← Chapters

မင်းတို့ တစ်ခါမှ မကစားဖူးတဲ့ နောက်ဆုံးထွက် Update

Vol. 15 Ch. 212

မင်းတို့ တစ်ခါမှ မကစားဖူးတဲ့ နောက်ဆုံးထွက် Update

Vol. 15 Ch. 212

လင်းဝမ်တစ်ယောက် ဂိမ်းကို လေးလေးနက်နက် ဆက်ကစားခဲ့သည်။

ဒီလိုဂိမ်းမျိုးကို သူမ သဘောမကျနိုင်သေးသော်လည်း ဒီလို သမိုင်းဝင်ပြီး ဆန်းသစ်သည့် လက်ရာတွင် ပါဝင်ခွင့်ရကာ ဂိမ်းအမျိုးအစား အသစ်တစ်ခု ပေါ်ပေါက်လာမှုကို မြင်တွေ့နိုင်ဖို့အတွက် လင်းဝမ်တစ်ယောက် ပရော်ဖက်ရှင်နယ်ကျကျ လုပ်ဆောင်ဖို့ ကြိုးစားသည်။

ဒီဇိုင်နာတစ်ယောက် အနေဖြင့် ဒီလိုဂိမ်းအမျိုးအစားကို သဘောမကျရင်တောင် သူမ ဆက်လက်ကစားရမည်။ နားလည်လာဖို့အတွက် သူမ ကြိုးစားရမည်။

"ဟင်... ငါ ရွေးချယ်ခံ ဖြစ်သွားပြီ။"

ဖန်သားပြင်ပေါ်တွင် လင်းဝမ်၏ ဂိမ်းဇာတ်ကောင်မှာ ရုတ်တရက် လင်းသွားပြီး ၂ ဆ ၃ ဆလောက် ကြီးမားလာသည်။ တခြား ကစားသမားများကြားထဲတွင် ရှိန်စရာ လူ့ဘီလူးကြီးလို ဖြစ်နေသည်။

'ရွေးချယ်ခံ' စနစ်၏ ရွေးချယ်မှုကို ခံရပါက ဒီလိုပုံစံမျိုးဖြစ်လာလိမ့်မည်။ ထိုအချိန်တွင် လင်းဝမ် ဇာတ်ကောင်၏ တိုက်ပွဲစွမ်းအားများလည်း ဆတိုးသွားလေသည်။

လင်းဝမ်က ဆက်လက်'ကြိုးစား'ကာ စစ်မြေပြင်သို့ ချီတက်ပြီး တပ်ဖွဲ့များကို ရှင်းလင်း သုတ်သင်သည်။

နာရီဝက်ခန့်ကြာသောအခါ စစ်ပွဲကြီး ပြီးဆုံးသွားလေပြီ။

ယဲ့ကျစ်ကျိုးက တံခါးကို ခပ်ပျော့ပျော့ ခေါက်လိုက်၏။ လင်းဝမ်နှင့် ဆွေးနွေးစရာ ရှိသဖြင့် လာခဲ့ခြင်း ဖြစ်သည်။

အရင်ကလည်း တစ်ခေါက် လာခဲ့သည်။ သို့သော် လင်းဝမ်တစ်ယောက် ဂိမ်းကို လေးလေးနက်နက် ကစားနေသည်ကို မြင်ကာ သူမကို နှောင့်ယှက်ဖို့ မသင့်တော်ဟု ထင်သောကြောင့် စစ်ပွဲပြီးသည့်အထိ စောင့်ပြီးမှ ပြန်လာဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

"ဒါရိုက်တာလင်း ကျွန်တော် ကြော်ငြာကိစ္စ ဆွေးနွေးစရာရှိလို့ပါ။ ကျွန်တော်တို့ ဂိမ်းကို ထုတ်ဖို့ တစ်လကျော်ကျော် လိုသေးပေမယ့် ကြော်ငြာဖို့အတွက် ပြင်ဆင်ဖို့အချိန်တန်ပြီလို့ ထင်ပါတယ်။"

