ဘော့စ်ဖေးမျှော်လင့်ထားတဲ့အတိုင်း
Vol. 15 Ch. 213
ဖေးချမ့် မိနစ်ပိုင်းလောက် စောင့်နေလိုက်သည်။ လင်းဝမ် မေးခွန်းထပ်မပို့တော့ပေ။ ပြဿနာ ပြေလည်သွားပြီဆိုသည့် သဘောပင်။ တကယ်တော့ သူပို့ပေးလိုက်သည့် ကြော်ငြာပလန်မှာ သာမန်ဝက်ဘ်ဆိုက်ဂိမ်းများအတွက် အာနိသင်အရှိဆုံး နည်းလမ်းဖြစ်မှန်း ဖေးချမ့်သိပါသည်။
အရည်အသွေးနဲ့ စျေးနှုန်းအချိုးက အမြင့်ဆုံးဟု မဆိုနိုင်သော်လည်း အတော်လေး အာနိသင်ရှိလိမ့်မည်။
ဝက်ဘ်ဆိုက်ဂိမ်းများအတွက် အကောင်းဆုံး အရည်အသွေး-စျေးနှုန်းအချိုးဖြင့် ကြော်ငြာနည်းလမ်းများမှာ တခြားဂိမ်းများထံမှ ကုန်ကြမ်းများကို တိုက်ရိုက်ကူးချခြင်း သို့မဟုတ် ထူးဆန်းပြီး ရယ်ချင်စရာ ဗီဒီယိုများ ဖန်တီးခြင်း အစရှိသည်တို့ ပါဝင်သည်။ အနှစ်ချုပ်ပြောရလျှင် ၎င်းတို့၏ ရည်ရွယ်ချက်က ကလစ်အရေအတွက် များနိုင်သမျှ အများဆုံး ရရှိဖို့သာ ဖြစ်သည်။
သို့သော်လည်း ထိုကဲ့သို့ ပြုလုပ်ခြင်းမျိုးက တရားမဝင်ပါ။ တခြားသူများ၏ ပန်းချီအရင်းအမြစ်များကို စိတ်ထင်တိုင်း အသုံးချလို့မရပေ။ မဟုတ်ပါက တရားစွဲခံရနိုင်သည်။
ဖေးချမ့်က တရားမဝင်တာ ဘာမှ မလုပ်ပေ။ ထို့ကြောင့် ရွေးချယ်စရာမရှိဘဲ ရုပ်ရှင်ကြယ်ပွင့်များကို ငှားရမ်းဖို့သာ ရှိသည်။
သာမန် ဝက်ဘ်ဆိုက်ဂိမ်းများက ချမ်းသာသည့် သက်လတ်ပိုင်းကစားသမားများ၊ အောင်မြင်သည့် ကိုယ်ပိုင်ကုမ္ပဏီပိုင်ရှင်များ စသည်တို့ကို အဓိက အားဖြင့် ပစ်မှတ်ထားကြသည်။ ထိုလူတွေက ဟောင်ကောင် နာမည်ကြီးများကို ကြိုက်နှစ်သက်ကြသည်။ တစ်ချိန်တည်းမှာပင် ဂိမ်း ရုပ်ထွက်အတွက် မျှော်လင့်ချက်မြင့်မြင့် မထားကြသလို ငွေလည်း အများကြီး ပိုင်ဆိုင်ထားကြသည်။ ဂိမ်းထဲတွင် ဖော်လိုဝါ များများ ပိုင်ဆိုင်ရသည့် ခံစားချက်ကိုလည်း သဘောကျလေ့ရှိကြသည်။
ထို့ကြောင့် ထိုကဲ့သို့ လူမျိုးတွေကို ပစ်မှတ်ထားသည့် ကြော်ငြာများ ရိုက်ကူးခြင်းက အဆင်ပြေသည်။
