ငါ့ကိုယ်ငါ NPC လို့တောင် ထင်လာပြီ
Vol. 35 Ch. 520
“ဘုတ်”
ရဲ့လင်းချန်၏ လက်များ ပြေလျော့သွားသောအခါ ကျားသစ်နက်က မြေကြီးပေါ် တန်း၍ ပြုတ်ကျသွားသည်။ ၎င်း၏ မူလပုံစံ ပျောက်ကွယ်သွားပြီး တစ်ကိုယ်လုံး ပျော့ခွေနေသည်။ မြေကြီးပေါ် ပြုတ်ကျလာချိန်တွင် ၎င်း၏ မာန်ဖီသံပါ မရှိတော့ချေ။
ထိုအခိုက်အတန့်၌ အချိန်ကာလက ရပ်တန့်သွားပုံရသည်။ လူတိုင်း၏ မျက်လုံးထဲ၌ လူတစ်ယောက်တည်းသာ ရှိနေသော်လည်း သူတို့ နက်ရှိုင်းစွာ စိတ်လှုပ်ရှားသွားရသည်။
ထိုလူများအပြင် ကျန်သားရဲသုံးကောင်သည်လည်း အန္တရာယ်ကို ခံစားမိသွားပုံ ရသည်။ သူတို့၏ ပြေးလွှား နေသော အရှိန်က လျော့သွားပြီး စိုးရိမ်ပူပန်စွာ အော်ဟစ်ဟိန်းဟောက်လာသည်။
“အားလုံး သွေးမပျက်နဲ့၊ အားလုံးကို … ငါ့တာဝန်ထားလိုက်”
ရဲ့လင်းချန်၏ အသံက ခပ်ယဲ့ယဲ့ ထွက်လာပြီးနောက် ကြောက်နေသော ကလေးငယ်၏ ဦးခေါင်းကို ညင်သာစွာ ပုတ်ပြီးမှ သားရဲသုံးကောင်ထံ လျှောက်သွားလိုက်သည်။
သူသည် ပုံမှန်ခြေလှမ်းဖြင့် လျှောက်နေပြီး အားလုံး၏ အကြည့်အောက်၌ ဖော်ပြရခက်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လာကာ ပတ်ဝန်းကျင် အနေအထားက တည်ငြိမ် လေးနက်လာ၏။
“ဂါး”
ရဲ့လင်းချန် ရှေ့သို့ လှမ်းလာနေစဉ်တွင် အေးမြသော လေညင်းတစ်ချက် တိုက်ခတ်လာပြီး သားရဲသုံးကောင်က ဖြည်းဖြည်းချင်း နောက်ဆုတ်သွားသည်။
ရဲ့လင်းချန်က သားရဲသုံးကောင်ကို လက်ညှိုးကိုကွေး၍ တက်လာရန် အမူအရာလုပ်ပြကာ အေးအေးလူလူ ပြောလိုက်သည်။
“မင်းတို့ကောင်တွေ … ထွက်ပြေးမနေနဲ့”
ရဲ့လင်းချန်၏ ရန်စမှုကို ခံစားမိဟန်ဖြင့် သားရဲသုံးကောင်က ပြိုင်တူ ဟစ်ကြွေးလာသည်။ သူတို့သည် ရဲ့လင်းချန်ထံသို့ တစ်ဟုန်ထိုး ပြေးတက်လာ၏။
“စူပါမန်းဝိုင် သတိထား”
ထိုမြင်ကွင်းက လူတိုင်းကို ချောက်ကမ်းပါးသို့ ရောက်နေသကဲ့သို့ ခံစားသွားရစေသည်။ လူအများစုသည် နှုတ်ခမ်း မကိုက်မိဘဲ မနေနိုင်အောင် ဖြစ်သွားကြသည်။ သူတို့၏ မျက်လုံးတွင် စိုးရိမ်စိတ်တို့နှင့် ပြည့်နေပြီး အချို့က မတော်တဆ အော်ဟစ်မိမည်ကို စိုး၍ ပါးစပ်ကို လက်ဖြင့် အုပ်ထားကြသည်။
