုက်။ အလုပ်တွေ အရမ်းများနေရင်လည်း ဝန်ထမ်းတွေ ပိုခန့်လိုက်ပေါ့။ ဘာခက်လို့လဲ။"

"တစ်လှမ်းတည်းနဲ့ အဝေးကြီးကို မလှမ်းချင်နဲ့။ ဖြည်းဖြည်းချင်းဆီ သွားပါ။"

မာယိချွမ်က ခေါင်းငြိမ့်လိုက်ပြီး ပြန်ပြောလိုက်သည်။ "ဟုတ်ကဲ့ပါ ဘော့စ်ဖေး ကျွန်တော် နားလည်ပါပြီ။"

ပထမတော့ သူစိတ်ဖိစီးပြီး ထိတ်လန့်နေခဲ့ရသည်။ ဘော့စ်ဖေးက သူ့ကို ဒီလောက်အရေးကြီးသည့် တာဝန်ကြီးကို ပေးထားခြင်း ဖြစ်သည်။ ဒါတောင် သူ ဘာမှ တိုးတက်အောင် မလုပ်နိုင်သေးပေ။ ထို့အစား နေ့တိုင်း ငွေသာ ထိုင်ဖြုန်းနေမိ၏။

သို့သော်လည်း အားလုံးက ဘော့စ်ဖေးရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေတာကို မြင်လိုက်ရသောအခါ မာယိချွမ် ချက်ချင်းပဲ စိတ်အေးသွားပါသည်။

အမှန်ပဲ။ ခေါင်းဆောင်ကောင်းတစ်ယောက်နောက်ကိုလိုက်ရင် အမြဲလုံခြုံသလိုခံစားရတယ်။

All Chapters