← Chapters

ကိုယ့်ကိုယ်ကိုကော သူများတွေကိုကော ထိခိုက်အောင် လုပ်တာဘယ်သူလဲ

Vol. 14 Ch. 208

ကိုယ့်ကိုယ်ကိုကော သူများတွေကိုကော ထိခိုက်အောင် လုပ်တာဘယ်သူလဲ

Vol. 14 Ch. 208

မင်ယွမ်ဗီလာ၏ ယွီအင်တာနက်ကဖေးဆိုင်ခွဲတွင်....

ဖေးချမ့်က မာယန်နဲ့ ကျန်းယွမ်တို့နဲ့ အတူတူရှိနေပြီး အသစ်ဖွင့်မည့် အဆင့်မြင့်စားသောက်ဆိုင်အတွက် တည်နေရာများ လိုက်လံရှာဖွေ စစ်ဆေးနေပါသည်။ တကယ်တော့ ဒီနယ်မြေထဲက ဆိုင်နေရာအားလုံးကို သူတို့တစ်ခေါက် စစ်ဆေးပြီးပါပြီ။ ဒီနယ်မြေထဲက စီးပွားရေး အခြေအနေကိုလည်း သူတို့ ယေဘုယျအားဖြင့် နားလည်ထားကြသည်။

အနှစ်ချုပ်ပြောရလျှင် ဒီနေရာက အေးစက်ပြီး ခြောက်သွေ့နေတာတောင် ဘော့စ်ဖေးက အလွန်ကျေနပ်နေပါသည်။

မင်ယွမ်ဗီလာအတွက် မူလအစီအစဥ်က အနီးအနားမှာ ဆိုင်တွေထားရှိဖို့ဖြစ်ပါသည်။ သို့သော်လည်း ထိုနေရာက ရေပန်းစားမလာဘဲ ဗီလာတွင် နေထိုင်သူပမာဏလည်း နည်းပါးသဖြင့် ဆိုင်တွေမှာ လာရောက်အားပေးသူများလည်း နည်းပါးသွားပါသည်။ ဘယ်ဆိုင်မှ အရင်းပြန်မရခဲ့ကြပါ။ တစ်ဆိုင်ပြီး တစ်ဆိုင် ပိတ်သွားခဲ့ကြရပါသည်။

ယခု ဆိုင်နေရာများစွာအတွက် ဆိုင်ငှားခက စျေးပေါနေပါပြီ။ ဆိုင်နေရာတစ်ခုကို စျေးကွက်ထဲက ပျမ်းမျှစျေး၏ ၇၀ ရာခိုင်နှုန်းလောက်နဲ့ ငှားရမ်းနိုင်ပါသည်။

လွန်ခဲ့သည့် ရက်ပိုင်းလောက်က ဖေးချမ့် သူသဘောကျသည့် ဆိုင်နေရာ ၂ နေရာ ၃ နေရာလောက်ကို ရွေးချယ်ခဲ့ပါသည်။ အားလုံးက ယွီအင်တာနက်ကဖေးနဲ့ ခပ်လှမ်းလှမ်းမှာ တည်ရှိကြပါသည်။

ထိုဆိုင်တွေအားလုံးမှာ တူညီသည့်အချက် များစွာရှိသည်။ ပထမဆုံး အားလုံးက ကြီးမားကြ၏။ နယ်မြေက ကျယ်ပြန့်သည်။ ဒါက စားသောက်ဆိုင်အကြီးကြီးဖွင့်မည့် ဘော့စ်ဖေး၏ လိုအပ်ချက်နဲ့ ကိုက်ညီမှုရှိပါသည်။ ဒုတိယက ထိုဆိုင်တွေအားလုံးမှာ ပိတ်ခံထားရသည့် ဆိုင်တချို့၏ အလယ်ခေါင်တွင် ဖြစ်သည်။ ဘေးပတ်လည်က အေးစက်ပြီး လူသူကင်းမဲ့လွန်းပါသည်။ စားသောက်ဆိုင်ကလည်း သာမန်နေ့တွင်မှာ အာရုံသိပ်စိုက်ခံရမှာ မဟုတ်ပေ။ တတိယအချက်ကတော့ ထိုဆိုင်တွေကိုသွားဖို့ အဆင်မပြေ မလွယ်ကူလှပေ။