ဟောင်ကောင် နာမည်ကျော်များက ပိုဆွဲဆောင်မှုရှိကာ ပစ်မှတ်ထား ပရိသတ်ကို နွေးထွေးစေသည့်အတွက် သူ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဘာသာစကားကိုလည်း ပစ်မှတ်ထား ပရိသတ်အတွက် သိသာစေအောင် ရိုးရိုးရှင်းရှင်း ဖန်တီးထားသည်။
၎င်းတို့ထဲတွင် လက်နက်ကိရိယာများ ရောင်းချခြင်းမှ ငွေရရှိနိုင်ခြင်း၊ လွတ်လွတ်လပ်လပ် အပေးအယူလုပ်နိုင်ခြင်း၊ စစ်ပွဲများ တိုက်နိုင်ခြင်း၊ စသည်တို့ ပါဝင်သည်။ ထိုဝိသေသလက္ခဏာ အားလုံးက ဝက်ဘ်ဆိုက်ဂိမ်း ကစားသမားများအတွက် ရေပန်းစားသည်။
ထိုအချက်အားလုံးကို ကြော်ငြာထဲတွင် ပါဝင်အောင် ထည့်သွင်းနိုင်ပါက ရိုးရှင်းပြီး အာနိသင် ရှိလိမ့်မည်။ ကြော်ငြာကလည်း ကြည့်ရှုသူများကို အလွယ်တကူ ဦးနှောက်ကျင်းနိုင်လိမ့်မည်။ သုံးစွဲလိုက်ရသည့် ငွေလည်း သုံးရကျိုးနပ်လိမ့်မည်။
ဒီလိုဆို ဘာကြောင့် ဖေးချမ့်က ဒီလိုပုံစံမျိုးနဲ့ ကြော်ငြာရိုက်ချင်ရတာလဲ။
အကြောင်းအရင်းကတော့ ရိုးရှင်းပါသည်။
ပစ်မှတ်ထားသည့် ပရိသတ်က မှားယွင်းနေပါက အာနိသင်လည်း အသုံးဝင်မည်မဟုတ်ပေ။
ဒီလိုကြော်ငြာနည်းလမ်းမျိုးက သာမန်ရိုးရိုး ဝက်ဘ်ဆိုက်ဂိမ်း ကစားသမားများကို ဆွဲဆောင်ဖို့သာ သုံးလေ့ရှိသည်။ သာမန်ကစားသမားများကတောာ့ ဒီလိုနည်းလမ်းများကို အထင်သေးကြလိမ့်မည်။
'Bloody Battle Song : ပိုကြမ်းသည့် ဗားရှင်း' ဟူ၍ နာမည်ပေးလိုက်ရခြင်းနှင့် အကြောင်းအရင်း ဆင်တူသည်။
ဒီလိုသာဆို ဖေးချမ့်က လူတွေကို သက်ရောက်မှုရှိစွာဖြင့် ဆွဲဆောာင်နိုင်မည့် ကြော်ငြာရိုက်ဖို့ ငွေဖြုန်းရင်း ဆွဲဆောင်ခံရသည့် လူတွေကလည်း ရိုးရိုး ဝက်ဘ်ဆိုက်ဂိမ်းကစားသမားများသာ ဖြစ်လိမ့်မည်။
ထိုလူတွေက ဂိမ်းရုပ်ထွက်ကို ဂရုမစိုက်ကြပေ။ ထို့အစား ငွေကိုအသုံးချပြီး များနိုင်သမျှ လူတွေအများကြီးကို အနိုင်ယူသုတ်သင်ချင်ကြခြင်းသာ ဖြစ်သည်။ ဝယ်နိုင်သမျှ ဖော်လိုဝါများကို ဝယ်ယူပြီး ကြယ်များအကြားက လတစ်စင်းလို ဖြစ်ရသည့် ခံစားချက်မျိုးကို ဇိမ်ခံချင်ကြခြင်း ဖြစ်သည်။
သို့သော် 'Bloody Battle Song : ပိုကြမ်းသည့် ဗားရှင်း' က ဘယ်လိုမျိုးမို့လို့လဲ။
