← Chapters

ဖေးဟွမ်လုပ်ငန်းရဲ့ ပစ်မှတ်အသစ်

Vol. 15 Ch. 223

ဖေးဟွမ်လုပ်ငန်းရဲ့ ပစ်မှတ်အသစ်

Vol. 15 Ch. 223

ဖေးချမ့် ဒီတာဝန်ကို ပျော်ပျော်ကြီး လွှဲပေးလိုက်ပါသည်။ အမှန်ပင်။ လုမင်လျန်က သူ့လူယုံတော်ဖြစ်သည်ကို ထည့်တွက်ပြီး လုမင်လျန် လေဆန်ပို့ဆောင်ရေးနှင့်ပတ်သတ်၍ အထင်မလွဲစေရန် ဖေးချမ့် စကားနည်းနည်းလောက် ထပ်ပြောခဲ့ရသည်။

"လေဆန်ပို့ဆောင်ရေးက ငါ့ရဲ့ရေရှည်အစီအစဥ်တွေထဲက တစ်စိတ်တစ်ပိုင်းပဲ။ ယာယီမှာတော့ အရှုံးပေါ်တဲ့ အခြေအနေနဲ့ ရင်ဆိုင်ရမှာပဲ။ ဒါပေမယ့် မင်းသိပ်ပြီး စိတ်ပူစရာ မလိုပါဘူး။ နောက်ပိုင်း အရှုံးတွေ ဘယ်လောက်ပဲ ပေါ်နေပါစေ -- မဟုတ်သေးဘူး လတွေ ဘယ်လောက်ကြာကြာ နှစ်တွေ ဘယ်လောက်ကြာကြာ ပြဿနာ မရှိဘူး။"

"ငွေဝင်ဖို့ဆိုတာက လေဆန်ပို့ဆောင်ရေးရဲ့ ခပ်လှမ်းလှမ်း အနာဂတ်မှာ နောက်ဆုံးပန်းတိုင်ပဲ။ မင်းအဲ့ဒါကို စိတ်ထဲမှာ သေချာ မှတ်ထားရမယ်။"

လုမင်လျန်တစ်ယောက် ဖေးချမ့်၏ စကားများကို ကြားပြီးနောက် ကြက်သေသေသွားရပါသည်။

ငွေရှာတာက နောက်ဆုံးပန်းတိုင်ဟုတ်လား။ အဲ့မတိုင်ခင် ပန်းတိုင်တွေက ဘာတွေလဲ။

လုမင်လျန်က ခေတ္တစဥ်းစားလိုက်ပြီး မေးလိုက်သည်။ "ဘော့စ်ဖေးဆိုလိုတာက အခုလောလောဆယ် တာဝန်က ကျွန်တော်တို့ရဲ့ ကတ်စတမ်မာ အရေအတွက်ကို တိုးချဲ့ဖို့နဲ့ ငွေတွေကို အဆုံးခံပြီး ပထမဆုံးခြေလှမ်းအနေနဲ့ ခပ်မြန်မြန် တိုးတက်လာအောင် လုပ်ဖို့လား။"

ဖေးချမ့်က ကော်ဖီသောက်ရင်း ပြန်ပြောလိုက်သည်။ "အဲ့တာက ပန်းတိုင်တွေထဲက တစ်ခုပေါ့။ တခြားဟာတွေလည်း အများကြီး ရှိသေးတယ်။ ဥပမာအားဖြင့် လူတွေအတွက် အဆင်ပြေ ချောမွေ့မှုကို ဖန်တီးပေးဖို့ပဲ။"

လုမင်လျန်တစ်ယောက် ကြောင်သွား၏။ သူ ဒီအချက်ကို ထင်မထားခဲ့ပါ။

ဖေးချမ့်က စိတ်အားထက်သန်စွာဖြင့် ထပ်ပြောလိုက်၏။ "အခု အမြန်ချောပို့ ဒလီဘာရီလောကထဲမှာ လူတိုင်းနီးပါးက အမြတ်အစွန်းတွေနောက်ပဲ အသားကုန်လိုက်နေကြတာ။ တကယ်တမ်း အမြန်ချောပို့စနစ်က တော်တော်ဆိုးရွားနေတယ်။ လေဆန်ပို့ဆောင်ရေးရဲ့ အဓိက ရည်ရွယ်ချက်က အကောင်းဆုံး အမြန်ချောပို့ ဝန်ဆောင်မှုကို ဖန်တီးပေးနိုင်ဖို့ပဲ။"