အနီးအနားမှာတော့ ပါကင်ထိုးသည့်နေရာ အများကြီးရှိပါသည်။ သို့သော်လည်း ပါကင်ထိုးပြီးနောက် စားသောက်ဆိုင်သို့ အဝေးကြီး လမ်းလျှောက်ကြရပါမည်။

ထို့ကြောင့် ဒီနေ့ ထိုတည်နေရာများကို နောက်ဆုံးတစ်ခေါက် သွားကြည့်ဖို့ ဖေးချမ့် ဆုံးဖြတ်ခဲ့ပါသည်။ တည်နေရာများကို နောက်ဆုံးတစ်ကြိမ် အတည်ပြုပြီးသည့်အခါ စာချုပ်ချုပ်ဆိုပြီး ပြုပြင်မှုများ စလုပ်လို့ရပါပြီ။ အားလုံးအဆင်ပြေသွားပါက နောက်လ သူ့ဝန်ထမ်းများကို စားသောက်ဖို့ ဒီကိုခေါ်လာနိုင်ရင် ခေါ်လာနိုင်ပါလိမ့်မည်။

ကျန်းယွမ်က ဘော့စ်ဖေးနဲ့ မာယန်တို့နောက်မှ တိတ်ဆိတ်စွာ ဆက်လိုက်နေပါသည်။ ဘော့စ်ဖေး နောက်ထပ် ဘာလုပ်မလဲဆိုတာကို ခန့်မှန်းဖို့ ပိုပိုခက်လာသည်ဟု ခံစားမိ၏။

စားသောက်ဆိုင်ဖွင့်ဖို့အတွက် သူရွေးချယ်လိုက်သည့် နေရာအားလုံးက အဓိပ္ပာယ်မဲ့လွန်းနေပါသည်။

ဘော့စ်ဖေးက အဆင့်မြင့်စားသောက်ဆိုင်တစ်ဆိုင်ဖွင့်တော့မည်ဟု သူပထမဆုံးကြားလိုက်ရစဥ်က ကျန်းယွမ်အတော်လေး ပျော်ရွှင်မိပါသည်။ နောက်ဆုံးတော့ ဘော့စ်ဖေး နောက်ဘာဆက်လုပ်မလဲဆိုတာကိုခန့်မှန်းနိုင်ပြီဟု သူထင်ခဲ့မိ၏။

ယွီသရေစာလုပ်ငန်းက အဆင့်နိမ့် နေ့စဥ်အစားအစာများကို ကာမိပြီး အဆင့်မြင့်စားသောက်ဆိုင်ကြီးကတော့ အဆင့်မြင့်မြင့်မှ ကြိုက်တတ်သူများအတွက် ကိုက်ညီပါလိမ့်မည်။ လုပ်ငန်းနှစ်ခုက တစ်ခုနဲ့ တစ်ခု လိုက်ဖက်မှုရှိကာ ပြီးပြည့်စုံနေပါသည်။ အဆင့်မြင့်စားသောက်ဆိုင်ကို မြို့ဗဟိုမှာ ဖွင့်လိမ့်မည်ဟု ကျန်းယွမ်ခန့်မှန်းခဲ့သည်။ ဒီလိုဆို သေချာပေါက် ရေပန်းစားကာ လူစည်ကားလာပါလိမ့်မည်။

သို့သော်လည်း ဘော့စ်ဖေးလုပ်ရပ်ကြောင့် သူတော်တော်လေး စိတ်ရှုပ်သွားပါသည်။

ဆိုင်ခွဲက အဆိုးတကာ့ အဆိုးဆုံးဖြစ်နေတာတောင် မင်ယွမ်ဗီလာ ယွီအင်တာနက်ကဖေးဆိုင်ခွဲနားက နေရာကို ရွေးလိုက်တယ်တဲ့လား။

မင်ယွမ်ဗီလာက ကျင်းကျိုးမြို့၏ အရှေ့တောင်ဘက်မှာ တည်ရှိသည်။ အစကတည်းက လူသူနည်းပါးနေသော နေရာတစ်ခုဖြစ်ပါသည်။

ဘော့စ်ဖေးသာ မြို့တော်ဗဟိုမှာ စားသောက်ဆိုင်ကို ဖွင့်လိုက်ပါက ကျင်းကျိုးမြို့ တစ်မြို့လုံးကို ကာမိလိမ့်မည်။ တစ်ယောက်ယောက်က မြို့စွန်မှာနေတယ်ဆိုရင်တောင် မြို့တော်ဗဟိုကိုလာဖို့အတွက် ၁ နာရီလောက်သာ ကားမောင်းလာရပါလိမ့်ည်။

