အထီးကျန်စွာ လျှောက်လှမ်းခြင်း (က)
Vol. 38 Ch. 564
“မင်း”
တာဝန်ခံစွန်း၏မျက်နှာက ချက်ချင်း မှောင်မဲသွားသည်။ ဆာလောင်နေသော ဝံပုလွေအုပ်ကဲ့သို့ သူတို့ကို ဝိုင်းထားကာ တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေသော ဓားကိုင်များကို ကြည့်ပြီးနောက် သူ့ဘေးရှိ သန့်စင်ရေလှိုင်မျိုးနွယ်၏ အထူးကိုယ်စားလှယ်ဆီသို့ ငဲ့ကြည့်လိုက်သည်။
သူ၏မျက်နှာအမူအရာက ပြောင်းသွားကာ စိတ်ထဲကမူ မကျေနပ်ချက်များကို ဖွင့်ထုတ်နေမိသည်။
လက်တွေ့တွင် သူက လာပင် မလာချင်ခဲ့ပေ။ အဆုံးတွင်တော့ ဓားကိုင်များကို ဖမ်းဆီးရန် သန့်စင်ရေလှိုင်းမျိုးနွယ်ကို ဓားကိုင်ရုံးတော်သို့ ခေါ်လာသည်က အစောကတည်းက ယုတ္တိမရှိပေ။ သို့သော်လည်း အမတ်ကြီးက သန့်စင်ရေလှိုင်းမျိုးနွယ် အထူးကိုယ်စားလှယ်ကို ကျေနပ်အောင် ဆောင်ရွက်ပေးရန် မှာထားခဲ့သည်။ ထို့ကြောင့် ဤအခိုက်အတန့်၌ အံကိုသာ တင်းတင်းကြိတ်၍ တင်းမာစွာ စိုက်ကြည့်ရန်သာ တတ်နိုင်တော့သည်။
“အမတ်ကြီးက ခုန်ရှန်းလုံနဲ့ တခြားလေးယောက်ကို ဖမ်းလာဖို့ အမိန့်ပေးလိုက်တယ်”
စီမံခန့်ခွဲရေးမှူးစစ်မာက မျက်မှောင်ကြုတ်သွားသည်။
သန့်စင်ရေလှိုင်းမျိုးနွယ်၏ ဝတ်ရုံနက်အစောင့်အရှောက်သည်ကား မျက်နှာ အနည်းငယ် ညိုသွားသည်။ သူက ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး မျက်ဝန်းများတွင်မူ နက်နဲသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
ဤအကြိမ်တွင် သူက ကလန်၏ကိုယ်စားလှယ်အဖွဲ့နှင့် လိုက်ခဲ့ခြင်းဖြစ်သည်။ တကယ်တန်း သူ၏ရည်ရွယ်ချက်က ခုန်ရှန်းလုံနှင့် အခြားသူများကို ပြဿနာရှာရန် မဟုတ်ပေ။ ယောင်မိသားစုကို အကဲခတ်ကြည့်ရန်သာ ဖြစ်သည်။
သူက ယောင်မိသားစုဝင် ကျင့်ကြံသူများ၏မျက်နှာရိပ်မျက်နှာကဲများကို လိုက်လံ အကဲခတ်နေပြီး ဟန်ဆောင်နေခြင်း ရှိမရှိကိုပင် လျှို့ဝှက်နည်းစနစ်တစ်ခုသုံးပြီး အတည်ပြုလိုက်သေးသည်။
ထိုအခိုက်အတန့်တွင် ဒါဇင်ခန့်ရှိသော ကွင်းပြင်ပေါ်မှ ယောင်မိသားစုဝင်များသည် တာဝန်ခံစွန်းပြောသည်ကို ကြားသောအခါ စိတ်အတွင်းမှ ကျိန်ဆဲနေကြသည်။ သို့သော်လည်း သူတို့က ရွေးချယ်စရာမရှိဘဲ ထိုအမိန့်အတိုင်း ရှေ့သို့ လျှောက်လာကြရသည်။ သူတို့၏ကျင့်ကြံဆင့်များကို ကြမ်းကြုတ်စွာလှည့်ပတ်လိုက်ပြီး အရှိန်အဝါများက မြင့်တက်လာကာ ရွှီချင်းနှင့် အခြားသူများထံသို့ ပြေးတက်သွားရန် တကဲကဲဖြစ်နေကြသည်။
