ဘော့စ်ဖေးရဲ့ သဘောထား
Vol. 15 Ch. 225
"ဒီဆိုင်ကြီးကို ဘော့စ်ဖေးဖွင့်ထားတာ ဟုတ်လား" လင်းဝမ် ထိတ်လန့်သွားသည်။
လက်ထောက်ရှင်းက ခေါင်းငြိမ့်ကာ ပြန်ပြောလိုက်သည်။ "ဒါပေါ့ ကျွန်မတို့ရဲ့ ဒီနေ့ စားသောက်ပွဲက မင်ယွမ်စားဖိုဆောင်ရဲ့ ပထမဆုံး တည်ခင်းမှုပဲ။"
သူမ စားပွဲပေါ်က ဟင်းလျာများကို ညွှန်ပြလိုက်သည်။ ထိုဟင်းလျာများက အလွန်အမင်း ထူးခြားနေသည့်ပုံတော့မပေါ်ပေ။ သာမန်လူတစ်ယောက်သာဆို ဟင်းလျာများ ဘယ်လောက်တောင် စျေးကြီးလိုက်မလဲဆိုတာ ခန့်မှန်းနိုင်လိမ့်မည် မဟုတ်ပါ။
"ဟင်းလျာတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က ကြိုတင်မှာယူရပြီး ကျင်းကျိုးမြို့ထဲမှာ မရနိုင်ဘူး။ ကြိုမှာပြီး အထူးပို့ဆောင်ရေး စီစဥ်မှုတွေနဲ့ ပို့ခိုင်းရတယ်။ ဒီလိုစားပွဲတော်မျိုး သုံးဆောင်ဖို့အတွက် ၂ ရက် ၃ ရက်လောက် ကြိုတင်ပြင်ဆင်ဖို့ လိုတယ်။"
လင်းဝမ် စဥ်းစားကြည့်လိုက်၏။ "ဘော့စ်ဖေးက ဒီနေရာကြီးကို စီးပွားရေးလုပ်ငန်းပါတနာတွေအတွက် အဆင့်မြင့် ဧည့်ခံဖျော်ဖြေရေး အဆောက်အအုံအဖြစ် သုံးဖို့ ရည်ရွယ်ထားတာလား။"
ဘာပဲဖြစ်ဖြစ် ထန်းတာ့၏ ဖွံ့ဖြိုးတိုးတက်မှုက ယခု အလွန်အမင်း လျှင်မြန်လွန်းလှပါသည်။ တခြား ကုမ္ပဏီများ၏ ဘော့စ်များနှင့် ဆွေးနွေးမှုများ ကြုံရနိုင်ခြေကို ရှောင်လွှဲလို့မရပါ။
သာမန်ဧည့်ခံ ညစာခန်းမများက ဘော့စ်ဖေး၏ အလိုကို မလိုက်နိုင်တော့သဖြင့် သူ့ကိုယ်ပိုင်စားသောက်ဆိုင်ဖွင့်ဖို့ ဘော့စ်ဖေးဆုံးဖြတ်လိုက်ခြင်း ဖြစ်နိုင်သည်ဟု လင်းဝမ် ခံစားမိပါသည်။ လက်ထောက်ရှင်းက ခေါင်းခါလိုက်သည်။ "ဘယ်ပြောနိုင်မလဲ လောလောဆယ် ဘော့စ်ဖေးက ဒီမှာ ဧည့်သည်တချို့ကို ညစာတည်ခင်းဧည့်ခံဖို့ အစီအစဥ်တော့ရှိပုံမပေါ်ဘူး။ ဒါပေမယ့် နောက်ပိုင်း ကုမ္ပဏီ စုဝေးပွဲတွေကို ဒီမှာပဲ ကျင်းပတော့မှာပါ။"
လင်းဝမ် အနည်းငယ် မှင်သက်သွားမိပါသည်။
မဟုတ်မှလွဲရော ဒီစားဖိုဆောင်ရဲ့ ဦးစားပေး ရည်ရွယ်ချက်က ကုမ္ပဏီစုဝေးပွဲတွေအတွက် တည်နေရာအဖြစ် သတ်မှတ်ဖို့လား။
