ငါ့ဝန်ထမ်းအားလုံးက ပါရမီရှိပေမယ့် ရိုးသားလွန်းတယ်
Vol. 15 Ch. 219
ဖေးချမ့် သူ့ကို ကြည့်ကာ စကားပြောရမှာ တွန့်ဆုတ်နေမှန်း မြင်လိုက်ရသောအါ ပေါင်ရှု ချက်ချင်း စိတ်ညစ်သွားသည်။
လခွမ်း... ငါထပ်ရပြန်ပြီလား။
ယခင် တစ်လကြာ လစာမပြတ်ခွင့်ရက်အတွင်း ပေါင်ရှု တစ်နိုင်ငံလုံးကို ခရီးသွားရင်း သွေးပင်အန်မိတော့မလို ဖြစ်ခဲ့သည်။ ပြန်ရောက်လာသောအခါ ဒီနှစ်အတွက်တော့ ဘယ်မှ ခရီးသွားဖို့ မလိုတော့ဟု ခံစားလိုက်ရသည်။
သို့သော်လည်း လအနည်းငယ်သာ အနားယူရသေးသော်လည်း အကုန်ပြန်ဖြစ်တော့မှာလား။
ပေါင်ရှုက အမြန်ပြောလိုက်သည်။ "ဘော့စ်ဖေး ကျွန်တော် ဒီအခွင့်အရေးကို ဆန္ဒရှိစွာနဲ့ ငြင်းဆန်ပါတယ်။ ကျေးဇူးပြုပြီး ပိုလိုအပ်တဲ့ လူတစ်ယောက်ယောက်ကိုသာ ပေးလိုက်ပါဗျာ။"
ဖေးချမ့်ကခေါင်းခါပြီး ပြောလိုက်ပါသည်။ "အားလုံး ကိုယ်ရမယ့်ဆုကို လျှောက်ပေးနေရင် မဲပေးရတာ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။ ငါတို့ မဲရလဒ်ကို ပြောင်းစရာ အကြောင်း လုံးဝ မရှိဘူး။ မဲနိုင်တဲ့ ဘယ်သူမဆို ပိုင်ဆိုင်ရမှာပဲ။ ရက်ပိုင်းအတွင်း မင်းခရီးဆောင်အိတ် အဆင့်ပြင်ထားလိုက်တော့။"
ပေါင်ရှု ပျာယာခတ်သွားသည်။ "ဘော့စ်ဖေး ကျွန်တော် နိုင်ငံထဲက လည်ပတ်စရာ နေရာတွေ အကုန်လုံးကို လည်ပတ်ပြီးသွားပါပြီ နေရာအားလုံးမှာလည်း ချက်အင်ဝင်ခဲ့တယ်။ ကျွန်တော့်ဓာတ်ပုံတွေနဲ့ တည်နေရာ အမှတ်အသားတွေနဲ့ သက်သေပြလို့ရပါတယ်။ ကျွန်တော့်မှာ သွားစရာ နေရာ မရှိတော့ဘူး။"
ဖေးချမ့်က အနည်းငယ် ပြုံးပြလိုက်သည်။ "မင်းက နိုင်ငံထဲက လည်ပတ်စရာနေရာတွေ အကုန်သွားပြီးပြီပေါ့။"
"ဒါဆို မနက်ဖြန် မင်းဗီဇာကတ်ကို ပြင်ထားလိုက်တော့။ မင်း နိုင်ငံခြားသွားလည်လို့ရတယ်။ ကမ္ဘာကြီးရဲ့ ရိုးရာယဥ်ကျေးမှုနဲ့ အနုပညာတွေကို ခံစားရင်း အခွင့်အရေးကို အသုံးချပြီး အနောက်နိုင်ငံတွေရဲ့ ဂိမ်းထုတ်လုပ်မှု အတွေ့အကြုံတွေကိုလည်း ယူလို့ရတယ်။"
ပေါင်ရှုစကား ထပ်ပြောဖို့ပြင်လိုက်သော်လည်း ဖေးချမ့်က ဖြတ်ပြောလိုက်သည်။ "ဒါဆို ဆုံးဖြတ်လိုက်ပြီနော်။ မနက်ဖြန် မင်းရဲ့ ဗီဇာကို ပြီးအောင် လုပ်ထားချေ။"
ပေါင်ရှု ဆွံ့အသွားရသည်။ "..."