ယခင်တုန်းက ဂိမ်းဖန်တီးသုတေသန အတွေ့အကြုံများအရ ယဲ့ကျစ်ကျိုးနဲ့ ဝမ်ရှောင်းပင်တို့ နှစ်ယောက်စလုံး မားကတ်တင်း အစီအစဥ်ချဖို့ အချိန်ရောက်ပြီဟု ခံစားမိကြသည်။

လင်းဝမ် ရပ်တန့်သွားသည်။ "ဟင် ဒီလောက် အစောကြီးလား။"

သူမ မှတ်မိသလောက်ဆို ထန်းတာ့ဂိမ်း၏ ကြော်ငြာ အာနိသင်များက ဂိမ်းထုတ်လုပ်ပြီးမှသာ မြင်တွေ့ရလေ့ရှိသည်။ ထို့နောက် ၎င်းတို့၏ ဂိမ်းများက ချက်ချင်းဆိုသလိုပဲ ရေပန်းစားလာလေ့ ရှိပါသည်။

ဒီလောကထဲမှာ ပုံမှန်ပဲဟု လင်းဝမ် ထင်ခဲ့မိ၏။

သို့သော်လည်း ပြန်စဥ်းစားကြည့်လိုက်သောအခါ သူမ နားမလည်ခဲ့တာဖြစ်နိုင်သည်။

ဘော့စ်ဖေးက Game Designer ဂိမ်း၏ ဟန်ဆောင်ကြော်ငြာခြင်း စတိုင်ကို ကြိုတင် စီစဥ်ခဲ့မှန်း သိသာသည်။ ထိုကြော်ငြာမှုက ဂိမ်းကိုထုတ်လုပ်ပြီး အချိန်တစ်ခုကြာမှသာ အာနိသင်ရှိလိမ့်မည်။ သို့သော်လည်း ပြင်ဆင်မှုကိုတော့ စောစောလုပ်ထားရမည်။

ထိုသို့တွေးမိရင်း လင်းဝမ် ခေါင်းငြိမ့်လိုက်သည်။ "ကောင်းပြီ။ ရှင့်ရဲ့ အတွေ့အကြုံအရ ကျွန်မတို့ ဘယ်လိုလုပ်သင့်တယ်လို့ထင်လဲ။"

ယဲ့ကျစ်ကျိုးက ခေတ္တစဥ်းစားပြီးနောက် ပြောလိုက်လေသည်။ "ကျွန်တော်တို့ရဲ့ အတွေ့အကြုံအရဆိုရင်တော့ အကောင်းဆုံး ကြော်ငြာနည်းလမ်းက ဝက်ဘ်ဆိုက်စာမျက်နှာ၊ ဗီဒီယိုဝက်ဘ်ဆိုက်တွေမှာ ကြော်ငြာနေရာဝယ်သင့်တယ်လို့ထင်တယ်။ လူတွေက Ads တွေကို နှိပ်လိုက်ရုံပဲ။ အဲ့တာဆို ဂိမ်းက ပေါ်လာလိမ့်မယ်..."

လင်းဝမ် မသိစိတ်အရ မျက်မှောင်ကြုတ်မိသွာသည်။

အဆင့်နိမ့်လွန်းတယ်...

လင်းဝမ်က ထိုကဲ့သို့ ဝက်ဘ်ဆိုက်များပေါ်ရှိ မရိုးမသား၊ နားလည်မှုလွဲစေပြီး၊ ဒေါသထွက်ဖို့ကောင်းသည့် ကြော်ငြာများကို အမြဲတမ်း မုန်းတီးခဲ့သည်။ အခုတော့ သူမရဲ့ ဂိမ်းကုမ္ပဏီကိုယ်တိုင်က အဲ့လိုလုပ်မယ်တဲ့လား။

မဖြစ်နိုင်ဘူး။

ယဲ့ကျစ်ကျိုးက ဆက်ပြောသည်။ "ဒါပေမယ့် ကျွန်တော်တို့ရဲ့ လက်ရှိပြဿနာက ကျွန်တော်တို့ ဂိမ်းက mini-client ဖြစ်နေတာပဲ။"