သူမ၏ အမြင်မှာတော့ ဒါက ကျင်းကျိုးမြို့တစ်ခုလုံးတွင် အသားနားဆုံး စားသောက်ဆိုင်ကြီးဖြစ်သည်။ ဟင်းလျာများက အရသာရှိရုံသာမကဘဲ ဆိုင်အနေအထားနဲ့ ဝန်ဆောင်မှုတွေကလည်း အပြစ်ဆိုစရာမရှိပါ။ သီးသန့်ညစာစားပွဲများနှင့် ဂုဏ်သရေရှိဧည့်သည်များ၊ ဘော့စ်များကို ဧည့်ခံဖို့ အလွန်အမင်း သင့်တော်သည့် နေရာဖြစ်သည်။
ဒီလိုနေရာမျိုးကို ကုမ္ပဏီအတွင်းလူတွေရဲ့ တွေ့ဆုံစုဝေးပွဲ ကျင်းပဖို့ သုံးတယ်တဲ့လား။
လွန်လွန်းပါတယ်။
ထို့အပြင် ဘော့စ်ဖေးက တွေ့ဆုံစုဝေးပွဲတိုင်းအတွက် သူ့ကိုယ်ပိုင် ပိုက်ဆံကိုသာ ထုတ်သုံးလေ့ရှိသည်။ ဝန်ထမ်းများ၏ အကျိုးခံစားခွင့်နှင့် ကောင်းစားရေးအတွက် ဘော့စ်ဖေး ငွေတွေ ဘယ်လောက်တောင် သုံးနေရသလဲဆိုတာ မှန်းဆဖို့ ခက်ခဲပါသည်။
သို့သော်လည်း ဒါက ဘော့စ်ဖေးရဲ့ အကျင့်စရိုက်နဲ့ အကျင့်သီလပဲမဟုတ်လား။
လင်းဝမ် ခံစားချက်ပြင်းပြစွာဖြင့် သက်ပြင်းချလိုက်မိပါသည်။ ဘော့စ်ဖေးက သူ့ယုံကြည်မှုကိုသူ ဘယ်တော့မှ လက်မလွှတ်တဲ့လူမျိုးပါလား။
သူ့ဝန်ထမ်းများအပေါ် ဒီလောက်လွန်လွန်ကြူးကြူး ကောင်းမွန်အောင် ဆက်ဆံပြီး ကုမ္ပဏီအများစု၏ စံနှုန်းများထက် ကျော်လွန်နေတာတောင် မကျေနပ်သေးဘဲ ၎င်းတို့၏ ကောင်းစားရေးကို တိုးမြှင့်ဖို့ ကြိုးစားနေဆဲဖြစ်သည်။
ထိုအချိန်တွင် လင်းဝမ်တစ်ယောက် ဘော့စ်ဖေး၏ ဝန်ထုပ်ဝန်ပိုးများကို ကူထမ်းပေးချင်သော ဆန္ဒများ တောက်လောင်လာခဲ့သည်။
ဘော့စ်တစ်ယောက်လုပ်ရတာ ဘယ်လောက်ပင်ပန်းသလဲဆိုတာ လင်းဝမ် သိပါသည်။
အမှန်ပင်။ ဘော့စ်တိုင်းကတော့ မတူပေ။ တချို့က ငွေဇွန်းကိုက်မွေးလာကြပြီး ငယ်ငယ်လေးကတည်းက စည်းစိမ်များ ဆက်ခံနိုင်ကြသည်။ ၎င်းတို့ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်တိုင်းကို အကြံပေးပြီး လမ်းညွှန်ပေးမည့် ပရော်ဖက်ရှင်နယ်များ ရှိကြ၏။ ၎င်းတို့၏ မိသားစုအဆင့်အတန်းနှင့် အဆက်အသွယ်များကလည်း ၎င်းတို့ကို အဆုံးမဲ့ ငွေရေးကြေးရေး၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများဖြင့် ထောက်ပံ့ပေးကြသည်။
