← Chapters

မာယိချွမ်က မျက်နှာဖုံး နှစ်ခုနဲ့

Vol. 14 Ch. 201

မာယိချွမ်က မျက်နှာဖုံး နှစ်ခုနဲ့

Vol. 14 Ch. 201

မာယိချွမ်တစ်ယောက် ဘော့စ်ဖေး၏ ရုံးခန်းမှ ပြန်ရောက်လာပါသည်။ အရင်ကလောက်လည်း စိတ်မရှုပ်တော့ပါ။

အပေါ်ထပ်ကို ပြန်တက်လာတော့ အယ်ဒီတာဌာနကို ဖြတ်သွားရပြီး လူငယ်အယ်ဒီတာလေးများအားလုံး စာမူများကို အတည်တကျ စစ်ဆေးပြင်ဆင်နေတာကို မြင်ခဲ့ရပါသည်။ ဒီလူငယ်တွေက ဒီအလုပ်အခွင့်အလမ်းကို မြတ်နိုးသည့်ပုံပင်။

ဒုတိယအဆင့်ရှိ မြို့တစ်မြို့ဖြစ်သောကြောင့် ကျင်းကျိုးမြို့တွင် နည်းပညာများများစားစား မရှိပါ။ အင်တာနက်လုပ်ငန်းလည်း အများကြီး မရှိပေ။ အဓိက အလုပ်အရင်းအမြစ်များက စက်မှုလက်မှုလုပ်ငန်းများသာဖြစ်သည်။ ထိုလုပ်ငန်းများကလည်း ဘွဲ့ရလူသစ်များကို နှိပ်စက်သည့်နေရာတွင် နာမည်ကြီးပါသည်။ ၎င်းတို့က အမှားအယွင်းမခံ၊ ကြီးနိုင်ငယ်ညှင်းဆန်ပြီး ပျင်းဖို့ကောင်းပါသည်။ ဘွဲ့ရလူငယ်များစွာက ဒီလို လုပ်ငန်းမျိုးတွေမှာ အလုပ်လုပ်ရတာ အသားမကျနိုင်ပါ။

ပထမတော့ ဒီလူတွေက သူတို့အနာဂတ်ဦးတည်ချက် ပျောက်ဆုံးနေခဲ့ပါသည်။ သူတို့ ဘွဲ့လွန်ပညာသင်ဖို့အတွက်လည်းထောက်ခံချက်မရပါ။ ၎င်းတို့၏ ပညာရေး အဆင့်များကလည်း အရည်အချင်းပြည့်မှီခြင်းမရှိပါ။ သို့သော် သူတို့ စိတ်ဝင်စားသည့် အလုပ်တွေကိုပါ ရှာမရခဲ့ကြပေ။

စက်မှုလက်မှုလုပ်ငန်း ကုမ္ပဏီများက သူတို့ကို အထင်သေးကြသည်။ သူတို့ကလည်း အပြန်အလှန်အားဖြင့် စက်မှုလက်မှုလုပ်ငန်းများကို အထင်သေးကြသည်။ တစ်ယောက်ကိုတစ်ယောက် အထင်သေးနေကြခြင်း ဖြစ်ပါသည်။

သူတို့အတန်းဖော်တွေ အလုပ်အတည်တကျရကြပြီး တချို့က ဘွဲ့လွန်ရာထူးတွေ ရနေကြတာကိုသာ ဒီတိုင်းထိုင်ကြည့်နေရပါသည်။ တချို့က အလုပ်စတင်ကတည်းက လစာမြင့်မြင့် ရကြပြီး လူများစွာ၏ အားကျမှုကို ခံရပါသည်။

တစ်ဖက်မှာတော့ သူတို့တွေက ကမ်းလှမ်းချက် တစ်ခုတစ်လေတောင် မရခဲ့ကြပေ။ သူတို့ အင်တာဗျူးဖြေတိုင်းလည်း ငြင်းဆန်ခံခဲ့ရပေါင်းများပြီ။ သူတို့ လျှောက်လွှာများကို ပင်လယ်နက်နက်ထဲသို့ ပစ်ချလိုက်သလို ခံစားလိုက်ရသည်။ သူတို့ရင်ဆိုင်နေရသည့် ဖိအားများကို တွေးကြည့်နိုင်ပါသည်။