"တခြား ဒလီဘာရီကုမ္ပဏီတွေက သူများ အိမ်ရှေ့ထိ မပို့ဆောင်ပေးချင်ဘူးဆိုရင် ငါတို့ ပို့ပေးမယ်။ တခြားကုမ္ပဏီတွေက ပုံးတွေဖောက်ပြီး အမှိုက်ပစ်ဖို့ မကူညီပေးချင်ဘူးဆိုရင် ငါတို့ကူညီပေးမယ်။"

"တခြားကုမ္ပဏီတွေက အထွန့်တက်တာတွေကို လျစ်လျူရှုနိုင်ပေမယ့် ငါတို့ ဝေဖန်ခံရတဲ့ အခါမှာတော့ အဖြေကိုရဖို့အတွက် ငါတို့ဝန်ထမ်းတွေရဲ့ ရှုထောင့်ကနေကော ကတ်စတမ်မာရဲ့ ရှုထောင့်ကနေကော သေချာပေါက် စဥ်းစားကြမယ်။"

"အနှစ်ချုပ်ပြောရရင်တော့ ငါတို့လိုချင်တာက ကတ်စတမ်မာများပြားဖို့နဲ့ အမြတ်အစွန်းပဲ မဟုတ်ဘူး။ နာမည်ကောင်းလည်း လိုချင်တယ်။ တကယ်တော့ ငါတို့ နာမည်ကောင်းရဖို့က ပထမဦးစားပေးပဲ။"

"ငါမင်းကိုပေးထားတဲ့ တာဝန်က လေဆန်ပို့ဆောင်ရေးရဲ့ နာမည်ကို တတ်နိုင်သမျှ မြင့်အောင် မြှင့်တင်ဖို့ပဲ။ ကုမ္ပဏီအတွက် နာမည်ကောင်းကောင်းရဖို့အတွက် ငွေသုံးနိုင်သလောက် များများသုံးဖို့တောင် ငါအားပေးချင်တယ်။"

"တစ်ခုတော့ မှတ်ထား။ မင်းက ထန်းတာ့ရဲ့ ဝန်ထမ်းတစ်ယောက်ပဲ ငွေသုံးရမှာကို မကြောက်နဲ့ နားလည်လား။"

လုမင်လျန်က စိတ်အားထက်သန်စွာ ခေါင်းငြိမ့်လိုက်ပါသည်။ "နားလည်ပါပြီ ဘော့စ်ဖေး"

ဘော့စ်ဖေး၏ စကားလုံးများကို ကြားလိုက်ရသောအခါ လုမင်လျန်တစ်ယောက် ရွေးချယ်မှု မှန်ကန်ကြောင်း ပို၍ပင် သေချာသွားပါသည်။

သူ့နှလုံးသားနှင့် ဝိညာဥ်ကို လူသားအားလုံးအတွက် အဆင်ပြေချောမွေ့မှု ယူဆောင်လာပေးနိုင်သော လုပ်ငန်းတစ်ခုခုတွင် နှစ်မြှုပ်ထားပါက ငွေမရနိုင်ရင်တောင် အလွန်အဓိပ္ပာယ်ရှိပြီး လုပ်သင့်လုပ်ထိုက်သော အရာတစ်ခု ဖြစ်ပါသည်။

လုမင်လျန်၏ တုန့်ပြန်မှုကို မြင်သောအခါ ဖေးချမ့် အလွန်ဝမ်းသာသွားသည်။ အမှန်ပင်။ သူ လူရွေးမှန်သွားပါပြီ။

ဖေးချမ့်က လုမင်လျန်၏ သူ့အမိန့်အား နားထောင်လိုစိတ်ကို အကြိုက်ဆုံးဖြစ်၏။ ဖေးချမ့် လုပ်စေချင်သည့် အရာတိုင်းကို လုမင်လျန်က သူ့ဆုံးဖြတ်ချက် မပါဘဲ လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ပေးလိမ့်မည်။

