ဝက်ဘ်ဆိုက်အသေးစားလေး သေချာပေါက် အလိမ်ပဲ
Vol. 14 Ch. 207
ထပ်တွေးကြည့်လိုက်သောအခါမှာတော့ အလွန်ယုတ္တိရှိပုံပေါ်ပါသည်။
ယွီအင်တာနက်ကဖေးဆိုင်ခွဲများအတွက် ဖေးချမ့် သင့်တော်သော ဆိုင်နေရာများ လိုက်လံရှာဖွေခဲ့စဥ်တုန်းက လူသူကင်းမဲ့သည့် နေရာများကိုသာ ရှာဖွေခဲ့သည်။ ပြောရရင် ကျင်းကျိုးမြို့ရှိ အဆိုးဆုံး နေရာများကိုသာ ရှာဖွေခဲ့ပါသည်။
မင်ယွမ်ဗီလာဆိုင်ခွဲက ဆိုင်ခွဲအားလုံးထဲတွင် အရှုံးပေါ်နေဆုံးဆိုင်ခွဲ ဖြစ်သည်။ အမှန်ပင်။ တည်နေရာက အဆိုးတကာ့အဆိုးဆုံးဟု ပြသနေခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် အဆင့်မြင့်စားသောက်ဆိုင်ကို ဖွင့်လှစ်ဖို့ သင့်တော်သည့်နေရာကို ရှာဖွေရာတွင် ဒီတည်နေရာအား ဖေးချမ့် မျက်စိထပ်ကျမိခြင်း ဖြစ်သည်။
ဒါတွေအားလုံးကို စဥ်းစားပြီးသောအခါ အဆင်ပြေသည့်ပုံပေါ်ပါသည်။
'တောင်တွေထဲက လျှို့ဝှက်ကျောင်းဆောင်အို' (ခေါင်းစဥ်နဲ့မတူဘဲတကယ် ကျောင်းဆောင်အိုကြီး မပါဝင်သည့် နာမည်ကျော် တရုတ်ပန်းချီကားတစ်ချပ်) ပုံစံလုပ်လိုက်ရမလာား။
မင်ယွမ်ဗီလာအနီးအနားတွင် တခြား ဆိုင်များလည်း ရှိပါသည်။ သို့သော်လည်း ဆိုင်အများစုကတော့ လူသူနည်းပါးလွန်းလှ၏။ တစ်ဆိုင်ပြီး တစ်ဆိုင် ပိတ်သွားကြရပါသည်။
ထိုအချိန်တုန်းက ဖေးချမ့်က မင်ယွမ်ဗီလာနဲ့ အဝေးဆုံး ဆိုင်နေရာကို ရွေးချယ်ခဲ့ပါသည်။ ထိုနေရာတွင် ယွီအင်တာနက်ကဖေးဆိုင်ခွဲတစ်ခုကို ဖွင့်လှစ်ခဲ့ပါသည်။
ယခုတော့ တခြားဆိုင်တွေက သူ့အတွက် အသုံးဝင်နိုင်သည်။ ပိုမို ချောင်ကျသည့်နေရာတစ်ခုကို ဖေးချမ့် ရွေးချယ်ဖို့ စီစဥ်ထားသည်။ နေရာကျယ်ကြီးတစ်ခု ရှာဖွေနိုင်ရင် အကောင်းဆုံး ဖြစ်သည်။ ထို့နောက် ပြန်လည်ပြုပြင်မှုတချို့လုပ်ကာ အဆင့်မြင့် စားသောက်ဆိုင်တစ်ဆိုင်ဖွင့်လှစ်မည်ဖြစ်သည်။
စားသောက်ဆိုင်၏ အချက်အလက်များကို စားသုံးသူ Review ဝက်ဘ်ဆိုက်များမှာ ပေါကြားစေမှာ မဟုတ်ပါ။ သူ့ဝန်ထမ်းများက ထိုဆိုင်တွင် စားသောက်နိုင်သည်။ သို့သော် တခြားအချိန်တွေမှာတော့ စားသောက်ဆိုင်က အေးစက်ခြောက်ကပ်နေလိမ့်မည်။ ပြီးပြည့်စုံလွန်းပါသည်။
