← Chapters

ထူးဆန်းလေဟာနယ်လောက (ခ)

Vol. 37 Ch. 560

ထူးဆန်းလေဟာနယ်လောက (ခ)

Vol. 37 Ch. 560

သိသာစွာပင် ကျောက်စာသည် ပွားထားခြင်းဖြစ်ကာ သီးသန့်ဆန်သောပစ္စည်းမဟုတ်ပေ။

သို့သော်လည်း သည်နေရာတွင် ထားနိုင်ခြင်းက ၎င်းတွင် တစ်စုံတစ်ယောက်၏ကျင့်ကြံခြင်းအတတ်နှင့် ဉာဏ်အလင်းရခြင်းတို့အား မသက်ရောက်စေနိုင်သော သီးသန့်ပစ္စည်းရှိရပေမည်။ ထို့ကြောင့် ရွှီချင်းက စစ်ဆေးပြီးနောက်တွင် သက်ပြင်းတစ်ချက်ရှိုက်လျှက် ကျောက်စာရှေ့တွင် ထိုင်ချလိုက်သည်။

“စစ်ရေးအကျိုးပြုမှတ်တွေ အတော်လေး ပေးလိုက်ရတယ်။ ငါ့မှာ ဒီမှာ ဆင်ခြင်သုံ့သဖို့ သုံးရက်အချိန်ရတယ်။ ငါက တစ်ကြိမ်တည်းနဲ့ အောင်မြင်ရင် ပိုကောင်းတယ်။”

“ဒီမိစ္ဆာအသွင်ပြောင်းအတတ်က ငါ့အကဲဖြတ်မှုနဲ့ ကိုက်ညီပြီးတော့ တစေအင်ပါယာတောင်ကုန်းကို အပြင်မှာ ကိုယ်ထင်ပြနိုင်ပါစေလို့ မျှော်လင့်တယ်။”

ရွှီချင်း တွန့်ဆုတ်ခြင်း မရှိပေ။ သူ့နတ်အာရုံသည် သူ့ရှေ့က ကျောက်စာထံသို့ ဖြန့်ကျက်ပေါင်းစပ်သွားသည်။

သူက ကျောက်စာနှင့် ထိတွေ့သည်နှင့် ရှေးခေတ်အခါက ရောက်လာဟန်ရသော မာန်ဖီသံများကို သူ့စိတ်ထဲ၌ အဆက်မပြတ် ကြားလာရသည်။

မာန်ဖီသံများသည် အလွန်ပြင်းထန်လာကာ သူ့အား မုန်တိုင်းအလား ရိုက်ခတ်လာကြ၏။ သူ့တကိုယ်လုံး တုန်ခါလာပြီး သူသည် တည်နေရာပြောင်းစွမ်းအားများကိုလည်း စတင်ခံစားလာရသည်။

ဤသည်ကား သူ ယခင် ဆင်ခြင်သုံ့သခြင်းအတွေ့အကြုံများနှင့် လုံးဝ ကွဲပြားနေသည်။ ရွှီချင်းက မျက်လုံးများကို ဖွင့်ကြည့်လိုက်လျှင် သူ့ရှေ့တွင် ပေါ်လာသည်ကား ‘ဘာမှမရှိခြင်း’ ဖြစ်သည်။

သည်နေရာကား မိစ္ဆာအသွင်ပြောင်းဂိုဏ်း၏ ဉာဏ်အလင်းကျောက်ခန်းဆောင် မဟုတ်တော့ပါ။ သူသည် အမှန်တကယ်ပင် သလင်းကျောက်အလား ကြည်လင်နေသော ငါးကြီးတစ်ကောင်၏ခန္ဓာကိုယ်ထဲသို့ တည်နေရာပြောင်းလာခဲ့သည်။

ငါးကြီး၏ခန္ဓာကိုယ်သည် ပေတစ်ရာရှည်လျားကာ တချို့နေရာများ၌ အနက်ရောင်စာလုံးများဖြင့် ရေးထွင်းထားသည်။ ၎င်းစာလုံးများသည် ငိုကြွေးနေသော မျက်နှာများအသွင်ရှိပြီး လေဟာနယ်များထဲသို့ မြောလွင့်နေကြသည်။