အစပိုင်းမှာတော့ တချို့က စာမေးပွဲပြန်ဖြေကြဖို့ ပြင်ဆင်ခဲ့ကြပါသည်။ တချို့တွေက မမွေးရပ်မြေကိုပြန်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ဘယ်သူမှ အခြေအနေတွေ တကျော့ပြန်လာလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။

တိုက်ဆိုင်စွာဖြင့် ဝက်ဘ်ဆိုက်အသစ်တစ်ခုက ပေါ်လာသည်။ သူတို့အားလုံး အလုပ်ခန့်အပ်ခံခဲ့ရ၏။ ထို့အပြင် သူတို့မေဂျာတွေနဲ့ အနည်းငယ် ဆက်နွယ်မှုရှိသော အယ်ဒီတာ လုပ်ငန်းများကို ရခဲ့ကြခြင်း ဖြစ်သည်။ သူတို့ကံက အတော်လေး ကောင်းမွန်ခဲ့ကြပါသည်။

အစကတော့ တချို့က အလုပ်ကို သိပ်သဘောမတွေ့ဘဲ အင်တာနက်ဝတ္ထုများကိုပင် အထင်သေးခဲ့ကြပါသည်။ သို့သော်လည်း အလုပ်လုပ်နေပြီဖြစ်သည့် တခြား အတန်းဖော်များနဲ့ ဆက်သွယ်ကြည့်သောအခါ သူတို့အလုပ်က အတော်လေးကို ကောင်းမွန်မှန်း နားလည်ခဲ့ရပါသည်။

ကျင်းကျိုးမြို့တွင် သူတို့ရနေသည့် လစာမှာ မြင့်မားသည်ဟု သေချာပေါက် သတ်မှတ်နိုင်ပါသည်။

အလုပ်ကဏ္ဍပိုင်းအရမှာလည်း စာမူများကို စစ်ဆေးခြင်းက တစ်ခါတစ်လေ ပျင်းဖို့ကောင်းပြီး ငြီးငွေ့ဖွယ်ကောင်းပါသည်။ သို့သော် ရုံးအများစုမှာ စီမံခန့်ခွဲရေးဝန်ထမ်းများအဖြစ် အလုပ်လုပ်ရတာထက်တော့ အများကြီး ပိုစိတ်ဝင်စားဖို့ ကောင်းပါသေးသည်။

ထို့အပြင် သူတို့ဘော့စ်က ငယ်ရွယ်ပြီး ပြောရဆိုရလွယ်သည်။ ကုမ္ပဏီထဲက အခြေအနေကလည်း အေးချမ်းပြီး သာယာပါသည်။ အားလုံးက ၎င်းတို့၏ အလုပ်သစ်ကို သဘောကျလာကြပြီး အလုပ်သင်အဖြစ်မှ ကျွမ်းကျင်သူဖြစ်လာရန် ကြိုးစားဖို့ ဆုံးဖြတ်လိုက်ပါသည်။

မာယိချွမ်ရုံးခန်းထဲကို ဝင်လိုက်တော့ လူကောင်သေးသေး၊ ပိန်ကပ်ကပ် ကောင်လေး တစ်ယောက်က ရုတ်တရက်ကြီး မတ်တပ်ရပ်လိုက်သည်။ "အစ်ကိုမာ ကျွန်တော်တို့ ဒီနေ့အတွက် စာမူတွေ စစ်ပြီးသွားပါပြီ။"

မာယိချွမ်က ခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။ "ကောင်းပြီ။ မင်းတို့လုပ်ချင်တာ လုပ်လို့ရပြီ။ ခဏနေရင် အားလုံးကို အစည်းအဝေးခေါ်မယ်။”