ယခုလုမင်လျန်က ဖေးချမ့်၏ 'နာမည်ကောင်းရဖို့ ငွေသုံးရမည်'ဟူသော တွေးပုံခေါ်ပုံကို ယုံကြည်သွားမှန်း သိသာပါသည်။ ကြိုမြင်နိုင်သောအနာဂတ်တွင် လေဆန်ပို့ဆောင်ရေးလုပ်ငန်းမှာ သေချာပေါက် အမြတ်အစွန်း ရနိုင်မှာ မဟုတ်တော့ပါ။

လုမင်လျန်ကို ထန်းတာ့ဂိမ်းတွင် ဆက်ထားခြင်းက စွန့်စားရာကျနိုင်သည်။ ထိုနေရာတွင် အရှုံးပေါ်နိုင်ခြေက အာမခံမရှိပါ။ သို့သော်လည်း သူ့ကို လေဆန်ပို့ဆောင်ရေးလုပ်ငန်းအား တာဝန်ပေးလိုက်ခြင်းကတော့ ခြားနားပါသည်။

ဖေးချမ့် ဖြစ်စေချင်သည့်အတိုင်း လုမင်လျန် အတိအကျ လိုက်လုပ်ပေးသရွေ့ အရှုံးမပေါ်နိုင်စရာ အကြောင်း မရှိပါ။

...

...

လုမင်လျန်နှင့် ဆွေးနွေးမှုပြီးဆုံးသွားသည့်အခါ ဖေးချမ့် ယွီအင်တာနက်ကဖေးတွင် ဂိမ်းခဏလောက် ကစားနေလိုက်သည်။ မင်ယွမ်ဗီလာရှိ ယွီအင်တာနက်ကဖေးမှာ ခုတလော ကတ်စတမ်မာများ ပိုလို့တောင် နည်းသွားသည်ဟု ဖေးချမ့် ခံစားမိပါသည်။ တချို့ကို အနီးအနားရှိ အသစ်ဖွင့်ထားသော ဆိုင်များက လုယူသွားကြသည်။

အင်တာနက်ကဖေးနေရာတွင် အင်တာနက် သုံးနေသည့် လူပမာဏက အလွန်အမင်း နည်းပါးလွန်းလှပါသည်။

ဖေးချမ့် ကစားနေစဥ် မာယန်ရောက်ရှိလာသည်။ "ညီအစ်ကိုချမ့်ရေ မကောင်းတာတွေ ဖြစ်နေပြီ။ သိပ်မကြာသေးခင်က ကျင်းကျိုးမြို့မှာ နောက်ထပ် အင်တာနက်ကဖေး ဘရန်းသစ်တစ်ခု ဖွင့်လိုက်ကြပြန်ပြီ။ ရှင်းလဲ့ အင်တာနက်ကဖေးလို့ခေါ်ပြီး အဆင့်မြင့် ကုမ္ပဏီတစ်ခုလည်း ဟုတ်တယ်။"

"ပြီးတော့လည်း သူတို့က ဖူဟွေ့ရင်းနှီးမြှုပ်နှံမှုကနေ ရင်းနှီးမြှုပ်နှံငွေတွေ ရထားတဲ့ပုံပဲ။ သူတို့ တိုက်ပွဲဖြစ်ချင်နေတာ ထင်တယ်။"

ဖေးချမ့် ကြောင်သွား၏။ "မကြာသေးခင်က ဒီနားမှာ အင်တာနက်ကဖေးဆိုင်သစ် တစ်ဆိုင် ဖွင့်ထားတာတော့ မှတ်မိတယ်..."

မာယန်က အနည်းငယ် စိတ်ဖိစီးနေရင်း ပြောလိုက်ပါသည်။ "အဲ့တာ ရှင်းလဲ့ အင်တာနက်ကဖေးဆိုင်ခွဲပဲ။"

"ပြီးတော့ ရှင်းလဲ့အင်တာနက်ကဖေးရဲ့ ဆိုင်အနေအထားက ကျွန်တော်တို့လောက် မကောင်းဘဲ သူတို့ကွန်ပျူတာတွေရဲ့ Specs တွေကလည်း ကျွန်တော်တို့လောက် မကောင်းတာ သိလိုက်ရတယ်။ ဒါပေမယ့ သူတို့က တော်တော်လေးကို စျေးပိုသက်သာလို့ ပိုပိုပြီး နာမည်ကြီးလာကြပြီ။"