အမှန်ပင်။ ဒါကလည်း ကားလမ်း မပိတ်မှ ဖြစ်မည်။

သို့သော် စားသောက်ဆိုင်ကို မြို့၏ အရှေ့တောင်ဘက်တွင်ဖွင့်လိုက်ခြင်းအားဖြင့် မြောက်ပိုင်းနဲ့ အနောက်ပိုင်းတို့မှာ နေထိုင်သူများက လာရောက်ချင်လျှင် တစ်မြို့လုံးကို ဖြတ်မောင်းလာရမည်ဟု အဓိပ္ပာယ်ရပါသည်။ ဒီလိုဆို ၁ နာရီကျော် သို့မဟုတ် ၂ နာရီနီးပါးပင် ကြာသွားလိမ့်မည်။

သူတို့ စားသောက်ပြီးရင်တောင် အပြန်အတွက် ၂ နာရီထပ်မောင်းရမည်။ ညနေခင်း ကားအကျပ်ဆုံးအချိန်မှာဖြစ်သည်။

ဒီလိုတွေးကြည့်လိုက်ရုံနဲ့တောင် အသက်ရှူကျပ်ဖို့ကောင်းပါသည်။

ထို့အပြင် ထိုနေရာက စီးပွားရေး ပတ်ဝန်းကျင်မှာ ကောင်းမွန်မှုမရှိပါ။ ဖျော်ဖြေရေး လုပ်ငန်းများလည်းမရှိပေ။ လူတွေက စားသောက်ဖို့အတွက်တစ်ခုတည်းနဲ့ ဒီလောက်ခရီးအဝေးကြီး ဘာကြောင့်လာရမှာလဲ။

ဘယ်လိုရှုထောင့်ကပဲကြည့်ကြည့် အဓိပ္ပာယ်မဲ့လွန်းပါသည်။

သို့သော်လည်း ဘော့စ်ဖေးက ဒီတည်နေရာကို ရွေးရခြင်း၏ အကြောင်းအရင်းများကို ရှင်းပြပေးထားပြီးသားဖြစ်ပါသည်။ မင်ယွမ်ဗီလာနယ်မြေက ကျင်းကျိုးမြို့၏ နောက်ထပ် စီးပွားရေးဒေသတစ်ခုဖြစ်လာလိမ့်မည်ဟု သူခန့်မှန်းထားသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဒီလိုလှုပ်ရှားမှုများကို ကြိုတင်လုပ်ဆောင်နေရခြင်း ဖြစ်ပါသည်။

ထိုအချက်ကိုတော့ ဘော့စ်ဖေးက အလွန်ခေါင်းမာနေခဲ့သည်။

သို့သော်လည်း ကျန်းယွမ် ဒီနေရာကို ဘယ်လိုပဲ လေ့လာကြည့်ပါစေ စီးပွားရေး ဒေသတစ်ခုနဲ့ မတူပါ။ အေးစက်ပြီး ခြောက်ကပ်လွန်းလှသည်။ သူတို့သုံးယောက်သား လမ်းလျှောက်ရင်း နယ်မြေကို စစ်ဆေးကြည့်လိုက်ပါသည်။

ရုတ်တရက်ကြီး ကျန်းယွမ်၏ မျက်လုံးများ ဝိုင်းစက်သွားသည်။

ဆိုင်တစ်ဆိုင်ကို တည်ဆောက်ပြီး ပြင်ဆင်ထားတာကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။ ၂ ထပ် ဆိုင်တစ်ဆိုင်ဖြစ်ကာ အတော်လေး ကြည့်ကောင်းပါသည်။ အရင်တစ်ခေါက် ဒီကိုလာခဲ့တုန်းက ထိုဆိုင်ပိတ်ထားတာကို ကျန်းယွမ် မှတ်မိသွားသည်။ ထို့အပြင်် စွန့်ပစ်ထားသည့်ပုံတောင် ပေါက်ခဲ့ပါသည်။