ထိုကဲ့သို့ ဘော့စ်မျိုးကတော့ ပင်ပန်းရသည့်အမျိုးအစားထဲ မပါနိုင်ပါ။
သို့သော် ဘော့စ်ဖေးက ထိုကဲ့သို့ ဘော့စ်မျိုးမဟုတ်ပေ။ သူက သူ့ကုမ္ပဏီကို သုညမှ စတင်ခဲ့ရသည့် သာမန်လူတစ်ယောက်သာဖြစ်သည်။
ထန်းတာ့လိုကုမ္ပဏီအသစ်များက ဘဏ္ဍာရေးနှင့် အမြတ်အစွန်းများအတွက် ပိုပြီး ဖိအားများကြရသည်။ ကုမ္ပဏီအရွယ်အစားကြောင့် စီမံရလွယ်ကူသေးသော်လည်း အခက်အခဲများကို ခံနိုင်ရည် နည်းပါးသည်ဟူသည့် သဘောလည်း သက်ရောက်နေပါသည်။ အမှားတစ်ခု လုပ်လိုက်မိတာနဲ့ ထိုကုမ္ပဏီများအတွက် အဆုံးသတ်ဖြစ်သွားနိုင်သည်။
ယင်းအခြေအနေများအောက် ထိုကဲ့သို့ကုမ္ပဏီများ၏ ဘော့စ်များစွာက ငွေသုံးစွဲရာတွင် အလွန်သတိထားပြီး ဂရုစိုက်လေ့ရှိပြီး ကုန်ကျစရိတ်သက်သာစေဖို့သာ နည်းလမ်းများ ဆက်တိုက် စဥ်းစားလေ့ရှိကြသည်။
အမှန်ပင်။ ကုန်ကျစရိတ်လျှော့ချခြင်းက မှန်ကန်သော လုပ်ရပ် ဖြစ်ပါသည်။ သို့သော် တချို့ဘော့စ်များကတော့ ထိုလုပ်ရပ်ကို ဆင်ခြေအဖြစ်အသုံးပြုကာ ၎င်းတို့၏ ဝန်ထမ်းများကို ဖိနှိပ်ကြသည်။ တချို့ဆို တရားဥပဒေနှင့် ကိုင်ပေါက်သည်အထိ လွန်လွန်ကြူးကြူးလုပ်လေ့ ရှိကြပါသည်။ ဒါက အမှားအယွင်းကြီးတစ်ခုသာ ဖြစ်သည်။
ထိုလူတွေနဲ့ယှဥ်လျှင် ဘော့စ်ဖေးကို စံပြပုဂ္ဂိုလ်တစ်ဦးဟုတောင် သတ်မှတ်နိုင်သည်။
လင်းဝမ် ဘော့စ်ဖေးကို အလွန်ကူညီချင်နေပါသည်။ ထို့ကြောင့်လည်း ထိုအချိန်တုန်းက သူ့ဒုတိယ အစ်ကို လင်းကျိုးကို ဖုန်းဆက်ပြီး ထန်းတာ့၏ ရှန်းဟွာဗျူး ငှားရမ်းခတွေကို လျှော့ချခိုင်းလိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း လင်းဝမ်ဘယ်လောက်ပဲ စဥ်းစားစဥ်းစား ဘော့စ်ဖေးကို ကူညီနိုင်ဖို့ နည်းလမ်း ရှာမတွေ့သည့်ပုံပင်။
ဘာပဲဖြစ်ဖြစ် ထန်းတာ့က ယခု အသေးစား ကုမ္ပဏီတစ်ခုအဖြစ်သာ ရှိသေးသည်။ ၎င်း၏ ပရောဂျက်များကလည်း ရှန်းဟွာကော်ပိုရေးရှင်းနှင့် အဆက်အသွယ်၊ အပေးအယူ များများစားစား မရှိသေးပါ။