ဖေးချမ့်က ဘူဖေးပုံစံမျိုး အသုံးပြုမှာ မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် သူငွေသုံးဖို့ သိပ်မလိုသောကြောင့် ဖြစ်၏။ ငွေကို မြန်မြန် ဆုံးရှုံးနိုင်မှာ မဟုတ်ပါ။
မိုးထိုးနေသော စျေးနှုန်းများဖြင့် မီနူးတစ်ခုကို ဖန်တီးရမည်။ သူ့ဝန်ထမ်းတွေနဲ့ ဒီကိုလာသည့်အခါ မီနူးပေါ်က စျေးအကြီးဆုံးအရာများကိုသာ မှာယူမည်။ ထိုအခါမှ သူ ငွေကို မြန်မြန်သုံးနိုင်မည်ဖြစ်ပါသည်။
အကောင်းဆုံးနဲ့ အလတ်ဆတ်ဆုံး ဟင်းချက် ပစ္စည်းများကိုလည်း ရွေးချယ်မည်။ အနှစ်ချုပ်ပြောရလျှင် ကျင်းကျိုးမြို့က အကောင်းဆုံး ဟင်းချက်ပစ္စည်းများကိုသာ အသုံးချပါမည်။
သူတို့မှာ ကတ်စတမ်မာ သိပ်မရှိဘဲ ဟင်းချက်ပစ္စည်းတွေ အကုန်လုံး အလကားပစ်ရသွားရင် ဘယ်လိုလုပ်မလဲ။
စနစ်က ဒီလိုအပြုအမူမျိုးကိုတော့ ခွင့်ပြုမှာ မဟုတ်ပါ။
မဟုတ်ပါက ဖေးချမ့် ရူးချင်စရာကောင်းလောက်သော အစားအသောက် ပမာဏ များစွာ ဝယ်ယူပြီး တစ်နေရာရာမှာ ပုပ်သိုးသွားအောင် ပစ်ထားနိုင်သည်။ သို့သော်လည်း ဒါက စနစ်၏ ကန့်သတ်ချက်များနဲ့ ကိုက်ညီမှု ရှိပုံ မပေါ်ပေ။
အမှန်ပင်။ ဒီ့အတွက်လည်း ဖေးချမ့်မှာ အစီအစဥ် ရှိပါသည်။
သူတို့ သာမန်ဟင်းချက်ပစ္စည်းများကို ဝယ်ချင်သည့်အခါတိုင်း ဝယ်နိုင်သည်။ ဝန်ထမ်းများအတွက် ချက်ပြုတ်ပေးဖို့လည်း အသုံးချနိုင်၏။ ဘယ်လိုပဲဖြစ်ဖြစ် ကုမ္ပဏီအတွင်း ထိုဟင်းချက်ပစ္စည်းများကို စားသုံးကြရမည်ဖြစ်သည်။ အလကားဖြစ်သွားနိုင်တာက အနည်းငယ်သာ ရှိသည်။ စနစ်က ဒီလောက် ပမာဏအနည်းငယ်ကိုတော့ ဂရုစိုက်မှာ မဟုတ်ဘူးဟု ဖေးချမ့် ခန့်မှန်းမိပါသည်။
ဥရောပကျောက်ပုစွန်၊ Kobe beef (ဂျပန်မှ စျေးအလွန်ကြီးသောအမဲသား)၊ White Truffle (ရှားပါးပြီး စျေးကြီးသော မှိုတစ်မျိုး)၊ ကျောက်ပုစွန် အစရှိသဖြင့် တန်ဖိုး ပိုကြီးသော ပစ္စည်းများအတွက်တော့ ကြိုတင်မှာယူသည့်စနစ်ကို အသုံးချနိုင်သည်။ သူတို့ တစ်ရက်လောက် ကြိုတင်အချိန်ယူပြီး မှာချင်သလောက် ဟင်းချက်ပစ္စည်းများကို ကြိုတင်မှာယူနိုင်ပါသည်။