တိုက်ပွဲတစ်ခုက အစပျိုးလုနီးပါးဖြစ်နေပြီး အေးစက်သော နှာမှုတ်သံတစ်ခုက မိုးပေါ်မှ ထွက်ပေါ်လာသည်။
“ဘယ်လောက်တောင် အတင့်ရဲလိုက်သလဲ”
ခဏအကြာတွင် ကောင်းကင်နှင့်မြေကြီးကို တုန်ဟီးသွားစေသော အားတစ်ခုသည် နှင်းခဲလုံးကဲ့သို့ ကျဆင်းလာပြီး ပတ်ပတ်လည်ကို ဖိအားပေးလိုက်သည်။
ပြစ်ဒဏ်ခန်းမတစ်ခုလုံးမှာ ပြင်းထန်စွာ လှုပ်ရှားသွားပြီး ပတ်ပတ်လည်မှ ကျင့်ကြံသူများသည် နှလုံးခုန်မြန်သွားကြသည်။ ဒါဇင်နှင့်ချီသော ယောင်မိသားစုဝင်များသည် ထောင်နှင့်ချီသော တောင်ကြီးများဖိထားခံရသကဲ့သို့ ခံစားလိုက်ရပြီး လုံးဝ မလှုပ်ရှားနိုင်ကြတော့ပေ။
ထိုအခိုက်တွင် ပုံရိပ်တစ်ခုသည် ကောင်းကင်မှ လျှောက်ထွက်လာသည်။
လူအိုကြီးတစ်ဦးပင်။ ထောင်နှင့်ချီသော တာအိုအငွေ့အသက်များသည် သူ၏ မျက်ဝန်းများတွင် ယှက်သန်းနေသည်။ ထိုသည်က ဗလာနတ္ထိပထမအဆင့်၏ အမှတ်လက္ခဏာ တာအိုတစ်ထောင်ဖြိုဖျက်ခြင်း ဖြစ်သည်။
သူက ဓားကိုင်တာအိုဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ ခြေလှမ်းလိုက်တိုင်း ကျန်ခဲ့သော ကောင်ကင်သည် တွန့်လိမ်သွားကာ မရေတွက်နိုင်သော ပုံရိပ်ယောင်ခန္ဓာကိုယ်များ ပေါ်ပေါက်လာပြီး ကောင်ကင်၏ အတွင်းပိုင်းသို့ တဟုန်ထိုးတိုးဝင်သွားကာ ဓားကိုင်ရုံးတော်တစ်ခုလုံးကို တုန်ခါသွားစေသည်။ ထိုသည်က ပုံရိပ်ယောင်နှင့် ဗလာနတ္ထိဒုတိယအဆင့်၏ အမှတ်လက္ခဏာ အစစ်အမှန်အသွင်ပြောင်းခြင်း ဖြစ်သည်။
ခေတ္တကြာပြီးနောက် လဟာပြင်ပေါ်မှ မြင်ကွင်းများသည် ပြန့်ကျဲသွားကာ သူ၏ ပတ်ပတ်လည်တွင် ပုံရိပ်တစ်ခုပြီးတစ်ခု ပေါ်ပေါက်နေသည်။ သူ၏အနားတွင် ကမ္ဘာများသည် တစ်ခုပြီးတစ်ခု ကိုယ်တိုင် မွေးဖွားသကဲ့သို့ ဖြစ်နေသည်။ ထိုကမ္ဘာများသည် မပျောက်ကွယ်သွားခင် ခဏမျှသာခံသော သမုဒ္ဒရာထဲမှ ရေပွက်များကဲ့သို့ဖြစ်သည်။
ထိုသည်က ဗလာနတ္ထိ တတိယဆင့်၏ အမှတ်အသား အကန့်အသတ်မဲ့ ဉာဏ်ကွန့်မြူးခြင်း ဖြစ်သည်။
သို့သော် လူအိုကြီး၏ ဝန်းကျင်တွင် ကမ္ဘာအများကြီး ရှိမနေသောကြောင့် သူက အစစ်အမှန် တတိယအဆင့်သို့ မရောက်သေးပေ။ ထိုအဆင့်သို့ ခြေတစ်လှမ်း ရောက်နေပြီဟုသာ ဆိုနိုင်သည်။
ထိုသို့ဆိုလျှင်ပင် သူက အလွန်အားကောင်းနေပြီဖြစ်ပြီး သူထွက်ပေါ်လာမှုကပင် ဓားကိုင်ရုံးတော်တစ်ခုလုံးကို တိတ်ဆိတ်သွားစေသည်။
တစ်ဖက်လူသည် ဓားကိုင်များ သစ္စာပြု ကျမ်းကျိန်ဆိုချိန်တွင် ရှိနေသော ဓားကိုင်ရုံးတော်၏ လက်ထောက်ရုံးတော်သခင်ဖြစ်ကြောင်း ရွှီချင်းက ချက်ချင်း သတိပြုမိသည်။
