← Chapters

ဒီလိုအခြေအနေမျိုးနဲ့ သူလျှိုထည့်ဖို့တောင် လိုသေးရဲ့လား

Vol. 14 Ch. 204

ဒီလိုအခြေအနေမျိုးနဲ့ သူလျှိုထည့်ဖို့တောင် လိုသေးရဲ့လား

Vol. 14 Ch. 204

လီရှိကိုသာ ရွေးခိုင်းမည်ဆို ဟန်သုံးကျောက်ထုံတက္ကသိုလ်အရှေ့ကမ်းပက်စ် ဝင်ပေါက်နားတွင် သို့မဟုတ် မင်ယွမ်ဗီလာအနီးတွင် ဆိုင်ခွဲတစ်ခုဖွင့်လှစ်ဖို့ ရွေးချယ်ပါမည်။ နေရာနှစ်ခုအကြား ဒီလောက် ခွကျသည့် နေရာမျိုးကို ရွေးချယ်ခဲ့မှာ မဟုတ်ပါ။

အရင်က လေ့လာထားသလောက်ဆို မင်ယွမ်ဗီလာရှိ ယွီအင်တာနက်ကဖေးဆိုင်ခွဲက တကယ်ပဲ ဆိုင်ခွဲများအကြား အဆိုးရွားဆုံး ဖြစ်ပါသည်။ ဒါက ဆိုင်ခွဲတည်နေရာ၏ တိုက်ရိုက်အကျိုးသက်ရောက်မှုပဲ ဖြစ်သည်။

ထို့ကြောင့် လီရှိ ဇဝေဇဝါ ဖြစ်နေပါသည်။

မျက်နှာရှည်ရှည်ကောင်က မင်ယွမ်ဗီလာဆိုင်ခွဲကို မကြာခဏသွားနေခြင်းကိုကြည့်ခြင်းအားဖြင့် ဒီဆိုင်ခွဲကို ဘော့စ်ဖေးက သူ့အစီအစဥ်တွင် အရေးပါသည့် အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ထားတာ သိသာပါသည်။

သို့သော်လည်း ဘယ်ထောင့်ကကြည့်ကြည့် ဒီဆိုင်ခွဲက အလားအလာ များများစားစား ရှိသည့်ပုံလည်း မပေါ်ပါ။ လီရှိသာ ဘော့စ်လုပ်ရမည်ဆို အရှုံးပေါ်နေတာတွေကို လျှော့ချဖို့ ဒီဆိုင်ခွဲကို အစောကြီးကတည်းက လက်လွှတ်လိုက်တော့မည်ဖြစ်သည်။

ဒါတွေအားလုံးကြောင့် သူ အလွန်အမင်း စိတ်ဝင်စားလာပါသည်။

အကြာကြီး စဥ်းစားပြီးနောက်တွင် လီရှိတစ်ယောက် ယွီအင်တာနက်ကဖေး မူရင်းဆိုင်ထဲက ထွက်လာပြီး ပိုစုံစမ်းဖို့အတွက် မင်ယွမ်ဗီလာဆိုင်ခွဲသို့ ကားမောင်းသွားဖို့ ပြင်လိုက်ပါသည်။

မင်ယွမ်ဗီလာရှိ အင်တာနက်ကဖေးဆိုင်ခွဲတွင်...

ကဖေးဆိုင်အပြင်ဘက်တွင် ကျယ်ပြန့်သည့် ကွင်းပြင်ကျယ်ကြီးတစ်ခုရှိသည်။ ဘာပဲဖြစ်ဖြစ် ဒါက ကျင်းကျိုးမြို့၏ မြို့စွန်ဖြစ်သည်။ ထို့ကြောင့် လူလည်းများများစားစားမရှိပါ။ လီရှိက ကားကို အပြင်ဘက်မှာ ပါကင်ထိုးကာ အင်တာနက်ကဖေးဆိုင်ထဲသို့ လမ်းလျှောက်ဝင်လာခဲ့ပါသည်။ ဆိုင်ခွဲနှစ်ခု၏ အပြင်အဆင်များက တစ်ပုံစံတည်း မဟုတ်ရင်တောင် စတိုင်များက ဆင်တူကြ၏။ ဒီနေရာကြီးကို လီရှိ ရင်းနှီးသလို ခံစားရပါသည်။