ထိုသားရဲ သုံးကောင်ထဲမှ ဘယ်အကောင်မဆိုသည် တစ်ကောင်တည်းနှင့်တင် အလွန်အမင်း ကြောက်စရာ ကောင်းနေသော သားရဲ ဖြစ်သည်။ ၎င်း၏ တောက်ပနေသော သွားများဖြစ်စေ၊ ချွန်ထက်၍ ကြောက်စရာ ကောင်းသော အစွယ်များဖြစ်စေ၊ မြန်ဆန်မှုနှင့် ခွန်အားဖြစ်စေ၊ အားလုံးက လူသားများ မခုခံနိုင်သော အရာများ ဖြစ်ပေသည်။
သို့သော် လက်ရှိအချိန်၌ သားရဲ သုံးကောင်သည် ရဲ့လင်းချန်အား ဝိုင်းထားလိုသည့် ဆန္ဒကို ဖော်ပြနေပြီး သူ့ထံသို့ သုံးနေရာမှ ပြိုင်တူ ပြေးဝင်လာကြသည်။
လက်နှစ်ဖက်နှင့် ခြေနှစ်ဖက်သာ ရှိသော လူတစ်ယောက်က ဘယ်လိုလုပ် သူတို့ကို ခုခံနိုင်ပါမည်နည်း။
သူတို့ တဖြည်းဖြည်း နီးကပ်လာ၏။
သုံးပေ၊ နှစ်ပေ၊ တစ်ပေ။
သားရဲများ၏ လက်သည်းများက စူပါမန်းဝိုင်ပေါ်သို့ အချိန်မရွေး ကျရောက်ပေတော့မည်။
လူတိုင်း အသက်ရှူရပ်တန့်သွားပြီး ကလေးများတောင်မှ အငိုတိတ်သွားလေသည်။ ညအချိန်၌ လူတိုင်း၏ နှလုံးခုန်သံကိုပင် ကြားရတော့မလို ခံစားနေရသည်။
ပထမဆုံး ရောက်လာသည်က ဝံပုလွေပင်။
၎င်းသည် ခက်ထန်သော အရိပ်အယောင်တို့ ပေါ်လွင်နေသည့် မျက်လုံးများဖြင့် သားရဲတိရစ္ဆာန်၏ ပုံမှန် လှုပ်ရှားမှု များဖြင့် ပြေးလာနေ၏။
“ဟားဟား ငါက မင်းရဲ့ သားကောင် မဟုတ်ဘူးကွ”
ရဲ့လင်းချန်သည် နေရာမှာ ရပ်မြဲရပ်နေသော်လည်း လက်ကို အသာမြှောက်လိုက်သည်။
ယင်းက ဝံပုလွေတစ်ကောင်နှင့် ရင်ဆိုင်နေသည့်အစား မတွေ့ရတာ ကြာနေသည့် မိတ်ဆွေဟောင်း တစ်ယောက်နှင့် လက်ဆွဲနှုတ်ဆက်တော့မည့်အတိုင်း သမာရိုးကျဆန်လှသည့် အပြုအမူပင်။
ထို့နောက်တွင်မူ သူ၏ လက်သည် ဝံပုလွေနှင့် ထိမိသည်နှင့် ၎င်း၏ ကံကြမ္မာကို ထိန်းချုပ်လိုက်နိုင်ပုံ ပေါ်သည်။ ဝံပုလွေက ချက်ချင်း ရပ်တန့်သွားပြီး ခုခံနိုင်သည့် အရည်အချင်း မရှိတော့ချေ။
သို့သော် တစ်ချိန်တည်းမှာပင် တောဝက်ရိုင်းက ၎င်း၏ အလွန် ချွန်ထက်သော အစွယ်များဖြင့် ပြေးလာ၏။ မြေကြီးကို ခြေလေးချောင်းဖြင့် ဆောင့်နင်းသောကြောင့် တအုန်းအုန်း အသံများနှင့်အတူ ဖုန်မှုန့်များ တထောင်းထောင်း ထလာသည်။ ၎င်းတွင် ကြီးမားသော အရှိန်ရှိပြီး ၎င်း၏ အရှိန်ကလည်း ထိုအစွယ်များနှင့် ယှဉ်နိုင်ကာ သစ်ပင်ကိုပင် ပြိုလဲအောင် လုပ်နိုင်စွမ်း ရှိသည်။