ဘာလဲဟ။
ပေါင်ရှု စိတ်ပျက်သွားလေသည်။ သူ မသွားချင်ပေ။
ဘော့စ်ဖေး ကျွန်တော့်က အချိန်ပိုလုပ်ခိုင်းရင်တောင် လုပ်ပေးမယ့်ကောင်ပါဗျာ။
သို့သော်လည်း ဘော့စ်ဖေး၏ မျက်နှာထားကို ကြည့်ခြင်းအားဖြင့် ဆုံးဖြတ်ချက်က ချပြီးသွားပြီဖြစ်ပြီး ပြန်ပြင်လို့မရတော့သည်မှာ သိသာနေပါသည်။
ထူးချွန်ဝန်ထမ်းရွေးချယ်ပွဲနှင့်ပတ်သက်သည့် စည်းမျဥ်းစည်းကမ်းများကို အရင်ကတည်းက သတ်မှတ်ထားခဲ့တာကြာပါပြီ။ သူ့အရှုံးကို လက်ခံရတော့မည့် ပုံစံမျိုးဖြစ်၏။
ပေါင်ရှု တစ်ယောက်တည်း စိတ်ပျက်လက်ပျက်ဖြင့် တွေးလိုက်ပါသည်။ ငါလစာမပြတ် ခွင့်ရက်တွေကနေ ပြန်ရောက်လာရင် နောက်တစ်ခါ ထူးချွန်ဝန်ထမ်းရွေးချယ်ပွဲမှာ ငါ့ကိုထပ်ပြီး မဲမပေးအောင် အကုန်လုံးကို ရှင်းရှင်းလင်းလင်း ပြောပစ်ရမယ်။
ငါ အိပ်မက်ရန်ပုံငွေ ယွမ် ၁ သန်းကော လစာမပြတ် ခွင့်တစ်လကိုကော စိတ်မဝင်စားဘူး။ ကျေးဇူးပြုပြီး ယုတ္တိရှိရှိ မဲပေးကြစမ်းပါ။ ကျေးဇူးပြုပြီး ပိုပြီးလိုအပ်တဲ့လူတစ်ယောက်ယောက်ကို မဲပေးလိုက်စမ်းပါ။
သို့သော်လည်း နောက်ကျသွားခဲ့ပါပြီ။ အခုတစ်ခေါက် ခွင့်ရက်များမှ ပြန်လာခါမှသာ တခြားသူတွေကို ထိုအတွေးများ သွင်းပေးနိုင်တော့မည်။
ဖေးချမ့်က လုမင်လျန်ကိုကြည့်လိုက်ပြီး ပြောလိုက်သည်။ "စကားနည်းနည်းပြောပါဦး"
တခြားသူတွေသာ အတော်ဆုံးဝန်ထမ်းဆုကို ရလိုက်ပါက ဖေးချမ့် နှလုံးသားနဲ့ရင်းပြီး ဂုဏ်ပြုချင်ပြုနိုင်မည်။ ၎င်းတို့၏ ကံမကောင်းမှုကို ပြက်ရယ်တောင် ပြုချင်ပြုနိုင်မည်။ သို့သော်လည်း အခု လုမင်လျန်တစ်ယောက် အတော်ဆုံးဝန်ထမ်းဆုကို ရရှိသွားသောအခါ ဖေးချမ့်သူ့ကို သွားခွင့်ပြုရမှာ အနည်းငယ် တွန့်ဆုတ်နေခဲ့ပါသည်။
ဘယ်လိုပဲဖြစ်ဖြစ် သူ့ရင်ထဲတွင် ခံစားချက်ပေါင်းစုံတို့ ရောယှက်နေ၏။
လုမင်လျန်က လက်ထဲတွင် ဆုတံဆိပ်ကို ကိုင်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"ကျွန်တော်က ဒီဆုနဲ့ မထိုက်တန်ပါဘူးဗျာ။ အရင်က ကျွန်တော် ဆွတ်ခူးနိုင်ခဲ့တဲ့ ရလဒ်တွေကလည်း အောင်မြင်ဖို့ ဘော့စ်ဖေးက ယေဘုယျလမ်းစဥ်တစ်ခု ချမှတ်ပေးခဲ့လို့ပါ။ ကျွန်တော်က သူ့ညွှန်ကြားချက်ကို တင်းတင်းကြပ်ကြပ် လိုက်နာခဲ့ရုံပဲ။"