ထို့အပြင် ဒီဆိုင်ခွဲက မူရင်းဆိုင်ထက်တောင် ပိုပြီး လူဦးရေနည်းပါးသေးသည်။ လီရှိအတွက် ဒါက အမှတ်အများကြီး ပေးချင်စရာ ဖြစ်သည်။

သူ ကော်ဖီနေရာဆီလျှောက်သွားလိုက်ပြီး ထိုင်ကာ ကော်ဖီတစ်ခွက် မှာလိုက်ပါသည်။

သန့်ရှင်းသပ်ရပ်နေသည့် ပတ်ဝန်းကျင်က သူ့ကို အလွန်စိတ်ရွှင်ပျစေပါသည်။

သို့သော်လည်း ဒီကိုဘာကြောင့်လာခဲ့ရသလဲဆိုတာကို လီရှိမမေ့ပါ။ အင်တာနက်ကဖေး၏ ပထမထပ်ကို အကဲခတ်ကြည့်လိုက်သောအခါ မာယန်နဲ့ ကျန်းယွမ်တို့ တကယ်ပဲ ဒီမှာရှိနေကြောင်း မြင်လိုက်ရပါသည်။

သို့သော်လည်း နှစ်ယောက်စလုံးက အင်တာနက်ကဖေးမှာ ပျော်ပျော်ကြီး ဂိမ်းဆော့နေကြပါသည်။ နားကြပ်များတောင် တပ်ထားကြပြီး အလွန်အာရုံစိုက်ထားကြသည့်ပုံစံပင်။

မာယန်က လုံးဝ ဈာန်ဝင်နေပါသည်။ သို့သော်လည်း ကျန်းယွမ်ကတော့ ထုတ်မပြောနိုင်သည့် နာကျင်မှုများ အလူးအလဲ ခံနေရသည့်ပုံပင်။ ဂိမ်းဆော့တဲ့နေရာမှာ သုံးစားမရဘဲ ကိုယ့်ကိုယ်ကို သုံးစားမရမှန်းလည်း မသိသည့် ဘော့စ်တစ်ယောက်နဲ့ ဂိမ်းအတူတူကစားရတာဘယ်လောက်တောင် ရက်စက်ရာကျလဲ ခန့်မှန်းကြည့်နိုင်ပါသည်။

သို့သော်လည်း လီရှိလို အပြင်လူတစ်ယောက်၏ အမြင်မှာတော့ နှစ်ယောက်စလုံးက ပျော်ရွှင်နေကြပြီး အဆင်ပြေနေကြသည့်ပုံစံပေါက်နေပါသည်။

"ဟုတ်တယ်။ သူတို့ ဒီဆိုင်ခွဲကို အာရုံပြောင်းစိုက်လိုက်ကြပြီ။ ဒါပေမယ့်... ဘာလို့လဲ။ ဒီဆိုင်ကြီးက ဒီလောက် ဆိုးရွားနေတာကိုတောင် သူတို့က အရှုံးကနေ အမြတ်အဖြစ် ပြောင်းချင်ကြသေးတာလား။"

"မဟုတ်သေးဘူး။ အဲ့လိုတော့ ငါမထင်ဘူး။ ဘော့စ်ဖေးက အရမ်းအမြော်အမြင်ကြီးတဲ့လူ။ ဆိုင်ခွဲတစ်ခု အရှုံးပေါ်နေတောင် ဘာလို့ ဖက်တွယ်နေဦးမှာလဲ။ အကြောင်းအရင်းက ပိုနက်နဲရမယ်။"