ရက်ပိုင်းလောက်နဲ့ ဒီဆိုင်ကို တစ်ယောက်ယောက် လွှဲပြောင်းယူလိုက်တာလား။

ကျန်းယွမ်က ဆိုင်ရှေ့သို့ရောက်လာပြီး မေးခွန်းတချို့မေးဖို့အတွက် ဆောက်လုပ်ရေးသမားတစ်ယောက်ဆီ ချဥ်းကပ်သွားပါသည်။ ထို့နောက် ဒီနေရာမှာ ကော်ဖီဆိုင် တစ်ဆိုင်ဖွင့်ထားကြောင်း သိလိုက်ရ၏။ ကြည့်ရသလောက်ကတော့ ဒီဆိုင်၏ ပိုင်ရှင်က မင်ယွမ်ဗီလာတွင် နေထိုင်ကြသော ဝင်ငွေကောင်း နေထိုင်သူများကို ဆွဲဆောင်နိုင်ဖို့ မျှော်လင့်နေသည့်ပုံပင်။

ဒီကော်ဖီဆိုင်က ယွီအင်တာနက်ကဖေးဆိုင်၏ ကတ်စတမ်မာများကို လုယူပြီး ရောင်းအားကို ထိခိုက်မှုရှိလာစေမှာ သိသာပါသည်။ ဘာပဲဖြစ်ဖြစ် မင်ယွမ်ဗီလာနဲ့ ထိုကော်ဖီဆိုင်က ပိုနီးသည်။ လမ်းလျှောက်သွားမယ်ဆို ၁၀ မိနစ်လောက်ပဲ ကြာနိုင်ပါသည်။

သို့သော်လည်း ဒီနေရာကြီးက ချင်းချင်းပဲ ပိုကြည့်ကောင်းလာခဲ့သည်။

ဘော့စ်ဖေးကတော့ မည်သည့် ခံစားချက်မှ မရှိသော မျက်နှာနဲ့ လမ်းဆက်လျှောက်နေခဲ့သည်။ ထို့နောက် သူရွေးချယ်ထားသည့် ပထမဆုံး တည်နေရာသို့ ရောက်လာခဲ့ပါသည်။ ပထမတောာ့ ဒီနေရာကြီးက ပိတ်ထားသည့် ဆိုင်များစွာ၏ အလယ်တွင် ရှိနေသဖြင့် ဖေးချမ့် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ အေးစက်ပြီး လူသူကင်းမဲ့လွန်းသည်။ သူ့အဆင့်မြင့်စားသောက်ဆိုင်ကို ဖုံးထားဖို့ နေရာကောင်း ဖြစ်ပါသည်။

သို့သော်လည်း အနီးဆုံးလမ်းမတစ်လျှောက်တွင် နောက်ထပ် ဆိုင်ကြီးတစ်ဆိုင်ကို ပြန်လည် ပြုပြင်နေကြပါသည်။

ကျန်းယွမ်က ဆောက်လုပ်ရေးသမားများကို စကားထပ်သွားပြောကြည့်လိုက်တော့ ဒီနေရာမှာ ဘားတစ်ခုဖွင့်မလို့ဖြစ်ကြောင်း သိလိုက်ရပါသည်။ ထို့အပြင် ဆိုင်နေရာနဲ့ ပြင်ဆင်မှုများ၏ ခမ်းနားမှုကိုကြည့်ခြင်းအားဖြင့် ဒီဘားက အသေးစားတော့ ဟုတ်မည်မထင်ပါ။

ကျန်းယွမ်က ဘော့စ်ဖေးကို လေးစားစွာဖြင့် ကြည့်လိုက်မိသည်။ စီပွားရေးနဲ့ပတ်သတ်လာရင် ဘော့စ်ဖေးရဲ့ အမြင်က တကယ့်ကို အံ့သြဖို့ကောင်းတာပဲ။

လွန်ခဲ့သည့် ရက်ပိုင်းလောက်ကမှ ဒီနေရာကြီး၏ စီးပွားရေး ပတ်ဝန်းကျင်က အလွန်လျှင်မြန်သော နှုန်းဖြင့် တိုးတက်လာပြီး ကျင်းကျိုးမြို့၏ နောက်ထပ် စီးပွားရေးဒေသတစ်ခုဖြစ်လာမည်ဟု သူပြောခဲ့သည်။ အခုတော့ တစ်ယောက်ယောက်က တကယ်ပဲဒီနေရာကြီးမှာ ရင်းနှီးမြှုပ်နှံလာခဲ့ပါသည်။ ဒီနေရာကြီးက လူသူကင်းမဲ့ပြီး ဘယ်သူမှမရှိသေးသော်လည်း ဆိုင်ခန်းများ ဆောက်လုပ် ပြီးစီးသွားတာနဲ့ ဒီနေရာကြီးလည်း သေချာပေါက် သက်ဝင်လာပါလိမ့်မည်။