"အစီအစဥ်ဆွဲသူချုပ်ရာထူးကို ဘယ်သူပဲ ထပ်ရပါစေ ဘော့စ်ဖေးရဲ့ အိုင်ဒီယာတွေကို အစကနေ အဆုံးအထိ လိုက်နာမယ်ဆိုရင် သေချာပေါက် တစ်ခုခုကိုတော့ ရရှိသွားမှာပါ။"
"ထန်းတာ့ ဒီ့ထက်ပိုမြင့်တဲ့ အမြင့်တစ်ခုကို ရောက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။"
ရုံးခန်းထဲတွင် ကျယ်လောင်သည့် လက်ခုပ်သံများပေါ်ပေါက်လာသည်။ ဖေးချမ့်လည်း အားလုံးနှင့်အတူ ပျော်ပျော်ရွှင်ရွှင် လက်ခုပ်ဝင်တီးပေးလိုက်ပါသည်။
ကြည့်ပါဦး ကောင်းလိုက်တဲ့ စကားတွေပါလား။
လုမင်လျန်၏ စကားလုံးများကို ဖေးချမ့် အပြည့်အဝ မထောက်ခံသော်လည်း လုမင်လျန်ပြောလိုက်သည့် စကားတစ်ခွန်းကိုတော့ သဘောကျပါသည်။
အစီစဥ်ဆွဲသူချုပ်ရာထူးကို ဘယ်သူပဲရရ ဘော့စ်ဖေးစကားကိုသာ အပြည့်အဝနားထောင်ရမည်။
ဖေးချမ့် လိုချင်တာလည်း ဒါပဲဖြစ်သည်။
သူ စိတ်အပူဆုံးက ဘာလဲ။ သူ့ဝန်ထမ်းတွေ သူ့စကားနားမထောင်မှာကို အစိုးရိမ်ဆုံးဖြစ်ပါသည်။
သူတို့က အမြဲလိုလို သူ့စိတ်ကို မှန်းဆကာ သူ့ကိုပင် မပြောဘဲ ဂိမ်းထဲတွင် အသစ်အဆန်းများစွာကို ဖန်တီးထည့်သွင်းလေ့ ရှိကြသည်။ နောက်ဆုံးမှာတော့ ဂိမ်းများ၏ ရလဒ်များက ဖေးချမ့် မျှော်လင့်ထားတာနဲ့ တခြားစီ ဖြစ်နေတတ်သည်။
တစ်ဖက်မှာတော့ လုမင်လျန်ကိုကြည့်လိုက်ပါက ဂိမ်းအောင်မြင်သွားတာ စိတ်ပျက်ဖို့ ကောင်းသော်လည်း သူ့အပြုအမူက ဟွမ်စစ်ပေါ်နှင့် ပေါင်ရှုတို့ထက် အများကြီး ကောင်းပါသေးသည်။
ရှောင်းလုက တကယ့် ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်သည်။
တကယ်ပဲ ဆုချထိုက်ပါသည်။
ဖေးချမ့်က ပြုံးကာ ပြောလိုက်သည်။ "အိမ်မက်ရန်ပုံငွေ ယွမ် ၁ သန်းကို ဘယ်လိုသုံးမလဲဆိုတာ မင်းစဥ်းစားပြီးပြီလား"
လုမင်လျန်က အနည်းငယ် တွန့်ဆုတ်နေသည်။ "အမ်... ဘော့စ်ဖေး ကျွန်တော့်အစီအစဥ်က ဒီလိုရှိတယ်။ တစ်ဖက်မှာ အရှုံးပေးပြီး ကယ်တင်ခြင်းခံစေဂိမ်းက ဖန်တီးမှု အရေးကြီးဆုံးအချိန်ကို ရောက်နေပြီ။ ကျွန်တော် လက်ရှိ အပိုင်းအတွက် ဆက်နေပြီး အပြီးသတ်သင့်တယ်ထင်တယ်။ နောက်တစ်ဖက်မှာလည်း ကျွန်တော် ဘာလုပ်ရမှန်း မသေချာဘူး။ ဂိမ်းလောကကလွဲပြီး တခြားနယ်ပယ်တွေထဲမှာ ကျွန်တော်စကေးတွေ၊ ပါရမီတွေ ဘာမှ ရှိမယ်မထင်ဘူး။"