"ငါသိသလောက်တော့ ဒီဆိုင်ခွဲရဲ့ နောက်ကွယ်မှာ နက်ရှိုင်းပြီး ရှုပ်ထွေးတဲ့ အစီအစဥ်တစ်ခုခုတော့ ရှိလိမ့်မယ်။"

နောက်တစ်ဖန် လီရှိတစ်ယောက် လျစ်လျူမရှုမိဖို့ သတိထားနေပါသည်။

အရင်တစ်ခေါက်တုန်းက အခြေအနေတွေကို ပြောင်းပြန်လှန်ပစ်ဖို့အတွက် အဆိုတော်တစ်ယောက်ကို ဖေးချမ့် အသုံးချသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ တစ်ခါသေဖူး ပျဥ်ဖိုးနားလည်ပါသည်။ အခုတော့ သာမန်ဟုထင်ရသည့် အစီအစဥ်တိုင်း၏ နောက်ကွယ်တွင် ဘော့စ်ဖေးရဲ့ လေးနက်တဲ့ ရည်ရွယ်ချက်များ ရှိနေမှန်း သိလိုက်ရပါပြီ။

ဒီတစ်ခေါက်လည်း ခြွင်းချက် မဖြစ်နိုင်ပေ။

လီရှိက မာယန်ကို သူ့အား မမြင်စေချင်ပါ။ အရင်တစ်ခေါက် အဖြစ်အပျက်ဖြစ်ပြီးသည့်နောက် ဒီမျက်နှာရှည်ရှည်ကောင်နဲ့ ဘော့စ်ဖေးတို့၏ ဆက်ဆံရေးက အလွန်ကောင်းမွန်မှန်း သူနားလည်သွားပါသည်။ သူ့ကို အားကိုးလို့ မရနိုင်တော့ပါ။

သို့သော်လည်း...

တခြား အဆင့်နိမ့် ဝန်ထမ်းများကတော့ မတူညီနိုင်ပေ။

လီရှိက အင်တာနက်ကဖေးတစ်ဆိုင်လုံးကို အကဲခတ်ကြည့်လိုက်ပြီး စားပွဲထိုးများစွာကို မြင်သွားပါသည်။ အင်တာနက်ကဖေးက လူသူကင်းမဲ့လွန်းလှသည်။ စားပွဲထိုးများကလည်း နုံးချည့်နေကြပါသည်။ ၎င်းတို့၏ ပရော်ဖက်ရှယ်နယ်လေ့ကျင့်ရေးများကြောင့်သာ ပရော်ဖက်ရှင်နယ်ဆန်သည့်ပုံပေါက်အောင် ကြိုးစားနေကြမှန်း သိသာလွန်းပါသည်။ ဒီစားပွဲထိုးတွေ လစာအများကြီးမရနိုင်ဘူးဟု လီရှိခန့်မှန်းမိသည်။

ယွီအင်တာနက်ကဖေးက ၎င်းတို့၏ အလုပ်သမားများကို ပျမ်းမျှလုပ်ငန်းစံနှုန်းများထက် ပိုကောင်းသည့် အကျိုးခံစားခွင့်များပေးသော်လည်း ဒီစားပွဲထိုးတွေက ခန္ဓာကိုယ်ဖြင့် အလုပ်လုပ်ဖို့သာ လိုအပ်သူများ ဖြစ်သည်။ ထို့ကြောင့် အများကြီး ပေးဖို့ မတန်ပါ။

ဒါသာ အမှန်ဆို လီရှိ ငွေနည်းနည်းသုံးကာ သူတို့ကိုလာဘ်ထိုးပြီး ဒီမင်ယွမ်ဗီလာာ ဆိုင်ခွဲအကြောင်း ပိုစုံစမ်းနိုင်ပါသည်။

ထိုအတွေးဖြင့် စားပွဲထိုးများစွာ၏ နာမည်နဲ့ မျက်နှာများကို တိုးတိုးတိတ်တိတ် မှတ်သားထားလိုက်ပါသည်။ သူ ကော်ဖီ နှစ်ငုံလောက် သောက်လိုက်ပြီး ဘေရှင်းကာ ထွက်လာခဲ့ပါသသည်။