ထိုအချိန်တွင် ရဲ့လင်းချန်က တောဝက်ရိုင်းကို ကျောပေးလျက်သား ဖြစ်နေသည်။
ချက်ချင်းဆိုသလိုပင် သူသည် လက်ကို နောက်သို့လွှဲလိုက်ပြီး ကိုင်ထားသည့် ဝံပုလွေကို သူ့အနောက်သို့ လွှင့်ပစ်လိုက် လေသည်။
“ဝုန်း”
အားကောင်းသော စွမ်းအင်၌ တောင်တစ်လုံးကဲ့သို့ ကြံ့ခိုင်သန်မာမှုတို့ ရှိနေပြီး တောဝက်ရိုင်းအား အရှိန်ဖြင့် ဖိနှိပ်လာသည်။ ၎င်းသည် အသံပင် မထွက်လိုက်နိုင်ဘဲ ဝက်သေတစ်ကောင် ဖြစ်သွားလေ၏။
တစ်ခဏအတွင်းမှာပင် ကြမ်းကြုတ်သော သားရဲနှစ်ကောင်အား တစ်ပြိုင်တည်းနီးပါး ရှင်းလင်းပြီးသွားသည်။
“ဒုန်း ဒုန်း ဒုန်း”
ကျန်ရှိနေသော ဝက်ဝံ၏ မျက်လုံးတွင် အစပိုင်း၌ ခက်ထန်သော အရိပ်အယောင်များ ရှိနေရာမှ ကြောက်စိတ် တို့က အစားထိုး ဝင်ရောက်လာသည်။ ၎င်း၏ ခြေလက်များက ရုတ်တရက် တောင့်တင်းလာပြီး လှုပ်ရှားမှုများက ချက်ချင်း ရပ်တန့်သါားသည်။
သို့သော် အားကောင်းသော အငွေ့အသက်တစ်ခုက ရဲ့လင်းချန်ထံ လွင့်ပျံနေဆဲ ဖြစ်သည်။
၎င်းသည် နောက်လှည့်၍ လာရာလမ်းသို့ ပြန်သွားချင်ပုံ ပေါ်သော်လည်း ရဲ့လင်းချန်က ၎င်း၏ အမြီးတိုတိုကို မြဲမြံစွာ ဖမ်းဆုပ်ထားသဖြင့် ရှေ့ဆက်မရနိုင် ဖြစ်နေသည်။
ဤမြင်ကွင်းက အလွန် ရယ်ချင်စရာ ကောင်းလှသည်။ ကြီးမားသော ဝက်ဝံညိုတစ်ကောင်က ရုတ်တရက် ရဲ့လင်းချန်၏ လက်ထဲ၌ ဝက်ဝံရုပ်လေးတစ်ခုသဖွယ် ဖြစ်သွားပြီး ကူကယ်ရာမဲ့စွာ အော်ဟစ်နေသည်။
“မင်း အံကိုက်ကို ရောက်လာတာပဲ”
ရဲ့လင်းချန်က အသာပြုံးလိုက်ပြီး ဝံပုလွေ၊ ကျားသစ်နက်နှင့် တောဝက်ရိုင်းတို့၏ အလောင်းကို ဝက်ဝံညိုပေါ် ပစ်တင်လိုက်သည်။ ထို့နောက် သူက ဝက်ဝံညို၏ တင်ပါးကို ပုတ်၍ ပြောလိုက်သည်။
“သွားမယ်”
ဝက်ဝံညိုက ခပ်တိုးတိုး မာန်သော်လည်း ပြန်မလုပ်ရဲချေ။ ၎င်းသည် ခေါင်းကိုငုံံ၍ ရဲ့လင်းချန်၏ အနောက်မှ စိတ်ပျက်လက်ပျက်ဖြင့် လိုက်သွားလေသည်။
ဤသားရဲများ၏ အလောင်းများက အတော်လေး ထူးခြားသည်။ ထို့ကြောင့် သာမန်လူများကြားထဲ၌ ၎င်းတို့ကို ထားခဲ့၍ မဖြစ်ပေ။