ထိုကောင်လေး နာမည်က ကျူးအန်ရှင်း ဖြစ်သည်။ သူက ဒီဘွဲ့ရကျောင်းသားအုပ်စုတွင် အတက်ကြွဆုံးသူ ဖြစ်သည်။ တခြားသူတွေလိုလည်း စိတ်ဓာတ်ကျစရာပုံစံ မဟုတ်ပါ။ ဉာဏ်လည်း အများကြီး ပိုကောင်းသည်။ သူက မာယိချွမ်သဘောကျသည့် အယ်ဒီတာ အနည်းစုထဲက တစ်ယောက် ဖြစ်ပါသည်။

ကျူးအန်ရှင်း၏ ပညာရေးအဆင့်များက ဆိုးရွားပါသည်။ သူ ဘွဲ့ရခါနီးမှာတောင် ၃ ဘာသာကျခဲ့သည်။ ထို့ကြောင့် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ဘွဲ့ရချိန်နောက်ကျခဲ့ခြင်း ဖြစ်ပါသည်။

လူ့အရင်းအမြစ်မေဂျာ စာမေးပွဲတွေ ဒီလောက် လွယ်ကူတာတောင် ဘွဲ့မရခင် ၃ ဘာသာကျခဲ့သေးသည်။ သူ စာသင်ရတာ ဘယ်လောက် မုန်းသလဲဆိုတာ မြင်သာနေပါသည်။

ဘွဲ့ရချိန်နောက်ကျပါက ကျူးအန်ရှင်း နှစ်ကုန်မှ ဘွဲ့လက်မှတ်ရမည့်သဘောဖြစ်သည်။ သို့သော်လည်း မာယိချွမ်က ဒါတွေကိုသိပ်ပြီး ဂရုမစိုက်ပါ။ ဘာပဲဖြစ်ဖြစ် သူ့အတွက်တော့ ပညာရေးအဆင့်များက အယ်ဒီတာလုပ်ဖို့ တော်ခြင်းမတော်ခြင်းကို အဆုံးအဖြတ် မပေးနိုင်ပါ။ ဆက်နွယ်မှုလည်း သိပ်မရှိပါ။

ကျူးအန်ရှင်း၏ စကေးများက ကျေနပ်လောက်စရာ ကောင်းလာတာနဲ့ ရေပန်းစား ချန်နယ်တစ်ခု၏ အယ်ဒီတာချုပ်ဖြစ်လာအောင် ရာထူးတိုးပေးမည်ဟု မာယိချွမ် ဆုံးဖြတ်ထားပါသည်။ ဒီလိုဆို မာယိချွမ်လည်း အနည်းငယ် ဝန်ပေါ့ပါလိမ့်မည်။

မာယိချွမ်က သူ့စားပွဲဆီပြန်လာပြီး အသေးစား စီစဥ်မှုတချို့ ဆောင်ရွက်ခဲ့သည်။ ထို့နောက် အယ်ဒီတာချုပ်ဖြစ်လာနိုင်ခြေရှိသည့် မျိုးစေ့ကောင်းများကို အစည်းအဝေးပွဲတစ်ခု တက်ရောက်ရန် ဖိတ်ကြားလိုက်ပါသည်။ ထိုအစည်းအဝေးတွင် ဘော့စ်ဖေး ညွှန်ကြားလိုက်တာကိုပဲ အသေးစိတ် ပြန်ရှင်းပြလိုက်ပါသည်။

နောက်ပိုင်းတွင် သူတို့ စာမူများ လက်ခံမည့် စံသတ်မှတ်ချက်များကို လျှော့ချမည်။ သူတို့အတွက် စာရေးသားပေးဖို့ စာရေးဆရာများကိုလည်း အချိန်ပြည့် အကျိုးခံစားခွင့်များနဲ့ ဆွဲဆောင်ပါမည်။ သူတို့၏ အဓိက ရည်ရွယ်ချက်က စာကြည့်တိုက်ကိုဖြည့်နိုင်ဖို့ဖြစ်ပါသည်။

ထို့နောက် မာယိချွမ်က သူတို့ လုပ်စရာအလုပ် သိပ်မရှိသည့် ပြဿနာအကြောင်း ပြောပြလိုက်သည်။

