← Chapters

မင်ယွမ်စားဖိုဆောင်

Vol. 15 Ch. 224

မင်ယွမ်စားဖိုဆောင်

Vol. 15 Ch. 224

ဖေးချမ့် သတိလစ်ချင်သွားသည်။

ငါ လင်းချန်ကို အရူးလုပ်လို့ရအောင် အမာခံဝေဖန်ချက်များကို ရိုက်ခဲ့တာလေ။ ဘာလို့ရုတ်တရက်ကြီး ဖေးဟွမ်လုပ်ငန်းအတွက် လမ်းပြကြယ်ကြီး ဖြစ်သွားရတာလဲ။

ဘော့စ်ဖေး၏ မှင်သက်သွားမှုကို ဟွမ်စစ်ပေါ် သတိမထားမိဘဲ အမာခံဝေဖန်ချက်များကို ကြည့်ရှုပြီးနောက် သူနဲ့ ကျူးရှောင်စဲတို့ ခေါင်းထဲ ပေါက်ဖွားလာသည့် အိုင်ဒီယာများအကြောင်း ဆက်ပြောပြနေသေးသည်။

ဒစ်ဂျစ်တယ် Revview များက အလားအလာကောင်းသည်။

ကြိုမြင်နိုင်သည့် အနာဂတ်တွင် ပြည်တွင်း ဒစ်ဂျစ်တယ် ထုတ်ကုန်များ ဖွံံ့ဖြိုးတိုးတက်လာသည့်အခါ သာမန် သုံးစွဲသူများက ဒီလို ထုတ်ကုန်ပစ္စည်းများ၏ review များကို စတင်ပြီး အာရုံစိုက်လာကြလိမ့်မည်။

ဒီလို review များကို ပြုလုပ်ခြင်းအားဖြင့် ပရိသတ်များ၏ အာရုံစိုက်မှုကိုသာမက ဖန်တီးသူများနှင့်လည်း စပွန်ဆာ ပါတနာများဖြစ်လာနိုင်သည်။ မျှခြေတစ်ခုကို ထိန်းသိမ်းနိုင်သရွေ့ ကြည့်ရှုသူနဲ့ ငွေအမြတ်အစွန်းများကို ရရှိနိုင်သည်။

ဟွမ်စစ်ပေါ်နှင့် သူ့အဖွဲ့တို့ အမာခံဝေဖန်ချက်များထံမှ ရရှိလိုက်သည့် လမ်းပြမှုမှာ review များနှင့်ပတ်သတ်သည့် ပုံစံ ဖြစ်သည်။

လက်ရှိတွင် ပြည်တွင်း review အစီအစဥ် အများစုက ပစ္စည်း review နှင့် စမ်းသပ်ချက်များကို အလွန်ရှုပ်ထွေးနေသော အသေးစိတ် အချက်အလက်များ၊ ပစ္စည်းများသုံးကာ လေးနက်သော ဗီဒီယိုများကိုသာ အားထုတ်ရိုက်ကူးနေကြသည်။ ၎င်းတို့၏ ပရော်ဖက်ရှင်နယ်ကျမှုကို ထုတ်ပြချင်ကြခြင်းဖြစ်၏။

ယခင်တုန်းကတော့ ဟွမ်စစ်ပေါ်နှင့် အဖွဲ့လည်း ဒီလိုလုပ်ဖို့ တွေးမိပါသေးသည်။

ဖေးဟွမ်လုပ်ငန်းက ဒီနယ်ပယ်တွင် ပရော်ဖက်ရှင်နယ် ကျွမ်းကျင်မှု လိုအပ်နေပြီး ထိုကဲ့သို့ ပစ္စည်း review ရှိုးများ ရိုက်ကူးဖို့ မစဥ်းစားမိသဖြင့် တခြား review သမားများနဲ့ တန်းတူ သွားယှဥ်လို့ မရနိုင်ခဲ့ပေ။

သို့သော်လည်း အမာခံဝေဖန်ချက်များကို ကြည့်ရှုပြီးသည့်နောက် ဟွမ်စစ်ပေါ် ရုတ်တရက် တစ်ခုခုကို နားလည်သွားခဲ့သည်။

ပရော်ဖက်ရှင်နယ် အဆင့်တစ်ခုခု ရှိမနေရင်တောင် အဆင်ပြေပါသည်။

အမာခံဝေဖန်ချက်များက ကိုယ့်လမ်းကိုယ် ဖောက်လိုက်သည့်ပုံစံပင်။ အားလုံးက ၎င်တို့၏ အသေးစိတ်အချက်အလက်များ၊ ဒေတာပေါင်းစုံ ပစ္စည်းပေါင်းစုံတို့ဖြင့် ဒစ်ဂျစ်တယ် ပစ္စည်းများကို အတည်ပေါက် review လုပ်နေကြစဥ် အမာခံဝေဖန်ချက်များကတော့ ထိုပစ္စည်းများ၏ တခြားကဏ္ဍများစွာကို ကြည့်ရှုသူများအား ပြသဖို့အတွက် ပုံမှန်မဟုတ်သည့် နည်းလမ်းများကို အသုံးပြုနေကြသည်။