ဖေးချမ့်အတွက်တော့ ကြီးကြီးမားမား ပြဿနာ မရှိပေ။ သူတို့ဝန်ထမ်းများ စားပွဲသောက်ပွဲအတွက် စုစည်းကြသည့်အခါ အမြဲတမ်း အကြမ်းဖျင်း အိုင်ဒီယာ ရှိခဲ့၏။ အခုတော့ သူ့ဝန်ထမ်းများကို စားပွဲသောက်ပွဲအတွက် စုစည်းချင်တိုင်း စားသောက်ဆိုင်ကို ကြိုတင်အသိပေးပြီး အဆင့်မြင့် ဟင်းချက်ပစ္စည်းများကို ကြိုတင်မှာယူနိုင်ပါပြီ။
စားသောက်ဆိုင်ကို လာရောက်သည့် ကတ်စတမ်မာတချို့ကလည်း စားသောက်ဆိုင်တွင် တန်ဖိုးကြီး ဟင်းချက်ပစ္စည်းများ မရှိတာကို မြင်သွားကြလိမ့်မည်။ အားလုံးကို ကြိုတင်မှာယူရမည်ဆိုတာကိုလည်း သိသွားကြလိမ့်မည်ဖြစ်သည်။ ဒီလိုဆို သူတို့ကို စားသောက်ဆိုင်သို့ မလာအောင် တားပြီးသား ဖြစ်သွားပါလိမ့်မည်။
ဖေးချမ့်က ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင် ပစ်လိုက်ခြင်းပင်။
အချိန်တန်သည့်အခါ ပေကျင်းနဲ့ ရှန်ဟိုင်းတို့က နာမည်ကျော် စားဖိုမှူများကိုလည်း ငှားရမ်းမည်။ ၎င်းတို့၏ လစာကို ရှင်းပေးရရုံနဲ့ ဖေးချမ့် အမြောက်အများ ဖြုန်းတီးနိုင်ပါသည်။
သူ စားချင်တိုင်း စားသောက်ပွဲကြီးများ သုံးဆောင်နိုင်ပြီး အရှုံးလည်းပေါ်နိုင်မည်။ ဒါက မကောင်းလွန်းဘူးလား။
ထိုသို့တွေးရင်း ဖေးချမ့် နောက်ထပ် နှစ်ရက်အတွင်း လျှောက်ကြည့်ဖို့ ဖေးချမ့် ဆုံးဖြတ်လိုက်ပါသည်။ လူသူကင်းမဲ့ပြီး ကြီးမားသည့် နေရာတစ်ခုကို သူရှာဖွေမည်။ထိုနေရာတွင် စားသောက်ဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်မည်။ ဝန်ထမ်းအားလုံး ကာမိလောက်သည့်အထိ ကြီးဖို့လိုပါသည်။
ဇူလိုင်လ ၁၉ ရက်နေ့၊ တနင်္ဂလာနေ့....
မာယိချွမ်က ကျုံးသျန်တရုတ်နက်ခ်ဝေါ့သို့ ရောက်လာပြီး နေ့စဥ်လုပ်ငန်းဆောင်တာများ စတင်ခဲ့သည်။ Review လုပ်စရာလိုသည့် စာမူများများစားစားလည်းမရှိပေ။ အားလပ်ရပ်များအတွင်း ရရှိခဲ့သည့် စာမူများကိုပါ ထည့်ပေါင်းရင်တောင် နည်းပါးနေပါသေးသည်။ သူ့ Review အလုပ်ကို အလွန်လျှင်မြန်စွာ အဆုံးသတ်နိုင်ခဲ့သည်။ ထို့နောက် အရှုံးပေးပြီး ကယ်တင်ခြင်းခံစေအတွက် ဇာတ်လမ်း စတင်ရေးသားပါသည်။ ရုတ်တရက်ကြီး ပျင်းရိလာကာ နားဖို့ ဆုံးဖြတ်လိုက်ပါသည်။
ထို့နောက် အွန်လိုင်းစာပေ Forum ကိုဖွင့်လိုက်ပြီး ရှာဖွေရေးစတင်ခဲ့ပါသည်။ ပထမစာမျက်နှာထဲက ရေပန်းစားအကြောင်းအရာများကို စစ်ကြည့်လိုက်ပြီး ကျုံးသျန်တရုတ်စာပေနက်ခ်ဝေါ့အကြောင်း လူတွေအများကြီး ပြောနေကြတာကို မြင်လိုက်ရပါသည်။
