← Chapters

မင်လျန်ကို မျက်ရည်များဖြင့် ဘေးမဲ့ပေးလိုက်ခြင်း

Vol. 15 Ch. 218

မင်လျန်ကို မျက်ရည်များဖြင့် ဘေးမဲ့ပေးလိုက်ခြင်း

Vol. 15 Ch. 218

စားသောက်ဆိုင်တစ်ဆိုင် ဇွန်းခွက်ခက်ရင်းစတိုင်ပေါင်းစုံနှင့် စားပွဲနှင့် ထိုင်ခုံစတိုင်တို့ကိုတောင် အမျိုးမျိုးပြင်ဆင်ထားရမှန်း လင်းကန်ရုံ ပထမဆုံးကြားဖူးခြင်းဖြစ်သည်။ ထိုပစ္စည်းအားလုံးကို သိမ်းဆည်းဖို့ နေရာတော့ လုံလောက်မှုရှိပါသည်။ မြေအောက် ပါကင်နေရာတွင် စားပွဲနှင့် ထိုင်ခုံများစွာ သိမ်းဆည်းဖို့ နေရာရှိပါသည်။ သို့သော်လည်း စားသောက်ပြီးစီးသည့်အချိန်တိုင်း သူတို့ ပြန်လည် ပြင်ဆင်နေရမည်။

တွေးကြည့်ရုံနဲ့ လင်းကန်ရုံ ခေါင်းကိုက်လာပါသည်။

ဖေးချမ့်က ခေါင်းခါကာ ပြောလိုက်ပါသည်။ "လိုအပ်တာပေါ့။"

"ကျွန်တော်တို့က အဆင့်မြင့်စားသောက်ဆိုင် ဖွင့်ထားတာ။ အရည်အသွေးမြင့် ပါဝင်ပစ္စည်းတွေ၊ အချက်အပြုတ်စွမ်းရည်နဲ့ ဟင်းလျာ ကောင်းကောင်းတွေအပြင် လုံလုံလောက်လောက် ကောင်းမွန်တဲ့ ဝန်းကျင်တစ်ခုလည်း ရှိရမယ်။"

"ရှေးခေတ်တုန်းက ပညာရှိတွေလိုပဲ။ ဝိုင်အမျိုးအစား မတူတာကို သောက်ဖို့အတွက် မတူတဲ့ ဝိုင်ခွက်တွေကို သုံးခဲ့ကြတယ်။ အများကြီးပိုရှုပ်ထွေးပြီး ပိုဝန်လေးတဲ့ လုပ်ငန်းဆောင်တာတွေလည်း ရှိခဲ့ဖူးတယ်။ ဒါပေမယ့် သူတို့လုပ်ခဲ့တာက အစီအရင်သက်သက်အတွက်မဟုတ်ဘူး။ သင့်တော်တဲ့ ခွက်တစ်ခွက်က ဝိုင်ကိုပိုပြီး လှပစေတယ်။ ထူးခြားတဲ့ ဝန်းကျင်အခြေအနေကိုလည်း ပိုပြီး ပေါ်လွင်စေတယ်။"

"တခြားစားသောက်ဆိုင်တွေမှာ ဟင်းလျာအမျိုးအစား တစ်မျိုးပဲရှိတာလေ။ အဲ့တာကြောင့် သူတို့က စတိုင်တစ်မျိုးပဲ ထားနိုင်တယ်။"

"တစ်ဖက်မှာတော့ ကျွန်တော်တို့က ဟင်းလျာ အားလုံးကို ကမ်းလှမ်းနိုင်တယ်။ အနောက်တိုင်း၊ တရုတ်၊ ဂျပန်၊ ပြင်သစ် ဟင်းလျာတွေ အပါအဝင်ပေါ့။ ကတ်စတမ်မာတွေကို သုံးစွဲမှု ရသအကောင်းဆုံးပေးနိုင်ဖို့အတွက် ကျွန်တော်တို့ အတွင်းဘက်ဒီဇိုင်း စတိုင်ပေါင်းစုံ သေချာပေါက် ပြင်ဆင်ထားရမှာပေါ့။ ကျွန်တော်တို့ အပြင်အဆင်တွေ၊ စားပွဲတွေနဲ့ ဇွန်းခွက်ခက်ရင်းကစလို့... ဆိုင်ဝန်းကျင်အခြေအနေနဲ့ စားသုံးမှုရသအဆုံး အကောင်းဆုံးတွေပဲ ပေးစွမ်းရမယ်။"

"ကျွန်တော်တို့ အောင်မြင်မှု မအောင်မြင်မှုက အသေးစိတ်ကျမှုအပေါ်မှာပဲ မူတည်တယ်။ နားလည်လား။"

လင်းကန်ရုံ၏ ပါးစပ် အနည်းငယ် ပွင့်ဟသွားသည်။ သူ လုံးဝ ထိတ်လန့်တုန်လှုပ်သွားခြင်းဖြစ်သည်။

ဒါ...