Paywall မရှိသလောက်ဖြစ်ကာ ကစားသမားများက ခွန်အားတိုး ဆေးရည်များသာ ဝယ်ယူနိုင်ကာ ကံကောင်းသည့် ကစားသမားတွေကသာ 'ရွေးချယ်ခံ' စနစ်၏ ရွေးချယ်မှုကို ခံရပြီး တခြားသူများကို သုတ်သင်နိုင်မည်ဖြစ်သည်။
ဂိမ်း၏ ပုံစံကိုပင် ပြောင်းလဲလိုက်ကသည်။ ရိုးရိုးသာမန် Browser ဂိမ်းတစ်ခုမှ Mini-client ဂိမ်းတစ်ခုအဖြစ်သို့ ဂိမ်းရုပ်ထွက်ကို အဆင့်မြှင့်တင်ဖို့ သက်သက် ပြောင်းလဲလိုက်ကြသည်။
တစ်နည်းအားဖြင့် ထိုလူတွေက ဂိမ်းကိုကစားဖို့အတွက် mini-client ကို ဒေါင်းလုတ်ဆွဲကြရလိမ့်မည်။ Browser ထဲဝင်ကာ ကစားချင်တိုင်း ကစားလို့မရတော့ပေ။ ၎င်းတို့ ရုံးတွင် အသုံးပြုကြသည့် ကွန်ပျူတာများမှာလည်း ဒီဂိမ်းကို သွင်းမထားလောက်ပါ။ ထို့အပြင် ရုပ်ထွက် ပြောင်းလဲသွားတာကိုတောင် ၎င်းတို့ သတိမထားမိလောက်ပေ။
ဒီဂိမ်းက သူတို့ ရှာနေသည့် ဂိမ်းမျိုးမဟုတ်တာကို သိလိုက်ရပြီးနောက် ဆက်တိုက် ဆဲဆိုကာ အမြန်ဆုံး ပြန်ပြေးကြလိမ့်မည်။
ဒါဆို ဒီဂိမ်း အောင်မြင်နိုင်ပါဦးမလား။
ကြော်ငြာရိုက်ဖို့အတွက် နာမည်ကျော်များကို ငှားရမ်းရန် ငွေအမြောက်အများသုံးနိုင်မည်။ ဝက်ဘ်ဆိုက်ပေါင်းစုံတွင် ကြော်ငြာနေရာများလည်း ဝယ်ယူနိုင်မည်။ အကောင်းဆုံးက ကြော်ငြာများမှာ အာနိသင် မရှိဆဲဖြစ်ကာ ဂိမ်းကလည်း ကစားသမားများကို ဆုံးရှုံးလာလိမ့်မည်။
သူ သေချာပေါက် အရှုံးပေါ်လိမ့်မည်။
Bloody Battle Song : ပိုကြမ်းသည့်ဗားရှင်းက ဘယ်လိုလူမျိုးတွေအတွက် လုပ်ထားတာမို့လို့လဲ။
ထိုဂိမ်းမှာ ကျောင်းသားများနှင့် မချမ်းသာသော အလုပ်သမားများ၊ ရိုးရိုးသာမန် Browser ဂိမ်းများကို ကစားရတာ နှစ်သက်သော်လည်း ငွေအများကြီး မဖြည့်နိုင်သည့် သာမန် ကစားသမားများ၊ သို့မဟုတ် သာမန် client-side ဂိမ်းနှင့် မိုဘိုင်းဂိမ်း ကစားသမားများ ဖြစ်ကြသည်။
သို့သော်လည်း ပြဿနာက ထိုလူအများစုကတောင် ဂိမ်းနာမည်နဲ့ ကြော်ငြာတွေကြောင့် ကစားချင်စိတ် ပျောက်သွားနိုင်ဦးမည်။