ဥပမာအားဖြင့် ဆဲလ်ဖုန်းတစ်လုံး၏ ရေစိုခံနိုင်စွမ်း၊ ပြင်းပြင်းထန်ထန် ထိခိုက်မှုကို ခံနိုင်ရည် ရှိမရှိ၊ အတွင်းဘက် ကိရိယာများကို ကလိလို့ ရ မရ စသည်တို့ဖြစ်သည်။

ပရော်ဖက်ရှင်နယ်ကျမှု တစ်စက်မှမတွေ့ရသော်လည်း ကြည့်ရှုသူများက အမာခံဝေဖန်ချက်များကို ကြည့်ပျော်ကြသည်။ ကြည့်ရှုသူများက ပရော်ဖက်ရှင်နယ် review များထက်ပင် ပိုမြင့်နေပါသေးသည်။

ဟွမ်စစ်ပေါ်နှင့် ကျူးရှောင်စဲတို့ ဒါကိုကြည့်ခြင်းအားဖြင့် တစ်စုံတစ်ခုကို သဘောပေါက်သွားကြပါသည်။ ပရော်ဖက်ရှင်နယ် review တိုင်းက အကောင်းဆုံး review မဟုတ်လောက်ပါ။

အမှန်ပင်။ ပရော်ဖက်ရှင်နယ်ကျလို့လည်း ပြဿနာမရှိပေ။ ဗီဒီယိုတစ်ပုဒ်က ပိုပြီး ပရော်ဖက်ရှင်နယ်ကျလေလေ content ကို ဝေဖန်ခံရမှု နည်းလေလေဖြစ်သည်။ လူတွေ အထင်ကြီးသွားနိုင်ပါသည်။

သို့သော် ပရော်ဖက်ရှင်နယ်ကျမှုကို အလွန်အကျူး ဖော်ပြမိပါက သာမန်လူများအတွက် ဗီဒီယိုတွေက စိတ်ဝင်စားဖို့မကောင်းလောက်တော့ပါ။ ကြည့်ရှုသူများက ကြည့်နေရင်း စိတ်ရှုပ်ထွေးပြီး ခေါင်းခြောက်သွားနိုင်ပါသည်။

ကြည့်ရှုသူများစွာက သုံးစွဲသည့် ကိရိယာများ ဒေတာများကို စိတ်မဝင်စားပါ။ သူတို့ ထိုပစ္စည်းများအကြောင်း သိနေရင်တောင် ထိုကိန်းဂဏန်းအရေအတွက်များက အတိအကျဘာကို ဆိုလိုသလဲနားလည်ဖို့ ခက်ခဲကြလိမ့်မည်။

တစ်ဖက်မှာတော့ တဲ့တိုးပိုဆန်ပြီး စိတ်လှုပ်ရှားမှု ပိုပေးနိုင်သော review များကိုတော့ ၎င်းတို့က အလိုက်သင့်လက်ခံပေးနိုင်လိမ့်မည်။

အမာခံဝေဖန်ချက်များကလည်း ဒီလိုတင်ဆက်သည့် နည်းလမ်းကို တိုက်ရိုက်အသုံးချခဲ့၏။ ဖုန်းများ၏ အနောက်ကာဗာကို ထိုးဖို့အတွက် မီးဖိုချောင်ဓားကိုသုံးသည်။ ကာဗာကို ပျက်အောင်လုပ်ဖို့ ပိုခက်ခဲလေလေ ဖုန်းက ပိုကောင်းလေလေဖြစ်သည်။ ဒါက ပိုမို တဲ့တိုးဆန်ပြီး နည်းပညာအချက်အလက်များ အပြုံလိုက် ဖော်ပြနေခြင်းထက် ဖုန်းတစ်လုံး၏ ခံနိုင်ရည်ကို ပြသမှုတွေပိုပြီး လက်ခံနိုင်စရာဖြစ်သည်။

ထို့ကြောင့် ဟွမ်စစ်ပေါ်နှင့် ကျူးရှောင်စဲတို့ လေ့လာဆန်းစစ်မှုများလုပ်ခဲ့ကြပြီး ဗီဒီယိုအတိုများကို ဒစ်ဂျစ်တယ် ပစ္စည်း review များနှင့် ပေါင်းစပ်ပြီး ဒါကို ဖေးဟွမ်လုပ်ငန်း၏ လမ်းစဥ်သစ်အဖြစ် သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်ပါသည်။

ဒီလိုဆုံးဖြတ်ချက် ချလိုက်ရသည့် အဓိက အကြောင်းအရင်း ၂ ခုရှိသည်။

ပထမ တစ်ခုက ဖေးဟွမ်လုပ်ငန်း၏ မှတ်တမ်းရုပ်ရှင် ရိုက်ကူးမှုအတွေ့အကြုံက အတော်လေး အရှုံးပေါ်ခဲ့သည်။ ဘော့စ်ဖေးတောင် လိုအပ်သည့် ငွေများကို ဝင်ကူပေးခဲ့ရသေးသည်။ ဖေးဟွမ်လုပ်ငန်း ဝန်ထမ်းအားလုံး အနည်းငယ် စိတ်ဓာတ်ကျကာ ဘော့စ်ဖေးကို စိတ်ပျက်အောင်လုပ်မိပြီဟု ခံစားမိခဲ့ကြသည်။

