← Chapters

စေတနာကို အမုန်းနဲ့ ကျေးဇူးပြန်ဆပ်ခြင်

Vol. 15 Ch. 221

စေတနာကို အမုန်းနဲ့ ကျေးဇူးပြန်ဆပ်ခြင်

Vol. 15 Ch. 221

နောက်တစ်နေ့...

ဖေးချမ့် ပုံမှန်အတိုင်းနိုးလာပြီး အိပ်ယာထကာ လက်ပတ်နာရီကို ကြည့်လိုက်သည်။ မနက် ၁၀ နာရီပင် ထိုးနေပါပြီ။

မျက်နှာသစ်ပြီး ရိုးရိုးရှင်းရှင်း နေ့လည်စာ ပြင်ဆင်ပြီးနောက် စားသောက်ရင်း ထူးထူးခြားခြား ရှိမလား ဖုန်းကို ပွတ်နေမိသည်။

'အမာခံဝေဖန်ချက်များ' အကောင့်တွင် အသိပေးချက်များ အရှည်ကြီး တန်းစီနေသည်ကို မြင်လိုက်ရလေသည်။

ဖေးချမ့် ကြက်သေသေသွား၏။ သေချာကြည့်လိုက်ခါမှ နောက်ဆုံးတင်ခဲ့သည့် အပိုင်းမှာ အီလက်ထရောနစ် အပိုင်းတွင် ရေပန်းစား အကြောင်းအရာတစ်ခု ဖြစ်လာမှန်း မြင်လိုက်ရသည်။ တိုက်ရိုက်ထုတ်လွှင့်မှုများ၊ Bullet ကောမန့်များနှင့် ကောမန့်အကန့်များက အရင်တုန်းကနဲ့ ကြီးကြီးမားမား ခြားနားလို့နေပါသည်။

"ဘာတွေဖြစ်နေတာလဲဟ။ မနေ့ညကမှ လူမသိ သူမသိ ဗီဒီယိုတစ်ပုဒ်ပဲ မဟုတ်ဘူးလား။ ဘာဖြစ်သွားတာလဲ။"

ဖေးချမ့် အနည်းငယ် ပျာယာခတ်သွားခဲ့သည်။

သူ့ရဲ့ပထမဆုံး တုန့်ပြန်ချက်က ဆဲမိလိုက်ခြင်းပင်။ ဒီဗီဒီယိုသာ ထပ်ပြီး ရေပန်းစားလာပါက ပြဿနာ တက်လိမ့်မည်။

နေပါဦး... ဒီအပိုင်းတွေကို ငါ့ကိုယ်ပိုင်ပိုက်ဆံငါ သုံးပြီး ရိုက်ထားတာလေ။ စနစ်ရန်ပုံငွေကို သုံးထားတာမှ မဟုတ်တာကွာ။

မက်လုံးပလန်တွေက ရလာတဲ့ ငွေတွေက ငါ့အပိုင်ဖြစ်လာမှာပဲ။ ဒါက ကောင်းတဲ့ကိစ္စပဲဥစ္စာ။ ငါပျာယာခတ်ဖို့ မလိုဘူး။

ဒီဗီဒီယို ပိုပြီး နာမည်ကြီးလာလေလေ ငါပိုက်ဆံများများ ရလေလေပဲ။

ဖေးချမ့် ချက်ချင်း ပြန်ပျော်ရွှင်သွားပြီး ကောမန့် အကန့်ကို နှိပ်ကြည့်လိုက်သည်။

"ရှန်းဟွာရဲ့ ဆဲလ်ဖုန်းတွေအကြောင်း မကောင်းပြောရုံနဲ့ ပိုက်ဆံရနေကြပြီလား။"

"ဒါလည်း ရှောက်ဟူဝေဖန်ချက်များ : နိုင်ငံခြား အမှိုက်သရိုက်လိုပဲ။"

"ဟုတ်တယ် ပြည်တွင်းဖြစ်ဖုန်းတွေက တော်တော် စုတ်တာပဲ။ ဒီဖုန်းရဲ့ ဘော်ဒီကို ကြည့်ပါဦး။ တစ်ချက်လောက် ထိလိုက်တာနဲ့ ပျက်စီးသွားနိုင်တယ်။"

"ဒီဇိုင်းကလည်း နည်းနည်း စုတ်တယ်နော်။ ဟုတ်တယ်မလား။ ထောင့်တွေနဲ့ လက်ရာကလည်း မသေမသပ်နဲ့ကွာ။"

"အရည်အသွေးပြဿနာအကြောင်း ပြောနေကြတာလား။ အရင် UP မာစတာရဲ့ အပိုင်းကို ကြည့်လိုက်ကြဦး။ Pineapple ဖုန်းက ပိုပြီးတောင် အကျိုးမြန်သေးတယ်..."