အလွန်ယုတ္တိရှိသည်ဟု ထင်ရသော်လည်း တစ်ခုခု လွဲနေသလိုခံစားနေရသည်။ စားသုံးမှု ဝန်းကျင်က တကယ်ပဲ အရေးကြီးပါသည်။ သို့သော်လည်း အပြင်အဆင်နဲ့ ဇွန်းခွက် ခက်ရင်းတွေကို ဆက်တိုက် ပြောင်းနေဖို့ လိုပါ့မလား။

မဟုတ်မှလွဲရော... ဘော့စ်ဖေးက သူတို့ကို စည်းမျဥ်းတွေအတိုင်း လိုက်နာပြီး အစီအရင်တွေအတိုင်းပဲ လုပ်ခိုင်းချင်ရုံမဟုတ်လောက်ဘူးမလား။ မဟုတ်မှလွဲရော ပြီးပြည့်စုံမှုကို ဖန်တီးဖို့အတွက် သဘောတရားတစ်ခုကို ရှာဖွေနေတာများလား။

ပြီးပြည့်စုံသည့် သုံးစွဲမှု ဝန်းကျင်ကို ဖန်တီးခြင်းဖြင့် ကတ်စတမ်မာများကို ပိုကောင်းပြီး အဆင့်မြင့်သည့် စားသုံးမှုရသများ ပေးစွမ်းနိုင်သည်။

ဟုတ်တယ်။ အဲ့လိုပဲဖြစ်ရမယ်။

လင်းကန်ရုံက ခေါင်းကို တဆတ်ဆတ် ငြိမ့်လိုက်ပြီး ပြန်ဖြေလိုက်ပါသည်။ "ဟုတ်ကဲ့ ဘော့စ်ဖေး ကျွန်တော်နားလည်ပါပြီ။"

"ကျွန်တော် အိမ်ပြန်ရောက်တာနဲ့ သက်ဆိုင်တဲ့ ဗဟုသုတတွေကို လေ့လာပြီး ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေကို စနစ်တကျလေ့ကျင့်ပေးလိုက်ပါ့မယ်။ အဲ့အခါကျရင် သူတို့ ဘယ်လို ဟင်းလျာမျိုးကိုမဆိုအမှားအယွင်းတစ်ခုမှ မရှိဘဲ တည်ခင်းပေးနိုင်လိမ့်မယ်။ တရုတ်၊ အနောက်တိုင်း၊ ဂျပန် ဟင်းလျာတွေ အပါအဝင်ပေါ့။ ကျွန်တော်တို့ ဆိုင်ရဲ့ဝန်းကျင်နဲ့ ဝန်ဆောင်မှုတွေကိုအသုံးချပြီး အစားအသောက်တွေကို ကောင်းကောင်းမွန်မွန် စားသောက်နိုင်ဖို့အတွက် ပြီးပြည့်စုံအောင် ရည်ရွယ်ချက်ထားပါ့မယ်။"

"အာ..."

ဖေးချမ့် ခေတ္တ စွန့်အသွားသည်။

အစကတည်းက ဒီလောက်တင်းတင်းကြပ်ကြပ် လုပ်ဖို့ အစီအစဥ် မရှိခဲ့ပါ။ ဘာပဲဖြစ်ဖြစ် အစားအသောက်တွေက သူ့ဝန်ထမ်းများအတွက်သာဖြစ်သည်။ ဘာလို့ အဲ့လောက်ကြီး ပြီးပြည့်စုံအောင်လုပ်ဖို့ လိုမှာလဲ။

နောက်ဆုံးမှာတော့ လင်းကန်ရုံက သူ့ကို နားလည်မှုလွဲသွားခဲ့သည်။ ပိုပြီး ခွကျသွားမည်ဆိုးသဖြင့် ဖေးချမ့် သူ့ကို အမှန်မြင်အောင်လည်း ပြန်ပြင်ပေးလို့မရတော့ပါ။