အွန်လိုင်းစာပေအကြောင်း သင်ယူလေ့လာနိုင်စွမ်း မြန်ဆန်သည့် ကျူးအန်ရှင်းလိုလူတွေက လိုအပ်ပါက အယ်ဒီတာများအဖြစ် စတင် လုပ်ဆောင်နိုင်ပြီဖြစ်သည်။ ထို့အပြင် ပို့ဆောင်ထားသည့် စာမူများကလည်း အလွန်နည်းပါးသဖြင့် သူတို့၏ Review အလုပ်ကို အမြန်ပြီးအောင် လုပ်နိုင်ကြပါသည်။

ကျန်အချိန်တွင် ဘာမှလုပ်စရာမရှိတော့ပါက အဆုံးမဲ့တရုတ်နက်ခ်ဝေါ့၏ ရေပန်းစားအွန်လိုင်းစာပေများမှ လေ့လာသင်ယူနိုင်ပါသည်။

မာယိချွမ်က သူတို့အုပ်စုကို အကဲခတ်လိုက်ပြီး ပြောလိုက်၏။ "မင်းတို့ ရေပန်းစားတဲ့အွန်လိုင်းစာပေတွေ ဖတ်တာကလွဲပြီး တခြား ဘာမှ လုပ်စရာ သိပ်မရှိဘူးလို့ထင်ရင် မင်းတို့လည်း တစ်ခုခု စမ်းရေးကြည့်လို့ရတယ်။"

"မင်းတို့တွေက အယ်ဒီတာတွေဖြစ်ပေမယ့် ရောင်းအားကောင်းတဲ့ ဝတ္ထုတွေ မရေးနိုင်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ မင်းတို့မှာ အိပ်မက်တွေ ရှိရမယ်။"

"ပြီးတော့ လောလောဆယ် ငါတို့ဝက်ဘ်ဆိုက်မှာ စာမူတွေ သိပ်မရှိသေးဘူး။ ငါတို့ရထားတဲ့ စာမူအရည်အသွေးကလည်း သိပ်မကောင်းဘူး။ မင်းတို့ရေးထားတဲ့ စာအုပ်တွေကို ဝက်ဘ်ဆိုက်ပေါ်မှာ နေရာကောင်းကောင်း ပေးနိုင်မယ်ဆိုတာ သေချာပါတယ်။ ဒီအခွင့်အရေးကိုယူပြီး မင်းတို့ စမ်းကြည့်လို့ရတယ်။"

မာယိချွမ် ပြောတာ ဘာမှ မမှားသော်လည်း လက်တွေ့ကျကျ အရေးပါမှု မရှိပေ။ ဘယ်သူမှ ဝက်ဘ်ဆိုက်ထဲ ဝင်မကြည့်ပါက သူတို့စာအုပ်တွေ ဘယ်မှာ ကြော်ငြာကြော်ငြာ အရေးမပါတော့ပါ။

မာယိချွမ်က ခေတ္တရပ်တန့်သွားပြီး ဆက်ပြောလိုက်ပါသည်။ "မင်းတို့ဘာမှလုပ်စရာမရှိရင် မင်းတို့ကို ငါအလုပ်ပေးမယ်။ 'အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ' ဂိမ်းအတွက် Theme နဲ့ ဇာတ်လမ်းဇာတ်ကွက်ကို စဥ်းစားကြစမ်းကွာ။"

အစကတော့ 'အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ' ဂိမ်းအတွက် Theme ကို စဥ်းစားဖို့က ဇာတ်ကြောင်းအစီအစဥ်ဆွဲသူအဖြစ် မာယိချွမ်၏ တာဝန် ဖြစ်သည်။

သို့သော်လည်း ဘဝက အချိုးအကွေ့များဖြင့် ပြည့်နှက်နေပါသည်။ ထင်မထားစွာနဲ့ မာယိချွမ်က ရာထူးတိုးခံလိုက်ရသည်။ ပုံမှန်အတိုင်း ဆိုရင်တော့ မာယိချွမ်က ဒီတာဝန်ကို တခြားတစ်ယောက်ယောက်ထံသို့ လွှဲပြောင်းပေးလိုက်ရမှာ ဖြစ်သည်။ သို့သော်လည်း လုမင်လျန်က ကြက်သေသေကာ မာယိချွမ်ကို ပြောလိုက်ပါသည်။ "မင်းသာ ဒါကိုမလုပ်ရင် ဘယ်သူမှ လုပ်နိုင်မှာ မဟုတ်ဘူး။”