"အကုန်လုံး ကြည့်ပြီးကြပြီမလား။ ဒီ UP မာစတာက ရှန်းဟွာဆဲလ်ဖုန်းတွေကို ပစ်မှတ်ထားနေတာ မဟုတ်ပါဘူး။ အရင်က Pineapple ဆဲလ်ဖုန်းတွေကိုလည်း ပစ်မှတ်ထားဖူးပါတယ်။"

"ငါတို့ အထင်လွဲနေကြတာလား။ အဲ့ဒီ UP မာစတာက ရှန်းဟွာဆဲလ်ဖုန်းတွေအကြောင်း မကောင်းပြောနေတာမဟုတ်ဘူးထင်တယ်။ ဒါ အမာခံဝေဖန်ရေးသမားတိုင်းရဲ့ ပုံမှန်အကွက်တွေပဲ မဟုတ်ဘူးလား။"

ဖေးချမ့် ကောမန့်တချို့ကို ဖတ်ကြည့်လိုက်ပြီး အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။

ဘာတွေဖြစ်နေတာလဲ။ ဘာလို့ လူတွေက ဒီဗီဒီယိုနဲ့ ပတ်သတ်ပြီး အငြင်းပွားနေကြတာလဲ။

ဒီအပိုင်းက ရေပန်းစားမှုအားဖြင့် တကယ်ပဲ တိုးတက်လာခဲ့သည်။ သို့သော်လည်း ရိုးရိုးတန်းတန်း ရေပန်းစားလာမျိုး မဟုတ်တာတော့ သိသာပါသည်။ အွန်လိုင်းပေါ်မှာ အငြင်းပွားရင်း ရန်ဖြစ်ရင်း ရေပန်းစားလာတာမျိုး ဖြစ်၏။

တချို့လူတွေက ရှန်းဟွာဆဲလ်ဖုန်းများအကြောင်း မကောင်းပြောနေစဥ် တချို့ကတော့ ပြန်လည်ချေပနေကြသည်။ တချို့တွေကလည်း ကြားနေပြီး ပွဲကြည့်နေကြ၏။ အနှစ်ချုပ်ပြောရလျှင် ကောမန့်အကန့်တွင် ဗြောင်းဆန်လျက် ရှိပါသည်။

ဖေးချမ့်က ဘယ်ဆဲလ်ဖုန်း ဘရန်းကိုမှ ဘက်လိုက်ခြင်း မရှိဘဲ ဒီလိုအွန်လိုင်းတိုက်ပွဲများကိုလည်း စိတ်ဝင်စားလေ့မရှိပေ။ သို့သော်လည်း ကောမန့်အကန့်၏ နောက်စာမျက်နှာကို လှန်ကြည့်လိုက်သောအခါ ဒီလိုဆူဆူညံညံဖြစ်အောင် လုပ်ခဲ့သည့်တရားခံကို သူတွေ့သွားသည်။

ဒီအပိုင်းကို ပထမဆုံးရှဲလိုက်သည့် အဓိက UP မာစတာက 'ရှောက်ဟူဝေဖန်ချက်များ' ၏ တရားဝင်အကောင့် ဖြစ်သည်။ ဒီပလက်ဖောင်းက ဗီဒီယိုအပိုင်းကို မှားမှားယွင်းယွင်း ဖော်ပြထားသဖြင့် ကြည့်ရှုသူများစွာက ရည်ရွယ်ချက် အစစ်အမှန်ကို နားလည်မှု လွဲသွားကြသည်။ အပိုင်းကို မကြည့်ရသေးဘဲနဲ့တောင် ကြမ်းကြမ်းတမ်းတမ်း ဝေဖန်ဆဲဆိုလာကြသည်။ ဖေးချမ့်က ကံမကောင်းစွာဖြင့် ဒီလိုတိုက်ပွဲကြားထဲက သားကောင် ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။

