မျက်စိစုံမှိတ် ယုံကြည်အားကိုးတာက အသက်သေစေနိုင်တယ်
Vol. 35 Ch. 523
တင်းမာသော ထိပ်တိုက်တွေ့ခြင်း အဆုံးသတ်သွားသည့်အခါတွင်မှ အခြား စစ်သည်တော်များအားလုံး စိတ်အေးကာ အသက်ရှူနိုင်တော့သည်။
လူတော်တော်များများက ရဲ့လင်းချန်အား စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် လှမ်းကြည့်၍ အသံတိုးတိုးဖြင့် ပြောလာကြသည်။
“သူက ရဲ့လင်းချန်အား၊ အဲ့ဒီ ဒဏ္ဍာရီလာ ရက်စက်တဲ့လူလား”
“လခွမ်းကွာ … သူက တကယ် ရက်စက်တာပဲ၊ လူတစ်ယောက်က သားရဲတွေနဲ့ သန္ဓေပြောင်း စစ်သည်တော်တွေ အများကြီးကို ဒဏ်ရာရအောင် လုပ်နိုင်တယ်၊ သူက တော်တော် သန်မာတာပဲ”
“သူနဲ့ ခေါင်းဆောင်ကျန့်က အဆင်မပြေတဲ့ပုံပဲ၊ ဘယ်သူက ဘယ်သူထက် ပိုသာလဲ မသိဘူး”
“သူက အမြင့်တန်း စစ်သည်တော်တစ်ယောက် သက်သက်ပဲလေ၊ ခေါင်းဆောင်ကျန့်က အလယ်တန်းအဆင့် စောင့်ကြပ်သူလေ၊ ခေါင်းဆောင်ကျန့်ကို သူ စိန်ခေါ်ရဲတယ်ဆိုရင်တော့ သူ တော်တော် ခေါင်းမာတာပဲ”
“သူက ‘ကိုယ်ကျင့်တရားကို ထိန်းသိမ်းနိုင်တဲ့သူက စိတ်ဓာတ် ပိုသာတယ်’ ဆိုတာနဲ့ “ချွေးထွက်များမှ သွေးထက်နည်းမယ်’ ဆိုတဲ့ စကားကို ပြောခဲ့တဲ့သူလား၊ ချီးပဲ … သူက ငါ့စံပြပုဂ္ဂိုလ်ပဲ”
“သူက ဒီလောက် ငယ်နေလိမ့်မယ်လို့ ငါ တစ်ခါမှ ထင်မထားခဲ့ဘူး၊ သူတို့နှစ်ယောက် မတိုက်တာ နှမြောစရာပဲ၊ မဟုတ်ရင် ပွဲကြီးပွဲကောင်း ကြည့်ရပြီ”
…
လူအများသည် အခြေအနေကို စူးစမ်းရန် ဝူယွဲ့ထံသို့ ချဉ်းကပ်လာကြသည်။
“ဝူယွဲ့ ဘာတွေဖြစ်နေတာလဲ၊ ဘာလို့ အဲ့ဒီ ရဲ့လင်းချန်က မောက်မာလွန်းရတာလဲ၊ သူ့ကို ကိုယ်တိုင် တွေ့ရတာနဲ့ သူ့အကြောင်း ကြားထားတာတွေက တကယ်ကို တခြားစီပဲ”
“ဟုတ်တယ်၊ သူ့ကို ဆွဲထားရုံပဲ ရှိမယ်ဆိုတာက ဘာသဘောလဲ … သူက တော်တော် ထိန်းမရတော့ဘူးပဲ၊ သူက ဒီကမ္ဘာမှာ နံပါတ်တစ်ပဲလို့ မပြောရုံတမယ်ပဲ”
“ခေါင်းဆောင်ကျန့် ဒေါသထွက်တာ မဆန်းဘူး၊ ဒီလိုလူမျိုးက သူတို့ အရည်အချင်းရဲ့ အကန့်အသတ်ကို မသိတဲ့အထိ မောက်မာလွန်းတယ်”
ဝူယွဲ့က သူတို့ကို တစ်ချက် အသာကြည့်၍ ဂုဏ်ယူဟန်ဖြင့် ပြောလိုက်သည်။
“ခေါင်းဆောင်ရဲ့ တိုက်ခိုက်တာကို မင်းတို့ လုံးဝ မမြင်ဖူးသေးလို့၊ အဲ့တော့ မင်းတို့ သံသယ ဝင်တာ ဖြစ်သင့်ပါတယ်”