လင်းကန်ရုံက နောက်ထပ် ပြဿနာတစ်ခုကို စဥ်းစားမိသွားသည်။ "ဘော့စ်ဖေး ကျွန်တော်တို့ စားသောက်ဆိုင်နာမည်က ဘာတဲ့လဲ။"

ဖေးချမ့်က ခေတ္တ တည်တံ့သွားပြီး မေးခွန်းတစ်ခု ပြန်မေးလိုက်သည်။ "ကျွန်တော်တို့ နာမည်ရှိမှ ဖြစ်မှာလား။"

လင်းကန်ရုံ ကြောင်သွား၏။ "..."

ဘာလို့အဲ့မေးခွန်း မေးတာလဲ။ နာမည်က ရှိမှ ဖြစ်မှာပေါ့။

မဟုတ်ရင် ကတ်စတမ်မာတွေက သူတို့မိတ်ဆွေတွေကို ဒီစားသောက်ဆိုင်အကြောင်း ညွှန်းချင်တဲ့အခါ ဘယ်လိုပြောကြမှာလဲ။

"ဟေ့ကောင် မနေ့တစ်နေ့က အစားအသောက်တွေ တော်တော်ကောင်းတဲ့ စားသောက်ဆိုင်မှာ ငါစားခဲ့သေးတယ်။"

"ဟုတ်လား။ နာမည်က ဘာတဲ့လဲ။"

"နာမည် မရှိဘူး။"

အနည်းငယ် ကိုးရိုးကားယားနိုင်လွန်းပါသည်။

နောက်ပိုင်း အစားအသောက်ဝက်ဘ်ဆိုက်များတွင် စားသောက်ဆိုင်ကို ပရိုမိုးရှင်းဆင်းချင်သည့်အခါ သူတို့ တစ်နည်းနည်းဖြင့် စားသောက်ဆိုင်နာမည်ကို ထည့်ရေးမှဖြစ်မည် မဟုတ်လား။

ထို့အပြင် စားသောက်ဆိုင်ကြီးက ဗီလာတစ်လုံးထဲတွင်ဖြစ်သည်။

အစကတည်းက ဒီနေရာမှာ လူသွားလူလာ မရှိသလောက်နည်းသည်။ အပြင်ဘက်မှာ ဆိုင်းဘုတ်သာ မဆွဲထားလျှင် စားသောက်ဆိုင်မှန်းတောင် ဘယ်သူမှ မသိလောက်ပါ။ ဒါက ပုံမှန် လူနေအိမ်ဟုသာ ထင်သွားကြလိမ့်မည်။

"အစားကောင်းအသောက်ကောင်းဆိုတာ ကြော်ငြာစရာ မလိုဘူး။ ကျွန်တော်တို့ ပရိုမိုးရှင်း မဆင်းရင်တောင် တစ်နေ့နေ့ကျရင် ပေါ်ပြူလာဖြစ်လာဦးမှာပဲ။"

လင်းကန်ရုံ ပါးစပ်အဟောင်းသားဖြစ်သွားသည်။

"ဒါပေမယ့် ဘော့စ်ဖေး ကျွန်တော်တို့ ဆိုင်အတွက် နာမည်ရှိမှ ဖြစ်မယ်လေ။ ကျွန်တော်တို့ လုပ်ငန်းလိုင်စင် လျှောက်ရဦးမယ်လေ။"

"သြော်..." ဖေးချမ့် ခေတ္တစဥ်းစားလိုက်ပြီး ပြန်ဖြေလိုက်ပါသည်။

"ခင်ဗျားပဲဆုံးဖြတ်လိုက်ပါ ခင်ဗျားက ဆိုင်ခွဲမန်နေဂျာပဲကို။ ခင်ဗျားပေးချင်တဲ့ နာမည်နဲ့ စာရင်းသွင်းခွင့်ပေးလိုက်မယ်။ ဒါပေမယ့် အပြင်ဘက်မှာ ဆိုင်းဘုတ်ချိတ်စရာမလိုဘူးနော်။ ကျွန်တော်တို့ရဲ့ ကတ်စတမ်မာတွေကို အစားအသောက်ကို အသုံးချပြီးပဲ လွှမ်းမိုးမှာ။"

"ဘာပဲဖြစ်ဖြစ် သေချာ ပြင်ဆင်ပါ။ ဆိုင်ဖွင့်တဲ့အခါ ကူညီဖို့ ကျွန်တော် ထန်းတာ့က ဝန်ထမ်းတွေကို ခေါ်လာခဲ့မယ်"