“လက်ထောက်ရုံးတော်သခင်ကို နှုတ်ဆက်ပါတယ်”
စီမံခန့်ခွဲရေးမှူးစစ်မာက လက်သီးဆုပ်၍ ခါးညွတ်ကာ ပထမဆုံးနှုတ်ဆက်လိုက်သည်။
ရွှီချင်း၊ ခုန်ရှန်းလုံနှင့် အခြားသူများသည်လည်း လျင်မြန်စွာဖြင့် လက်သီးဆုပ်ကာ ဂါဝရပြုလိုက်ကြသည်။
“နှုတ်ဆက်ပါတယ် လက်ထောက်ရုံးတော်သခင်”
လက်ထောက်ရုံးတော်သခင်သည် မျက်နှာသေနှင့်ကြည့်သည်။ သူက သိသိသာသာ မျက်နှာထားပြောင်းသွားသော တာဝန်ခံစွန်းကို အေးစက်စွာ ကြည့်၍ တည်ကြည်စွာပြောသည်။
“ထွက်သွား”
တာဝန်ခံစွန်း တုန်ရီသွားသည်။ သူက ပြန်ပြောချင်သော်လဲ မပြောရဲပေ။ ယောင်မိသားစု ကျင့်ကြံသူများနှင့်အတူ အလျင်စလို မထွက်ခွာမီ သန့်စင်ရေလှိုင်းမျိုးနွယ်၏ ဝတ်ရုံနက်အစောင့်အရှောက်ကို ခေါင်းငုံ့အရိုအသေပြုခဲ့ရန်သာ တတ်နိုင်သည်။
ယောင်မိသားစုကို လျစ်လျူရှုလျက် လက်ထောက်ရုံးတော်သခင်က သန့်စင်ရေလှိုင်းမျိုးနွယ်ကို အေးစက်စွာကြည့်သည်။
“ပြီးတော့ မင်း၊ မင်းက အထူးကိုယ်စားလှယ်ဆိုတော့ ငါတို့လူသားမျိုးနွယ်ရဲ့ ကျင့်ဝတ်အတိုင်း ထွက်ပြေးဖို့ အမွေးတိုင်တစ်ချောင်းကုန်စာ အချိန်ရမယ်။ ဒီအချိန်အတွင်းမှာမှ မင်းရဲ့ မျိုးနွယ်ဆီကို ပြန်ရောက်အောင် မပြေးနိုင်ရင်တော့ ငါ့လက်ချက်နဲ့ သေရမယ်”
သန့်စင်ရေလှိုင်းမျိုးနွယ်၏ ဝတ်ရုံနက်အစောင့်အရှောက်က အမူအရာပြောင်းသွားပြီး တည်နေရာပြောင်းအစီအရင်ဆီသို့ တည့်တည့်ဦးတည်ကာ ချက်ချင်းပျံသန်းသွားတော့သည်။
ထို့နောက်တွင်တော့ လက်ထောက်ရုံးတော်သခင်က ရွှီချင်းနှင့် အခြားသူများကို ကြည့်ကာ အေးစက်စွာ နှာမှုတ်လိုက်သည်။
“မင်းတို့ထဲက တချို့ကောင်တွေ တော်တော်အတင့်ရဲနေကြပါလား။ ရုံးတော်သခင်ရဲ့ အမိန့်အရ မင်းတို့ငါးယောက်က အကျဉ်းထောင်ဌာနမှာ တစ်လ အကျဉ်းချခံရမယ်”
“စီမံခန့်ခွဲရေးမှူးစစ်မာ သူတို့ကို အကျဉ်းထောင်ဌာနဆီသို့ လိုက်ပို့လိုက်ပါ။”
ရွှီချင်းက ဦးညွှတ်လိုက်သည်။ ရှန်ဟယ်နှင့် အခြားသူများသည်လည်း အချင်းချင်းကြည့်လိုက်ပြီး ဦးညွတ်လိုက်ကြသည်။
သို့သော်လည်း ခုန်ရှန်းလုံက မတုန်မလှုပ်ရှိနေသည်။ ရုံးတော်သခင်နှင့် ရင်ဆိုင်ရမှသာ သူက ကြောက်ရွံ့ပေလိမ့်မည်။ ယခုမူ သူက နောက်ဆုံး၌ အကျဉ်းသားအဖြစ်မှ မလွတ်နိုင်သေးသည်ကို တွေးမိ၍ စိတ်ရှုပ်နေချင်းသာ ဖြစ်သည်။
“အမိန့်နာခံပါတယ်…”
စီမံခန့်ခွဲရေးမှူးစစ်မာက လေးနက်စွာ ဆိုသည်။