"ကြော်ငြာမျက်နှာပြင်ပေါ်လာရင်တောင် ကစားသမားတွေက ကျွန်တော်တို့ဂိမ်းကို ကစားဖို့ဆိုရင် Content တချို့ကို ဒေါင်းလုတ်ဆွဲမှ ရမှာ။ အဲ့တာဆို ကျွန်တော်တို့ ဂိမ်းရဲ့ ကလစ်နှုန်း ကြီးကြီးမားမား လျော့သွားလိမ့်မယ်။ အဲ့တာ လျှော့တွက်လို့မရတဲ့ ပြဿနာပဲ။ ကလစ်နှုန်းကျသွားပြီဆိုရင် ကျွန်တော်တို့ ဂိမ်းဆီ ကစားသမားတွေကို ဆွဲဆောင်ဖို့ ပိုခက်ခဲသွားပြီ... ကျွန်တော်တို့ရဲ့ ကြော်ငြာခတွေကိုတောင် ပြန်ရမှာမဟုတ်လောက်ဘူး..."

လင်းဝမ် ဆွံ့အသွားသည်။

ဒီလို အဆင့်နိမ့်ပြီး ဒေါသထွက်ဖို့ကောင်းတဲ့ ကြော်ငြာနည်းလမ်းဆိုရင်တောင် အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ပြောနေတာလား။

လင်းဝမ် ခေတ္တစဥ်းစားကြည့်လိုက်ပြီး ပြောလိုက်သည်။ "ဒီကိစ္စနဲ့ပတ်သတ်ပြိး ဘော့စ်ဖေးရဲ့ အကြံပေးမှုကို မေးကြည့်ရဦးမယ်။"

ယဲ့ကျစ်ကျိုးက စိတ်လှုပ်ရှားသွားသည့် ပုံပင်။ "အဲ့တာဆို အကောင်းဆုံးပဲပေါ့ဗျာ။"

ဂိမ်းဖန်တီးမှုလုပ်ငန်းစဥ်တွင် ဘာမှမလုပ်ခင် ဒါရိုက်တာ လင်းဝမ်ကို အရင်မေးဖို့ ယဲ့ကျစ်ကျိုးအား ဖေးချမ့် မှာထား၏။

ယဲ့ကျစ်ကျိုးနှင့် ဝမ်ရှောင်းပင်တို့လည်း ထိုအတိုင်းပဲ လုပ်ခဲ့ကြသည်။ ၎င်းတို့ ဂိမ်းဖန်တီး သုတေသန လုပ်ငန်းစဥ်များအတွင် အသေးစား ပြဿနာကြုံလာတိုင်း အချင်းချင်း ဆွေးနွေးပြီးမှ လင်းဝမ်ကို ဆုံးဖြတ်ခိုင်းသည်။

သို့သော်လည်း ဘယ်သူမှ မဆုံးဖြတ်နိုင်ပါက ဘော့စ်ဖေးကို တိုင်ပင်ရလိမ့်မည်။

သူတို့ထဲက ဘယ်သူမှ ဂိမ်းအတွက် မားကတ်တင်း အိုက်ဒီယာကောင်းကောင်း မစဥ်းစားနိုင်သဖြင့် ရွေးချယ်စရာ မရှိတော့ဘဲ ဘော့စ်ဖေးကိုသာ မေးရတော့မည်။

လင်းဝမ်က နားလည်စွာဖြင့် ဖေးချမ့်ကို မက်ဆေ့ပို့ကာ Bloody Battle Song : ပိုကြမ်းသည့် ဗာရှင်းအတွက် ကြော်ငြာပလန်အကြောင်း မေးကြည့်လိုက်သည်။

ဘော့စ်ဖေးလည်း ကြော်ငြာနည်းလည်းကောင်းကောင်း မစဥ်းစားနိုင်ရင် ဘယ်လိုလုပ်မလဲ။

ဘာပဲဖြစ်ဖြစ် ၎င်းတို့ဂိမ်းကို Browser ဂိမ်းတစ်ခုအဖြစ်မှ mini-client ဂိမ်းတစ်ခုအဖြစ် ပြောင်းလဲလိိုက်သဖြင့် ဂိမ်းအမျိုးအစားက ခြားနားသွားလေပြီ။ ရိုးရိုးသာမန် ကြော်ငြာနည်းလမ်းများကတော့ အလုပ်ဖြစ်နိုင်တော့မည်မဟုတ်ပေ။