စားပွဲထိုး ၂ ယောက် ၃ ယောက်လောက်ကို လာဘ်ထိုးရုံနဲ့ မလုံလောက်ဘူးဟု ထင်ရသော်လည်း လီရှိကို အလွန်အရေးကြီးသည့် အရာတစ်ခုကို ပေးနိုင်သည်။ သတင်းအချက်အလက်များ ဖြစ်ပါသည်။။ ထိုအလုပ်သမားများက လီရှိကို ဒီဆိုင်ခွဲ၏ ခြေလှမ်းများအကြောင်း သတင်းပေးနိုင်ပြီး ဘော့စ်ဖေး ဘယ်လမ်းကို ဦးတည်နေလဲဆိုတာကို သိနိုင်သရွေ့ သုံးလိုက်ရသည့်ငွေများက တန်ပါသည်။

တည်မြဲမှုကို ဦးစားပေးပါက စားပွဲထိုး တစ်ယောက်တည်းကို လာဘ်ထိုးလျှင် သူ့ကိုလူမိသွားနိုင်ခြေ နည်းပါသည်။

သို့သော်လည်း ထိုတစ်ယောက်တည်းသော စားပွဲထိုးက လီရှိကို Update အသစ်များ ပေးမှာကို စိုးရိမ်နေပါသည်။ ထိုသို့ဖြစ်လာရင် သူဘယ်လိုလုပ်ရမလဲ။ စားပွဲထိုး အနည်းငယ်ကို လာဘ်ထိုးလိုက်ပါက အနည်းဆုံးတော့ တစ်ယောက်ပြောပြသည့် သတင်းကို နောက်တစ်ယောက်နဲ့ တိုက်စစ်နိုင်ပါသည်။ ဒီလိုသာဆို သူ ရရှိလိုက်သည့် သတင်းများ၏ မှန်ကန်စိတ်ချရမှုကို တိုးမြင့်စေပါလိမ့်မည်။

အမှန်ပင်။ ဒီလိုဆို သူ့အစီအစဥ်လူမိသွားနိုင်ခြေက ပိုမြင့်သည်။ သို့သော်လည်း လီရှိ သိပ်ပြီး မစိုးရိမ်ပါ။

သူ့လက်အောက်ငယ်သားတွေကိုသာ အသုံးချပြီး ထိုစားပွဲထိုးများကို ဆက်သွယ်ခိုင်းပါမည်။ ဖေးချမ့်က ဒီကိစ္စတွေနောက်လိုက်ပြီး ဖုဟွေ့ရင်းနှီးမြှုပ်နှံမှု လက်ချက်ဖြစ်ကြောင်း သိနိုင်မှာ မဟုတ်ပါ။

စားပွဲထိုးတွေက ဖေးချမ့်ကို တိုင်ကြားလိုက်ရင်တောင် အရေးမကြီးပါ။ အလွန်ဆုံး အစီအစဥ်ကျရှုံးသွားရုံသာ ဖြစ်ပြီး လီရှိ အရှုံးမရှိပါ။

သူ စိတ်ပူရမည့် တစ်ခုတည်းသောအရာက ထိုစားပွဲထိုးများပူးပေါင်းပြီး သူ့ကို သတင်းအတုများ ပေးမှာကို ဖြစ်သည်။ သို့သော်လည်း ဘော့စ်ဖေးအပေါ် အကြွင်းမဲ့ သစ္စာရှိနေကြမှ ထိုစားပွဲထိုးများ ဒီလို လုပ်နိုင်ကြပါလိမ့်မည်။ ထို့အပြင် ငွေမက်လုံးကိုလည်း သူတို့ ခံနိုင်ရည်ရှိကြမှာမဟုတ်ဘူးမလား။

ဘယ်လိုလုပ် ခံနိုင်ရည်ရှိနိုင်မည်နည်း။

ထို့ကြောင့် လီရှိ ယုံကြည်ချက်များဖြည့် ပြည့်ဝေပါသည်။ ငွေစွမ်းအားကို သူယုံကြည်ချက်ရှိပါသည်။

နောက်တစ်နေ့...