သူ အလိုလို ပြောနိုင်သည်က ထိုစောင့်ကြပ်ပို့ဆောင်စေခြင်းသည် ခရီးလမ်းတွင် သန့်စင်ရေလှိုင်းမျိုးနွယ် သို့မဟုတ် ယောင်မိသားစု လှုပ်ရှားလာသည်ရှိသော် သူတို့ကို ကာကွယ်ပေးရန် ဖြစ်သည်။
“မင်းတို့ အားလုံး လူစုခွဲကြ။ မလိုအပ်ဘဲ ဆူဆူ ဆူဆူ မလုပ်နဲ့။ မင်းတို့က ဓားကိုင်တွေဆိုတာ မှတ်ထားပါ။
လက်ထောက်ရုံးတော်သခင်က ပြောဆိုအပြီးအတွင် အေးစက်စက်အမူအရာနှင့် ပြန်ထွက်သွားသည်။
စီမံခန့်ခွဲရေးမှူးစစ်မာက ခုန်ရှန်းလုံနှင့် အခြားသူများကို ကြည့်လိုက်သည်။ ထို့နောက် အနီးသို့ လျှောက်လိုက်သည်။ တစ်ဦးချင်းစီကို ကြည့်ရှုပြီးနောက် သူ၏အကြည့်များက ရွှီချင်းအပေါ်သို့ရောက်လာပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ငါက ထိုက်စီရှန်းမုန်ဂိုဏ်းဝင် ဖြစ်သလို ဓားကိုင်ရုံးတော်ရဲ့ စီမံခန့်ခွဲရေးမှူး တစ်ယောက်လည်း ဖြစ်တယ်”
ပြင်ပလူများသည် စီမံခန့်ခွဲရေးမှူးစစ်မာ၏ စကားများကို နားလည်အောင် စဉ်းစားနေရသော်လည်း ရွှီချင်းအပါအဝင် သူတို့လူများကမူ ချက်ချင်း နားလည်သွားကြသည်။ သို့သော် သူက အလုံးစုံကို မယုံပေ။ ထိုသည်က အတည်ပြုရန် လိုနေဆဲပင်။
“သွားကြစို့။ ငါက မင်းတို့ကို အကျဉ်းထောင်ဌာနကို ပို့ပေးမယ်”
စီမံခန့်ခွဲရေးမှူးစစ်မာက ဦးဆောင်ပြီး ထွက်သွားသည်။
ခုန်ရှန်းလုံက ရွှီချင်းကို ကြည့်လိုက်သည်။ ရှန်ဟယ်နှင့် ဝမ်ချန်တို့က မျက်လုံးမှိတ်ပြလိုက်ပြီး ရွှီချင်းအနားသို့ ကပ်သွားကြသည်။
“ရွှီချင်း ငါတို့က မင်းအိမ်ကို သွားမလို့။ မင်းကို အားကိုးရမှာပဲ”
သူက အသံတိုးတိုးဖြင့် ပြောသည်။
ရွှီချင်းက တိတ်ဆိတ်စွာ ခေါင်းညိတ်ပြသည်။ လူတိုင်းက စီမံခန့်ခွဲရေးမှူးစစ်မာ နောက်သို့ လိုက်၍ ဓားကိုင်ရုံးတော်အပြင်ဘက်သို့ ထွက်လိုက်ကြသည်။
သူတို့က အကျဉ်းထောင်ဌာနသို့ ဦးတည်သွားနေစဉ် ဒေသငယ်မြို့တော်အလယ်ရှိ စက်ဝိုင်းပုံ ယဇ်ပလ္လင် အဆောက်အဦတွင် …
၎င်းယဇ်ပလ္လင်သည် အလွန်ကြီးမား၍ အလယ်ဗဟိုသည် ဗလာသက်သက်ဖြစ်သည်။
၎င်းပေါ်တွင် နေရာသုံးခု ရှိသည်။ အနက်ရောင်၊ အနီရောင်နှင့် အဖြူရောင် တို့ဖြစ်ကြသည်။ ထိုအဆောက်အဦများသည် မြင့်မားပြီး ခန့်ညားလှသည်။
ထိုနေရာသုံးခု၏ ထိပ်သည် အရောင်မျိုးစုံသော ကြွေပြားများကပ်ထားသည်။ ထိုအပြင်အဆင်များသည် သာမန်ထက်သာလွန်၍ ထူးခြားနေသည်။
ထိုအဆောက်အဦများသည် ဆန်းကြယ်လှသည်။ သူတို့က ယဇ်ပလ္လင်ပေါ်တွင် ရှိနေသည်ဟု ထင်ရသော်လဲ အမှန်တွင် ရှိမနေပေ။