ဘော့စ်ဖေး ဖြစ်နေရင်တောင် သူမဆီကို စာပြန်ဖို့အတွက် ရက်တွေ အကြာကြီး စဥ်းစားရမယ် မဟုတ်လား။

သို့သော် မိနစ်အနည်းငယ်ကြာသောအခါ လင်းဝမ်တစ်ယောာက် ဖေးချမ့်၏ ပြန်စာကို ရလိုက်ပါသည်။

"နေဦး။ ငါ ပလန်တစ်ခု ပို့ပေးလိုက်မယ်။"

ငါးမိနစ်ကြာသောအခါ လင်းဝမ်ထံသို့ ဖေးချမ့်တစ်ယောက် စာတမ်းတစ်ခု ပို့ပေးလိုက်သည်။

လင်းဝမ် ဖွင့်ကြည့်လိုက်ပြီး ယဲ့ကျစ်ကျိုးနှင့် အတူတူ ဖတ်ကြည့်လိုက်သည်။

ဘော့စ်ဖေး အကြံပေးသည့် ကြော်ငြာနည်းလမ်းကတော့ အလွန်ရိုးရှင်းပါသည်။ Ads ဗုံးကြဲခြင်းပင်။ ၎င်းတို့ ရိုးရိုးသာမန် ကြော်ငြာနည်းလမ်းများအတိုင်းသာ ဆက်လက်ဆောင်ရွက်ရန်ဖြစ်ပြီး ကြော်ငြာများကို ဝက်ဘ်ဆိုက်စာမျက်နှာများ၊ ဗီဒီယိုဝက်ဘ်ဆိုက်များတွင် ဆက်လက်ထည့်သွင်းရမည်။ မူလ ကြော်ငြာပလန်နဲ့တောင် ဘာမှ မခြားသလိုပင်။

သို့သော်လည်း ဘော့စ်ဖေး ပို့ပေးလိုက်သည့် ပလန်တွင် တောင်းဆိုမှုတချို့တော့ ပါဝင်၏။ Cosplay လုပ်ကာ ကြော်ငြာများရိုက်ကူးဖို့အတွက် ၎င်းတို့ ကြယ်ပွင့်များ ငှားဖို့ ပိုက်ဆံ သုံးရမည်။ ထို့အပြင် ထိုကြယ်ပွင့်များက ဟောင်ကောင် နာမည်ကျော်များသာ ဖြစ်ရမည်။ ထိုနာမည်ကျော်များက ရေးထားပြီးသား ဇာတ်ညွှန်းကိုသာ ဖတ်ကြရမည်။

"ဟယ်လိုအားလုံးပဲ ကျွန်တော်က *** ဖြစ်ပါတယ်။ ရှိုးတွေအများကြီးမှာ ပါဝင်သရုပ်ဆောင်ဖူးပေမယ့် ဂိမ်းအပိုင်းမှာတော့ ကျွန်တော် Bloody Battle Song : ရှယ်ကြမ်းတဲ့ ဗားရှင်းကိုပဲ ကစားဖူးပါတယ်။ အရမ်းကို မျှတတဲ့ ဂိမ်းလေးပါ။ အားလုံးကို ဂိမ်းသူဌေးလုပ်ရတဲ့ ခံစားမှုမျိုးပေးနိုင်တယ်။ ဒီဂိမ်းကို ကစားတဲ့အခါ ခင်ဗျားတို့ရဲ့ အားသာချက်ပဲ။ ဒီနေ့ည စစ်မြေပြင်မှာ ခင်ဗျားတို့ရဲ့ ညီနောင်အဖြစ် စောင့်နေမယ်နော်"

"***က Bloody Battle Song : ရှယ်ကြမ်းတဲ့ ဗားရှင်းကို အားပေးနေတယ် ဒီဂိမ်းက အရမ်းကစားလို့ကောင်းတာ။ မင်းတို့ ဒီဂိမ်းကို လွတ်သွားရင် ဒီလိုဂိမ်းမျိုး မြင်ရဖို့အတွက် နောက်ထပ် နှစ်ပေါင်း ၁၂၀ လောက် ထပ်စောင့်ရမယ်နော်။"

"ဒါ ခင်ဗျားတို့ အရင်က တစ်ခါမှ မကစားဖူးတဲ့ နောက်ဆုံးထွက် Update ပဲ။ သုံးမိနစ်အတွင်း ကျွန်တော့်လိုမျိုးပဲ ခင်ဗျားတို့ ဒီဂိမ်းကို ကြိုက်သွားကြလိမ့်မယ်။"

...