ငါး၏အရှေ့တွင်ကား အစိမ်းရောင်မီးအိမ်တစ်လုံးရှိပြီး မှိန်ဖျော့ကာ ထူးဆန်းသော အလင်းအား ထုတ်လွှတ်နေသည်။ လေဟာနယ်ထဲတွင် ၎င်းသည် တစေမီးတောက်အလား လမ်းကြောင်းပြသနေ၏။

ရွှီချင်း၏စိတ်နှလုံး တုန်ခါသွားသည်။ ဤမြင်ကွင်းကား သူ့စိတ်ကူးများကို ကျော်လွန်နေသည်။ သူ့အမူအရာက ပြောင်းလဲသွားကာ ထရပ်လိုက်သည်နှင့် ငါးကြီး၏ခန္ဓာကိုယ်မှ ရှေးဟောင်းအသံတစ်ခု ထွက်ပေါ်လာသည်။

“မိစ္ဆာအသွင်ပြောင်းအတတ်အတွက် စမ်းသပ်မှုခံယူသူတစ်ယောက်…”

“သင် အခု သွားရမယ့်နေရာဟာ မိစ္ဆာအသွင်ပြောင်းအတတ်အတွက် အစစ်အမှန် သင်ယူလေ့လာရမယ့်နေရာပဲ။”

“အဲဒီနေရာကို ထူးဆန်းလောဟာနယ်လောကလို့ ခေါ်တယ်”

“ထူးဆန်းလေဟာနယ်လောကဟာ ကျွနှုပ်တို့ ဘိုးဘေး ရှာတွေ့ခဲ့တဲ့ ထူးဆန်းလောကအစိတ်အပိုင်းတစ်ခုပဲ။ သင်ဟာ အဲဒီမှာ ကတိကဝတ်စာချုပ်တစ်ခုကို ပြီးမြောက်ရမယ်။ သင် အောင်မြင်ခဲ့ရင် မိစ္ဆာအသွင်သို့ ပြောင်းလဲနိုင်စွမ်းရှိမယ်။”

“မိစ္ဆာအသွင်ပြောင်းအတတ်ဟာ ဉာဏ်အလင်းရခြင်းနဲ့ မသက်ဆိုင်ဘူး။ ဒါဟာ စာချုပ်နဲ့ပဲ သက်ဆိုင်တယ်။”

“သင်တကယ် သင်ယူရမယ့်ဟာက စာချုပ်ချုပ်ပြီးတဲ့အခါ သင့်ရဲ့သိစိတ်ပင်လယ်ထဲကို ပို့ဆောင်မယ့်မိစ္ဆာခန္ဓာကိုယ်ဖြစ်တယ်။ မိစ္ဆာအသွင်ပြောင်းခြင်းရဲ့ သဘောတရားဟာ ထူးဆန်းလေဟာနယ်လောကရဲ့စွမ်းအားကို သုံးပြီး မိစ္ဆာအသွင်ပြောင်းလဲခြင်းပဲ။ ဒါကြောင့်ပဲ ဒီလို စာချုပ်ရှိနေရတာဖြစ်တယ်။”

“စာချုပ်ချုပ်ဆိုနိုင်ခြင်းက အောင်မြင်ခြင်းလို့ မသတ်မှတ်နိုင်ဘူး။ ရှုံးနိမ့်ဖို့တောင် အခွင့်အလမ်းများတယ်။ ပြီးတော့ ထူးဆန်းလေဟာနယ်လောကဟာ ဉာဏ်များတယ်။ သင်က အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာ သင့်ကံနဲ့ပဲ သက်ဆိုင်တယ်။”

“ဒါပေမဲ့ ဒါဟာ ကျွနှုပ်တို့ဂိုဏ်းရဲ့ အထူးလျှို့ဝှက်ချက်ဖြစ်တယ်ဆိုတာ သိထားပါ။ အပြင်လူတွေကို ပေးသိလို့ မရဘူး။ စည်းကမ်းချိုးဖျက်ရင် အပြစ်ပေးခံရမယ်။”

“အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ သင်ဟာ ဒီကို ပြန်လာမယ်ဆိုရင် ‘ငါးဆီပြန်မယ်’ဆိုတဲ့ စကားကို စိတ်ထဲက ရေရွက်လိုက်ပါ။”

ရွှီချင်း၏မျက်လုံးများ တောက်ပသွားသည်။ အသံသည် သူ့အား ဦးတည်ပြောခြင်းမဟုတ်ကြောင်း သိသာသည်။ ၎င်းသည် အသံဖမ်းစကားလုံးများ ဖြစ်ကြသည်။

ရွှီချင်း တွေးနေစဉ်မှာပင် သူ့မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူက အဝေးတွင်ရှိသော လောကတစ်ခု၌ ဧရာမကြီးမားသော မျက်လုံးတစ်ဘက်ဖြင့် ရုပ်တုကြီးအား မြင်သည်။

ကျောက်ရုပ်ကြီး၏ရင်ဘတ်တွင်ကား ဟောင်းလောင်းပေါက်တစ်ခုရှိသည်။

ကျောက်ရုပ်ကြီး၏မျက်နှာမှာ ဝေဝါးနေကာ ၎င်း၏ပွင့်ဟနေသော ပါးစပ်ကိုသာ မြင်ရသည်။ အဝေးမှနေ၍ကြည့်ပါက ၎င်းသည် တခြားလောကတစ်ခုသို့ တံခါးနှင့် တူသည်။

ရွှီချင်းရှိနေသော ငါးကြီးသည် ခုန်လွှားသွားကာ ရုပ်တုကြီးရှေ့သို့ ရောက်လာသည်။

ငါးကြီး၏ခန္ဓာကိုယ်က တွန့်လိမ်သွားပြီးနောက်တွင် ၎င်းသည် ပူစီပေါင်းတစ်လုံးအား မှုတ်ထုတ်လိုက်သည်။ ရွှီချင်း၏ခန္ဓာကိုယ်သည် ထိုပူစီပေါင်းမှတစ်ဆင့် ကျောက်ရုပ်ကြီး၏ပါးစပ်ထဲကို ဝင်သွားတော့သည်။

နောက်တစ်ခဏတွင် ရွှီချင်းရှေ့၌ ပေါ်လာသည်ကား သူစိတ်ကူးနိုင်သည်ထက် ကျော်လွန်သော လောကတစ်ခု ဖြစ်နေသည်။

လောကသည် ပါးလျသော မြူများဖြင့် ဖုံးအုပ်နေပြီး ထူးဆန်းသော တီးတိုးသံများသည် ၎င်းမြူများထဲ၌ ပြန့်လွင့်နေကြ၏။ ထို၍ ထူးဆန်းသည်ကား ဧရာမအဖြူရောင်အရာဝတ္ထုတစ်ခုဖြစ်သည်။

၎င်းသည် တဖြေးဖြေးကြီးမားလာကာ ရွှီချင်း၏မြင်ကွင်းထဲသို့ ပြတ်သွားစွာ ဝင်ရောက်လာ၏။

၎င်းသည် ဧရာမဦးနှောက်ကြီးတစ်ခု ဖြစ်သည်။

၎င်းတွင် အခက်အလက်ပေါင်းများစွာ ရှိနေပြီး အလယ်တွင်လည်း တူးမြောင်းပုံစံတစ်ခု ဖြစ်ပေါ်နေသည်။ တစ်ချိန်တည်းတွင် အနက်ရောင်ဦးနှောက်အခက်အလက်ဘေးတွင်လည်း အနည်းငယ်သေးသော ဦးနှောက်အကျိတ်နှစ်ခုလည်း ရှိသည်။

၎င်းသည် မြူခိုးများထဲတွင် မြောလွင့်နေပြီး သွေးကြောများကဲ့သို့ အရာများနှင့် ဆက်သွယ်ထားသော သစ်ပင်အကိုင်းအခက်သဏ္ဍာန်များအား မြင်တွေ့နိုင်၏။