စားသောက်ဆိုင်အတွက် သူ နာမည်ပေးရမည်ဟု ကြားလိုက်ရသောအခါ လင်းကန်ရုံအနည်းငယ် စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။ သို့သော်လည်း ဖေးချမ့်မျက်လုံးထဲက ယုံကြည်မှုကို မြင်လိုက်ရသည့်အခါ ခေါင်းငြိမ့်လိုက်ပါသည်။

"ဟုတ်ကဲ့ပါ ဘော့စ်ဖေး ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်။"

အငှားတိုက်ခန်းကို ပြန်ရောက်လာသည့်အခါ ဖေးချမ့် အိုင်လီကျွန်းကို ဖွင့်ပြီး သူ တင်ထားသည့် ဗီဒီယိုကိုကြည့်လိုက်သည်။

ကြည့်ရှုသူ ပမာဏက နည်းနေဆဲဖြစ်၏။ မနက်က ကြည့်ခဲ့တာထက် များများစားစား ပြောင်းလဲမှု မရှိပါ။

ဒါလည်း ပုံမှန်ပဲ ဖြစ်သည်။ မြင်သူ မရှိပါက ကြည့်သူ မရှိနိုင်ပါ။ ကြည့်သူ မရှိပါက ဆုငွေလည်း မရှိနိုင်ပါ။ ထို့ကြောင့် ပလက်ဖောင်းပေါ်က တခြား content များ၏ ဖုံးဖိမှုကို ခံလိုက်ရတာ ပုံမှန်ပဲဖြစ်သည်။

Content ကြွယ်ဝသည့် UP မာစတာကြီးများက တစ်ရက်တည်းနဲ့ ရေပန်းစားလာကြတာ မဟုတ်ပေ။ ၎င်းတို့၏ အရည်အသွေးမြင့် Content များဖြင့် ရေပန်းစားမှုကို ဖြည်းဖြည်းမှန်မှန် စုဆောင်းခဲ့ကြသူများ ဖြစ်သည်။

ဖေးချမ့်က ရှန်းဟွာထုတ် နောက်ထပ် ပင်မ ဖုန်းမော်ဒယ်တစ်ခုကို မှာယူလိုက်ပြန်သည်။ ထိုဖုန်းက နောက်ဗီဒီယိုအတွက် သူ့သားကောင် ဖြစ်လိမ့်မည်။

သို့သော်လည်း လက်ရှိ ဒလီဘာရီ အမြန်နှုန်းများအရ ဖုန်းရောက်လာဖို့ ၂ ရက် ၃ ရက်ခန့် ကြာဦးမည်။

"ဟူး... JD.com ကိုသတိရလိုက်တာကွာ။ ငါ့ရဲ့ လေဆန်ပို့ဆောင်ရေး မြန်မြန်ဖွံ့ဖြိုးလာပါစေလို့ပဲ ဆုတောင်းရတော့မယ်။ အဲ့ကျမှ မနက်ပိုင်းမှာပြီး ညနေပိုင်းရောက်တဲ့ ခံစားချက်မျိုး ပြန်ခံစားရမှာ"

ဖေးချမ့် သန်းဝေလိုက်သည်။ စောင်ခြုံလိုက်ကာ နေ့လည်နေ့ခင်း အိပ်စက်အနားယူလိုက်ပါသည်။

သြဂုတ်လ ၁ ရက်နေ့...။

ဖေးချမ့်တစ်ယောက် မနက်ခင်း အလွန် အင်အား တက်ကြွနေသည့်ပုံစံဖြင့် ရုံးသို့လာခဲ့သည်။

ဒီနေ့က ဒီနှစ်အတွင်း ဒုတိယအကြိမ်မြောက် ထူးချွန်ဝန်ထမ်း ရွေးချယ်မည့်နေ့ဖြစ်သည်။ ဝန်ထမ်းအားလုံးလည်း သိကြပြီး စိတ်လှုပ်ရှားသူရှိသလို စိတ်ဖိစီးနေသူလည်းရှိပါသည်။ ပေါင်ရှုတစ်ယောက်တည်းသာ စိတ်ညစ်နေသည့်ပုံပေါက်သည်။ လူရွေးပွဲကို သူလုံးဝ စိတ်မဝင်စားပါ။ သူ့ကို ဒုတိယနေရာအဖြစ် မဲမပေးဖို့သာ ဆုတောင်းနေမိပါသည်။