ဒါက ထင်ထားလောက်စရာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် မာယိချွမ်က Forums များအပါအဝင် လမ်းကြောင်းပေါင်းစုံမှ ကျုံးသန် တရုတ်စာပေနက်ခ်ဝေါ့တွင် စာမူများ ရှာဖွေနေသည်ဟု သတင်းများ ဖြန့်ခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် စာရေးဆရာများစွာက ဒီအကြောင်းကို ဆွေးနွေးနေကြပါသည်။
သို့သော်လည်း Forum ပေါ်က ကောမန့်မျာားကို ကြည့်ခြင်းအားဖြင့် သူ့ဝက်ဘ်ဆိုက်က သိပ်ပြီး အခြေအနေ မကောင်းတာကို မာယိချွမ် သိလိုက်ရပါသည်။
"သိပ်မကြာသေးခင်က ဝက်ဘ်ဆိုက်အသစ်တစ်ခု ထောင်လိုက်ကြတယ်။ နာမည်က ကျုံးသချန်တရုတ်စာပေနက်ခ်ဝေါ့တဲ့။ ပေးတဲ့ လစာက မဆိုးဘူးလို့ တချို့က ပြောကြတယ်။ တစ်ရက်ကို စာလုံးရေ ၃,၀၀၀ လောက် ရေးတာနဲ့ တစ်လကို ယွမ် ၁,၀၀၀ ရမှာတဲ့။ အဆုံးမဲ့တရုတ်စာပေနက်ခ်ဝေါ့က ပေးတာထက် အများကြီး ပိုသာတယ်။ တန်ရဲ့လား။ နားလည်သူတွေ အကြံပေးကြပါဦး။"
"ဝက်ဘ်ဆိုက်က အသေးစားလေးမလား။ ငါတော့ အကြံမပေးချင်ဘူး။"
"တချို့လူတွေ စမ်းကြည့်ပြီးပြီ။ ဝက်ဘ်ဆိုက်ထဲကို ဝင်ကြည့်တဲ့လူတွေက တော်တော် နည်းတယ်လို့ ပြောကြတယ်။ ဝက်ဘ်ဆိုက်က နာမည်ကျော် စာရေးဆရာတွေလည်း မငှားဘူး။ တခြား ဝက်ဘ်ဆိုက်တွေက လူတွေကိုလည်း မခေါ်နိုင်ဘူး။ အချိန်အတော်ကြတဲ့အထိ အခြေခံ အချိန်ပြည့်လစာလေးနဲ့ပဲ ကျေနပ်ဖို့ ပြင်ဆင်ထားမှ ရမယ်..."
"မဖြစ်နိုင်တာ... တော်တော်စိတ်ညစ်ဖို့ ကောင်းပါလား။"
"တကယ် စိတ်ညစ်ဖို့ကောင်းတာ။ သူတို့ အယ်ဒီတာတွေနဲ့ စကားသွားပြောဖူးတဲ့လူရှိတယ်။ ဝက်ဘ်ဆိုက်က နည်းနည်းမြင့်တဲ့ အချိန်ပြည့် အခြေခံလစာကလွဲပြီး တခြား အကျိုးခံစားခွင့်တွေ မကမ်းလှမ်းဘူးထင်တယ်။ မင်း ရေပန်းစားလာဖို့ အိပ်မက်ရှိတယ်ဆိုရင် အဆုံးမဲ့ တရုတ်စာပေ နက်ခ်ဝေါ့မှာ စမ်းရေးကြည့်တာ ပိုကောင်းမယ်။ အဲ့ဒီဝက်ဘ်ဆိုက်အသေးစားလေးမှာ ဝတ္ထုကောင်းကောင်းလေး ရေးနိုင်ရင်တောင် ဘယ်သူမှ Subscribe လုပ်ကြမှာ မဟုတ်ဘူး။"