“ဝူယွဲ့ မင်း ဒါ ဘာစကားပြောတာလဲ”
“ခေါင်းဆောင်ရဲ့ သန်မာတယ်၊ သိပ်သန်မာတာ၊ ငါ သူ့စကားအားလုံးကို ယုံတယ်”
ဝူယွဲ့က အခိုင်အမာ ပြောသည်။ သူ့ဘေးမှ အဖွဲ့ဝင် ဆယ့်လေးယောက်ကလည်း ခေါင်းညိတ်သည်။ သူတို့၏ စိတ်ထဲတွင် ရဲ့လင်းချန်၏ ပုံရိပ်က မကျော်လွှားနိုင်သော တောင်တစ်လုံးအဖြစ် အမြဲတမ်း ရှိနေပေတော့မည်။
“လခွမ်း သူက အဲ့လောက် တော်တာလား၊ ခေါင်းဆောင်ကျန့်က ခေါင်းဆောင်ရဲ့နဲ့ တိုက်ခိုက်မယ်ဆိုရင် မင်းစိတ်ထဲမှာ ဘယ်သူ နိုင်မယ်လို့ ထင်လဲ”
ဝူယွဲ့က စဉ်းပင် မစဉ်းစားဘဲ ချက်ချင်း ဖြေလိုက်သည်။
“သေချာပေါက် ခေါင်းဆောင်ရဲ့ပဲ၊ သံသယ ဝင်စရာတောင် မလိုဘူး”
“ငါတော့ မထင်ဘူး၊ ခေါင်းဆောင်ကျန့်ရဲ့ အတိုက်အခိုက် စွမ်းရည်ကို ငါတို့မျက်လုံးနဲ့ တပ်အပ် မြင်ခဲ့ပြီးသား၊ အလတ်အလတ်အဆင့် စောင့်ကြပ်သူ ဖြစ်လာဖို့ သူ့ တိုက်ပွဲအောင်မြင်မှုတွေကိုပဲ အားကိုးလာခဲ့တာ”
“ဟုတ်တယ်၊ ခေါင်းဆောင်ကျန့်က သူ့တာဝန်တွေကို စိတ်အားထက်သန်မှုနဲ့ ကြိုးစားပမ်းစား ထမ်းဆောင်ပြီး ကျေပွန်ခဲ့တာ၊ သူ့ထက် ပိုကြိုးစားပြီး လေ့ကျင့်တဲ့ အခြား ဘယ်သူ့ကိုမှ ငါ မမြင်ဖူးသေးဘူး”
“ခေါင်းဆောင်ကျန့်က မနှစ်က အတွင်းအားသုံး စစ်သည်တော် ဖြစ်လာပြီလို့ ငါ ကြားခဲ့တယ်၊ သူ့ခွန်အားက အခု သေချာပေါက် ပိုသာနေမှာ”
“ခေါင်းဆောင်ရဲ့က အရမ်း ငယ်တယ်၊ သူ့အမေ ဗိုက်ထဲမှာ ရှိကတည်းက လေ့ကျင့်ခဲ့တယ် ဆိုရင်တောင်မှ သူ့သိုင်းပညာ လေ့ကျင့်မှုက ဘယ်အထိ ရောက်နိုင်မှာမို့လို့လဲ၊ သူ အားကြီးလွန်းနေမှပဲ ခေါင်းဆောင်ကျန့်ကို နိုင်နိုင်မှာ”
“ဝူယွဲ့၊ မင်းက မျက်စိစုံမှိတ် ယုံကြည်အားကိုးနေတာပဲ၊ မင်း အမှန်တရားကိုတောင် မမြင်နိုင်တော့ဘူး”
“ဟေ့ မျက်စိစုံမှိတ် အားကိုးနေတာက အသက် သေစေနိုင်တယ်နော် …”
…
ထိုသို့သောအချိန်၌ ရဲ့လင်းချန်က လင်းအောင်က မေးခွန်းထုတ်နေသော အကြည့်ဖြင့် ကြည့်နေသည်။
သူ လုံလုံလောက်လောက် နှိမ့်ချ၍ နေနေပြီဟု ထင်ခဲ့သော်လည်း တစ်စုံတစ်ယောက်က သူ့ကို အကြောင်းရင်း မရှိဘဲ ရန်လိုစွာ ဆက်ဆံလာသဖြင့် အံ့ဩသွားရသည်။
“ညီလေးရဲ့၊ ဒီကိစ္စကို စိတ်ထဲမထားနဲ့၊ အဲ့ကောင်က နည်းနည်း သံသယစိတ်များတဲ့သူ”