"ကျွန်တော်သွားကြည့်ပြီးပြီ။ သူတို့မှာ ကျွန်တော်တို့ထက် ကတ်စတမ်မာတွေ ပိုများနေပြီ။"

ဖေးချမ့် ဘာမှ မပြောသေးပေ။ ဒီကိစ္စကို ခပ်မြန်မြန် လေးလေးနက်နက် စဥ်းစားကြည့်လိုက်သည်။

ရှင်းလဲ့အင်တာနက်ကဖေး၏ မော်ဒယ်က ယွီအင်တာနက်ကဖေး၏ အပေါစားဗားရှင်း တစ်ခုသာ ဖြစ်သည်။ ကွန်ပျူတာ Specs များက အနည်းငယ်ပိုနိမ့်ပြီး ဆိုင်အနေအထားက သူတို့လောက် မကောင်းဘဲ အနည်းငယ် ကြပ်သိပ်နေသော်လည်း ထိုအချက်များကြောင့် အရင်းအနှီးလည်း လျော့ကျသွားလိမ့်မည်။ ထို့ကြောင့် ၎င်းတို့၏ စျေးနှုန်းများကိုလည်း အများကြီး လျှော့ချပေးနိုင်ခြင်း ဖြစ်၏။

ဒီလိုသာဆို ပုံမှန်အင်တာနက်ကဖေးဆိုင်များနှင့် အသားကျနေကြသော ကတ်စတမ်မာများက စမ်းကြည့်ချင်ကြမည်ဖြစ်ပြီး စျေးနှုန်းရှုထောင့်အရလည်း အလွယ်တကူ တွန့်ဆုတ်သွားမည်မဟုတ်ပါ။

ထို့အပြင် ဒီအင်တာနက်ကဖေးဆိုင်ခွဲကုမ္ပဏီက ဖူဟွေ့ရင်းနှီမြှုပ်နှံမှုမှ ရန်ပုံငွေ ရရှိထားသည်။

ဒီကိစ္စမှာ ဘော့စ်လီ ပယောဂ မကင်းတာ သိသာနေပါသည်။

ဘော့စ်လီ လွယ်လွယ်နဲ့ အရှုံးပေးမှာ မဟုတ်ဘဲ ဖေးချမ့်ကို စောင့်ကြည့်နေဆဲဆိုတာ ဖေးချမ့်သိသည်။ မဟုတ်ပါက ဘာကြောင့် ဘော့စ်လီတစ်ယောက် ဒီလိုလူသူကင်းမဲ့သည့်နေရာမျိုးရှိ အင်တာနက်ကဖေး၊ ဘား၊ မာကျောက်နှင့် စစ်တုရင်ဆိုင်တို့တွင် ရင်းနှီးမြှုပ်နှံမည်နည်း။

ဖေးချမ့် ရင်ထဲအလွန်ထိသွားသဖြင့် ငိုပင် ငိုချင်သွားသည်။

ဒီဘော့စ်လီဆိုတဲ့လူက သူ့ကိုတကယ်ချစ်တာပဲ ဘော့စ်လီက ဖေးချမ့်ကို ကူညီပေးဖို့ အမြဲတမ်း အကောင်းဆုံးကြိုးစားနေရှာတာ သူက တကယ့်လူကောင်းပဲ။

"ငါတို့ဘာလုပ်ကြမလဲ ညီအစ်ကိုချမ့်။ အရင်အတိုင်းတော့ ဆက်လုပ်နေလို့မဖြစ်တော့ဘူးမလား။” မာယန်က အနည်းငယ် စိတ်ဖိစီးစွာဖြင့် မေးလိုက်ပါသည်။

အရင်တုန်းကလည်း ဒီလိုအခြေအနေမျိုး ဖြစ်ဖူးပါသည်။ ယွီအင်တာနက်ကဖေး ပင်မဆိုင်ကို ပစ်မှတ်ထားခဲ့တုန်းကဖြစ်၏။

ဒီတစ်ခေါက်တော့ ရန်သူက အင်တာနက်ကဖေးဆိုင်ခွဲ ဘရန်းကြီးတစ်ခုဖြစ်သည်။ ပစ်မှတ်က ယွီအင်တာနက်ကဖေးဆိုင်အားလုံးအဖြစ် မြင့်တက်သွားလေပြီ။