"မင်းအမှိုက်စာတွေပဲ ရေးတတ်ပြီး Subscription အတွက်တောင် မျှော်လင့်ချက် မရှိဘူးဆိုရင် အဲ့ဒီဝက်ဘ်ဆိုက်အသေးစားလေးကို သွားလို့ရရင်ရမှာပေါ့။"
ဒါတွေက User များ ရေးသားထားသော ကောမန့်များ ဖြစ်ပါသည်။ မာယိချွမ်က ကောမန့်များကို ဆက်ဖတ်ကြည့်လိုက်သောအခါ တချို့တွေက တခြားဝက်ဘ်ဆိုက်များမှ အယ်ဒီတာများ သို့မဟုတ် စာရေးဆရာများ ရေးထားသော စာများပါ ဖြစ်နေတာကို သတိထားလိုက်မိပါသည်။
ဘာပဲဖြစ်ဖြစ် မာယိချွမ်က ဒီ Forum များကို သုံးစွဲနေတာကြာပါပြီ။ ID များကိုလည်း ရင်းရင်းနှီးနှီး သိပါသည်။
"အားလုံးပဲ အဲ့ဝက်ဘ်ဆိုက်ကို မသွားကြနဲ့။ လူလိမ်တွေဖြစ်မယ်။"
"ဝက်ဘ်ဆိုက်က ဘာမားကတ်တင်းမှလည်း မလုပ်ဘူး။ လူတွေနဲ့ ဆက်သွယ်နိုင်ဖို့ လမ်းကြောင်းတွေလည်း ဘာမှ မရှိကြဘူး။ ဘယ်လိုလုပ် စာဖတ်သူတွေ ရှိပါ့မလဲ။ စာကြည့်တိုက်ထဲက စာအုပ်တွေကလည်း အမှိုက်တွေချည်းပဲ။ အချိန်တွေကြာလာတာနဲ့ သံသရာလည်လာမှာပဲ။ အဆုံးမဲ့တရုတ်စာပေ နက်ခ်ဝေါ့မှာ ရေးရင် လစာနည်းနည်းပဲ ရရင်တောင် အနည်းဆုံးတော့ Subscription အတွက် မျှော်လင့်ချက် ရှိသေးတယ်။"
"ဟုတ်တယ် အဲ့ဒီဝက်ဘ်ဆိုက်ကို ငွေကြေးခဝါချဖို့ ဖွင့်ထားတာများလားလို့တောင် သံသယဖြစ်မိတယ်။ မဟုတ်ရင် အခြေခံလစာ မြင့်မြင့်ပေးရုံနဲ့ စာရေးဆရာကောင်းတွေကို ခေါ်နိုင်မယ်ထင်ထားတဲ့ ဖန်တီးသူက တော်တော် ကလေးဆန်တာပဲဖြစ်မယ်။ ဟာသပဲ။"
"အဲ့တာကြောင့် လူသစ်တွေ အကုန်လုံးကို အဲ့ဝက်ဘ်ဆိုက်ကို ရှောင်ကြဖို့ ငါပြောနေတာပေါ့။ သေချာပေါက် အလိမ်အညာပဲ။ မင်းတို့ အွန်လိုင်းစာပေကောင်းကောင်းကို မြင်ချင်ရင် ပိုကြီးတဲ့ဝက်ဘ်ဆိုက်တွေကို သွားသင့်တယ်။ ဒီဝက်ဘ်ဆိုက်သာ ပိတ်ချလိုက်ရပြီး အခြေခံလစာတောင် မရလိုက်ဘူးဆိုရင် မင်းတို့ ထိုင်ငိုရုံကလွဲပြီး ဘာမှလုပ်လို့ရမှာ မဟုတ်တော့ဘူးနော်။"
မာယိချွမ် ထိုကောမန့်များကို ဖတ်ကြည့်ရင်း သက်ပြင်းချလိုက်မိပါသည်။ ထိုကောမန့်များကို ပြန်ချေပချင်စိတ်များ အလွန်ပြင်းပြနေသော်လည်း သူတို့ပြောတာ အဓိပ္ပာယ်ရှိသည်ဟု ခံစားနေရပါသည်။ မာယိချွမ်၏ ရှုထောင့်က ကြည့်လျှင် သူဘော့စ်ဖေးကို အပြည့်အဝ ယုံကြည်ထား၏။ ဒီဝက်ဘ်ဆိုက်ကို ရေပန်းစားလာအောင်လုပ်ဖို့လည်း ဘော့စ်ဖေးမှာ အစီအစဥ်ရှိလိမ့်မည်ဟု သူယုံကြည်ထားပါသည်။