ပေါင်ရှုတစ်ယောက် ဒီရက်ပိုင်းထဲ တမင်သက်သက် လူမမြင်အောင် ရှောင်ဖယ်ရှောင်ဖယ် လုပ်နေခဲ့သည်။ သို့သော်လည်း မဲမေးသည့်အခါ... ဘာတွေဖြစ်လာမလဲ ဘယ်သူမှ မပြောနိုင်ပါ။

"ဟုတ်ပြီ။ လိုရင်းပဲ သွားကြတာပေါ့။ မဲပေးကြရအောင်"

ဖေးချမ့်က လုပ်ရိုးလုပ်စဥ်စကားများ ပြောရတာ စိတ်ကုန်နေပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ကံကောင်းသည့်လူနှစ်ယောက်က ဘယ်သူတွေပဲ ဖြစ်ပါစေ တစ်ယောက်ကို အိပ်မက်ရန်ပုံငွေ ၁ သန်း ပြင်ဆင်ပေးပြီး နောက်တစ်ယောက်ကိုတော့ လစာမပြတ်ခွင့် ၁ လပေးလိုက်မည်။

ဖေးချမ့်၏ တစ်ခုတည်းသော ဘက်လိုက်မှုက လုမင်လျန်သာဖြစ်သည်။ အားလုံး လုမင်လျန်ကို မဲမပေးဖို့ ဖေးချမ့် ဆုတောင်းနေမိ၏။

ဘာပဲဖြစ်ဖြစ် ဟွမ်စစ်ပေါ်နဲ့ ပေါင်ရှုတို့နှင့် ယှဥ်ကြည့်ပါက လုမင်လျန်ကို ဖေးချမ့် အလွန် စိတ်ကျေနပ်မှုရှိနေသည်။ သူက အမိန့်နာခံတတ်ပြီး စိတ်ထင်တိုင်းမလုပ်တတ်ပါ။ အစီအစဥ်ဆွဲသူချုပ်သာ နောက်တစ်ယောက်ဖြစ်သွားလျှင် လုမင်လျန်လောက် တော်နိုင်ပါ့မလား ဖေးချမ့် မသေချာပေ။

အားလုံး မောက်စ်များကို နှိပ်ရင်း မဲပေးပြီးသွားကြလေပြီ။ တချို့ဝန်ထမ်းများက ကုမ္ပဏီတွင် ရှိမနေသော်လည်း အွန်လိုင်းပေါ်က မဲပေးလို့ရပါသည်။

အလွန်လျှင်မြန်စွာဖြင့် မဲပေးခြင်း ပြီးဆုံးသွားပါသည်။

ဖေးချမ့်က ရလဒ်များကို ကြည့်လိုက်သောအခါ နှလုံးပြုတ်ကျသွားသလိုခံစားလိုက်ရ၏။

လခွမ်း... ပထမတစ်ယောက်က တကယ်ကြီး လုမင်လျန်ဟ။

သူ စိုးရိမ်နေသည့် အခြေအနေက တကယ် ဖြစ်လာသည်။

ဖေးချမ့် အလွန်တွန့်ဆုတ်နေခဲ့၏။ ဘယ်လိုပဲဖြစ်ဖြစ် စာအုပ်ကြီးအတိုင်းလိုက်လုပ်သည့် အစီအစဥ်ဆွဲသူချုပ်ကို ရှာဖွေဖို့က ခက်ခဲသည်။ အစီအစဥ်ဆွဲသူချုပ်အသစ်က ဟွမ်စစ်ပေါ်လိုလူမျိုးဖြစ်နေပြီး ဘော့စ်ဖေးကို အောင်မြင်မှုရအောင် ကူညီပေးသူဖြစ်ပါက သူ့အတွက် အဆုံးသတ်သွားမှာ မဟုတ်ပါလား။

သို့သော်လည်း စည်းမျဥ်းက စည်းမျဥ်းပင်။ ဖေးချမ့် လုမင်လျန်ကို ဘက်လိုက်သော်လည်း သူ့အတွက်ကြောင့်နဲ့ စည်းမျဥ်းကို မချိုးဖောက်နိုင်ပါ။

ဖေးချမ့် စိတ်ခံစားချက်များကို ထိန်းသိမ်းရင်း ဆုတံဆိပ်ကို လုမင်လျန်အား ချီးမြင့်လိုက်သည်။ "ဂုဏ်ယူပါတယ်"