တိုက်ဆိုင်စွာဖြင့် ဖေးချမ့် နေ့လည်ခင်းတွင် ဘာမှ လုပ်စရာမရှိပါ။ မင်ယွမ်ဗီလာရှိ ယွီအင်တာနက်ကဖေး ဆိုင်ခွဲမှာ လမ်းသွားလျှောက်ဖို့ စဥ်းစားလိုက်ပါသည်။

ဒီအခွင့်အရေးကိုယူပြီး လေဆန်ပို့ဆောင်ရေးရုံးများနဲ့ ပတ်သတ်သည့် အစီအစဥ်တိုးတက်မှုများအကြောင်းကိုလည်း မာယန်တို့အားမေးချင်သေးသည်။

လေဆန်ပို့ဆောင်ရေးရုံးများက၏ စဦးပိုင်းစီစဥ်မှုများက မရှုပ်ထွေးသေးပါ။ အဓိကအားဖြင့် ရုံးနေရာ ငှားရမ်းရမည်၊ ပြန်လည် ပြုပြင်ရမည်၊ စင်တွေနဲ့ ရုံးပစ္စည်းများဝယ်ယူရမည်၊ ဒလီဗာရီသမားများ ခန့်အပ်ရမည်၊ အမြန်ချောဖို့ ကုမ္ပဏီများနဲ့ဆက်သွယ်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးရမည်။

မာယန်နဲ့ ကျန်းယွမ်တို့က အခု ထိုကိစ္စတွေအားလုံးအတွက် တာဝန်ယူထားပါသည်။

ဘာပဲဖြစ်ဖြစ် ယွီအင်တာနက်ကဖေးနဲ့ ယွီသရေစာလုပ်ငန်းတို့က အခုအရှုံးပေါ်နေတာပဲမဟုတ်လား။ ဖေးချမ့်က ဒါကိုအတော်လေး ကျေနပ်သဖြင့် သူတို့နှစ်ယောက်ကို ယုံကြည်ထားခြင်းဖြစ်သည်။

လေဆန်ပို့ဆောင်ရေးလုပ်ငန်း ကျယ်ပြန့်လာပြီး မာယန်နဲ့ ကျန်းယွမ်တို့ကို အားကိုးလို့မရတော့သည့်အခါတွင် ဒီလုပ်ငန်းကို တခြားသူတွေလက်ထဲ စီမံဖို့လွှဲပြောင်းပေးရန် ဖေးချမ့် စဥ်းစားပါမည်။

ဘော့စ်ဖေးဝင်လာတာကိုမြင်သောအခါ အင်တာနက်ကဖေးဆိုင်ထဲက စားပွဲထိုးများက အနည်းငယ် စိတ်လှုပ်ရှားသွားကြပါသည်။ မင်ယွမ်ဗီလာက ယွီအင်တာနက်ကဖေးဆိုင်ခွဲက ဆိုင်ခွဲတွေထဲမှာ အဆိုးရွားဆုံးဆိုတာကို အားလုံးသိပြီးသားပင်။ အဖက်ဆယ်မရအောင် ဆိုးရွားနေခြင်းမျိုးဖြစ်၏။ ရုတ်တရက်ကြီး ဆိုင်ခွဲကို ပိတ်ပစ်လိုက်ပြီး အလုပ်ပြုတ်သွားမှာကို စားပွဲထိုးများက စိုးရိမ်နေကြပါသည်။

အစပိုင်းအခြေအနေများကတော့ သိပ်ပြီးမဆိုးခဲ့ပေ။ ဆိုင်ခွဲအားလုံးက အရှုံးပေါ်နေခဲ့ပြီး မင်ယွမ်ဗီလာဆိုင်ခွဲကလည်း လူသူကင်းမဲ့နေသည်။ ဘော့စ်ဖေးက လာမကြည့်သလောက်ကို ရှားပါသည်။