လင်းအောင်က ပြုံး၍ ကျန့်ယွီအကြောင်း ပြောပြသည်။
“ကျန့်ယွီက ဒီနှစ်ဆို သုံးဆယ့်ကိုးနှစ် ရှိပြီ၊ ပြီးတော့ သူက အသက် ရှစ်နှစ်ကတည်းက သိုင်းပညာကို သဘောကျ လာခဲ့တာ၊ သူက ကျွမ်းဘားကိုတောင်မှ သင်ယူခဲ့ပြီးတော့ ဆယ့်ခြောက်နှစ်မှာ စစ်သည်တော်ဌာနကို တရားဝင် ဝင်ရောက်ခဲ့တယ်၊ အဲ့ကတည်းက သူက ထူးခြားတဲ့ သိုင်းပညာ ပါရမီကို ပြခဲ့တယ်၊ သူ့မှာ နောက်ခံမရှိ၊ စည်းစိမ် မရှိ၊ အဆက်အသွယ် မရှိနဲ့ဆိုတော့ အလယ်အတ်အဆင့် စောင့်ကြပ်သူ ဖြစ်လာဖို့ အောင်မြင်မှုရမှတ်တွေကိုပဲ အားကိုးခဲ့ရတာလေ”
“ဒီလိုဆိုရင် ဒါက ကိုယ်ရေးကိုယ်တာ ကိစ္စ ဖြစ်သွားပြီပဲ”
ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။ ရဲ့လင်းချန်သည် ခွန်အားကြီးသော်လည်း ထိုသို့သော ကြိုးစားသူများကို အမှန်တကယ် လေးစားပါသည်။
“မင်း သူနဲ့ ရန်ဖြစ်ခဲ့တာလား”
“ချီးပဲ၊ ဒီလူက လူကောင်းဆိုပင်မယ့် ပြဿနာက သူက မယုံသင်္ကာစိတ် များလွန်းတယ်”
“သူက အောက်ခြေက တက်လာတာလေ၊ အဲ့တော့ သူက ငါ့လို အရပ်ရှည်ရှည်နဲ့ ချမ်းသာပြီး ရုပ်ချောတဲ့သူကို အလိုလို ရန်လိုနေတာ၊ ငါက အဆက်အသွယ်တွေနဲ့ စစ်သည်တော်ဌာနကို ဝင်တယ်လို့ သူက ထင်ပြီး အထင်သေး နေတာလေ၊ မင်းကိုတော့ … သူက အမြင့်ပိုင်းက လူတွေနဲ့ သိပြီး နောက်ဖေးပေါက်က ဝင်လာတယ်လို့လည်း သူက ထင်နေတဲ့ပုံပဲ”
ရဲ့လင်းချန် ခေါင်းခါလိုက်သည်။
“မင်း ပြောတာကို ငါ လက်မခံဘူး”
“ဟမ်”
လင်းအောင် အနည်းငယ် အံ့အားသင့်သွားသည်။
“အရပ်ရှည်ရှည်နဲ့ ချမ်းသာပြီး ရုပ်ချောတယ်ဆိုတဲ့ စကားကနေ ရုပ်ချောတယ်ဆိုတဲ့ စကားကို ဖယ်ပေးပါ၊ ကျေးဇူးတင်ပါတယ်”
လင်းအောင် ခြောက်ကပ်ကပ်နှင့် ရယ်မောလိုက်သည်။
“ငါ အဲ့စကားလုံးကို ဖယ်ချင်ရင်တောင်မှ ငါ့အသိစိတ်က လက်မခံဘူး”
…
ညတာက ပိုမို မှောင်မိုက်လာသော်လည်း ယနေ့ညသည် အိပ်ပျက်ရသော ညတစ်ညပင်။
အေးချမ်းနေသော အင်တာနက်ကြီးသည် ဗွီဒီယိုတစ်ခု ပေါ်ထွက်လာခြင်းကြောင့် အုတ်အော်သောင်းနင်း ဖြစ်ကုန်သည်။ မြက်ခင်းလွင်ပြင်၌ တောမီးလောင်သကဲ့သို့ ပြည်သူများကြား၌ ချက်ချင်း ပျံ့နှံ့သွားပြီး လူပေါင်း များစွာအား အိပ်ရေးပျက်ကာ တစ်ညလုံး ဆွေးနွေးပြောဆိုအောင် ပြုလုပ်သွားလေသည်။