ထို့အပြင် ဘော့စ်ဖေး သူမကို ရှန်းယန်ဂိမ်းကုမ္ပဏီထံသွားဖို့ စီစဥ်ပေးခဲ့တုန်းက သူမ မိသားစုကို အားကိုးမည့်အစား သူမ၏ အစွမ်းအစဖြင့် သူမ ကိစ္စတွေကို ကိုင်တွယ်တတ်စေချင်သည့် သဘောလည်း ပါဝင်ပေသည်။
ထို့ကြောင့် လင်းဝမ်အကြာကြီး စဥ်းစားကာ လောလောဆယ်တော့ ထိုစိတ်ကူးကို လက်လျှော့လိုက်ပါသည်။
ဘော့စ်ဖေးကို ကူညီနိုင်ဖို့အတွက် အနာဂတ်မှာ သင့်တော်တဲ့ အခွင့်အရေးရလာတဲ့အထိ ငါစောင့်မယ် ကံကောင်းရင်... ဘော့စ်ဖေးကို ငါ့ကိုယ်ပိုင်အစွမ်းအစနဲ့တောင် ငါကူညီပေးနိုင်လိမ့်မယ်။
လင်းဝမ် နှလုံးသားထဲတွင် စိတ်ပိုင်းဖြတ်လိုက်ပါတော့သည်။
စားသောက်ပွဲကြီးက မပြီးသေးဘဲ အားလုံး ပျော်နေကြဆဲဖြစ်သည်။
မာယိချွမ်၊ လုမင်လျန်၊ ပေါင်ရှု၊ လီယာ့တာနှင့် ကုမ္ပဏီအဖွဲ့သားများ အရှုံးပေးပြီးကယ်တင်ခြင်းခံစေ ဂိမ်းအကြောင်း ဆွေးနွေးတိုင်ပင်နေကြပါသည်။
ဗီဇာလျှောက်ထားခြင်း အတည်ပြုပြီးတာနဲ့ ပေါင်ရှု ခရီးသွားရတော့မည်ဖြစ်သောကြောင့် ဒီအခွင့်အရေးကိုအရယူပြီး အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ ဂိမ်းအပေါ် သူနားလည်သလောက်ကို လီယာ့တာနှင့် ကုမ္ပဏီအားရှင်းပြပေးနေသည်။
ကံကောင်းစွာဖြင့် လစာမပြတ်ခွင့်ရက်ခရီးက ၁ လသာ ကြာမြင့်သည်။ ပေါင်ရှု စက်တင်ဘာလလယ်လောက် အပြေးပြန်ရောက်လာသည့်အခါ အရှုံးပေးပြီး ကယ်တင်ခြင်းခံစေ ဂိမ်းဖန်တီးခြင်း နောက်ပိုင်း အဆင့်များတွင် ပါဝင်နိုင်ပါသေးသည်။
လုမင်လျန်က လီယာတာ့ကို တာဝန်များ လွှဲပြောင်းပေးနေသည်။ အစီစဥ်ဆွဲသူချုပ်တစ်ယောက်အနေဖြင့် သတိထားရမည့်အရာများကို ပြောပြနေသည်။
ကျူးရှင်းအန်လည်း ရှိနေပါသည်။ အရှုံးပေးပြီး ကယ်တင်ခြင်းခံစေဂိမ်း၏ အွန်လိုင်းဝတ္ထုစာရေးဆရာလည်းဖြစ်၊ ကျုံးထျန်တရုတ်နက်ခ်ဝေါ့ဝက်ဘ်ဆိုက်၏ အယ်ဒီတာချုပ်လည်းဖြစ်သည့်အတွက် ဇာတ်လမ်းဇာတ်ကွက်အကြောင်း ဆွေးနွေးသည့်အခါမှ ဝင်ရောက်ဆွေးနွေးလေ့ ရှိသည်။ အချိန်အတော်များများမှာတော့ လုမင်လျန်၊ မာယိချွမ်နဲ့ တခြားသူတွေ ဂိမ်းဖန်တီးမှုလုပ်ငန်းစဥ်အကြောင်း ဆွေးနွေးနေကြတာကို စိတ်ဝင်တစားသာ နားထောင်နေပါသည်။