သို့သော်လည်း ယွီအင်တာနက်ကဖေးမူရင်းဆိုင် အမြတ်တွေစရလာတာနဲ့ အားလုံးပြောင်းလဲကုန်ပါသည်။ ဘော့စ်ဖေးက ရုတ်တရက်ကြီး မင်ယွမ်ဗီလာဆိုင်ခွဲကို အာရုံပြောင်းစိုက်လာသလိုပင်။

အင်တာနက်ဖေးမန်နေဂျာ မာယန်နဲ့ ဒေသအဆင့် မန်နေဂျာ ကျန်းယွမ်တို့ကလည် ဒီဆိုင်ခွဲမှာပဲ ရာသက်ပန်အခြေချနေကြတော့မည် ထင်သည်။ ထို့အပြင် ဘော့စ်ဖေးကလည်း ဆိုင်ကို မကြာခဏ လာလာကြည့်နေပါပြီ။ စားပွဲထိုးအားလုံးက ဖိအားအလွန်များနေပြီး စိတ်တွေလည်း အလွန်လှုပ်ရှားနေကြပါသည်။

မင်ယွမ်ဗီလာဆိုင်ခွဲက အောက်ဆုံးထိ ထိုးကျနေတာကို အထက်က စီမံခန့်ခွဲရေးသမားများက မြင်သွားတာ သိသာပါသည်။ သူတို့အားလုံးသိသလောက်ဆို ပြောင်းလဲမှု ကြီးကြီးမားမားများ ဖြစ်လာတော့မည်။ အခုတော့ အားလုံး တည်ငြိမ်နေသည့်ပုံပေါက်သော်လည်း မုန်တိုင်း ဘယ်ချိန်ရောက်လာမလဲ ဘယ်သူမှ ပြောနိုင်ကြပါ။

စားပွဲထိုးအားလုံးက ကိုယ့်အခြေအနေကိုယ်နားလည်ကြပါသည်။ သူတို့ ဒီမှာဆို လစာကောင်းကောင်း၊ အကျိုးခံစားခွင့် ကောင်းကောင်းရကြသည်။ သို့သော် ဒီအလုပ်ကို ဘယ်လောက်ကြာကြာ ဆက်ထိန်းထားနိုင်မှန်း ဘယ်သူ ပြောနိုင်မည်နည်း။

ထို့ကြောင့် တချို့က အရံအစီအစဥ်များ စတင်ချမှတ်နေကြပါပြီ။ သူတို့ကို ဒီမှာ အလွန်ကောင်းမွန်စွာ ဆက်ဆံသော်လည်း အားလုံးက တစ်ကိုယ်ကောင်းဆန်ရမည်။ သူတို့အတွက်သူတို့ စဥ်းစားရပါမည်။

"ညီအစ်ကိုချမ့် မင်းရောက်နေတာပဲ။"

မာယန်နဲ့ ကျန်းယွမ်တို့ နှစ်ယောက် ဖေးချမ့်ကို နွေးနွေးထွေးထွေး ကြိုဆိုကာ စားပွဲတစ်လုံးဆီ ခေါ်သွားပြီး ထိုင်ခိုင်းလိုက်ပါသည်။

စားပွဲထိုးတချို့က ဘေးမှာ ရပ်နေကြသည်။ ညွှန်ကြားချက်များကို စောင့်နေကြ၏။

ဖေးချမ့်က ကော်ဖီကို သောက်လိုက်ပြီး မာယန်ကို ပြောလိုက်သည်။ "ငါတို့ညီအစ်ကိုတွေကို ဒီလအတွက် ထပ်တိုးလစာ ၁,၀၀၀ ယွမ်စီ ပေးလိုက်"