ရှောင်မိုသည် ညဇီးကွက် တစ်ကောင် ဖြစ်သည်။ တကယ်တမ်းတွင် သူမသည် ညဇီးကွက် မဖြစ်ချင်ပါ။ သို့သော် ဘဝဖိအားများကြောင့် သူမသည် ညတိုင်း အိပ်မရသော ရောဂါကို ခံစားခဲ့ရသည်။
စိတ်ရော ကိုယ်ပါ မောပန်းနွမ်းနယ်မှုကြောင့် သူမ အိပ်ယာထက်၌ လူးလှိမ့်နေစဉ်တွင် သူမဖုန်းမှ တင်းတောင် ဟူသော အသံတစ်သံ ထွက်လာသည်။
သူမ အိပ်ယာဝင်တိုင်း ဖုန်းကို အသံပိတ်ထားတတ်လေ့ ရှိသည်။ သတင်း သို့မဟုတ် လူတစ်ချို့၏ သတင်းများကိုသာ အသိပေးချက် ဖွင့်ထားတတ်သည်။
*ဒီလောက် နောက်ကျနေပြီကို ဘာတွေများ ရှိနေလို့လဲ*
သူမ သမ်းဝေ၍ ဖုန်းရှိရာသို့ လက်လှမ်းယူလိုက်သည်။ ဖုန်းဖန်သားပြင်ပေါ်၌ ဝေ့ပေါ်မှ အသိပေးချက်တစ်ခု တက်နေသည်ကို သူမ သတိပြုမိသွားသည်။
ထိုသတင်းသည် လက်ရှိတွင် ဝေ့ပေါ်၌ မလွတ်တမ်းကြည့်သူအများဆုံး၊ ရေပန်းအစားဆုံးနှင့် လူပြောအများဆုံး ခေါင်းစဉ် ဖြစ်နေသည်။
“မိစ္ဆာတစ်ကောင် ပေါ်လာတယ်၊ စူပါမန်းဝိုင် ပြန်ပေါ်လာပြီ”
စူပါမန်းဝိုင်က ထူးခြားဆန်းကြယ်သော်လည်း လူစိတ်ဝင်စားမှု အများဆုံး ခံရပြီး ရှောင်မိုသည်လည်း သူ၏ အမာခံ ပရိသတ် ဖြစ်လေသည်။
ခေါင်းစီးကို မြင်ပြီးနောက် သူမ လှောင်ပြောင်လိုက်မိသည်။ သူမရင်ထဲ၌ စိတ်ပျက်မှုတို့ ဖြစ်ပေါ်လာသည်။
*ဒါကြီးက ဘာကြီးလဲ၊ လျှောက်ပြောတဲ့ပုံပြင်ဆိုလဲ အကန့်အသတ်တော့ ရှိသင့်တယ်၊ သတင်းမှားတွေကို ဒီလို လူသိအောင် လုပ်နေတာ တော်တော် စိတ်ပျက်ဖို့ ကောင်းတယ်*
သူမ စိတ်ထဲ၌ မကျေမနပ် ဖြစ်နေသော်လည်း သတင်းကို နှိပ်၍ ကြည့်လိုက်သည်။
ဗွီဒီယို၏ အကြောင်းအရာမှာ အဆင့်မြင့် စက်မှုဖွံ့ဖြိုးရေးနယ်မြေကို သားရဲရိုင်းများ တိုက်ခိုက်နေသည့် မြင်ကွင်း ဖြစ်သည်။ ကျားသစ်နက်၏ ပုံစံ၊ သွေးထွက်သံယို မြင်ကွင်းများ၊ တောဝက်ရိုင်း၊ ဝံပုလွေနှင့် ဝက်ဝံညိုတို့အပြင် လူတိုငး၏ အော်သံများက ရှောင်မိုအား ကြောက်စိတ် ဖြစ်ပေါ်လာစေသည်။
ကျားသစ်နက်က ကလေးငယ်ကို တိုက်ခိုက်နေသည့် မြင်ကွင်းကို ကြည့်ရသည်က ပို၍ စိတ်မချမ်းမြေ့ဖွယ် ကောင်းပြီး ရှောင်မိုအား အလန့်တကြား အော်လုမတတ် ဖြစ်သွားစေလေသည်။
သို့သော် ထိုအခိုက်တွင် စူပါမန်းဝိုင် ပေါ်လာသည်။