ဖေးချမ့်တစ်ယောက် ဖန်ခွက်ကို ကိုင်ရင်း ဟိုဟိုဒီဒီ လမ်းလျှောက်နေသည်။ သူ အလွန် အားရကျေနပ်နေပါသည်။
အားလုံး သဲကြီးမဲကြီးကို စားနေကြတာပဲ။ ဘယ်ဆိုးလို့လဲ။
ဒီလိုတွေ့ဆုံစုဝေးပွဲမျိုး မကြာခဏ ကျင်းပလို့မရတာ စိတ်ပျက်ဖို့ကောင်းပါသည်။ စနစ်က ထိုသို့မလုပ်အောင် သေချာပေါက် ကြိုတင်ကန့်သတ်မှုများ ဖန်တီးထားသည်။ အရင်တုန်းကလိုမျိုး ဒီလိုအဆင့်မြင့် တွေ့ဆုံပွဲများက ကျိုးကြောင်းသင့်လျော်နေရမည်။ ခဏခဏလည်း ကျင်းပနေလို့ မရပါ။
သို့သော်လည်း ယခင်တွေ့ဆုံပွဲများနှင့်ယှဥ်လျှင် ဒီတစ်ခေါက်က အများကြီးပိုအဆင့်မြင့်ပြီး စံနှုန်းပိုရှိသည်ဟု ဖေးချမ့် အာရုံရနေမိပါသည်။
ဆိုလိုရင်းက ထန်းတာ့ ဆက်လက်ဖွံ့ဖြိုးတိုးတက်ပြီး ပိုင်ဆိုင်မှုများ များပြားလာလေလေ စနစ်က ခွင့်ပြုထားသော ကုန်ကျစရိတ်အကန့်အသတ်များလည်း တိုးမြင့်လာမည့်သဘောရှိသည်။
ကားတစ်စီးနှစ်စီးဝယ်ဖို့ အချိန်ကျပြီလား။ ရှန်းဟွာဗျူးတွင် ပါကင်နေရာတချို့ငှားရမ်းပြီး လုပ်ငန်းအတွက် အသုံးပြုဖို့ ကားတချို့ဝယ်ယူပြီး ယာဥ်မောင်းတချို့ ငှားရမ်းလိုက်ပါက အိုဗာဖြစ်လွန်းသွားမလား။
ဖေးချမ့် စနစ်ကိုစမ်းသပ်ကြည့်သောအခါ အရင်ကလောက် မတင်းကျပ်တော့သည်ကို သတိထားမိလိုက်ပါသည်။
ကားဝယ်ယူမှုအတွက် ကန့်သတ်ချက်တချို့သာရှိ၏။ ပြိုင်ကားများကို လျော်ကန်သော အကြောင်းပြချက်မရှိဘဲ ဝယ်ယူ၍မရသလို Limited Edition စူပါ ပြိုင်ကားများဝယ်ယူဖို့ကိုတော့ သူစိတ်တောင်မကူးသင့်ပါ။ ထိုကားများကို လုပ်ငန်းအတွက်သာ ဝယ်ယူခွင့်ပေးထားသည်။ စျေးနှုန်းကန့်သတ်ချက်နဲ့ ကားပမာဏ ကန့်သတ်ချက်တွေလည်း ရှိနေပါသေးသည်။
လောလောဆယ် ကား ၆ စီးထက်ပိုပိုင်ဆိုင်လို့မရပေ။ ထို ၆ စီး၏ စုစုပေါင်း ကုန်ကျစရိတ်က ၄ သန်းကျော်လို့ မရပါ။ ထို့အပြင် ယွမ် ၁ သန်းကျော်တန်သည့် ကားများက မင်ယွမ်ဗီလာများကဲ့သို့ပင် စနစ်ထဲတွင် ပုံသေပိုင်ဆိုင်မှုအဖြစ် ထည့်သွင်းခံရမည်ဖြစ်ပြီး ငွေစာရင်းရှင်းသည့်အခါ သက်ရောက်မှု ရှိနိုင်ပါသည်။