မာယန်ကော၊ စားပွဲထိုးတချို့ကော တုန်လှုပ်သွားကြသည်။

ဖေးချမ့်က ရှင်းပြလိုက်သည်။ "ဒါ အားပေးတဲ့သဘောနော်။ မင်ယွမ်ဗီလာဆိုင်ခွဲအခြေအနေက အရမ်းကြီး အဆင်ပြေနေတာ မဟုတ်ဘူး။ အားလုံး ဆက်ပြီး ကြိုးစားဖို့ လိုအပ်တယ်၊ ငါတို့လက်ရှိရလဒ်တွေအတွက်လည်း အရမ်းတွေ စိတ်မဖိစီးနဲ့။ စိတ်အေးအေးထားစမ်းပါ။ ငါတို့ယွီအင်တာနက်ကဖေးက မင်းတို့ညီအစ်ကိုတွေထဲက ဘယ်သူ့ကိုမှ လက်လွှတ်မှာ မဟုတ်ဘူး။"

ဖေးချမ့်က သိပ်ပြီး မစဥ်းစားပါ။ သူ ငွေပိုဖြုန်းချင်သောကြောင့် ဖြုန်းလိုက်ခြင်းသာ ဖြစ်သည်။

ထို့အပြင် မင်ယွမ်ဗီလာဆိုင်ခွဲက ပုံမှန် အရှုံးပေါ်နေဆဲဖြစ်ကာ တိုးတက်လာမည့် လက္ခဏာလည်း မမြင်ရသေးပါ။ ဒါက သူ့အိပ်မက်တွေထဲက ရွှေစံနှုန်းလုပ်ငန်းဖြစ်ကြောင်း ခံစားမိပါသည်။ မူရင်းဆိုင် ဖြစ်လာသည့် အခြေအနေနဲ့ လုံးဝ ဆန့်ကျင်ဘက်ပင်။ ထို့ကြောင့် သူ့အသုံးစရိတ်များကို တိုးချဲ့ဖို့အတွက် ဒီမှာ ငွေများများ လာဖြုန်းရပါမည်။

သူ ပြောလို့ ပြီးသွားသောအခါ စားပွဲထိုး ၃ - ၄ ယောက်လောက်က ထူးဆန်းသည့် မျက်နှာထားတွေ ဖြစ်နေတာကို ဖေးချမ့် သတိထားမိသွားသည်။

သူတို့ကြည့်ရတာ အပျော်လွန်သော်လည်း တွန့်ဆုတ်နေကြသည့်ပုံစံပင်။

နောက်ဆုံးတော့ စားပွဲထိုးတစ်ယောက်က သတ္တိမွေးကာ ပြောလိုက်ပါသည်။ "ဘော့စ်ဖေး ကျွန်တော် တစ်ခုခု ပြောစရာ ရှိပါတယ်။ တစ်ယောက်ယောက်က ကျွန်တော့်ကို လာဘ်ထိုးဖို့ကြိုးစားပြီး ဒီဆိုင်ခွဲမှာ ဖြစ်ပျက်တဲ့သတင်းတွေကို ပြောပြခိုင်းပါတယ်။"

နောက်ထပ်စားပွဲထိုးတစ်ယောက်ကလည်း ခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။ "ကျွန်တော့်ကိုကောပဲ"

နောက်ထပ် စားပွဲထိုးတစ်ယောက်ကလည်း တွန့်ဆုတ်နေပါသည်။ သူ လိပ်ပြာမလုံမှန်း သိသာ၏။

တကယ်တော့ ဒီလျှို့ဝှက်ချက်ကို စားပွဲထိုးတစ်ယောက်မှ ဖေးချမ့်အား တင်ပြဖို့ မလိုပေ။ ဘာပဲဖြစ်ဖြစ် သူတို့က အင်တာနက်ကဖေးဆိုင်ထဲက အဆင့်နိမ့်အလုပ်သမားများသာ ဖြစ်ကြသည်။ သူတို့က ဖေးချမ့်နဲ့ မနီးစပ်သဖြင့် လျှို့ဝှက်ချက်ကို ထုတ်ပြောသည့်အတွက် အကျိုးအမြတ် မရနိုင်ပါ။