"အဲ့တာကြောင့် ကျွန်တော် လောလောဆယ်အတွက်တော့ ဒီကိစ္စကို ဘေးဖယ်ထားသင့်တယ်မလား။ ဘော့စ်ဖေးပဲ ပိုက်ဆံကို ထိန်းသိမ်းထားပေးပါ။ ကျွန်တော်ဘာလုပ်ချင်လဲ အိုင်ဒီယာ တစ်ခုခုရတဲ့အချိန်ကျမှ အဲ့အကြောင်း ပြောကြတာပေါ့။"
ဖေးချမ့် မျက်မှောင်ကြုတ်သွားသည်။
ဒီကိစ္စကို ဘေးဖယ်ထားမယ်ဟုတ်လား။ မဖြစ်နိုင်တာ ငါပိုက်ဆံကို ပြင်ထားပြီးပြီ။ မင်းဘက်က ဘာလို့ မသုံးနိုင်ရမှာလဲ။
ပြီးတော့လည်း စည်းမျဥ်းက စည်းမျဥ်းပဲ။ ဒုတိယ ထူးချွန်လူရွေးပွဲမှာ ဘယ်လိုလုပ်ပြီး ဒီလိုကိစ္စဖြစ်လို့ရမလဲ။ နောက်ပိုင်းကျရင်ကော ငါဘယ်လို ဆက်ပြီး ထိန်းသိမ်းရမှာလဲ။ နောက်ပိုင်းကျရင် ထူးချွန်ဝန်ထမ်းရွေးချယ်ပွဲလိုမျိုး ဒီလောက်ကောင်းတဲ့ အစဥ်အလာကို ဘယ်လိုလုပ်ပြီး ဆက်ထိန်းသိမ်းသွားရမလဲ။
လုမင်လျန်က ငါ့ရဲ့ ယုံကြည်ရတဲ့ လက်အောက်ငယ်သားဖြစ်ပေမယ့် သူတို့ရဲ့အယုံအကြည်မဲ့သွားရင် အဖွဲ့ကို ဆက်ပြီး ချောချောမွေ့မွေ့ ဦးဆောင်နိုင်မှာ မဟုတ်တော့ဘူး။ အဲ့ဒီစည်းမျဥ်းတွေကို ပထမဆုံး ဖျက်မယ့်လူက လုံးဝ ငါဖြစ်လို့မရဘူး။
ဖေးချမ့်က ချက်ချင်းခေါင်းခါလိုက်ပြီး ပြောလိုက်ပါသည်။ "မဟုတ်ဘူး မင်းမှာလောလောဆယ် အိုင်ဒီယာကောင်းကောင်း မရှိသေးရင် မင်းအတွက် တာဝန်တစ်ခုပေးမယ်။ မင်း လေဆန်ပို့ဆောင်ရေး လုပ်ငန်းရဲ့ စီအီးအိုလုပ်လို့ရတယ်။"
လုမင်လျန် ကြက်သေသေသွားသည်။ "ဟင် ဘော့စ်ဖေး ကျွန်တော်အဲ့အကြောင်း ဘာမှ မသိဘူးလေ။"
ဖေးချမ့်က အနည်းငယ်ပြုံးသွားသည်။ ဘာမှမသိဘူးတဲ့လား။ အကောင်းဆုံးပဲပေါ့။
"ဆိုရိုးစကား ရှိတယ်လေကွာ။ သာဓက တစ်ခုခုကိုသာ ပိုင်နိုင်အောင်လုပ်လိုက် ကျန်တာအကုန် နားလည်သွားမယ်။ မင်းရဲ့ ထန်းတာ့မှာ အလုပ်လုပ်ခဲ့တဲ့ အတွေ့အကြုံကို ကြည့်ခြင်းအားဖြင့် စီမံရေးမှာ ပါရမီပါမှန်း သက်သေပြနိုင်တယ်။ မင်းအဲ့ဒီမှာ အရင်ဆုံး စမ်းကြည့်လိုက်ပေါ့။ မင်းအတွက် အဆင်မပြေရင် တခြားနယ်ပယ်မှာ ကုမ္ပဏီထောင်ဖို့ အိပ်မက်ရန်ပုံငွေ ယွမ် ၁ သန်းကို ယူလို့ရသေးတယ်။”