၎င်းတို့လည်း ဖေးချမ့်လိုဖြစ်သွားမည်။ ကြော်ငြာဇာတ်ညွှန်းကို နောက်ပြန်ရွတ်နိုင်တဲ့အထိ ကြားနေရရင်တောင် ဂိမ်းကို ကစားဖို့ တစ်ခါမှ စိတ်ကူးမှာ မဟုတ်ပေ။
ထို့ကြောင့် ဂိမ်းကော၊ ကြော်ငြာနည်းလမ်းကော ပြဿနာမရှိတော့ပါ။
သို့သော်လည်း ဂိမ်းနှင့် ကြော်ငြာများက မတူညီသော ကစားသမားအုပ်စုများအတွက် သဘောကျစရာဖြစ်နိုင်သေးသည်။ ပြဿနာက ဒါပဲဖြစ်သည်။
ထို့အပြင် ၎င်းတို့မှာ အစကတည်းက ဂိမ်းထဲတွင် များစွာ ရင်းနှီးမြှုပ်နှံထားကြ၏။ ကြော်ငြာများအပါအဝင် ဂိမ်းဖန်တီးသုတေသနလုပ်ငန်းစဥ်များအတွက် စုစုပေါင်း ယွမ် ၇ သန်း - ၈ သန်း လောက်ကို သုံးစွဲခဲ့ကြသည်။ ကစားသမားအရေအတွက်နှင့် ဝယ်ယူနိုင်သော ပစ္စည်း အကန့်အသတ်များကြောင့် ကစားသမားတချို့က ဂိမ်းကို စမ်းကစားကြည့်ရင်တောင် အရင်းငွေပြန်ရမည်မဟုတ်ပေ။
ဖေးချမ့် သက်ပြင်းအရှည်ကြီးချလိုက်ပါသည်။ လောလောဆယ်တော့ ရှန်းယန်ဂိမ်းကို ဒီတိုင်းလွှတ်ထားလို့ရမည်ထင်သည်။
အာရုံစိုက်ရမည့် နောက်တစ်ခုက 'အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ' ဂိမ်း ဖန်တီးမှုဖြစ်ပါသည်။
လွန်ခဲ့သည့် ၂ ရက်လောက်က 'အရှုံးပေးပြီး ကယ်တင်ခြင်း ခံစေ' ဂိမ်းအတွက် တရားဝင် ဝတ္ထုများအား ကျုံးထျန်တရုတ်နက်ခ်ဝေါ့တွင် တင်ထားကြောင်း ဖေးချမ့် သိလိုက်ရသည်။ သူ့ကို လန့်သွားစေခဲ့သည်။
ကိစ္စများစွာ ကြုံတွေ့ခဲ့ရပြီးနောက် ဘော့စ်ဖေးတစ်ယောက် အလွန်အမင်း သတိကြီးကြီး ထားနေရသည်။ ဘယ်လိုသေးငယ်သည့် လှုပ်ရှားမှုမဆို လေပြည်လေညှင်းလေးကအစ သူသတိထားမိလိမ့်မည်။
ထို့ကြောင့် ကျုံးထျန်တရုတ်နက်ခ်ဝေါ့ ပေါ်က 'အရှုံးပေးပြီး ကယ်တင်ခြင်း ခံစေ' ဂိမ်းအတွက် တရားဝင် ဝတ္ထုများကို ဘယ်သူမှ သူ့ကို ဖုံးကွယ်ထားလို့ မရပေ။
သို့သော်လည်း စာဖတ်သူများထံမှ တုန့်ပြန်မှုကို ဖတ်ရှုပြီးနောက် ဖေးချမ့် အတော်လေး စိတ်အေးသွားရပါသည်။
အခုချိန်ထိ ကျုံးထျန်တရုတ်နက်ခ်ဝေါ့ ဝက်ဘ်ဆိုက်က နှေးကွေးစွာ တိုးတက်နေဆဲဖြစ်သည်။ မက်လောက်စရာ အချိန်ပြည့်လစာနှုန်းများဖြင့် စာရေးဆရာပမာဏတစ်ခုကို ဆွဲဆောင်နိုင်ခဲ့ပြီး ဖြစ်သော်လည်း စာကြည့်တိုက်များထဲက Content များကတော့ ဆိုးရွားနေဆဲဖြစ်ပါသည်။ ထို့ကြောင့် အကောင့်အသစ်များ ဖွင့်နေသည့် နှုန်းမှာ ကြောက်ဖို့ ကောင်းလှပါသည်။