ထို့ကြောင့် ဟွမ်စစ်ပေါ်နှင့် ကျူးရှောင်စဲတို့နှစ်ယောက် အမြတ်အစွန်းရဖို့အတွက် နည်းလမ်းတစ်ခု ရှာဖွေရတော့မည်ဟု ဆုံးဖြတ်ခဲ့ကြသည်။

ဒစ်ဂျစ်တယ်ထုတ်ကုန် review များက ထိုကဲ့သို့လုပ်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်သည်။ ပုံတူထပ်မှုမရှိ၊ အတုအယောင် ကြော်ငြာများမပါဘဲ လူတွေကိုလိမ်ညာခြင်း မရှိသည့် စပွန်ဆာများက အလုပ်ဖြစ်နိုင်သည်။ ထို့အပြင် ကြည့်ရှုသူတွေကပါ ကံစမ်းမဲတွင် ပါဝင်နိုင်ပါက ဒီပုံစံကွက်မှာ အလုပ်ဖြစ်နိုင်ပါသည်။

ဒုတိယအနေဖြင့် ဗီဒီယိုအတိုများက ဖေးဟွမ်လုပ်ငန််း၏ အားသာချက်ဖြစ်သည်။ ဘော့စ်ဖေး၏ နေ့စဥ်ဘဝက ဝက်ဝက်ကွဲအောင်မြင်ခဲ့သည်။ ကျူးရှောင်စဲကလည်း ဒါရိုက်တာ တစ်ယောက်အနေဖြင့် ဗီဒီယိုအတိုများအတွက် အသစ်အဆန်းအိုင်ဒီယာများကို ထုတ်လုပ်နိုင်မှန်း သက်သေပြသွားခဲ့ပြီဖြစ်သည်။

တခြား ပလက်ဖောင်း၊ ကုမ္ပဏီများနှင့်ယှဥ်ကြည့်လျှင် ဖေးဟွမ်လုပ်ငန်း၏ ဗီဒီယိုအတိုလေးများက ပရော်ဖက်ရှင်နယ်ပိုဆန်ပြီး စိတ်ဝင်စားဖို့ ပိုကောင်းပါသည်။ ဒါက အဓိက အားသာချက်ဖြစ်သည်။

ဟွမ်စစ်ပေါ်က ဖေးဟွမ်လုပ်ငန်း၏ အနာဂတ် အစီအစဥ်များတွင်ပါဝင်ရသဖြင့် အလွန်စိတ်လှုပ်ရှားနေပါသည်။

ဖေးချမ့်တစ်ယောက် ဟွမ်စစ်ပေါ်၏ စကားကိုကြားကာ ရင်ထဲ ရုတ်တရက်ကြီး အေးစက်သွားသည်။

လခွမ်း ဒီဖုန်းဝင်လာတာ ဘာမှ ကောင်းတာ မဖြစ်နိုင်မှန်း ထင်သားပဲ။

သူဘာမှမတွေးဘဲ ဖန်တီးခဲ့သည့် ထုတ်ကုန် review အစီအစဥ်က ဟွမ်စစ်ပေါ်တို့အဖွဲ့ကို ဒီလောက်တောင် လမ်းပြပေးနိုင်လိမ့်မည်ဟု ဖေးချမ့် ထင်မထားခဲ့ပေ။ ဘယ်သူက ခန့်မှန်းနိုင်မည်နည်း။

သို့သော်လည်း ဖေးချမ့် စိတ်လျှော့လိုက်ပြီး ပြန်စဥ်းစားကြည့်လိုက်သည်။ ကိစ္စတွေက ထင်သလောက် မဆိုးသေးဘူးဟု ခံစားမိပါသည်။

ဒစ်ဂျစ်တယ်ပစ္စည်းများက အလွန်လျှင်မြန်သော နှုန်းဖြင့် ဖွံ့ဖြိုးတိုးတက်နေကြစဥ် ထုတ်ကုန်ပစ္စည်း review ချန်နယ်များနှင့် အစီအစဥ်များကလည်း ပေါပေါသောသောရှိနေကြသည်။ ပြည့်လျှံနေပြီးသားဖြစ်သော်လည်း review အစီအစဥ်ပေါင်းစုံတို့က လျှပ်စီးလိုအမြန်နှုန်းဖြင့် ပေါ်ပေါက်လာနေကြပြီး ပြိုင်ဆိုင်မှု အလွန်ပြင်းထန်နေပါသည်။

ဘာပဲဖြစ်ဖြစ် ဟွမ်စစ်ပေါ်နဲ့ သူ့အဖွဲ့တို့ကတောင် ဒစ်ဂျစ်တယ်ထုတ်ကုန် review များ၏ အလားအလာကောင်းမှုကို မြင်နိုင်သဖြင့် တခြားသူတွေလည်း မမြင်ဘဲ မနေနိုင်ပါ။