လုမင်လျန်က အနည်းငယ် တွန့်ဆုတ်နေဆဲဖြစ်သည်။ သို့သော်လည်း ဘော့စ်ဖေးမျက်လုံးထဲက ဆုံးဖြတ်ချက်ပြတ်သားမှုကို မြင်လိုက်ရသောအခါ ထန်းတာ့မှာ သူ ဆက်နေခွင့် ပါးပါးလေးသာ ရှိတော့မှန်း နားလည်လိုက်ရပါသည်။
ဒီလိုဆိုမှတော့ လေဆန်ပို့ဆောင်ရေးကိုသွားပြီး စမ်းသပ်ကြည့်သင့်သည်။
လုမင်လျန်၏ စရိုက်က ဟွမ်စစ်ပေါ်နှင့် ခြားနား၏။ ဟွမ်စစ်ပေါ်တွင် အိုင်ဒီယာများစွာရှိနေပြီး တခြား နယ်ပယ်များတွင် သေချာပေါက် တက်တက်ကြွကြွဖြင့် စမ်းသပ်ကြည့်မည့်လူမျိုးဖြစ်၏။ သူ လိုချင်တာကိုသူ ရှင်းရှင်းလင်းလင်းနားလည်သူဖြစ်သည်။ ထို့ကြောင့် အိပ်မက်ရန်ပုံငွေကို ရရှိပြီးနောာက် ဖေးဟွမ်လုပ်ငန်းကို ချက်ချင်း တည်ထောင်ခဲ့သည်။
သို့သော် လုမင်လျန်ကတော့ တခြားနယ်ပယ်များကို စိတ်ဝင််စားမှု နည်းပါး၏။ သူက တာဝန်သိတတ်ပြီး မစွန့်စားတတ်သော ဝန်ထမ်းမျိုး ဖြစ်သည်။
သူတို့ထုတ်လုပ်လိုက်သော ဂိမ်းများကိုကြည့်ခြင်းအားဖြင့် ခြားနားချက်ကိုမြင်နိုင်သည်။ ဟွမ်စစ်ပေါ်နှင့် ပေါင်ရှုတို့က ၎င်းတို့၏ အိုင်ဒီယာများကို ဂိမ်းထဲထည့်သွင်းဖို့ ကြိုးစားလိမ့်မည်။ သို့သော် လုမင်လျန်ကတော့ ဘော့စ်ဖေး၏ အမိန့်များကိုသာ တစ်သွေမတိမ်းလိုက်နာခဲ့သည်။
သူခေတ္တစဥ်းစားကြည့်လိုက်၏။ ပို့ဆောင်ရေးလုပ်ငန်းတွင် သိပ်ပြီး စိတ်ပါဝင်စားမှုမရှိသော်လည်း ဘော့စ်ဖေး ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းတိုင်းတွင် ဖွံ့ဖြိုးတိုးတက်မည့် အလားအလာ သေချာပေါက် ရှိနေမှန်း သူယုံကြည်၏။ သူ့လုပ်ငန်းဘဝကို ကြည့်လျှင် အစီအစဥ်ဆွဲသူချုပ်တစ်ယောက်၏ အဆင့်အတန်းက ပို့ဆောင်ရေး ကုမ္ပဏီကြီးတစ်ခု၏ စီအိးအိုဆိုတာထက် အများကြီး နိမ့်ကျပါသည်။
ထို့ကြောင့် လုမင်လျန် ထပ်ပြီး မငြင်းဆန်တော့ဘဲ အလုပ်ကမ်းလှမ်းချက်ကို လက်ခံလိုက်ပါသည်။
ဘယ်လိုပဲဖြစ်ဖြစ် နောက်ပိုင်း ထိုအလုပ်နှင့် အံကိုက်မှုမရှိပါက အိပ်မက်ရန်ပုံငွေ ယွမ် ၁ သန်းကို ပြန်လာယူပြီး သူလုပ်ချင်တာ လုပ်နိုင်သည်ဟု ဘော့စ်ဖေး ပြောထားသည်မဟုတ်လား။
အတော်ဆုံး ဝန်ထမ်းနှစ်ယောက်ကို ရွေးချယ်ပြီးသော အခါ ပြဿနာအသစ်တစ်ခုပေါ်လာခဲ့ပြန်သည်။