ထိုဦးနှောက်သည် ဤမြူခိုးလောကကြီး၌ သီးသန့်တည်ရှိမှုမျိုး မဟုတ်ပါ။

ရွှီချင်း၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ မြူခိုးထဲတွင် ထိုသို့သော ဦးနှောက်သစ်ပင်များစွာ ရှိနေသည်။ ၎င်းတို့သည် မြူခိုးများထဲ၌ ရွေ့လျားနေကြ၏။ ထိုအခိုက်တွင် ၎င်းတို့အရေအတွက် တစ်ရာခန့်သည် သူ့မြင်ကွင်းထဲသို့ ပေါ်လာနေကာ မြူခိုး၏အတွင်းပိုင်းများထဲ၌ ပိုမိုများပြားသော အရေအတွက်များ ရှိနေကြသေးသည်။

ယေဘုယျအရေအတွက်အား ရေတွက်၍ မရနိုင်ပါ။

ထို့အပြင် ဦးနှောက်သစ်ပင်တိုင်းသည် လှုပ်ယမ်းကာ တီးတိုးပြောနေကြသည်။

“ဒီမှာ နောက်တစ်ယောက်ဟေ့…”

“ရှုး… မင်းအသံကို နှိမ့်စမ်း… သူ့ကို မလှန့်လိုက်နဲ့…”

“အဝေးမှာလည်း နောက်တစ်ယောက် ရှိသေးတယ်။ သူတို့ အချင်းချင်း သိကြလား။”

“ငါ မသိဘူး။ ဒါပေမဲ့ ဒီတစ်ယောက်က အရသာရှိမယ့်ပုံပဲ။ အသံမျိုးနွယ်တွေ စစ်ခင်းတော့မယ် ကြားတယ်။ ငါတို့ သတိထားဖို့ လိုတယ်။”

“လာလာ… ငါ့ကို ရွေးလိုက်။ စာချုပ်ချုပ်ရအောင်။”

“မင်း မိစ္ဆာအသွင်ပြောင်းချင်လား။ ငါ ကူညီပေးနိုင်တယ်။ ငါ့ကို မင်းမှတ်ဉာဏ်တစ်ပိုင်းတစ်စကို ပေးရင် ရပြီ။”

“ဘယ်မှတ်ဉာဏ်ကိုမဆို ငါ့ကို စတေးလိုက်နိုင်တယ်။ ငါ ကြေနပ်ရင် မင်းနဲ့ စာချုပ်ချုပ်ပေးမယ်။”

ထိုအသံများအားလုံးသည် ထူးဆန်းစွာဖြင့် အသံတိုးတိုးပြောနေကြသည်။

ရွှီချင်းကား သုန်မှုန်နေသည်။ ဤသို့သော ကျင့်ကြံခြင်းအတတ်အား သူ ပထမဆုံး ကြုံတွေ့ဖူးခြင်း ဖြစ်သည်။ သူက အနီးပတ်လည်ကို တင်းမာစွာ ကြည့်လျှင် ဦးနှောက်သစ်ပင်တစ်ပင်သည် သူ့ထံသို့ မြောလွင့်လာ၏။

“သူတို့အားလုံးက မင်းကို လိမ်ကို စားချင်နေကြတာ။ ငါနဲ့စာချုပ်ချုပ်လိုက်။ မင်းက လက်မြှောက်ပြီး ငါ့ကို ထိတွေ့ဖို့ပဲလိုတယ်။ ငါက မင်းရဲ့ မှတ်ဉာဏ်အပိုင်းအစတစ်ခုကိုပဲ လိုချင်တာ။ အဲဒါကို ငါ့ကို ပေးလိုက်။ ငါ အရမ်းဆာနေပြီ။ မြန်မြန် ငါ့ကို ပေး…”

ဦးနှောက်သည် လောဘဇောကပ်နေသော ဝိညာဉ်အသံအဖြစ်ဖြင့် ပြောသည်။ သူ ပြောလျှင် သူ၏ဦးနှောက်သည်လည်း ပြင်းထန်စွာ လှုပ်ယမ်း၏။