ဒစ်ဂျစ်တယ်ထုတ်ကုန် review လောကထဲ ဝင်ဖိို့ အကာအရံကလည်း သိပ်မမြင့်ပေ။

သာမန်သုံးစွဲသူ တစ်ယောက်ကတောင် ဒစ်ဂျစ်တယ် ကိရိယာတချို့ကိုဝယ်ယူကာ လျှောက်ကလိပြီး ၎င်း၏အသေးစိတ်အချက်အလက်များကိုကြည့်လျက် ထိုပစ္စည်းကို လက်တွေ့သုံးစွဲခဲ့ရသည့် အတွေ့အကြုံများကို ပြောပြနိုင်သည်။ ဒီလိုဆိုရင်တောင် အပိုင်းတစ်ပိုင်းဖြစ်လာနိုင်ပါသည်။

ထို့အပြင် ဟွမ်စစ်ပေါ်နဲ့ သူ့အဖွဲ့၏ ပြိုင်ဘက်များကလည်း အတွေ့အကြုံရင့်ကျက်သူများဖြစ်ကာ Review အစီအစဥ်ပေါင်းစုံကိုလည်း ဖန်တီးပြီးကြသူများဖြစ်လိမ့်မည်။

ထိုအခြေအနေများအောက်တွင် ဖေးဟွမ်လုပ်ငန်းက နာမည်ရလာနိုင်သော်လည်း အမြဲတမ်း ရေပန်စားသွားမလားဆိုတာကတော့ ပြောလို့မရနိုင်ပေ။

ထို့အပြင် ဖေးဟွမ်လုပ်ငန်းမှ ဗီဒီယိုအတို ပုံစံဖြင့် ဒစ်ဂျစ်တယ်ထုန်ကုန် review များကို ရိုက်ကူးဖို့ ဆုံးဖြတ်လိုက်ခြင်းမှာ တခြား ငွေရလွယ်သည့် အခွင့်အလမ်းများကို လိုက်ခြင်းထက် ပိုကောင်းပါသည်။ ဥပမာအားဖြင့် ဘော့စ်ဖေးရဲ့နေ့စဥ်ဘဝ ကဲ့သို့ နောက်ထပ် ရုပ်ရှင်တိုစီးရီးမျိုး ရိုက်ကူးခြင်းဖြစ်သည်။

အနှစ်ချုပ်ပြောရလျှင် ဒစ်ဂျစ်တယ်ထုန်ကုန် Review လောကက အလွန်နက်ရှိုင်းပြီး ကျယ်ပြန့်သည်။

ထို့အပြင် ဖေးချမ့်အတွက်တော့ မဟာ အရှုံးပေါ်စေမည့် ယန္တရားကြီးဖြစ်သည့် လေဆန်ပို့ဆောင်ရေးလုပ်ငန်းလည်း စတင်တော့မည်။ ဖေးဟွမ်လုပ်ငန်းက အမြတ်အစွန်း နည်းနည်းလောက် ရလာရင်တောင် သူ့မဟာအရှုံးပေါ် အကြံအစည်ကြီးကို မထိခိုက်စေနိုင်ပါ။

ထိုကဲ့သို့စဥ်းစားလိုက်ပြီး ဖေးချမ့်ခေါင်းငြိမ့်ကာ ပြောလိုက်ပါသည်။ "ကောင်းပြီလေ။ မင်းတို့ကို ငါထောက်ပံ့ပေးမယ်။ ဒါပေမယ့် မင်းတို့အားလုံး တစ်ခုတော့ သတိရကြရမယ်။ ဖေးဟွမ်လုပ်ငန်းရဲ့ နာမည်ကို တန်ဖိုးထားကြ။ အပေါစား စပွန်ဆာတွေကို အတင်းလက်ခံ မနေကြနဲ့ ဟုတ်ပြီလား။"

"စိတ်ချပါ ဘော့စ်ဖေး ကျွန်တော်တို့ နားလည်ပါတယ်" ဟွမ်စစ်ပေါ်က ပျော်ပျော်ကြီး ဖုန်းချလိုက်ပါသည်။

...

...

သြဂုတ်လ ၇ ရက်နေ့...

လုမင်လျန်မှာ လေဆန်ပို့ဆောင်ရေးလုပ်ငန်း၏ စီအီးအိုတစ်ယောက်အဖြစ် ပထမဆုံးချမှတ်လိုက်သည့် အဓိကဆုံးဖြတ်ချက်ကြီး တစ်ခုကို ဖေးချမ့်ထံသို့ တင်ပြလိုက်သည်။ လေဆန်ပို့ဆောင်ရေးရုံးမှ အမြန်ချောပို့ ဒလီဘာရီသမားများအတွက် ဒလီဘာရီဆိုင်းများကို ပြောင်းလဲလိုက်သည်။

၎င်းတို့၏ ကတ်စတမ်မာများက အဓိကအားဖြင့် တစ်နေ့လုံးနီးပါး အိမ်မှာမရှိတတ်သည့် အလုပ်လုပ်ကိုင်နေကြသော လူကြီးများဖြစ်ကြသည့်အတွက် ဒလီဘာရီသမား တစ်ယောက်စီက မတူညီသည့် အလုပ်ချိန်အတွက် တာဝန်ယူရမည်။ တစ်ယောက်က မနက် ၆ နာရီမှ နေ့လည် ၃ နာရီအထိ မနက်ဆိုင်းဆင်းရမည်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ နေ့လည် ၂ နာရီမှ ည ၁၁ နာရီအထိ ညဆိုင်း ဆင်းရမည်။