အခုချိန်ထိ ကျုံးထျန်တရုတ်နက်ခ်ဝေါ့မှာ နေ့စဥ် ဝင်ရောက်သူ ၂,၀၀၀ ကျော်ကျော်သာ ရှိသေးသည်။ ထို့အပြင် ထို ၂,၀၀၀ တွင် စပ်စုချင်စိတ်ဖြင့်ဝင်ကြည့်ကာ နောက်တစ်ခေါက် ပြန်လှည့်မကြည့်ဘဲ ထာဝရနှုတ်ဆက်သွားသည့် လူများလည်းပါသည်။
သိို့သော် 'အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ' တရားဝင်ဝတ္ထုအား ဖတ်ရှုသူ ရာချီပြီး ရှိနေပါသည်။
အဘယ့်ကြောင့်ဆိုသော် ထိုဝတ္ထုအား ဝက်ဘ်ဆိုက်၏ အဓိက စာမျက်နှာတွင် အတော်လေး မျက်စိကျစရာကောင်းသော နေရာ၌ တင်ထားသောကြောင့်ပင်။ ဝက်ဘ်ဆိုက်ထဲဝင်လာသည့် လူအများစုက ချက်ချင်း သတိထားမိသွားနိုင်သည်။
သို့သော်လည်း ဝတ္ထုအောက်မှ ကောမန့်တွေကတော့ အနုတ်သဘောများသာဖြစ်သည်။
"ဘာတွေ ရေးထားတာလဲ။ ဘာမှ နားမလည်ဘူး။"
"၃ ပိုင်း ဖတ်ပြီးတာတောင် ဇာတ်လိုက်က ဘယ်သူလဲ မသိသေးဘူး။"
"အကုန်လုံးက ကမ္ဘာကြီးအကြောင်း ဖော်ပြနေတာချည်းပဲ။ ဖတ်ရတာနဲ့ ခေါင်းတောင် ကိုက်လာပြီ။"
"ဒီလိုစံနှုန်းမျိုးနဲ့ ဝတ္ထုမျိုးကို ပင်မစာမျက်နှာမှာ တင်ထားတယ်ပေါ့။ ဘယ်လို အမှိုက်သရိုက် ဝက်ဘ်ဆိုက်မျိုးလဲဟ။"
"အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ ဟုတ်လား။ ဘယ်လိုတောင် အဓိပ္ပာယ်မရှိတဲ့ နာမည်ကြီးလဲ။ ဘာကိုဆိုလိုချင်တာလဲ နားမလည်ဘူး။"
"ဒါသူတို့အတွင်းလူတစ်ယောက်ယောက် ထုတ်ဝေထားတာပဲနေမှာ။ ဒီ့ထက်ကောင်းတဲ့ စာအုပ်တွေ အများကြီးရှိတယ်။ အဲ့တာတွေတောင် ပိုဆိုးတဲ့ နေရာမှာ ထည့်ထားကြတာ"
"ဒီဝတ္ထုကို အတွင်းလူတစ်ယောက်ယောက် ရေးထားတာဆို ဒီဝက်ဘ်ဆိုက် အနာဂတ်ပျောက်နေပြီဆိုတာ သက်သေပြလိုက်တာပဲ။"
အရှုံးပေးပြီး ကယ်တင်ခြင်းခံစေက ဂိမ်းဖန်တီး သုတေသန ပြုလုပ်ခြင်း အဆင့်မှာသာ ရှိသေးသည်။ သတင်းအစအနလည်း မကြားရသေးပါ။ ထို့ကြောင့် ဒီဝတ္ထုက ဂိမ်းအတွက် ရေးထားသည့် စာအုပ်ဖြစ်ကြောင်း ကျုံးထျန် တရုတ်နက်ခ်ဝေါ့တွင် သူတို့မကြေညာခဲ့ခြင်းဖြစ်သည်။ ထိုဝတ္ထုက ထန်းတာ့ဂိမ်း၏ အောင်မြင်မှုအား ရေသာခို၍ မရခဲ့ချေ။