အစီအစဥ်ဆွဲသူချုပ် မရှိတော့ပေ။ ထိုရာထူးခန့်အပ်ဖို့ တစ်ယောက်ယောက်ကို လိုလာပြန်ပြီ။ မဟုတ်ပါက ကုမ္ပဏီ ချောချောမွေ့မွေ့ လည်ပတ်နိုင်မည်မဟုတ်ပါ။
သို့သော်လည်း ယခု ဖေးချမ့် ရင်ဆိုင်နေရသည့် ပြဿနာက ထန်းတာ့ဂိမ်းတွင် သူနှင့်ရင်းနှီးသည့် ဝန်ထမ်းများက အကုန်လုံး သက်ဆိုင်ရာအလုပ်များ ရှိနေကြခြင်းပင်။
ဟွမ်စစ်ပေါ်၊ ပေါင်ရှု၊ လုမင်လျန်၊ လင်းဝမ်တို့အားလုံးကို ဖေးချမ့်ကိုယ်တိုင် သက်ဆိုင်ရာ အလုပ်များ သတ်မှတ်ပေးထားခဲ့သည်။
ကျန်ဝန်ထမ်းများထဲတွင် မျက်နှာတချို့ကို သိသည်ဆိုရုံသာ ရှိ၏။ သို့သော် ၎င်းတို့နှင့်လည်း ရင်းနှီးမှု မရှိပေ။
၎င်းတို့ထဲမှ အများစုက ဂိမ်းဖန်တည်းမှုအစီအစဥ်များ၏ အကောင်အထည်ဖော်မှုအပိုင်းတွင် အလုပ်လုပ်ကိုင်ကြသူများဖြစ်ကာာ ဖေးချမ့်ကို ကိုယ်တိုင်လာပြီး အစီအရင်ခံကြသူများ မဟုတ်ပေ။ ထို့ကြောင့် သူတို့နဲ့ ရင်းနှီးဖို့ ဖေးချမ့် အခွင့်အရေး သိပ်မရခဲ့ပါ။
သို့သော်လည်း ကြီးကြီးမားမား ပြဿနာတော့ မဟုတ်ပေ။ သူ့မှာ ထူးချွန်ဝန်ထမ်းရွေးချယ်ပွဲ၏ မဲရလဒ်များရှိနေဆဲဖြစ်၏။ သူ့လက်ထဲတွင် နာမည်စာရင်းနှင့် မဲအရေအတွက်များရှိနေသေးသည်။ ထိုအချက်အလက်များက အလွန်အားကောင်းသည့် အကဲဖြတ်တန်ဖိုးတစ်ခုဖြစ်၏။
အစအဆုံး ရွေးချယ်နေပါက အလုပ်ရှုပ်လွန်းမည်။ ဘာပဲဖြစ်ဖြစ် လူအတော်များများမှာ မဲ ၁ မဲတောင် မရကြသူများဖြစ်၏။ သူတို့ကိုရွေးချယ်လိုက်ပါက ခွကျလွန်းပါလိမ့်မည်။
မဲအရေအတွက် အလယ်အလတ် ရရှိထားသည့် ထိပ်တန်း ၁၀ ယောက်ထဲမှ ကျပန်းရွေးချယ်ဖို့သာ ရှိသည်။
"လီယာတာ့ နင့်ကိုရွေးလိုက်ပြီ။"
အခန်းထောင့်ရှိ အလုပ်စားပွဲတွင် မျက်မှန်ကိုင်းအကြီးကြီးဖြင့် မျက်မှန်ကို တပ်ဆင်ထားသော အမျိုးသမီး ဝန်ထမ်းတစ်ယောက်က ရီဝေဝေဖြင့် မော့ကြည့်လိုက်သည်။ ဘော့စ်ဖေးက ဘာကြောင့် သူမကို အစီအစဥ်ဆွဲသူချုပ်အဖြစ် ရွေးချယ်လိုက်မှန်း လုံးဝ မသိပါ။ ထိုသတင်းကို ဘယ်လိုတုန့်ပြန်ရမှန်းတောင် မသိတော့ဘဲ ကြက်သေသေသွားပါသည်။
ဖေးချမ့်က အစီစဥ်ဆွဲသူချုပ်အသစ်ကို အလွန်အားရကျေနပ်မှုရှိသည်။ သူမ၏ နာမည်က ဝန်ထမ်းများစွာ၏ နာမည်စာရင်းအရှည်ကြီးတွင် မျက်စိကျစရာဖြစ်သည်။