ဒီအလုပ်ကိုလုပ်ဖို့ သင့်တော်သည့် တစ်ဦးတည်းသော လူက ဘော့စ်ဖေးပဲဖြစ်သည်။ သို့သော်လည်း ဘော့စ်ဖေးက အလွယ်အလုပ်များနေသည့်လူဖြစ်သည်။ သူကိုယ်တိုင် ဇာတ်ကြောင်းကို စဥ်းစားပေးနိုင်ပါ့မလား။

မာယိချွမ်လည်း စဥ်းစားကြည့်လိုက်ပြီး ကိစ္စမရှိပါဟု ဆုံးဖြတ်ခဲ့ပါသည်။ ဂိမ်းအတွက် Theme ကို သူရေးပေးနိုင်ပါသည်။

ထို့ကြောင့် မာယိချွမ်က မျက်နှာဖုံးနှစ်ခု တပ်ခဲ့ရသည်။ 'အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ' ဂိမ်းအတွက် Theme ကို စဥ်းစားရင်း ကျုံးသျန်တရုတ်နက်ခ်ဝေါ့ ဝက်ဘ်ဆိုက်အတွက်လည်း အလုပ်လုပ်နေရပါသည်။

အခုတော့ ဝက်ဘ်ဆိုက်အတွက် စဦးပြင်ဆင်မှုများက အနည်းနဲ့အများပြီးဆုံးနေပြီဖြစ်ကာ ဘော့စ်ဖေးကလည်း အပြည့်အဝထောက်ခံသဖြင့် မာယိချွမ် စိတ်ဖိအားများ အလွန်လျော့ကျသွားပါသည်။

ရုတ်တရက်ကြီး မာယိချွမ် ပြဿနာတစ်ခုကို နားလည်သွားပါသည်။ သူ့ဘေးနားမှာ ညီအစ်ကိုတွေရှိသည်။ သူတစ်ယောက်တည်း တိုက်ပွဲကို ဆင်နွှဲဖို့ မလိုအပ်ပါ။ သူတို့အတူတူ 'အရှုံးပေးပြီးကယ်တင်ခြင်းခံစေ' ဂိမ်း၏ ဇာတ်ကြောင်းအတွက် စဥ်းစားနိုင်ပါသည်။

လူ ၂၀ ကျော်လောက်က ဘာမှလုပ်စရာမရှိတော့သည့်အခါ 'အရှုံးပေးပြီးကယ်တင်ခြင်းခံစေ' ဂိမ်းအတွက် ဇာတ်လမ်းစဥ်းစားပေးလို့ရသည်။ ကျူးအန်ရှင်းကဲ့သို့ တရုတ်ဘာသာစကား မေဂျာယူထားသည့် လူနည်းစုက ရှေးဟောင်း တရုတ်ဘာသာစကားကိုလည်း နားလည်နိုင်ကြပါလိမ့်မည်။

ဘော့စ်ဖေး၏ တောင်းဆိုချက်အရ 'အရှုံးပေးပြီးကယ်တင်ခြင်းခံစေ' ဂိမ်းတွင် ရှေးဟောင်းတရုတ်စာ စကားထာများ၊ ပဟေဠိများစွာ ပါဝင်ရမည်။ မာယိချွမ်က ဒါတွေအကုန်လုံးကို တစ်ယောက်တည်း လုပ်ခဲ့ရသည်။ သူပြီးအောင်လုပ်နိုင်သော်လည်း တစ်ယောက်တည်း လုပ်ပါက အရည်အသွေးက သေချာပေါက် နိမ့်သွားနိုင်ပါသည်။

ယခု သူ့ကိုကူညီနိုင်မည့်လူများစွာရှိနေပြီ ဖြစ်သဖြင့် အလုပ်ဝန်ကို ခွဲဝေပေးနိုင်ပါပြီ။ ဒီလိုဆို ဇာတ်ကြောင်းအဖွဲ့တစ်ခုလို ဖြစ်မသွားနိုင်ဘူးလား။