“စူပါမန်းဝိုင်”
ထိုစဉ် လူတိုင်း သတိပြန်ဝင်လာပြီး အဝေးသို့ ရောက်သထက် ရောက်နေသည့် ရဲ့လင်းချန်ကို လှမ်းကြည့်ပြီး အော်ဟစ်ကြသည်။
လူတစ်ချို့သည် ပြေးလိုက်သွားချင်သော်လည်း ဝက်ဝံညိုက သူတို့ကို တုန်လှုပ်အောင် လုပ်နေ၏။
“ကျေးဖူးတင်ပါတယ် စူပါမန်းဝိုင်”
စိတ်ရင်းအတိုင်း ပြောလာသည့် အမျိုးသမီးတစ်ယောက်၏ အသံတစ်သံ ထွက်ပေါ်လာသည်။ သူမက ပြောပြီးသည်နှင့် ရဲ့လင်းချန်၏ နောက်ကျောပုံရိပ်ကို ဦးညွှတ် အရိုအသေ ပေးလေသည်။
သူမသည် ပထမဆုံး တိုက်ခိုက်ခံခဲ့ရသည့် ကလေး၏ မိခင် ဖြစ်သည်။
“ကျေးဇူးတင်ပါတယ် စူပါမန်း”
ထို့နောက် ချက်ချင်းဆိုသလိုပင် လူတိုင်းက ရဲ့လင်းချန်ကို တစ်ပြိုင်တည်း လေးနက်စွာ ဦးညွှတ်ကြသည်။ သူတို့၏ အသံ၌ ကျေးဇူးတင်ခြင်း၊ ချစ်ခင်ခြင်းနှင့် လေးစားခြင်းတို့ ပါဝင်နေ၏။
ရဲ့လင်းချန်က နောက်လှည့်မကြည့်ဘဲ အသာလက်ပြ၍ ဝက်ဝံညိုနှင့်အတူ အမှောင်ထဲသို့ ဖြည်းဖြည်းချင်း လျှောက်သွားလေသည်။
ရဲ့လင်းချန် စမ်းသပ်ခန်းသို့ ပြန်ရောက်လာသောအခါ စောင့်ကြပ်နေသည့် သိုင်းပညာရှင် နှစ်ဦးအပြင် လင်းအောင်၏ အဖွဲ့လည်း ပြန်ရောက်နေလေသည်။
လင်းအောင်က ပို၍ ကံကောင်းသည်။ သူတို့ လိုက်ဖမ်းသည့် နေရာတွင် သားရဲ နှစ်ကောင်သာ ရှိပြီး နှစ်ကောင်လုံးအား တိတ်တဆိတ် သတ်ဖြတ်လိုက်နိုင်သည်။ လက်ရှိတွင် သူသည် ချွေးထွက်နေပြီး ဤစမ်းသပ်မှု၏ တရားခံများအကြောင်းကို သိုင်းပညာရှင်များနှင့် ပြောဆိုကာ ဒေါသထွက်နေ၏။
“ညီလေးရဲ့၊ ဒီခွေးမသားတွေက လွန်နေပြီ၊ သူတို့က ခွေးမသားတွေထက်တောင် ဆိုးသေးတယ်”
လင်းအောင်က ရဲ့လင်းချန် ပြန်လာသည်ကို မြင်သောအခါ ဆက်၍ ကျိန်ဆဲပြောဆိုလေသည်။
စမ်းသပ်မှုများနှင့်တင် စက်ဆုပ်စရာ ကောင်းနေပြီဖြစ်ကာ ဒေါသအထွက်ရဆုံး ကိစ္စမှာ သူတို့သည် စမ်းသပ်မှုများ၌ သက်ရှိ လူသားများနှင့် ကလေးငယ်များကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ယင်းက ရက်စက် ခြင်းထက် ပိုနေလေပြီ။ သူတို့ကို လူဟုပင် သတ်မှတ်နိုင်ပါဦးမည်လော။
“ဒီလိုဆိုရင် စစ်သည်တော်ဌာနက ဘာလုပ်မှာလဲ”
ရဲ့လင်းချန် မနေနိုင်သဖြင့် မေးလိုက်မိသည်။