ထို့အပြင် အရင်တစ်ခေါက်က အခြေအနေကို ဖေးချမ့် လျှို့ဝှက်နေရာချပေးခဲ့တာ ကြာပြီဖြစ်သော ချန်းလျဲ့ကြောင့်သာ သူတို့ဘက်ပြန်ဆွဲခေါ်နိုင်ခဲ့ခြင်းဖြစ်သည်။

ယခုတော့ သူတို့ဘယ်သူ့ကို အားကိုးရတော့မည်နည်း။ ဒီတစ်ခေါက်တော့ ဖေးချမ့်တွင် ဒုတိယ ချန်းလျဲ့ မရှိလောက်တော့ပေ။

ဖေးချမ့်က သူ့အပြုံးကို မနည်းချုပ်တည်းရင်း ပြောလိုက်သည်။ "စိတ်မပူပါနဲ့ ငါ့မှာ နည်းလမ်းရှိပါတယ်။"

မာယန်ကို အာမခံပြီးနောက် ဖေးချမ့် ရင်ထဲတွင် နွေးထွေးသွားပြီး မူးဝေသွားသဖြင့် အိမ်ပြန်နားဖို့ ဆုံးဖြတ်လိုက်ပါသည။

သူ့ဖုန်းသံ မြည်လာခဲ့၏။ ဟွမ်စစ်ပေါ်ထ့မှ ဖြစ်သည်။ ဖေးချမ့် အနည်းငယ် ကြက်သေသေသွားကာ ချက်ချင်းပဲ သတိ ပြန်ကပ်သွားရသည်။

သူ ဘာလို့ ရုတ်တရက်ကြီး ဖုန်းဆက်နေတာလဲဟ...

အရင်တစ်ခေါက် 'ပိုးအိမ်ထဲမှ လိပ်ပြာအဖြစ် မွေးဖွားလာခြင်း' အဆုံးသတ်သွားပြီးကတည်းက ဖေးဟွမ်လုပ်ငန်းမှာ ဟိုမရောက် ဒီမရောက် အခြေအနေတွင်ရှိနေခဲ့၏။

ထိုမှတ်တမ်းရုပ်ရှင်က အရှုံးပေါ်ခဲ့သဖြင့် ဘော့စ်ဖေးက ဘာမှမပြောသော်လည်း ဟွမ်စစ်ပေါ်နှင့် ကျူးရှောင်စဲတို့နှစ်ယောက်စလုံး တာဝန်ရှိသလိုခံစားနေကြရပါသည်။။ အရင်တုန်းကလိုမျိုး ၎င်းတို့၏ စိတ်အားထက်သန်မှုကို အခြေခံပြီး မှတ်တမ်းရုပ်ရှင်မရိုက်ကူးရဲကြတော့ပါ။

သတ်မှတ်ထားသော 'ရေသာချို အချောင်လိုက်' ကာလမပြီးခင် အချိန်ကျန်သေးသဖြင့် ဖေးချမ့် သူတို့ကိုဘာမှ မကိုင်တွယ်ရသေးပါ။

ဒီဖုန်းက ၎င်းတို့၏ နောက်ဆက်တွဲအစီအစဥ်များကို ဆုံးဖြတ်ပြီးသွားသောကြောင့် ခေါ်ဆိုသော ဖုန်းဖြစ်နိုင်သည်။

ဖေးချမ့် ကိုယ့်ကိုယ်ကို ထိန်းသိမ်းလိုက်ပြီး ဖုန်းကိုင်လိုက်ပါသည်

ဟွမ်စစ်ပေါ်က အနည်းငယ် တုန်လှုပ်နေပုံပေါ်ပြီး ပြောလိုက်ပါသည်။ "ဘော့စ်ဖေး ကျွန်တော်တို့ ဖေးဟွမ်လုပ်ငန်းရဲ့ ပစ်မှတ်အသစ်ကို အတည်ပြုပြီးပါပြီ။ ကျွန်တော်တို့ ဒစ်ဂျစ်တယ်ပစ္စည်း review နဲ့ ဗီဒီယိုအတိုနှစ်ခုကို ပေါင်းစပ်ပြီး Review တွေနဲ့ ပတ်သတ်တဲ့ ဗီဒီယိုအတိုရှိုး အသစ်စက်စက်လေးတစ်ခု ရိုက်ကူးဖို့ ဆုံးဖြတ်လိုက်ပါပြီ။"

ဖေးချမ့် "........."