သို့သော်လည်း အပြင်လူအားလုံးကတော့ ကျုံးသျန်တရုတ်စာပေနက်ခ်ဝေါ့မှာ လုံးဝ စိတ်ချလို့မရဘူးဟု မြင်ကြပါလိမ့်မည်။
ပြိုင်ဘက်ဝက်ဘ်ဆိုက်များမှ အယ်ဒီတာများနဲ့ စာရေးဆရာများက မီးလောင်ရာလေပင့်နေတာသာ ဖြစ်သော်လည်း မာယိချွမ်မတတ်နိုင်ဘဲ သူတို့ပြောနေတာ အများစုက မှန်ကန်နေသည်ဟု ဝန်ခံရပါမည်။ သူတို့က စာရေးဆရာကောင်းများကိုလည်း မဝယ်ယူ၊ ရှယ်ယာများလည်း လက်မခံဘဲ၊ စာဖတ်သူများကိုလည်း သူတို့ဝက်ဘ်ဆိုက်သို့ လမ်းညွှန်ခြင်း မပြုပေ။ သူတို့၏ ပိုကောင်းသည့် အချိန်ပြည့်လစာတစ်ခုတည်းနဲ့တော့ စာရေးဆရာကောင်းများကို ဆွဲဆောင်နိုင်မှာ မဟုတ်ပေ။
မာယိချွမ်က Forum ကိုပိတ်လိုက်ပြီး အလုပ်ပြန်လုပ်လိုက်ပါသည်။
ဝက်ဘ်ဆိုက်ကိုတည်ထောင်ပြီးပါပြီ။ သူတို့ လက်ခံထားသည့် စာမူများ၏ စာရေးဆရာများကလည်း အပိုင်းသစ်များကို ရေးသားနေသည်။ နယ်ပယ်ပေါင်းစုံတွင် အားလုံးနီးပါး ဖြည့်သွင်းပြီးထားပြီ ဖြစ်သည်။ ဝက်ဘ်ဆိုက်၏ ပထမစာမျက်နှာရှိ ကြော်ငြာနေရာလည်း အပါအဝင်ဖြစ်သည်။ အနည်းဆုံးတော့ အပေါ်ယံမှာ ကြည့်ကောင်းနေပါသည်။
ထို့အပြင် ဝက်ဘ်ဆိုက်ကိုလည်း လှလှပပ ဖန်တီးထားပါသည်။ သူတို့ ထို့အတွက်လည်း ငွေအမြောက်အများ သုံးခဲ့ကြသည်မဟုတ်ပါလား။
သို့သော်လည်း အမှန်တရားကိုမြင်နိုင်ဖို့က ပထမစာမျက်နှာရှိ စာအုပ်တစ်အုပ်ကိုသာ ဖတ်ကြည့်လိုက်ဖို့ လိုပါသည်။ အကုန်လုံးက ဖတ်လို့တောင်မရပါ။ နာမည်တွေအကုန်လုံးမှာ 'နတ်ဘုရားဧကရာဇ်', 'သူရူးခင်ပွန်း', 'သူရူးကြေးစား' စသဖြင့် ပုံစံတူတွေသာ ပါနေသည်။ 'အကျင့်မကောင်းတဲ့ မိန်းမက စကားနားမထောင်ဘူး', 'စိတ်မဆိုးပါနဲ့ စီအီးအို', 'မျက်နှာဖုံးနဲ့ စီအီးအိုရဲ့ ငယ်ရွယ်ကျော့ရှင်းတဲ့ ဇနီးသည်' အစရှိသော စာအုပ်တချို့က အမျိုးသမီးများကိုတောင် ပစ်မှတ်ထားထားပါသည်။
စာအုပ်ခေါင်းစဥ်များက အလွန်သာမန်ဆန်သည်။ ၎င်းတို့ အကြောင်းအရာကလည်း ပိုလို့တောင် သာမန်ဆန်ပါသေးသည်။ အကုန်လုံးက ရိုးအီနေသော ဇာတ်ကြောင်းများသာ ဖြစ်သည်။ အဆုံးမဲ့တရုတ်စာပေနက်ခ်ဝေါ့မှာသာ တင်လိုက်ပါက သေချာပေါက် ကျရှုံးပါလိမ့်မည်။