မာယိချွမ်နှင့် ကျူးရှင်းအန်တို့၏ ရည်ရွယ်ချက်က ၎င်းတို့၏ ဖျော်ဖြေရေးသက်သက်အတွက် တရားဝင် ဝတ္ထုတစ်ခု ထုတ်ဝေချင်ခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကစားသမားများထံမှ တုန့်ပြန်မှုကို လိုချင်ခြင်း ဖြစ်သည်။
ထန်းတာ့၏ ဦးနှောက်မပါသည့် ပရိသတ်များကတော့ ဒီဇိုင်းများကို များများစားစားမတွေးဘဲ ချီးကျူးလိမ့်မည်။ ထို့နောက် မာယိချွမ်နှင့် ကျူးရှင်းအန်တို့က ချီးကျူးမှုများကို ပျော်ပျော်ကြီးခံကာ ကျရှုံးမှုများကိုတော့ အမြင်ပြောင်းလဲဖို့အတွက် အသုံးချနိုင်လောက်သည်။ ထိုအခါ နောက်ဆက်တွဲ ဇာတ်လမ်းအရ အစီအစဥ်ချမှုများတွင် အကျိုးသက်ရောက်မှု ရှိလာနိုင်သည်။
နောက်ဆုံးမှာတော့ စာဖတ်သူများ၏ တုန့်ပြန်ချက်များမှာ ဒီ့ထက်ပိုပြီး လက်တွေ့မကျနိုင်တော့ပေ။
ဖေးချမ့်လည်း ဝတ္ထု၏ ပထမ ၂ ပိုင်းလောက် ဖတ်ကြည့်လိုက်ပြီး စာဖတ်သူများ ဝေဖန်တာ မှန်ကန်ကြောင် သိလိုက်ရပါသည်။ ကျူးရှင်းအန်နဲ့ မာယိချွမ်တို့လည်း လုံးဝ မမှားကြပါ။
ကျူးရှင်းအန်က ဒီဝတ္ထုကို ရေးခဲ့ခြင်းဖြစ်သည်။ တခြားသူတွေက အိုင်ဒီယာနဲ့ အကြံတချို့သာ ပေးခဲ့သည်။
မာယိချွမ်ကဝက်ဘ်ဆိုက်ကို စီမံရသဖြင့် ဝတ္ထုရေးဖို့ အချိန်မရှိပါ။ ထို့အပြင် အွန်လိုင်းစာပေ၏ လွှမ်းမိုးမှု နက်နက်ရှိုင်းရှိုင်းပိုရှိကာ အကြောင်းအရာမှ လမ်းလွဲသွားနိုင်ခြေ ပိုများနေသဖြင့် ထိုတာဝန်အား ကျူးရှင်းအန်ကို ပေးလိုက်ရခြင်း ဖြစ်သည်။
တစ်ဖက်မှတော့ ကျူးရှင်းအန်က အွန်လိုင်းစာပေရေးသားမှုတွင် အခြေခံလုံးဝမရှိပေ။ ဂိမ်းကမ္ဘာအကြောင်း တရားဝင် ဝတ္ထုကို ရေးသားရာတွင် နိုင်ငံခြားဂိမ်းများ၏ ဇာတ်လမ်းဇာတ်ကွက်ဘက်ကို ပိုပြီး တိမ်းစောင်းသွားလေ့ ရှိသည်။ နိုင်ငံခြား AAA ဂိမ်းများ၏ မူရင်း ဝတ္ထုများ၊ နောက်ဆက်တွဲ တရားဝင် ထုတ်လုပ်မှုများ စသည်တို့အပါအဝင်ဖြစ်သည်။