သို့သော်လည်း ဘော့စ်ဖေးက သူတို့တစ်ယောက်ချင််းစီတိုင်းကို အားပေးသည့်အနေဖြင့် ယွမ် ၁,၀၀၀ စီ တိုးပေးလိုက်သောအခါ စားပွဲထိုးများ စိတ်ပြောင်းသွားကြပါသည်။

ယွီအင်တာနက်ကဖေးဆိုင်တွင် သူတို့ ရရှိခဲ့သည့် အကျိုးခံစားခွင့်ကောင်းများကို ပြန်အမှတ်ရကာ သူတို့၏ လုပ်ရပ်အမှားကို သိမြင်လာခဲ့ကြပါသည်။

ထို့ကြောင့် တစ်ဖက်လူက သူတို့ကို ငွေတွေပိုပေးရင်တောင် တစ်ယောက်ယောက်က ခိုင်မြဲစွာ ရပ်တည်ခဲ့ပါသည်။

ဖေးချမ့် ရပ်တန့်သွား၏။

သူ အတော်လေး အံ့သြသွားရပါသည်။ ... သူ့လက်အောက်ငယ်သားတွေ လာဘ်ထိုးခံရတာကြောင့် မဟုတ်ပါ။... ဒီလိုအသုံးမဝင်သည့် သတင်းတွေရဖို့အတွက်နဲ့ တစ်ယောက်ယောက်က ငွေတွေ ပုံပေးလိမ့်မည်ဟု ထင်မထားသောကြောင့် ဖြစ်ပါသည်။

မင်ယွမ်ဗီလာဆိုင်ခွဲအခြေအနေက အလွန်ဆိုးရွားနေဆဲဖြစ်သည်။ သူလျှိုထည့်ဖို့ ဘာလို့ လိုမှာလဲ။

ငွေတွေပေါပြီး သုံးစရာနေရာမရှိလို့လား။ ငါဆိုလည်း ငါ့ပဲ လာပေးစမ်းပါ။

ဖေးချမ့်က အေးအေးဆေးဆေး မေးလိုက်ပါသည်။ "သူ မင်းကို ဘယ်လောက်ပေးလဲ။"

စားပွဲထိုးတစ်ယောက်က စက္ကန့်ပိုင်းလောက် တွန့်ဆုတ်သွားပြီး ပြန်ပြောလိုက်ပါသည်။ "သာမန်သတင်းအတွက် ၅၀၀ ယွမ်၊ အရေးကြီး သတင်းအတွက် ယွမ် ၃,၀၀၀ ပါ။"

လီရှိအမြင်မှာတော့ ဒီစားပွဲထိုးများက ဒီငွေပမာဏကို ခံနိုင်ရည်ရှိမှာမဟုတ်ပါ။ သို့သော်လည်း ယွီအင်တာနက်ကဖေးဆိုင်၏ ဝန်ထမ်းများ ခံစားရသည့် ပြိုင်ဘက်ကင်း အကျိုးခံစားခွင့်များကို သူ အထင်သေးလိုက်မိပါသည်။

ဖေးချမ့် စိတ်ထဲတွင် ကျိန်ဆဲနေမိသည်။

အဲ့လိုကိစ္စမျိုးတွေက ငါ့ဆီမှာကျတော့ ဘာလို့ လာမဖြစ်တာလဲ။

မင်ယွမ်ဗီလာ အင်တာနက်ကဖေးဆိုင်ခွဲရဲ့ သတင်းတွေပဲမဟုတ်လား။ သတင်းတချို့အတွက်နဲ့ ယွမ် ၃,၀၀၀ ကြီးများတောင် ပေးမှာလား။ မင်းတို့ ဒေဝါလီခံသွားရလောက်တဲ့အထိ သတင်းတွေ အများကြီးရောင်းပေးနိုင်တယ် ယုံမလား။

All Chapters