အဆင့်မြင့်စားသောက်ဆိုင်ကြီးကို ဒီမှာ ဖွင့်လိုက်ပါက ကတ်စတမ်မာများက စားသောက်ဖို့အတွက် နေရာတစ်နေရာရသွားမည်။ ထို့နောက် အနီးနားက ဘားမှာလည်း တစ်ခွက်နှစ်ခွက်လောက် သွားသောက်နိုင်ပါသည်။ ဒီနေရာကြီးက ချက်ချင်းပဲ အလွန် ဆွဲဆောင်မှု ရှိလာပါလိမ့်မည်။

ဘော့စ်ဖေးက တကယ်ပဲ အမြင်စူးရှပါသည်။ အားလုံးက သူ့လက်ထဲမှာ ရှိနေသည်။

ထိုအချိန်တွင် ဖေးချမ့်၏ နှုတ်ခမ်းထောင့် အနည်းငယ် တွန့်သွားပါသည်။

ဘယ်သူလဲကွ>

ဒီလို ခြောက်ကပ်တဲ့နေရာမျိုးကိုရှာဖို့ ငါအချိန်တွေအများကြီး ယူခဲ့ရတာ။ ဘာလို့ ပြဿနာလာရှာနေတာလဲ ဒီနေရာကြီးက စွန့်ပစ်ထားတဲ့ပုံတောင် ပေါက်နေတာကို ရင်းနှီးမြှုပ်နှံချင်သေးတယ်လား။ ကော်ဖီဆိုင်နဲ့ ဘားတစ်ခုတောင် ဖွင့်နေသေးတယ်။ ပိုက်ဆံအရှုံးပေါ်မှာ မကြောက်ဘူးလားကွ။

ငါက ပိုက်ဆံအရှုံးပေါ်ရင်တောင် ပြန်ဖြည့်ပေးမယ့် စနစ် ရှိတယ်။ မင်းမှာ မရှိဘူးမလား။

မင်းက ကိုယ့်ကိုယ်ကိုကော သူများကိုကော ထိခိုက်အောင် လာလုပ်နေတာပဲ။ မင်း အရူးပဲ။

ဖေးချမ့် ဆွံ့အသွားပါသည်။

ငါလိုချင်တာဆိုလို့ အရှုံးပေါ်မယ့် တိတ်ဆိတ်တဲ့ နေရာလေးတစ်ခုကိုပဲ ရှာချင်ရုံပါကွာ။ ဘာလို့ တစ်ယောက်ယောက်က ငါနဲ့ လာပူးပေါင်းနေတာလဲ။

အရေးအကြီးဆုံးက ဒီလူက ဘားတစ်ခုနဲ့ ကော်ဖီဆိုင်တစ်ဆိုင် ဖွင့်နေတာပဲ။ ဒါတွေကို ဖွင့်လိုက်တာနဲ့ မင်ယွမ်ဗီလာက လူတွေ ဒီနယ်မြေထဲ ဆွဲဆောင်ခံရမယ်။

ငါ့ အဆင့်မြင့်စားသောက်ဆိုင်ကို ဒီမှာဖွင့်လိုက်ရင် အရမ်းသိသာသွားမှာပေါ့။ လူတွေ ဒီမှာ အရက်လာသောက်ရင်း လမ်းလျှောက်ကြည့်ကြရင်းနဲ့ ငါ့စားသောက်ဆိုင်ဆီ ရောက်လာနိုင်ခြေရှိတယ်။

ဘာအကြောင်းအရင်းမှမရှိဘဲ ဒီနယ်မြေထဲက လူသွားလူလာတွေ တိုးမြင့်လာလိမ့်မယ်

ဘယ်သူက ဒီလိုနေရာမျိုးမှာ ငွေတွေရင်းနှီးမြှုပ်နှံရလောက်တဲ့အထိ သောက်ရမ်းအားနေတာလဲ...။