ညဆိုင်းက ပိုပြီး ပင်ပန်းနိုင်သဖြင့် ဘောနပ်စ်လည်း ပေးသွားမည်ဖြစ်သည်။

ညဆိုင်းကို အချိန်လွန်ဆင်းခြင်းကြောင့် ကျန်းမာရေးချို့တဲ့မှုမှ ကာကွယ်နိုင်ရင် ဒလီဘာရီသမားနှစ်ယောက်က အလုပ်ချိန်လဲလို့လည်း ရသည်။

ဒီလိုသာဆို အလုပ်သမားများက ၎င်းတို့၏ ဒလီဘာရီများကို မနက်ခင်းစောစောလည်း ရနိုင်သလို ညပိုင်းနောက်ကျလည်း ရနိုင်ပါသည်။ ယခင် အချိန်များပိုနေခြင်းထက် ပိုကောင်းပါသည်။

ထို့အပြင် လင်းကန်ရုံကလည်း အဆင့်မြင့်စားသောက်ဆိုင်ကြီး၏ ပြင်ဆင်မှုများ ပြီးဆုံးသွားပြီဟု ဖေးချမ့်ကို အစီရင်ခံလာပါသည်။

ဖေးချမ့်က ဒီလို အဆင်ပြေချောမွေ့မှု မြင့်မားခြင်းကို အလွန်သဘောကျပါသည်။

စားသောက်ဆိုင်က မင်ယွမ်ဗီလာအတွင်းတွင် တည်ရှိပြီး စားဖိုဆောင် စားသောက်ဆိုင် အမျိုးအစားနှင့်ဆင်တူသောကြောင့် လင်းကန်ရုံမှ စားသောက်ဆိုင်အမည်ကို မင်ယွမ်စားဖိုဆောင်ဟု အမည်ပေးလိုက်ပါသည်။

ထိုနာမည် သိပ်မဆိုးလှဟု ဖေးချမ့် ခံစားမိပါသည်။ စားသောက်ဆိုင်တွင် ဆိုင်းဘုတ် ဘာညာ ချိတ်ထားဖို့ အစီအစဥ် မရှိသဖြင့် နာမည်ကို သိပ်ပြီးဂရုမစိုက်ပါ။

ထိုဆိုင်တွင် သွားစားချင်ရုံသာ ဖြစ်သည်။

သြဂုတ်လ ၁ ရက်နေ့တွင် 'အကောင်းဆုံး ဝန်ထမ်း' ရွေးချယ်ပွဲပြီးမြောက်ပြီးနောက် ဒီတစ်သုတ် ကုမ္ပဏီစုဝေးပွဲနှင့်စားသောက်ပွဲ ကျင်းပဖို့ အကြောင်းပြချက်ကို ဖေးချမ့် စဥ်းစားပြီးတာကြာပါပြီ။

ထူးချွန်ဝန်ထမ်းကို ဂုဏ်ပြုသည့်သဘောကော နှုတ်ဆက်သည့်သဘောကော ဖြစ်သည်။

ပေါင်ရှုလလည်း သူ့ဗီဇာလျှောက်ခြင်းကို စိတ်ပျက်ခြင်းများစွာဖြင့် ဆောင်ရွက်ပြီးပြီ ဖြစ်ပြီး ကုန်ကျစရိတ်အပြည့်အဝကင်းလွတ်ခွင့် နိုင်ငံခြားခရီးစဥ်ကို ထွက်ဖို့ အသင့်ဖြစ်နေပါပြီ။ လုမင်လျန်ကလည်း လေဆန်ပို့ဆောင်ရေးလုပ်ငန်းတွင် အလုပ်စတင်နေပါပြီ။

ဒီစုဝေးပွဲက ဟွမ်စစ်ပေါ်၊ ထို့နောက်လုမင်လျန်တို့ အစီစဥ်ဆွဲသူချုပ်များအဖြစ် ဆောင်ရွက်ပြီးနောက် ထန်းတာ့ဂိမ်းကုမ္ပဏီမှာ တတိယအဆင့်သို့ ကူးပြောင်းတော့မည်ဟု အချက်ပြဖို့ အခွင့်အရေးကောင်းလည်း ဖြစ်ပါသည်။

...

...

မင်ယွမ် စားဖိုဆောင်တွင်...