ထို UP မာစတာ၏ အဓိက စာမျက်နှာကို ဖေးချမ့် ကြည့်ကြည့်လိုက်သည်။ Review များ ရိုက်သည့် အလွန်သာမန်ဆန်သော အစီအစဥ်တစ်ခုပုံစံသာ ဖြစ်ပါသည်။ သို့သော်လည်း စပွန်ဆာ အရိပ်အယောင်များကိုတော့ များစွာ တွေ့နေရသည်။

"မင်းတို့ကောင်တွေက ပြဿနာမီးထွန်းရှာရတာ တော်တော်ဝါသနာပါတဲ့ကောင်တွေပဲ။ ဆိုးတော့မဆိုးပါဘူး။ အင်း ငါဒီပြဿနာကနေ ပိုက်ဆံရနိုင်တယ်။ နောက်ပိုင်းကျရင်တောင် အသုံးဝင်လာနိုင်တယ်။"

ဒီကုမ္ပဏီကို ဖေးချမ့် စိတ်ထဲမှတ်ထားလိုက်သည်။ ဒီလိုနည်းလမ်းတွေကို အထူးကျွမ်းကျင်သည့် ဒီလိုအကောင့်မျိုးက ဘယ်လိုတာဝန်မျိုးကိုမဆို ပိုက်ဆံယူ ကိုင်တွယ်သည့်နေရာတွင် ပရော်ဖက်ရှင်နယ်များ ဖြစ်ကြ၏။ နောက်ပိုင်း ဘော့စ်ဖေးအတွက် အသုံးဝင်လာနိုင်ပါသည်။

ဖေးချမ့်လည်း စိတ်ထဲမထားပါ။ နာမည်ဆိုးဖြင့် ကျော်ကြားခြင်းကလည်း ရေပန်းစားသည့် အမျိုးအစားတစ်ခုမဟုတ်ပါလား။

လူတိုင်း ကြိုက်သလို ဆူနိုင်ဆဲနိုင်တယ်။ ငါ ကောမန့်တွေကို ကြည့်တောင် မကြည့်တော့ဘူး။ ဗီဒီယိုအပိုင်းတွေကို ငါ့ပလန်အတိုင်းပဲ ဆက်ရိုက်မယ်။ တဖြည်းဖြည်းနဲ့ ရေပန်းပိုစားလာမှာ သေချာပါတယ်။

မင်းတို့ကောင်တွေကတော့ ကြိုက်သလောက် တိုက်ကြခိုက်ကြပေါ့။ ငါ့အပူ မပါဘူး။

နောက်ဆုံးမှာ ဘယ်သူမှ အသိအမှတ်မပြု၊ မချီးမွမ်းရင်တောင် မက်လုံးပလန်ရဲ့ ကျေးဇူးကြောင့် ကြည့်ရှုသူများပြားတဲ့အတွက် ငွေကဝင်လာမှာပဲ။ အများကြီး မဟုတ်လောက်ပေမယ့် မုန့်ဖိုးလောက်တော့ ရမှာပါ။

ဘာပဲဖြစ်ဖြစ် ဒီအစီအစဥ်အတွက် ကုန်ကျစရိတ်အားလုံးကို ဘော့စ်လင်းက စပွန်ဆာပေးထားခြင်း ဖြစ်သည်။ ဖေးချမ့်က သက်သက်သာသာ လိုက်ပါစီးမြောရုံသာဖြစ်၏။

"ကောင်းတယ်ဟေ့ အားလုံး ဒါကို စိတ်ဝင်စားနေကြတုန်း MSC နဲ့ပတ်သက်တဲ့ နောက်အပိုင်းကိုပါ ငါတင်လိုက်မယ်။"

"ဖုန်းအမျိုးအစား ၃ မျိုးဆိုတော့ ရေပန်းစားမှုက သေချာပေါက် တက်လာမှာပဲ။"

...

...