ဖေးချမ့်ရုတ်တရက်ကြီး တစ်စုံတစ်ခုကို သတိရသွားသည်။ သူ နားလည်သဘောပေါက်သွားပါပြီ။

သြော်... ယွီအင်တာနက်ကဖေးရဲ့ သတင်းတွေကို လာဝယ်သွားတဲ့ကောင်ပဲ ဖြစ်မယ် သူတကယ်ကြီး ငါ့သတင်းမှားတွေကို အတည်ယူနေတာပဲ မင်ယွမ်ဗီလာဝန်းကျင်က နယ်မြေက တကယ်ကြီး ရေပန်းစားလာမယ်လို့ ထင်သွားတာဖြစ်မယ်။ အဲ့တာကြောင့် ဒီနယ်မြေထဲမှာ ရင်းနှီးမြှုပ်နှံဖို့ ရွေးချယ်လိုက်တာဖြစ်မယ်။ အနာဂတ်မှာ အကျိုးခံစားခွင့် ရချင်လို့။

ဖေးချမ့် ဝမ်းနည်းသွားမိပါသည်။

မင်းတို့ကောင်တွေ တုန့်ပြန်တာ မြန်လိုက်ကြတာ။ ဒီသတင်းကို လွှင့်ထားတာ ဘယ်လောက်မှတောင် မကြာသေးဘူး။ ငါးစာကို လာဟပ်နေကြပြီ။ ငါ့ကိုဘယ်လောက်တောင် ယုံကြည်ထားကြတာလဲ...။

ဖေးချမ့်၏ စိတ်ရှုပ်နေသော မျက်နှာထားက ရုတ်တရက်ကြီး ပျော်ရွှင်သော မျက်နှာအဖြစ် ပြောင်းလဲသွားခဲ့ပါသည်။

ဒီလိုဆိုတော့ ငါ့ဘက်ကလည်း ပျော်တာပေါ့။

မင်းတို့က ဒီမှာဆိုင်တွေဖွင့်ပြီး ယွီအင်တာနက်ကဖေးဆိုင်က ကတ်တစမ်မာတွေကို မင်းတို့ဆိုင်တွေဆီ မျှားခေါ်ချင်နေတာမဟုတ်လား။ မင်းတို့က ကိုယ့်ကိုယ်ကို မီးရှို့ပြီး ငါ့ကိုပါအလင်းရအောင် လုပ်ပေးနေတာပဲ။

ငါ့အဆင့်မြင့်စားသောက်ဆိုင်အတွက် အနှောင့်အယှက်ဖြစ်လာပြီး လူမြင်နိုင်ခြေ ပိုများသွားတယ်ဆိုပေမယ့် ကိစ္စမရှိပါဘူး။ ငါ့စားသောက်ဆိုင်အတွက် တည်နေရာကို မဆုံးဖြတ်ရသေးဘူး။ တခြား တစ်နေရာရာကို ရွေးလိုက်လို့ရတာပဲ။

ဖေးချမ့်က ဒီနေရာကို လက်လျှောဖို့ ဆုံးဖြတ်လိုက်ပြီး ဆက်လျှောက်နေလိုက်ပါသည်။

မာယန်က သူ့နောက်လိုက်လာသော်လည်း ကျန်းယွမ်က ဇဝေဇဝါဖြစ်လာ၏။ ပြန်လည် မွမ်းမံမှုများဆောင်ရွက်နေသည့် ဘားကို လေ့လာလိုက်ပြီး အခုလမ်းလျှောက်ထွက်သွားပြီဖြစ်သည့် ဘော့စ်ဖေးကိုလှမ်းကြည့်လိုက်သည်။ ရုတ်တရက်ကြီး သူဘယ်သွားရမှန်း မသိတော့ပါ။

ခဏလောက်ကြာသောအခါ ဘော့စ်ဖေးအနောက်သို့သာ ပြေးလိုက်သွားတော့သည်။

ဘာလဲဟ....။

ဒီမှာဆိုင်တွေအများကြီးဖွင့်နေတယ်လေ။ ငါတို့ စားသောက်ဆိုင်အတွက် ကောင်းတာပဲ မဟုတ်ဘူးလား။ ငါတို့ချက်ချင်း ဒီနေရာကို မရွေးလိုက်သင့်ဘူးလား။ ဘော့စ်ဖေးက ပြန်လှည့်လာရမယ့်အစား ဘာလို့ ထွက်သွားတာလဲ။

သူ့စိတ်ထဲတွင် မေးခွန်းများဖြင့် ပြည့်နှက်နေခဲ့သည်။ သို့သော်လည်း ဘာမှထုတ်မမေးရဲပါ။ ထို့အစား ဘော့စ်ဖေးနောက်သို့သာ တိုးတိုးတိတ်တိတ်ဖြင့် လိုက်လာခဲ့တော့သည်။

All Chapters