လင်းဝမ်က ဝင်ပေါက်တွင် မတ်တပ်ရပ်ကာ အတွင်းဘက်သို့ စိတ်ဝင်တစားကြည့်လိုက်သည်။ ဒီလိုလူသူကင်းမဲ့ပြီး သီးခြားတည်ရှိနေသည့် ဗီလာများကြားထဲတွင် ဒီလောက် အရည်အသွေးမြင့်သည့် စားဖိုဆောင်တစ်ခု ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ပါ။

အပြင်ပိုင်းကိုကြည့်လိုက်ပါက ဒီနေရာကြီးက ဘာမှ ထူးခြားသည့်ပုံမပေါ်ပါ။ မင်ယွမ်ဗီလာအတွင်းမှ သာမန် ဗီလာတစ်လုံးသာဖြစ်သည်။ ၎င်း၏ အပြင်အဆင်က တခြား ဗီလာတွေထက် အနည်းငယ် ခမ်းနားနေနိုင်သော်လည်း သိသိသာသာတော့ ထင်ပေါ်မနေပါ။

စားဖိုဆောင်ဖြစ်သော်လည်း ဆိုင်းဘုတ်တစ်ခုတောင် မရှိပေ။ တခြား စားသုံးသူတွေလည်း ရှိမည့်ပုံမပေါ်ပေ။

အထဲသို့ ဆက်လက်လျှောက်လာရင်း ၇ မီတာ မြင့်မားသော ခန်းမကြီးထဲတွင် အလွန်ရှည်လျားကြီးမားသော စားပွဲရှည်ကြီးပေါ်၌ လှပသေသပ်သော ဇွန်းခွက်ပန်းကန်များ တည်ခင်းထားသည်ကို မြင်လိုက်ရသောအခါ ဥရောပ နန်းတော်ကြီး တစ်ခုထဲတွင် ညစာစားပွဲ တက်ရောက်ရသလိုမျိုး ခံစားလိုက်ရသည်။

ဝန်ဆောင်မှုပေးမည့် ဝန်ထမ်းကလည်း ထက်မြက်မည့်ပုံပေါ်ပြီး အရသာရှိသော ဟင်းလျာများကို တစ်ပန်းကန်ပြီး တစ်ပန်းကန် တည်ခင်းပေးနေပါသည်။

အခုတစ်ခေါက် မင်ယွမ်စားဖိုဆောင်သို့ စုစုပေါင်း လူ ၅၇ ယောက် လာခဲ့ကြသည်။ ထန်းတာ့ဂိမ်းမှ ဗဟိုဝန်ထမ်းများနှင့် ထန်းတာ့၏ အရန်လုပ်ငန်းများဖြစ်ကြသော ရှန်းယန်ဂိမ်း၊ ယွီအင်တာနက်ကဖေး၊ လေဆန်ပို့ဆောင်ရေးနှင့် ဖေးဟွမ်လုပ်ငန်းများမှ ဗဟိုဝန်ထမ်းများလည်း ပါဝင်သည်။

တစ်နည်းအားဖြင့် ဒီတစ်ခေါက် ဘော့စ်ဖေး၏ ဖိတ်ကြားမှုကို ခံရသူတိုင်းက သူမျှော်လင့်ချက် မြင့်မြင့်ထားသော ပါရမီရှင်များသာ ဖြစ်သည်။

လင်းဝမ်က ယခု ရှန်းယန်ဂိမ်း၏ ဒါရိုက်တာ တစ်ယောက်ဖြစ်နေပြီဖြစ်သောကြောင့် သူမ၏ နာမည်လည်း စာရင်းတွင် ပါဝင်ပါသည်။

ဒီဗီလာကြီးတွင် အထပ် ၃ ထပ်ရှိပြီး အကျယ်ဆုံးက ပထမထပ်က ဧည့်ခန်းကြီးဖြစ်သည်။ လူ ၂၀ ကျော်လောက် စားပွဲရှည်ကြီး တစ်လုံးတွင် ထိုင်နိုင်သည်။ မျက်နှာကြက်က ၇ မီတာ ရှည်လျားသဖြင့် နေရာတစ်ခုလုံးက ကျဥ်းကျုပ်ပြီး မွန်းကျပ်သည်ဟု မခံစားရပါ။

စားပွဲရှည်ကြီးက အထူးပြုလုပ်ထားခြင်းဖြစ်ပြီး ဒီလို အထူးပွဲတော်မျိုးမှသာ ထုတ်သုံးသည့် ပုံစံမျိုးဖြစ်သည်။ ပုံမှန်ဆို သာမန် စားပွဲ အသေးစားတချို့ကိုသာ ခန်းမထဲတွင် စီထားလေ့ ရှိသည်။

တခြားအခန်းများ အားလုံးကို သီးသန့်အခန်းများအဖြစ် ပြန်လည် ဒီဇိုင်းဆင်ထားသည်။ အဓိက ခန်းမကြီးထဲဘယ်သူထိုင်မလဲ၊ သီးသန့်အခန်းတွေထဲမှာ ဘယ်သူထိုင်မလဲဆိုတာကတော့ ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်နိုင်ပါသည်။ ဖေးချမ့်က အားလုံးကို စားကြသောက်ကြပြီး ပိုက်ဆံဖြုန်းစေချင်ရုံသာဖြစ်သည်။ ဘယ်သူဘယ်မှာထိုင်တာလောက်အထိ အသေးစိတ် စိတ်မဝင်စားပါ။

အားလုံးက တစ်ယောက်နဲ့တစ်ယောက် အနည်းနဲ့ အများဆိုသလို ရင်းနှီးပြီးသားဖြစ်သဖြင့် အားနာနေစရာမလိုဘဲ ချက်ချင်း ကြိုက်သလို ထိုင်စားနိုင်ကြသည်။ တချို့လူတွေက အလုပ်ကြောင့် အချင်းချင်း မတွေ့ရတာကြာပြီဖြစ်သည်။ ဥပမာအားဖြင့် ဟွမ်စစ်ပေါ်နှင့် ပေါင်ရှုတို့က ဒီအခွင့်အရေးကို အရယူကြသည်။