တစ်ဖက်မှာတော့ ဟူရှောင်းက သူ့ပရိသတ်များနဲ့ အွန်လိုင်းမိတ်ဆွေများကို ထိုစာမျက်နှာသို့ သွားဖို့ လမ်းညွှန်နေသည်။ သူကိုယ်တိုင်တော့ ဒီလိုညစ်ပတ်ပြီး ပင်ပန်းရသည့် အလုပ်မျိုးကို လုပ်မှာ မဟုတ်ပါ။ သူ့သိက္ခာကို ကျစေလိမ့်မည်။

သို့သော်လည်း မီးလောင်ရာတော့ သေချာပေါက် လေပင့်ပေးရဦးမည်။

"ကောမန့်ထဲက လူတွေဘာလို့ ဒီလောက် ဒေါသထွက်နေတာလဲမသိဘူး။ ငါက ဒီဗီဒီယိုကို ဒီတိုင်းဖျော်ဖြေရေး သက်သက်ရှုထောင့်ကနေ ရှဲလိုက်တာပါကွာ။ ဒီဗီဒီယိုအကြောင်း လူတွေအများကြီး ပြောလာကြတယ်။ မင်းတို့ကောင်တွေ ပုံကြီးချဲ့ရတာကို ဝါသနာပါကြတာလား။"

"ပြီးတော့လည်း ဒီအပိုင်းတွေက စိတ်ဝင်စားဖို့ကောင်းတယ်လို့ ငါထင်မိလို့။ ဒီလိုကြမ်းကြမ်းတမ်းတမ်း ဖုန်းကို ဖျက်ဆီးတာက ဆဲလ်ဖုန်းတွေရဲ့ ခွန်အားတို့၊ အတွင်းက အစိတ်အပိုင်းတွေရဲ့ အရည်အသွေးတို့၊ ဖွဲ့စည်းပုံတို့ စတာတွေကိုလည်း မြင်သာစေတယ်မလား။"

"တကယ်တော့ ဒီဗီဒီယိုက ရှန်းဟွာဆဲလ်ဖုန်းတွေ အရည်အသွေး မကောင်းမှန်း ပြလိုက်တာပဲ။ MSC လိုမျိုးနိုင်ငံခြားထုတ်တွေနဲ့ယှဥ်ရင် တိုးတက်ဖို့ အများကြီးလိုသေးတယ်။"

"ဥပမာ ဖုန်းရဲ့ အနောက်ကာဗာကိုကြည့်လိုက်။ ထောင့်တွေကိုဖြတ်ထားတယ်လို့ ပြောလို့မရပေမယ့် ထုတ်လုပ်တဲ့အခါ သိပ်ပြီး တီထွင်ကြံဆမှုမရှိတာ သက်သေပဲ။ နည်းနည်းလောက် ထိမိရုံနဲ့ တကယ်ကြီး ပျက်ဆီးသွားတယ်။ MSC ဆဲလ်ဖုန်းသာဆို ဒီလိုပြဿနာမျိုးဖြစ်ဖို့ ခက်ခဲတယ်။"

"ဆဲလ်ဖုန်းရဲ့ အတွင်းပိုင်း တည်ဆောက်ပုံ အသေးစိတ်တွေ အပါအဝင် သုံးထားတဲ့ ကုန်ကြမ်းတွေအဆုံး ငါတို့တွေ အများကြီး တိုးတက်ဖို့လိုသေးတယ်ဆိုတာ အသိအမှတ်ပြုရမယ်။ ရှန်းဟွာရဲ့ ဆဲလ်ဖုန်းတွေက အကြောင်းအရင်း မရှိဘဲ နိုင်ငံခြားထုတ်တွေထက် စျေးမပေါဘူး..."

တိုက်ပွဲတစ်ခုကို စတင်ဖို့ မီးညှိပေးလိုက်ပြီးနောက် ဟူရှောင်းတစ်ယောက် ချက်ချင်းပဲ ကျေနပ်လန်းဆန်းသွားသလို ခံစားလိုက်ရပါသည်။

ပြဿနာရှာရတာ တကယ် နေလို့ကောင်းလှသည်။

ထိုမက်ဆေ့များကို ပို့ပြီးနောာက် ဟူရှောင်း ဧည့်ခန်းထဲတွင် သစ်သီးများ စားလျက် အားလုံး၏ တုန့်ပြန်မှုကို စောင့်ရင်း အနားယူနေလိုက်သည်။

နာရီဝက်ခန့်ကြာသောအခါ ဟူရှောင်း ကွန်ပျူတာဆီသွားပြီး စကားဝိုင်းများကို ကြည့်လိုက်သည်။