မင်္ဂလာရှိသော နာမည်ဖြစ်နေသောကြောင့်ပြီ။
သူမ၏ တရုတ်နာမည်က လီယာတာ့ဖြစ်သည်။ ဆိုလိုတာက အင်္ဂလိပ်နာမည်မှာ ယာ့တာလီ ဖြစ်လိမ့်မည်။
ယာ့တာလီက အတာရီဟူသည့် ကုမ္ပဏီကြီးတစ်ခု၏ နာမည်နှင့် ဆင်တူနေ၏။။ ထိုကုမ္ပဏီက ဂိမ်းလောကထဲတွင် ဦးဆောင်နေသည့် ကုမ္ပဏီများထဲက တစ်ခုဖြစ်ပေသည်။ ဘော့စ်ဖေး၏ မဟာ ပန်းတိုင်က ၎င်းတို့လိုဖြစ်လာဖို့ပင်။
လီယာတာ့က သူမ၏ ဘေးပတ်လည်ကို ဝေ့ကြည့်ရင်း ဘော့စ်ဖေး ပြုံးပြနေတာကိုမြင်လိုက်ပါသည်။
သူမ ခေတ္တ ကြက်သေသေသွားပြီး အမြန် မတ်တပ်ထရပ်လိုက်ပါသည်။ "ဘော-ဘော့စ်ဖေး ကျွန်မမှာ လုပ်ငန်းအတွေ့အကြုံ လုံလုံလောက်လောက် မရှိပါဘူး..."
ဖေးချမ့် သဘောကျသည့်ပုံမပေါ်တော့ပါ။
လာပြန်ပြီလား နင့်မှာ လုပ်ငန်းအတွေ့အကြုံမရှိတာ ငါ မသိဘူးထင်နေလား။ နင့်မှာ လုပ်ငန်းအတွေ့အကြုံ လုံလုံလောက်လောက်ရှိရင် နင့်ကို ငါမရွေးဘူး။
ငါ တစ်ယောက်ယောက်ကို အစီအစဥ်ဆွဲသူချုပ်အဖြစ် ရာထူးတိုးပေးလိုက်တိုင်း အဲ့တာကိုပဲ အကြောင်းပြချက်ပေးပြီး ငြင်းနေကြတာပဲ။
ဖေးချမ့် မျက်နှာပျက်သွားသည်။
လီယာတာ့တစ်ယောက် ဖေးချမ့်၏ မျက်နှာထား ပျက်သွားတာကို သတိထားမိသွားပြီး သူမ အမှားဖြစ်သွားမှန်း နားလည်သွားသည်။ အရင်အစီအစဥ်ဆွဲသူချုပ်တွေအားလုံးကကော သူမလိုပဲ ရာထူးတိုးပေးခံခဲ့ရတာမဟုတ်ဘူးလား။ သူတို့အားလုံး ထိုရာထူးကို ထူးချွန်ပြောင်မြောက်စွာ တာဝန်ယူနိုင်ခဲ့ကြသည်။
သူမအလှည့်ရောက်မှ ဘာလို့ ကချွတ်ကချော်လုပ်လို့ရမလဲ။
ဘော့စ်ဖေးကို စိတ်ပျက်သွားစေလိမ့်မည်။
လီယာတာ့က တွန့်ဆုတ်စွာဖြင့် ထပ်ပြောလိုက်၏။ "ဒါပေမယ့် အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ ဂိမ်းဖန်တီးမှု နောက်ဆုံးအပိုင်းကို အောင်မြင်အောင်လုပ်ဖို့ အကောင်းဆုံး ကြိုးစားသွားပါ့မယ်"
ဖေးချမ့်က ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်ပါသည်
ဟုတ်တယ်။ ဒီလိုပဲဖြစ်နေရမယ်။ နင့်ရဲ့ အပြုအမူ ကောင်းနေသရွေ့ နင့်ရဲ့ အစွမ်းအစမရှိမှုကြောင့် ဂိမ်းမအောင်မြင်ရင်တောင် နင့်ကို အပြစ်မတင်ဘူး။