သူ သိပ်နားမလည်ပါ။

ဒစ်ဂျစ်တယ်ပစ္စည်း review နဲ့ ဗီဒီယိုအတိုတွေကို ပေါင်းစပ်မယ်တဲ့လား။ ဘယ်လိုကောင်က အဲ့ဒီအိုင်ဒီယာမျိုး စဥ်းစားမိသွားတာလဲ။

ဖေးချမ့်က အနည်းငယ် ဇဝေဇဝါဖြစ်ကာ မေးလိုက်ပါသည်။ "ဘာလို့ ဒီလမ်းစဥ်ကို ရွေးလိုက်တာလဲ"

ဟွမ်စစ်ပေါ် အနည်းငယ် စိတ်လှုပ်ရှားသွားပြီး ပြောလိုက်သည်။ "အိုင်လီကျွန်းဝက်ဘ်ဆိုက်ပေါ်က 'အမာခံဝေဖန်ချက်များ'ရဲ့ UP မာစတာက ကျွန်တော်တို့အတွက် လမ်းပြပေးလိုက်တာပါ။”

"တကယ်တော့ ဒစ်ဂျစ်တယ်ပစ္စည်းတွေကို Review လုပ်တယ်ဆိုတာ အမြဲတမ်း အခြေအနေကောင်းနေတဲ့ လုပ်ငန်းတစ်ခုပဲ။ အရင်တုန်းကတော့ တခြား ပရော်ဖက်ရှင်နယ် Review ပလက်ဖောင်းတွေနဲ့ မယှဥ်နိုင်မှာစိုးလို့ ကျွန်တော်တို့ ဒါကို မစဥ်းစားခဲ့ကြတာပါ"

"ဒါပေမယ့် 'အမာခံဝေဖန်ချက်များ'ကို ကြည့်ပြီးတော့ ကျွန်တော်တို့ လမ်းသစ်ရှာတွေ့သွားပြီ သူ့လိုလုပ်ဖို့က ပရော်ဖက်ရှင်နယ် အသိပညာနဲ့ ကျွမ်းကျင်မှု အဲ့လောက်မလိုအပ်ဘူးလေ ကျွန်တော်တို့ ဗီဒီယိုအတိုတွေကို အသုံးချပြီး သာမန်သုံးစွဲသူတွေရဲ့ အတွေ့အကြုံတွေကနေ ပစ္စည်းတစ်ခုခုကို ပရိုမိုးရှင်းဆင်းပေးလို့ရတယ်။ ဒီလိုသာဆို ကျွန်တော်တို့ပိုပြီး အချိတ်အဆက်မိသွားမယ်။ ရုပ်ရှင်တွေကလည်း ပိုပြီး စိတ်ဝင်စားဖို့ ကောင်းသွားလိမ့်မယ်"

"ပြီးတော့လည်း ဒီဗီဒီယီုတွေကနေ အမြတ်အစွန်းရဖို့က ပိုပြီးလွယ်လောက်တယ်။ အရင်ကလို အရှုံးကြီးမရှုံးတော့ဘူးပေါ့"

"အဲ့ဒီအပြင် ကျွန်တော်တို့က ဗီဒီယိုအတိုတွေကို ရိုက်ကူးရင်း စတင်ခဲ့ကြတာ။ ကျွန်တော်တို့ရဲ့ ကြည့်ရှုသူပမာဏနဲ့ ဒီနယ်ပယ်မှာဆိုရင် အားသာချက်ပိုကြီးတယ်"

ဖေးချမ့် လုံးဝ စိတ်ချောက်ချားသွားရသည်။

ဒီကိစ္စထဲ တကယ်ကြီး ငါ့ပယောဂပါသွားတာလား။ ငါ အမာခံဝေဖန်ချက်များ အပိုင်းတွေ ရိုက်တာက တခြား ရည်ရွယ်ချက်ကြောင့်ကွ။ မင်းတို့ကောင်တွေအတွက် လမ်းသစ်ဖောက်ပေးဖို့ မဟုတ်ဘူး။

All Chapters