လုမင်လျန် ကြက်သေသေသွား၏။ သူ မတ်တပ်ထရပ်လိုက်သည်။ သူ မဲနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပါ။ လုမင်လျန်က ပေါင်ရှုကို ကြည့်လိုက်၏။ ပေါင်ရှုက သူ့ထက် ပိုအတွေ့အကြုံရှိပြီး ဒီဆုနှင့် ပိုထိုက်တန်သည်ဟု ခံစားမိပါသည်။

ဖေးချမ့်က သူတွေးနေတာကို ခန့်မှန်းမိပြီး ခေါင်းပါးပါး ခါကာ ပြောလိုက်ပါသည်။

"ရလဒ်တွေက အားလုံးမဲပေးထားတာပါ။ မင်းနဲ့ ထိုက်တန်ပါတယ်။"

ခေတ္တတွန့်ဆုတ်သွားပြီးနောက် လုမင်လျန်တစ်ယောက် ဖေးချမ့်လက်ထဲမှ ဆုတံဆိပ်ကို လက်ခံလိုက်ပါသည်။

ဆုတံဆိပ်က သေးငယ်သည့်ပုံပေါ်သော်လည်း တော်တော်လေးပါသည်။

ညီအစ်ကိုဟွမ် အကောင်းဆုံးဝန်ထမ်ဆုကို ယူခဲ့တုန်းက ဒီလိုပဲခံစားခဲ့ရတာလား။ လုမင်လျန် သူကိုင်ထားသည့်အရာမှာ ဆုတံဆိပ်တစ်ခု သက်သက်မဟုတ်တော့ဟု ခံစားမိသည်။ ဒါက ဘော့စ်ဖေး သူ့အပေါ်ထားသည့် ယုံကြည်မှုကို ကိုယ်စားပြုသည်။ သူ့ကိုင်တွယ်ခဲ့ရသည့် လေးလံသော တာဝန်များကို ကိုယ်စားပြုသည်။ ထိုအချိန်တွင် လုမင်လျန် ပြောချင်သည့်စကားများ ရထားတွဲလောက်ရှိနေသော်လည်း ဘယ်ကစပြောရမှန်း မသိတော့ပါ။

ဖေးချမ့် ဒုတိယနေရာကို ကြည့်လိုက်သည်။

ပေါင်ရှု...။

ဒါကို သူ ထိန်းချုပ်လို့ မရပါ။ ဘာပဲဖြစ်ဖြစ် လုမင်လျန်က Game Designer အတွက် အဓိက တာဝန်ရှိသူဖြစ်ပြီး ဂိမ်းအတွက် ဗားရှင်းအသစ်များ ထုတ်နေသလို တခြား ဂိမ်းအသစ်တွေကိုပါ တာဝန်ယူထားသည်။ ပေါင်ရှုလည်း အားအများကြီးစိုက်ထုတ်ခဲ့သော်လည်း လုမင်လျန်က အစီအစဥ်ဆွဲသူချုပ်ဖြစ်နေကာ တခြားဝန်ထမ်းများ မကြာခဏ မြင်နေရသော မျက်နှာ ဖြစ်သည်။

ပေါင်ရှုက နေရာတော်တော်များများတွင် မျက်နှာပြလေ့မရှိသော်လည်း ဂိမ်းများကို စမ်းသပ်ကစားပြီး ဂိမ်းများ၏ အသေးစိတ်အချက်များကို ချိန်ညှိရာတွင် တာဝန်ယူရပါသည်။ ထို့ကြောင့် ထူးချွန်ဝန်ထမ်းရွေးချယ်ပွဲတွင် မဲပမာဏ များများရကာ ဒုတိယနေရာဝင်သွားခြင်းဖြစ်သည်။

ထို့ကြောင့် ခွကျသော အခြေအနေတစ်ခု ဖြစ်လာပြန်သည်။

ဖေးချမ့်က ပေါင်ရှုကို ခပ်တည်တည်ကြည့်လိုက်ပြီး သဘောကောင်းကောင်း အပြုံးဖြင့် ပြုံးပြလိုက်သည်။

ငါ့ကောင်... ငါ မင်းကို ပစ်မှတ်ထားနေတာ မဟုတ်ဘူးနော်။ ဒါ လူထုရဲ့ရွေးချယ်မှုပဲ...။

All Chapters