သေချာကြည့်လိုက်မှ ဟူရှောင်း စတင်မျက်မှောင်ကြုတ်မိသွား၏။ တစ်ခုခုတော့ လွဲနေသလိုပဲ။

"ဟားဟား အချိန်ကိုက်ပဲနော်။"

"ငါခုနကမှ ကောမန့်တစ်ခုရေးထားတာကို အခုတော့ အရှက်ကွဲပြီလား။"

"MSC ရဲ့ ပင်မ ဖုန်းမော်ဒယ်က ရှန်းဟွာထက်တောင် ပိုစုတ်နေသေးတယ်ဟေ့။ တစ်ချက်ထိလိုက်တာနဲ့ ပျက်သွားကော"

"ရယ်ချင်စရာ ကောင်းလိုက်တာ။ UP မာစတာက မော်ဒယ် ၃ ခုစလုံးကို Review လုပ်ထားပြီးသား။ မတင်သေးတာပဲရှိတာ။ ထင်မထားဘူးကွာ။"

သူများကံမကောင်းတာကို သာယာနေကြသော ကောမန့်များစွာကို မြင်ပြီးနောက် ဟူရှောင်း အနည်းငယ် ကြောင်သွားသည်။

ဘာတွေဖြစ်နေတာလဲ။

သူခပ်မြန်မြန်ပဲ 'အမာခံဝေဖန်ချက်များ' စာမျက်နှာကို ဖွင့်လိုက်သောအခါ သူ့မက်ဆေ့ကို တင်ပြီး မိနစ်ပိုင်းလောက်အကြာတွင် ဗီဒီယိုအသစ်တစ်ခု ပေါ်လာခဲ့သည်။

အမာခံဝေဖန်ချက်များ အပိုင်း(၃) : MSC-B90

ဒီအပိုင်းကလည်း Content အရ အရင်အပိုင်းတွေနဲ့ အတူတူပဲဖြစ်သည်။ ရေထဲနှစ်၊ အမြင့်က ပစ်ချ၊ အနောက်ဖုံးကို ရိုက်ခွဲပြီး အားပါပါဖြင့် ဖုန်းကိုတစ်စစီဖြုတ်သည်။

MSCB90 ၏ လက်ရာက ရှန်းဟွာခြေဖျားတောင် မမှီတာကို ဟူရှောင်း ထင်မထားခဲ့ပေ။

ရေထဲနှစ်သည့် ပထမဆုံးစမ်းသပ်ချက်ကအစဖြစ်သည်။ MSCB90 ကိုပါဝါဖွင့်ပြီး ရေထဲတွင် အကြာကြီး စိမ်ထားလိုက်သည်။ ထုတ်ပြီးနောက်အပေါ်ယံ ဘာမှမဖြစ်သည့်ပုံပေါ်သော်လည်း UPမာစတာမှ ဖုန်းကို သုံးကြည့်သောအခါ အသံက အနည်းငယ် နောက်နေပြီး ဖုန်းကလည်း လက်ဖြင့် ထိတွေ့မှုကို သိပ်မတုန့်ပြန်တော့ပေ။ တစ်ခုခုတော့ မှားနေတာ သိသာပါသည်။

UP မာစတာက ထိုအချက်ကို ပုံကြီးချဲ့မပြောသော်လည်း ကြည့်ရှုသူများက ဒါကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါသည်။

နောက်တစ်ချက်က ဖုန်းကို အမြင့်မှ ပစ်ချပြီး ဖုန်းအနောက်ကာဗာကို ရိုက်ခွဲခြင်း ဖြစ်သည်။ MSCB90 က ရှန်းဟွာဖုန်းထက်တောင် ပိုဆိုးနေပါသေးသည်။ ဖုန်းကို တစ်စစီဖြုတ်ပြီးနောက် အတွင်းဘက် ကိရိယာများက အလွန်အမင်း ရှုပ်ထွေးနေပြီး ဗြောင်းဆန်နေသည်ဟုတောင် ဆိုနိုင်ပါသည်။