အားလုံးက အလွန်ရှုပ်ထွေးနေပြီး ဖြေရှင်းဖို့ မဖြစ်နိုင်လောက်ပေ။
သူ့အရေးအသားကို ဂိမ်းအတွက် ဇာတ်လမ်းအဖြစ် အသုံးပြုဖို့က ပြဿနာမရှိပါ။ သို့သော် အွန်လိုင်းစာပေဝက်ဘ်ဆိုက်တစ်ခုပေါ်သို့ တင်ရလောက်အောင်တော့ အဝေးကြီး လိုနေပါသေးသည်။
ဒီတရားဝင်ဝတ္ထုကို ကျုံးထျန်တရုတ်နက်ခ်ဝေါ့၏ မူလစာမျက်နှာတွင် တင်လိုက်ခြင်းကြောင့် စာဖတ်သူများစွာကို လှည့်ထွက်သွားစေသည်။
စာဖတ်သူအသစ်များစွာက ဝက်ဘ်ဆိုက်ထဲ စစရောက်ချင်း မူလစာမျက်နှာပေါ်တွင် ဖော်ပြပေးထားသည့် စာအုပ်များကိုသာ ပထမဆုံး နှိပ်ကြည့်ကြလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ပုံမှန်အားဖြင့်ဆို စံနှုန်းအကောင်းဆုံး စာအုပ််များကိုသာ ဒီလိုနေရာမျိုးတွင် တင်ထားလေ့ရှိသောကြောင့် ဖြစ်သည်။
သို့သော် ၎င်းတို့ စာအုပ်ကိုဖတ်ကြည့်လိုက်တာနဲ့ စံနှုန်းကို နားလည်သွားကြသည်။
အမှန်ပင်။ ချက်ချင်း ပြန်ထွက်ကာ ဘယ်တော့မှ ပြန်မလာကြတော့ပေ။
ဖေးချမ့်တစ်ယောက်ကတော့ ဒါတွေအားလုံးကို နောက်ကွယ်က စောင့်ကြည့်နေသည်။ ရင်ထဲမှာလည်း အောင်ပွဲခံနေမိပါသည်။
ကောင်းလိုက်တာ ကျုံးထျန်တရုတ်စာပေ နက်ခ်ဝေါ့ကတော့ တကယ်ပဲ ငါ့ကို စိတ်ပျက်အောင် မလုပ်ဘူး။
သူ့ပထမဆုံးစာအုပ်မှာ Subscription 30 ပဲရခဲ့တဲ့ မာယိချွမ်ကို အွန်လိုင်းစာပေအကြောင်း နားလည်မှု သုညပဲရှိတဲ့ ငနုံတစ််စုနဲ့ အတူတူထားထားပေးလိုက်တယ်။ အခုတော့ ဘော့စ်ဖေး မျှော်လင့်ထားတဲ့အတိုင်းပဲ အကုန်လုံး ဖြစ်နေပြီ။
'အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ' တရားဝင်ဝတ္ထုအား ကျုံးထျန်တရုတ်နက်ခ်ဝေါ့စာပေ ဝက်ဘ်ဆိုက်၏ မူလစာမျက်နှာတွင် တင်ထားသည့် ကိစ္စနဲ့ ပတ်သတ်ပြီး ဖေးချမ့် ဘာမှမလုပ်ဖို့ ဆုံးဖြတ်လိုက်ပါသည်။ ဘယ်လိုဖြစ်ဖြစ် ဒီဝတ္ထုက လောလောဆယ်တော့ ဘယ်သူ့အာရုံစိုက်မှုကိုမှ ရမှာမဟုတ်ပေ။
ထို့အစား စာဖတ်သူများကို ဝက်ဘ်ဆိုက်မှာ မနေအောင် ပို၍ပင် တွန်းအားပေးနေသေးသည်။
သေချာပေါက် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးမားလှပါသည်။