အဆိုးဆုံးအချက်က ထိုစာအုပ်တွေကတောင် အကောင်းထဲပါသေးသည်။ ထို့ကြောင့်လည်း ပထမစာမျက်နှာမှာ တင်ထားရခြင်းဖြစ်၏။ ဒီစံနှုန်းအောက်နိမ့်သည့်စာအုပ်များ ရှိပါသေးသည်။
မာယိချွမ်က ခေါင်းခါလိုက်ပြီး သက်ပြင်းချလိုက်ပါသည်။ အမှန်ပင်။ ဘော့စ်ဖေးပြောသလိုပဲ ဒီကိစ္စတွေကို လောလို့ မဖြစ်ပါ။
အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ ဂိမ်းအတွက် ဇာတ်လမ်းကိုသာ သူရေးဖို့ အာရုံစိုက်ထားသင့်သည်။ ဘာပဲဖြစ်ဖြစ် သူ့မှာ တခြားဘာမှလုပ်စရာလည်းမရှိိပေ။ သူ့အားအင်အကုန်လုံးကို ဒီဇာတ်လမ်းအား ပြီးပြည့်စုံအောင်လုပ်ဖို့ အာရုံစိုက်ထားလို့ရပါသည်။ အယ်ဒီတာများစွာက အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ ဇာတ်လမ်းကိုရေးဖို့ စိတ်လှုပ်ရှားနေကြပါသည်။ သူတို့ ပုံမှန် ထိုအကြောင်းကို ဆွေးနွေးကြသည်။ အသေးစိတ်များနဲ့ ပတ်သတ်လို့ အခက်အခဲများ ရှိလာပါက အချင်းချင်း ဆက်သွယ်ပြီး ဖြေရှင်းကြပါသည်။
အပိုင်းသစ်များပြီးဆုံးတာ အလွန်နှေးပါသည်။ တကယ်တော့ ပုံမှန်သတ်မှတ်ချက်ကို မှီရုံဆိုရုံလေးသာ ရှိသည်။
သို့သော်လည်း ဘယ်သူမှ စိတ်ထဲ မထားကြပါ။ ဘာပဲဖြစ်ဖြစ် ဘော့စ်ဖေးထံမှ သူတို့ရထားသည့် အကျိုးခံစားခွင့်နဲ့ လခများက ကောင်းမွန်လွန်းပါသည်။ စာရေးခြင်းအတွက် အခြေခံ အပိုလစာရဖို့အတွက်နဲ့ သူတို့ ခက်ခက်ခဲခဲ ကြိုးစားနေဖို့ မလိုအပ်ပေ။
မာယိချွမ်အတွက်တော့ ဒါက ကောင်းတဲ့အရာပဲ ဖြစ်သည်။ အနည်းဆုံးတော့ ရေးသားထားသည့် ဇာတ်လမ်းတွေအတွက် မလိုအပ်သည့် အပိုအကြောင်းအရာများ ရှိမှာ မဟုတ်ပေ။
'နှေးကွေးသည့်အနုပညာရှင်တစ်ယောက်က ပညာရှင်ဆန်သည့် လက်ရာကို ထုတ်လုပ်နိုင်သည်' ဟူသည့် ဆိုရိုးစကားအတိုင်းပင်။ သူတို့ ဖြည်းဖြည်းချင်းရေးသားပါက ပိုကောင်းအောင် ရေးနိုင်မည်ဟုတော့ အာမမခံနိုင်ပါ။ သို့သော် ဒီ့ထက်မြန်မြန်ရေးရင်တော့ သေချာပေါက် အပြစ်အနာအဆာများ ပါလာလိမ့်မည်။
အရှုံးပေးပြီးကယ်တင်ခြင်းခံစေ၏ ဇာတ်လမ်းက ဂိမ်းအတွက် ဝန်ဆောင်မှုတစ်ခုလိုပင်။ ၎င်းတို့၏ ပစ်မှတ်က စကားလုံးအရေအတွက် တစ်ခုကို ပြည့်မှီဖို့မဟုတ်ပေ။ စာလုံးရေ ပိုနည်းလေလေ ပိုကောင်းလေလေ ဖြစ်ပါသည်။