အမှန်ပင်။ ဗြောင်းဆန်မှုကို ရှုပ်ထွေးပြီး လက်ရာမြောက်သည့် တည်ဆောက်မှုဖြင့် ဖြေရှင်းလို့ရသည်။ သို့သော် အဓိက အချက်မှာ MSC၏ အနောက်ဘက် ကာဗာက တကယ်ပဲ ရှန်းဟွာနှင့် နှိုင်းယှဥ်လို့မရနိုင်ပေ။ ရှန်းဟွာ၏ အနောက်ဘက် ကာဗာက သုံးလေးချက်လောက်ရိုက်ပြီးမှ အက်ကွဲသွားခဲ့သည်။ MSC ဖုန်းကတော့ တစ်ချက်လောက် ရိုက်လိုက်ရုံနဲ့ သိသိသာသာ အက်ကွဲသွားပြီး အလွယ်တကူ ပျက်စီးနိုင်ပါသည်။

ဖုန်း၏ အနောက်ဘက် ကာဗာ၏ မာကျောမှုက ထိုကာဗာကို လုပ်ဖို့ အသုံးပြုသော ကုန်ကြမ်းအပေါ်တွင် မူတည်သည်။ ဘယ်လိုပဲဖြစ်ဖြစ် အနောက်ဘက် ကာဗာ ပိုပြီး မာကျောလေလေဖုန်းက ပိုပြီး အကာအကွယ်မိလေလေဖြစ်သည်။ ဟူရှောင်းက ရှန်းဟွာဖုန်း၏ အနောက်ကာဗာ အရည်အသွေးနိမ့်မှုကို အထူးတလည်ပြောခဲ့သူဖြစ်သည်။ MSC လို နိုင်ငံခြားဖြစ် ဖုန်းများအား မှီဖို့ အဝေးကြီးလိုသေးသည်ဟု ပြောခဲ့၏။ နောက်ဆုံးတော့ လျှင်လျှင်မြန်မြန်ပဲ အရှက်ခွဲခံလိုက်ရပါသည်။

ဟူရှောင်း ရီဝေနေဆဲဖြစ်သည်။ သူကိုယ်တိုင်က Review သမားတစ်ယောက် ဖြစ်သော်လည်း ထိုဖုန်းမော်ဒယ်နှစ်ခုက မကြာသေးခင်ကမှ စျေးကွက်ထဲ ထုတ်လုပ်ထားသော ဖုန်းများ ဖြစ်ကြသည်။ သာာမန် Review သမားများကလည်း ဖုန်း၏ Specs များကို စစ်ဆေးကြည့်ခဲ့ကြလိမ့်မည်။ ၎င်းတို့ ဖုန်းများကို ဖြုတ်ကြည့်ကြသော်လည်း ဂရုတစိုက်ဖြင့် အနောက်ဖုံးကို အပူပေးပြီး ကော်အပိတ်ကို ဖြတ်ကာ ဖုန်းကိုခွာလေ့ရှိကြသည်။ ဘယ်ဆဲလ်ဖုန်း၏ အနောက်ကာဗာက ပိုပြီးမာကျောသလဲဆိုတာကို သိရဖို့အတွက် ဘယ်သူမှ ဒီလောက်ကြမ်းတမ်းသည့် နည်းလမ်းမျိုးကို အသုံးပြုမည် မဟုတ်ပေ။

ဟူရှောင်းတစ်ယောက်လည်း ရှန်းဟွာဆဲလ်ဖုန်းကို လက်လွတ်စပါယ် ဝေဖန်နေရုံပဲ ရှိသေးသည်။ UP မာစတာက နောက်ထပ် အပိုင်းသစ်ကို ဒီလောက်မြန်မြန် တင်လိမ့်မည်ဟု မထင်ခဲ့ပါ။

ထို့အပြင် ဒါက သူ့ကို တိုက်ရိုက် တိုက်ခိုက်ခြင်း မဟုတ်တာ သိသာပါသည်။

Weibo ပေါ်တွင် ဟူရှောင်း မက်ဆေ့ကို ရေးပြီးနောက် အပိုင်းသစ်မှာ ၂ မိနစ်အတွင်း တက်လာခြင်း ဖြစ်သည်။ ဒါကိုကြည့်ခြင်းအားဖြင့် တိုက်ဆိုင်ခြင်းသက်သက်သာ ဖြစ်တာ သိသာပါသည်။

ဟူရှောင်း လည်ချောင်းထဲတွင် သွေးနင်နေလေပြီ။ လခွမ်း ဘာလို့ ဒီ'အမာခံဝေဖန်ချက်များ'ရဲ့ UP မာစတာက ငါ့စေတနာကို အငြှိုးနဲ့ ပြန်ကျေးဇူးဆပ်နေတာလဲ။

All Chapters