သို့သော်လည်း တခြားတစ်ဖက်က ကြည့်လျှင် ၁ သန်းအောက် နိမ့်သည့် ကားများက ပုံသေပိုင်ဆိုင်မှု ဇယားထဲ ရောက်မည် မဟုတ်ပါ။ ဒါ သတင်းကောင်း ဖြစ်သည်။
၇ ယောက်ထိုင်ကား ၁ စီးနဲ့ သာမန်ကား ၂ စီးဝယ်ဖို့ ဖေးချမ့် စီစဥ်ထား၏။ အရမ်းကြီး စျေးမကြီးပဲ ၃၀,၀၀၀ - ၄၀,၀၀၀ တန်ဖိုး ဝန်းကျင်ထဲ ရှိလိမ့်မည်။
ပထမဆုံး ယွမ် ၁ သန်းဝန်းးကျင်လောက်ကို အရင်သုံးမည်ဖြစ်သည်။
စုစုပေါင်း ၃ သန်းကုန်ကျမည့် ကား ၃ စီးဝယ်လို့လည်းရပါသည်။ လောလောဆယ်တော့ ထိုအကြံကို ဘေးချိတ်ထားပြီး နောက်ထပ် ငွေစာရင်းရှင်းချိန်းမတိုင်ခင်အထိ စောင့်ဖို့ စီစဥ်ထားပါသည်။ ရုတ်တရက် ငွေဖြုန်းတီးဖို့ အရေးပေါ်လိုအပ်လာပါက တစ်စီးကို ၉၀၀,၀၀၀ ကုန်ကျသည့် ကားသုံးစီး ချက်ချင်း ဝယ်ပစ်လိုက်ပြီး ၃ သန်းနီးပါး ဖြုန်းတီးနိုင်သည်။
ဖေးချမ့် ထိုအကြောင်းစဥ်းစားရင်း အားလုံးကိုလည်း အားမနာဘဲ စိတ်ကြိုက်တီးဖို့ တိုက်တွန်းနေရသေးသည်။ အရှုံးပေါ်နေသည့် လုပ်ငန်းတချို့မှ ရောက်လာသည့် ဝန်ထမ်းတချို့ကိုလည်း ဘော့စ်ဖေး ဆက်တိုက် အားပေးဖို့ မမေ့ပါ။ အကျိုးအမြတ်ရဖို့ စိတ်မပူဘဲ ကုမ္ပဏီ၏ ဂုဏ်သတင်းကို အရင်မွှေးအောင်လုပ်ဖို့သာ တိုက်တွန်းလိုက်သည်။
ဟွမ်စစ်ပေါ်နှင့် ကျူးရှောင်စဲတို့ ဖေးချမ့်နှင့် စကားပြောဆိုပြီးသွားကြပြီး ပြန်ထိုင်ကာ ဆက်လက်စားသောက်နေကြသည်။ ကျူးရှောင်စဲကတော့ အနည်းငယ် စိတ်ခုနေပါသည်။
"ထူးဆန်းလိုက်တာ ဘော့စ်ဖေးက ငါတို့အပေါ် အရင်တစ်ခေါက်ကလောက် မနွေးထွေးဘူးလို့ ခံစားနေရတယ်ကွာ။"
အရင်တစ်ခေါက် မှတ်တမ်းရုပ်ရှင် အရှုံးပေါ်သွားတုန်းက ဘော့စ်ဖေး သူတို့နှစ်ယောက်ကို အလွန် နွေးနွေးထွေးထွေး ပြောဆိုခဲ့သည်။ ဆွေမျိုးအရင်းအချာများကဲ့သို့ ပြောဆိုခြင်း ဖြစ်၏။ ဒီတစ်ခေါက်တော့ ဘော့စ်ဖေးက သူတို့နှစ်ယောက်နဲ့ ဝတ်ကျေတမ်းကျေ စကားတချို့သာ ဖလှယ်ပြီး တခြားသူတွေကို စကားသွားပြောနေပါသည်။ ဟွမ်စစ်ပေါ်ကတော့ ကျောက်ပုစွန်ကြီးကို စားရင်း စိတ်ထဲမထားဘဲ ယုံကြည်ချက်ရှိရှိပြုံးလျက် ပြောလိုက်ပါသည။ "အဲ့တာ ငါတို့ရွေးတဲ့လမ်း မှန်တယ်ဆိုတဲ့ သက်သေပဲလေ။"