“သူ့ကို မယုံနဲ့… သူက လူအများကြီး လိမ်ပြီးပြီ။ ဒီမတိုင်ခင်က မင်းတို့အပေါင်းအဖော်တွေကို လိမ်ပြီး စားလိုက်တာ စာချုပ်ချုပ်ဖို့ မေ့သွားတဲ့အထိပဲ။”

“ဟုတ်တယ်… သူက အရမ်းဉာဏ်များတယ်။ မင်း ငါ့ကို ရွေးရင်တော့ ငါက နည်းနည်းပဲ စားတယ်။ ငါ့ကို ပေး…”

“ငါ့ကို ပေး… ငါ အရမ်းဆာနေပြီ။ ငါ စားချင်တယ်။ ငါ့ကို ရွေး… ဒါဆို မင်းကို သွားခွင့်ပေးမယ်။”

ပတ်ဝန်းကျင်က အသံများမှာ ပိုမို၍ များပြားလာသည်။ ဒါဇင်နှင့်ချီသော ဦးနှောက်များသည် ရွှီချင်းထံသို့ ဝန်းရံလာကြ၏။ သူတို့က မကောင်းသော အကြံအစည်များနှင့် လောဘများကို ထုတ်ဖော်ပြသနေကြသည်။

ရွှီချင်း တိတ်ဆိတ်သွားကာ လမ်းတွင် ကြားခဲ့သော ရှေးဟောင်းအသံကို ပြန်အမှတ်ရသည်။

ဤသည်ကား ထူးဆန်းလေဟာနယ်လောကအပိုင်းအစ ဖြစ်သည်။ သည်နေရာနှင့် စာချုပ်ချုပ်ပါက မိစ္ဆာအသွင်ပြောင်းအတတ်အား ထုတ်ဖော်နိုင်၏။ ယခု သူ တွေ့မြင်သည်ကား မှတ်ဉာဏ်များကို စားသုံးနိုင်သော ဦးနှောက်သစ်ပင်များဖြစ်သည်။ ထို့အပြင် သူက ၎င်းတို့အား စိတ်ကြေနပ်စေရဦးမည်။

ဤသည်ကား ဉာဏ်များသော အပိုင်းဖြစ်သည်။ သူတို့က စိတ်ကြေနပ်ခြင်း မကြေနပ်ခြင်းအပေါ် မူတည်၍ ဆုံးဖြတ်နိုင်သည်။

“မှတ်ဉာဏ်…”

ရွှီချင်း မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ ထို့နောက် သူက မကောင်းသော အကြံအစည် အများဆုံး ထုတ်ဖော်ပြသနေသော ဦးနှောက်အား ကြည့်လိုက်သည်။

“ငါ မင်းကို ရွေးတယ်”

သူက ပြောလျှင် ရွှီချင်းက လက်ကို မြှောက်လိုက်သည်။

အဆက်မပြတ် လှုပ်ယမ်းနေသော ဦးနှောက်သည် ချက်ချင်း ရောက်လာကာ ရွှီချင်း၏လက်ဖဝါးနှင့် ထိတွေ့လိုက်၏။

“ဒါဆို ဘယ်မှတ်ဉာဏ်ကို ပေးမလဲ…”

အသံတစ်သံနှင့်အတူ လောဘကြီးသော သိစိတ်တစ်ခုသည် ရွှီချင်း၏စိတ်ထဲသို့ တိုးဝင်လာ၏။ သို့သော်လည်း ၎င်းသည် ကိုယ်ပိုင်ရွေးချယ်ခွင့်မရှိဘဲ ရွှီချင်း၏ဖွင့်ပေးခြင်းကို စောင့်နေရသည်။

“ငါ မင်းကို ‘ဃ၁၃၂ထဲက မှတ်ဉာဏ်တွေကို ပေးမယ်။ မင်းက ငါမမှတ်မိတာကို စားသုံးပြီးတော့ မှတ်မိနိုင်မလား ကြည့်ရအောင်။”

ရွှီချင်းက အေးစက်သော လေသံဖြင့် တီးတိုးပြောသည်။

ထိုအခိုက်တွင် သူ၏လက်နှင့် ထိတွေ့နေသော ဦးနှောက်သည် ရုတ်တရက် တုန်ခါသွား၏။

All Chapters