ဟွမ်စစ်ပေါ်က ပေါင်ရှုကို ဒစ်ဂျစ်တယ် ထုတ်ကုန် Review များနှင့်ပတ်သတ်သည့် ဗီဒီယိုအတိုများ အသစ်ရိုက်ကူးမည့်အကြောင်း ပြောပြပြီး ပေါင်ရှုကလည်း နောက်ထပ် လစာမပြတ် နိုင်ငံခြားခရီးထွက်ရမည့်အကြောင်းကို ပြောပြပါသည်။

"အားလုံးပဲ စိတ်ကြိုက်သာ စားကြနော်။ ပဲများမနေကြနဲ့။ ဒီနေ့ ဗိုက်အပြည့်မစားနိုင်တဲ့သူက အလုပ်မှာ ပြဿနာရှိတယ်ဆိုတဲ့သဘောပဲ။"

မီးဖိုချောင်ထဲမှ စျေးကြီးသော ဟင်းလျာများ တစ်ပန်းကန်ပြီး တစ်ပန်းကန် တည်ခင်းနေတာကိုကြည့်ရင်း ဖေးချမ့် ကြေညာလိုက်ပါသည်။ သူ့ရင်ထဲ အတိုင်းထက်အလွန် ဝမ်းသာနေပါသည်။

ဒီမတန်တဆဟင်းလျာများထဲမှ အများစုက တချို့နာမည်ကျော်စားဖိုမှူးများ၏ ချက်ပြုတ်နည်းအတိုင်း ချက်ပြုတ်ပြင်ဆင်ထားခြင်းဖြစ်သည်။ 'မိကျောင်းမြှီးစွပ်ပြုတ်'နှင့် 'ပင်လယ်ခရုဆာကေး' အစရှိသည့် ဟင်းလျာတို့က တစ်ပန်းကန်ကို ၄,၀၀၀ - ၅,၀၀၀ လောက် တန်ဖိုးရှိသည်။

အားလုံးစားကြသောက်နေကြသည့် အဖြူအနက် ငါးဥဆားနယ်က တစ်ပန်းကန်ကို ၂,၀၀၀ တန်သည်။ လူ ၅၇ ယောက် ရှိနေသဖြင့် ချက်ချင်း ၁၀၀,၀၀၀ ကျော် ကုန်ကျသွားပါသည်။

အမှန်ပင်။ ဖေးချမ့် သူ့ဝန်ထမ်းများကို ဒီခေါ်လာပြီး စားခိုင်းခြင်းက သူ့ဘယ်ဘက်လက်ထဲက ပိုက်ဆံကို ညာဘက်လက်ထဲသို့ ထည့်လိုက်တာနဲ့ အတူတူပဲဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ထိုဟင်းချက်ပစ္စည်းများ၏ ကုန်ကျစရိတ်က သူခံရမှာသာဖြစ်သည်။

ဒီထိပ်တန်းအဆင့် ဟင်းချက်ပစ္စည်းများကို နိုင်ငံတော်တစ်ဝှမ်းလုံးမှ မှာယူထားခြင်းဖြစ်သည်။ တချို့ဆို နိုင်ငံခြားကတောင် မှာယူထားရပြီး အထူးဝန်ဆောင်မှုများကို အသုံးပြုကာ အမြန်ချောပို့ခဲ့ရသည်။ ဘော့စ်ဖေးကိုယ်တိုင် ထိုငွေများကို ရှင်းပေးရမည်ဖြစ်သည်။

ထို့အပြင် ထိပ်တန်းအဆင့် စားဖိုမှူးများစွာနှင့် အရည်အသွေးမြင့် ဝန်ဆောင်မှုဝန်ထမ်းများအတွက်လည်း ရှင်းပေးရဦးမည်။ ဒါတွေ အပါအဝင် စားဖိုဆောင်၏ နေ့စဥ်ကုန်ကျစရိတ်များက ဘော့စ်ဖေးထံကသာ ထွက်လာခြင်းဖြစ်၏။

ထို့ကြောင့် သူ့စားသောက်ဆိုင်မှာ သူစားနေတာ ဖြစ်သော်လည်း သူ တော်တော်လေး ဖြုန်းတီးရပါမည်။

ယခင်တုန်းက ကုမ္ပဏီညစာစားပွဲများ ကျင်းပခဲ့သည့် ငန်းရေကန်စားသောက်ဆိုင်က ဒီနေရာကိုလုံးဝမယှဥ်နိုင်လောက်ပါ။

ဒီနေ့ည သူတို့စားသောက်နေကြသည့် နှုန်းအတိုင်းသာဆို တစ်ယောက်အတွက် ကုန်ကြမ်းစိမ်းများ၏ ကုန်ကျစရိတ်က ၄,၀၀၀ - ၅,၀၀၀ ရှိရင်တောင် အားလုံးအတွက်ဆို ၃၀၀,၀၀၀ လောက် ကုန်ကျပါလိမ့်မည်။