ကျူးရှောင်စဲ ကြက်သေသေသွား၏။ "မင်း ဘာကို ပြောချင်တာလဲ။”
"မင်း သတိမထားမိသေးဘူးလား။ ဘော့စ်ဖေးက သိပ်ပြီး အခြေအနေ မဟန်တဲ့လူတွေ၊ ဒါမှမဟုတ် ကြီးကြီးမားမား အရှုံးပေါ်နေတဲ့ လူတွေကိုပဲ အထူးအာရုံစိုက်တာကွ" ဟွမ်စစ်ပေါ်က ရှင်းပြလိုက်သည်။ ကျူးရှောင်စဲလည်း စဥ်းစားကြည့်ခါမှ အဓိပ္ပာယ်ရှိသလို ခံစားရပါသည်။
ဘော့စ်ဖေး ကျုံးထျန်တရုတ်နက်ခ်ဝေါ့နှင့် လေဆန်ပို့ဆောင်ရေးလုပ်ငန်းတို့၏ ဝန်ထမ်းများကို စကားသွားပြောတော့ သူတို့ကို အကြာကြီး စကားပြောနေခဲ့သည်။ ထို့အပြင် စိတ်အားထက်သန်နေပုံလည်းပေါက်ပါသည်။
ဆန့်ကျင်ဘက်အနေဖြင့် ဖေးဟွမ်လုပ်ငန်းနှင့် ယွီအင်တာနက်ကဖေးတို့ ကဲ့သို့ အတော်လေး အောင်မြင်နေသည့် လုပ်ငန်းများကိုတော့ သိပ်ပြီး အာရုံစိုက်သည့်ပုံမပေါ်ပါ။ စကားတစ်ခွန်းနှစ်ခွန်းသာ ပြောပြီး ထွက်သွားသည်။
ဟွမ်စစ်ပေါ်က အနည်းငယ်ပြုံးလိုက်၏။ "ဘော့စ်ဖေးက အမြဲတမ်း ဒီလိုပဲ။ ယာယီ ရုန်းကန်နေရပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ လူတွေကိုပဲ သူက ပိုပြီးအာရုံစိုက်လေ့ရှိတာ။ သူတို့ကို စိတ်အေးစေဖို့ပေါ့။ အောင်မြင်ဖို့ အလားအလာရှိတယ်လို့ သူ သေချာ ယုံကြည်ထားတဲ့ လုပ်ငန်းတွေကိုတော့ ဘော့စ်ဖေး အချိန်အကြာကြီး ဖြုန်းဖို့ မလိုပါဘူးလေကွ။"
"ဆိုလိုရင်းကတော့ ငါတို့ရဲ့ လက်ရှိလမ်းကြောင်းက မှန်ကန်တဲ့လမ်းကြောင်းဆိုတဲ့သဘောပဲ။"
"ဘော့စ်ဖေးက သူ့ရဲ့ ထောက်ခံချက်ကို ပေးပြီးပြီဆိုတော့ ဘာတွေ စိတ်ပူစရာ ရှိသေးလို့လဲ။ ငါတို့ အစွမ်းကုန် ကြိုးစားသရွေ့ သေချာပေါက် နာမည်တစ်ခု ရလာမှာပဲ။"
ကျူးရှောင်စဲ သဘောပေါက်သွားပြီး ခေါင်းငြိမ့်ကာ ပြန်ပြောလိုက်သည်။ "ငါသိပြီ။ ငါနားလည်သွားပြီ။”