ယင်းက စိတ်ကူးယဉ်အိပ်မက်တစ်ခုနှင့် အတော်လေး တူနေသည်။ ဗွီဒီယိုတစ်ခုလုံးက ရုပ်ရှင်ကား တစ်ကားကို ကြည့်နေရသလိုပင်။ ယင်းကြောင့် ရှောင်မို၏ စိတ်က တည်ငြိမ်ရန် အခက်တွေ့နေ၏။
*ဒါ … ဒါ အမှန်ရော ဟုတ်ရဲ့လား*
ဗွီဒီယိုကို ကြည့်နေချိန်တွင် သူမ မသိလိုက်ခင်မှာပင် သူမလက်များက မသိမသာ တုန်နေပြီး မှင်တက်နေသည်။
*ဒါ အတုပဲ ဟုတ်တယ်မလား၊ ဒီသားရဲတွေက သန္ဓေပြောင်းနေပြီးတော့ အရမ်း ထူးဆန်းနေတယ်၊ သူတို့ကို မိစ္ဆာပူး နေတာများလား*
ဗွီဒီယိုထဲမှ လူများ၏ အပြုအမူများက အမှန်ဖြစ်ကြောင်း ပြောပြနေသည်။
ဤမျှ လူများစွာက သရုပ်ဆောင်နေသည်ဆိုပါက တစ်ယောက်ချင်းစီက ထိုသို့ သရုပ်ဆောင်ကောင်းနေရန် မဖြစ်နိုင်ချေ။
ရှောင်မို ကြက်သီးထလာပြီး သွေးများ အေးခဲလာသလို ခံစားနေရသည်။ ခံစားချက်များ ရှုပ်ထွေးသော်လည်း သူမသည် ဗွီဒီယိုအောက်မှ မှတ်ချက်များကို ဝင်ဖတ်ကြည့်လိုက်သည်။
မှတ်ချက်ပေးသည့် ကဏ္ဍက အစောကြီးကလည်းက ပွက်လောရိုက်နေသည်။
[လခွမ်း လခွမ်းဟေ့]
[ဒါ အစစ်လား၊ အတုလား၊ ဒါက အစစ်လားဆိုတာကို တစ်ယောက်ယောက် ငါ့ကို ပြောပြပေးနိုင်မလား]
[အပေါ်ကလူ၊ ငါ တာဝန်အပြည့်အဝယူပြီးတော့ ဒါက အစစ်ဆိုတာ မင်းကို ပြောရဲတယ်၊ ဒီနေရာက မြို့တော် စက်မှုဖွံ့ဖြိုးရေး နယ်မြေပဲ]
[မယုံနိုင်စရာကောင်းပင်မယ့် ဒီထူးဆန်းတဲ့ သားရဲတွေကို ဖိုတိုရှော့ ဒါမှမဟုတ် ဗွီဒီယိုတည်းဖြတ်ထားတာမျိုး ငါ လုံးဝ မတွေ့ရဘူး၊ စူပါမန်းဝိုင်ရဲ့ လှုပ်ရှားမှုမှာလည်း ဘာအထူးပြုလုပ်ချက်မှ မရှိဘူး၊ ဒါက … အစစ်ပဲဟေ့]
[ချီးပဲ တကယ်ကြီးလား၊ သောက်ကျိုးနည်း ဘာတွေဖြစ်နေတာလဲ၊ သားရဲတွေက မိစ္ဆာပူးပြီး ကမ္ဘာကို ဖျက်ဆီးဖို့ သောင်းကြမ်းတော့မှာလား]
[လခွမ်း ငါ ဒီဗွီဒီယိုကို ကြည့်နေတာ အခါသုံးဆယ် ရှိပြီ၊ အစစ်ပဲ၊ အံ့ဩဖို့ ကောင်းလွန်းတယ်၊ ချောလွန်းတယ်၊ စူပါမန်းဝိုင်က စူပါမန်း နာမည်ခံဖို့ ထိုက်တန်တယ်]
[ဒါ စူပါမန်းဝိုင် ပထမဆုံး လှုပ်ရှားတာ မဟုတ်လား၊ သူက ဒီလောက် သန်မာမယ်လို့ မထင်ထားမိဘူး၊ ငါ ကြည့်ရင်း စိတ်လှုပ်ရှားလွန်းလို့ ဝရံတာက ခုန်ချလုနီးပါး ဖြစ်သွားတယ်၊ ငါ့မိန်းမက ငါ့ကို ဆွဲထားလို့ တော်သေး တာပေါ့]
[အပေါ်ကလူ၊ အခွက်ပြောမနေနဲ့၊ မင်းမှာ မိန်းမတောင် မရှိဘူး]