မာယိချွမ်က 'အရှုံးပေးပြီးကယ်တင်ခြင်းခံစေ' ဂိမ်း၏ Theme ကို အားလုံးကို အသေးစိတ် ရှင်းပြလိုက်ပါသည်။ Theme ၏ စဦးပိုင်း ဒီဇိုင်းက ပြီးမြောက်သွားပြီဖြစ်သည်။ တရုတ်ရိုးရာရှုခင်းများစွာနဲ့ ဗုဒ္ဓဘာသာ၊ တာအိုဘာသာနဲ့ ရှေးဟောင်း ရာဇဝင်များ စသည်ဖြင့် အစိတ်အပိုင်းများစွာ ပါလိမ့်မည်။

အစိတ်အပိုင်းတစ်ခုကို တခြားတစ်ခုထက် ပိုပြီး အလေးပေးမည်မဟုတ်ပါ။ အားလုံးကို သာတူညီမျှ ထည့်သွင်းသွားပါမည်။

ဂိမ်းထဲတွင် ဗုဒ္ဓဘာသာ Theme ရှုခင်းမျာားသာ ထည့်သွင်းလို့ရပါသည်။ ဂိမ်းထဲက ပန်းချီအရင်းအမြစ် အစိတ်အပိုင်းတချို့တွင် သက္ကတဘာသာစကားဖြင့် ဖန်တီးလို့တောင် ရပါသည်။ သို့သော်လည်း ဆွေးနွေးမှုတချို့ လုပ်ပြီးနောက် မာယိချွမ်နဲ့ လုမင်လျန်တို့က မသင့်တော်ဘူးဟု ဆုံးဖြတ်ခဲ့ကြပါသည်။

တစ်ဂိမ်းလုံးတွင် ဗုဒ္ဓဘာသာ Theme ရှုခင်းများသာ ထည့်သွင်းလိုက်ပါက ရိုးရှင်းသွားလိမ့်မည်။ စတိုင်ကလည်း အလွန်ရှင်းလင်းနေလိမ့်မည်။ သို့သော်လည်း ရှေးဟောင်းတရုတ်ပြည်၏ ဝိသေသလက္ခဏာများကို တိတိကျကျ ပုံမဖော်နိုင်လောက်ပေ။

တစ်နည်းအားဖြင့် ဂိမ်း၏ အဓိကရည်ရွယ်ချက် ပျက်ယွင်းသွားလိမ့်မည်။

ဗုဒ္ဓဘာသာက နိုင်ငံခြား ဘာသာရေးတစ်ခုဖြစ်သည်။ ဒေသခံမဟုတ်ပေ။ ရှေးဟောင်း တရုတ်ရိုးရာ စတိုင်ကို မဖော်နိုင်ပါ။

ထို့ကြောင့် မာယန်နဲ့ လုမင်လျန်တို့က ဗုဒ္ဓဘာာသာ၊ တာအိုဘာသာနဲ့ ရှေးဟောင်းဒဏ္ဍာရီ အစိတ်အပိုင်းများကို ထည့်သွင်းဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ၎င်းတို့ကိုပေါင်းစပ်ပြီး ထူးခြားသည့် တရုတ်ရိုးရာ စတိုင်ကို ဖော်ပြနိုင်ပါသည်။

မတူညီသည့်စတိုင်များကြောင့် ရှုပ်ထွေးနေမှာကိုတော့...

သူတို့စိတ်ပူဖို့မလိုအပ်ပါ။ ဘော့စ်ကြီး ရွမ်ကွမ်းကျန်က ဒီဂိမ်း၏ စတိုင်အတွက် တာဝန်ယူလိမ့်မည်။ သူ့ရဲ့ Epic မှင်ဆီပန်းချီစတိုင်ကိုအသုံးပြုပြီး ပန်းချီအရင်းအမြစ်များကို ဖန်တီးလိမ့်မည်။ အာနိသင်က အလွန်လှပလိမ့်မည်ဟု မာယိချွမ်ယုံကြည်ထားပါသည်။

All Chapters