တစ်ချက်လောက်ကြည့်လိုက်ရုံနဲ့ မထင်ရသော်လည်း နည်းနည်းလောက်စားသောက်လိုက်ကြရုံနဲ့ အများအပြားကုန်ကြနိုင်ပြီး ဘာမှ မလုပ်ပါက အကုန်ပြောင်သွားနိုင်သည်။ အားလုံး ဒီလိုမျိုး စိတ်ကြိုက်စားသောက်နေပါက တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ဘော့စ်ဖေးအား ငမွဲတစ်ယောက် ဖြစ်သွားစေနိုင်ပါသည်။

လင်းဝမ်မှာ ဒါကို သာမန်တွေ့ဆုံစုဝေးပွဲတစ်ခုဟု ထင်ထားခဲ့သည်။ သို့သော် ဟင်းလျာ တချို့ကို မြည်းစမ်းပြီးနောက် သူမ လုံးဝ မှားသွားပြီဆိုတာကို နားလည်သွားရပါသည်။

ယခင်တုန်းက စုဝေးပွဲတိုင်းကို ငန်းရေကန် စားသောက်ဆိုင်မှာသာ ကျင်းပခဲ့သည်။ ဒါတောင် ကျင်းကျိုးမြို့တစ်မြို့လုံးတွင် အဆင့်အမြင့်ဆုံး ဘူဖေးဆိုင်ဖြစ်နေပြီ ဖြစ်ကာ စျေးကြီးသော ဟင်းလျာများသာ ရှိသည်။

သို့သော်လည်း ထိုဆိုင်က ဟင်းလျာများက တစ်ယောက်ကို ၄,၀၀ ဝန်းကျင်လောက်သာ ကုန်ကျခဲ့ပါသည်။

ထိုဆိုင်က ဟင်းလျာများက ဆိုးရွားသည်ဟု လင်းဝမ် မသတ်မှတ်ပါ။ သို့သော် အကောင်းဆုံးလည်း မဟုတ်ဘဲ စံနှုန်းမှီသည်ဟုသာ အလွန်ဆုံးပြောနိုင်သည်။

မင်ယွမ်စားဖိုဆောင်မှ ဟင်းလျာများကတော့ ငန်းရေကန်စားသောက်ဆိုင်ထက် အရည်အသွေးအရ အဆပေါင်းများစွာ ပိုသာနေပါသည်။

လင်းဝမ်ကိုယ်တိုင်တောင် ဒီလိုအရသာရှိသည့် ဟင်းလျာမျိုးတွေကို စားရခဲသည်။

ထို့အပြင် စားသောက်ဆိုင်၏ အပြင်အဆင်နှင့် အနေအထားတို့က လင်းဝမ်အတွက် အလွန်နှစ်လိုဖွယ်ကောင်းပါသည်။ ညစာစားပွဲကြီး၊ ဇွန်းခွက် ပန်းကန်များနှင့် အလှဆင်ထားပုံတို့ကလည်း အလွန်လက်ရာမြောက်လှကာ တည်ခင်းထားသည့် ဟင်းလျာများနှင့် အံဝင်ခွင်ကျ လိုက်ဖက်ညီမှု ရှိသည်။ ညစာစားရသည့် ခံစားချက်တစ်ခုလုံးမှာ အထွတ်အထိပ်သို့ ရောက်နေပါပြီ။

ဝန်ဆောင်မှု ဝန်ထမ်းအားလုံးကလည်း ယဥ်ကျေးကြပြီး ဝန်ဆောင်မှုကို အာရုံစိုက်ကြသော်လည်း အနှောင့်အယှက်ဖြစ်သည်ဟု မခံစားရပေ။ သူမ မေးခွန်းတချို့ တစ်ခါတစ်လေ မေးကြည့်သည့်အခါ ချောမွတ်စွာဖြင့် သူတို့ပြန်ဖြေနိုင်သည်။ ပြင်းပြင်းထန်ထန် လေ့ကျင့်ထားကြမှန်း သိသာပါသည်။

အနှစ်ချုပ်ပြောရလျှင် ဒီနေရာကြီးက ငန်းရေကန် စားသောက်ဆိုင်ထက် ကဏ္ဍပေါင်းစုံမှ ပိုသာလွန်နေပါသည်။

"ကျင်းကျိုးမြို့မှာ ဒီလိုစားသောက်ဆိုင်မျိုး တကယ်ကြီး ရှိနေတာလား ဘာလို့ ငါ မသိခဲ့ပါလိမ့်" လင်းဝမ် အနည်းငယ် စိတ်ဝင်စားသွားသည်။

သူမဘေးတွင် ထိုင်နေသည့် လက်ထောက်ရှင်းက သူမ၏ ဝိုင်နီခွက်ကို ကိုင်ရင်း ဖြေလိုက်သည်။ "ဘော့စ်ဖေးကိုယ်တိုင် ဒီဆိုင်ကြီးကို ဖွင့်လိုက်တာလေ။ ကျင်းကျိုးမပြောနဲ့ ဒီလိုစားသောက်ဆိုင်မျိုးက ပေကျင်းနဲ့ ရှန်ဟိုင်းမြို့တွေမှာတောင် ရှားပါးလောက်တယ်။”

All Chapters