“အဆုံးထိ လိုက်မှာပေါ့”
လင်းအောင်က အခိုင်အမာ ပြောသည်။
“အမာတဲရာစု မျိုးရိုးဗီဇက သီးသန့်အမှုတစ်ခုတည်း မဟုတ်ဘူး၊ မျိုးရိုးဗီဇ သုတေသန လုပ်တဲ့ ဘယ်သူမဆို ဒီကိစ္စမှာ ပါနေလောက်တယ်၊ ငါတို့ အကြိုအကြားမကျန် ရှာဖွေမယ်၊ သုတေသနလုပ်ပြီး ဒီလို လူမဆန်တဲ့ စမ်းသပ်မှုတွေ လုပ်တာက လက်မခံနိုင်စရာပဲ၊ ဒီလို တရားလွန် ရက်စက်ယုတ်မာတဲ့ သုတေသနကို ငါတို့ အဆုံးသတ်ကို သတ်ရမယ်”
တစ်ခဏမျှ ငြိမ်သွားပြီးအောင် လင်းအောင်က တိတ်တဆိတ် ကျိန်ဆဲသည်။
“တစ်ခုရှိတာက အမာတဲရာစု မျိုးရိုးဗီဇက ဂျပန်ကုမ္ပဏီတစ်ခု ဖြစ်နေတယ်၊ ဒါတွေအားလုံးကို အမာတဲရာစု မျိုးရိုးဗီဇက လုပ်တာပါဆိုတဲ့ တိုက်ရိုက် သက်သေတွေ ငါတို့မှာ မရှိဘူး၊ အဲ့ဒါကြောင့် ငါတို့ အဲ့မျိုးမစစ်ကောင် တွေကို မထိနိုင် ဖြစ်နေတာ”
ရဲ့လင်းချန် ခေါင်းညိတ်လိုက်သ်ည။ ဤသို့သော ရလဒ်ကို ခန့်မှန်းမိပြီးသားပင်။ သူတို့ နိုင်ငံ၏ အေးချမ်းမှုကို ထိန်းသိမ်းနိုင်သည်ကပင် ကောင်းမွန်သော အရာ ဖြစ်နေပြီ ဖြစ်သည်။ ဘယ်သူမှ တစ်ကမ္ဘာလုံးကို ကာကွယ်နိုင်မည် မဟုတ်ပါ။
ထို့နောက် လင်းအောင်က ရဲ့လင်းချန်အား တောက်ပသော မျက်လုံးများနှင့် ကြည့်လာသည်။ မျက်လုံးတွင်း၌ မဖော်ပြတတ်သော အလင်းတစ်ခု ပေါ်ထွက်နေသည်။
“ညီလေးရဲ့ မင်းက လုံးဝကို နတ်ဘုရားတစ်ပါးပဲဆိုတာကို ငါ သိလိုက်ပြီ၊ ပြီးခဲ့တဲ့ ကိစ္စတုန်းက မင်းရဲ့ ထူးချွန်တဲ့ လုပ်ဆောင်မှုတွေအတွက် မင်းကို အနိမ့်တန်းအဆင့် စစ်သည်တော်ကနေ အမြင့်တန်း စစ်သည်တော်အဆင့်ကို ရာထူးတိုးပေးဖို့ ငါ ကူပြီး စာတင်ပေးခဲ့တယ်၊ စာရွက်စာတမ်းတွေက ပြင်ဆင်နေတုန်း ရှိသေးတယ်, မင်းက နောက်ထပ် ထူးချွန်တဲ့ တာဝန်တစ်ခုကို လုပ်ခဲ့ပြန်ပြီ၊ ဒါက ပိုပြီးတော့ကောင်းတဲ့ ရလဒ်နဲ့ ထိုက်တန်တယ်”
“ကျွန်တော် ကံပိုကောင်းသွားရုံလေးပါ”
ရဲ့လင်းချန်က နှာခေါင်းကိုပွတ်၍ နှိမ့်ချစွာ ပြုံးလိုက်သည်။
“ချီးကို ကံကောင်း၊ ငါ့တာဝန်က မင်းရဲ့ စစ်ရေး အောင်မြင်မှုတွေကို တွက်ချက်ပြီး မင်းကို ရာထူးတိုးအောင် လုပ်ပေးရတဲ့ NPC များလားလို့တောင် တွေးမိလာပြီ”