ကျန်တာအားလုံးလည်း အပေါ်က အတိုင်းပင်။

လင်းဝမ်နှင့် ယဲ့ကျစ်ကျိုးတို့ ဇဝေဇဝါဖြင့် တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်လိုက်ကြသည်။

သူတို့ စာတမ်းကို ပိတ်ကာ ပြန်ဖွင့်ကြည့်သေး၏။ စာတမ်းများ မှားဖွင့်မိသလားဟု ထင်သွားသောကြောင့် ဖြစ်သည်။

ယဲ့ကျစ်ကျိုးတစ်ယောက် လုံးဝ စိတ်ပျက်စရာဟု စတင်ခံစားလာရသည်။ ဘော့စ်ဖေးက ပလန်ကို အလွန်လျှင်မြန်စွာ ပို့ပေးလိုက်သဖြင့် သူပြင်ဆင်ထားခဲ့တာ သိသာပါသည်။ ယဲ့ကျစ်ကျိုး သိသလောက်ဆို ဘော့စ်ဖေးက ဒီကြော်ငြာနည်းလမ်းကို ကြိုတင်စဥ်းစားပြီးသား ဖြစ်နိုင်သည်။

ဒါတောင် ဘာလို့ ဒီလို နည်းလမ်းကြီးကို ရွေးလိုက်ရတာလဲ။

ဇာတ်ညွှန်းကလည်း... အရမ်းအဆင့်နိမ့်လိုက်တာ။

အားလုံး ဝိုင်းဆဲပြီး ဝေဖန်တာကို မခံရနိုင်ဘူးလား။

Bloody Blattle Song : ပိုကြမ်းသည့် ဗားရှင်းက Paywall ဂိမ်း မဟုတ်တော့သဖြင့် နှလုံးသားရှိသည့် ဂိမ်းဟု ခေါ်နိုင်ပြီဟု ယဲ့ကျစ်ကျိုး ထင်ခဲ့မိသည်။ ၎င်းတို့၏ ဂုဏ်သတင်းကို ဆေးကြောနိုင်တော့မည်။

ဒီလိုသာဆို ဘာကြောင့် လူထုရှေ့မှာ ကိုယ့်ကိုယ်ကို ညစ်နွမ်းစေမယ့် ကြော်ငြာတွေကို ဖန်တီးရမှာလဲ။ ဒီဂိမ်းက Paywall ပါတဲ့ သာမန်ဂိမ်းမျိုးဆိုရင်တော့ ဒီလိုကြော်ငြာနည်းလမ်းမျိုးက အတော်လေး ကောင်းမွန်လိမ့်မည်။

အဘယ့်ကြောင့်ဆိုသော ဝက်ဘ်ဆိုက်ဂိမ်းများ၏ အဓိက ကစားသမားအများစုက ဂိမ်းသူဌေးများနဲ့ ဟောင်ကောင်ရုပ်ရှင်များ ကြိုက်တတ်ကြသည့် ဘော့စ်များ ဖြစ်ကြသည်။ ထို့အပြင် ဇာတ်ညွှန်းများကလည်း အလွန်တဲ့တိုးဆန်ကာ ၎င်းတို့၏ စိတ်ဝင်စားမှုကို လွယ်လွယ်ကူကူ ဖမ်းစားနိုင်၏။

သို့သော်လည်း Bloody Battle Song : ပိုကြမ်းသည့် ဗားရှင်း၏ အဓိက ပစ်မှတ် ကစားသမားများက ဂိမ်းသူဌေးများ မဟုတ်တော့ချေ။

ထို့အပြင် ဒီလိုကြော်ငြားနည်းလမ်းမျိုးက ရှေးဟောင်းဆန်သည်။ ဝက်ဘ်ဂိမ်းများ၏ သာမန် ကြော်ငြာစံနှုန်းတွေနဲ့ ယှဥ်ကြည့်ရင်တောင် ပိုအဆင့်နိမ့်သည့်ပုံပေါက်နေသည်။

သွားပြီ။ ဘော့စ်ဖေး ဘာတွေ တွေးနေလဲဆိုတာ ငါ တကယ် မသိတော့ဘူး။

ယဲ့ကျစ်ကျိုးတစ်ယောက် မေးခွန်းပေါင်းများစွာ ပါဝင်နေသော အကြည့်ဖြင့် လင်းဝမ်ကို ကြည့်လိုက်သည်။

လင်းဝမ်လည်း အတွေးနက်နက်ထဲ ရောက်နေပါသည်။ ယဲ့ကျစ်ကျိုးထက်တောင် သူမ ဒီဇာတ်ညွှန်းကို မုန်းတာ သိသာသည်။ သို့သော်လည်း သူမကတော့ ယဲ့ကျစ်ကျိုးထက် ဘော့စ်ဖေးအကြောင်း ပိုနားလည်ထားသည်။

ဘော့စ်ဖေးပြောသည့် ယုတ္တိမရှိသည့် အရာတိုင်းတွင် ပိုကြီးကျယ်သည့် အဓိပ္ပာယ်များ ရှိနေသည်။

အချိန်အကြာကြီးစဥ်းစားပြီးသည့်နောက်တွင် လင်းဝမ်တစ်ယောက် ဖြည်းညှင်းစွာ ခေါင်းငြိမ့်လိုက်သည်။ "ကျွန်မ နားလည်ပြီ။ ဘော့စ်ဖေးရဲ့ မူလရည်ရွယ်ချက်က ကစားသမားတွေကို ငွေကျွန်အဖြစ်က လွတ်မြောက်စေဖို့နဲ့ သူတို့ရဲ့ အကြိုက်ကို လွှမ်းမိုးပေးနိုင်ဖို့ပဲ။"

"ဆိုလိုတာက ဒီလိုကြော်ငြာမျိုးလုပ်ရခြင်းက Paywall ဂိမ်းတွေကိုပဲ ကြိုက်တဲ့ ကစားသမားတွေကို များနိုင်သမျှ များများ ဆွဲခေါ်ဖို့ပဲ။ အဲ့တာမှ သူတို့ရဲ့အကြိုက်ကို လွှမ်းမိုးနိုင်ပြီး ဒီဂိမ်းကတစ်ဆင့် သူတို့ရဲ့ ငွေသုံးစွဲမှု အမြင်ကို ပြောင်းလဲပေးနိုင်မှာလေ။"

"သာမန်ဝက်ဘ်ဆိုက်ဂိမ်း ကစားသမားတွေသာ ဒီလိုဂိမ်းမျိုးကို မကစားဘူးဆိုရင် ကျွန်မတို့ သူတို့ စိတ်ကို လွှမ်းမိုးနိုင်ဖို့ ဘယ်လိုလုပ် စိတ်ကူးယဥ်လို့ရမလဲ။"

ယဲ့ကျစ်ကျိုး ကြောင်သွားသည်။

"အဲ့...အဲ့လောက်ကြီးတော့ မကြီးကျယ်ဘူးမဟုတ်လား။ ဒါက ဝက်ဘ်ဆိုက်ဂိမ်းတွေကို ကြော်ငြာတဲ့ ပေါသောနေတဲ့ ကြော်ငြာနည်းလမ်းပဲလေ။"

"အပေါ်ယံကကြည့်ရင်တော့ အဲ့လိုထင်ရတာပေါ့။ ဒါပေမယ့် အဲ့ဒါထက် လေးနက်တဲ့အရာတွေ အများကြီးရှိသေးတယ်" လင်းဝမ်က ခေါင်းခါလိုက်သည်။

"ဘော့စ်ဖေး နောက်ဆက်တွဲဘယ်လိုလုပ်ရမလဲဆိုတာ သိတယ်။ ကျွန်မတို့က စောင့်ကြည့်နေရုံပဲ။"

All Chapters